ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Wednesday, March 30, 2011

ရောက်တတ်ရာရာ အွန်လိုင်းမှာ



     ပြီးခဲ့တဲ့ရက်ပိုင်းတွေက တွေ့မိတဲ့ သတင်း ၊ ဖေ့ဘွတ် ၊ ဘလော့နဲ့ အထွေထွေတိုလီမုတ်စလေးတွေ
ကို ကောက်စုထားတာပါ ။

*    ပထမ ဖေ့ဘွတ်မှာ လင့်တစ်ခုတွေ့လို့ လိုက်ကြည့်တော့ ဆေးမနိုင်လောက်တော့ဖူးလို့ထင်ရတဲ့
မဟာ့မဟာမျိုးချစ်ကြီးတစ်ယောက်ရဲ့ စာမျက်နှာဆီ ရောက်သွားပါတယ် ။ ဒီဆရာသမားခမျာ ကိုယ့်
အမျိုးကိုချစ်လွန်းလို့ လူမျိုး ဘာသာ အတွေးအခေါ်တွေကနေစပြီး ခွဲခြားပစ်လိုက်တာ ကျနော့်ခန့်မှန်း
ခြေ မြန်မာပြည်မှာလူကောင်းဆိုလို့ သူအပါအဝင်လူ ၅၀ % လောက်ကျန်ရင် ကံကောင်းပါပဲ ။ ဒီတင်
အတွေးကမ္ဘာထဲကကျွန်ုပ်မှာတော့ တွေးစရာတွေပိုလာသပေါ့ ။

     အရင်ဆုံးတွေးမိတယ် ငါအပါအဝင် မြန်မာပြည်က လူသန်းပေါင်းများစွာဟာ ဘာတွေများဖြစ်နေ
ပြီလဲလို့ပါ ။ စာရေးဆရာကြီးတစ်ယောက်ရေးဖူးသလို ကိုလိုနီခေတ်အတွင်း သူတို့ရွာမှာ မျက်နှာဖြူ
အရာရှိလာတော့ အိမ်သာသီးသန့်ဆောက်ပေးရရာက မျက်နှာဖြူရဲ့ချေး ဘယ်လိုလဲဆိုတာ သွား
ချောင်းကြည့်ခဲ့တယ် ဆိုပဲ ။ အခုကျနော်ပြောတဲ့မျိုးချစ်ကြီးကတော့ ရွှေချောင်းတွေယိုမချတာသိပြီး
သားမို့ သွားမချောင်းတော့ပါဘူးဗျာ ... :-)

     ဒါပေမယ့် လွယ်လွယ်ကူကူလေးတွေတော့ တွေးမိပါတယ် ။ မြန်မာပြည်မှာရှိတဲ့ လူတွေထဲ နေနတ်
ဘုရားက ဆင်းသက်လာသူတွေမရှိသလို ဘာသာကြီးတွေလည်း အစပြုခဲ့တာမရှိပါဘူး ။ ဒါ့ပြင် တွေ့
ဖူးသမျှထဲမှာလည်း သတ်လို့မသေသူတွေ မရှိသေးပါဘူး ။ (ဒီတော့ လိုက်အသတ်ခံနေကြရတဲ့ စစ်ပြေး
ပြည်ပြေးတွေရှိတာ သဘာဝကျပါတယ်) ။ နောက်ပြီး လူသား clone တွေလည်းမရှိပါဘူး ။ ဒီတော့
တစ်ယောက်နဲ့တစ်ယောက် အတွေးအမြင်မတူကြမှာ မဟုတ်ပြန်ပါဘူး ။ အဲဒါကို တူအောင်လုပ်ရမယ်
တို့ ၊ မတူတာကိုမပြောရဖူးတို့ ၊ စသည်ဖြင့် မရမကညှိနေသူတွေသာရှိကြ ကြိုးစားနေကြတာပါ ။ (ဒါ
တင်မက “လေးစားမှု”ကို မတည်ဆောက်ပဲ အမိန့်အာဏာနဲ့ရအောင် ကြိုးစားအားထုတ်နေကြတာက
လည်း တစ်မှောင့်) ။

