ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Tuesday, October 4, 2011

တစ်ကိုယ်တော်ဓါးသမား ၊ ခြေလျင်စစ်သားနဲ့ လက်ခုတ်တီးသူများ


** အာဏာရှင်စံနစ်လား။ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစံနစ်လား **

  အခုတလော ကျနော်စိတ်ထဲမကောင်းဘူးဗျာ။
  (အမှန်ကစိတ်ဆိုးရမှာ။ စိတ်မဆိုးချင်လို့။)

  အဲဒီအတွက် စိတ်ပျက်လာတယ်။ ဒါလည်း စိတ်ညစ်တာကို အကျင့်မလုပ်တော့တဲ့အခါ မညစ်
ပတ်တောဘဲ တခါတည်းကို ပျက်စီးသွားတော့တာ။ ပျက်တဲ့စိတ်တွေများလာရင် စိတ်ကုန်သွား
တော့မယ်။ ကျနော်စိတ်မကုန်ချင်သေးဘူး။ ဒါကြောင့် ဒီစာကိုရေးတာပါ။




  ကျနော့်စာကို ဖတ်တဲ့မိတ်ဆွေများနဲ့ အုပ်ချုပ်သူ အာဏာပိုင်များခင်ဗျား။
  ကျနော်လူပင်ပန်း၊ စိတ်ပင်ပန်းခံပြီး ရေးထားတဲ့ဒီစာကို အားနာပါးနာဘဲဖြစ်ဖြစ် သေသေချာ
ချာဖတ်ဘို့ တောင်းပန်ပါတယ်ခင်ဗျား။

  ၂၀၁၀ ရွေးကောက်ပွဲအပြီး ကျနော်တို့နိုင်ငံဟာ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစံနစ်ကို ဦး
တည်မယ်အထင်နဲ့ ကျနော်က တစ်သီးပုဂ္ဂလကိုယ်စားလှယ်ဆိုပြီး လွတ်လပ်၍ တရားမျှတ
သော ရွေးကောက်ပွဲကို ၀င်ခဲ့တာ။ အခွင့်ထူးခံ လူတန်းစားတွေကို ပြည်သူ့ဆန္ဒနဲ့အညီ ရွေး
ကောက်ခံရတဲ့ ကိုယ်စားလှယ်တွေက ပြည်သူ့ကိုယ်စား ဖယ်ရှားပေးမယ်ထင်လို့ ရွေးကောက်
ပွဲရလဒ်ဟာ ဘယ်လိုဘဲဖြစ်ဖြစ် လက်ခံပေးတာ။

  ရွေးကောက်ပွဲအပြီးမှာ လာဘ်စားမှုတွေ၊ ဆင်းရဲနွမ်းပါးမှုတွေ ဘယ်လိုဘဲရှိရှိ၊ အာဏာရှင်
စံနစ်ကိုတော့ ဦးတည်မှာ မဟုတ်တော့ဘူးဆိုရင်ဘဲ တော်ပြီလို့သဘောထားခဲ့တာ။

  ရွေးကောက်ပွဲမတိုင်ခင်အချိန် ဒလမြို့ နယ်မှာတရားဟောစဉ်က အာဏာရှင်စံနစ်ကို ကျ
နော်က တတ်လောက်မှတ်သလောက်နဲ့  ပြောခဲ့ဘူးတယ်။

(၁)ဥပဒေပြုရေး
(၂)အုပ်ချုပ်ရေး
(၃)တရားစီရင်ရေး - ဆိုတဲ့ အာဏာ(၃)ရပ်ဟာ အပြန်အလှန်ထိန်းကျောင်းရမယ်။

  မထိန်းကျောင်းနိုင်အောင် (သို့ ) သီးခြားဆောင်ရွက်ခွင့် မရှိအောင်ချုပ်ကိုင်ရင် အာဏာရှင်
စံနစ် အစပျိုးလာပြီ။ ခေါင်းထောင်လာပြီလို့ ပြောခဲ့တယ်။ ချုပ်ကိုင်လေ့ရှိတာကလည်း အုပ်
ချုပ်ရေး အာဏာပိုင်တွေကဘဲ လုပ်လေ့၇ှိတယ်လို့လည်း ပြောခဲ့တယ်။

