ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Thursday, January 2, 2014

ရိုးရှင်းတဲ့ နောက်ထပ် နေ့ကလေးတစ်နေ့




   ဒီကနေ့ဟာ အနောက်တိုင်း Gregorian calendar နှစ်သစ်နဲ့ ကရင့်နှစ်သစ်ကူးနေ့တို့ လာတိုက်ဆိုင်
တဲ့ နှစ်တစ်နှစ်ပါ ။ ဒီကနေ့မနက် မဲလ်ဘုန်းမြို့ ၊ က ၊ မူလတန်းကျောင်းမှာလုပ်တဲ့ ကရင်နှစ်သစ်ကူးပွဲ
အခမ်းအနားကို ကလေးတစ်ယောက်ခေါ်ပြီး သွားတက်ဖြစ်ခဲ့တာကြောင့် ၊ မှတ်တမ်းမှတ်ရာအနေနဲ့
တင်ထားလိုက်သလို ၊ မနက်ပိုင်း နေ့ကူးစမှာ ချရေးထားဖြစ်တဲ့ ဖေ့စ်ဘွတ်က စာစုလေးတစ်စုကိုပါ
မှတ်တမ်းတင် ထည့်ထားလိုက်ပါတယ် ။

Δ ၂၀၁၄ မှာ ပျော်ရွှင်နိုင်ကြပါစေ ၊ အစတေးခံနေရသူတွေကိုလည်း သတိရနိုင်ကြပါစေ

   နှစ်သစ်တစ်နှစ် ကူးပြန်ပြီကောဆိုပြီး ၊ ပေါင်းစုစည်ကား ပျော်ပါးသောက်စားနဲ့ အထိမ်းအမှတ်သဘင်
ဆင်ယင်ကြတယ် ။ ကိုယ်လည်း ဘေးကသော်၎င်း ၊ စိတ်မှန်းနဲ့သော်၎င်း မုဒိတာပွားမိပါတယ် ။