   နောက်ပြီး ဒီဆရာသမားက သူ့လိုလူတွေရဲ့ဘောင်နဲ့မဝင်တဲ့ ဝက်ဘ်ဆိုဒ်နဲ့ ဘလော့နာမည်တွေကိုပါ
စာရင်းလုပ်ထားသဗျ ။ ဒါပေမယ့် သူသတိမထားမိလို့လားတော့မပြောတတ်ဖူး ကျနော့်ဘလော့နာမည်
မပါဘူး ။ ဘာလို့ပြောရလည်းဆိုတော့ သူပြောတဲ့မမှန်မကန်သူ တိုင်းဖျက်ပြည်ဖျက်ပုဂ္ဂိုလ် “စံ” တွေ
ထဲမှာ ကျနော်က ၉၀% လောက် ဝင်နေတော့တာကိုး ။ အင်းလေ .. သူ့စာရင်းမှာကိုယ်မပါတာလည်း
တစ်မျိုးကောင်းတာပါပဲ ၊ စိတ်မရှုပ်ရပေဘူးပေါ့ ။

*    နောက်တစ်ခုက အနုမြူဓါတ်ရောင်ခြည်ကိစ္စ ။
     မဒမ်မန်းကိုကိုကနေ အပြင်ကပြန်လာတော့ သတင်းတွေသယ်လာတယ် ။
     အထူးဆန်းဆုံးကတော့ အနုမြူမိုးသတင်းပါ ။ ကလေးအမေတစ်ယောက်ဆိုရင် အနုမြူပေါင်းဖို
ပေါက်ကွဲပြီးနောက်တစ်နေ့ သူ့ကလေးတွေအပြင်ခေါ်သွားမိတာ အဲဒီနေ့မိုးမရွာလို့ တော်ပါသေးရဲ့
ဆိုပဲ ။ “သေဟဲ့နန္ဒိယ” လို့သာ ပြောရမလိုဖြစ်နေတယ် ။ အနုမြူရောင်ခြည်ဆိုတာ အမြောက်နဲ့လှမ်း
ထုသလိုများ ရောက်လာတတ်တယ်လို့ထင်သလား မပြောတတ်ဘူး ။ သတင်းတွေနားမထောင်မိ
လို့လား (နားမလည်လို့လား) ၊ အခြားသိနားလည်သူတွေကို မမေးမမြန်းလို့လားတော့မသိဘူး ၊ ကြား
ရသူကိုယ့်မှာတော့ အပ်အူအူဖြစ်သွားတယ် ။ ဒါနဲ့ သတင်းတွေကိုကြည့်လိုက်တော့မှ တရုတ်ပြည်မှာ
လန့်ပြီး အိုင်အိုဒင်းဆားအဝယ်လိုက်နေတာနဲ့ အာရှတစ်ခွင်မှာ လန့်ဖြန့်နေကြတာကိုလည်း သွားဖတ်
မိတယ် ။ သတင်းနဲ့ အသိဗဟုသုတတွေ ပင်ကိုယ်နည်းကြတာ ဒါမှမဟုတ် တာဝန်ရှိတဲ့သူတွေရဲ့ ဖြန့်
ဝေမှုအားနည်းကြတာလို့ ပြောရင်လည်းရနိုင်မယ်ထင်တယ် ။

