ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Sunday, December 5, 2010

လုကံ ဝကံ (အညမည)



     မြန်မာပြည်ကြီး ဘာလို့ဒီလောက်တောင် ဆင်းရဲဒုက္ခတွင်းနက်ထဲ ကျနေရတာလဲ။
     ဟာ …. ဒီစစ်အစိုးရကြောင့်ပေါ့၊ လူတိုင်းသိတဲ့ကိစ္စကို အထူးဆန်းများလုပ်ပြီး လာမေးနေရသေးတယ်။
     အင်း …. ဟုတ်တော့လည်း ဟုတ်တုတ်တုတ်။

     ဒါနဲ့ ကိုယ့်တွေ့ အချိုးအကွေ့ကလေးတချို့ကို ပြန်ပြောင်းကြည့်ပြန်တော့ နည်းနည်းများချွတ်ချော်နေ
သလားလို့ သံသယဝင်မိတယ်။ အထူးသဖြင့် စစ်အစိုးရတို့၊ လာဟ်စားတာတို့ စတဲ့ပုံမှန်ကိစ္စတွေရဲ့ အရိပ်
မကင်းပေမယ့် လူတွေရဲ့ ကိုယ်ပိုင်ချုပ်ထိန်းမှု အောက်မှာရှိနေသေးတဲ့ လူမှုရေးကဏ္ဍတွေနဲ့ ပတ်သက်လို့
ပါ။

     နေ့စဉ်ဘဝတွေထဲက အဖြစ်အပျက်ကလေး အချို့ကို ကြည့်ရအောင်။

ပုံစံ (၁) - ရန်ကုန်မြို့ ဆူးလေဘုရား လမ်းပေါ်က လေယာဉ်လက်မှတ် အရောင်းရဆုံး ဆိုင်တစ်ဆိုင်။
              မြန်မာပြည်က နာမည်အကြီးဆုံး ခရီးသွားကုပ္မဏီ လို့ခေါ်ရင်လည်းဟုတ်တယ်။ လူနှစ်ယောက်
လေယာဉ်လက်မှတ်ဝယ်ဖို့ ရောက်သွားပါတယ်။ အမျိုးသမီးငယ်လေးတစ်ယောက်က သူတို့ကိစ္စကို ဆောင်
ရွက်ပေးပါတယ်။ ခေတ်နဲ့ညီတဲ့ အဝတ်အစားထားပြီး သွက်လက်ဖြတ်လတ်တဲ့ အမျိုးသမီးငယ်လေးရဲ့ လုပ်
ကိုင်မှုတွေကို လူနှစ်ယောက်က သဘောကျသွားပါတယ်။ ပြန်ထွက်လာတော့ “ဒီလိုညီမမျိုး တစ်ယောက်
လောက်တောင် ရှိချင်လိုက်တာဗျာ” လို့ တစ်ယောက်က ဆိုလိုက်ပါသေးတယ်။ ထားပါတော့ လက်မှတ်
ဝယ်တဲ့ဆီ ပြန်သွားရအောင်။

     လက်မှတ်ဖြတ်တဲ့အခါ ဒေါ်လာနဲ့ကျသင့်တာကို မြန်မာငွေနဲ့ပေးချေတော့ တစ်သိန်းကျော်ကျပါတယ်။
ဒီတော့ ဝယ်တဲ့သူက ဘဏ်ကနေထုတ်လာတဲ့ တစ်သိန်းတန်နှစ်အုပ်ကို ကျောပိုးအိတ်ထဲကထုတ်၊ တစ်
အုပ်ထဲက ပိုငွေကိုထုတ်ယူပြီး ပေးလိုက်ပါတယ်။ ငွေယူသွားပြီးခဏအကြာမှာ အမျိုးသမီးငယ်လေး ပြန်
ရောက်လာပြီး တစ်သိန်းတန်ငွေအုပ်ထဲက ငွေစက္ကူအရွက် လျော့နေတယ်လို့ လာပြောပါတယ်။ ဒီငွေ
အုပ်တွေဟာ ဘဏ်ကထုတ်လာတာဖြစ်ပြီး လက်မှတ်လာဝယ်သူနှစ်ယောက်က ရေတွက်ထားပြီးသား
ဖြစ်လို့ အံသြသွားပေမယ့် အောင့်သက်သက်နဲ့ လိုတယ်ဆိုတဲ့ငွေကို ဖြည့်ပေးလိုက်ကြပါတယ်။

