ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Saturday, May 1, 2010

သွေးချင်းတွေ သွေးချင်းချင်းထပ်မနီစေချင်၊

   မြန်မာပြည်က ကြီးနိုင်ငယ်ညှင်းပြီး အာဏာယစ်မူးတတ်ကြတဲ့ အလေ့အကျင့်
တွေဟာ သက်ဦးဆံပိုင်စနစ်ကနေ မြစ်ဖျားခံခဲ့တယ်လို့ ယူဆလို့ရနိုင်ပြီး ဒီကနေ့
အထိလည်း စဉ်ဆက်မပြတ် သက်ရောက်နေသေးကာ လူတန်းစားအဆင့်ဆင့် တုံး
အောက်ကဖားတွေလို ပြားနေကြရတာ ခံစားတတ်သူ့ ပုထုဇဉ်တွေအတွက်တော့
စိတ်မကောင်းစရာပါ။

   အသက်၊ သွေး၊ ချွေး နဲ့ မျက်ရည်ပင်လယ်တွေလည်း ဝေနေခဲ့ကြရတာ ထောင်စု
နှစ်တစ်ခုတောင်ပြည့်ဖို့ သိပ်မလိုတော့ပါဘူး။ ဝမ်းနည်းကြေကွဲစရာ၊ ခံပြင်းဒေါသ
ထွက်စရာ၊ အံသြတုန်လှုပ်စရာတွေနဲ့ ရှက်ရွံ့စရာတွေ မရေတွက်နိုင်လောက်အောင်
ပဲ ဖြတ်သန်းခဲ့ပြီးပေမယ့် မက်စရာ လုပ်ပိုင်ခွင့်အာဏာနဲ့ (လူထုဘဝမှာ အခရာကျ
တဲ့) သတင်းကဏ္ဍကို ချုပ်ကိုင်ချယ်လှယ်ပြီး “တိုင်းပြည်အတွက်” ဆိုတဲ့ မရိုးနိုင်
တဲ့ ဓါတ်ပြားဟောင်းကိုဆက်ဖွင့်ရင်း လိုရာကိုဆက်ဆွဲ နေခဲ့ကြတာလည်း အဆုံး
ဆိုတာ မမြင်နိုင်လောက်အောင်ပါ။

   “သောင်းကျန်းသူ၊ သူပုန်” တွေလို့ နာမည်တပ်ပြီး မိသားစုတွေ အားလုံးနဲ့ပေါင်း
မှ ၃-၄ ထောင်လောက်သာသာ အရေအတွက်ရှိတယ်လို့ ဆိုတဲ့တိုင်းရင်းသားအဖွဲ့
တွေဟာ ဒီကနေ့အထိ “စွမ်းစွမ်းတမံ ချေမှုန်း” ခံနေခဲ့ကြရတာတောင် လျော့မ
သွားပဲ ပိုတိုးလာခဲ့ကြတာ “ဆန်းကျယ်တယ်” လို့များ ဆိုကြရလေမလား။ မဟုတ်
ရင်လည်း ဝါဒဖြန့်ချီရေးတွေရဲ့ မအောင်မြင်တဲ့လုပ်ဇာတ်တစ်ခု ဖုံးလို့မရ ဖိလို့မနိုင်
ဖြစ်သွားခဲ့လား။

   “ရဲသော်မသေ သေသော်ငရဲမလား” သံပြိုင်သီချင်းတွေဆိုပြီး အစီး ၃-၄၀ သော
ကားတန်းတွေနဲ့ “တရားသောစစ်” ကိုဆင်နွဲဖို့ ထွက်သွားရာက ၄-၅ စီးလောက်နဲ့
ချောက်ချက်ဖြစ်နေတဲ့ စစ်သည်တွေ ပြန်တင်လာတဲ့ အပြန်ခရီးတွေကို မြို့ကြီးများ
ပေါ်က အသွားတုံးက အောင်သပြေနဲ့ ပန်းကုံးတွေ စွပ်ပေးခဲ့သူများ မမြင်မိကြတာ
လား၊ မဟုတ်ရင်လည်း မမြင်ချင်ကြတာလား။

   နှစ်စဉ်ထောင်နဲ့ချီတဲ့ တိုက်ပွဲတွေနဲ့ မရေတွက်နိုင်တဲ့ အသက်ဆုံးရှူံးမှုတွေဟာ
တနိုင်ငံလုံး ဆင်းရဲချွတ်ခြုံကျမှုနဲ့ အမုန်းတွေပြည့်လျှံနေတဲ့ သောင်း၊ သိန်းမကတဲ့
စိတ်နှလုံးတွေကို မွေးထုတ်ပေးဖို့ အာမခံချက်တွေပေါ့။

   “သူပုန်တွေက ရဲဘော်တွေကို သေနတ်နဲ့တောင်မပစ်ပဲ လက်ဗလာနဲ့တင်
တက်ဖမ်းကြတယ်” ဆိုတဲ့ သတင်းမျိုးတွေဟာ တိုင်းရင်းသားတွေမှာ ဘယ်
လောက်အထိ အမုန်းတရားတွေ လောင်မျိုက်အောင် အလုပ်ခံခဲ့ကြရသလဲဆိုတာ
တွေးမိနိုင်ဖို့ အကြောင်းရင်းတစ်ခု ဖြစ်မလာနိုင်ရင်တော့လည်း အနာဂါတ်ငြိမ်းချမ်း
ရေးအတွက် မျှော်လင့်ချက်သိပ်မရှိနိုင်ပါ။