   ဆက်ဖတ်တော့ ဆန်းစစ်ထားတဲ့သတင်းတစ်ခုအရ ဂျပန်နျူကလီးယားကိစ္စဟာ အရင်ဆိုဗီယက်က
ချာနိုဘိုင်းစက်ရုံပေါက်ကွဲမှုနဲ့ တခြားစီဆိုတာ ရှင်းပြထားပါတယ် ။ အခြေခံတစ်ချက်ကတော့ ချာနိုဘိုင်း
တုန်းက ပေါက်ကွဲမှုကြောင့် ရေဒီယိုသတ္တိကြွပစ္စည်းတွေ ၁၀ ကီလိုမီတာအမြင့်အထိ တက်သွားခဲ့ပြီး
ဂျပန်မှာတော့ မီတာ ၅၀၀ လောက်ပဲ ရောက်တယ်လို့ဆိုပါတယ် ။ ဒါ့ပြင် အခုဓါတ်ရောင်ခြည်ဟာ ရေနဲ့
အလွယ်တကူရောစပ်သွားတာမျိုး မရှိဖူးလို့လည်းဆိုပါတယ် ။ ကျန်တာတော့ အချိန်မရှိလို့ ဆက်မဖတ်
ပေမယ့် ယေဘုယျတော့ နားလည်မှုနည်းနည်းရသွားပါပြီ ။ ကျောင်းရောက်ပြန်တော့ ဓါတ်ရောင်ခြည်
တွေဟာ အရှေ့ဖက်ပဲသွားစရာရှိတယ်လို့ သိရပြန်ပါတယ် ။ ပြောတဲ့အတိုင်းလည်း အမေရိကန်ကို
နောက်တနေ့ရောက်လာတာ သတင်းတွေကကြားရပါတယ် ။ ဒါပေမယ့် အန္တရယ်မဖြစ်နိုင်တဲ့အတိုင်း
အတာပဲ ရှိတယ်လို့ ဆိုပါတယ် ။ ဒါဟာလည်း လက်ခံနိုင်စရာပါ ။ သာမန်အားဖြင့် ကျနော်တို့ပတ်ဝန်း
ကျင်မှာ အန္တရယ်မဖြစ်လောက်တဲ့ ဓါတ်ရောင်ခြည်တွေ အမြဲပျံ့လွင်နေတယ်လို့ ဖတ်မှတ်ဖူးရတာမို့
အလုပ်ရှုပ်ခံပြီးကြောက်မနေပါဘူးဗျာ ။ အနီးကလူတွေ ကြောက်ပါစေ ။ (ဒါပေမယ့် အနီးကလူတွေကို
ကိုယ်ချင်းမစာလို့ ပြောတာမဟုတ်ပါ ၊ အဝေးကနေ မိုးပြိုမှာစိုးနေတဲ့သူတွေကို ပြောပါတယ်) ။

*    နောက်တစ်ခုက တလောကရေးမိခဲ့တဲ့ “အွန်လိုင်းပေါ်မှာခြေချော်မိသမျှ” ကို အချို့လည်း မှတ်မိ
မှာပါ ။ အဲဒီအထဲမှာရည်ညွှန်းခဲ့တဲ့သူတွေရယ် အခြားကျနော့်နဲ့ စိတ်ထားမကိုက်ညီတဲ့ ဝက်ဘ်ဆိုဒ် ၊
ဘလော့နဲ့ သတင်းဋ္ဌာနတွေအကြောင်း နည်းနည်းစကားခံထားချင်ပါတယ် ။ ဥပမာ ဧရာဝတီဆိုရင်
သူ့မှတ်ချက်တွေမှာ အပေါင်းအနှုတ် - like/dislike - တွေတောင် ကျနော်သွားလုပ်လို့မရပါဘူး ။
block လုပ်ထားတယ်လို့ ယုံကြည်ရပါတယ် ။ ဒါပေမယ့် ကျနော့်ဘလော့မှာတော့ “လင့်” တွေအား
လုံးကို သင့်တော်သလိုချိတ်ထားမယ်ဆိုတာ အသိပေးချင်ပါတယ် ။ လိုအပ်ရင် အချို့ဆိုဒ်တွေကို အခြား
ဆိုဒ်တွေထက် နေရာပိုပေးထားတာမျိုးလည်း ရှိနိုင်ပါတယ် ။ ဆိုလိုချင်တာကတော့ ဘယ်သူမဆို ကျ
နော့်နဲ့သဘောထားမတိုက်ဆိုင်ရုံနဲ့ သူတို့ရဲ့ပင်ကိုယ်အရည်အသွေး နိမ့်မကျသွားပါဘူး ။ ဒါကိုအသိအ
မှတ်ပြုပြီး (အထူးသဖြင့် အကျိုးရှိနိုင်မယ့် ၊ သွားဖတ်လို့ အကျိုးမယုတ်မယ့်) သက်ဆိုင်ရာလင့်တွေကို
သင့်တော်မယ်ထင်သလို ကျနော့်ဘလော့မှာ နေရာကြိုးစားချထားတယ် ဆိုတာကိုပါ။ လာဖတ်တဲ့လူ
တွေ ၊ အထူးသဖြင့် ပုံမှန်လာတဲ့သူတွေ မျက်စိမလည်အောင်ပြောပြထားတာပါ ။ လုပ်သင့်ရင်တော့
ဘယ်သူကိုမဆို ဆန့်ကျင်ဖက်အနေအထားကနေ လက်ဆွဲနှုတ်ဆက်လိုက်သင့်ရင်လည်း လုပ်ရမှာ
ပါပဲ ။

