ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Wednesday, January 5, 2011

နှစ်သစ်ကြိုဆိုခြင်း မာရသွန်


     မင်္ဂလာ နှစ်သစ်ပါဗျာ၊ ဒီကနေ့ ပြာသိုလဆန်း ၁ ရက်နေ့ဟာ ၂၇၅၀ ပြည့် ကရင်နှစ်သစ်ကူးနေ့ပါ။
ဇန္နဝါရီ ၁ ရက်နေ့မှာ နှစ်သစ်တစ်ခါကူး၊ မနေ့က ဗမာပြည်လွတ်လပ်ရေးနေ့ရောက်ပြီး ဒီကနေ့ ကရင့်
နှစ်သစ်ပါ ကူးနေပြန်တော့ ပွဲတွေကများနေတဲ့အပြင် ဒီဇင်္ဘာလ ၃၁ ရက်နေ့ ညသန်းခေါင်ကစပြီး ဘ
လော့တကာကို “မင်္ဂလာ Gregorian နဲ့ ကရင်နှစ်သစ်ပါဗျာ၊ အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်း
သာစေဖို့ ဆန္ဒပြုပါတယ်။ :-)” ဆိုတဲ့စာသားလေးနဲ့ လိုက်နှုတ်ဆက်တာ စုစုပေါင်းဘယ်နှစ်နာရီ ကုန်
သွားသလဲ မပြောတတ်ဖူး။ အနည်းဆုံး ၁၂ နာရီအထက်တော့ ရှိမှာဖြစ်ပြီး ဇန္နဝါရီလ ၂ ရက်နေ့ညပိုင်း
အထိ မပြီးနိုင်သေးဖူး။ ကိုယ်က ၂ ရက်နေ့ဖြစ်နေပေမယ့် ဘလော့ အတော်များများဆီမှာ ၁ ရက်နေ့
ဖြစ်နေတုံးမို့သာ တော်ပါသေးတော့တယ်။ ဒါတွေအားလုံးကို ပေါင်းစုပြီး မာရသွန်လို့  တင်စားလိုက်ရ
တာပါဗျာ။ အော်မေ့လို့ … ကျနော့်အမေရဲ့ မွေးနေ့လည်း ဒီအထဲ သွားကျနေသေးသဗျ။ နောက်ရက်ပိုင်း
ဆိုရင် ကျနော့်ညီမရဲ့ မွေးနေ့ပါ ထပ်ရောက်တော့မှာမို့ ကျနော့်အတွက် ပွဲတွေက မပြတ်တပြတ် ဖြစ်နေ
သေးတယ်လို့လည်း ပြောလို့ရပါတယ်။

     ပထမ ရောမပြက္ခဒိန်နှစ်သစ်၊ အင်္ဂလိပ်နှစ်သစ်လို့ မြန်မာပြည်မှာ သုံးနှုန်းကြတဲ့ ဇန္နဝါရီလ ၁ ရက်
နေ့ နှစ်သစ်အကြောင်းကနေ စပြောမယ်ဗျာ။ တကယ်တန်းမှာက အခုကျင်းပတဲ့ နှစ်သစ်ကူးဟာ
(Rome calendar နဲ့) Julian calendar လို့ခေါ်တဲ့ ရောမပြက္ခဒိန်မဟုတ်ပဲ အလယ်ခေတ် နှောင်းပိုင်း
လောက်က စပြီးကျင့်သုံးခဲ့တဲ့ အနောက်တိုင်း ပြက္ခဒိန်၊ ခရစ်ယာန်ပြက္ခဒိန် (ခေါ်) Gregorian calendar
ဖြစ်ပါတယ်။ ဒီနေရာမှာ သတိရမိတာက ရှေးတုန်းက ရောမပြက္ခဒိန်ကို ရက်တွက်ဖို့နဲ့ နတ်ဘုရားတွေ
ကို သင့်တော်မှန်ကန်အောင် ပူဇော်နိုင်ဖို့အတွက် ဘုရားကျောင်းကြီးကြပ်ရတဲ့ သြဇာကြီးတဲ့နတ်ဆရာ
တွေ ခန့်ထားရတာဆိုတော့ ဒီကနေ့သာ အဲဒီပြက္ခဒိန်ကို ဆက်သုံးနေရင် (ပုဏ္ဏား) ဆရာတွေ ရှိနေရ
အုံးမလားတော့ မသိပါ။

