ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Saturday, July 17, 2010

ကြုံရဆုံရ ဒီငတ .. (အဲ..) ဒီဘဝ၊



   နိုင်ငံရေးသမားအချို့၊ တိုင်းရင်းသားခေါင်းဆောင်အချို့တို့နှင့် စကားစမြည်ပြောခွင့်တွေ ကြုံခဲ့ဖူး
ပါသည်။ သူတို့ပြောပြသည်များကို နာကြားမှတ်သားရရာမှာလည်း ရင်သပ်ရှုမောစရာများတွေပါ။
မှန်သည်၊ အမျှော်အမြင်နှင့် သာမန်မမြင်နိုင်သော့ သုံးသပ်ချက်များနှင့် ပြည့်ဝသည်။ ဒါ့ပြင် မြန်မာ
ပြည်နှင့်ပတ်သက်လျှင် မင်းတို့လူငယ်တွေ တာဝန်ဆက်ယူကြဟု မှာကြားတတ်ကြသေးသည်။


  ဤသို့ဖြင့် အမြှောက်ကြိုက်သော ကျနော့်မှာ ဖားကိုတု၍ ခရုခုန်ကြည့်မိတော့သည် ဟူ၍ဆိုရမည်
လားတော့မသိ။ နီးစပ်ခင်မင်သူများကို ကိုယ်တွေးမိသမျှ၊ မြင်မိသမျှများကို အားမနာ လျှာမကျိုး
ပြောပြမိတတ်သည်။ “ဟုတ်တယ်ဗျ၊ မှန်တာပေါ့အကိုရေ” ဟုဆိုလျှင် ဂွမ်းဆီထိသည်။ နောက်တစ်
ကြိမ်ထပ်တွေ့လျှင် ထပ်တွေးမိသည်များကို ထပ်ပြောသည်။ ရှေ့ကဆိုခဲ့သလို ထောက်ခံချက်များ
ရပြန်ရင်းဖြင့် ပြီးသွားပြန်သည်။ ဘာအလုပ်မှတော့ ဖြစ်မလာ။ ခုလိုနောက်ပိုင်း မတွေ့နိုင်ကြတော့
သောအခါမှာတော့ ငါတို့တော့ ဝဋ်ကျွတ်လေပြီဟု တွေးကြလေသလားတော့ မပြောတတ်ပါ။ အီး
မေးလ်း ဆယ်ခါပို့လျှင် ကြွက်တွင်းထဲ ရေဆယ်ပေါက်လောက်ကျသွားသလို ဘာမှပြန်မမြင်ရတော့။

  မည်သို့ပင်ဆိုစေကာမူ အမှတ်သညာနည်းပါးလှသော ကျနော့်မှာ တွေးမိသမျှတွေကို လက်တွေ့
ဘဝဆီသို့ ဆက်လက်ကာသယ်ဆောင်လာမိမှားရင်း မှားနေပြန်တော့သည်။ အမှားများထဲတွင်
အမှတ်ရစရာ အဖြစ်ကလေးတစ်ချို့လည်းရှိသည်။

  လွန်ခဲ့သော ၅ နှစ်ကျော်ခန့်ကဖြစ်သည်။ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းကြီးတစ်ခုမှ
အငယ်တန်းအရာရှိအချို့နှင့် စကားဝိုင်းဖွဲ့မိသည်။ ထိုဝိုင်းတွင် ပြောဆိုကြရင်း စကားလေးတစ်ခွန်း
မေးဖြစ်သည်။ အခြားတော့ မဟုတ်ပါ၊ ဤကဲ့သို့ကြီးမား၍ ကိုယ်နှင့်လည်း သက်ဆိုင်သည်ဟု
သဘောထားသော “သူတို့၏တိုင်းရင်းသားအဖွဲ့ကြီးအကြောင်း ကျနော်ဘာ့ကြောင့် ဂဃနဏ မသိ
ရပါသလဲ” ဟုဖြစ်သည်။ အကုန်အကျခံထားသော ယမကာများ၏မျက်နှာကြောင့်ထင်သည်၊ ပြုံး၍
ဖြေကြသည်။ “မင်းညံ့လို့ပေါ့ကွ” ဟူ၏။ အဲ၊ ဟုတ်သည်ပဲ၊ ကိုယ်မှ မရမကလိုက်မစုံစမ်း မိခဲ့သည်ကိုး။

