ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Friday, February 3, 2012

“ကရင်” တွေ “မမြင်” ရင် “ခွင်” ပျောက်လိမ့်မယ်


     မနေ့က ကြုံတွေ့ခဲ့ရတာလေးတွေတစ်ချို့ကြောင့် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းစရာ ကြုံလာ
ပြန်ပြီပေါ့ဗျာ ။

     ဖြစ်ချင်တော့ မနက်ခပ်စောစော Centerlink လို့ခေါ်တဲ့ လူမှုထောက်ပံ့မှုတွေ စီမံခန့်ခွဲရာ ဖက်
ဒရယ်အစိုးရဋ္ဌာနကို သွားဖို့ရာ အကြောင်းတစ်ခု ပေါ်လာပါတယ် ။ ဆက်တိုက် လုပ်စရာတွေများ
တာရယ် ၊ အကန့်သတ်ရှိတဲ့ အနေအထားအချို့ရယ်ကြောင့် ၊ ရုံးကိုခပ်စောစော သွားခဲ့ပါတယ် ။
၉:၀၀ မထိုးခင်လောက်ရောက်သွားပြီး ကောင်တာမှာ လုပ်စရာတွေလုပ်တော့ နားလည်ပေးမှု
နည်းပါးတဲ့ဝန်ထမ်းကြောင့် ကိစ္စတစ်ဝက်ပဲပြီးတယ်လို့ ဆိုရမယ့်အနေထားဖြစ်လာခဲ့လို့ မလှမ်း
မကမ်းမှာရှိတဲ့ ကရင်-ဗမာ စကားပြန်ခေါ်ထားပေးတဲ့ ကောင်တာဖက်လှည့်သွားပြီး ထိုင်ခုံမှာ ထိုင်
စောင့်နေလိုက်ပါတယ် ။

     အရာရှိတောင် ရောက်မလာသေးပဲ ကိုယ်တစ်ယောက်ထဲမို့ ၊ ကိစ္စမြန်မြန်ပြတ်ပြီး နောက်ထပ်
လုပ်စရာတွေအတွက် အချိန်ရပြီဆိုပြီး ဝမ်းသာသွားပါတယ် ။ မကြာခင်မှာတော့ ကရင်အမျိုးသမီး
နဲ့ အမျိုးသားတစ်စုံ ရောက်လာခဲ့ပါတယ် ။ သူတို့လည်း သူ့တို့ကိစ္စနဲ့သူတို့ စကားပြန်ရှိရာ ကောင်
တာကို လာတာဖြစ်ပါတယ် ။ ကိစ္စမရှိပါ ၊ နှုတ်တွေဘာတွေဆက်ပြီး ဆက်ထိုင်ကြတာပေါ့ ။

     ဒီလိုနဲ့ ခဏကြာတော့ ဋ္ဌာနဝန်ထမ်းအရာရှိ ရောက်လာပုံရပါတယ် ၊ စကားပြန်လုပ်သူက အ
ပြင်ထွက်လာ ပြီး “ကဲ ဘယ်သူအရင်ရောက်သလဲ” ဆိုပြီး လူစလာခေါ်ပါတယ် ။ ကျနော်လည်း
ထမယ်လို့ ဟန်ပြင်တုန်းမှာပဲ ၊ ခုနဝင်လာတဲ့ ကရင်အမျိုးသမီးက စွေ့ကနဲထပြီး ဝင်သွားပါတယ် ။
ကျနော်လည်း “ဟင် . . ဘယ်လိုပါလိမ့် ” လို့ စိတ်ထဲကဖြစ်ပြီးမှ ၊ “အင်းလေ ထားလိုက်ပါတော့”
ဆိုပြီး ၊ ဆက်ထိုင်စောင့်နေလိုက်ပါတယ် ။ ပြီးတော့ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ကရင်နှစ်သစ်
ကူးနေ့ အတွေ့အကြုံကို သွားသတိရလိုက်မိပါတော့တယ် ။

     နှစ်သစ်ကူးမှာ ပွဲစီစဉ်သူတွေက ကလေးတွေအတွက် လေမှုတ်သွင်းရတဲ့ ကစားကွင်းသေး
သေးကလေးတစ်ခုပါ ဌားရမ်းထားတာကြောင့် ၊ ကျနော့်ကလေးကိုလည်း ကစားနိုင်ဖို့ရာ တန်း
စီနေတဲ့ ကရင်ကလေးတွေနောက်မှာ သွားတန်းစီခိုင်းလိုက်ပါတယ် ။

     သို့သော်ပေါ့ဗျာ ၊ ကျနော့်ကလေးမှာ တန်းသာစီနေတယ် ၊ အရှေ့ကို မတိုးနိုင်ဖြစ်နေပါတယ် ။
အကြောင်းကတော့ အခြားကလေးတွေက တစ်ခါကစားပြီး အချိန်ပြည့်တာနဲ့ ချက်ချင်းပြန်ပြေး
ထွက် ၊ တန်းစီနေတဲ့ ကျနော့်ကလေးကို အလုအယက် ကျော်တက်ဝင်နေကြလို့ပါပဲ ။ သုံးလေးခါ
စာလောက် ဖြစ်ပြီးတဲ့အခါမှာတော့ ကျနော်လည်း မနေသာတော့ပါဘူး ။ ဂိတ်ဝစောင့်နေတဲ့ ကု
လားကို သွားပြောရပါတော့တယ် ။ အဲဒီတော့မှပဲ နိုင်ငံကြီးသားပီသမိတဲ့ ကျနော့်ကလေးမှာ ပထ
ဆုံးတစ်ကြိမ် ဝင်ကစားခွင့် ရခဲ့ပါတယ် ။