     ဒါနဲ့ပဲ ဒီလက်မှတ်နဲ့ ဘန်ကောက်ကို ဒီနှစ်ယောက်ထဲက တစ်ယောက်ဟာ မကြာခင်ရောက်ပါတယ်။
သူ့နဲ့ ဆွေမကင်းမျိုးမကင်း ခရီးသွားကုပ္မဏီကို မေးကြည့်လိုက်တော့ ခုနကလက်မှတ်ရောင်းပေးလိုက်သူ
အမျိုးသမီးငယ်လေးဟာ အဲဒီနာမည်ကြီးကုပ္မဏီက ပိုင်ရှင်ရဲ့ညီမဆိုတာ သိလိုက်ရပါတယ်။ ဒီခပ်တုံးတုံး
ခရီးသွားသူဟာ နှစ်ပေါင်းအတော်ကြာတော့မှ သူကြုံခဲ့ရတာကို သဘောပေါက်သွားခဲ့ပါတယ်။ အဲဒါက
တော့ သူနဲ့သူ့သူငယ်ချင်းကို ဟိုအမျိုးသမီးငယ်က သူ့ကိုငမ်းပါတယ်ဆိုပြီး ဒေါက်ဖြုတ်လိုက်တယ် ဆို
တာပါပဲ။ သံသယတွေ ယောင်လို့တောင်မဝင် မထင်မိခဲ့တဲ့ လူနှစ်ယောက်ရဲ့ အတွေ့အကြုံတစ်ခုပါ။ ဒါက
မြန်မာပြည်မှာ အချမ်းသာဆုံးမဟုတ်ပေမယ့် ပညာတတ်အထက်တန်းလွှာက လူတစ်ဦးရဲ့ စိတ်ဓါတ်ပုံစံ
ပြယုဂ်တစ်ခု။

ပုံစံ (၂) - မြို့နယ်တစ်ခုရဲ့ စာတိုက်။ လူတစ်ယောက် ဖုန်းဖိုးလာသွင်းတယ်။ သူပေးတဲ့ ငွေတွေထဲမှာ
              အလယ်ကထက်ပိုင်းပြတ်လို့ အရောင်ကြည်တိပ်ပြား (scotch tape) နဲ့ပြန်ကပ်ထားတဲ့ ၅၀၀
တန်တစ်ရွက် ပါပါတယ်။ အာရှဓနဘဏ်က ရလာတာဖြစ်ပြီး အစိုးရဋ္ဌာနဖြစ်တဲ့ စာတိုက်ကတော့ ဒီလို
ငွေတွေကို လက်ခံတယ်လို့ နားလည်ထားတာမို့ ထည့်ထားတာ ဖြစ်ပါတယ်။

     “ဒီ ၅၀၀ တန်တစ်ရွက်ကို (အစိုးရ) ဘဏ်မှာသွားလဲပါ”။ လူလတ်ပိုင်းအရွယ် စာတိုက်စာရေးက ပြော
လိုက်တာဖြစ်ပါတယ်။ ဒါနဲ့ ငွေလာသွင်းတဲ့သူက “စာတိုက်လည်း အစိုးရဋ္ဌာနပဲ၊ ငွေစက္ကူအပြဲ လက်ခံပေး
လို့ မရဖူးလားဗျ” ဆိုပြီး စောဒကတက်လိုက်ပါတယ်။ ဒီတော့မှ စာတိုက်စာရေးက ကောင်တာနောက်ဖက်
လှည့်ထွက်ကာနီး စိတ်မရှည်တဲ့ ပုံစံနဲ့ပြန်လှည့်လာပါတယ်။ ပြီးတော့ “ဒီမှာကြည့်” ဆိုပြီး ဆက်ထားတဲ့
ငွေစက္ကူနဲ့ နောက် ၅၀၀ တန် တစ်ရွက်တို့ရဲ့ မျက်နှာပြင်တွေကို လက်ချောင်းနဲ့ ပွတ်ပြပါတယ်။ စကား
မပြောပေမယ့် ဆိုလိုတာက ငွေစက္ကူအတုပေါ့ဗျာ။