  အဲဒါမှားလား။ မှားမယ်မထင်ဘူး။ မှားရင် အဲဒီအချိန်ကတည်းက ကျနော့်ကိုအရေးယူ
ရမှာ။

  ကဲ၊ ကျနော်တို့ရဲ့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံကလည်း အာဏာရှင်စံနစ်ဆီ
ကိုများ ဦးတည်ချင်နေသလားလို့။ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပုဒ်မ၃၅၄၊ (က) နဲ့ (ခ) မှာပြ
ဌာန်းထားတဲ့အတိုင်း နိုင်ငံရေးအကျဉ်းသားတွေအတွက် ရည်ရွယ်ပြီး ၀င်းချို၊ နေမျိုးဝေ၊
စိုးကြည်၊ မင်းအောင် ကျနော်တို့ (၄) ယောက် ဆန္ဒပြချင်တယ်။ စည်းကမ်းပြည့်ဝသော
ဒီမိုကရေစီစံနစ်ကို ဦးတည်တယ်ပြောထားတာကိုး။

  “စည်းကမ်းမရှိဘူး”၊ “မင်းတို့ နဲ့ မတန်ဘူး ဆိုတာမျိုး မဖြစ်ဘို့အတွက် ဘယ်လိုပြရ
မလဲ။   လမ်းညွှန်ပေးပါလို့ တောင်းဆိုတယ်။ မရဘူး။ မရရင် ကျနော်တို့ကလည်း မပြဘူး။

  ကျနော်တို့သိချင်တာက ဖွဲ့စည်းပုံအခြေခံဥပဒေ တကယ်အာဏာသက်ရောက်ပြီလား
သိချင်တာ။
  မသက်ရောက်သေးဘူး။ ဒါဆိုရင် ဘယ်လောက်အချိန်ယူမလဲ။ တိကျတဲ့ အချိန်သတ်
မှတ်ချက်တော့ ရှိသင့် တာပေါ့ ။ အစိုးရတရပ် ပီပီပြင်ပြင်ရှိပြီဘဲ။ အဲဒါက (၂၀၁၁) ဇွန်လ
(၅) ရက်နေ့က။ (ပြည့်ပြည့်စုံစုံသိချင်ရင် အဲဒီအချိန်က သတင်းတွေမှာ ပြန်ရှာကြည့်ကြ
ပါဗျာ။)

  မနေ့တနေ့က online ပေါ်မှာ သတင်းတက်လာတယ်။
  ဧရာဝတီအတွက် တရုတ်နိုင်ငံသံရုံးရှေ့မှာ ဆန္ဒပြမယ်တဲ့။
  ကျနော်စီစဉ်တဲ့ ကိစ္စမဟုတ်ပေမဲ့ ဦးတည်ချက်ချင်းတူတယ်။ အားပေးမယ်ဆိုပြီး သွား
ပါတယ်။ လားလား မနည်းပါလား။ ဆန္ဒပြမဲ့သူတွေ မဟုတ်ဘူး။ လုံခြုံရေးတွေ။

  သံရုံးရှေ့နား ကျနော်ငှားလာတဲ့ တက္ကစီရပ်လိုက်တာနဲ့ ဝေါကနဲလုံခြုံရေးကားရောက်
လာတယ်။ ထားပါလေ။ သူက သူ့အလုပ်သူလုပ်တာဘဲ။ ကိုယ်လည်း ကိုယ့်အလုပ်ကိုယ်
လုပ်ရမှာဘဲဆိုပြီး “ဧရာဝတီ” တီရှပ်ဝတ်ထားတာ ဘယ်သူများရှိသလဲ လိုက်ရှာရတာ
ပေါ့ ။ ကျနော် ဖုံးဆက်ပြီး ချိန်းထားတဲ့  ကိုစိုးကြည်(သံလျင်) ရောက်လာတယ်။ ကျနော်
တို့ လဘက်ရည်ဆိုင်ထိုင်တယ်။ လိုက်ပတ်ရှာတယ်။ ဘယ်သူမှမတွေ့တော့ အိမ်ပြန်
ကြတယ်။

