ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Sunday, December 22, 2013

တုံးအောက်က ဟစ်သံ


  ۩ဗမာပြည်က နှလုံးရောဂါ


   ဒီရောဂါနဲ့ပတ်သက်ပြီး (စစ်ဆေးကြည့်နိုင်ဖို့ရာ) နမူနာအချက်အလက်လေးနှစ်ခု ချပြပါ့မယ် ။

(၁)  ကချင်ပြည်နယ်မှာ ၂၀၁၁ ကစပြီး ပြည်တွင်းစစ်ပွဲကာလအတွင်း ပြည်မအစိုးရစစ်တပ်ကြောင့် -

>> ရွာပေါင်း ၂၀၀ ကျော်ဟာ ‘တံပျက်စည်းလှည်းတယ်’လို့ခေါ်တဲ့ မီးရှို့ (သို့မဟုတ်) ဖျက်ဆီးတာကို 
      ခံခဲ့ရတယ် ။
>> ဘာသာရေးအဆောက်အဦတွေဖြစ်တဲ့ ၊ ဘုရားကျောင်း အလုံးပေါင်း ၆၀ ကျော် မီးရှို့ (သို့မဟုတ်)
     ဖျက်ဆီးတာကို ခံခဲ့ရတယ် ။
>> လူပေါင်း ၁ သိန်းကျော် ခိုလှုံသူ (ဒုက္ခသည်)တွေ ဖြစ်သွားခဲ့ကြရတယ် ။

(၂)  ချင်းပြည်နယ်မှာ ဆယ်စုနှစ် နှစ်ခုအတွင်း အာဏာပိုင်တွေကနေ -

>> ဘာသာရေး အထိမ်းအမှတ်ဖြစ်တဲ့ လက်ဝါးကပ်တိုင်ပေါင်း ၂၀ ကို ဖျက်ဆီးခဲ့တယ် ။
>> ဖြိုချလိုက်တဲ့ လက်ဝါးကပ်တိုင်နေရာမှာ စေတီတွေ ပြန်တည်ထားခဲ့ပြီး ၊ ဘာသာမတူတဲ့ ချင်းလူ
     မျိုးတွေကို အတင်းအကြပ် ခိုင်းစေလုပ်ကိုင်စေခဲ့တယ် ။

   ဒါကိုဖတ်ပြီးနောက် စာဖတ်သူရဲ့စိတ်ထဲမယ် ဘယ်လိုခံစားရပါသလဲ ။
   ဘယ်လိုမှ မခံစားရဘူးလား ။
   ဟုတ်ကဲ့ ၊ မခံစားရဘူးဆိုရင်တော့ စာဖတ်သူဟာ မြန်မာပြည်မှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတဲ့
"နှလုံးကျောက်တည်ရောဂါ" စွဲကပ်နေပါပြီ ။

   ဒီရောဂါ ဖြစ်ပွားသူတွေမှာ ရောဂါလက္ခဏာအနေနဲ့ - နှလုံးတစ်ခြမ်းဟာ ကျောက်သားတွေလို မာ
aကျာနေတတ်ပါတယ် ။ ဒါ့ပြင် မိမိကိုယ်နဲ့ ပတ်သက်စပ်ဆိုင်သူတွေအတွက်ကလွဲပြီး ကိုယ်ချင်းစာမှု
နည်းပါတာ ၊ စာနာမှုနည်းပါးတာ ၊ သင့်တင့်အောင် မစဉ်းစားတတ်တာ ၊ ကိုယ်တိုင် ‘အပ်’အစူးခံရရင်
‘ပုဆိန်’နဲ့ အပေါက်ခံရတယ်လို့ ထင်ပြီး သူတစ်ပါး ပုဆိန်နဲ့အပေါက်ခံရတာကို ‘အပ်’နဲ့လောက် အထိုး
ခံရတယ်လို့ ပြောင်းပြန်မြင်တာ ၊ ကိုယ့်အပြစ်ကို သူများအပေါ် ပုံချတာတွေကိုလည်း ထင်ထင်ရှားရှား
မြင်ရနိုင်ပါတယ် ။