  သတိထားမိသည်က ဤနေ့ဤအချိန်သို့တိုင်သော်လည်း ထိုအဖွဲ့အစည်းနှင့်ပတ်သက်၍ စာတစ်
စောင်ပေတစ်ဖွဲ့မဆိုထားနှင့် လက်ကမ်းစာစောင်ကလေးတစ်စောင်ပင် မမြင်ရဖူးသေး၊ သိသူများ
ကလည်း ဒါတောင်မသိရန်ကော ဆိုတဲ့အကြည့်များဖြင့် ပြန်ကြည့်တာသာ ခံရသည်။ ဒီတော့ တတ်
နိုင်သည်က စိတ်မကောင်းဖြစ်ရုံမျှသာ။ ကိုယ်လိုလူများ ရှိနိုင်သလို၊ ဤသို့သောအခြေအနေမျိုးကို
အားရကျေနပ်နေသူတွေလည်း ဒုနှင့်ဒေး ရှိနိုင်သည်။

  နောက်တစ်ကြိမ်မှာတော့ တစ်မျိုး။ NGO အဖွဲ့တစ်ခုမှာ လုပ်ကိုင်နေသူများအပါအဝင် တိုင်းရင်း
သားတစ်စုနှင့် စကားဝိုင်းဖွဲ့ကာ အနည်းအကျဉ်း ပြောဆိုဖြစ်သည်။ ထုံးစံအတိုင်း ယမကာကလေး
တော့ တည်ခင်းပေးလိုက်သည်။ ပြောနေစဉ်အတွင်း စဉ်းစားမိသည်တစ်ခုကို ချပြကြည့်သည်က
“refugee ဟူသည် ခိုလှုံသူသာဖြစ်သဖြင့် ဒုက္ခသည်ဟုမခေါ်ပဲ ခိုလှုံသူ၊ ခိုလှုံရာစခန်း စသည်ဖြင့်
ခေါ်ကြလျင် မကောင်းပေဖူးလား” ဟုပါ။ ပြောနေရင်း တစ်ယောက်ပြီးတစ်ယောက် ကြက်ပျောက်
ဌက်ပျောက် ပျောက်ကုန်သည်။ တစ်ယောက်သာကျန်သည်။ ကျနော်မှ အားကြိုးမာန်တက် ဆက်
ပြောသည်၊ သူကလည်း အားကြိုးမာန်တက် ဆက်သောက်သည်။ သူ၏ အလုပ်နှင့် ဘာသာရေး
နောက်ခံက refugee နှင့်ပတ်သက်က ပြန်ဆွေးနွေးနိုင်သည်ဟု မျှော်လင့်မိသည်။ ခဏအကြာဝယ်
အသောက်ရပ်ပြီး ပြန်ပြောလိုက်ပုံက “ကျနော်ကတော့ အမူးသမားပဲ၊ ဒါပေမယ့် refugee ဆိုတာ
အဓိပ္ပါယ်အများကြီး ရှိတယ်၊ အကိုပြောတာတော့ လက်မခံနိုင်ဘူး” ပါတဲ့။ သို့ဖြင့် အကြောင်းပြချက်
တစ်စုံတစ်ခုများ ထပ်ကြားရမည်လားစောင့်သော်လည်း ဒါကိုပင်ထပ်ပြောနေသောကြောင့် မျှော်
လင့်ချက်မရှိသည်မို့ နားလိုက်ရသည်။ ဆွေးနွေးပြောဆိုဖို့ရာ စိတ်အားထက်သန်မိကာ အဆိုပြုမိ
သော ကိုယ့်ကိုယ်ကိုသာ အပြစ်တင်မိသည်။ နောင်တစ်ချိန်တွင် တိုင်းရင်းသားညီအကိုများအကြား
ဆွေးနွေး၍ ဖြစ်နိုင်မည့်သူများ တွေ့လာရမည်ဟုသာ တေးထားလိုက်ရတော့သည်။

  များမကြာမီကတော့ စိတ်မကြေပွဲနွှဲမိပြန်ဖို့ရာ အကြောင်းကပေါ်လာသည်။ ကိုယ့်တိုင်းရင်းသားများ
အကြား online forum သဘောမျိုးဖြစ်ပါသည်။ စသည်နှင့် ဆောက်နှင့်အထွင်းခံရသည်။ ဆွေးနွေး
ပွဲအစတွင် မိမိနောက်ခံကို ပွင့်ပွင့်လင်းလင်းပြောပြီး မိတ်ဆက်လိုက်သည်နှင့် ကျနော့်ကိုပွင့်ပွင့်
လင်းလင်း ဆက်ဆွေးနွေးဖို့ရာ မည်သို့ယုံကြည်ရမည်နည်းဟု ကိုယ့်ကိုယ်ကိုပင် အသိမခံဝံ့သူတစ်
ဦးက စမေးတော့သည်။ ထားတော့၊ ပြောစရာများကို ဆက်တင်ပြသည်။ အနည်းအကျဉ်းဆက်
ဆွေးနွေးကြသည်။

