ဘားအံမြို့နဲ့ ၁၀ မိုင်အကွာ ရွာကလေးတစ်ရွာ။ လူငယ်တစ်ယောက် လမ်းဘေးမလှမ်းမကမ်းမှာရှိတဲ့
သူ့အိမ်ကလေးဆီကို ဈေးထဲကဝယ်လာတဲ့ပစ္စည်းတွေ ထမ်းပြီးပြန်အလာမှာဖြစ်ပါတယ်။
စစ်ကားတစ်စီးလမ်းမပေါ်က ဖြတ်သွားရင်းထိုးရပ်လိုက်တယ်။ ကားပေါ်ကစစ်သားတစ်ယောက်က
လှမ်းအော်ပြောလိုက်တယ်။
“ဟေ့ကောင်လေး ဒီကိုခဏလာအုံး”
လည်လည်ဝယ်ဝယ်ရှိတဲ့ လူငယ်လေးက ရည်ရည်မွန်မွန်ပဲ ပြန်ပြောလိုက်ပါတယ်။
“ဟုတ်ကဲ့ ခဏလေးခင်ဗျ”
ပြီးတော့ သူထမ်းလာတဲ့ ပစ္စည်းထုပ်တွေကို အသာချလိုက်ပါတယ်၊ ဆက်ပြီး သူ့ရဲ့ဆင်ကြယ်ဖိနပ်နှစ်
ဖက်ကိုလည်း ခါးကြားအသေအချာထိုးလိုက်ပြန်ပါတယ်။ အသင့်ဖြစ်တဲ့အခါမှာတော့ လမ်းနဲ့ဝေးရာကို
တဟုန်ထိုးပြေးထွက်သွားရင်းနဲ့ အော်သွားတာက “ပေါ်တာ … ” ဖြစ်ပါတယ်။
ကြားမိသမျှ ပုရိသအပေါင်း (စာရေးသူအပါအဝင်) ပြေးလိုက်ကြတာကတော့ လယ်ပြင်စပါးကွင်း
စိမ်းစိမ်းတွေကြားမှာ ဟိုတစ်စုသည်တစ်စုနဲ့မြင်နေရပါတယ်။ ဒီလိုပြေးဖို့ အခွင့်အရေးရခဲ့တာကိုပဲ အင်မ
တန်ကံကောင်းသည်ပဲလို့ ပြောနိုင်ပါတယ်။ ပြေးမလွတ်သူ၊ ပြေးခွင့်မကြုံသူ၊ သိရက်နဲ့ လည်စဉ်းသွားခံ
ပေးရသူ၊ အသက်ကိုပါ ပေးဆက်သွားရသူတွေအကြောင်းကတော့ ကြားလို့မှမကုန် သိလို့ရယ်မှမခန်းပါ။
ပေါ်တာဆိုလို့ ကိုယ်တိုင်မခံစားဖူးသူတွေအနေနဲ့ အလွယ်တွေးအလွယ်ထင်နိုင်ကြပါတယ်။ မရေးပြ
မပြောပြရင်ဖြင့် လူအချို့မှာ ဒီတစ်သက်သိလာကြဖို့ မလွယ်ဖူးလို့ယုံကြည်တာမို့ အက္ခရာတင် ရေးပြ
လိုက်ရပါတယ်။
အရင်ကတော့ ငါးကြင်းဆီနဲ့ငါးကြင်းကြော်သလို တိုင်းရင်းသားတွေကိုချည်း ပေါ်တာအဖြစ်သုံးနေ
ရာကခုနောက်ပိုင်းမှာ ပြည်မဖက်ပါကူးစက်လာတယ် လို့ကြားသိရတော့ ဘယ်လိုခံစားရမှန်းတောင်
မသိတော့ပါဘူး။ ဝမ်းသာဖို့ မသင့်တော်ပေမယ့် အရင်ကပေါ်တာအကြောင်းမသိသူတွေ ပိုသိလာရဖို့နဲ့
ကိုယ်ချင်းစာလာသူတွေ ပိုများလာဖို့ရှိတယ်လို့ အကောင်းဖက်ကတွေးမိပါရဲ့။
ဆက်မပြောခင် ဖြစ်ပျက်ခဲ့တာလေးအချို့ကို ပြောပြချင်ပါတယ်။
(၁) ဘားအံကနေ အိန္ဒုရွာအသွား (ကော့ကရိတ်) လမ်းပေါ်မှာဖြစ်ပါတယ်။ ရှေ့ခပ်လှမ်းလှမ်းလမ်းမဘေး
မှာ လှည်းတစ်စီးသွားနေပြီး လူတစ်ယောက်ကလည်းထွန်တုံးထမ်းပြီး ဘေးကလျှောက်လာနေတာကို စက်ဘီးစီးလာသူတစ်ယောက်က လှမ်းတွေ့နေရပါတယ်။ အဲဒီအချိန်မှာ စစ်ကားတစ်စီးဖြတ်လာရာက
လှည်းသမားနဲ့ ထွန်တုံးထမ်းလာသူဘေးမှာထိုးရပ်ပြီး သူတို့နှစ်ယောက်ကိုရပ်ခိုင်းလိုက်ပါတယ်။ ထွန်တုံး
ထမ်းလာသူကို လှည်းပေါ်ထွန်တုံးတင်ခိုင်းပြီး လူကိုတော့စစ်ကားပေါ်တင်လိုက်ပါတယ်။
ဒီလောက်လှမ်းမြင်မှတော့ စက်ဘီးသမားမှာ ခပ်တုံးတုံးလုပ်နေလို့မရတော့ပါဘူး။ စက်ဘီးကို လမ်း
ဘေးဆွဲချ၊ သစ်ပင်တစ်ပင်မှာသော့နဲ့တွဲခပ်၊ နီးရာတောအုပ်ကလေးထဲ ဖနောင့်နဲ့တင်ပါး တစ်သားထဲ
ကျအောင်ပြေးပါတော့တယ်။ ကရင်ပြည်နယ်မှာ လူတိုင်းလိုလိုသိတဲ့ “ပေါ်တာလွတ်သွားတယ်” ဆိုတာ
ဒီလိုကံသီတာကို ဆိုတာပေါ့ဗျာ။
(၂) ဘားအံမြို့ ကချင်(၂) ခြေမြန်တပ်ရင်းရဲ့အရှေ့က ဆောက်လုပ်ရေးတပ်သိုလှောင်ရုံမှာ အလုပ်သမား
တွေ အလုပ်များနေကြတဲ့ နေ့ခင်းအချိန်၊ မဝေးလှတဲ့နေရာက “ထိန်း”ကနဲ့ သေနတ်သံတစ်ချက်မြည်
လာပါတယ်။ ခြံဝင်းစောင့်ခန့်ထားတဲ့ ဖထီးဆိုသူ မကြာခင်ပြန်ရောက်လာတဲ့အခါ “ပေါ်တာထွက်ပြေးလို့
သေနတ်နဲ့ပစ်တာ ပေါင်ကျိုးသွားတယ်” လို့ဆိုပါတယ်။ မြို့ပြင်အစပ်ကလေးမှာတင် ဖြစ်ခဲ့တာပါ။