  အဲဒါကပထမနေ့ ”။ ကျနော်ဆန္ဒပြဘို့ အစီအစဉ်မရှိဘူး။ အစီအစဉ် ရှိရင်လည်း ကျ
နော်က ကြေငြာပြီးမှလုပ်တယ်။ အဲဒါ ၁၉-၉-၂၀၁၁။
  နောက်ရက်၂၀-၉-၂၀၁၁ရက်နေ့ ဒေးဒရဲဘက်ခရီးထွက်တယ်။ အဲဒီခရီးစဉ်က တပတ်
လောက် ကြိုစီစဉ်ထားတာ။ အဲဒီနယ်က ရွာသားတွေပြောစကား နားထောင်ဘို့ ။
(ရွာကကိစ္စ သီးသန့်ရေးပါမယ်။ ကိုနေမျိုးဝေ ရေးပါလိမ့်မယ်။)

  ရွာကိုရောက်နေတုံး ရန်ကုန်မှာဆန္ဒပြတယ်ဆိုတဲ့ အသံတွေကြားတယ်။
  “တရုတ်သံရုံးရှေ့မှာ ဆန္ဒပြကြတယ်
  “တယောက်ကို ချုပ်ပြီးဖမ်းသွားတယ်
  “မဟုတ်ဘူး၊ (၄)ယောက်”
  ဘာတွေမှန်းကို တိတိကျကျမသိရဘူး။
  အဲဒါနဲ့ ရန်ကုန်ကိုဖုံးဆက်ပြီး သတင်းမေးရတယ်။
(ရွာမှာဖုံးရှိတယ်။ အင်တာနက်တော့ မရှိဘူး။ ဖျာပုံမြို့ နယ်၊ ဒေးဒရဲအပိုင်၊ မငေးကြီး
ကျေးရွာလို့  ခေါ်ပါတယ်။)

  Online ပေါ်ကရတဲ့သတင်းကို မိတ်ဆွေကပြောပြတယ်။ ကိုအောင်သိန်းလှ လို့ခေါ်တယ်။
  တောင်ဥက္ကလာမှာ နေတယ်ပြောတယ်။ ဖမ်းသွားတာလည်း အမှန်ဘဲတဲ့ ။

  ဒါပေမဲ့ မပါတာက သူ့ ကိုဘယ်ခေါ်သွားသလဲ။ ဘယ်မှာ ချုပ်ထားသလဲ။ ဘာပုဒ်မတပ်ပြီး
ချုပ်သလဲ။
  သူ့ ဘက်က ဘယ်သူတွေလိုက်ပြီး ဥပဒေအရ ကာကွယ်ပေးနေသလဲ။ အဲဒါတွေမပါဘူး
  ရတယ်။ ရန်ကုန်ပြန်ရောက်ရင် စုံစမ်းမယ်လို့စဉ်းစားပြီး အိပ်ပျော်အောင်အိပ်လိုက်တယ်။

  ၂၁/၉/၂၀၁၁ နေ့ည ရန်ကုန်ပြန်ရောက်တယ်။ သိချင်တာတွေကို စုံစမ်းကြည့်တယ်။ ဘယ်
သူသိလဲ။
  ဘယ်သူမှမသိဘူးဆိုတော့ ကျနော်မေးရတော့မယ်။
  ဖွဲ့ စည်းပုံအခြေခံဥပဒေ ပုဒ်မ၃၇၆ အရပြဌာန်းထားတဲ့ “နိုင်ငံသားတို့ရဲ့ခံစားခွင့်”ကိုနိုင်
ငံတော်လုံခြုံရေး” ဆိုတာနဲ့ ဆင်ခြေပေးမှာလား။
  “အများပြည်သူအကျိုးငှာ”လို့ အကြောင်းပြမှာလား။
  “ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာသက်ရောက်ပြီဆိုပြီးကြေငြာတာ မမှန်သတင်းလား။

  ဒါဆိုရင်တော့ အာဏာရှင်စံနစ်ကို ဦးတည်နေပြီနော်။
  သမ္မတကြီးပြောထားတာတွေနဲ့ အာဏာပိုင်တွေလုပ်နေတာနဲ့ လွဲနေပြီ။ အပြောနဲ့အလုပ်
ထပ်တူညီမှကောင်းမယ်။

  ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ ရွေးချယ်ခံရတဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေရယ်၊ ခန့်
အပ်ခံရတဲ့ အာဏာပိုင်တွေရယ်ဟာ ပြည်သူ့ဆန္ဒကို တကယ်လေးစားတယ်ဆိုရင်၊ စည်း
ကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစံနစ်ကို ဦးတည်ချင်တာဆိုရင် “ဘယ်သူတားတားဆက်လုပ်
မယ်။ U N လည်းတားခွင့် မရှိဘူး။” လို့ပြောတဲ့ လျှပ်စစ်ဝန်ကြီးကို ဒီအတိုင်းမြှောက်စား
နေတာတော့  မဖြစ်သင့်ဘူး။ နောက်
ပြီး ဖွဲ့ စည်းပုံအခြေခံဥပဒေ အာဏာသက်ရောက်နေပြီလို့  ရိုးရိုးသားသား ထင်မြင်ပြီး ၊
နိုင်ငံသားအခွင့်အရေးနဲ့ အညီ ဆန္ဒဖေါ်ထုတ်ခဲ့တဲ့ “ကိုအောင်သိန်းလှ” နဲ့ ပတ်သက်ပြီး
ပြည်သူတွေသိအောင် သတင်းထုတ်ပြန် ပေးရလိမ့်မယ်။ အရေးယူခွင့် မရှိဘူး။

  အဲသလိုမဟုတ်ဘဲပြည်သူတွေကို အာဏာရှင်လို ဆက်ဆံတဲ့ လျှပ်စစ်ဝန်ကြီး ဦးဇော်
မင်းကိုမြှောက်စား နေသေးတယ်။
  ဖွဲ့ စည်းပုံအခြေခံ ဥပဒေကို အားကိုးအားထားပြုဘို့ ကြိုးစားနေတဲ့ ပြည်သူတွေဦးကျိုး
သွားအောင် နောက်ထပ်ဘယ်သူမှ ဆန္ဒမပြရဲအောင် “သံရုံးဆန္ဒပြခဲ့တဲ့ ကိုအောင်ကျော်
လှ” ကို (လူမသိ၊ သူမသိ) တရားစီရင်မယ်ဆိုရင် ကျနော်တို့နိုင်ငံဟာ ဒီမိုကရေစီစံနစ်ကို
ဦးတည်တာမဟုတ်ဘဲ အာဏာရှင်စံနစ်ကို ဦးတည်တာဖြစ်သွားပြီ။
  ပြည်သူတွေကိုအာဏာရှင်စံနစ်နဲ့ အုပ်ချုပ်တဲ့ အစိုးရဆိုရင် ASEAN မှာဥက္ကဌလုပ်ဘို့
သင့်တော်ပါ့လားလို့  တခြားနိုင်ငံအစိုးရတွေ စဉ်းစားကြမှာပါ။

  ဒီစာကို online ပေါ်မရောက်ခင် ဖတ်မိတဲ့မိတ်ဆွေတွေက “မင်းအဖမ်းခံရလိမ့်မယ်” လို့
သတိပေးကြပါတယ်။ နိုင်ငံတော်သမ္မတကြီးနဲ့ အချို့ သော အစိုးရအဖွဲ့ ဝင်တွေဟာ ပြုပြင်
ပြောင်းလဲလိုတဲ့ ဆန္ဒရှိသူတွေဖြစ်တယ်ဆိုတာကို ကျနော်ယုံကြည်ပါတယ်။

  အမှန်တကယ် အရေးယူသင့်တဲ့သူတွေကို အရေးမယူပါဘဲ နိုင်ငံကောင်းစေချင်တဲ့ဆန္ဒ
နဲ့ ပြည်သူတွေရဲ့ အသံကိုနားထောင်ပြီး ရေးခဲ့တဲ့ကျနော် အဖမ်းခံရတယ်ဆိုရင်လည်း
ကျနော်တို့ နိုင်ငံသားပြည်သူတွေကို ဘ၀နဲ့ရင်းပြီး သတိပေးခဲ့ပြီးသား ဖြစ်သွားပါပြီ။

  အာဏာရှင်စံနစ်ကိုဦးတည်နေတာကျိန်းသေသွားပြီ။
  အာဏာရှင်စံနစ်ကိုဦးတည်နေတာတိကျသွားပြီ။
  အာဏာရှင်စံနစ်ကိုဦးတည်နေတာခိုင်လုံသွားပါပြီ။ ဒီလောက်ပါဘဲ။

  ကျနော်ဦးဝင်းချိုပါ။
  ဖုံးနံပါတ် ၀၉-၈၀၃၃၅၅၄ နဲ့ ၀၁-၃၉၃၁၅၅ လိုင်းခွဲ ၂၆၄ ကိုဆက်သွယ်နိုင်ပါတယ်။
** မူလ ရယူထားတဲ့ (လင့်)
=====================================