     အွန်လိုင်းပေါ်က (အထူးသဖြင့် ဘလော့) မိတ်ဆွေတွေကိုလည်းပြောချင်တာတွေ ရှိပါသေးတယ် ။
စိတ်ဆိုးကြရင်လည်း မတတ်နိုင်ပါ ၊ မသင့်မတော် ချော်နေတာတွေကို ထောက်ပြပြောဆိုမှ အားလုံး
အတွက်ရေရှည်မှာ အကောင်းဖက်ဦးတည်နိုင်မယ်ထင်လို့ပါ ။

     ပထမမိတ်ဆွေကတော့ ယိုးဒယားနိုင်ငံကိုရောက်ရှိနေထိုင်ပြီး အဲဒီနိုင်ငံကို ချိုးနှိမ်ပြောထားတာ
တွေ့ရပါတယ် ။ ပုဂ္ဂိုလ်ရေးအရ စိတ်ထဲဘာမှမရှိပေမယ့် ဆရာသမားရဲ့အတွေးက နည်းနည်းချော်နေ
တယ်လို့ ယူဆမိပါတယ် ။ အသေးစိတ်မပြောချင်ပေမယ့် လိုရင်းကတော့ ယိုးဒယားဟာမြန်မာပြည်ရဲ့
ဝင်ရောက်တိုက်ခိုက်မှုနဲ့ ဖျက်ဆီးမှုတွေကို (အထူးသဖြင့် ဒုတိယအကြိမ်မှာ) အတော်ခံစားခဲ့ရပါတယ် ။
သူတို့ရဲ့ အမျိုးသားရေးစိတ်ဓါတ်နဲ့နွယ်ပြီး တစ်ဖက်သတ်စွပ်စွဲတာတွေ ၊ လူငယ်တွေကို လူမျိုးရေးမုန်း
တီးစိတ် သွတ်သွင်းပေးတာတွေရှိပေမယ့် ဒီနိုင်ငံရော မြန်မာပြည်ပါ ၂၁ ရာစုထဲ ရောက်နေကြပြီဆိုတာ
သတိထားဖို့လိုပါတယ် ။ လွန်ခဲ့တဲ့ အနှစ် ၃-၄၀၀ က သူတို့ကိုဝါးရင်းတုတ်နဲ့ အနိုင်ယူခဲ့ကောင်း ယူခဲ့
ပါလိမ့်မယ် ။ ခုခေတ်မှာတော့ လက်နက်စွမ်းရည်ကိုအသာထားလို့ ထိုင်းနိုင်ငံအရပ်သားတွေလက်ထဲ
မှာတင် တရားမဝင်လက်နက်တွေက သန်းကဏန်းမရှိရင်တောင် သိန်းကဏန်းရှိပါတယ် ။ ဒါ့ပြင် ဒဏ္ဍာ
ရီဆန်ဆန် စကားတွေကိုသုံးပြီးတော့လည်း သူတစ်ပါးကို မနှိမ့်ချသင့်ပါဘူး ။ အဲဒါတွေဟာ အထင်တွေ
ပါ ၊ ဒါတွေကိုအချက်အလက်နဲ့ထောက်ခံမယ့် (ယိုးဒယားသမိုင်းကို ကျယ်ကျယ်ပြန့်ပြန့်နားလည်တဲ့)
မြန်မာပြည်သားလည်း ခုထိတစ်ယောက်မှ မတွေ့ဖူးသေးပါဘူး ။ ဒါပေမယ့် အဖျက်ဆီးခံခဲ့ရတဲ့ ယိုးဒ
ယားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ ဘုရားပုထိုးတွေကတော့ အချက်လက်မှန်တွေအဖြစ် ရပ်တည်
နေကြမှာပါ ။