     ပြဿနာလား၊ ရှိတာပေါ့ဗျာ။ အဲဒီနေ့မတိုင်ခင် ရက်ပိုင်းကပဲ အစိုးရဘဏ်မှာ ငွေတုတွေလာအပ်တာ
မိတယ်ဆိုပြီး မြို့ထဲမှာသတင်းတွေ ပြန့်နေခဲ့သေးတယ်။ ဒီတော့ စာတိုက်စာရေးရဲ့ စိတ်စေတနာကို ခန့်
မှန်းမိပါလိမ့်မယ်။ ခင်ဗျားငွေကအတုပဲ လက်ခံလို့ မရဖူးလို့ပြောလိုက်ရင် ခံရခက်ကောင်းခက်မှာဖြစ်ပေ
မယ့် အားလုံးအဆင်ပြေဖို့ နည်းလမ်းဖြစ်ပါတယ်။ ခုတော့ ရိုးရိုးသားသား မသိတဲ့သူတစ်ဦးကို တာဝန်ရှိ
တဲ့ဝန်ထမ်းတစ်ဦးက ချောက်တွန်းသလို လုပ်လိုက်တဲ့အဖြစ်။

ပုံစံ (၃) - ရန်ကုန်မြို့ရဲ့ မြို့သစ်တစ်နေရာ။ လူတစ်ယောက် မိတ်ဆွေအိမ်တစ်အိမ်ကို လိုက်ရှာရင်း ရှေ့မှာ
              မြင်ရတဲ့ မြင်ကွင်းကြောင့် စိတ်မကောင်းဖြစ်သွားတယ်။ အသက် ၅၀ ကျော်လောက် လူကြီး
တစ်ယောက် ပုခုံးမှာပစ္စည်းပစ္စယ အတိုထွာတွေနဲ့ ဖြည်းဖြည်းချင်း လမ်းလျှောက်နေတယ်။ သူ့ခြေသလုံး
မှာ သွေးကြောကြီးတွေ ထောင်နေတာ၊ အသားအရေ အရောင်အဆင်းနဲ့ လှုပ်ရှားမှု အနေအထားကိုကြည့်
ရင် မကျန်းမမာဖြစ်နေတာ သိသာတယ်။ “ထီးတွေ ဖိနပ်တွေ မီးခြစ်တွေပြင်တယ်” ဆိုတဲ့ လေးလေးပင်ပင်
အသံကြောင့် ဝမ်းစာအတွက်မနေသာလို့ လုပ်နေရတယ်ဆိုတာ ညွှန်းနေတယ်။

     ရပ်ကွက်ထဲက ကလေးတစ်စု သူ့နောက်ကလိုက်ပြီး သံယောင်လိုက်လှောင်ပြောင်နေပါတယ်။ အချို့
ဆို တုတ်အတိုအစ ခဲလုံးကလေးတွေနဲ့ ပေါက်တာတောင် တွေ့နေရပါတယ်။ သနားတဲ့ အိမ်တစ်အိမ်က
လှမ်းခေါ်လို့သာ ဒီလူကြီးမှာ သက်သာရာရသွားပါတယ်။ ခုနက ကလေးတစ်စုကို ကြည့်လိုက်တော့ ဒီလမ်း
ဒီရပ်ကွက်ထဲကပဲဆိုတာ သိသာပါတယ်။ ဒါပေမယ့် ဘယ်မိဘမှထွက်ပြီး မခေါ် မဆုံးမကြဘူး။ ကိုယ်ချင်းစာ
စိတ်ဆိုတာကို မိဘတွေက သားသမီးတွေကို လက်ဆင့်မကမ်းခဲ့လို့ပေပဲလား။ မြင်မိတဲ့သူမှာလည်း စေတ
နာတွေ ယိုစီးကျချင်ပေမယ့် သူ့ဝမ်းတောင်သူ အနိုင်နိုင်ပါ။

