အလာများရှိကြလေရာ ကရင်လူမျိုးများတွင် ဝါခေါင်ခြည်ဖြူဖွဲ့ပွဲ (သို့) ခြည်ဖြူဖွဲ့မင်္ဂလာ (သို့) လက်ချည်ပွဲ
သည် ထင်ရှားသော၊ အရေးကြီးသောရိုးရာဓလေ့တစ်ခု ဖြစ်ပေသည်။
လက်ချည်ခြင်းတွင် ကျယ်ပြန့်သောအနက်အဓိပ္ပါယ်များ ပါရှိရည်သန်သည့်အပြင် အမျိုးအစားအားဖြင့်
လည်း သုံးမျိုးသုံးစား ခွဲခြားထားရှိပါသည်။ ၄င်းတို့မှာ -
(၁) မကျန်းမမာဖြစ်နေသူများအတွက် လိပ်ပြာခေါ်ဆုတောင်းလက်ချည်ခြင်း၊
(၂) ထိမ်းမြားမင်္ဂလာလက်ချည်ခြင်း၊
(၃) ဝါခေါင်လလက်ချည်ခြင်း တို့ဖြစ်ကြသည်။
ဤဆောင်းပါးတွင်မူ ဝါခေါင်လလက်ချည်ခြင်း (ခြည်ဖြူဖွဲ့ပွဲ) ကိုသာအဓိကထား၍ လက်လှမ်းမှီသမျှ
တင်ပြသွားပါမည်။
နိဒါန်း
ဝါခေါင်လခြည်ဖြူဖွဲ့ပွဲကို ကရင်လူမျိုးတို့သည် အစဉ်အဆက် နှစ်စဉ်ဝါခေါင်လဆန်း (၁) ရက်နေ့မှစ၍
လပြည့်နေ့အထိ (ကရင်လ “လာခေါင်” နှင့် ရောမလ “သြဂုတ်လ”) ရက်များအတွင်းကျင်းပပြုလုပ်ကြရာ
မိသားစုအလိုက်၊ ရွာအလိုက်၊ နယ်အလိုက်ကျင်းပခဲ့ကြပြီး၊ ယခုအခါတွင် ကမ္ဘာ့နေရာဒေသအနှံ့ရောက်ရှိနေ
ကြသည့် ကရင်လူမျိုးများအကြား အမျိုးသားရေးအသွင်ဆောင်သောဓလေ့တစ်ရပ်အဖြစ်သို့ ရောက်ရှိလာခဲ့
ပြီးဖြစ်သည်။
ကရင်လူမျိုးများသည် တရုတ်ပြည်တောင်ပိုင်းမှနေ၍ သံလွင်၊ မဲခေါင်နှင့် ယန်စီမြစ်များအတိုင်း စုန်ဆင်း
ခဲ့ကြပြီး ရေကြည်ရာမြက်နုရာ အရှေ့တောင်အာရှနိုင်ငံများတွင် ပျံ့နှံ့နေထိုင်လာခဲ့ကြရာ အများစုကြုံတွေ့
ကြရသော မုတ်သုံမိုးရာသီအတွင်းကျသည့် ဝါခေါင်လတွင် ခြည်ဖြူဖွဲ့ပွဲကိုကျင်းပကြပါသည်။ ဤကာလ
သည် အစဉ်အဆက်လယ်ယာလုပ်ငန်းကို အများစုလုပ်ကိုင်ခဲ့ကြသော ကရင်လူမျိုးများ၏ ခေတ္တအားလပ်
ချိန်ဖြစ်လေရာ ရှေးဘိုးဘွားများက သူတို့၏သားမြေးများအတွက်အသင့်တော်ဆုံးအချိန်ကာလကို တမင်
ရွေးချယ်ပေးထားခဲ့သည်ဟု ယူဆစရာရှိပေသည်။
ရည်ရွယ်ချက်နှင့် သမိုင်း
ကရင့် ဝါခေါင်လခြည်ဖြူဖွဲ့ပွဲသည် ရည်ရွယ်ချက်အနေဖြင့် ကျယ်ပြန့်သည်သာမက ကရင်လူမျိုးတို့၏
သမိုင်းနှင့်လည်း သက်ဆိုင်မှုများရှိနေပေသည်။