(၃) ဘားအံမြို့ဈေးကြီးနဲ့မလှမ်းမကမ်းက ရဲစခန်းရှေ့။ လမ်းက ခပ်ပြေပြေကုန်းတက်ကလေးမို့ ဖြတ်လာ
တဲ့ပေါ်တာတင်ကားတစ်စီးဟာ အရှိန်နည်းနည်းလေးနှေးသွားပါတယ်။ လူစည်ကားတဲ့နေရာကို အခွင့်
ကောင်းယူပြီး ပေါ်တာသမားတစ်ယောက် ခုန်ဆင်းပြေးပါတော့တယ်။ ကားမှာပါလာတဲ့ တပ်ကြပ်ကြီးက
အော်ပြီးအမိန့်ပေးလိုက်တယ်။
“ပစ် …”
“ထိန်း …” ကနဲ သေနတ်သံတစ်ချက်၊
“ဘိုင်း” ကနဲ လဲကျသွားတဲ့ပေါ်တာသမား၊
“ဟေ့ကောင် ငါအပေါ်ထောင်ပစ်ခိုင်းတာကွ” ဆိုတဲ့ တပ်ကြပ်ကြီးရဲ့အသံနဲ့ မရှေးမနှောင်းမှာ ပေါ်တာ
တွေတင်လာတဲ့ GMC ကုန်တင်ကားကြီး “ဝူး .. ” ကနဲ မောင်းထွက်သွားပါတော့တယ်။ ရင်ပတ်ဟောင်း
လောင်းပွင့်ပြီးကျန်ခဲ့တဲ့ ပေါ်တာရဲ့ဈာပနခရီးနဲ့ တာဝန်ရှိတဲ့စစ်သားတွေ အရေးယူခံခဲ့ရသလားဆိုတာ
ကတော့ ဒဏ္ဍာရီတစ်ပုဒ်ပေါ့။
(၄) ၁၉၈၉ ခုနှစ်၊ ဘားအံမြို့ညဈေးနားမှာ (ဘေးမှာ) ဝါးကပ်တွေနဲ့ကာထားတဲ့ စစ်ကားကြီးတွေလာရပ်
ပါတယ်။ အဲဒီအချိန်က သံလွင်တံတားမရှိသေးပါ။ “ဇက်” လို့ခေါ်တဲ့ ကူးတို့သင်္ဘောနဲ့ အသုတ်လိုက်
ကူးရတာမို့ နောက်ထပ်စစ်ကားတွေကို စောင့်ရင်းရပ်နေရပါတယ်။ ကားပေါ်မှာတော့ ထိုင်ခိုင်းထားတဲ့
လူတွေနဲ့အပြည့်မို့ စူးစမ်းတဲ့အမျိုးသမီးကြီးအချို့ အစောင့်စစ်သားတွေအလစ်မှာ အနားကပ်သွားပြီး
စကားပြောကြည့်ကြပါတယ်။ ကားပေါ်က မိန်းကလေးတစ်ယောက်ရဲ့ပြောပုံအရ သူဟာ မန္တလေးတက္က
သိုလ် ဒုတိယနှစ်ကျောင်းသူတစ်ဦးလို့ ဆိုပါတယ်။ သူတို့ကားတန်းဟာ အခြားနေရာ (မြို့) တွေမှာတော့
ညအချိန်ပဲဖြတ်တယ်လို့လည်း ပြောပြပါတယ်။ စားစရာနဲ့ရေတွေ ပေးချင်ကြပေမယ့် အစောင့်စစ်သား
ပြန်ရောက်လာလို့ လူတွေပြန်ရှဲသွားရပါတယ်။
ဒီလောက်နဲ့ဇာတ်လမ်းက မရပ်ပါဘူး။ မကြာခင် ရေဒီယိုသတင်းတွေထဲမှာ နေဝင်မီးငြိမ်းအမိန့်ထုတ်
ထားတဲ့ကာလအတွင်းက ဖမ်းထားခဲ့တဲ့သူတွေကို ကရင်ပြည်နယ် ရှေ့တန်းစစ်မြေပြင်ဆီခေါ်သွားပြီး
မိုင်းကွင်းတွေထဲလွတ်ပေးလိုက်တယ် ဆိုပြီးထွက်လာပါတယ်။ မှန်သလားတော့ သက်သေပြစရာလိုလှမယ်
မထင်ပါဘူး။ ဒီသတင်းထွက်လာပြီးမကြာခင် (တစ်ပတ်လောက်မှာ) ဘားအံမြို့မှာ တောင်းရမ်းစားသောက်
သူတွေ အတော်များများတွေ့လာရပါတယ်။ အမြဲတွေ့နေကျ သူတောင်းစားတွေနဲ့မတူပဲ ထ္မင်းလောက်ပဲ တောင်းစားကြတာများပါတယ်။ အချို့လည်း အထက်မြန်မာပြည် (ဘားအံအထက်) ပြန်ဖို့ ကားစရိတ်တွေ
ပါ (ရှက်တဲ့ပုံစံတွေနဲ့) အလှူခံနေကြတာကိုလည်း မြို့ခံအတော်များများ ကြုံခဲ့ရပါတယ်။ တစ်ပတ်လောက်
အတွင်းမှာ တဖွဲဖွဲရောက်လာခဲ့ကြပြီး နောက်ပိုင်းမှာမတွေ့ရတော့ပါဘူး။ ညဈေးဘေးမှာတွေ့ခဲ့တဲ့သူတွေ
ထဲက ပြန်လွတ်လာတဲ့သူတွေဆိုတာ သေချာပါတယ်။ မသေကောင်းမပျောက်ကောင်းတွေပေါ့။
(၅) ဘားအံမြို့သင်္ဘောဆိပ်။ အမြဲဆိုရင် ခေါင်းပေါ်မှာ အထုပ်ကြီးထမ်းပြီး “အညာစောင်တွေရမယ်” လို့
လိုက်အော်ရောင်းနေတဲ့ အထက်အညာဖက်ကလူတစ်ယောက်၊ သံလွင်မြစ် အထက်ဖက် “ရွှေဂွန်းရွာ”
ကပြန်အလာ ဆိပ်ကမ်းထ္မင်းဆိုင်တစ်ဆိုင်မှာထိုင်ရင်း မယုံနိုင်တဲ့၊ စိတ်ရှုပ်ထွေးနေတဲ့ပုံနဲ့ သူ့ရှေ့ကလူ
တွေကို ပြောပြနေတယ်။
“စစ်သားတွေ ဒီလောက်ပဲ ဆိုးရသလားဗျာ။ ကျုပ်တွေ့ခဲ့တဲ့အမျိုးသမီးလေးဆို သူ့ယောင်္ကျားအစား
ပေါ်တာပါသွားတာ ညကျတော့အချုပ်ထဲထည့်ထားရာက လာလာခေါ်ထုတ်သွားတယ်တဲ့ဗျ။ တောက် ..
