ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Wednesday, July 11, 2012

ကျနော်ချစ်တဲ့ ဦးလေး



   လူတိုင်းဘဝမှာ အချစ်ပိုရတဲ့ ပုဂိုလ် တစ်ဦးတစ်ယောက်တော့ ရှိတတ်ကြတာ ဓမ္မတာ ။
   မိဘ ဆွေမျိုး မိတ်သင်္ဂဟနဲ့ ချစ်သူ လင်မယားတွေထဲက ဖြစ်နိုင်သလို ၊ တစ်ယောက်ထက်
လည်း ပိုနိုင်တာလည်း သဘာဝ ။

   ကျနော့်ဘဝမှာလည်း မှတ်မှတ်ရရ တစ်ဦးမေတ္တာ တစ်ဦးမှာဆိုသလို ၊ အချိန်တိုအတွင်း ချစ်
ခင်အားကိုးခဲ့ရတဲ့ ဦးလေးတစ်ယောက် ရှိခဲ့ဖူးပါတယ် ။ အမြဲတမ်း အနီးကပ် နေခဲ့တာမဟုတ်ပဲ
ခဏတာလောက် အတူနေခဲ့ချိန်မှာ သူ့ရဲ့မေတ္တာတွေကို ပေါ်လွင်အောင် ပြနိုင်ခဲ့လို့ ခုချိန်ထိ အ
မှတ်တရနဲ့ ဖြစ်နေရတာပါ ။ 

   ကျနော်ငယ်စဉ်က အပေါင်းဖေါ်နည်းပါတယ် ။ အားကိုးအားထားနဲ့ နည်းပေးလမ်းညွှန်မယ့်
သက်ကြီးဝါကြီးတွေလည်း သိပ်မကြုံခဲ့ရပါဘူး ။ မိဘကလည်း တာဝန်မကျေဖူးလို့ ပြောလို့မရ
ပေမယ့် ကျနော်တို့ကို အနီးကပ် မကြည့်ရှုနိုင်ခဲ့ပါဘူး ။ မူလတန်း ကျောင်းသားဘဝမှာ အမေ့
ကို ည ၉ နာရီလောက်အထိ စောင့်ရင်းက မနေနိုင်ပဲ အိပ်ပျော်သွားခဲ့ရဖူးတဲ့ ညတွေကို သတိ
ရပါသေးတယ် ။ 

   ဒီလိုနဲ့ ၁၉၈၈ အရေးခင်းဖြစ်တော့ ပါတီသားကောင်း မိသားစုအနေနဲ့ ရွာပျောက်တယ်လို့
ပြောလို့ရတယ် ။ လူများစုက ကိုယ့်မိဘရဲ့ အကျင့်သိက္ခာကြောင့် ပြဿနာမရှိပေမယ့် အချို့
ကျတော့လည်း မကြည်မလင် ပုံစံလေးတွေနဲ့ပေါ့ ။ ကိုယ့်မှာလည်း အလုပ်ကမရှိ ၊ အတွေးအ
ခေါ် အမြင်အသိက နတ္တိ ။ 

   ဒီလိုနဲ့ ရွာမှာ စပါးကြိတ်စက်လေးထောင်ထားတဲ့ ဦးလေးက လှမ်းခေါ်လို့ ရောက်သွားခဲ့
တယ် ။ ရောက်ရောက်ချင်းနေပဲ တစ်ရေးအိပ်ပြီး နိုးနိုးချင်းမှာ “ပေါ်တာ” ဆိုလို့ ထပြေးရ
တာလည်း မမေ့နိုင်စရာပါ ။ အဲဒီနေ့ကစပြီး ဆန်ကြိတ် ၊ ဖွဲရောင်း လပေါင်းများစွာ နေခဲ့ရာ
မှာ အရင်က သာမန်ဦးလေးတစ်ယောက် အနေထားကနေ ပိုပိုသာသာ သံယောဇဉ်ရှိလာ
တဲ့ ဦးလေးနဲ့ လက်ပွန်းတစ်တီး နေခွင့်ရခဲ့ပါတယ် ။ 