     တစ်ပိုင်းတစ်စ အတိုချုပ်သုံးသပ်ပြရရင်တော့ ၊ ကျနော်တို့ ကရင်လူမှုအသိုင်းဝိုင်းထဲက အများ
စုဟာ ခိုလှုံရာစခန်းမှာ သူများတွေ ပေး ကွေးတာတွေကို အရံသင့်ထိုင်စားနေခဲ့ရင်း ကလေးတွေ
ကိုလည်း မသွန်သင်ကြ (သွန်သင်ရမှန်းလည်း မသိကြ) တဲ့အတွက်ကြောင့်လို့ ဆိုနိုင်ပါတယ် ။
ရာရာနီးပါး အလွယ်ရ အလွယ်သုံးရင်း တော်ရုံအရာနဲ့ အခွင့်အရေးတွေကို တန်ဖိုးထားရကောင်း
မှန်း ၊ သူတစ်ပါးအတွက်ကော ဆိုတဲ့စိတ်မျိုးတွေ ထားရကောင်းမှန်း သိမြင်နားလည်မှုတွေ အတော်
အသင့် နည်းလာနေခဲ့တယ်လို့ ဆိုရပါမယ် ။

     ထားပါတော့ ၊ လူတစ်ယောက်ကြောင့် ကိုယ့်တစ်မျိုးလုံးကိုပြောရတာ မကောင်းပါဘူး ။ ရုံးကိစ္စ
ကို ဆက်ရအောင် ။

     ဒါနဲ့ပဲ ခုနကဝင်သွားတဲ့ အမျိုးသမီးပြန်ထွက်အလာကိုသာ ဆက်စောင့်နေလိုက်ပါတယ် ။ စ
ကားပြန်နဲ့ ပြောဆိုနေတာကြောင့် သာမန်ထက်လည်း နည်းနည်းပိုကြာတာတော့ ထုံးစံပါပဲ ။ အ
တော်ကြာတော့ အမျိုးသမီး ပြန်ထွက်လာပါတယ် ။ ကျနော်လည်း ဒီတစ်ခါတော့ ငါ့အလှည့်ဆို
ပီး ထလိုက်ပါတော့တယ် ။ ဒါပေမယ့် ခုနအမျိုးသမီးနဲ့ပါလာတဲ့ အမျိုးသားကလဲ “ထ”ပြီး ဝင်မလို
လုပ်ပါတော့တယ် ။ ကျနော့်စိတ်ထဲမှာ ဒီအမျိုးသမီးနဲ့ အမျိုးသားဟာ လင်မယား သို့မဟုတ် အ
တူလာသူတွေလို့ ယူဆလိုက်မိပါတယ် ။ သူတို့ အတူပြန်နိုင်ဖို့အတွက် ကျနော်ပဲ အနစ်နာခံလိုက်
တော့မယ်ဆိုပြီး အရင်ဝင်ချင်ရင်ဝင်ဖို့ ခွင့်ပြုလိုက်ပါတယ် ။ ဆရာသမားလဲ စကားတစ်လုံးမှ ပြန်
မပြောပဲ အထဲကို စွေ့ကနဲ ဝင်သွားပြန်ပါတယ် ။

     သို့ကလိုနဲ့ တစ်မိနစ် မကြာခင်မှာပဲ ... ခုနထွက်လာတဲ့အမျိုးသမီးဟာ နောက်ထပ်ရောက်
လာတဲ့ အမျိုးသမီးအဖေါ်ယောက်နဲ့ ပြန်ထွက်သွားပါတော့တယ် ။ ဟုတ်ကဲ့ .. ကောင်းကြပါပြီ
ဗျာ .. ကျနော်ညံ့တယ်ပဲ ထားလိုက်ကြပါတော့ ၊ ကျနော့်မှာ ကိစ္စတွေက သူတို့နဲ့စာရင် ဘာမှ
အရေးမကြီးပါဘူး ၊ ဘာမှလည်း လောစရာ မလိုပါဘူး ၊ ပြီးရင် ... ဘာမှလည်း မပြောချင်တော့
ပါ ခင်ဗျား ။ ဟုတ်တယ်လေ .. ခုနက “မသိတတ်သူ” က တန်းမစီပဲ ဝင်သွားတာ ခံလိုက်ရပြီးပြီ ၊
ခုတစ်ခါလည်း “အားမနာတတ်သူ”ကို မသိတစ်ဝက် သိတစ်ဝက်နဲ့  ခံလိုက်ရပြန်ပြီ ။ သူငယ်
ချင်းတစ်ယောက်စကားကို ဌားပြောရရင် “မင်းသေသင့်တယ်” ဆိုပါတော့ ။