   သို့သော် "မှန်ရာကိုဖြေပေးပါ"လို့ အလေးနက်မေးလာသူတွေအတွက်တော့ - နှစ်တစ်နှစ်ကူးပြောင်း
တာဟာ ကျနော့်အတွက် နောက်ထပ် နေ့သစ်တစ်နေ့ထက် မပိုပါဘူး ။ နှစ်သစ်ကူးနေ့တစ်နေ့ထက် ပို
လွန်ကဲတဲ့ ပျော်ရွှင်မှုနဲ့ စိတ်ကြေနပ်မှုတွေ ရလာနိုင်တဲ့နေ့တွေကို ၊ ပိုလို့တောင် တောင့်တ တန်ဖိုးထား
ပါတယ် ။ ဒါက အတင်းကြီး ပြင်ဆင်ပစ်လို့ ရနိုင်တာမျိုးမဟုတ်တော့လည်း ၊ ပျော်နေသူများ - ကျနော့်
ကို အသာမေ့ပြီး ဆက်သာပျော်ကြပါလို့ တိုက်တွန်းချင်ပါတယ် ။ တော်ကြာ သိပ်ကြိုက်တဲ့ အစားတစ်ခု
ကို ပါးစပ်ထဲ အားပါးတရကိုက်လိုက်ပြီးမှ ၊ တံတွေးသီးရတဲ့ ကန့်လန့်အဖြစ်မျိုး လာဖြစ်နေမှာ စိုးလို့ပါ ။
~~~~~~~~~~~~~~~~~~~~~~~~~

   ည ၁၂ နာရီ ထိုးလုလုမှာ ကားကို ဂိုထောင်ထဲထွက်သွင်းရင်း ပတ်ဝန်းကျင်ကို စောင့်ကြည့်မိတယ် ။
   သစ်ပင်ခပ်အုပ်အုပ်မို့ ၊ မီးရှူးတွေ ပစ်ဖေါက်ကြတဲ့အခါ မီးရှူးတွေ တွေ့ရမယ့်အစား ၊ ပတ်ပတ်လည်က
တထိန်းထိန်း တဖေါင်းဖေါင်းအသံတွေကသာ လွှမ်းနေတော့တယ် ။

   ဒီအသံတွေဟာ ငယ်စဉ်တုန်းက ကြားခဲ့ ကြုံခဲ့ဖူးတဲ့ သေနတ်သံ လက်နက်ကြီးသံ တိုက်ပွဲသံတွေကို ၊
 ပြန်သတိရဖို့ နှိုးဆွပေးနေတယ် ။

   အဲသည်တုန်းက သေမှာကိုရယ်လို့ အတိအကျမဟုတ်ပဲ ၊ ကြောက်စိတ်တွေဟာ တားမရ ဆီးမရ ဝင်
လာနေခဲ့တာတွေကို သတိရတယ် ။ သတ္တိမရှိဘူးလို့ လှောင်ပြောင်ချင်သူရှိလည်း ၊ အထူးသဖြင့် ဒီအ
ရွယ်မှာ သိပ်ပြီး အလေးထားဂရုစိုက်နေမိမှာ မဟုတ်ပါဘူး ။ မကောင်းသူထိပ် ကောင်းသူထိပ်ပေါ် ကျ
ရောက်လာနိုင်တဲ့ ဗုံးတွေ ကျည်ဆန်တွေ ၊ ဘာလိုဘာမှန်း မှန်းဆလို့ မရနိုင်တဲ့ အခြေအနေတွေဟာ ၊ ကြောက်ရွံ့မှုအတွက် လုံလောက်တဲ့ အကြောင်းရင်းတွေလို့ နားလည်ထားတယ် ။

   အချို့ ကီးဘုတ်စစ်သည်တွေက ဒါကို ပေါ့ပေါ့တွေးပြီး ၊ ငါ့စကားနွားရ လုပ်ကောင်းလုပ်ကြမယ် ။
   လက်တွေ့ဘဝက အကြောင်းရာတစ်ခု ပြောပြချင်တယ် ။
   ၁၉၈၆ လောက် ထင်ပါတယ် ။ KNU က ဘားအံကို rocket နဲ့ ပစ်ပါတယ် ။
   သူတို့က စစ်တပ်ထဲကို ပစ်တယ်လို့ ယူဆရပေမယ့် ၊ rocket တွေကို 'ဟိုအထိ သွားပေးပါဦး'လို့ ပြော
လို့မရသလို ၊ သူ့မှာ နတ်မျက်စေ့လည်း မပါပါ ။

   အဲသည်တစ်ခေါက် စစ်တပ်ရှေ့နားက လယ်ကွင်းတွေထဲ ကျသွားတယ် ထင်ပါတယ် ။ စစ်တပ်ထဲကျ
လည်း သူတို့ဝင်းက လူအင်အားနဲ့မလိုက်အောင်ကျယ်လွန်းလို့ ကွင်းပြောင်တွေထဲပဲ ကျဖို့များပါတယ် ။
တစ်နည်းအားဖြင့်လည်း ၊ အရပ်သားတွေက စစ်တပ်ကို လူသားဒိုင်းတွေနဲ့ ရှေ့ကနေ ကာထားပေးရ
သလို ဖြစ်နေတယ်လို့ ပြောလို့ရတယ် ။

   အဲဒီဖြစ်ရပ်ရဲ့ အကျိုးဆက်ကို နောက်တစ်နေ့မှာ မျက်ဝါးထင်ထင် မြင်ရပါတော့တယ် ။
   ကျနော်တို့ရဲ့ အသင်အပြကောင်းပြီး စည်းကမ်းတင်းကျပ်တဲ့ ရုက္ခဗေဒဆရာခမျာ ၊ သူ့အချိန်မှာ စာ
တောင် မသင်နိုင်လောက်အောင် တုန်လှုပ်သွားခဲ့ပါတယ် ။ ဖြစ်ချင်တော့ သူဟာ အဆောင်မှူးလည်းဖြစ်
တာကြောင့် ၊ အဲသည်ညက လမ်းဘေးမြောင်းထဲဝင်ပုန်းရင်း ၊ သူ့ကိုကြည့်မရတဲ့ ကျောင်းသားတစ်
ယောက်က ၊ ပြောင်နေတဲ့ သူ့နဖူးကို နင်းပြီးကျော်သွားတာ ခံလိုက်ရပါသေးသတဲ့ ။ မော်မကြည့်ရဲ
လောက်အောင် ကြောက်နေလေတော့ ၊ ဘယ်သူမှန်းလည်း မသိလိုက်ပါဘူးတဲ့ ။

   နောက်ရက်ပိုင်းတွေမှာတော့ ၊ ရန်ကုန်နဲ့ ပြည်မကလာတဲ့ ဆရာ ဆရာမတွေရဲ့ ပြောင်းရွှေ့ခွင့်လျှောက်
လွှာတွေ အစီအရီပေါ့ ။
~~~~~~~~~~~~~~~~~~~~~~