   ခေါင်းစဉ်ကြည့်ပြီး စာစဖတ်လိုက်တာနဲ့ တစ်ကိုယ်တော် ဓါးသမားဘယ်သူလဲဆိုတာ သ
ဘောပေါက်ကြလောက်မယ် ထင်ပါတယ် ။

   ဟုတ်ပါတယ် ၊ အပေါ်က ဦးဝင်းချိုတို့ နော်အုန်းလှတို့လိုလူတွေကို ဂျပန်သမိုင်းထဲက
တစ်ကိုယ်တော်ဓါးသမား (slasher) တွေနဲ့ ခိုင်းနှိုင်းလိုက်တာပါ ။ Slasher တွေမှာ သခင်
မရှိဘူး ။ မှန်တယ်ထင်တာလုပ်မယ် ။ မတရားတာတွေကို မုန်းတယ် ။ လိုအပ်ရင် ရှိုဂန်
(shogun) စစ်ဘုရင်တွေရဲ့ ရဲတိုက်ထဲအထိ တစ်ယောက်ထဲ ခုတ်ထစ်လမ်းထွင်ပြီး ရင်
ဆိုင်ဝင်ရောက်သွားဖို့ ဝန်မလေးသူတွေ ။

   ဘယ်သူတွေက ရှိုဂန်တွေတုန်း ဆိုရင်တော့ ၊ ခေါင်းဆောင်ပိုင်းတွေလို့ ဆိုကြပါစို့ ။
   သူတို့နားမှာ အားကိုးရတဲ့ အရည်ချင်းရှိတဲ့ ဆာမူရိုင်းတွေ ရှိနေကြ ဝန်းရံနေကြမယ် ။
   ကိုယ်ယောင်ပျောက်တတ်တဲ့ နင်းဂျားတွေကိုတော့ အပင်ပန်းခံလိုက်ရှာမနေကြပါနဲ့ ။
ခြေလျင်စ်သားတွေကြားမှာ ကိုယ်ယောင်ဖျောက် ရှိနေကြမှာပါ ။

   မဖြစ်သင့်တဲ့အမျိုးအစား တစ်မျိုးရှိပါသေးတယ် ။ အဲဒါကတော့ ကိုယ့်ရဲ့အရှင်သခင် ရှိုဂန်
လုပ်ကံခံရရင် ဖြစ်သွားတတ်တဲ့ ပိုင်ရှင်မဲ့ဓါးသမား (ronin) တွေပါ ။ ဆာမူရိုင်းဖြစ်စေ ၊
ခြေလျင်စစ်သားဖြစ်စေ ၊ သခင်မရှိတဲ့နောက် ronin ဘဝနဲ့ ခိုကိုးရာမဲ့ ဘဝပျက်သွားခဲ့ရရင်
ခက်ကြပါမယ် ။

   အရည်အချင်းရှိတဲ့ ခြေလျင်စစ်သားနဲ့ ဆာမူရိုင်းတွေအဖို့တော့ အချိန်မရွေး ရှိုဂန်အဖြစ်
တစ်ဆင့်တက် ခံယူလိုက်လို့ ရသလို ၊ slasher တွေအဖြစ် အသွင်ပြောင်းလိုက်ကြလို့လည်း
ရတယ် ။ ဘယ်သူ့ကိုမှ အရည်ချင်းရှိအောင် လာပြီးလေ့ကျင့်ပေးပါလို့တော့ ပြောနေရုံနဲ့
ဘာမှဖြစ်မလာဘူး ။ ကိုယ့်ဘာသာ လေ့လာသင်ယူ လေ့ကျင့်ရမယ် ။

   အခြားတစ်ဖက်မှာလည်း တရားမျှတမှုကို လက်ကိုင်ထားတဲ့ ရှိုဂန်တွေနဲ့ ကြီးတော်နွား
ကျောင်းကြတဲ့ slasher တွေဆီမှာ ခြူးတစ်ပြားမှမရှိရင် ၊ ထောက်ပင့်ကူမ ဝန်းရံသူတွေ
မရှိရင် အနည်းဆုံးလိုအပ်တဲ့ ချပ်ဝတ်တန်ဆာတွေတောင် မရှိသလိုဖြစ်ပြီး ရင်ဆိုင်တိုက
ပွဲတွေမှာ အလွယ်တကူ ကျဆုံးသွားနိုင်ကြတယ် ။