     ဒီလိုပြောလို့ ထိုင်းနိုင်ငံက သိပ်ကောင်းနေသလားဆိုတော့လည်း ပြောစရာတွေကအများကြီးပါ ။
တလောက လူသိများတဲ့ဘလော့ဂါ ဦးမင်းဒင်ကြီး ဓါးပြအတိုက်ခံရသလိုဖြစ်ခဲ့တာမျိုးက အဆိုးပေါင်း
အများကြီးထဲက တစ်ခုပါ ။ သူတို့ဆီမှာလည်း မြန်မာပြည်နဲ့မတူပေမယ့် လူမှုရေးဆိုင်ရာမှာ အမြင်ကျယ်
ဖွံ့ဖြိုးတိုးတက်လာဖို့ အများကြီးလိုနေပါသေးတယ် ။ မဆီမဆိုင် လူမှုရေးဖက်ဆွဲတယ်လို့ အချို့လည်း
ထင်နိုင်ပါတယ် ၊ ဆက်နွယ်မှုတွေကိုပြောရင် တစ်ထောင့်တစ်ညပုံပြင်တွေလို ဖြစ်နေမှာမို့ နောက်
နောင်များမှပဲ အဆင်ပြေသလိုရေးပါရစေ ။

*     နောက်တစ်ခုက ဘလော့ရေးသူတွေထဲ တစ်ယောက်မက ဖြစ်နေကြတာလေးတွေရှိပါတယ် ။
အဲဒါကတော့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေပါ ။ ကျနော်တို့တွေဟာ ကိုယ်ပိုင်ဘလော့ကိုယ်စီနဲ့ဖြစ်နေ
ကြပေမယ့် အခြားသူတွေကို စိတ်ရှိတိုင်းမပြောသင့်ဘူးလို့ ယူဆပါတယ် ။ စကားလုံးတွေဟာ တစ်
ယောက်နဲ့တစ်ယောက် ကူးလူးဆက်သွယ်ဖို့အကူအညီပေးပေမယ့် အသုံးပြုပုံနည်းနည်းလွဲတာနဲ့ ထိ
ခိုက်နာကျင်စေတတ်ပါတယ် ။ ကိုယ်ပြောတာကတစ်ယောက်ဖြစ်ပေမယ့် လောကကြီးမှာ အခြေအနေ
ဆင်တူတဲ့လူတွေ အတော်များများရှိတတ်တာကြောင့် မဆီမဆိုင်ကိုယ့်ကိုပြောတာလို့ထင်ပြီး မဆင်
မခြင်ဝင်ကြမ်းကြတဲ့အခါ မီးခိုးကြွက်လျှောက်ရှုပ်ကုန်ပါတော့တယ် ။ ထားသင့်တဲ့ကျင့်ဝတ်တွေဆိုတာ
လည်း နကိုကမပြည့်စုံကြရတဲ့အထဲ ဘူးလေးရာ ဖရုံဆင့်ပါပဲ ။

