ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Sunday, June 27, 2010

ဒုံးပျံကြီးတွေ လာနေပြီ၊

ခုတလော ဒုံးပျံပစ်စင်ကားတွေ အပစ်ရပ်ဒေသတွေဆီ ရောက်လာကြတယ်ဆိုတာ
ကြားမိကြမှာပါ။ စစ်ပွဲကြီးကြီး မကြုံဖူးတာကြာပြီဖြစ်တဲ့ မြန်မာပြည်မှာတော့ ဒါဟာ
ထူးတဲ့သတင်းပါပဲ။

ဒုံးပျံလို့ကြားတာနဲ့ ကြောက်ရတော့မလိုလို မဟုတ်ရင်လည်း အရင်လက်နက်တွေလို
ပါပဲ အလကားတွေပါလို့ မပြောခင် နည်းနည်းတော့ ပိုဆန်းစစ်ကြည့်ကြရင် ကောင်း
မလားလို့ အတွေးပေါက်မိပါတယ်။ အမှန်ကတော့ လွယ်ပါတယ်၊ google ထဲ စာလုံး
ရိုက်ထည့်လိုက်ရုံနဲ့ သိနိုင်တာမျိုးဆိုတာ သိပြီးသူ၊ ရှာကြည့်သူတွေရှိနိုင်သလို၊ မသိဖူး
မကြားဖူးသူတွေလည်း ရှိနိုင်တာမို့ မိတ်ဆက်သဘောလေး ရေးလိုက်ရတာပါ။


မိတ်ဆက်ဆိုတဲ့အတိုင်း ဖတ်၊ မှတ်၊ ကြည့်ဖူးသလောက်ထဲကပဲ ပြောသွားပါမယ်။
အခုဒုံးပျံတွေဆိုတာကို ခန့်မှန်းတာမလွဲဘူးဆိုရင်တော့ “ဒုံးပစ်စနစ်” လို့ မြန်မာလို
ယေဘုယျပြန်ဆိုလို့ရမယ့် “Multiple Launch Rocket System” တွေဖြစ်ပါတယ်။
ဒုံးကျည် ၄ စင်းကနေ အစင်း ၃၀ ကျော်လောက်နဲ့ မိနစ်ပိုင်းအတွင်း ဆက်တိုက်ပစ်
လွတ်နိုင်တဲ့စနစ်ဖြစ်ပြီး အမြောက်စနစ်ကို အစားထိုးသုံးစွဲထားတာလည်း ဖြစ်ပါတယ်။
ပစ်ခတ်ရောက်ရှိနိုင်မှု အကွာအဝေးကတော့ သတင်းတွေထဲမှာလို မိုင် ၃-၄၀ ဖြစ်နိုင်
သလို ဒီထက်လည်း ပိုနိုင်ပါတယ်။ ဒုတိယကမ္ဘာစစ်ကတည်းက စတင်သုံးစွဲခဲ့ကြတာ
ဖြစ်ပြီး လွင်ပြင်မှာတိုက်ခိုက်ကြရတဲ့ စစ်သည်တွေအတွက် အင်မတန်ကြောက်စရာ
ကောင်းခဲ့ပါတယ်။ အာဖဂန်နစ္စတန်မှာ ဆိုဗီယက်တွေဆက်သုံးခဲ့ပြီး အခြားနိုင်ငံ
တွေလည်း ထုတ်လုပ်သုံးစွဲကြပါတယ်။ သုံးစွဲပုံနဲ့ ထိရောက်မှုကလည်း နိုင်ငံအလိုက်
ကွာခြားမှုတွေ ရှိကြတာတော့ သေချာပါတယ်။

အမေရိကန်ထုတ်စနစ်အကြောင်းကို တစ်ခါကမှတ်တမ်း ဗီဒီယိုတစ်ခွေမှာ ကြည့်ဖူး
ခဲ့တာအရ မှတ်မိသလောက်ကတော့ ဒုံးကျည်အလတ်စား ၁၂ လုံးပါတဲ့ သံချပ်ကာ
ကားနဲ့ ဒုံးကျည်ဖြည့်အပိုကားတစ်စီး အတူလှုပ်ရှားကြပါတယ်။ မိနစ်ပိုင်းအတွင်းမှာ
ဒုံးကျည်အသစ်တွေ ပြန်ဖြည့်နိုင်ပြီး အစောင့်အရှောက်နည်းနည်းနဲ့ အမြန်လှုပ်ရှားကာ
အဝေးက လှုပ်ရှားပစ်ခတ်ရတာဖြစ်ပြီး ပုံသေပစ်မှတ်တွေဖြစ်တဲ့ တပ်စခန်းနဲ့ အကာ
အကွယ်မဲ့တဲ့ တောင်ကုန်းလို နေရာမျိုးတွေအပေါ် ထိရောက်မှုအတော်ရှိပါတယ်။