     ဆိုင်ဆိုင်မဆိုင်ဆိုင် မယ်တော် (မဲဆောက်) ကမ်းပါးမှာ ကြုံခဲ့တာတစ်ခုကို ပြန်ပြေးသတိရ
ပြန်တယ် ။ “တောမော” လို့ခေါ်တဲ့ ထိုင်းလူဝင်မှုကြီးကြပ်ရေးရုံးမှာ နယ်စပ်ဖြတ်ခွင့်လက်မှတ်
လုပ်ဖို့စောင့်နေတုန်း ၊ ကိုယ်အပါအဝင် လူ ၂-၃၀ လောက်ကိုကျော်ပြီး သူ့လူတစ်စုအတွက်
လက်မှတ်လာလုပ်ပေးသွားတဲ့ လူကယ်ရီ (ပွဲစား) ကရင်မလေးတစ်ယောက်ကို ပြေးပြီး သတိ
ရမိတယ် ။ ဧည့်သည်လည်းပါတာကြောင့် ကျနော်စိတ်ဆိုးခဲ့ဖူးပါတယ် ။ ခုလည်း ကရင်ပဒုမ္မာ
တွေနဲ့ လာထပ်တွေ့နေရပြန်ပါပြီ ။ အင်းလေ ထားတော့ ထားတော့ ၊ ဒါက နောက်ထပ် အရေ
ထူအောင်ပေးလာတဲ့ သင်္ခန်းစာတစ်ရပ်ပေါ့ဗျာ ။

     ဒီလိုနဲ့ ရုံးကနေ အိမ်ပြန်ရောက်တော့ နောက်ထပ်ကိစ္စတစ်ခုက ကြိုနေပါတယ် ။
     အိမ်ရှေ့အိမ်က ကရင်မိသားတစ်စုအတွက် ကလေးတွေကျောင်းအပ်ဖို့/ကျောင်းမှာ စာရေး
ကရိယာတွေ သွားထုတ်ဖို့ ကိစ္စပါ ။ မနက် ၇:၀၀ လူသူ မနိုးတနိုးကတည်းက လာပြီးအကူအညီ
တောင်းထားတာမို့လို့ ခရီးထပ် ဆက်ရပါတယ် ။ ကိုယ့်လူမှုအသိုင်းဝိုင်း ၊ ကိုယ်အိမ်နီးချင်းကို
ကူညီရတာ ကူညီနိုင်ပါတယ် ။ အရင်ကလည်း မည်သူကိုမဆို တတ်နိုင်ရင် ကူညီနေကျပါ ။

     တစ်ခုပဲ စိတ်ထဲကန့်လန့်လာဖြစ်နေတာက ၊ မနေ့က ကျောင်းအပ်ရမယ့်နေ့ စာအုပ်တွေထုတ်
မယ့်နေ့ကို မသိလိုက်ပဲနဲ့ ကျော်သွားတဲ့ကိစ္စပါ ။ သတိနဲ့ စူးစမ်းမှုမရှိတာ ၊ ကြိုတင်ပြင်ဆင်မှုမရှိ
တာရဲ့ ပြယုဂ်လို့ မြင်ပါတယ် ။ ပြီးတော့လည်း .. ဟုတ်ပါတယ် .. ဒါလည်း ကျနော်တို့ ကရင်တွေ
ပါပဲ ။

     ဒီလောက်ပြောရင် ကိုယ့်လူမှုအသိုင်းအဝိုင်းအပေါ် အားမလိုအားမရ ဖြစ်နေတာတွေကို ပေါ်
လွင်အောင် ရေးပြနိုင်လောက်ပြီလို့ ထင်ပါတယ် ။ ဆက်ပြီး ဘာဦးတည်ပြောချင်သလဲဆိုတာပဲ
လိုပါတော့တယ် ။

     ကျနော်မြင်တာကတော့ မသိတာ ၊ မရှိတာ ၊ ပညာမတတ်တာဟာ အပြစ်မဟုတ်ပါဘူး ။
     ဒါပေမယ့် မသိတာကို ဂရုမထား ၊ သိအောင်မကြိုးစားတာ ၊ ပေါ့ပေါနေပေါ့ပေါ့စား ပျင်းရိပြီး
ရာရာကို လျစ်လျူတာတွေကျတော့ ပြဿနာရှိလာပါပြီ ။ ဒါတွေကို လူမှုရေးလို့ လုံးချလို့ရနိုင်
ပေမယ့် ၊ ဒီအလေ့အကျင့်တွေဟာ အခြားကဏ္ဍတွေကို ကူးစက်သက်ရောက်မှုတွေ ၊ လူမှုအ
သိုင်းဝိုင်းကို ပုံဖေါ်နေတာတွေ ရှိတယ်ဆိုတာကိုလည်း အများစုက လက်ခံနိုင်မယ်လို့ ယူဆပါ
တယ် ။

     ဒါ့ပြင် ကနေ့ ကရင်အသိုင်းအဝိုင်းတွေရဲ့ အနေထားကိုကြည့်ရင် ကိုယ်ဘာလုပ်နေသလဲ ၊
ကိုယ်လုပ်နေတာတွေရဲ့ အကျိုးနဲ့ သက်ရောက်မှုတွေက ဘာလဲ ၊ ကိုယ်ဘယ်နေရာနဲ့ ဘယ်လို
အနေအထားမှာ ရောက်နေသလဲ ၊ ဘာတွေကို ရင်ဆိုင်နေရကြရသလဲ ၊ ဘယ်လိုကျော်လွှား
ကြရမလဲ ၊ ဘာတွေဟာ ဘာတွေကြောင့် ခက်ခဲ လုပ်လို့မရနိုင်ပဲ ရှိနေရသလဲ .. လဲ ... လဲ ..
လဲ ..  ဆိုတာဟာ စီတန်းပြလို့ မကုန်နိုင်စရာတွေပါပဲ ။ ကိုယ်တွေရဲ့ အားသာချက်ကိုဆင်ယင် ၊
အားနည်းချက်ကို ပြင် ၊ ပညာရှိ သိနားလည်သူတွေကို ဗဟိုပြုဆည်းကပ်ပြီး အရာရာကို မြှင့်
တင်ကြတာမျိုးတွေလည်း အင်မတန်နည်းနေတာကို ငြင်းလို့ရနိုင်မယ် မထင်ပါ ။