နှစ်စဉ် ဝါခေါင်လ (လါခေါင်) ရောက်တိုင်း မိသားစုများ၊ တစ်နယ်တစ်ကျေးထဲသားများပြန်လည်စုစည်း
ကာ စိတ်ဝမ်းမကွဲပဲ အချင်းချင်းချစ်ကြည်ရင်နှီး သွေးစည်းခိုင်မြဲစွာဖြင့် ကိုယ့်လူမျိုးကို ပြန်လည်ထိန်းသိမ်း
စောင့်ရှောက်ရန်၊ စိတ်ဓါတ်ဖြူစင်စွာထားရှိကာ ကောင်းမြတ်သောကိုယ်ကျင့်တရားများကိုကျင့်ကြံ၍ မိမိတို့
၏အမျိုးသားယဉ်ကျေးမှု၊ ဓလေ့အမွေအနှစ်များကို ထိန်းသိမ်းပြန့်ပွားစေရန် လူကြီးသူမများမှနေ၍ လူငယ်
လူရွယ်သားသမီးမြေးမြစ်များအား တစ်စုတစ်စည်းတည်းလမ်းညွှန်ဆုံးမသြဝါဒပေးကာ မေတ္တာပို့သဆု
တောင်းပတ္ထနာပြုပေးနိုင်ကြစေရန်များအတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်ပေသည်။
၎င်းပြင် ဝါခေါင်လသည် သဘာဝအားဖြင့်မိုးသည်းထန်ပြီး အစာရေစာလည်းနည်းပါးသည့်ကာလဖြစ်
သည့်အပြင် အလွန်လည်းအေးချမ်းလှသဖြင့် လူအများစားသောက်၍ အလွန်ကောင်းကြသည်။ သို့ရာတွင်
စားသုံးသလောက် (အထူးသဖြင့်ငယ်ရွယ်သူများတွင်) အဆီအသားဖြစ်ကာ ဝဖြိုးလာကြသည်ဟူ၍မရှိသ
လောက်ဖြစ်ကာ မကောင်းဆိုးဝါးများဝင်ရောက်ပူးကပ်နေသကဲ့သို့ပင် ထင်မြင်ရလေရာ ဝါခေါင်လ (လါ
ခေါင်) ကို ရှေးလူကြီးတို့က မကောင်းဆိုးဝါးများကျက်စားရာလ (လါဖူ့ လာနား) ဟုသတ်မှတ်ပြီး သားသမီး
မြေးမြစ်၊ လူငယ်လူရွယ်များအား မကောင်းသောဝိဥာဉ်လိပ်ပြာများမှကွယ်ကာ၍ ထိုကာလ၌ပေါများသော
ရောဂါအနာများမှလည်းကင်းဝေးစေဖို့ရန် တစ်စုတစ်စည်တည်းစုရုံး၍ ဆုတောင်းမေတ္တာပို့သ ကောင်းချီး
ပေးကြခြင်းဟုလည်း ရှေးစာပေများတွင်ပါရှိလေသည်။
အဆိုတစ်ခုတွင် ကရင်လူမျိုးများ တရုတ်ပြည်တောင်ပိုင်းမှ အစုလိုက်အသုတ်လိုက် မြစ်ကြောင်းများအ
တိုင်း စုန်ဆင်းရွှေ့ပြောင်းကြရာဝယ် ခေါင်းဆောင်များမှတိုင်ပင်ကာ နောင်သားစဉ်မြေးဆက်ရောက်လေရာ
ရာ၌ ပြန်လည်ဆုံတွေ့ကြလျှင် အမျိုးအဆွေအချင်းချင်း မှတ်မိသိရှိနိုင်ကြစေဖို့ရာ အမှတ်အသားဖြစ်ရလေ
အောင် ဓလေ့ထုံးတမ်းအဖြစ် ထားရှိခဲ့ကြသည်ဟု ဆိုပါသည်။ သို့ဖြစ်ရာ ခြည်ဖြူဖွဲ့ပွဲကိုစတင်ခဲ့သော နှစ်
အပိုင်းအခြားကို အတိအကျမသိရသော်ငြားလည်း ကရင့်ပြက္ခဒိန်အရ နှစ်ပေါင်းနှစ်ထောင်ကျော်ခဲ့ပြီဟု မှတ်
