ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Thursday, February 2, 2012

အားမလျော့လိုက်ပါနဲ့ဦး ~ မန်းကြိုင်ထွန်းအတွက်


     လွန်ခဲ့တဲ့ရက်ပိုင်းက facebook မှာ မိတ်ဆွေကြီး မန်းကြိုင်ထွန်းတစ်ယောက်က ဟောဒီလို ရေး
လာခဲ့ပါတယ် ။

     “ဖေ့ဘွတ်ပေါ်ကသူငယ်ချင်းတို့၊ ကျနော်နုတ်လေးတွေကိုဖတ်ရင်း အားပေးကြတာကိုကြည့်ပြီး
     ပီတိဖြစ်၊ ဝမ်းလည်သာ၊ မျက်ရည်လည်းကျ၊ ကျေးဇူးလည်းအထူး တင်ပါတယ်။  ကျနော်ရေးတဲ့
     ဘဝတိုက်ပွဲဆောင်းပါးကို မကြာခင်​ နိဂုံးချုပ်ရေးရပါတော့မယ်၊ စောင့်မျော်အားပေးကြပါလို့ ၊
     ဘာဖြစ်လို့လဲဆိုတော့ ကျနော်အလုပ်ဆက်မလုပ်နိုင်တော့ဘူး၊ ဆရာဝန်ဆေးလက်မှတ်နဲ့ နား
     နေပါတယ်၊ လျော်ကြေးအနေနဲ့ ကုမ္မဏီက တလတထောင်ပေးတယ်၊ စစ်တိုက်ခဲ့တုန်းကလည်း
     မသေခဲ့ ၊ ထောင်ထဲ (၁၆) နှစ်နေခဲ့လည်း မသေ၊ အမေရိကန်ရောက်မှပဲ၊ အလုပ်က ချော်ကလဲ့
     မုန့် ထုတ်လုပ်တဲ့ စက်ရုံပါ၊ ကျနော်ကမုန့် ဖျော်ဆရာလေ၊ တနေ့ ကို ပေါင်(၅၀) ရှိတဲ့ ချော်ကလဲ့
     မုန့်အိတ်ပေါင်း(၁၀၀)၊ ဒီလက်နှစ်​ဖက်နဲ့ ကုန်းမပြီး စက်ထဲထည့် ဖျော်ရတာ၊ခုချိန်ထိဆို(၂)နှစ်
     တိတိ၊ ညာဖက်လက်တဖက် အကြောနာသွားတာ၊ ဆရာဝန်ကုလို့ မပျောက်တော့ဘူး၊ ဆရာဝန်
     က ဆေးနားပေးလိုက်ပါပြီး၊ ကျနော်..မန်းကြိုင်ထွန်း၊ ဘဝတိုက်ပွဲမှာ ကျဆုံးသွားပါပြီး၊”

     သူ့စာကြောင့် ပထမဦးဆုံး ကွန်မန့်တစ်ခုပေးခဲ့ပါတယ် ။
     တစ်ဆက်ထဲမှာပဲ သူနဲ့အတူ သူ့လိုပဲ စိတ်ဓါတ်ကျသူအချို့ကို ရခဲ့တဲ့ အတွေ့အကြုံအချို့ကိုအမှီ
ပြုပြီး ၊ အားပေးစာတစ်စောင်လောက်ရေးဖို့ စိတ်ကူးဝင်ခဲ့ပါတယ် ။ ဒီစာဟာ လူတိုင်းအတွက် ခွန်အား
ရဖို့ မဖြစ်နိုင်ပေမယ့် ၊ တစ်ယောက်ယောက်သောသူအတွက် ထောက်ပင့်ပေးနိုင်မယ်ဆိုရင်တော့ ဝမ်း
သာမိမှာပါ ။

     *                    *                    *                    *                    *                    *

     အခက်အခဲ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါ လူ့သဘာဝအတိုင်း အားလျော့မိတတ်ကြ
ပါတယ် ။