     ထားပါတော့ ဒီကနေ့ ကမ္ဘာတဝှမ်း လက်ခံကျင့်သုံးနေကြတဲ့ ဒီ Gregorian ပြက္ခဒိန်အရ နှစ်သစ်
ကျင်းပတာကိုကြည့်တော့ အရင်ဆုံး globalization ဆိုတဲ့ စကားလုံးကို သွားသတိရမိတယ်။ အခုကမ္ဘာ
တစ်ဝှမ်းမှာ နှစ်သစ်တင်မဟုတ်ပဲ စနေနဲ့ တနင်္ဂနွေနေ့တွေမှာပါ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ထား
တာကိုကြည့်ရင် ယဉ်ကျေးမှုအပါအဝင် အရာအတော်များများဟာ ကူးလူး ပြန့်နှံ့လက်ခံ လာကြပြီး
ကမ္ဘာ့ရွာဖြစ်တည်လာမှုဆီ ဦးတည်သွားနေတာကို သတိထားမိပြန်တယ်။ (ဆက်ပြောရင် နောက်ဆုံး
မှာ မြန်မာပြည်၊ ဒီမိုကရေစီတွေဆီ ရွာလည်သွားနိုင်ပြန်တာမို့ ဒီလောက်နဲ့ ရပ်ထားအုံးမယ်)။

     နောက်ထပ်သတိထားမိတာက မလေးရှားနဲ့ ယိုးဒယား။
     အရင်က မလေးရှားမှာ ဒီလိုနှစ်သစ်ထက် Hari Raya လို့ခေါ်တဲ့ မွတ်ဆလင်ဥပုပ်လအကုန် ပွဲ
တော်က ပိုလို့အရေးပါခဲ့ပါတယ်။ ဒီကနေ့မှာတော့ Petronas twin tower မှာ သွားစုကြတဲ့ လူအုပ်
ကြီးကိုကြည့်ပြီး အတော်ပြောင်းလဲလာတာကို ထုနဲ့ထည်ထည်နဲ့ မြင်နေရပါပြီ။ ယိုးဒယားနိုင်ငံ မှာက
တော့ မလေးရှားထက် အပြောင်းအလဲစောတယ်လို့ ပြောနိုင်သလို အမှန်အတိုင်းပြောရရင် မဆီမဆိုင်
ကဲကဲပိုပြီးတော့ကိုက ဖြစ်နေတယ်လို့တောင် ပြောလို့ရပါတယ်။ ဒီနိုင်ငံရဲ့နောက်ခံကိုကြည့်ရင် ဘယ်
နိုင်ငံရဲ့ ကိုလိုနီမှ မဖြစ်ခဲ့ဖူးဆိုပြီး ဂုဏ်ယူကြသလို ဗုဓ္ဒဘာသာဝင်ရာခိုင်နှုန်းဟာ မြန်မာပြည်ထက်
တောင် များတယ်လို့စာရင်းတွေက ပြဆိုနေပါတယ်။ ဒါပေမယ့် ယဉ်ကျေးမှုအရ ရှူံးနိမ့်သွားတယ်ပဲ
ခေါ်ရမလားပဲ၊ ခရစ်စမတ်ဆိုရင် ဈေးရောင်းပွဲတော်ကစပြီး ခြိမ့်ခြိမ့်သဲလုပ်လိုက်ကြတာတွေ၊ နှစ်ကူး
မှာဆိုရင် New Year countdown လုပ်ရတာနဲ့ Pi Mai (နှစ်သစ်) ဆိုပြီးအလုပ်တွေပိတ်၊ ရွာတွေ
ပြန်ကြတာကိုကများ မသိရင် သူတို့ရဲ့ မိရိုးဖလာယဉ်ကျေးမှုလို့တောင် ထင်ရပါတယ်။ သူတို့ရဲ့ နှစ်
သစ်အမှန် သင်္ကြန်ကိုတောင် ဒီလောက်မလုပ်ကြဘူး။