တော်တော်ယုတ်မာတာပဲ၊ ကောင်မလေးက သူအိမ်ထောင်သည်မို့လို့သာ တော်တော့တယ်တဲ့၊ ဘယ်သူ
မှ ဘာမှမတတ်နိုင်ကြဘူးလားဗျာ”။
နားထောင်နေတဲ့သူ အများစုအတွက်ကတော့နယ်ခံတွေမို့ သိပ်အဆန်းကြီးမဟုတ်လှပါဘူး။ သူတို့
လည်း ဒါတွေကြားနေကျဖြစ်ပြီး ဘယ်သူမှ ဘာမှလုပ်လို့ မရနိုင်မှန်းသိလို့ ဒီအတိုင်းနေနေကြတာပဲ ကြာ
လှပေါ့။
(၆) ဘားအံမြို့မီးစက်ကြီးနားက ပါတီလိုင်းလို့ခေါ်တဲ့ မဆလအိမ်ယာနားမှာပါ။ ရှေ့က လမ်းမကြီးတစ်ခုပဲ
ခြားတဲ့ စစ်တပ်ကတုတ်ကတပ်ကြပ်တစ်ယောက် အာပေါင်အာရင်းသန်သန်နဲ့ အဲဒီနားက လူငယ်
ကလေးတွေကို ပြောပြနေပါတယ်။
“ငါလိုးမသားပေါ်တာကွာ .. အချုပ်ခန်းထဲကထုတ်ပြီး ပစ္စည်းထမ်းဖို့ ကြိုးဖြည်ပေးလိုက်တာနဲ့ ငါ့ကို
တတောင်နဲ့တွတ်ပြီး တောင်ကုန်းပေါ်ကလှိမ့်ချသွားတာ သေလားရှင်လားတောင်မသိတော့ဘူး၊
တောင်စောင်းကမတ်ပြီး အောက်ကိုတောင် တွေ့ရတာမဟုတ်ဘူးကွ” တဲ့။
ဒါက “အထူးပေါ်တာ” လို့ခေါ်တဲ့ ပေါ်တာတစ်ယောက်နဲ့ပတ်သက်လို့ ရှေ့တန်းမှာ တပ်ကြပ်တစ်
ယောက်ရဲ့ ကြုံတွေ့ခဲ့ရပုံကို ပြန်ပြောပြတာပါ။ ဘယ်နေရာရောက်နေမှန်း အသေချာမသိပဲ၊ မိုင်းကွင်း
တွေအပြည့်နဲ့ အန္တရယ်များလှတဲ့ တောင်စောင်းကနေ လှိမ့်ချသွားတဲ့ အထူးပေါ်တာသမားရဲ့ အသက်စွန့်
လုပ်ဆောင်ချက်ဟာ သေမထူးနေမထူးတော့တဲ့ သူ့ရဲ့ဘဝကို တစေ့တစောင်း ဖေါ်ပြနေတယ်လို့ပြောရင်
လွန်မလား။
နောက်တစ်ဆင့်ထပ်ကြည့်ရင် ပေါ်တာမှာ အမျိုးအစားကွဲတွေ ရှိနေသေးတာ တွေ့ရပါမယ်။
(က) လုပ်အားပေး - အနိမ့်ဆုံးအဆင့်ဖြစ်ပါတယ်။ နာမည်လှပေမယ့် မသွားမနေရပါ။ တစ်ရွာစီရဲ့ လူခွဲ
တမ်းလျော့ရင် ပေါ်တာကြေးလိုပဲ ငွေကောက်ပြီးပေးလျော်ရပါတယ်။ အနည်းဆုံး
တစ်ရက်လုပ်ရပါတယ်။ ကနေ့အချိန်မှာ မြန်မာပြည်သူ ပြည်သားအတော်များများ သိထားပြီးဖြစ်မှာပါ။
(ခ) ပေါ်တာ - ဟုတ်ပါတယ် “ပေါ်တာ” ပါ၊ သာမန်ပေါ်တာကို ဆိုလိုပါတယ်။ တစ်လဝန်းကျင်ကြာကြာ
စစ်ကြောင်းနဲ့ လိုက်ရပါတယ်။ ၈၁ မီလီမီတာ စိန်ပြောင်းကျည် ၆ လုံး ထမ်းရတယ်ဆိုတာ
နဲ့ ထ္မင်းဖြူတစ်ပန်းကန်မှာ ဆားတစ်ပုံနဲ့ကျွေးတယ်ဆိုတာဟာ ပုံမှန်အနေအထားပါပဲ။ စစ်သားတွေက
သူတို့ ချောင်းအပစ်ခံရမှာစိုးလို့ စစ်ကြောင်းချီတဲ့အခါ ပေါ်တာတွေကို ကြားညှပ်ပြီးသွားတာ၊ ရှေ့ကနေ
မိုင်းပေးနင်းတဲ့အနေနဲ့ သွားခိုင်းတာတွေကလည်း ပုံမှန်ဖြစ်နေကျကိစ္စတွေပါ။
(ဂ) အထူးပေါ်တာ - ၃ လဝန်းကျင် ကြာတတ်ပြီး အတော်များများဟာ အပေါ်မှာတပ်ကြပ်တစ်ယောက်
ပြောခဲ့သလိုပဲ အချုပ်ခန်းလိုဖွဲ့ထားတဲ့အခန်းတွေမှာ ကြိုးနဲ့ချည်ပြီးထည့်ထားတတ်
ပါတယ်။ ခိုင်းကာနီးမှ အပြင်ထုတ်၊ ကြိုးဖြည်ပြီးခိုင်းတာပါ။ လိုက်ရတဲ့တပ်ရဲ့အပေါ်မူတည်ပြီး ကွဲပြားမှု အ
မျိုးမျိုးရှိနိုင်ပေမယ့် သေချာတာတစ်ခုကတော့ အထူးပေါ်တာနဲ့ပါသွားသူတွေထဲ သေဆုံးမှုနှုန်းမြင့်တယ်
ဆိုတာပါပဲ။ နောက်ထပ်သေချာတာတစ်ခုကလည်း အဲဒီအထူးပေါ်တာနဲ့ ပါသွားသူတွေဟာ ဘယ်သူမှ
သူတို့ကိုယ်ပိုင်ရွေးချယ်မှုနဲ့ ပါသွားတာမဟုတ်ဖူး ဆိုတာပါပဲ။