     ဒါ သဘာဝပါ ၊ အပြစ်မဟုတ်ပါဘူး ။
     ဒါပေမယ့် တစ်ခါတစ်ရံမှာလည်း ရင်ဆိုင်နေရတာတွေကနေ သက်သာအောင် သို့မဟုတ် လုံးဝ
ပြေလည်သွားအောင် ဖြေရှင်းလို့ရတာတွေလည်း ရှိတတ်ပါတယ် ။ ခက်ခဲနေတာ ၊ ပိတ်ဆို့နေတာ
ဟာ အဖြေရှိမှန်း မသိတာနဲ့ ၊ ဘယ်မှာရှာရမှန်း မသိတာကြောင့် ပြေလည်သင့်ရဲ့သားနဲ့ မပြေမလည်
ရှိနေတာမျိုးတွေ ဖြစ်နေတတ်ပါတယ် ။ ကျနော်ဟာ အခက်ခဲတိုင်းကို အဖြေရှာ ဖြေရှင်းပေးနိုင်သူ
တစ်ယောက် မဟုတ်ပါဘူး ။ ဒါပေမယ့် စိတ်ဓါတ်ကျသူတွေ အနေနဲ့ အပေါ်ကပြောခဲ့သလို ဖြေရှင်း
စရာနည်းလမ်းတွေ ရှိတတ်တယ်ဆိုတာကို ရှိတဲ့အတွေ့အကြုံတစ်ချို့နဲ့ ချိန်ထိုးပြရင်း နည်းလမ်း
ရှာဖို့ တိုက်တွန်းချင်တာပါ ။ ကိုယ်တိုင်ကော ၊ မိတ်ဆွေတွေပါ ဝိုင်းဝန်းကူညီရှာဖွေဖို့ မတတ်နိုင်တဲ့
အခါကျမှသာ ကိုယ့်ဘဝကို ဘုရားတရား လက်ထဲအပ်တာက သဘာဝကျတယ်လို့ ယူဆပါတယ် ။

  ကျနော်အဓိက ဦးတည်တဲ့ ဘားအံသား မန်းကြိုင်ထွန်းရဲ့ ဖေ့ဘွတ်အဆိုအရ သူ့လက်အကြော နာ
သွားတယ်လို့  ဆိုပါတယ် ။ ဒီတော့ အကြောနဲ့ပတ်သက်တာတွေ အရင်ပြောကြည့်ပါမယ် ။

    လက်ရှိကို မဒမ်မန်းကိုကိုအနေနဲ့ အကြောဆိုင်ရာ ခံစားရတာတွေ ရှိပါတယ် ။ လက်ကောက်
ဝတ်မှာ ဖြစ်တာကြောင့် ပထမအဆင့် ultra-sound သုံးပြီး လိုအပ်တဲ့နေရာ အတိအကျရောက်
အောင် ဆေးထိုးလို့ ရပါတယ် ။ အဲဒီကမှ မသက်သာရင် နောက်တစ်ဆင့်အနေနဲ့ အကြောတွေ
ကို ဖိနေတဲ့ အရွတ်ပြားကို ဖြတ်တောက်ဖွင့်ပေးလို့ ရတယ်လို့ သိရပါတယ် ။

     ဒါများ ဘာထူးလို့လဲလို့ မေးစရာ ဖြစ်လာနိုင်ပါတယ် ။ အခြားသူတွေအတွက် ထူးချင်မှထူးမှာ
ဖြစ်ပေမယ့် ကျနော့်အတွက်တော့ ထူးပါတယ် ။ အဲဒါတွေကတော့ အစိုးရစားရိတ်နဲ့ အခမဲ့လုပ်လို့
ရတာရယ် ၊ ခေတ်မီကရိယာနဲ့ အန္တရယ်အနည်းဆုံးနည်းလမ်းတွေကို အသုံးပြုခွင့်ရတာတွေပါပဲ ။
အနာသိ ၊ ဆေးလည်းရှိ ၊ ပြည့်စုံတဲ့ကရိယာနဲ့ဆေးလည်းရဖို့ အခွင့်အရေးတွေ တစ်ခုစီဟာ အရေး
ကြီးတဲ့ အစိတ်အပိုင်းတွေချည်းပါ ။ အားလုံးလာပြီး ပေါင်းဆုံခွင့်ရတာကြောင့် ထူးတယ်လို့ ဆိုတာ
ပါ ။