   ဘယ်လိုဖြစ်ဖြစ် ၊ တစ်ခါခါကျ ပြောချင်တာတွေရှိပေမယ့် တကယ်တန်းပြောမယ်ဆိုပြန်တော့
ပြောသင့် မပြောသင့် ဒွိဟဖြစ်ရမြဲပါ ။ စကားပြင်းလွန်းရင် မခံမရပ်နိုင်အောင် နာကြမယ် ၊ ပျော့
ပြန်ရင်လည်း နားထဲမဝင် ၊ နောက်ပြီး အရင်ပို့စ်မှာပြောခဲ့သလို အချို့သော အားနည်းချက်ကို ဖ
နင်းချင်သူတွေအတွက် သူခိုးလမ်းပြဖြစ်မှာက စိုးရသေးတယ်လေ ။

     မပြောမပြီး မတီးမကွဲဆိုသလိုပဲ သေးသေးလေးတော့ ပြောဖြစ်အောင် ပြောလိုက်ပါဦးမယ် ။
ဥပမာအနေနဲ့ အချို့အရမ်းတက်ကွသူအချို့ရဲ့ နိုင်တာ မနိုင်တာအပထား ၊ ကိုယ့်အာသာပြေ
အောင် ဘက်မတူသူတွေကို စကားနဲ့ စာနဲ့ ချိုးနှိမ်တိုက်ခိုက် ပြောဆိုနေတာတွေပါ ။ ဒီလိုလုပ်
ရင် ကိုယ်နိုင်လာမလား ၊ ဒါမှမဟုတ်  အမြင်ကပ်လို့ ပိုပြီး ဖိထောင်းတာတို့ ဒုက္ခပေးတာတို့ ဖြစ်
လာနိုင်မလား ဆိုတာမျိုးကို ကိုယ့်ဘာသာ ဝေဖန် ပိုင်းခြားချင့်ချိန်ကြဖို့ လိုကောင်းလိုမယ်ဆိုတာ
ထုံးလေးနည်းနည်းလောက် တို့ပြထားချင်တယ်  ။ (အရင်ကလည်း ပြောခဲ့ပြီးပါပြီ ၊ နားမလည်
ရင်လည်း မတတ်နိုင်ပါ ၊ ဝတ္တရားရှိတယ် ယူဆလို့ပါ) ။

     နောက်တစ်ခု နမူနာပေးရရင်တော့ ၊ ဥပမာ ကျနော်က လူတစ်ယောက်ကို အသံဝဲတာနဲ့ပတ်
သက်လို့ အကြံပေးတယ် ဆိုပါစို့ ။ ပုံမှန်တုံ့ပြန်ချက်ကတော့ ၊ ကျုပ်တို့က ဒီလူမျိုးမို့ အခြားလူမျိုးရဲ့
ဘာသာစကား ပြောတဲ့အခါ အသံဝဲမှာပေါ့လို့ မကြေမချမ်း ပြန်ပြောတတ်ကြပါတယ် ။ ဒါပေမယ့်
ကျနော်က အားနာလို့ ကြားကောင်းအောင်ပြောတာပါ ။ အားမနာပါးမနာ ပြောရရင်တော့ - “ကိုယ်
မကျွမ်းကျင်တဲ့အလုပ်ကို ကိုယ်မလုပ်ပါနဲ့” - လို့ အဓိပ္ပါယ်ထွက်ပါတယ် ။ ထပ်ဆင့်ပြီးတော့လည်း
ကိုယ်ပိုင်တဲ့ဘာသာစကား ကိုယ်ပြော ၊ မကျွမ်းကျင်ရင် စကားပြန် သုံးသင့်သုံး - စသည်ဖြင့် ထပ်
ကွန့်လို့ ရပါတယ် ။ လူရယ်စရာဖြစ်တာထက် မဆုံးရှူံးသင့်တာတွေ မလွဲမှား မဆုံးရှူံးဖို့ အရေးကြီး
ပါတယ် ။ ဘာသာစကားသာမကပဲ အခြားနမူနာတွေလည်း အများကြီး ထပ်ဆင့်ထုတ်လို့ရပေ
မယ့် ဒီလောက်နဲ့ နားထားပါမယ် ။