     ဒါတွေဟာ မြန်မာပြည် လူမှုဘဝထဲက သရုပ်သကန်အချို့ကို ပါးပါးလေးထုတ်ပြထားရုံပါ။
     ငွေရှိ ပညာတတ်၊ ဝန်ထမ်း၊ အရပ်ထဲက ကလေးသူငယ်တွေ တနည်းအားဖြင့် မြန်မာပြည်က အထက်
အလယ် အောက်ခြေ လူတန်းစားတွေအားလုံး အောက်လူကိုဖိတတ်တဲ့ စိတ်ထားတွေ အပါအဝင် ပြင်လို့
မရလောက်အောင် အကျင့်ဆိုးတွေ စွဲနေကြပြီလား။ လူမှုရေးပညာရှင်တွေနဲ့ အတုံးလိုက်အတစ်လိုက်သာ
သုတေသနလုပ်ကြမယ်ဆိုရင် အကောင်းအဆိုးညွှန်ကိန်းက ဘယ်နားလောက်သွားကျလေမလဲ။

     ကိုယ်တွေ့ကြုံနေရတဲ့ ဒုက္ခဝေဒနာ အခက်အခဲတွေကို ကိုယ်ကိုယ်တိုင်ကလွဲရင် အပြစ်ပုံချကြရတာ
လွယ်ပါတယ်။ တကယ်တန်းမှာ ဘာသာရေး နိုင်ငံရေး စီးပွားရေး စတဲ့ အရေးပေါင်းများစွာနဲ့ လွတ်လွတ်
ကင်းကင်း တွေးတောဆုံးဖြတ်လို့ရတဲ့ လူ့ကျင့်ဝတ်တွေ အများကြီးရှိပါတယ်။ ကျင့်ကြံဖို့ကတော့ ခက်
ကောင်းခက်ပါလိမ့်မယ်။ ဒါပေမယ့် “ကိုယ်နဲ့တန်တဲ့ အစိုးရမျိုးကို ကိုယ်ရတာပဲ”၊ “မင်းတို့ကကော ဘယ်
လောက်ကောင်းနေ တော်နေတာမို့လဲ” ဆိုတဲ့ မေးခွန်းနဲ့ မှတ်ချက်မျိုးတွေကို ရှောင်လွဲနိုင်ဖို့ အပါအဝင်
လိုအင်ဆန္ဒတွေကိုယ်စီ ပြည့်ဝနိုင်ကြအောင်၊ လက်ရှိ ကိုယ်စိတ်ဆင်းရဲဒုက္ခ ရောက်နေတာတွေကနေ
ကင်းလွတ်မယ့် အကောင်းဆုံးအခြေအနေတွေကို ဖန်တီးနိုင်အောင်ဆိုရင်တော့ “အဦးဆုံး ကိုယ့်ကိုယ်ကို
ပြုပြင်ကြဖို့ လိုမလား” လို့သာ မေးလိုက်ချင်ပါတယ်။ အကယ်၍ နကိုရှိရင်းကိုယ်ကျင့်တွေက စွဲနစ်နေပြီ၊
ပြင်ဖို့လည်း ဆန္ဒမရှိကြဘူးဆိုရင်တော့ ….. လုကံ ဝကံ လို့သာပဲ .....


လိုအင်ဆန္ဒများ (ဖြစ်နိုင်လျှင်) တလုံးတဝတည်း ပြည်စုံကြပါစေ၊
မန်းကိုကို
၀၅၊ ၁၂၊ ၂၀၁၀

2 comments:

  1. I totally agree with you for third one.
    But I think first two stories were your assumptions.

    That chick might not be honest as you've
    accused and she might have asked more money from you or the protagonist in your story.
    But at the same time, there are stories that packed bank notes come with reduced number of notes, that means instead of 100 there are 99. I heard some use stick with glue at the top,
    use that glued stick to roll the first note
    out of the pack of 100 notes making to 99, still keeping that pack in tact.