   မြို့ပေါ်မှာ လမ်းမတွေပေါ် ပင်ပင်ပန်းပန်း ဝမ်းစာဖွေရှာ စားနေကြရချိန်မှာ၊
တောထဲက မောင်နှမတွေဟာ အကြောက်တရားအပြည့်နဲ့ သစ်ဥသစ်ဖုတွေ ရှာဖွေ
စားနေကြရတာ သိစေလိုပါတယ်။ ရပ်ကွက်ထဲ အချို့သောမိခင်တွေ သူတို့ရဲ့ စစ်
ထွက်သားမောင်များအတွက် အပူသောကတွေဝေနေချိန်မှာ ဟိုအဝေး တောင်ကုန်း
ပြာပြာတွေပေါ်က အမှောင်ထဲမှာ စမ်းတဝါးဝါး တစ်တီတူးများလို မလုံခြုံတဲ့စိတ်နဲ့
ပုန်းအောင်းအိပ်စက်နေရသူတွေက ဒုနဲ့ဒေးပါ။ ဆေးပေးခန်းမှာ စုတ်ပြဲနေတဲ့ ငွေ
စက္ကူတွေနဲ့ လူတစ်ချို့ စောင့်ဆိုင်းနေကြရချိန်မှာ သစ်ပင်၊ ဝါးပင်အောက်မှာ စမ်း
ရေကို ဆေးလုပ်သောက် နေကြသူတွေ မရေတွက်နိုင်လောက်အောင်ပါပဲ။

   ဒါတွေဖြစ်အောင် ဖန်တီးခဲ့ကြသူတွေအတွက် သာယာယစ်မူးမှုတွေ ရရှိနေကြ
သလား မသေချာပေမယ့် အကျိုးဆက်တွေကို ကိုယ်တိုင်ခံစားနေရသူတွေအတွက်
တော့ စက္ကန့်တိုင်း၊ မိနစ်တိုင်းဟာ လောကငရဲထဲက အချိန်ကာလတွေပါ။

   ခုချိန်မှာ တနိုင်ငံလုံး သံသယရှိစရာ ဗုံးတွေပေါက်နေတာ ကြားလာကြရပြန်
ပါပြီ်။ စစ်ရေးပြင် တိုက်ပွဲခေါ်သံတွေဆိုတာ ထပ်ပြီးပြောပြစရာတောင် လိုတော့
မယ် မထင်ပါ။

   ပြတ်ပြတ်သားသား ပြောချင်တာကတော့
“ဒီရူးသွပ်မှုတွေကို ရပ်တန်းက ရပ်လိုက်ကြပါတော့”
ဆိုတာပါပဲ။

   တောင်းပန်မေတ္တာရပ်ခံနေတာ မဟုတ်ပါ၊ မသိနိုင်လောက်အောင် အမြင်ပိတ်
ပိန်းနေသူတွေ သတိဝင်စေဖို့နဲ့ ဒီဖြစ်စဉ်ကြီးကို ရပ်တန့်အောင်လုပ်ဖို့ တတ်စွမ်း
နိုင်သူများကို တောင်းဆိုနေတာပါ။

   သွေးချင်းတွေ သွေးချင်းချင်း ထပ်မနီပါစေနဲ့တော့။

မန်းကိုကို
၂၉၊ ၀၄၊ ၂၀၁

- ဒီဆောင်းပါးကို တင်ပေးတဲ့ စာမျက်နှာတွေကတော့ -
၁။ သျှမ်းသံတော်ဆင့် (http://www.mongloi.org/burmese/2008-08-03-15-59-20/2008-08-03-16-07-27/824-2010-05-01-09-36-29)
၂။ ဟစ်တိုင် (http://hittai.net/?show=rm&fileid=9&t=home3&id=3)
၃။ ကရင် သတင်းစဉ် (http://www.kicnews.org/?p=2587)
၎။ ကိုညိုကြီးဘလော့ တို့တတွေ ဖြစ်ပါတယ်။
နာမည်ရထားတဲ့ သတင်းစာမျက်နှာတွေက မတင်ပေးလို့ ပို့ရင်းပို့ရင်း ထပ်ကုန်တာလည်း ပါပါတယ်။

စာရေးဆရာ မဟုတ်ပေမယ့် စာတိုင်းဟာ ကိုယ့်သားသ္မီးတွေလိုပါပဲ။ အသုံးပြုသူတွေရှိရင် ဝမ်းသာ
မိပါတယ်။ “ဟစ်တိုင်” ကိုတော့ စာပြန်ပေးတာနဲ့ အများဖတ်စေလိုတဲ့ စေတနာကို မှတ်တမ်းတင်
ပါတယ်။

3 comments:

  1. သွေးချင်းတွေ သွေးချင်းချင်း ထပ်မနီပါစေနဲ့တော့။

    စိတ်တူအတွေးတူပါပဲဗျာ

    ReplyDelete
  2. ဖတ်သွားပါတယ်။
    အမှန်တရားတွေပါပဲ

    ReplyDelete
  3. ထပ်တူ ဆုတောင်းမိပါတယ်

    ReplyDelete