မိုင် ၇-၈၀ ကနေ မိုင်ရာကျော်ရောက်တဲ့ အမျိုးအစားတွေရှိပြီး အီရတ်စစ်ပွဲတုန်းက
“သံမဏိကွန်ယက်” ရယ်လို့ အီရတ်တပ်သားများက အမည်ပေးထားခဲ့ကြပါတယ်။
ဘာကြောင့်လည်းဆိုတော့ ဒီဒုံးကျည်တွေဟာ ပစ်မှတ်ရောက်ကာနီး လေထဲမှာ
ပေါက်ကွဲပြီး ဗုံးဆံတွေကို မိုးသီးမိုးပေါက်တွေလို ရွာချစေတတ်တာမို့ အကာအကွယ်
မရှိပဲ လွတ်မြောက်နိုင်ဖို့ရာ မလွယ်ကူလို့ ဖြစ်ပါတယ်။ သံမဏိပြားအပါးစားတွေကို
ဖောက်ထွင်းနိုင်တာမို့လည်း ရန်သူတွေရဲ့ အပေါ့စားယာဉ်တွေကို ဖျက်ဆီးနိုင်ပါတယ်။
မြန်မာပြည်မှာ အခုဖြန့်ကျက်လာတဲ့ ဒုံးကျည်တွေက မြောက်ကိုရီးယားကဆိုတော့
အချက်အလက် အတိအကျရဖို့တော့ ခက်မယ်ထင်ပါတယ်။ (စွမ်းရည်မှာလည်း
လျှော့တွက်လို့မရသလို ပိုတွက်ဖို့ရာကလည်း သူတို့ရဲ့ ခိုင်မာတဲ့ နောက်ခံသိပ်မရှိပြန်
ပါဖူး။) ယှဉ်ထိုးကြည့်ချင်တယ် ဆိုရင်တော့ ဒုတိယကမ္ဘာစစ်တုံးက သုံးခဲ့တဲ့ဒုံးလွတ်
ယာဉ်တစ်စီးဟာ ဘော်လုံးကွင်း တစ်ကွင်းစာကို ဖွတ်ဖွတ်ညက်ညက်ကြေစေတယ်
လို့ ဆိုထားတာရှိပါတယ်။

ဝေဖန်မှုအနေနဲ့ ထည့်ပြောရရင်တော့ အင်အားအလုံးအရင်း ရှိနိုင်မယ့်တိုင်းရင်းသား
စခန်းတွေကို အရင်လို လူအမြောက်အများ အသေခံမတိုက်တော့ပဲ ဒီဒုံးကျည်တွေကို
အသုံးချနိုင်ပါတယ်။ ဒါပေမယ့် အခက်အခဲတွေကတော့ စခန်းငယ်တွေဆိုရင် ကုန်ကျ
စရိတ်နဲ့မမျှလို့ မသုံးနိုင်တာမျိုး၊ မြောက်ကိုရီးယားရဲ့ နည်းပညာအရ ပစ်မှတ်တိကျမှုမှာ
အားကိုးလို့ အပြည့်အဝမရနိုင်တာမျိုး၊ ပထဝီမြေအနေအထားအရ အသုံးပြုလို့ မရနိုင်
တာမျိုး၊ အစောင့်အရှောက် နည်းပါးတာမို့ အဝေးကနေပဲ လှုပ်ရှားရတာမျိုးတွေ ရှိနိုင်
ပါတယ်။

ဘယ်လိုပဲဆိုဆို ငါးပျံတစ်လှည့် ဗုံလုံတစ်လှည့် တိုက်ခိုက်သေကြေနေကြရမယ့်
ပြည်တွင်းစစ်ပွဲတွေကို မမြင်လိုတာကတော့ အလိုချင်ဆုံးတွေထဲက ဆန္ဒတစ်ခုပါ။

source : http://www.army-technology.com/










source : httpwww.militaryphotos.net

မန်းကိုကို
၂၇၊ ၀၆၊ ၂၀၁၀

2 comments:

  1. ကိုမန်းကို

    အဲဒိ သံမဏိ ကွန်ယက် ဆိုတာ အင်္ဂလိပ်လို ဘယ်လိုခေါ်လဲဗျ။ လောလောဆယ် ပိတ်ပင်ထားတဲ့ လက်နက်တွေထဲမှာ ဒီကောင်တွေ ပါတယ်ထင်တယ်။ ကျွန်တော် သေချာ မသိလို့…

    ReplyDelete
  2. ကိုဝတုတ်ရေ “Iron web” သို့မဟုတ် “Iron net from sky” လို့တော့ထင်ပါတယ်၊ ကြည့်ထားတာက တစ်နှစ်ကျော်ပြီမို့ သွားထပ်ဌားကြည့်မှ သေချာပါမယ်။

    လေကွဲကျည်တွေ ပြည်တွင်းစစ်မှာ မသုံးရဖူးရယ်လို့တော့ ကြားဖူးပါတယ်၊ ခုပြောမှ နိုင်ငံတကာဥပဒေတွေဖက် လှည့်လေ့လာဖို့ လက်တို့သလိုဖြစ်တာ ကျေးဇူးတင်ပါတယ်။ ရှာဖို့မေ့သလိုလည်း ဖြစ်နေလို့ပါ။ မြန်မာပြည်မှာလည်း အရင်က ပြည်မတပ်တွေ KNU ကို လာတိုက်စဉ်က ပုခုံးထမ်းပစ်ရတဲ့ လေကွဲကျည်တွေ သုံးခဲ့လို့ နှစ်လက်အမိအရသိမ်းပြီး ထိုင်းဖက်က သတင်းနဲ့စာနယ်ဇင်းတွေကို ခေါ်ပြခဲ့ဖူးတယ်လို့ ကြားဖူးပါတယ်။

    နောက်တစ်ခုက ဒုံးကျည်ရဲ့ ဖွဲ့စည်းပုံပါ။ cluster bomb လိုအလုပ်လုပ်တာလား၊ မဟုတ်ရင်လည်း primary payload ကနေ လေထဲမှာ တိုက်ရိုက်ပေါက်ကွဲ ထိခိုက်စေသလားလည်း သေချာအောင်ထပ်ကြည့်ရပါအုံးမယ်။ ပထမအမျိုးအစားက ပိုသေချာပါတယ်။ သေချာတာတော့ မြေပေါ်ရောက်မှ (ထိပေါက်) ပေါက်တာတော့ မဟုတ်ပါဘူး။

    ReplyDelete