     နောက်တစ်ခုကတော့ လွတ်လပ်ရေးနေ့ပါ။ ဗမာပြည်အတွက် အရေးပါတဲ့နေ့တစ်နေ့ နှစ်ပတ်
လည်ခဲ့ပြန်ပါပြီ။ အရေ့းပါပေမယ့် လူတိုင်းအတွက်မဟုတ်သလိုမျိုး ဖြစ်နေတာ၊ ကနေ့အုပ်ချုပ်သူ
အာဏာပိုင်တွေက မှေးမှိန်အောင် လျစ်လျူရှုထားတာတွေစတဲ့ ချွင်းချက်အချို့နဲ့ နှစ်သစ်ကူးနေ့က
လည်း ဖုံးလွမ်းသလို ဖြစ်နေတာကြောင့် မှေးမှိန်သလို ဖြစ်နေပါတယ်။ အတိုချုပ်အနေနဲ့ကတော့
သိပ်မသိကြတဲ့ လူငယ်တွေကို ပိုပြီးသိနားလည်စေချင်မိပါတယ်။

     နောက်ဆုံးအနေနဲ့ ဒီကနေ့မှာကျတဲ့ ကရင်နှစ်သစ်ကူးနေ့အကြောင်း ဆက်ရအောင်။
Lunar calendar (လ အခြေပြု ပြက္ခဒိန်) ကိုသုံးပြီးတွက်ချက်တဲ့ ကရင်လူမျိုးတွေအတွက် ဒီကနေ့ဟာ
နှစ်သစ်ကူးကျရောက်ပါတယ်။ “လ” ကိုအခြေခံတွက်ချက်ထားတာမို့လို့ ပြာသိုလဆန်း ၁ ရက်နေ့မှာ
နှစ်ကူးတာပါ (ကရင့်လ နာမည်တွေလည်း သီးသန့်ရှိပေမယ့် နောင်မှပဲထည့်ရေးပါ့မယ်)။ နောက်တစ်
ခုက ဒီအချိန်ဟာ စိုက်ပျိုးရေးကိုအခြေခံတဲ့ ကရင်လူမျိုးတွေရဲ့ ကောက်ပဲစပါး သီးနှံတွေ ပေါ်ချိန်လည်း
ဖြစ်လို့ နှစ်သစ်အဖြစ် တမင်သတ်မှတ်ခဲ့တာလို့လည်း ပြောနိုင်ပါတယ်။

     ဒီကနေ့ မနက်စောစောမှာ ဓလေ့ထုံးတမ်းအရ မနက်နေမထွက်ခင် “ဖီ့ဗူးယော်” လို့ခေါ်တဲ့ “စပါး
စောင့် (နတ်) အဖွား” ကို ပူဇော်ပွဲကျင်းပလေ့ ရှိပါတယ်။ အဲဒီကမှ နေထွက်တဲ့အခါ နှစ်သစ်ကူးပွဲ အခမ်း
အနားကို ဆက်လုပ်ကြပါတယ်။ အဲဒီအခမ်းအနားမှာ ၁၉၃၇ မြန်မာပြည် ပါလီမန်ထဲတရားဝင် အသိအ
မှတ်ပြုထားတဲ့ ကရင်အလံကိုလွင့်၊ ကရင်အမျိုးသားသီချင်းဆိုပြီး စတင်ကြပါတယ်။ လူကြီးသူမတွေရဲ့
နှစ်သစ်နှုတ်ခွန်းဆက်တာနဲ့ အမှာစကားတွေအပြီးမှာ ဒုံးယိမ်းတွေကပြီး အဆုံးသတ်ကြလေ့ ရှိပါတယ်။
အဲဒီနောက်မှာတော့ ပြိုင်ပွဲအမျိုးမျိုးနဲ့ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပကြလေ့ရှိပါတယ်။ ပြိုင်ပွဲတွေကတော့
ခေတ်နဲ့အညီ ကစားနည်းတွေပါကြသလို လက်ရုံးအင်အားသုံးရတဲ့ (စက်သီးတိုင်မှာ ပါးစပ်နဲ့ကိုက်ပြီး
ကိုယ့်ကိုယ်ကို ဆွဲတင်ရတဲ့) ပွဲမျိုးတွေလည်း ပါလေ့ရှိပါတယ်။