   သူတို့လည်း လူသားတွေပေမို့ “မန်မန်” စားဖို့လိုတယ် ၊ “ဝူးဝူး” စီးဖို့လိုတယ် ။ အနည်း
ဆုံးတော့ ခြေခံအားဖြင့် စားဝတ်နေရေးနဲ့ ခရီးသွားတာမျိုးတွေအတွက် စားရိတ်စက
လိုတယ်လို့ ပြောချင်တာပါ ။ ရှေ့ဆုံးကနေ ရင်ကော့ပြီးတက်ကြမယ့်သူတွေ ရှိတာတောင်
မှ ကျနော်တို့လို ခပ်အေးအေးနေပြီး ဘေးထိုင်ဘုပြောမယ့်သူတွေက သူတို့လိုအပ်တာလေး
တွေ မပံ့ပိုးနိုင်ကြဘူးလား ။ ခုခေတ်မှာ နိုင်ငံရေးလုပ်ရင် ချမ်းသာနေရင်တောင် မွဲစရာရှိပါ
တယ် ။ သူတို့အတွက် နှုတ်အားဖြင့် အင်အားလိုသလို ၊ လက်အားဖြင့်လည်း အင်အားလို
ပါတယ် ။ နိုင်ငံရပ်ခြားက ပြည်တော်မပြန်နိုင်သူတွေဆိုရင် နီးစပ်ရာတွေစုဖွဲ့ပြီး ရံပုံငွေ
ကောက် ၊ စိတ်ပိုင်းဖြတ်ထားတဲ့ နိုင်ငံရေးလုပ်သူ ဖြစ်ဖြစ် ၊ အကျဉ်းသားဖြစ်ဖြစ် ၊ လူမှုရေး
တက်ကြွသူဖြစ်ဖြစ် တနိုင်တပိုင် ထောက်ပံ့ကြရင် သူတို့တွေလည်း လှမ်းသင့်တဲ့ခြေလှမ်း
တွေ သွက်သွက်လှမ်းနိုင်ကြမှာပဲ ။

   မကြာခင် တွေ့ဆုံဆွေးနွေးမှုတွေဖြစ်လာလို့ နောက်ခံမတူသူတွေ ပူးပေါင်းလုပ်ကိုင်ကြ
ရတဲ့အခါ ပြောင်းအလဲမလိုလားတဲ့ အင်အားစုတွေက တစ်ဖက် ၊ အပြောင်းလဲလိုလား
သူတွေနဲ့ ဒီမိုကရေစီပုံရိပ်ကို အပြည့်ဝနိုင်ဆုံး ဖေါ်ဆောင်နိုင်အောင် လိုလားသူတွေကတစ်
ဖက် အနီးကပ်ရင်ဆိုင်ကြရပါတော့ယ် ။ ရှုပ်ရှုပ်ထွေးထွေးနဲ့ အနီးကပ်တိုက်ပွဲ သဏ္ဍာန်မျိုး
ပေါ်လာနိုင်ပါတယ် ။ အကျအဆုံးလည်း နှစ်ဖက်လုံး များနိုင်ပါတယ် ။

   တရားတဲ့နည်းတွေနဲ့ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ရယူထားပြီး ငွေကြေးတောင့်တင်းနေ
တဲ့ သူတွေနဲ့ ထော့ကျိုးဖြစ်နေတဲ့ လူ့ဖလံ ဒီမိုကရေစီလိုလားသူတွေရဲ့ ရင်ဆိုင်ပွဲကို မြင်
ယောင်ကြည့်ပါ ။ ရင်လေးနေလို့ ဘာမှထူးမလာပါ ။ မှန်ကန်တဲ့လမ်းကို လျှောက်လှမ်းနေ
ကြသူတွေလို့ ယူဆသူတွေကိုသာ တတ်စွမ်းသလောက် လက်နက်နဲ့ ချပ်ဝတ်တန်ဆာတွေ
ဆင်ပေးလိုက်ပါ ။