   ဂိတ်ကုန်ပြောရရင် ကျနော်တို့လို သြစတြေးလျကို ရောက်ရှိနေထိုင်ခွင့်ရသူတွေဟာ ၊ မူရင်း
ဒေသမှာ အခြေအနေမကောင်းလို့ ရှောင်ပြေးကြရသူတွေပါ ။ အကယ်၍များသာ ၊ ပေါ့ပေါ့နေ
ပေါ့ပေါ့စားရင်း ၊လုပ်ပုံကိုင်ပုံ နေထိုင်ပုံတွေကြောင့် သို့မဟုတ် ကံအကျိုးတစ်ခုခုကြောင့် ဒီဒေသ
မှာပါ နေလို့မရလောက်အောင် ဖြစ်လာခဲ့ရင်တော့ ထပ်ပြီးရှောင်ပြေးစရာဆိုလို့ အန္တာတိကတိုက်
(Antarctica) ရေခဲပြင်ပဲ ကျန်ပါတော့တယ် ။ ဒိထက်လည်း နမူနာ မပေးချင်တော့ပါဘူး ။ [အ
နောက်ဒေသ ရောက်နေသူတွေမှာ အာတိတ် (Arctic) နဲ့ အရှေ့တောင်အာရှ ရောက်နေသူတွေ
လည်း အလားတူ ရေထဲဆင်းစရာသာ ရှိပါတော့မယ် ။ ]

   အဆုံးသတ် အနေနဲ့ကတော့ - မဆီမဆိုင် မတန်မရာမို့ ၊ သခင်ကိုယ်တော်မှိုင်းပြောခဲ့သလို
"လိမ္မာရစ်ကြပါ" လို့ မပြောချင်ပေမယ့် ၊ “ကရင်” တွေ “မသိ ၊ မမြင် ၊ သတိမထား ၊ မကြိုးစား
ရင် ၊ မကြာမတင်သော်လည်းကောင်း ၊ ရေရှည်မှာသော်လည်းကောင်း ၊ လက်ရှိအနေအထားမှာ
ရရှိထားကြတဲ့ “ခွင်/အခွင့်အရေး ၊ နေရာ” တွေကိုတောင် လက်လွတ်ဆုံးရှူံးသွားကြရနိုင်တယ်
လို့ ဆိုချင်တာပါ ။

     လတ်တလော ကျနော်လုပ်နိုင်တာက အကောင်းဖက်ယိမ်းယိုင်ဖို့ ၊ ဆန္ဒပြု ဆုတောင်းတာ
လောက်ပါပဲ ။ နောက်တစ်ဆင့် တစ်နိုင်တစ်ပိုင် ထောက်ကူလမ်းကြောင်းပေးနိုင်ဖို့ကတော့ မျှော်
မှန်းချက်သာသာ ရှိပါသေးတယ် ။ အသိရှိသူတွေနဲ့ နိုးထလာသူတွေရဲ့ တစ်ယောက်တစ်လက်
ဝိုင်းဝန်း ဝန်းရံကြဖို့ရာလည်း အိပ်မက်အဆင့်မှာပဲ ရှိသေးတာမို့ ... ဆက်ပြီးတော့သာ ဆန္ဒပြု
ဆုတာင်းနေရဦးမယ်လို့ ယူဆရပါတယ်ဗျာ ။


မန်းကိုကို
၀၃ ၊ ၀၂ ၊ ၂၀၁၂

9 comments:

  1. Yes, I totally agree with you. The same situations are happening in
    our Karens in the US.

    ReplyDelete
  2. ကိုမန်းကိုကို-

    ဒီကိစ္စဟာ ကရင်တွေ မမြင်ရင် ခွင်ပြောက်လိမ့်မယ်လို့ ကျနော်တော့ မမြင်ပါ။ ကျနော် ကရင်လူမျိုး အတော်များများနဲ့ သိကျွမ်း ခင်မင်ဖူးပါတယ်။ ယုတ်စွဆုံး ကရင်မလေး ၂ ယောက် ၃ ယောက်လောက်နဲ့တောင် ချစ်သူတွေ ဖြစ်ဖူးပါသေးတယ်။ အဲဒီလို ကျနော်သိတွေ့ ခဲ့ဖူးတဲ့ ကရင်လူမျိုးများမှာ ထူးခြားချက်က အလွန်ရိုးသားကြတာပါဘဲ။ ဘယ်လောက်ဘဲ ခေတ်ဆန် ပညာတတ် သူဖြစ်စေ၊ ဘယ်လို နေရာမျိုးမှာဘဲ အခြေချနေသူတွေ ဖြစ်စေ၊ ကရင်လူမျိုးများမှာ တွေ့ရတဲ့ အဲဒီ ရိုးသား ပွင့်လင်းတဲ့ စိတ်နေသဘောထား ကိုတော့ အတူတူ တွေ့ရပါတယ်။ ကရင်လူမျိုး တစ်ယောက်ဟာ ခွင်ကို ယူစားတတ်တဲ့ လူမျိုး မဟုတ်ဖူး ထင်ပါတယ်။ ခွင် ဆိုတာ လူလည်တွေ အတွက် ဖြစ်လာတာပါ။ ကရင်လူမျိုး တွေ အနေနဲ့ကတော့ ရိုးရိုးသားသား နဲ့ ပွင့်ပွင့်လင်းလင်း ကြိုးစားရတာကိုဘဲ ရသလို နေရတာ နှစ်သက်တတ်ကြတယ် ထင်ပါတယ်။ ကျနော်ဟာ ကရင်လူမျိုး မဟုတ်တော့ ကျနော် မြင်တာကို ပြောတာပေါ့လေ။ အခု အပေါ်မှာ ရေးပြတဲ့ အားမနာတတ်၊ မသိတတ်တဲ့ သူမျိုးဆိုတာကတော့ ထူးဆန်းတယ်၊ ဒီလို လူမျိုး ကရင်လူမျိုးတွေမှာ ကျနော် တစ်ခါမှ မတွေ့ဖူးပါဖူး၊ ဒါဟာ သူတို့ မသိနားမလည်လို့ ဖြစ်လိမ့်မယ် ထင်ပါတယ်။ ကိုမန်းကိုကို ကို တန်းစီနေတဲ့ လူလို့ မသိလို့လဲ ဖြစ်ချင်ဖြစ်မှာပေါ့။ ဘာဘဲ ဖြစ်ဖြစ်ပါ၊ ကျနော့်အနေနဲ့ကတော့ ရိုးသားတဲ့ ပွင့်လင်းတဲ့ ပုံစံနဲ့ ချစ်စရာကောင်းတဲ့ ကရင်လူမျိုးတွေဟာ ခွင်မြင်ပြီး ခွင်စားတတ်တဲ့ ပုံစံ ဖြစ်လာမယ်ဆိုရင်တော့ အယုတ်ဆိုး အကျဉ်းတန်လာလိမ့်မယ်လို့သာ မြင်မိပါတယ်။