ယူနိုင်ပေသည်။
နောက်အဆိုတစ်ခုတွင်လည်း ကရင်လူမျိုးများသည် ရှေးအခါကရေကြည်ရာမြက်နုရာ၊ အေးချမ်းရာဒေ
သများသို့ စုပေါင်းပြောင်းရွှေ့ခဲ့ကြရာတွင် တရုတ်ပြည်တောင်ပိုင်းသို့မရောက်မီ ဂိုဘီသဲကန္တာရ (Gobi/
Kobi - အဆုံးမမြင်ရသော၊ ကျယ်ပြန့်သောတော) ကိုဖြတ်ကျော်ခဲ့ကြရာဝယ် များစွာသောအစုတို့သည်
မကောင်းသော ဝိဥာဉ်လိပ်ပြာ သဲကန္တာရဘီလူးတို့၏ (တံလျှပ်ကိုရေထင်စေခြင်းများအပါအဝင်) လှည့်ဖျားမှု
များကြောင့် ဒုက္ခရောက်ခဲ့ကြသည်များ၊ သေဆုံးခဲ့ကြရသည်များရှိခဲ့ရာ၌ ခရီးလမ်းကို အောင်မြင်စွာကျော်
လွှားနိုင်ခဲ့ကြသည့်လူကြီးသူမများမှ နောက်နောင်တွင်မကောင်းသော ပယောဂ၊ ဝိဥာဉ်လိပ်ပြာများနှင့် ဒုက္ခ
ဘေးဘယာများ၏ရန်မှ ကွယ်ကာသောဓလေ့ထုံးတမ်းတစ်ရပ် ဖြစ်လာစေခဲ့သည်ဟုလည်း အဆိုရှိပါသည်။
ဤအဆိုကိုထောက်လျှင် ခြည်ဖြူဖွဲ့ခြင်းအလေ့သက်တမ်းသည် နှစ်ပေါင်းသုံးထောင်ကျော်ခဲ့ပြီဟု ဆိုနိုင်ပေ
သည်။
ကရင့်ဆိုစကားများအရ ကရင်တို့အားဦးဆောင်လမ်းပြခဲ့သော မုဆိုးကြီးဖူ့ထော်မဲပါသည် လမ်းတွင်ခရု
ဖင်ချွန် (ခြည်ဖြုဖွဲ့ပွဲတွင် သရုပ်တူကောက်ညှင်းထုပ်ဖင်ချွန်ကလေးများ ပါရှိသည်) များကိုတွေ့ရာတွင်
ခရုကလေးများတစ်စုတစ်စည်းတည်းနေသောအခါ ပတ်ပတ်လည်အချွန်အတက်များဖြစ်နေပြီး ရန်သူများ
လွယ်လင့်တကူအန္တရာယ်မပြုနိုင်သည်ကို ဆင်ခြင်မိသည့်အပြင် နောင်တစ်ချိန်၌ ကရင်လူမျိုးတို့ တကွဲ
တပြားဖြစ်လာကြမည့်အရေးကိုမျှော်မြင်မိကာ မှန်မှန်ပြန်လည်တွေ့ဆုံရင်းနှီး သွေးစည်းညီညွတ်စေမည့်
ခြည်ဖြူဖွဲ့ပွဲဓလေ့ကို စတင်စေခဲ့သည်ဟုဆိုပါသည်။ မည်သို့ပင်ဆိုစေ ခြည်ဖြူဖွဲ့ပွဲဓလေ့၏သက်တမ်းသည်
နှစ်နှစ်ထောင်အောက်မလျော့သည်ကိုတွေ့ရှိရပြီး ကောင်းမြတ်သောရည်ရွယ်ချက်များဖြင့် ပြည့်စုံသော၊
ထိန်းသိမ်းသင့်သော ရိုးရာဓလေ့တစ်ခုဖြစ်သည်မှာ အသေအချာပင်ဖြစ်ပါသည်။
(ခြည်ဖြူဖွဲပွဲနေ့တွင် ရိုးရာတူရိယာများကို ပါဝင်တီးခတ်ယှဉ်ပြိုင် ဖျော်ဖြေကြမည့်လူငယ်များ)
(ဒုတိယပိုင်းသို့ ဆက်ရန်) .....