   ကျနော့်ဦးလေးဟာ ငယ်စဉ်က ရုပ်ရည်အသင့်တင့်ရှိပြီး အသင့်တင့်လည်း ပေတေခဲ့ပါ
တယ် ။ ကြီးလာတဲ့အခါ ဖြစ်ချင်တော့ ရွာမှာ ပြည်သူ့စစ်ခေါင်းဆောင် ဖြစ်လာပြန်ပါတယ် ။
သူအနားယူတဲ့အခါ ကျနော့်အမေကို လက်ပစ်ဗုံး ၆ လုံး ယူလာပြပြီး “အမ ကျနော် ဘယ်
လိုလုပ်ရမလဲ” လို့ လာမေးခဲ့ပါသေးတယ် ။ စိုးရိမ်တတ်တဲ့ ကျနော့်အမေက "ရှုပ်ရှုပ်ရှက်
ရှက်မလုပ်နဲ့ သွားအပ်လိုက်" ဆိုလို့ အာဏာပိုင်တွေဆီ သွားအပ်လိုက်ပါတယ် ။ ကျနော့်
မိခင်ဖက်က ညီအစ်ကို မောင်နှမများရဲ့ တစ်ဦးနဲ့တစ်ဦး ချစ်ခင်ပြီး အကြီးစကား အငယ်နား
ထောင်ကြတဲ့ ပြယုဂ်တစ်ခုလို့ ပြောနိုင်ပါတယ် ။ 

   တစ်ကြိမ်မှာတော့ အရက်ကြိုက်တဲ့သူ့ကို အမေက “ဟဲ့ အသောင်း ၊ နင်လဲ အရက်တွေ
လျှော့သောက်ဦး” လို့ ကြုံတုန်း ပြောလိုက်ပါတယ် ။ သူက “ဟုတ်ကဲ့အမ ၊ အခု အရက်သိပ်
မသောက်တော့ပါဘူး ၊ ထန်းရည်နဲ့ လှည့်ပြီး လျှော့နေတယ်” ပါတဲ့ ။ သူအရက် တစ်ပုလင်း
လျှော့ပြီး ထန်းရည် တစ်ကျဉ်တောက်မက သောက်နေမှာမြင်ယောင်တဲ့ ကျနော်တို့ ကလေး
တွေကတော့ နောက်ကွယ်မှာ ကြိတ်ရယ်ရပါတယ် ။ 

   ကျနော်သူ့ဆီရောက်ချိန်မှာ အရက်ကြောင့် ကျန်းမာရေး အတော်လေး ကျဆင်းနေတဲ့အ
ချိန်ပါ ။ မိတ်သင်္ဂဟနဲ့ လာဟ်လာဘလည်း အကျဖက်မှာပေါ့ ။ ဒါပေမယ့် သူ့ကိုဆက်ခံတဲ့
နောက်ပေါက်လူငယ် ပြည့်သူ့စစ်ခေါင်းဆောင်ကတော့ ၈၈ ဝန်းကျင်မှာ အသတ်ခံခဲ့ရတာမို့
ဦးလေးကိုတော့ လူမုန်းနည်းတယ်လို့ ယူဆလို့ရပါတယ် ။ 