    ReplyDelete
    Replies
    1. ဒီလိုပါ ကိုအောင်ရေ ၊

      * ပထမတစ်ချက် ကျနော်က "ကရင်-မမြင်-ခွင်" ဆိုပြီး ကာရန်ညီအောင် ယူထားတဲ့အတွက် "ခွင်"ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ဟာ ကိုအောင်ယူဆတာနဲ့ ကျနော်ရည်ရွယ်တာ နည်းနည်းကွဲသွားတာ ဖြစ်နိုင်ပါတယ် ။

      * ကျနော်က ဘန်းစကား "ခွင်/ဂွင်" ကိုမဟုတ်ပဲ ၊ အလုပ်ခွင်တို့ ကဏ္ဍ(ခွင်)တို့လိုတွေကို ခြုံငုံပြီး ကျယ်ကျယ်ပြန့်ပြန့် ရည်စူးထားတာ ဖြစ်ပါတယ် ။ ဒါ့ပြင် လူမှုရေးကို အခြေပြု ပြောပြတင်ပြထားပေမယ့် ၊ နောက်ဆက်တွဲ နိုင်ငံရေး ၊ စီးပွားရေး ၊ အသိအမြင် အတွေးအခေါ် စသည်ဖြင့်လည်းပဲ သွယ်ဝိုက်ပြောပြချင်တဲ့ သဘောလည်း ပါပါတယ် ။

      * ကိုအောင်ပြောတဲ့ ကရင်တွေဟာ "ရိုးသား ပွင့်လင်းတဲ့ စိတ်နေသဘောထား" တွေရှိကြတာ မှန်ပါတယ် ၊ ကျနော်လည်း လက်ခံပါတယ် ၊ ဒီအချက်ဟာ ကရင်တွေကိုယ်တိုင် ဂုဏ်ယူလေ့ရှိတဲ့ ဂုဏ်ပုဒ်တစ်ခုလည်း ဖြစ်ပါတယ် ။ အဆိုးဖက်ကို မြင်ကြည့်ရင် "ရိုး" တော့ "အ" ၊ "အ" တော့ "တုံး" ၊ "တုံး" ပြီးရင် "န" တာတွေက အပိုဆု(bonus)တွေ အဖြစ် ရလာပါတယ် ။ ဒါတွေကို သတိမပေး မထောက်ပြရင် ဝတ္တရားမကြေဖူးလို့ ခံယူတာကြောင့် စံနမူနာ တစ်ချို့သုံးပြီး တင်ပြလိုက်ရတာပါဗျာ ။

      * နောက်ဆုံး ကိုအောင် မြင်ပြတဲ့ "မသိ နားမလည်လို့" ဆိုတာလည်း တစ်စိတ်တစ်ပိုင်း ပါနိုင်ပါတယ် ။ ဒါပေမယ့် ပါမယ်ဆိုရင်လည်း တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ပါတယ် ။ "ကရင်ပဒုမ္မာ" ဆိုတဲ့စကားဟာ ကရင်တွေထဲက လူချွန် လူလည်တွေအတွက် အရံသင့်ရှိသလို ၊ cultural shock, အတွေ့အကြုံနည်းမှု တွေကစလို့ ၊ ထည့်တွက်စရာတွေ အများကြီးရှိတာကို ကျနော်လည်း များစွာသောအချိန်တွေမှာ နားလည်ပေးပါတယ် ။ ဒါပေမယ့် လက်လွတ်စပယ် လွတ်ထားရင် အကျိုးထက် အဆိုးက များမယ်ယူဆတာကြောင့် ၊ ငါးခုံးမ တစ်ဒါဇင်ကြောင့် တစ်လှေလုံး ငါးပိမဖြစ်အောင် စာတွေနဲ့ တန်သင့်သလောက် ထိန်းထိန်းသိမ်းသိမ်းလေး ပြောသွားရုံလေးပါ ။

      ဘယ်လိုပဲဖြစ်ဖြစ် ပြောပြချင်စရာတွေ ရှိလာတော့လည်း နားထဲသံရည်ပူ လောင်းမိသလိုမျိုး မဖြစ်အောင် ၊ "ကိုယ့်ငါးပိ လောက်တက်တာ" ကိုတောင် "ကုသိုလ်ထူးလို့ ယင်ကောင်တွေကို အလှူပေးရကိန်းကြုံတယ်" ဆိုပြီး ကြားကောင်းအောင် အမျိုးမျိုး ဝေ့လည်ပြောပြရတာမို့ ၊ ကျနော့် စာအသွားအလာကို "ကလေး ထမင်းခွံ့" သလို ကြံဖန်နားလည်ပေးပါလို့သာ တောင်းပန်ချင်ပါတယ်ဗျာ ။