(ဃ) အဌားပေါ်တာ - ခွဲတမ်းအလိုက် (ကျေးရွာတွေက) ပေါ်တာခေါ်တဲ့အခါ လူမပြည့်ပြည့်အောင် ဖြည့်
ရာက ပေါ်လာတာဖြစ်ပါတယ်။ “ပေါ်တာကြေး” လို့ခေါ်တဲ့ ငွေကောက်ခံမှုအတော်
များများရဲ့ ရေသောက်မြစ် ဖြစ်ပါတယ်။ ရွာထဲကမဟုတ်ရင် နီးစပ်ရာရွာတွေက ပေါ်တာအစားလိုက်ပေးမယ့်
သူအတွက် သင့်တင့်မယ့်ငွေကြေးပမာဏကို ရွာတွေမှာ ခွဲဝေကောက်ခံစုပေးရပါတယ်။ ရပ်ရွာလူကြီးတွေ
အတွက်တော့ ဆုပ်လည်းစူး စားလည်းရူးရတဲ့အဖြစ်ပေါ့။ ငွေကြေးပြဿနာတွေကလည်း များလွန်းလို့
မှတ်တမ်းများသာတင်ရမယ်ဆိုရင် စက္ကူစက်တစ်လုံးလောက်တည်မှ စာရွက်လောက်ပါလိမ့်မယ်။
(င) ကြေးစားပေါ်တာ - မြို့ပေါ်က ခပ်လည်လည်ဝယ်ဝယ်နဲ့ ကျပန်းသမားတွေများပါတယ်။ တိုင်းရင်း
သားမဟုတ်သူတွေ အများစုပါဝင်ကြပါတယ်။ ရွာတွေက ဘယ်လိုမှ ပေါ်တာ
ခွဲတမ်းအတွက် လူစားရှာလို့မရတဲ့အခါကျတော့ ပေါ်လာတဲ့ “ခွင်” တစ်ခုပါ။ ဒီလိုလိုက်မယ့်သူတွေကို
ဈေးကောင်းပေးရသလို မြို့ပေါ်မှာ လည်ပတ်ကျွမ်းကျင်သူတွေဖြစ်ကြလို့ စစ်ကြောင်းမထွက်ခင်ဖြစ်ဖြစ်
လမ်းတဝက်မှာဖြစ်ဖြစ် ထွက်ပြေးမှုနှုန်းများတဲ့ အတန်းအစားဖြစ်ပါတယ်။ ဌားမိတဲ့ ရွာတွေအတွက်
မိအေး ၃-၄ ခါနာအောင် သပွတ်အူအမှုတွေ ပေးတတ်တဲ့သူများလည်းဖြစ်ပါတယ်။ ဘယ်လိုပဲဆိုဆို ခါး
စည်းခံကြရတာကတော့ နယ်ဖက်ကလူတွေပါပဲ။
ဒါ့ပြင်တစ်လအတွင်း ၂-၃ ကြိမ်ဆက်တိုက် ပေါ်တာခွဲတမ်းပေးရတာ၊ ပေါ်တာကြေးကောက်တာမျိုး
တော့လည်း ရိုးနေပါပြီ။ ပေါ်တာကြေးမှာလည်း ပေါ်တာဌားဖို့ပေးရတဲ့ကြေး၊ ပေါ်တာလာမဖမ်းဖို့ ပေးရ
တဲ့ကြေးအပြင် ပေါ်တာပျောက်လို့၊ ပြေးလို့ ထပ်ပေးရတဲ့ကြေးတွေအပါအဝင် ပေါ်တာကြေးအစစ်အတု
တွေလည်းရှိတာမို့ ပြည်မသားတွေအတွက်တော့ အနည်းအကျဉ်းများ ထူးဆန်းမလားမပြောတတ်ပါ။
ခုနေအခါများမှာ ဒီပေါ်တာကိစ္စဟာ ဘားအံလိုမြို့ကြီးတွေပေါ်ကနေ (ပေါ်တာကြေးပေးရတာကလွဲ
ရင်) နယ်ဖက်ကိုတဖြည်းဖြည်း ရွေ့သွားနေပါတယ်။ မြို့ပေါ်မှာ ရုပ်ရှင်ရုံပိတ်ဖမ်းတာမျိုး၊ ဈေးထဲ လိုက်
ဆွဲတာမျိုးလိုတွေ နည်းလာပါပြီ။ မြို့နေလူတွေရဲ့ မြင်ကွင်းကနေ အသင့်အတင့်လွတ်ကင်းလာသယောင်
ဖြစ်ပေမယ့် ဆိတ်ကွယ်ရာ၊ သတင်းရဖို့ မလွယ်ရာနေရာတွေဖြစ်တဲ့ နယ်တွေမှာတော့ ပေါ်တာဖမ်းရာမှာ
ယောင်္ကျားတွေကို မိအောင်မဖမ်းနိုင်ရင် မိန်းမတွေကိုပဲဖမ်းပြီး လာရွေးခိုင်းတာမျိုး၊ ဖမ်းထားစဉ်မှာ
အမျိုးသမီးတွေကို စော်ကားတာမျိုးတွေကတော့ ဖြစ်နေတုန်းပါ။
အချို့အတွက်ကတော့ နိုင်ငံတကာအစီရင်ခံစာတွေမှာ တွေ့မိလိုက်တယ်ဆိုတာမျိုးတွေ အများကြီး
ရှိကောင်းရှိမှာပါ။ ဒါပေမယ့် ယုံဖို့ခက်ခဲနေတုန်းပဲလို့ ဆိုသူများအတွက် ကိုယ်တွေ့ခံကြရပါစေလို့ စေတနာ
ဆိုးမရှိပေမယ့် ကြားအောင်သိအောင်တော့ (အထူးသဖြင့် တိုင်းရင်းသားတွေ ခံစားနေကြရတဲ့) ဒုက္ခသုက္ခ
တွေအများကြီးထဲက “ပေါ်တာ” ဆိုတာလေးကိုပဲကွက်ပြီး အကျဉ်းလောက် ရေးပြောလိုက်ရပါသဗျာ။
နား၊ မျက်စိရှိသူများ ကြားကြ သိကြပါစေ။
မန်းကိုကို
၁၆၊ ၁၂၊ ၂၀၁၀
အော်...ပေါ်တာပေါ်တာ...