  ရက်အနည်းငယ်ရသောအခါ အဖွဲ့တွင်ပါဝင်သော်လည်း ဝင်မဆွေးနွေးသူတစ်ဦးက “ဒီလို စကား
ကြီး စကားကျယ်တွေက တွေ့ဖူးထားပြီးသားပါ” ဟုဝင်၍ သြဘာပေးသည်။ ကိစ္စမရှိသေးပါ။
နောက်ဆုံးတစ်ဦးကတော့ မဆွေးနွေးသော်လည်း ဝင်ရောက်ရေးသားချက်ကပိုရှင်းသည်။ သူဆို
သည်က “အားလုံးမှာ ဆွေးနွေးဖို့ရာ equal right ရှိသည်၊ lecture ပေးသလိုမလုပ်ပါနှင့်၊ ကျနော်
စခဲ့သော ဤဆွေးနွေးပွဲကို မည်သို့ပင်အပြောခံရစေ မစွန့်ခွာသင့်” ဟုဖြစ်သည်။ ကျနော် ဥာဏ်
မမှီတော့ပါ။ ကိုယ့်အခွင့်အရေး (right) ကို အသုံးမပြုသူတစ်ဦးက အောက်ကျို့၊ အသနားခံတင်
ပြချက်များကိုသာ ဖတ်ချင်သည်ပဲလား။ စိတ်ထဲတော့ သိပ်မသေချာပါ။

  သေချာသည်ကတော့ တစ်ခုရှိပါသည်။ ထိုအရာမှာ ခြုံငုံပြီးပြောရလျှင် “တိုင်းရင်းသားများ၊ မြန်မာ
ပြည်သူ၊ ပြည်သားများသည် အချို့သောအရာများနှင့် မထိုက်တန်သေးပါ” ဟုဖြစ်သည်။ ဤစကား
သည် စစ်ဗိုလ်ချုပ်များနှင့် သူတို့၏လက်ကိုင်တုတ်များအနေဖြင့်တော့ အလွန်နားဝင်ပီယံဖြစ်မည့်
စကားစုဖြစ်ပါသည်။ အမှန်ကတော့ ငေါ့ပြောသော စကားများသာ ဖြစ်ပါသည်။ လူသားတစ်ဦး
ဖြစ်သဖြင့် ခံစားမှုများကို ဒေါသသံဖြင့် ဖွင့်ထုတ်ခြင်းမျှသာပါ။

  တဆက်တည်း အထက်ပါစကားနှင့် ဆန့်ကျင်သည့် ရင်တွင်းမှ စကားအချို့ကိုလည်း ဆိုချင်
ပါသေးသည်။ အရှည်မချဲ့လိုသဖြင့် လိုရင်းသာ ဖြစ်ပါသည်။ “တိုင်းရင်းသားများအပါအဝင်
မြန်မာပြည်သားများသည် လက်ရှိသူတို့ရရှိနေကြသော ဘဝအခွင့်အရေးများထက် သာလွန်သော
အနေအထားများနှင့် ထိုက်တန်ပါသည်၊ လူသားတစ်ဦးစီ၏ ဂုဏ်သိက္ခာနှင့်ညီသော အခွင့်အရေး
များကို ကိုယ့်ကိုယ်ကိုတင်မြှောက်ထားသော အုပ်ချုပ်သူများထံမှ ယခုထက်ပိုမိုရရှိသင့်ကြပါသည်၊
သူတို့၏ မသိရှိမှုများကို အကြောင်းပြု၍ မည်သည့်အရာကိုမှ မဆုံးရှူံးနေစေသင့်ပါ၊ အပြစ်ဟူ၍
ဖြစ်မနေစေသင့်ပါ” ဟုဆိုချင်ပါသည်။

  ထိုမျှဖြင့်လည်း ရပ်မနေလိုပါ၊ ဆက်သတိပေးလိုသည်က လူအများသိသင့်သိထိုက်သည်များနှင့်
မိမိတို့၏ အခွင့်အရေးများရှိသည်ကို သိရှိကြလေအောင် သိထားပြီးသူများနှင့် သတင်း၊ စာနယ်ဇင်း
များတွင် တာဝန်ရှိကြပါသည်။