    For the second story, the clerk from private
    bank will just want to cover his ass, he may
    or may not have intentions to put the guy who
    came for deposit in jeopardy.

    You should be blaming at those who print and
    circulate those forged currency notes. Who
    are they? Where do they print? Who has the
    technology, security and delivery channels
    to print forged currencies? Or we will miss
    the elephant in the room while easy pointing fingers at someone.

    Not to deny that Burma is in deep shit, but
    to pick and whine and accuse one sided may
    not be the best thing to do.

    ReplyDelete
  2. - ငွေစက္ကူ အရေအတွက်နဲ့ ပတ်သက်ပြီး Anonymous ပြောသလိုပဲ ကြားဖူး တွေ့ဖူးတာတွေ ရှိပါတယ်။ ဘဏ်မှာလည်း ဖြစ်တတ်ပေမယ့် အဖြစ်တော့ နည်းမယ်ထင်ပါတယ်။ အပေါ် ပို့စ်ထဲက လေယာဉ်လက်မှတ် ဝယ်တဲ့သူတွေ ကိစ္စမှာတော့ ငွေရေတဲ့အတွေ့အကြုံ ရှိသူတွေဖြစ်ပြီး ငွေကိုလည်း ဘဏ်ကထုတ်အပြီး စစ်ဆေးခဲ့ကြတာမို့ လက်မှတ်ရောင်းတဲ့ အမျိုးသမီးလေးဖက်က တစ်ခုခု လွဲနေခဲ့တာတော့ သေချာပါတယ်။

    - ဒုတိယဖြစ်စဉ်မှာတော့ ကိုယ့်လက်ကကျွတ် ပြီးရောဆိုပြီး လုပ်ခဲ့ကြတဲ့သူတွေရဲ့ အပိုင်းတွေရှိမှာတော့ အမှန်ပါပဲ။ သံသယရဲ့အကျိုးကို ထည့်တွက်ပေးရမယ့် လုပ်ဆောင်မှုတွေလည်း ပါမှာသေချာပါတယ်။ ဒီပို့စ်ထဲမှာတော့ ကိုယ့်လုပ်ဆောင်မှုရဲ့ အကျိုးသက်ရောက်မှုကို တွက်ဖို့အတွက် လူတွေမှာ ထားရှိအပ်တဲ့ ကျင့်ဝတ်တွေနဲ့ပတ်သက်ပြီး မေးခွန်းထုတ်ဖို့ ကြိုးစားထားတာကြောင့် လိုရာဆွဲထားတာလို့လည်း မြင်လိုရင် မြင်လို့ရပါတယ်။

    ဒါ့ပြင် အပြစ်တင်ဖို့ထက် ချွတ်ယွင်းနေတယ်ထင်တာလေးတွေကို ဝိုင်းမြင်နိုင်အောင်၊ ပြင်သင့်ရင် ပြင်လို့ရရင်လည်း ပြင်နိုင်ကြအောင် ရည်ရွယ်ထားတာပါ။

    ငွေတုထုတ်နိုင်တဲ့ စွမ်းအားနဲ့ ဆန္ဒရှိသူတွေဟာ လက်တစ်ဆုပ်စာတောင် မရှိတာသိပေမယ့် ခန့်မှန်းတယ်ဆိုတာထက် စွပ်စွဲတယ်ဆိုတာမျိုးတွေ ဖြစ်မှာစိုးတာကြောင့် အချက်အလက်တွေ ရှိတဲ့အခါမျိုးမှာကျမှ နောက်တစ်ကဏ္ဍကို ပြောင်းရေးသင့်လည်း ပြောင်းသွားမှာပါ။ ဆွေးနွေးပေးတဲ့အတွက်တော့ ဝမ်းသာပါတယ်။

    ReplyDelete