မန်းကိုကို
၂၂၊ ၀၈၊ ၂၀၁၀
- ဤရက်ပိုင်းအချိန်ကာလသည် ခြည်ဖြူဖွဲ့ပွဲကျင်းပရာကာလဖြစ်ပါသည်။
- များစွာသောစာအုပ်စာပေများတို့၌ ခြည်ဖြူဖွဲ့ပွဲအကြောင်း ရေးဖွဲ့ထားခဲ့ပြီးကြပြီးဖြစ်၍ ဤဆောင်းပါးတွင်
မှားယွင်းလွဲချော်မှုများမြင်တွေ့ပါက ပြင်ဆင်နိုင်ဖို့ရန်အသိပေးစေလိုပါသည်။
- ၂၁၊ ၀၈၊ ၂၀၁၀ နေ့တွင် သြစတြေးလျနိုင်ငံ ဆစ်ဒ်နေမြို့နှင့် ၂၂၊ ၀၈၊ ၂၀၁၀ နေ့တွင် မဲလ်ဘုန်းမြို့တို့၌
ခြည်ဖြူဖွဲ့ပွဲများအောင်မြင်စွာကျင်းပသွားကြကြောင်းလည်း ကြားသိရပါသည်။
ကရင်မလေးတွေကချစ်စရာကောင်းလိုက်တာနော်...
ReplyDeleteကိုမန်း ရေ..
ReplyDeleteလူညံ့လို့ ပြောလည်း ခံရမှာပဲ.. ကရင် အသိတွေ အများကြီးနဲ့ နှစ်ပေါင်းများစွာ နေခဲ့ပြီးတော့ လက်ချည် ပွဲအကြောင်းကို အခုလို သေသေချာချာ မသိခဲ့ဘူး..။ ရေးပေးတာ ကျေးဇူးပါ.. ။
ခင်တဲ့ ကရင် သူငယ်ချင်းက အဲဒီလက်ချည် ပွဲကို ဖိတ်တယ်.. ဝေးလွန်းလို့ မသွားဖြစ်ဘူး..။ နော်ဝေးမှာလည်း တချို့ နေရာတွေမှာ ဒီနေ့လုပ်ကြတယ်.. လို့ ထင်ပါတယ်..။ ကြည်နူးစရာပဲ..ကိုယ့်ဓလေ့ကို လွတ်လွတ်လပ်လပ်နဲ့ လုပ်ခွင့်ရတဲ့အတွက်..။
ကိုမန်းရေးတာဖတ်ပြီး တခုစဉ်းစားမိတယ်.. မြန်မာပြည်တော့ ကရင်တွေလုပ်တယ်ပေါ့နော်.. တကယ်လို့ တရုတ် ဘက်ကနေ အဲလို ဆင်းသက်လာခဲ့တဲ့ ကရင် လို အခြားသော အမည်နဲ့ လူမျိုးတွေလည်း ဒါမျိုး လုပ်တဲ့ ဓလေ့ တနေရာရာမှာ ဒီကနေ့အထိ ရှိနေတယ်ဆိုရင်ဖြင့် မြန်မာပြည်သား ကရင်တွေနဲ့ မျိုးတူ များပြောလို့ရမလား မသိဘူးနော်.. သူတို့ကတော့ တခြားမှာရှိနေတော့ အခြား အမည်နဲ့ ဖြစ်နေမယ်ထင်တယ်..။ ထင်တာတွေ ပြောနေတာပါ..။
ဆက်ရေးမဲ့ အပိုင်း ၂ ကို စောင့်နေတယ် ကိုမန်းရေ..။
မဗေဒါ (၈၈)
စိတ်ဝင်စားစရာပဲ။ ပြည့်ပြည့်စုံစုံ ရေးပါဗျို့။
ReplyDeleteAATO - ဆရာ၊ ပထမပိုင်းက သမိုင်းကြောင်းကလေးတွေနဲ့မို့လို့ ဖတ်လို့ကောင်းနေတာ။ နောက်နှစ်ပိုင်းကျမှ မျက်ခွံဒေါက်ထောက်ပြီးဖတ်နေရမယ်ခင်ဗျ :-)