     အနာသိဖို့နဲ့ ပတ်သက်လို့ ကျနော် ဘားအံကောလိပ်မှာတက်စဉ် တစ်တန်းထဲက အမျိုးသမီး
တစ်ယောက်ဟာ ပါးချိတ်ကြီးယောင်လာပါတယ် ။ လနဲ့ချီပြီး ယောင်နေခဲ့ရာမှာ ဆေးမီးတို ဆန်
ဆေးရည်လိမ်းတာ အပါအဝင် ဆရာဝန် ဗိနောတွေစုံပေမယ့် မပျောက်နိုင်ပဲ ဖြစ်နေပါတယ် ။
ကျောင်းပိတ်လို့ ရန်ကုန်က အမျိုးတွေဆီမှာ သွားနေရင်း အထူးကူတွေနဲ့တွေ့မှ အကြောအထူး
ကုကနေ လေ့ကျင့်ခန်းအချို့လုပ်ခိုင်းလိုက်ရုံနဲ့ အဆင်ပြေသွားခဲ့ပါတယ် ။ ဒီအပိုင်းကို ဥာဏ်/
ပညာအပိုင်းလို့ ထားလိုက်ရအောင် ။

     နောက်တစ်ပိုင်းကတော့ ဝိရိယပိုင်းဆိုပါစို့ ။ အနီးဆုံး မဒမ်မန်းကိုကို ကိုပဲ ထပ်ပြီးဥပမာပေးလို့
ရနိုင်ပါတယ် ။ လွန်ခဲ့တဲ့ ၁၅-၆ နှစ် လောက်က မလေးရှားမှာ ဆိုင်ကယ်မောင်းသင်ပေးစဉ်က ခြုံ
တောထဲတိုးဝင်ခဲ့တာမို့ လက်လျှော့ခဲ့ပေမယ့် အခုသြစတြေးလျရောက်လို့ သက်လတ်ပိုင်းရောက်
မှ အချိန်ယူပြီးကားမောင်း သင်ခဲ့ရာမှာ ခုတော့ ကားစမောင်းနေပါပြီ ။

     နောက်တစ်ယောက်ကတော့ ဖေ့ဘွတ်မှတ်ချက်မှာထည့်ရေးထားခဲ့တဲ့ ကျနော့်အဖေပါပဲ ။ အ
ရင်က စက်ဘီးလောက်ပဲ စီးတတ်ခဲ့သူဖြစ်ပြီး အသက် ၇၀ နားနီးမှ ကားမောင်းစသင်ခဲ့ရာမှာ အ
ချိန် ၂-၃ နှစ်လောက် ယူခဲ့ရပါတယ် ။ ခုတော့ လိုင်စင်ရခဲ့တာ တစ်နှစ်ကျော်လောက် ရှိခဲ့ပါပြီ ။
ရေးတော့ စာနှစ်ကြောင်းလောက်နဲ့ ပြီးပေမယ့် ၊ ကြာခဲ့တဲ့အချိန် ၊ ကုန်ခဲ့တဲ့ ငွေကြေး ၊ အမောင်း
စာမေးပွဲ အကြိမ်ကြိမ်ကျတာတွေကို ကျော်ဖြတ်ခဲ့ရတဲ့ခရီးတွေဟာ (မလျှော့တဲ့ဇွဲနဲ့) ဝိရိယ မပြတ်
ခဲ့လို့သာ လွန်မြောက်နိုင်ခဲ့တာပါ ။