   အထွေထူးတော့ မဟုတ်ပါဘူးဗျာ ၊
   ပြောပြခဲ့တဲ့ ပြည်မက ဆရာဆရာမတွေ သွေးပျက်နေကြပုံကို အရင်းတည်ပြီး ၊ ကျနော်တို့ရဲ့ နယ်ဖက်
ဒေသတွေကလူတွေရဲ့ ကြုံတွေ့နေခဲ့ကြရတာတွေကို ၊ နှိုင်းဆကြည့်ပြီး စာနာခံစားနိုင်ဖို့ ၊ စာကလေး
တို့ထားလိုက်တာပါ ။

==================================

 Δ မဲလ်ဘုန်း ကရင်နှစ်သစ်ကူး ၊ ၂၇၅၃ ၊

   ထူးထူးခြားခြား မနက် ၁၁ နာရီမှစတဲ့ ဒီနှစ်ကရင်နှစ်သစ်ကူးပွဲကို ၊ မိနစ်နည်းနည်းနောက်ကျပြီး ရောက်
သွားဖြစ်ခဲ့ပါတယ် ။ အစိုးရနဲ့ အရပ်ဖက်အဖွဲ့စည်းတွေ ၊ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေအပါဝင် လူပေါင်း
၎-၅၀၀ လောက်ရှိမယ့် ဒီနှစ်ပွဲဟာ ၊ အရင်ကြုံခဲ့တဲ့ နှစ်သစ်ကူးများထက် လာရောက်သူနည်းပါးပြီး ၊ "ဒုံးအ
က"တွေများလို့ နည်းနည်း”ဟုန်”သွားသလို ခံစားမိတဲ့ နှစ်တစ်နှစ်လို့ ဆိုနိုင်ပါတယ် ။

   အခြားတစ်ဖက်မှာလည်း ကရင်တွေ စုစည်းလာကြတဲ့ ပွဲ ၊ ယဉ်ကျေးမှုကို ထိန်းသိမ်း/ဖေါ်ထုတ်ခွင့်ရတဲ့
ပွဲ ၊ မိတ်ဟောင်းဆွေသစ်တွေ လာစုဆုံနိုင်ကြတဲ့ ပွဲတစ်ခုဖြစ်တာကြောင့် ၊ အတိုင်းတာတစ်ခုအထိ  ကျေ
နပ်ဝမ်းသာရမှာပါပဲ ။