      (ဒီပြန်စာဟာ အပေါ်က "AnonymousFeb 3, 2012 03:29 AM" အတွက်ပါ အတန်သင့် အကျုံးဝင်သွားလောက်မယ်လို့ ယူဆပါတယ်) ။

      Delete
  3. ကြားဘူးတာလေးတခုကတော့ "ရိုးလွန်းတော့ရိုင်း" တဲ့
    ရိုးသားတာက ချစ်စရာကောင်းပါတယ်
    ဒါပေမယ့် အများနဲ့ဆက်ဆံတဲ့နေရာမှာ သူတပါးကို ရည်ရွယ်ချက်နဲ့ဖြစ်ဖြစ် မရည်ရွယ်ဘဲဖြစ်ဖြစ်
    မထိခိုက်စေတာအကောင်းဆုံးပါ

    သူတပါးအတွက်မစဉ်းစားဘဲ
    မိမိကိုယ်ကိုသာ ဗဟိုပြုတတ်တဲ့ အပြုအမူမျိုးရှိကြတာ လူမျိုးမရွေးပါဘဲလေ
    ကိုယ့်ကိုယ်ကို သိဘို့ကအရေးကြီးဆုံးပါဘဲလို့ ကျနော်ကတော့ခံယူပါတယ်

    ReplyDelete
    Replies
    1. အပေါ်က အဖြစ်အပျက် အချို့မှာ Anonymous ပြောတဲ့ "ရိုးလွန်းတော့ရိုင်း" ဆိုတာမျိုး တစ်စိတ်တစ်ပိုင်း ပါနိုင်သလို ၊ "ကိုယ့်ကိုယ်ကို သိဘို့က အရေးကြီးဆုံးပါဘဲ" ဆိုတာကိုလည်း လက်ခံပါတယ် ။

      ဒီနေရာမှာ macro အဆင့် ၊ micro အဆင့်နဲ့ အလွှာလိုက်တွေ အသေးစိတ် ပြောဆိုဆွေးနွေး ကြရင်တော့ အတော်ရှည်မယ် ထင်ပါတယ် ။ တစ်ဖက်မှာလည်း ခေါင်းဆောင် ၊ လူကြီးပိုင်း .. ဘယ်လိုခေါ်ခေါ် သူတို့မှာလည်း တာဝန်တွေ ရှိသင့်သလောက် ရှိကြပါတယ် ။ ပြီးတော့ စာနာစိတ်နဲ့ ကူညီ ထောက်ပံ့ ကျွေးမွေးခဲ့ကြတဲ့ အလှူရှင်တွေကြောင့် ယိုယွင်းသွားခဲ့တဲ့ လူမျိုးတစ်မျိုးရဲ့ 'စိတ်'တစ်ဒေသနဲ့လည်း ဆိုင်မှာပါ ။

      ဒီနေရာမှာ အချို့လည်း သိပြီးဖြစ်မယ့် ပုံတစ်ပုဒ်နဲ့ ဆရာကြီးမောင်စင်ကြယ်ရဲ့ ဝတ္တုတို တစ်ပုဒ်တို့ကို ပြေးသတိရမိတယ် ။

      * လူတစ်ယောက်ဟာ ပိုးအိမ်ထဲက ရုန်းကန်ထွက်ဖို့ ကြိုးစားနေတဲ့ လိပ်ပြာလောင်းလေး တစ်ကောင်ကို စာနာပြီး ပိုးအိမ်ကို ကူညီခွဲခြမ်း ပေးလိုက်ပါသတဲ့ ။ သူ့စေတနာ ကောင်းပေမယ့် အလွယ်တကူ ထွက်လာလို့ရတဲ့ လိပ်ပြာလေးခမျာ ဘယ်တော့မှ မပျံသန်းနိုင်တော့ပဲ ၊ ချိနဲ့စွာနဲ့ တွားသွားနေရတဲ့ ဘဝမျိုးကို ရောက်သွားပါတော့တယ်တဲ့ ။

      * မောင်စင်ကြယ်ရဲ့ ဇာတ်လမ်းလေးကတော့ - ခိုကိုးရာမဲ့သွားတဲ့ ခွေးမကြီးတစ်ကောင် ၊ သားငယ်လေးနှစ်ကောင်နဲ့ နေရာသစ်ကိုရှာ ၊ သားငါးဈေးကိုရောက် ၊ အရင်လို လုယက်စားသောက်စရာ မလိုပဲ ဝဝလင်လင် စားသောက်ရ ၊ ခွေးကလေးနှစ်ကောင် အရိုးအရေတွေ စားနေရရာက တစ်နေ့တော့ အသားတုံးကြီးတစ်တုံး စားခွင့်ကြုံသွား ၊ အသားအရသာ သိပြီးတဲ့နောက် အသားစားရဖို့ပဲ ချောင်းမြောင်းနေ ၊ တစ်နေ့တော့ အသားတုံးခိုးလာကြလို့ သားသတ်သမားက ဒါးထက်ထက်နဲ့လိုက် ၊ အမေဖြစ်သူက စိုးရိမ်လို့ သားတွေပါးစပ်က အသားတုံးကို ဆွဲယူပြီးပြေး .. ၊ ခွေးမကြီးရဲ့ ကံကြမ္မာ ၊ ခွေးကလေး နှစ်ကောင်ရဲ့ ကံကြမ္မာ ဘယ်လိုရှိမလဲ ..