     နေ့လည်ပိုင်းမှာတော့ မပါမဖြစ် လက်ဝှေ့ပွဲပေါ့ဗျာ။ ညနေပိုင်းအနားယူ၊ ပွဲခင်းလှည့်ကြပြီး ညပိုင်းမှာ
တော့ အောက်လင်းမီးအိမ်တွေထွန်းပြီး ဒုံးပြိုင်ပွဲတွေ လုပ်ကြပါတယ်။ ဒုံးပြိုင်ပွဲအပြီးမှာတော့ လူပျိုအပျို
တွေအတွက် တရားဝင် ဖူးစာရှာပွဲ “သြ (အော)” ပွဲပေါ့။ ကဗျာအင်္လကာတွေနဲ့ အပြန်အလှန် အနိုင်မခံ
ပြောကြရွတ်ကြတာဟာ မိုးလင်းသွားတတ်ပါတယ်။ အခုခေတ်မှာတော့ အလင်္ကာတွေ သိပ်မသုံးတော့
သလို ညသန်းခေါင်လောက်နဲ့ ပြီးသွားတတ်ပါတယ်။ တစ်ခုရှိတာက အခုနောက်ပိုင်း သိပ်မလိုက်နာကြ
ပေမယ့် ရိုးရာအရတော့ တဘက် (သဘက်) ကာပြီး အင်္လကာရွတ်ကြရတာပါ။ အဲ .. မေ့နေလို့ ပွဲအစ
ပိုင်းမှာ ခါးတောင်းကျိုက်ပြီး လက်ဝှေ့ရေးလည်း ပြတတ်ကြပါသေးတယ်။ အရင်တုန်းက ဆေးမှင်ကြောင်
ထိုးထားသူတွေအတွက်တော့ ဒီပွဲမှာ ပြချင်စရာပေါ့ဗျာ။ လက်ဝှေ့ပွဲမှာ သွားပြလို့ရပေမယ့် ဒီနေရာမှာ
လို မိန်းကလေးတွေ မစုံဘူးလေ။ (ညပိုင်းမှာ အခြားပြခန်းနဲ့ ဇာတ်ကတာတွေလည်း ရှိတတ်ပါသေး
တယ်။)

     ကျနော့်ဦးလေးတွေ လက်ထက်ကတော့ လှေလှော်ပြိုင်ပွဲတို့ ဒုံး (ဒုံးပျံ၊ ဒုံကျည်) လွတ်ပွဲတွေ ကြုံခဲ့
ဖူးသေးတယ်လို့ ဆိုပါတယ်။ မြန်မာပြည် စီးပွားရေးကျဆင်းလာတာ၊ ယဉ်ကျေးမှုကို ပိတ်ပင်တာတွေ
ကြောင့် တဖြည်းဖြည်း လုံးပါးပါးလာတယ်လို့ ယူဆလို့ရပါတယ်။ ဒီကနေ့အချိန်မှာတော့ နိုင်ငံပြင်ပ
ရောက်ပြီး အလုပ်လုပ်လို့ ငွေကြေးအသင့်အတင့် အဆင်ပြေကြတာနဲ့ လွတ်လွတ်လပ်လပ် တတိယ
နိုင်ငံတွေမှာ ရောက်ပြီးကျင်းပခွင့် ရနေကြတာကြောင့် တဖြည်းဖြည်း အသက်ပြန်ဝင်လာဖို့ မျှော်လင့်
မိပါတယ်။