   မတန်တဆ လက်နက်ယနယားတွေနဲ့မို့ ခပ်ခွာခွာရင်ဆိုင်ခဲ့ကြရာမှာ ရှူံးနိမ့်နေခဲ့ပေမယ့် ၊
လုံးထွေးရောနှော ရင်ဆိုင်ရတဲ့အခါမှာတော့ လူအားများတဲ့ဖက်က အောင်ပွဲခံရဖို့က အလေး
သာပါတယ် ။ တစိုက်မတ်မတ် လုပ်သွားနိုင်ဖို့သာ လိုတာပါ ။

   ခင်ဗျားတို့ ကျနော်တို့တတွေဟာ ဆာမူရိုင်းလား ၊ ခြေလျင်စစ်သားလေးတွေလား ၊ သူရဲ
ကောင်းတွေလာရာလမ်းတစ်လျှောက် လက်ခုပ်တီးအားပေးနေကြမယ့် သူတွေလားဆိုတာ
ရွေးချယ်ခွင့်တွေ ရှိနေကြပါတယ် ။ ဆန္ဒရှိရာကို ရွေးချယ်လိုက်ပါ ။ လိပ်ပြာလည်းလိပ်ပြာ ၊
နှံပြည်စုတ်လည်း နှံပြည်စုတ် ၊ သူ့အလုပ်သူလုပ်ကြရင် လှပတဲ့ပန်ချီကားတစ်ချပ် ပုံပေါ်
လာမှာပါ ။ ပန်းချီကားထဲက မြက်ကလေးတစ်ပင်ဖြစ်ရဖြစ်ရ ၊ မမြင်ရတဲ့ လေပဲဖြစ်နေပါစေ
ဘာမှအားငယ်စရာမရှိပါ ။ အားငယ်နေခဲ့မယ်ဆိုရင်လည်း စာရေးသူတစ်ယောက်ကတော့
ဖြင့် အားပေးသူအဖြစ် ရှိနေမယ်လို့ အသိပေးလိုက်ပါတယ် ။


မန်းကိုကို
၀၆ ၊ ၁၀ ၊ ၂၀၁၁

2 comments:

  1. ဘာမှလည်းမပြောရဲ၊ ဘာမှလည်းမလုပ်ရဲတဲ့ ကြောက်ရွံ့စိုးရိမ်စိတ်က အမြစ်တွယ်နေပြီဖြစ်တဲ့ ကျွန်တော်တို့လိုသာမာန်ပြည်သူတွေကတော့ အဲဒီဓါးသမားတွေအတွက် ဓါးသွေးကျောက်နေရာကပဲ အသုံးတော်ခံရမယ်ထင်ရဲ့။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဓါးသွေးကျောက်တွေဘယ်လောက်များလိုက်မလဲ?. ဘာကြောင့်လဲ..

    ReplyDelete
  2. ကိုစိုးမိုးပြောသလိုပဲ ကျနော်တို့ဆီမှာ ကြောက်ရွံ့စိတ်တွေ အမြစ်တွယ်နေတာ မှန်ပါတယ် ။

    ဒီပို့စ်ရဲ့ ဦးတည်ချက်က ဘယ်လိုပဲ ကြောက်နေပါစေ ၊ တတ်စွမ်းသမျှ လက်တစ်ဖျစ်စာလေးဖြစ်ဖြစ် လုပ်ကြကိုင်ကြဖို့ ၊ မရှက်မကြောက် အားမငယ်ကြဖို့ပါ ။

    ဒါ့ပြင် ခေါင်ထိပ်က လူသိများတဲ့ ခေါင်းဆောင်ကြီးတွေချည်း မဟုတ်ပဲ ၊ ဒုတိယတန်း တတိယတန်း ခေါင်းဆောင်တွေ တက်ကြွလှုပ်ရှား သူတွေကိုလည်း မမေ့ကြဖို့ ၊ ထောက်ခံကူညီကြဖို့ပါ ။ ဒါ့ပြင် ကူညီရာမှာ အုတ်တစ်ချပ် မတတ်နိုင်ရင်တောင် သဲတစ်ပွင့်စာလေးလောက် မမေ့မလျော့ ဝင်ပါကြစေချင်တာပါ ။

    ကိုစိုးမိုးအနေနဲ့ ဓါးသွေးကျောက်ဆိုလည်း လုံလောက်ပါတယ် ။ ရေကလေး တစ်ပေါက် နှစ်ပေါက်လောက် ကူပေးလိုက်နိုင်ရင်လည်း အတိုင်းထက် အလွန်ပါဗျား :-)

    ReplyDelete