      တိရိစ္ဆာန်တွေနဲ့ နှိုင်းချင်တာတော့ မဟုတ်ပါဘူး ။ ဒါပေမယ့် သင်္ခန်းစာတွေလို့တော့ ထင်မိပါတယ် ။ မှတ်ချက်တွေအတွက်တော့ ကျေးဇူးပါ ။

      Delete
  4. အစ်ကို မှာရေးလို့ မရတာနဲ့ စာချန်သွားတယ်။ သစ်ထူးလွင်မှာ ညီမဘလော့ကို ညွှန်းထားတဲ့ ပို့စ်လင့်ခ် လေးရှိရင် ပေးပါလားဟင်? ညီမရှာကြည့်တာ မတွေ့လို့။

    ReplyDelete
  5. အပေါ်က "မြတ်ကြည် (သနပ်ခါးမေ)" ရဲ့ မှတ်ချက်ကို မျက်စိမလည်အောင် လင့်လေးနှစ်ခု ထည့်ပေးလိုက်ပါတယ် ။ ကျနော် သစ်ထူးလွင်နဲ့ သူ့ဆီမှာပေးခဲ့တဲ့ မှတ်ချက်တွေကြောင့်ပါ ။

    http://www.thithtoolwin.com/2012/02/blog-post_8712.html
    http://www.thanakharmay.com/2012/01/blog-post_28.html

    မြန်မာပြည်မှာ လူမျိုး ၊ ဘာသာ ၊ ဒေသ ၊ အဖွဲ့အစည်း အပေါ်အခြေခံပြီး ခွဲခြားဆက်ဆံတာတွေ နက်နက်ရှိုင်းရှိုင်း ရှိနေပါတယ် ။ ဒါကို ဝါဒဖြန့်တာတွေလောက်ဖတ်ပြီး ငြင်းချင်တဲ့လူငယ်တွေ ၊ ပြဿနာ အစွန်းအစတစ်ခု ဖြစ်မလာစေချင်လို့ ဟန့်တားချင်သူတွေ ၊ သိသိကြီးနဲ့ မျက်နှာလွဲခဲပစ် လုပ်သူတွေ ၊ သိပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ရူးချင်ယောင်ဆောင်နေသူတွေ ဆိုပြီး ခွဲလို့ရပါလိမ့်မယ် ။ ပိုရင်သာ ပိုပါမယ် ၊ မလျော့ပါ ။

    အက်ကြောင်းထဲကို သပ်ရိုက်ထည့်ဖို့ ကျနော် မရည်ရွယ်ပါဘူး ။
    ဒါပေမယ့် အနာသိမှ ဆေးရှိပါမယ် ၊ ချပြသင့်တာကို ချပြကြမှ ဝိုင်းဝန်းအဖြေရှာလို့ ရကောင်းရပါမယ် ။ သေချာတာကတော့ မြန်မာ့လူမှုအသိုင်းအဝိုင်း တစ်ခုလုံးမဟုတ်ရင်တောင် ၊ အတော် ကျယ်ကျယ်ပြန့်ပြန့် စွဲဝင်နေတဲ့ ကိစ္စမို့ ၊ အခြေခံအကျဆုံး အောက်ခြေကနေ အဖြေရှာရမှာ ဖြစ်ပါတယ် ။

    ReplyDelete
  6. ကရင်လူမျိုးမှမဟူတ်ပါဘူး လူတိုင်းတခါတလေဖြစ်တတ်ပါတ်ယ်အစ်ကို နားလည်ပေးပါ

    ReplyDelete
    Replies
    1. နေရာအများကြီးမှာ နားလည်ပေးပြီးသားပါ ။

      တစ်ယောက်လွဲတာ ကိစ္စမရှိပါ ၊
      နှစ်ယောက်လွဲလဲ သိပ်ပြဿနာ မရှိသေးပါဘူး ၊
      ၄-၅-၁၀ ယောက်ကနေ ပျားအုံလို လက်ညှိုးထိုးပြစရာ အုံလိုက်ကျင်းလိုက် ရှိလာရင်တော့ ပြောသင့်ပြောထိုက်တာ ဝတ္တရားရှိသူ တစ်ယောက်အနေနဲ့ နှုတ်ပိတ်ပြီး မနေသင့်ဘူးလို့ ယူဆမိလို့ပါ ။

      ဒီမှာ သိသာတာက ကရင်တွေလုပ်တဲ့ ပွဲတစ်ခုကို သွားပြီး အခြားလူတွေရဲ့ ပွဲတစ်ပွဲကို သွားလိုက်ရင် မတူတာတွေ ရှိနေပါတယ် ။ နေရာတိုင်း လိုက်ပြောနေရင် ပစိပစပ် အရမ်းများသူသာ ဖြစ်သွားနိုင်တာမို့ တစ်ခါတစ်ရံမှသာ အနည်းကျဉ်းလောက် ရေးပြတာပါ ။

      Delete