     နောက်ဆုံးတစ်ခုပဲ ပြောစရာကျန်ပါတော့တယ်။ အရင်ပို့စ်မှာ လူတကာကို နှစ်သစ်သံန္နိဋ္ဌာန် (New
Year Resolution) ချဖို့ကိစ္စ အချွန်နဲ့ရမ်းပြီး မခဲ့ပြီးပါပြီ။ ကိုယ့်အလှည့်ပဲကျန်ပါတော့တယ်။ ကျောင်းခ
ဏပိတ်လို့ အားလပ်နေတာက တစ်ကြောင်း၊ ရှေ့လျှောက်ဘဝအတွက်လည်း တိုးတက်ရာတိုးတက်
ကြောင်း အပြောင်းအလဲအချို့လုပ်ဖို့ လိုတာကတစ်ကြောင်းတွေကြောင့် ပြင်ဆင်စရာ လုပ်ကိုင်စရာ
တွေကို အချိန်ယူပြီးစဉ်းစားလိုက်တော့ နှစ်သစ်သံန္နိဋ္ဌာန်နဲ့ ရောယောင်ပြီး ဆုံးဖြတ်ချက်အချို့ကိုချဖို့
ခေါင်းထဲပေါ်လာပါတယ်။

     ပထမ ဒီနှစ် ဘယ်ဘာသာနဲ့ ဘယ်ကျောင်းတက်ရင် ကောင်းမလဲဆိုတာ နည်းနည်းအကြပ်ရိုက်နေ
လို့ research နည်နည်းထပ်လုပ်ပြီး ဆုံးဖြတ်ဖို့လိုနေပါတယ်၊ နောက်ပြီး ကားမောင်းသင်ရမယ် (ဟိုတ
နေ့ကတော့ ဆရာလုပ်သူက အတင်းခေါ်ပြီး မောင်းခိုင်းတာနဲ့ တစ်ခါမှမမောင်းဖူးပဲ highway ပေါ်
ရောက်လိုရောက်၊ အမှားလုပ်တဲ့ကားကို တိုက်လိုတိုက်ကာနီးတွေ ဖြစ်သွားသေးတယ်)၊ ဘလော့ကို
လည်း WeSheMe လို စာမျက်နှာအပြည့်လုပ်ချင်တယ် (လုပ်မတတ်သေးဖူး)၊ မိသားစုအကြောင်း
ကလေးတွေလည်း ရေးဖို့ချိန်ဆနေတယ်၊ blogspot ကနေ website ဆီကို တစ်ဆင့်တက်ဖို့လည်း
တွေးနေတယ် (နာမည်လည်း ရွေးတုန်းပဲ)၊ အရိုးစွဲနေတဲ့ မကောင်းတဲ့ စိတ်ဓါတ်အချို့အပိုင်းတွေကို
လည်း ပြင်နိုင်ဖို့ သတိတွေထားနေတယ် (ဒါပေမယ့် အတော်တော့အခက်သား)၊ နိုင်ငံရေးနဲ့ critical
thinking မိတ်ဆက်ပို့စ်တွေ တင်ဖို့ချိန်နေတာကြာပြီ ခုထိ မစရသေးဖူး (သူများကိုဝေဌရင်း ကိုယ်
လည်း ပိုသိလာအောင်လို့ပါ)။ ဆက်တွေးရင်တော့ အင်း .. မဖြစ်သေးဘူးထင်ပါတယ်။ ကိုယ့်အကြောင်း
သူများကို ဇွတ်ပြောသလိုဖြစ်နေတာ အားနာစရာ။