ReplyDeleteမကြုံဘူးပေမယ့် ကိုယ်ချင်းစာပါတယ်...
ပေါ်တာ ဆိုတာ ပေါတာ ကြောင့်ဆိုလားပဲ
ReplyDelete@ ရဲထွန်းဇော်
ReplyDeleteကိုယ်ချင်းစာတယ်ဆိုလို့ ဝမ်းသာပါတယ်။
မသိသေးသူတွေထဲက တစ်ယောက်စ နှစ်ယောက်စသိအောင် ဒီပို့စ်နဲ့ လက်ဆင့်ကမ်းပေးနိုင်လိုက်တယ် ဆိုရင်ပဲ ရေးရကျိုးနပ်ပါပြီ။
@ An Asian Tour Operator
ဆရာက ဦးသန်းရွှေကို ဆိုချင်တာလား၊ သူ့ခေတ်မှဖြစ်လာတာတော့ မဟုတ်ပါဘူးဗျာ။ ဖြစ်လာခဲ့တာ ဆယ်စုနှစ်ပေါင်းပဲ ကြာကြာလှပေါ့။
အခေါင်အထိပ်က ခေါင်းဆောင်တစ်ယောက်အနေနဲ့ ပေါ်လစီပိုင်းမှာတော့ သက်ရောက်မှုအများကြီး ပေးနိုင်ပါတယ်။ အောက်ခြေမှာကတော့ အခန့်သင့်သလို လုပ်ကြတာမို့ ရာနှုန်းပြည့်တော့ မသက်ဆိုင်ဘူးပေါ့။
တိုင်းရင်းသားတွေ အတော်များများက ဒါကို ဗမာလူမျိုးကြီးဝါဒရဲ့ အကျိုးဆက်တစ်ခုအဖြစ် မြင်ကြသလို ဒီမိုကရေစီဆိုမှ ဒီမိုကရေစီဆိုသူတွေကျပြန်တော့ စနစ်မကောင်းလို့ဖြစ်တယ်လို့ အဓိကထား ပြောချင်ကြပြန်ပါတယ်။
လူမျိုးရေးနဲ့ဆိုင်ဆိုင်၊ စနစ်ကြောင့်ဖြစ်ဖြစ်၊ အခြေခံစိတ်ထားတွေ ယိုင်နဲ့နေလို့ပဲဆိုဆို အကောင်အထည်ဖေါ်နေသူတွေရဲ့ အတွေးအခေါ် အဆုံးအဖြတ်တွေက အဓိကနေရာက ပါနေတာတော့ သေချာပါတယ်။ တခါ ဘာသာရေးကလည်း လူတွေရဲ့ဘဝကို အနည်းနဲ့အများ ပုံဖေါ်ပေးတာပါပဲ။ ဒါပေမယ့် ဘယ်စည်းဘောင်နဲ့ လမ်းကြောင်းပေးပေး၊ မကောင်းဆိုးဝါးနဲ့ သူတော်စင်အကျင့်သီလတွေဟာ လူတစ်ဦးစီရဲ့ အတွင်းထဲကပဲ လှုံ့ဆော်မှုမလိုပဲနဲ့တောင် ပေါ်ထွက်လာကြတာပါ။
ဘယ်သူမှ သင်ပေးစရာမလိုပဲ သိနိုင်တဲ့၊ စောင့်ထိန်းအပ်တဲ့ လူ့ကျင့်ဝတ်တွေကို စောင့်ထိန်းကြမယ်ဆိုရင်တော့ ရှေ့ကပြောခဲ့တဲ့ လူမျိုး၊ နိုင်ငံရေးနဲ့ ဘာသာရေးတွေကို အပြစ်တင်စရာကနေ လွတ်ကြမယ် ထင်ပါတယ်။
ပေါ်တာအကြောင်း အခုလို အကျယ်တ၀င့်ရေးပြတာ ကောင်းတယ်။ ကျုပ်တို့ကျောင်းလူငယ်ဘ၀ ဆယ်တန်းအောင်စ၊ ကျောင်းတွေပိတ်ထားပြီးအားယားနေကြတုံးကအထိတောင်၊ မန္တလေးကျုံးဘေးမှာ မှောင်ရိပ်ခိုသူတွေ၊ ဘူတာကြီးနားမှာ ခရီးသွားရင်း ဖြစ်သလိုညအိပ်ရသူတွေ ပေါ်တာအဆွဲခံရတယ်ဆိုမျိုး ခနခနကြားမိတယ်။ ကိုယ်တိုင်ကလဲ ညမိုးချုပ်အထိ ဂျင်ခြေလည်တတ်သူဆိုတော့ စိုးရိမ်လို့ အိမ်က သတိပေးကြတာတွေရှိတယ်။ ကံကောင်းလို့ ကိုယ်တိုင်တော့ မကြုံခဲ့ရဖူးဘူး။
ReplyDeleteဒါတွေဟာ ပြည်တွင်းမငြိမ်းချမ်းမှုနဲ့ စစ်အုပ်ချုပ်ရေးကြောင့် ဖြစ်လာတဲ့ ဆိုးကျိုးများဖြစ်တဲ့အတွက် မဆန်းဘူးလို့ပဲ ဆိုနိုင်မယ်ဗျ။ တပ်မတော်ဟာ သမိုင်းပေးတာဝန်ကို မနားမနေထမ်းရွက်နေလို့ တိုင်းပြည်ဟာ ဘယ်ခေတ်နဲ့မှမတူအောင် အဖက်ဖက်မှာ တိုးတက်ဖွံ့ဖြိုးနေပြီး ဆက်လက်တိုးတက်ဖို့ အခြေအနေကောင်းများကိုလဲ အောင်မြင်စွာ တည်ဆောက်ထားပြီးဖြစ်တယ်ဆိုတဲ့ စစ်ခေါင်းဆောင်တွေရဲ့ မစားရ၀ခမ်း ဖောရှော များကြားမှာ တိုင်းရင်းသားလူမျိုးစု ဒေသတွေက ပေါ်တာဆွဲတာ၊ အသက်ကိုဖက်ရွက်လောက်မှာ သဘောမထားတဲ့ စစ်တပ်ရဲ့ သဘောထားအမှန်တွေဟာ အခုလဲ လူတွေသိပြီးသလောက်သိနေကြပေမယ့်၊ ပိုလို့ ထဲထဲဝင်ဝင်သိပြီးကိုယ်ချင်းစာတရားပွားကြနိုင်ရင်၊ ဒီအဖြစ်ဆိုးတွေ လျော့ပါးသွားစေမယ်လို့ထင်တယ်။