     ကျင့်ဝတ်အကြောင်းပြောရင်း ကြုံတုန်းတစ်ခုပြောချင်တာက နာမည်မဖေါ်ပဲရေးကြတဲ့သူတွေအ
ကြောင်းပါ ။ အချို့သူတွေမှာတော့ ထောက်ထားစရာတွေကြောင့် နာမည်မဖေါ်တာ နားလည်ပေးလို့
ရပါတယ် ။ ဒါပေမယ့် အချို့ကတော့ “အမည်မသိ”အနေနဲ့ ရေးခွင့်ရတာဟာ ဘောလုံးပွဲမှာ free kick
ပေးကန်သလိုများထင်ကြသလားတော့ မပြောတတ်ပါ ၊ ဆန်ကုန်စာလေးလျှောက်ရေးတတ်တာတွေ
အတော်တွေ့ရပါတယ် (ပျော်ရွှင်လို့ စနောက်တာ မပါပါ) ။ အချို့ဘလော့တွေမှာ တစ်ဖက်နဲ့တစ်ဖက်
စိန်ခေါ်ရုံတင်အားမရပဲ ဒိထက်တစ်ဆင့်တက်ပြီးလည်း နာမည် ၊ လိပ်စာ ၊ အီးမေးလ်တွေပါ တောင်း
တတ်ကြပါသေးတယ် ။ မြန်မာပြည်သားအတော်များများရဲ့ အရိုးစွဲနေတဲ့ ၊ သူတစ်ပါးကိုဒုက္ခပေး ကျော
ချင်တတ်ကြတဲ့စိတ်ထားလို့ နားလည်ရပါတယ် ။ ဆက်စပ်ပြီး ကိုမောင်မောင်ဝမ်းရဲ့ ပို့စ်တစ်ပုဒ်ခေါင်းစဉ်
ကို သွားသတိရပြီးသဘောကျမိပါတယ် ။ “လူတစ်ယောက်ကိုလက်သီးနဲ့ထိုးဖို့ဆိုတာ ကိုယ့်မှာမေးရိုး
ရှိရတယ်” တဲ့ ။


 
မန်းကိုကို
၁၉၊ ၀၃၊ ၂၀၁၁

စာကြွင်း ။   ။ ဒီပို့ကိုရေးထားတာ နှစ်ပတ်ဝန်းကျင်ရှိပြီမို့ အခြေအနေတွေ ပြောင်းသွားတာအချို့ ရှိနိုင်ပါတယ် ။

3 comments:

  1. အမှန်တွေ ပါပဲလေ။

    ReplyDelete
  2. “လူတစ်ယောက်ကို လက်သီးနဲ့ထိုးဖို့ဆိုတာ ကိုယ့်မှာမေးရိုးရှိရတယ်”။ မွေးကတည်းက မေးရိုးပါမလာရှာတဲ့ မေရိုးတွေအကြောင်း ရေးပေးပါဦး ကိုကိုမန်း-)။ ကျန်းမာရွှင်လန်းချမ်းမြေ့ပါစေ။

    ReplyDelete
  3. @ ခနွဲ
    အလည်ရောက်တာ ဝမ်းသာပါတယ် ။
    ဒီမှာဖတ်မိသမျှ အမှန်ချည်းလို့တော့ တထစ်ချသဘောမထားစေချင်ပါဘူး ။
    အသေချာကြည့်ရင် အဓိပ္ပါယ်နှစ်ခွထွက်တာမျိုးတွေရှိတာမို့ ကြည့်မြင်ပြီး ထောက်ပြဝေဖန်သွားဖို့လည်း ဖိတ်ခေါ်ပါတယ် ။

    @ Zaw Myo Lwin
    နောင်ကြုံရင် ရေးပါ့မယ်ဗျာ ၊ ခက်တာက ဦးနှောက်ကို ဖျစ်ညှစ်ထုတ်ပြီး ခိုင်းလို့မရတာခက်တယ် ။
    အလိုလိုနေရင်း စိတ်ပါလာမှရေးရင် ရိုက်တာတောင် တားလို့မရတော့ဘူး .. :-)

    ReplyDelete