   တစ်ရက်မှာတော့ ကျနော်တို့ဝမ်းကွဲညီအစ်ကိုတွေ သူနဲ့အတူ ထင်းသွားဖြတ်ကြပါတယ် ။
ထင်းဖြတ်တယ် ဆိုလို့ တောကြီးမျက်မည်းထဲ သွားတာတော့ မဟုတ်ပါ ။ လမ်းမကြီးဘေး
မှာရှိတဲ့ ကျေးရွာပိုင်အင်တောကြီးမှာ သစ်ငုတ်တွေကို လွှနဲ့သွားတိုက်တာပါ ။ အရင် သူ ပြည်
သူ့စစ်ခေါင်းဆောင်ဖြစ်စဉ်က အိမ်မိုးအင်ဖက်တွေထွက်တဲ့ ဒီအင်တောမှာ ၊ လက်မအရွယ်
“အင်”တစ်ပစ်ခုတ်ရင်တောင် ဒဏ်ငွေ ၅၀ သတ်မှတ်ထားခဲ့ပေမယ့် စစ်တပ်အာဏာရလာချိန်
မတော့ ဘားအံဖက်က စစ်သားတွေ စစ်ကားတွေနဲ့ ရောက်လာပြီး အင်ပင်တွေကို အလွယ်
တကူ ခါးလောက်ကနေ ဖြတ်ယူသွားကြပါတယ် ။ ဘယ်သူမှလည်း မတားရဲကြပါဘူး ။ ကျ
နော်တို့က အဲဒီ လက်လွှတ်စပယ် ဖြတ်ထားခဲ့တဲ့ သစ်ငုတ်တွေရဲ့ အောက်ပိုင်းတွေကို လွှနဲ့
သွားတိုက်ဖြတ်ယူကြတာပါ ။ အပင်ကောင်းတွေကိုတော့ လုံးဝမထိဖြစ်ပါဘူး ။ 

   ဒီလိုနဲ့ နေလာရာမှာ တစ်ရက်တော့ ဘေးရွာသူငယ်ချင်းအိမ်မှာ မင်္ဂလာဆောင်ရှိတာနဲ့ သွား
ဖို့ဖြစ်လာတယ် ။ အဲဒီအချိန်မှာ အရင်က ကျနော့်ဝမ်းကွဲ ညီအကိုတွေတောင်မသိတဲ့ ၊ သူအ
ရွယ်ကောင်းစဉ်ကတည်းက သိမ်းထားခဲ့တဲ့ အုန်းနှစ်ပင်လုံချည်ကို ကျနော်ဝတ်ဖို့ ထုတ်ပေးပါ
တယ် ။ သို့ပေမယ့် စူဋ္ဌလဒ ကျနော်ကတော့ တစ်ခါမှ မသောက်ဖူးတဲ့ ဘော့ဖြူဆေးလိပ်တွေ
ကို မဟားဒရား ဖွာရှိုက်စမ်းသပ်သောက်ရင်း မီးပွားတွေကျပြီး လုံချည်မှာ အပေါက်တွေ ဖြစ်
ကုန်ပါတယ် ။ ဦးလေးကတော့ ဘာမှမပြောပါ ။ ဘယ်လိုဖြစ်ဖြစ် ကျနော့်အတွက်တော့ အ
မှတ်ရနေဆဲပါ ။

အမှတ်တရ 

   တစ်ရက်မှာတော့ ကျနော် အမှတ်အရဆုံး ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ် ။ 
   ကျနော်နဲ့ ဦးလေးတို့နှစ်ယောက် သူ့အိမ်ဘေးက လယ်ကွင်းကွက်လပ်လေးထဲ ရပ်နေကြ
ချိန်မှာ ဦးလေးက ဆိုင်းမဆင့်ဗုံမဆင့် ပြောလိုက်ပါတယ် ။

   “ကျော်ကျော် ၊ ငါ့တူ ဘာဖြစ်ဖြစ် ဘာမှစိတ်မပူနဲ့ ၊ မှားမှားမှန်မှန် ငါ့တူတွေတူမတွေ
ဖက်က ဦးလေးအမြဲရှိတယ်” ။

   အချို့အတွက်တော့ ထူးဆန်းမယ် မထင်ပါ ။ ကျနော့်အတွက်တော့ ထူးပါတယ် ။ မှန်ကန်
သင့်မြတ်တဲ့ စကားလို့ ကင်ပွန်းမတပ်ချင်ပေမယ့် ၊ အားပေးမှုတွေ လိုအပ်နေတဲ့ ကျနော့်အ
တွက်တော့ အင်မတန် အာဟာရတွေနဲ့ပြည့်ဝတဲ့ ဧရာမစကားကြီးပါပဲ ။ ဘယ်သူ့ဆီကမှ ဒီ
လိုမျိုး မကြားခဲ့ရဖူးသလို ၊ ဘယ်သူ့ဆီကမှလည်း ထပ်မကြားရတော့တဲ့ စကားတွေပါ ။ ဒါ
ကြောင့်လည်း ဒီလိုပြောခဲ့တဲ့ ဦးလေးဟာ ကနေ့အထိ ကျနော့် ရင်ထဲမှာ စွဲကျန်နေရစ်တာ
ပေါ့ ။ တစ်ခါတစ်ရံတော့လည်း သူ့ကိုရော သူ့မိသားစုတွေကို ဘာမှ လုပ်မပေး နိုင်ခဲ့တာ
တွေကို စိတ်ထဲမှာ အပြစ်ရှိသလို ခံစားနေမိလောက်အောင်ပါပဲ ။ 