     ဒါ့ပြင် မှတ်မှတ်ရရ သတိထားမိခဲ့သူတစ်ယောက်ကို ပြောပြချင်ပါသေးတယ် ။
     ရောနှောကိုယ်ခံပညာပြိုင်ပွဲတွေမှာ နာမည်ရခဲ့တဲ့ ခရိုအေးရှားက Cro Cop ဆိုသူရဲ့ အင်တာဗျူး
တစ်ခုမှာ သတိပြုခဲ့မိတဲ့ ဖြစ်ရပ်တစ်ခုပါ ။ Cro Cop ဟာ သူရှူံးခဲ့တဲ့ ပြိုင်ဘက်တစ်ယောက်ဖြစ်တဲ့
ဘရာဇီးက Minotauro Rodrigo Nogueira ကို သတင်းထောက်ကနေ ချိုးနှိမ်ပြောခဲ့တာကြောင့်
ဒါကို မခံနိုင်ပဲ သူရှူံးခဲ့တဲ့သူဟာ ထိုက်တန်တဲ့ ချန်ပီယံတစ်ယောက်ဖြစ်တယ်ဆိုတာ အချက်အလက်
နဲ့ ပြန်ပြောခဲ့ပါတယ် ။

     ဒီနေရာမှာ သိလာရတာကတော့ Minotauro Rodrigo Nogueira ဟာ အသက် ၁၀ နှစ်အရွယ်
မှာ ကုန်တင်ကားတစ်စီးရဲ့ တက်ကြိတ်သွားတာကို ခံခဲ့ရသူတစ်ဦးပါ ။ နံရိုးတွေကျိုးသွားခဲ့ပြီး တစ်
ချောင်းဆုံးရှူံးခဲ့ပါတယ် ။ အသည်းတစ်ပိုင်းလည်း စွန့်လွတ်ခဲ့ရပြီး ၄ ရက်တိုင်တိုင် သတိမေ့နေခဲ့ပါ
တယ် ။ ဆေးရုံ ၁၁ လ တက်ခဲ့ရပြီး သူ့ဘဝမှာ လမ်းပြန်လျှောက်နိုင်ဖို့ မလွယ်တော့ဘူးလို့ ဆရာ
ဝန်တွေက မှတ်ချက်ချတာကို ခံခဲ့ရသူ ဖြစ်ပါတယ် ။

     ဒါပေမယ့် အသက် ၂၀ ကျော်ပိုင်းမှာတော့ ကြမ်းတမ်းပြီး ထုပေဒဏ်ပေခံနိုင်တဲ့ ကမ္ဘာ့အဆင့်
ရောနှောကိုယ်ခံပညာပြိုင်ပွဲတွေထဲမှာ အပြိုင်အဆိုင် အနိုင်ကြဲနေသူတစ်ယောက် ဖြစ်နေခဲ့ပါပြီ ။
သူဟာ ကမ္ဘာ့အဆင့် ရောနှောကိုယ်ခံပညာပြိုင်ပွဲနှစ်ခုက ခါးပတ်တွေကို တစ်ချိန်ထဲမှာ ရယူပိုင
ဆိုင်ထားနိုင်ခဲ့တဲ့ လက်တစ်ဆုပ်စာ လူတွေထဲက တစ်ယောက်အဖြစ် တက်လှမ်းနိုင်ခဲ့သူဖြစ်တယ်
ဆိုတာ သိရတာကြောင့် ၊ သူ့ကို ရှူံးနိမ့်ခဲ့တဲ့သူတစ်ယောက်ရဲ့ လေးစားမှုကို တန်တန်ရာရာ ခံယူ
ရတဲ့လူတစ်ယောက်ဆိုတာ နားလည်မိတယ် ။ ပြိုင်စံရှားတဲ့ ဇွဲနဲ့ ဝိရိယအကျိုးဆိုတာ သံသယဖြစ်
စရာ မရှိပါဘူး ။