     ဘယ်လိုပဲဆိုဆို အားလုံးကို “မင်္ဂလာနှစ်သစ်ပါ” လို့ နှုတ်ခွန်းထပ်ဆက်လိုက်ပါသဗျာ။ ကိုယ်စိတ်
နှစ်ဖြာ ကျန်းမာချမ်းသာကြဖို့လည်း ဆန္ဒပြုဆုတောင်းပေးလိုက်ပါတယ်။ အားလုံးလို့ဆိုရာမှာ အများ
မေတ္တာ မခံယူရတဲ့သူများ၊ ဘလော့များပါ ပါပါသဗျား။ ခွဲခြားမှုမရှိတဲ့ နှုတ်ခွန်းဆက် ဆန္ဒပြုချက်တွေနဲ့
ဆုတောင်းပေးလိုက်တာမို့ လိုချင်သူများ ရယူနိုင်ကြပါစေ။


မန်းကိုကို
၀၁၊ ၀၁၊ ၂၀၁၁

6 comments:

  1. ကိုမန်းရေ..

    လာနှုတ်ဆက်ထားတာ တွေ့ပေမဲ့ အပျော်လွန်နေတာနဲ့ အခုမှရောက်လေသတည်းပါ..။

    ကိုမန်းနှုတ်ဆက်ထားတာကို အခုမှ သဘောပေါက်သလို... ရှာဖွေရေးပေးတာကျေးဇူး..။

    ကိုမန်း မှန်းထားတာတွေ ၂၀၁၁ မှာ အောင်မြင်ပါစေကြောင်းပါရှင်..။

    ခင်မင်စွာဖြင့်

    မဗေဒါ (၈၈)

    ReplyDelete
  2. ပျော်လို့ရတဲ့ အချိန်ကလေးတွေမှာ အပြည့်အဝသာ ပျော်လိုက်ဗျို့။
    ဒီလိုအချိန်တွေက နေ့တိုင်းရောက်လာနိုင်တာ မဟုတ်ဖူးဗျ။

    ကျနော်ကတော့ အားတုန်းအားခိုက် ဟိုဟိုဒီဒီတွေ ပြောချင်နေတာ ယားကျိကျိဖြစ်နေပြီ။
    နှစ်သစ်မှာ အချို့သူတွေအတွက် ကျက်သရေနည်းနည်း တုံးနေမှာစိုးလို့ မပြောပဲ နေနေတာ :-)

    ReplyDelete
  3. "မင်္ဂလာ နှစ်သစ်" ဆိုတော့ "နှစ်သစ်မင်္ဂလာ" လို့ ပြန်နှုတ်ဆက်တယ်ဗျာ။