   အခြား အမြတ်အစွန်းအနေနဲ့ - ရှေ့မှာတပ်ထားတဲ့ ခေါင်းစည်းစာသားကို ပိုးကရင်နှစ်သစ်ကူးလို့ အ
ဓိပ္ပါယ်ဖြစ်နေရာက ၊ ကရင်တစ်မျိုးသားလုံးကို ကိုယ်စားပြုနိုင်မယ့် စကားလုံးမျိုးဖြစ်နိုင်ဖို့ ၊ ပွဲဖြစ်မြောက်
ရေးထဲပါတဲ့ မိတ်ဆွေတစ်ဦးနဲ့ စကားပြောဖြစ်ရင်း အကြံပြုနိုင်ခဲ့တယ် ။

   စိတ်အားထက်သန်မှုရှိတဲ့ ဧရာဝတီတိုင်းသားကြီး မန်းဒိုင်းမွန်းနဲ့လည်း စကားစမြည် ပြောခွင့်ကြုံခဲ့လို့ ၊
အသိတချို့တိုးရသလို ၊ အစီစဉ်နောက်ပိုင်း အာရုံထွေပြားချိန်မှာ ၊ စိတ်ကူးလွှင့်ရင်း အတွေးတချို့လည်း
ထုတ်နှုတ်နိုင်ခဲ့တာတွေက - အရှူံးမရှိတဲ့ ခရီးစဉ်ဖြစ်အောင် ထောက်ကန်ထားပေးနိုင်ခဲ့တယ် ။

   အောက်မှာကတော့ ရိုက်ဖြစ်ခဲ့တဲ့ ဓါတ်ပုံတွေထဲက အချို့ပါ ။

(အဖွင့်ဒုံး)
 
(နှုတ်ခွန်းဆက် အမှာစကား)
 
(အနောက်က မြင်ကွင်း)
 
(အရှေ့ဖက်က မြင်ကွင်း)
 
(ကျင်းပတဲ့ မူလတန်းကျောင်း ခန်းမဆောင်)
 
("အောင်းဂါးလောင်" လို့ခေါ်တဲ့ ဒုံးအကတွေရဲ့ အဖွင့်မင်္ဂလာနှုတ်ခွန်းဆက်တဲ့အပိုင်း)
 
(ဒါကလည်း တစ်ဖွဲ့ - နှစ်သစ်ကြိုတဲ့ လူငယ်တွေ လို့ နာမည်ပေးထားတယ်)


(နောက်ထပ် တစ်ဒုံး)
 
(သံလွင်မြစ်အတွက်သီချင်းနဲ့ လူငယ်စုံတွဲတွေရဲ့ အက)

   အဓိက မရိုက်ဖြစ်ခဲ့တဲ့ပုံတွေထဲမှာ - စကောကရင် ဝါးညှပ်အက ၊ ဒေသခံ တရားဟောဆရာတစ်ပါးရဲ့
နှုတ်ခွန်းဆက်စကား ၊ အခမ်းနားပိတ် အမျိုးသားသီချင်းကို မတ်တပ်ရပ် ဆိုကြတာ ၊ ရံပုံငွေ တီရှပ်အ
ရောင်းခုံနဲ့ တန်းစီပြီး ထ္မင်းကြော်စားကြတာတွေပါ ။ အကြောင်းအမျိုးမျိုးကြောင့် လွှတ်သွားခဲ့တယ် ဆို
ကြပါစို့ ။

   နောက်ဆုံးပိတ် ချုပ်ရရင်တော့ - ကျနော့်အတွက် မထူးခြားလှတဲ့ နေ့သစ်တစ်နေ့ဖြစ်ပေမယ့် ၊ အခြား
အခြားသော လူတိုင်းလူတိုင်းအတွက်တော့ ၊ အကောင်းဆုံးသော ဘဝအစိတ်အပိုင်းတွေဆီ ဦးတည်နိုင်
ကြစေဖို့ မှတ်မှတ်ရရ ဆန္ဒပြုလိုက်ပါကြောင်း ။

၀၁ ၊ ၀၁ ၊ ၂၀၁၄
ဗုဒ္ဓဟူး

No comments:

Post a Comment