     နောက်ဆုံးတစ်ခုကတော့ `ကံ`ပေါ့ဗျာ ။
     ကံဟာ နှစ်ဖက်သွား ဒါးလိုပါပဲ ။ ကောင်းကျိုးရော ဆိုးကျိုးပါ ပေးနိုင်သလို ၊ ခံယူထိန်းကြောင်း
အသုံးချမှု အပေါ်မူတည်ပြီး အကောင်းဖက်ကို ဆွဲယူလို့ရနိုင်တဲ့အခါတွေလည်း ရှိပါတယ် ။ “ကံ”
ဆိုတာ “အလုပ်”လို့ အဓိပ္ပါယ်ရပေမယ့်လည်း သူအလုပ် ၊ ကိုယ့်အလုပ် ၊ လူတိုင်းရဲ့အလုပ်တွေနဲ့
အကျိုးဆက်လှိုင်းတွေ ပေါင်းဆုံ ဖြတ်သန်း ယှက်နွယ် သက်ရောက်တဲ့အခါမှာတော့ မျှော်မှန်းလို့
မရနိုင်တာတွေ ကြုံလာရစမြဲပါ ။ ထိန်းချုပ်လို့ မရပေမယ့် ၊ ဥာဏ်နဲ့ယှဉ်ပြီး ပြင်ဆင်လမ်းကြောင်း
တာတွေကို လုပ်လို့ရတာကြောင့် ၊ ရလာတဲ့ အခွင့်အလမ်းတွေကို လက်မလွတ်ဖို့ ၊ ရှာဖွေတတ်ဖို့
တော့ အရေးကြီးပါတယ် ။

     လွန်ခဲ့တဲ့ (၁၀) နှစ်ကျော်လောက်က ဘယ်လိုမှ မျှော်လင့်မထားမိတဲ့ အနီးကပ်လူတစ်ယောက်
ကနေ သူ့အကျိုးစီးပွားအတွက် ကျနော့်ကို ရောင်းကုန်တစ်ခုလို ထိုးကျွေးတာ ခံခဲ့ရပါတယ် ။ ရလဒ်
အနေနဲ့ ကျနော်ဟာ စစ်ထောက်လှမ်းရေးလက်ထဲ ရောက်သွားခဲ့ရပါတယ် ။ အတိုချုပ်ပြောရရင်
တော့ ကံဆိုးတယ် ဆိုကြပါစို့ ။ ဒါပေမယ့် နောက်ထပ် ၆-၇ နှစ်ကြာတော့ ဆန့်ကျင်ဘက်အကျိုး
အနေနဲ့ တတိယနိုင်ငံထွက်ဖို့ အထောက်အကူအဖြစ် အသုံးပြုလို့ရခဲ့ပြန်တာကြောင့် ကိစ္စတစ်ခု
တည်းဖြစ်ပေမယ့် အပေါ်ကပြောခဲ့သလို နှစ်ဖက်နှစ်လမ်း သက်ရောက်မှုတွေ ရှိခဲ့ပါတယ် ။ ဥာဏ်
နဲ့ယှဉ်တဲ့ အသုံးပြုနိုင်မှုကလည်း ဆက်စပ်နေတယ်လို့ ပြောလို့ရပါတယ် ။

  စာရင်းချုပ်ရရင် ကံ ၊ ဥာဏ် ၊ ဝိရိယတွေ စုစည်းပေါင်းဆုံလာနိုင်ဖို့ရာ ကိုယ့်ဖက်က ရွေးချယ်မယ် ၊
ကြိုးကိုင်လမ်းကြောင်းပေးနိုင်မယ်ဆိုရင် ကိုမန်းကြိုင်ထွန်းအပါအဝင် ကျနော်တို့တတွေအားလုံးဟာ
ကံကြမ္မာ မျက်နှာသာပေးတာကို ခံရဖို့ များပါတယ် ။

  ကိုမန်းကြိုင်ထွန်းပြောတဲ့ “ဘဝတိုက်ပွဲမှာ ကျဆုံးသွားပါပြီ” ဆိုတာဟာ ကျနော်ပြောခဲ့တဲ့ “ဘဝ
တစ်ဆစ်ချိုး” လည်း ဖြစ်နိုင်ကြောင်းပါဗျာ ။ ကျန်တာကိုတော့ ဘုရားလက်ထဲအပ်အပ် ၊ သမား
လက်ထဲအပ်အပ်ပါ ၊ အားမလျှော့ပါနဲ့ ၊ အောင်မြင်မှုဟာ ရှေ့တစ်ကွေ့လေးမှာတင် စောင့်နေ
ကောင်း စောင့်နေနိုင်ပါတယ် ။ အောင်မြင်ပါစေ ။


မန်းကိုကို
၀၂ ၊ ၀၂ ၊ ၂၀၁၂

No comments:

Post a Comment