    ReplyDelete
  4. ကျော်ထင်January 6, 2011 at 4:17 AM

    ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ၊ အောင်မြင်သော နှစ်သစ်ဖြစ်ပါစေဗျား။
    ဆြာမန်းရဲ့ မင်္ဂလာ Gregorian နှင့် ကရင်နှစ်သစ်ကူး ဆိုတဲ့ ဆုတောင်းကို စမြင်တုံးက တကယ်နားမလည်ခဲ့ဘူး။ Gregorian calender အရ နှစ်သစ်နဲ့ ကရင်နှစ်သစ်ကို တပေါင်းတည်း လုပ်ပြီး နှုတ်ဆက်ဆုတောင်းစကားလုပ်သွားတာကိုး။ ကျနော်လို နားမလည်တဲ့သူက ဖတ်မိလိုက်တာကတော့ မင်္ဂလာက သပ်သပ်၊ Gregorian and Karen New Year က conjunction "and" နဲ့ ချိတ်ဆက်ထားတဲ့ parallel nouns " Gregorian, Karen" နဲ့ဖွဲ့စည်းထားတဲ့ phrase လို့ထင်မိတာဗျ..။ အဲဒီတော့ Gregorian and Karen New year အလုံးတွဲကြီးက ဘာပါလိမ့်လို့ နားမလည်ဖြစ်သွားတယ်။ လည်ချင်တဲ့အခါကျ နင်းကန်လည်ပြီး၊ မလည်ချင်တော့လဲ ဒါလေးကို ဘိုလို ဂရမ်မာနဲ့ ဆက်စပ်စဉ်းစားပြီးမလည်နိုင်သွားခဲ့တယ်။
    စကားအထအနကောက်နေရတာနဲ့ အရေးကြီးတာ မပြောဖြစ်သေးဘူး။ ဒေါ်စုတို့ ကြိုးပမ်းနေတဲ့ ဒုတိယ ပင်လုံနဲ့ပတ်သက်လို့ တိုင်းရင်းသားတစ်ယောက်ရဲ့ အမြင်ကို ပြည့်ပြည့်စုံစုံလေးသိချင်တယ်။ ဒါဟာ လိုအပ်သလား၊ မလိုဘူးလား။ ထောက်ခံတဲ့ တိုင်းရင်းသားတွေရှိသလို၊ မယုံမကြည်ဖြစ်နေသူတွေလဲရှိတယ်၊ အဲဒါကိုဘယ်လိုဖြေရှင်းရမလဲ၊ရှင်းသင့်သလဲဆိုတာလေးတွေ ဆြာမန်းအမြင်ကို ကြားပါရစေ။

    ReplyDelete
  5. ပျော်ရွှင်ဖွယ်ရာ နှစ်သစ်မင်္ဂလာပါဗျာ... ကရင်နှစ်ကူးမှာကဲ တာလဲ ကဲပေါ့.. ၀ဘ်ဆိုက်ပြောင်းဖို့ စိတ်ကူးလဲ ကောင်းတယ်.. နံမည်တော့ မပြောင်းစေချင်ပါ..( ဟဲ ဟဲ ပြောမရလဲ ပြောင်းပါဗျာ)

    ReplyDelete
  6. @ AATO - ဆရာ “မ” သုံးလုံးအနွယ်ဆိုတာ မှတ်မိ သိထားပါတယ် ဆရာရယ်၊ ကြောက်ပါတယ်၊ ခလောက်နို့သားလည်း မဟုတ်လို့ ပြန်မပြောတတ်တော့ပါဘူး .. :-)

    @ ဆရာကျင်ထော် - ချောက်ထဲကျခါနီး ယိုင်နေပါတယ်ဆိုမှ လေကလေးနဲ့ မှုတ်ရုံတင်ပါ ဆိုပြီး ချောက်ကျအောင် လာတွန်းမလို့လား ဆရာရဲ့။ ဒုတိယပင်လုံ ကိစ္စမှာ ဘာမှမယ်မယ်ရရ မလေ့လာထားတဲ့သူကို ဘယ်လိုဖြေရှင်းရမလဲ ဖြေရှင်းသင့်သလဲဆိုတော့ မစက်ရက်လွန်းဖူးလား ဆရာရယ်။ နောက်တစ်ရက် နှစ်ရက်ကျရင်တင်မယ့် ပို့စ်တစ်ခုမှာ အပေါ်ယံလောက် သဘောထား ချပြတာလေးနဲ့တင် ကျေနပ်ပေးပါဗျာ၊ နော။

    @ မိုးယံ - နှစ်သစ်ကူးမှာ မင်းတို့လူငယ်တွေလိုတော့ မကဲနိုင်တော့ပါဘူးကွာ။ အခု စာပြန်တာတောင်မှ ကလေးတွေနဲ့ မိန်းမအိပ်မှ ထိုင်ရေးရတာ :-)

    ဘယ်လိုပဲဖြစ်ဖြစ် အပေါ်က ဆုလာတောင်းပေးတဲ့လူတိုင်းကို ကျေးဇူးတင်ကြောင်းနဲ့ ထပ်တူထပ်မျှ ပြန်ဆုတောင်းပေးလိုက်ပါတယ်ဗျာ ....

    ReplyDelete