  တာဝန်သိလျင် တာဝန်ရှိပါသည်။ သို့ဖြစ်၍ တာဝန်ရှိသည်ကို အကျဉ်းမျှသိမိသော ကံကောင်းသူ
မောင်ရှင် ကျနော့်မှာ ယခုဖတ်မိသူများကို နှမ်းတစ်စေ့စာ ပက်ဖြန်းလက်ကမ်းလိုက်ရပါကြောင်း … ။


မန်းကိုကို
၁၅၊ ၀၇၊ ၂၀၁၀

- ဟစ်တိုင် - http://hittai.net/?show=rm&fileid=16&t=home13&id=13 - မှာလည်း သွားဖတ်နိုင်ကြပါတယ်။
- စာကောင်းပေမွန်တစ်စုအနေနဲ့ ရေးသားထားတာ မဟုတ်ပါ၊ အတွေ့အကြုံအချို့ကို ထင်မြင်တာကလေးတွေနဲ့
  ပေါင်းစပ်ပြီး တင်ပြထားရုံပါ။

5 comments:

  1. အင်း ဒီကိစ္စကတော့ နေရာတိုင်းမှာ တွေ့နေရတာပါဘဲ။ အချိန်နှင့်အမျှ အချိန်နှင့်အမျှပါဘဲ။ (း

    ReplyDelete
  2. ကြုံရဆုံရတာတွေ ဖတ်ရူသွားပါတယ် မန်းကိုကိုရေ၊ အားပေးလျက်ပါ။

    ReplyDelete
  3. ကိုကိုမောင် (ပန်းရနံ့) -
    မှန်ပါတယ်ဗျာ၊ အထူးသဖြင့် လူနည်းစု တိုင်းရင်းသားတွေမှာ တွေ့ရလို့ အချို့လည်း သတိကလေးများ ရှိလာကောင်းရဲ့ဆိုပြီး အကျဉ်းကလေး ရေးလိုက်တာပါ။ အမှန်ကတော့ စိတ်အနှောင့်အယှက်ဖြစ်စရာတွေ ရေးပြ၊ ထောက်ပြလိုလှတယ်တော့ မဟုတ်ပါဘူး။

    ကိုအောင်(ပျူနိုင်ငံ) -
    ကျေးဇူးတင်ပါတယ်ဗျာ၊ ကလောင်သွေးဆဲ အနေအထားမှာ စိတ်ထဲရှိတာကလေးတွေ ရေးချပြလိုက်တာပါ။ ကိုယ့်ဘာသာ စာရေးဆရာအဆင့်တော့ ဖြစ်လာဖို့ မရည်ရွယ်မိပေမယ့် အရေးအသားဖြစ်ဖြစ်၊ အချက်အလက်ဖြစ်ဖြစ် အမှားတွေ၊ လိုတာတွေရှိရင်လည်း ထောက်ပြပေးနိုင်ကြပါတယ်။ ကိုယ်မပြည့်စုံတာသိလို့ ဒါမျိုးတွေ မျှော်လည်း မျှော်လင့်ပါတယ်။

    ReplyDelete
  4. မင်္ဂလာပါမန်းကိုကို
    ကျန်းမာပါစဗျာ-
    ဒီပို့စ်ကိုလာဖတ်တာနားမလည်တာတွေမသိတာတွေဖတ်ရမှတ်ရလို့ ကျေးဇူးပါဗျာ-
    ဆက်လက်ရေးပါအုံးဗျို့ -ကြုံရဆုံရအုံးမည့်ဘဝပေါင်းများစွာကိုမျှောင့်လျက်ပါဗျာ-

    ReplyDelete
  5. စိတ်ဝင်တစားရှိလွန်းလှစွာ ဖတ်ရှုအားပေးသွားကြောင်းပါ မန်းကိုကို။ ကျေးဇူးပြုပြီးတော့ ဆက်ရေးပေးစေလိုပါတယ်။ မသိတာထက် မရှိတာခက် ဆိုတာမှာ သိပြီးမရှိရှာကြတဲ့သူတွေနဲ့ ရှိပြီးမသိတတ်ကြတဲ့သူတွေအပြင် ရှိလဲမရှိ သိလဲမသိ ဖြစ်နေကြတဲ့သူတွေ... အားလုံးအတွက်ပေါ့။ ကျန်းမာချမ်းသာစွာ အစစအရာရာ အဆင်ပြေပါစေ။

    ReplyDelete