နတ်ဆိုး 

   ဒီလို ရွာကဦးလေးအိမ်မှာနေနေတုန်း နောက်ထပ် မှတ်မှတ်ရရ အဖြစ်တစ်ခု ကြုံဖြစ်ခဲ့ပါ
တယ် ။

   တစ်ရက်မှာ ကျနော်နဲ့ ဦးလေးတို့ ရွာပြင်က ကားလမ်းမကြီးတစ်လျှောက် အတူလမ်း
လျှောက်လာခဲ့ကြပါတယ် ။ တစ်လမ်းလုံးလည်း လူသူနဲ့ ကားအသွားအလာ မရှိပါဘူး ။
အဲဒီအချိန်မှာ အရှေ့ဖက်က အသားညိုညို လူကောင်အသင့်တင့်ထွားတဲ့ ဗမာပုံစံပေါက်
သူ လူလတ်ပိုင်းတစ်ဦး စက်ဘီးတွန်းပြီး လျှောက်လာတာနဲ့ ကြုံပါတယ် ။ 

   အနားရောက်တာနဲ့ ဦးလေးက နှုတ်ဆက်ပြီး စကားစလိုက်တယ် ။ 
   “ဆရာကြီး ဘယ်ကပြန်လာတာလဲ ၊ ဟိုကိစ္စအတွက် လာလိုက်ကြသေးတယ် ၊ ကျနော်က
တော့ ဘာမှ မပြောလိုက်ဘူး” 

   နှုတ်ဆက်ခံရသူမှာ မလုံမလဲ ဖြစ်သွားပုံပေါ်ပါတယ် ၊ ပြီး ကျနော့်မျက်နှာကို ကြည့်လိုက်
တယ် ။ 
   “စိတ်မပူပါနဲ့ ဆရာကြီး ၊ ဒါ ကျနော့်တူပါ ၊ ကိစ္စမရှိပါဘူး” ။ 
   ဒီလူမှာ စိတ်သက်သာရာ ရသွားပုံပေါ်ပေမယ့် များများစားစား တုန့်ပြန်မှု မရှိလှပါဘူး ။ 

   “အေးဗျာ အိန္ဒုဖက်က ပြန်လာတာ ၊ ဘာထူးသေးလဲ ၊ သတိတော့ထားပေါ့” ။ စသည်ဖြင့်
ဝတ်ကြေတန်းကြေ ပြောသွားပုံပါ ။ 

   မကြာခင်မှာတော့ ဘယ်သူ့ကိုမှမပြောခဲ့တဲ့ လျို့ဝှက်ချက်တစ်ခုကို ဦးလေးက ပြောပြခဲ့ပါ
တယ် ။ 
   “ခုနဖြတ်သွားတာ ထောက်လှမ်းရေးက နှစ်ရစ်နဲ့ဆရာကြီးလေ ။ ဦးတို့လုပ်ခဲ့တဲ့ ကိစ္စတစ်ခု
အတွက် မြို့က လိုက်လာတာတွေရှိလို့ သူ့ကိုအသိပေးတာ ။ ဦး ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်
တုန်းက လူတစ်ယောက်ဖမ်းမိတာ ဒီနားက သချိုင်းမှာပဲ ကိစ္စတုံးခဲ့တယ်လေ ။ သူတို့အမိန့်နဲ့
ဦးက မောင်းဖြုတ်ရတဲ့ လူပေါ့ ။ နောက်ဆုံး ဦးက သေသွားတဲ့သူကို မပစ်ခင်မှာ အဲဒီလူက
သူ့ကိုလွှတ်ပေးရင် ငွေ ၅၀၀၀ နဲ့ ခြောက်လုံးပြူးတစ်လက် ပေးမယ်လို့ ပြောသေးတယ် ။ ဦး
က လက်မခံပဲ အမိန့်အတိုင်း လုပ်ခဲ့တယ် ။ အဲဒါကို အခု မြို့ပေါ်က အစပြန်ဖေါ်ပြီး လိုက်မေး
နေတာတွေရှိတယ် ။ ဦးကတော့ ဘယ်သူ့မှ မပြောပါဘူး” ။ 