ReplyDeleteမဗေဒါ(၈၈) - မညံ့ပါဘူး ဆရာမရယ်၊ ကျနော်တောင် ဒီစာကိုစမရေးခင် ဒီလောက်မသိခဲ့ပါဘူး။ လက်ချည်တာတောင် ဒီနှစ်မှ တစ်သက်မှာ ပထမဆုံးစချည်ဖြစ်ပါတယ်။ ပိုညံ့တယ်ပဲ ပြောရတော့မယ်ထင်တယ်။ ဒါပေမယ့် ဘယ်သူမှမွေးကတည်းက သိ၊ တတ်လာတာမရှိတာမို့ စိတ်ထဲတော့ ရှက်တာ၊ ရွံ့တာမရှိပါဘူး။ အခု ကရင်တွေ နိုင်ငံရပ်ခြားရောက်ကြရပြီး လွတ်လွတ်လပ်လပ်လုပ်ခွင့်ရနေကြတော့ ဗိုလ်ချုပ်ခင်ညွန့်ပြောခဲ့တဲ့ နောင်ဆို ကရင်တွေကို ပြတိုက်ထဲမှာပဲသွားရှာရလိမ့်မယ် ဆိုတာ လွဲချော်စရာ အကြောင်းဖန်လာတယ်လို့ပဲ ပြောရမယ်ထင်ပါရဲ့။
ကရင်ဆိုတဲ့နာမည်က ထိုင်းလူမျိုးတွေခေါ်တဲ့ “ကရီယန်” ဆိုတဲ့စကားကနေ ဆင်းသက်လာဟန်တူပါတယ်။ တရုတ်နိုင်ငံအပါအဝင် အခြားနိုင်ငံတွေမှာ နာမည်အမျိုးမျိုးနဲ့ စကားတွေ အတော်အသင့်ကွဲကုန်တာတွေ ရှိနိုင်ပါသေးတယ်။ ကွဲကွာလာကြတာပဲ နှစ်ပေါင်း ၃၀၀၀ ဝန်းကျင်ရှိခဲ့ကြပြီကိုး။ တရုတ်ပြည်မှာတင် သန်း ၅၀ လောက် ကျန်နေသေးတယ်လို့ ဆိုသူတွေရှိပါတယ်။ သုတေသနလုပ်စရာ၊ လေ့လာပြုစုစရာတွေ အများကြီးလုပ်ကြရပါအုံးမယ်။ ကိုယ့်လူတွေ တာဝန်မကြေနိုင်ကြရင်တော့ သမိုင်းပျောက်ဘဝနဲ့ ဆက်လျှောက်နေကြရအုံးမှာပေါ့။
ဆောင်းပါး ဒုတိယအပိုင်းကတော့ အပေါ်မှာပြောသလိုပဲ ပျင်းစရာကောင်းလာပါလိမ့်မယ် ခင်ဗျ။ အဓိပ္ပယ်ဖွင့်ဆိုချက်အပိုင်းတွေ ဖြစ်လာပါလိမ့်မယ်။
blackroze - ကရင်မကလေးတွေ ချစ်စရာကောင်းဆို ဆောင်းပါးရေးတဲ့လူကိုပဲကြည့်လေ၊ ပုံမှာမြင်တယ်မဟုတ်လား .. ပင်လယ်နတ်ဘုရားလို သုံးခွလှံတံကြီးကိုကိုင်၊ ဘေးမှာက နဂါးကြီးနဲ့လေ။ စိတ်ကူးထဲမှာတော့ တော်တော်တူတာပါပဲ။ ပင်လယ်ထဲကနေ ကုန်းပေါ်တက်လာလို့သာ နဂါးကို နားကားတဲ့ တော်ဝင်ဝက်အသွင် ပြောင်းထားရတာလို့ သဘောထားပါတယ်။
လာအားပေး မှတ်ချက်ရေးကြသူအားလုံးကို ကျေးဇူးတင်ပါတယ်။ ကိုယ်ရှာစုစည်းတင်ပြလိုက်တာ အကျိုးနည်းနည်းရှိသွားရင်ပဲ ဝမ်းသာလှပါပြီ။
ဇူးက တိုင်းရင်းသားတွေ ဓလေ့ကို တအားစိတ်ဝင်စားတယ်... ဖတ်ရလို့လည်း ကျေးဇူးပါ...ကိုမန်းရေ...
ReplyDeleteကျဝ့် စ၀်စ၀်(မန်းကိုကို) ဆ်ုဂုဏ်ဟှဝ့် ။ယ်ုမ်ုအင်းဏင်ဏီ့ ထါင်လ်ု့ ယ်ုဖဲာ ဘ်ု အိုဝ်ဏယ့်ီယှူးမ်ုလာ့ဆာ်။
ReplyDelete