အချို့ Apologists and alike နဲ့ စစ်တပ်လိုလားသူတွေပြောကြလေ့ရှိတယ်ဗျ။ အခြေအနေအရ စစ်တပ်က ကိုင်တွယ်နေရတဲ့အချိန်ဖြစ်နေတဲ့ ပြသနာတွေကြောင့် စစ်တပ်ပေါ်အပြစ်တင်၊ ထောက်ပြ၊ မကောင်းပြောနေတာတွေဟာ တိုင်းပြည်ကောင်းဖို့ အလားအလာကိုမရှေးရှုတဲ့အတွက် ဘာကြောင့် ဒါတွေပြောနေမှာလဲ ဆိုတဲ့ အဆိုမျိုးကို ခနခနမြင်နေကြားနေရတယ်။ ကိုယ်နဲ့ နီးစပ်တဲ့ အသိုင်းဝိုင်းထဲက အချို့လူတွေတောင် ဒီလို သဘောထားမျိုးရှိကြတယ်။ တကယ်ကတော့ ၈၈။ ၈၉ တုံးကလဲ လူထုရဲ့ မျှော်လင့်ချက်တွေကို မျက်ကွယ်ပြုပြီး၊ မဆလခေါင်းဆောင်တွေ လောင်းရိပ်က ရုန်းမထွက်ပဲ ပြည်သူတွေ အမုန်းကြီးမုန်းခဲ့တဲ့ မဆလကို ပုံစံတစ်မျိုးနဲ့ ပွဲထုတ်ဖို့ကြိုးစားခဲ့တာ ဒီစစ်တပ်၊ တိုင်းရင်းသားတွေကို စစ်မှန်တဲ့ နိုင်ငံရေးစကားမပြောပဲ အခြား ဖျားယောင်းမှုတွေနည်းပေါင်းစုံသုံးပြီး နောက်ဆုံး အတင်း ကိုယ့်အောက်ဆွဲသွင်းဖို့ကြိုးစားလာတာ ဒီစစ်တပ်၊ အေးချမ်းစွာ စေ့စပ်ပြောင်းလဲဖို့ကြိုးစားကြတဲ့ ဒေါ်စုအပါဝင်၊ ကိုမင်းကိုနိုင်ဦးဆောင်တဲ့ ကျောင်းသားခေါင်းဆောင်များကို တိုက်ခိုက်၊ ဖမ်းဆီးတာ ဒီစစ်တပ်၊ လက်လွတ်စပါယ်မြေသိမ်း အိမ်သိမ်းတာလဲ ဒီစစ်တပ်၊ ဘာလက်နက်မှ မပါတဲ့ ဒေါ်စုကို သေနတ်နဲ့ ၀ိုင်းချိန်၊ ပစ်ခတ်ဖို့အထိ လုပ်ခဲ့တာ၊ အမုန်းပွားခဲ့တာ ဒီစစ်တပ်၊ လူအုပ်နဲ့ ၀ိုင်းရိုက်သတ်ဖို့ လုပ်ခဲ့တာလဲ ဒီစစ်တပ်၊ ဒါကိုတောင် အဲဒီလို ဥပဒေမဲ့မတရားမှုများကို ခ၀ါချပြီး အတူလက်တွဲလုပ်ဖို့ ကမ်းလှမ်းတာကို ငြင်းဆန်နေတာ ဒီစစ်တပ်။ အဲဒီလိုစစ်တပ်ကို မတရားတာတွေ၊ မကောင်းတွေပြောမနေပါနဲ့တော့ ရှေ့ဆက်အလုပ်ဖြစ်အောင်ပဲ စေ့စပ်ပါ ပြောနေသူတွေဟာ၊ ဘယ်လို ethic, morality နဲ့ ပြောနေလဲ စဉ်းစားမရဘူး။
အပြစ်ပြောတာနဲ့ မတရားမှုတွေကို နောင်မဖြစ်အောင် ထောက်ပြတာ အတော်ကွာပါတယ်။ ဒီလိုမတရားမှုတွေ ရှိခဲ့တယ်၊ ရှိနေတယ်။ ဒါတွေကို နောင်အနာဂါတ်မှာ ခေါင်းဆောင်ဖြစ်လာမယ့် အမြော်မြင်ရှိတဲ့ စစ်အရာရှိများ ဟာ ပိုမိုသဘောပေါက်ပြီး၊ ဒါတွေနောင်မဖြစ်အောင်၊ အနည်းဆုံးတော့ လျော့ပါးသွားအောင် လုပ်နိုင်ရင် အခုလို ပြောရကျိုး၊ ရေးရကျိုးနပ်တာပေါ့ဗျာ။ တောင်အာဖရိကမှာ လဲ မင်ဒဲလားနဲ့De Klerk စကားပြောလို့ ပြေလည်မှုရခဲ့တဲ့အချိန်မှာ အသားအရောင်ခွဲခြားခဲ့တဲ့ လူဖြူအစိုးရရဲ့ လူ့အခွင်ရေးချိုးဖောက်မှု၊ ပြစ်မှုကျူးလွန်မှုများကို ပြန်လည်ဖေါ်ထုတ်ခဲ့ကြသေးတာပဲ၊ ကျူးလွန်သူတွေကို အပြစ်ပေးဖို့မဟုတ်ပဲ၊ ဒီလိုဝမ်းနည်းဖွယ်ရာဖြစ်ရပ်များ နောင် မဖြစ်စေရအောင် ရည်ရွယ်ခဲ့ကြတာပါ။ ဘယ်လောက်များ ရင့်ကျက်လိုက်တဲ့ ခေါင်းဆောင်များလဲ။ ကျုပ်တို့ တိုင်းပြည်မှာလဲ မင်ဒဲလားနဲ့ တူတဲ့ ခေါင်းဆောင်တော့ ရှိနေပြီ။ De Klerk လို ဖိလစ်ပိုင်ရဲ့ Ramos လို အမြော်မြင်ကြီးတဲ့ စစ်ခေါင်းဆောင်တွေ ပေါ်လာမှပဲ တိုင်းပြည်ဟာ မြန်မြန်နဲ့ သွေးထွက်သံယိုမရှိပြောင်းလဲ နိုင်မှာပဲ။
(ပေါ်တာအကြောင်းကနေ တိုက်ဆိုင်သွားလို့ ကိုယ်ပြောချင်ရာတွေ လျှောက်ပြောသွားလိုက်တာ ဆရာမန်းတော့ နဲနဲ အူချာပေါက်သွားမယ်ထင်တယ်)
ဝုတ်ပါတယ် ဆရာရယ်၊ စကားဘယ်က စရမှန်းတောင် မသိတော့ဘူး။
ReplyDeleteတစ်ပိုဒ်ချင်း ပြောကြည့်မယ်ဗျာ။
(၁) “ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဖူး” ဆိုတဲ့ စကားလေးကို သွားသတိရတယ်။ ကျနော်ကိုယ်တိုင်လည်း သားလိမ္မာလုပ်ခဲ့လို့ ဘာမှဆိုးဆိုးဝါးဝါး မတိုးခဲ့ရတာပါ။ ကျနော့် ဆယ်တန်းတုန်းက အရင်းနှီးဆုံး သူငယ်ချင်းကိုယ်တိုင် ဘားအံဈေးထဲ ပေါ်တာအဆွဲခံခဲ့ရတာပါ။ ဖြစ်ချင်တော့ သူ့အဖေက အပေါ်ကပြောခဲ့တဲ့ ကချင် (၂) တပ်ထဲက တပ်ကြပ်ကြီးတစ်ယောက်မို့လို့ ချက်ချင်းပြန်လွတ်လာဖူးတယ်။ အခြားသူသာဆိုရင်တော့ အနည်းဆုံးငွေနဲ့ သွားရွေးရဖို့ရှိတယ်။
မှတ်မှတ်ရရတစ်ခါရှိသေးတယ်။
ဘားအံနဲ့ ကော့ကရိတ်ကြား ပေါ်တာဖမ်းနေလို့ မြို့နှစ်မြို့ကိုဆွဲနေတဲ့ ကားတွေပေါ်မှာ မိန်းမချည်းပဲပါလာဖူးတာ။ အဲဒီတုန်းက ဂျစ်ကားပဲအသုံးများကြတော့ ယောင်္ကျားတွေစီးသလို ဘီးအဖုံး စက်ဖုံးတွေပေါ်ပါ တက်ပြီးစီးကြရလို့ အသည်းယားစရာ အင်မတန်ကိုကောင်းပါတယ်ဗျာ။ တစ်ကြိမ်မှာ ကျနော့်ရှေ့တင် ဘီးတစ်ဘီးကျွတ်ပြီး လမ်းဘေးကျသွားတာ မြင်ဖူးတယ်။ ဘယ်သူမှ ကြီးကြီးမားမား မထိခိုက်ခဲ့လို့ တော်သေးတယ်။
ဒုတိယအပိုဒ်က “ပြည်တွင်းမငြိမ်းချမ်းမှု” ဆိုတဲ့ စကားလုံးက အင်မတန်တာသွားပါတယ်ဗျာ။ အတော့်ကို ရှည်ရှည်ဝေးဝေး ပြော ရှင်း ငြင်းရမယ့် အနေအထားတွေရှိနိုင်တဲ့ စကားလုံးပါ။ နားတစ်ဖက်ကပဲ ကြားဖူးပြီး နားလည်မှုချော်နေသူတွေ၊ အလွဲသုံး ခုတုံးလုပ်သူတွေလည်း မရှားဘူးလို့ ပြောရမှာပေါ့။ နောင်မှပဲ လိပ်ပတ်လည်အောင် ပြောပါအုံးမယ်။
တတိယအပိုဒ်မှာပြောသလို စစ်တပ်ရဲ့ အဆိုးဖက်မြင်ကွင်းကို မမြင်ချင်သူတွေ အတွက်တော့ အင်မတန်မောမိတယ်ဗျာ၊ “၁ + ၁ = ၂” ဆိုတာကို ဘယ်လိုမှ ရှင်းပြလို့ လက်မခံသလိုပါပဲ။ ၁၉၆၀ မပြည့်ခင်ကတည်းက နိုင်ငံရေးကို ဝင်စွက်ဖက်ရာက အားမရလို့ အားလုံးချုပ်ကိုင်ပြီး တစ်ဗိုလ်ဆင်းတစ်ဗိုလ်တက် စနစ်နဲ့လုပ်လာတာ ခုထိကြိုးစားနေတုန်းပါ ဆိုတာမျိုးကတော့ လွန်လွန်းတယ်။ ကျုပ်တို့က လူတွေဗျ၊ သောမတ်အယ်ဒီဆင်လို အကြိမ်တစ်ထောင်စမ်းရစမ်းရ ဆိုတာမျိုးလုပ်နေရာက အပြစ်လည်း အပြောမခံနိုင်တာကတော့ အင်း ....