   ဟုတ်ပါတယ် ၊ ကျနော့်ဦးလေးဟာ အရက်ကြောင့် အသက်သေသည်အထိ ဘယ်သူ့ကိုမှ
ပြောသွားခဲ့ပုံ မပေါ်ပါဘူး ။ ခုတော့ နှစ်ပေါင်း ၂၀ ကျော် ကြာခဲ့ပါပြီ ။ ဖြစ်ခဲ့တဲ့ကိစ္စက နှစ် ၂၅-
-၃၀ လောက် ရှိပါတော့မယ် ။ သေဆုံးသွားရသူအနေနဲ့ နေ့စား ၁၅ ကျပ်ခေတ်မှာ ကျပ် ၅၀၀၀
ပေးနိုင်တာ ၊ ခြောက်လုံးပြူးသေနတ် တစ်လက်ပေးနိုင်တာတွေကြောင့် တစ်ခုခုတော့ တစ်ခုခု
ပဲလို့ မှတ်ချက်ပေးလို့တော့ ရပါတယ် ။ 

   ဒါပေမယ့် ကျနော့်အနေနဲ့ ဒီကိစ္စကို ဘယ်လိုလုပ်သင့်သလဲ ၊ ဘယ်လိုပိုင်းဖြတ်သင့်သလဲ ။ 
   လူ့ကျင့်ဝတ်ကို ရှေ့တန်းတင်ရမလား ၊ ဥပဒေနဲ့ အမှန်တရားကို ဦးစားပေးရမလား ။ 
   ဒါမှမဟုတ် ကိုယ်ချစ်တဲ့ဦးလေးအတွက် သစ္စာရှိရှိနဲ့ တစ်သက်လုံး ဖုံးကွယ်သွားသင့်သ
လား ။

   ကျနော်တို့နယ်တင်မက ကျနော်တို့နိုင်ငံမှာ ခေတ်အဆက်ဆက် လူမသိသူမသိ ဖြစ်ခဲ့
တာတွေ အများကြီးရှိတယ် ။ လုပ်ခဲ့သူအချို့ကလည်း သေသည်ထိ ဖက်တွယ်ပြီး သိက္ခာ
ထိန်း ၊ သမာဓိမြင့်မားသယောင် ပြခဲ့ကြတယ် ။ အချို့လည်း တာဝန်အရလို့ အကြောင်းပြ
တယ် ၊ နိုင်ငံတော်အတွက်လို့လည်း ခုတုံးလုပ်တတ်ကြတယ် ။ ဘယ်လိုဆိုဆို မရှိတော့သူ
တွေကတော့ ဘာမှ မပြောနိုင် မဖြေရှင်းပြနိုင်ကြတော့ပါဘူး ။ ထာဝရ လူသိမခံရတော့မယ့်
ဘဝတွေနဲ့ပဲ အဆုံးသတ်ခဲ့ကြရပါပြီ ။

   ကျနော်ဟာ သူတော်စင်ကြီး မဟုတ်သလို ၊ ခြောက်ပစ်ကင်းစင်သူတစ်ယောက်လည်း
မဟုတ်ပါဘူး ။
   ဒါပေမယ့် ကျနော် နှုတ်ဆိတ်နေသင့်သလား ။

မန်းကိုကို
၁၁ ၊ ၀၇ ၊ ၂၀၁၂

No comments:

Post a Comment