နောက်ဆုံးအပိုဒ်က တောင်အာဖရိက နမူနာကိုလည်း ကျနော်သုံးဖူးပါတယ်။ ဒါပေမယ့် ခုထိတော့ သွေးထွက်သံယိုမဖြစ်ပဲ ပြောင်းလဲနိုင်စရာတော့ မမြင်မိသေးပါဘူး။ ဒီလိုပြောပြန်တော့ အရာရာကို သံသယနဲ့ကြည့်နေတဲ့ စစ်တပ်ဖက်ကတွေးရင် “တွေ့တယ်မဟုတ်လား ငါတို့ကို ဒါးတပြင်ပြင်နဲ့ စောင့်နေကြတာ၊ ဘယ်လိုမှ အာဏာခွဲပေးလို့ မဖြစ်နိုင်ဖူး” လို့ မြင်နိုင်ပါတယ်။ ဒါပေမယ့် ကျနော့်အမြင်မှာတော့ သွေးထွက်သံယို ဖြစ်နိုင်ချေတွေထဲမှာ စစ်တပ်ထဲဖြစ်မှာတွေဟာ အချင်းချင်းလုပ်ကြမယ့်ဟာတွေပါ။ (အဝေမတည့်ဖူးပြောပြော ဒဏ်မခံနိုင်ကြလွန်းလို့ ဆိုဆိုပေါ့လေ၊)
တကယ်တန်းတော့ ဒီလိုဖြစ်အောင် စစ်တပ်ကပဲ အဆက်ဆက်ပြင်ဆင်ပေးခဲ့တာပါ။
နိုင်ငံတစ်နိုင်ငံကို ကာကွယ်ရအောင်၊ ငြိမ်းချမ်းမှုရှိအောင်နဲ့ တည်ထောင်ရာတွေမှာ စစ်တပ်အခန်းကဏ္ဍဟာ ဘယ်လိုမှ ရှောင်လွဲလို့ မရနိုင်တာ၊ နိုင်ငံတစ်နိုင်ငံမှာ စစ်တပ်တစ်ခုတည်း ရှိရမှာတွေဟာ အမှန်တွေပါ။ ဒါတွေနဲ့ပတ်သက်လို့ အခြေအနေ အနေအထားတွေ၊ အကောင်အထည်ဖေါ်ပုံတွေဘက်မှာ ပြဿနာကြီးကြီးမားမား ရှိနေတယ်ဆိုတာ လူတွေသဘောပေါက်သလို လုပ်နိုင်အားရှိတဲ့ စစ်အရာရှိကြီးတွေ လက်ခံလာတဲ့တစ်နေ့တော့ လို့သာမျှော်လင့်ရရင်တော့ ....
(တော်လောက်ပြီထင်ပါရဲ့ ဆရာလုပ်သလို ဖြစ်နေအုံးတော့မယ်၊)
ပေါ်တာနဲ့ပတ်သက်လို့ပဲ စာရင်းချုပ်ရရင်တော့ အမှန်မှာ အပေါ်ကပို့စ်ထက် ပြောပြချင်စရာတွေ ရှိပါသေးတယ်။ ရေးပြသင့်တဲ့ လိုရင်းတွေနဲ့ပဲ နည်းနည်းကျစ်လျစ်အောင် ရေးလိုက်တာမို့ အသေးစိတ်အချို့ကို ချန်ခဲ့ပါတယ်။ ဒီပို့စ်ကို ရေးရတဲ့နေရာမှာ ဝန်လေးစရာအချို့လည်း ရှိပါသေးတယ်။ အသေးစိတ်မပြောချင်ပေမယ့် တချိန်ကျရင်တော့ အရင်ထောက်လှမ်းရေး ၂၅ တပ်ဖွဲ့တပ်မှူး ဗိုလ်မှူးစောစေးထူး ဆီကများ ကျနော့်ယောက်ဖရဲ့ အကြောင်း (သို့မဟုတ် သူ့ရဲ့နောက်ဆုံးခရီး) ကို သိလိုသိငြား မျှော်လင့်မိပါတယ်ဗျာ။
How about dick heads from KNU and KNLA?
ReplyDeleteAre they so innocent and peace loving
patriots? Come on! Dick heads like Saw
Ba U Gyi started those shits and that
made dick heads from Burmese army slowly
become like that. So if you blame, blame
those past dick heads like SanSi Poe too!
တရားပွဲမှာ သွားဆဲတဲ့ ဘုန်းကြီးတစ္ဆေတစ်ကောင် ရောက်နေပါလားကွ။
ReplyDeleteလည်ပင်းအညှစ်ခံရလို့ ရှူံ့မဲ့နေသူကို “မင်းရှူံ့မဲ့နေလို့ ငါလည်ပင်းညှစ်တာ” ဆိုတာကတော့ လေးစားလောက်ပါတယ်။ မျိုးချစ်လိုလို စစ်ခွေးလိုလိုနဲ့။
အမေရိကန်နိုင်ငံသား အဖြစ်ကတောင် စွန့်လွတ်ပြီး မြန်မာပြည်ပြန်လာနေခဲ့တဲ့ (Sir) ဒေါက်တာစောစံစီဖိုးကိုပါ စော်ကားဖို့ ကြိုးစားနေတာတော့ နံ့သာဆီနဲ့ အီအီးလို ဘလော့ညစ်ပတ်ရုံပါ ဦးလေးရာ၊
မေ့သွားလို့ ဦးလေး၊ ကျနော် ကျော်ထူးပါ။
ReplyDeleteစာပို့ထားတယ်ဗျ ၊ ဖြစ်နိုင်ရင် စာအမြန်ပြန်ဗျို့ ၊ ရည်သွေးဏီ
ReplyDeleteရောက်ခဲ့ပါတယ်...ဟူးးးးးးးးးးးးးးးးးးးးး
ReplyDelete