   ရောဂါဆိုးလာသူတွေမှာတော့ - ဆဲဆိုတာ ၊ မမှန်သတင်းတွေကို ဖြန့်တာ ၊ ကိုယ့်လူမျိုး ကိုယ့်ဘာ
သာတစ်မျိုးပဲ မှန်တယ်မြတ်တယ်လို့ ထင်ယောင်ထင်မှားဖြစ်တာနဲ့ အချို့လူများမှာ လိုအပ်လာရင် သူ
တို့ပိုင်တယ်လို့ ထင်ယောင်မှားနေတဲ့မြေကို ‘အရိုး’တွေနဲ့ စည်းရိုးထိုးကာဖို့အထိ ကြွေးကြော်လာတတ်
ပါတယ် ။ အထူးမှတ်သားစရာတစ်ချက်က သူတို့ကြွေးကြော်တဲ့ ခြံစည်းရိုးထိုးဖို့ အရိုးတွေဟာ ၊ ‘သူတို့
အရိုး’မဟုတ်ပဲ “အခြားဓါးစာခံတွေရဲ့ အရိုးတွေ” ဖြစ်နေခြင်းပါပဲ

   ဒီရောဂါဟာ လုံးဝကင်းစင်အောင် မပျောက်နိုင်ပေမယ့် ၊ မိမိရဲ့ ဘုရား တရား လူကြီးမိဘတွေရဲ့ သွန်
သင်ဆုံးမမှုတွေကို အမှန်တကယ် လိုက်နာကျင့်သုံးရင် ၊ အခြားဒေသတွေကို များများသွားရောက်လေ့
လာရင် ၊ ရောဂါမရှိသူတွေနဲ့ ပေါင်းဖေါ်ရင် ၊ စိတ်ငြိမ်သက်အောင်ထားပြီး တွေးတောဆင်ခြင်မယ်ဆို
ရင် ၊ စာများများဖတ်နိုင်မယ်ဆိုရင် သက်သာလာမှာဖြစ်ပါတယ် ။ ဒီကုထုံးတွေရဲ့ အနှစ်ချုပ်ကို “ရင်ပတ်
ကျယ်ကျယ်ဖွင့်ခြင်း”လို့လည်း ခေါ်ပါတယ် ။

   သို့သော် ဒီရောဂါဟာ လူတိုင်းမှာ ဖြစ်ပွားနိုင်ခြင်းမရှိပဲ ၊ ဝမ်းသာစရာတစ်ခုကတော့ - လက်ရှိ SEA
Games ဘော်လုံးပွဲတွေမှာ ထားရှိကြတဲ့ ထိရှခံစားတတ်မှုမျိုး ၊ အခြားလူသားတွေအပေါ် ထက်ဝက်
လောက် ထားရှိနိုင်ကြသူတွေအတွက် ဒီရောဂါမျိုး ကူးစက်ဖို့ရာ မလွယ်ကူပါဘူး ။

   ရောဂါ ဖြစ်နေသူတွေအနေနဲ့ မသိသလိုသိသလို ခံစားနေကြရတဲ့ ဒီရောဂါကို သက်သာလာစေဖို့ ၊
ဒါ့ပြင် အပေါ်က အနည်းအကျဉ်းဖေါ်ပြခဲ့တဲ့ ဒုက္ခမျိုးတွေကို ကိုယ်တိုင်ကိုယ်ကျ မကြုံကြရပါစေနဲ့လို့
လည်း အလေးအနက် ဆန္ဒပြုပါတယ် ။

မန်းကိုကို
၂၂ ၊ ၁၂ ၊ ၂၀၁၃


======================================================

۩  နှလုံးအက် ပဲ့တင်


  မန်းကိုကို၊ နင်ရေးထားတဲ့ အကြောင်းတွေကို ငါ့ကလေးတွေ ပြောပြတယ်။
  သူတို့ဖတ်ရတဲ့ တခြားအကြောင်းတွေလည်း ငါ့ကို ပြောပြကြတယ်။
  နင်က စာကို ဗမာလိုရေးပေမယ့် ကရင်လို့ပြောတယ်၊ ဟုတ်လား။
  ငါမရေးတတ်လို့ ငါရေးတာတွေကို နင်ဗမာလို ကောင်းအောင်ပြန်ရေးပေးပါ။

  အရင်နှစ်က ဒုက္ခသည်တွေအကြောင်း ဗမာတစ်ယောက် ရေးတယ်လို့ပြောတယ်။
  သူပြောတော့ ငါတို့က သူပုန်ဟောင်းတွေဆို။ ပြီးတော့ ငါတို့နေရတာက သူဋ္ဌေးတွေလိုပဲတဲ့။
ငါတို့စခန်းက လမ်းမကြီးနဲ့ နီးတဲ့အိမ်တွေဆို ဘတ်တစ်သိန်းကျော်တယ်လည်း ပြောတယ်တဲ့။

  ငါတို့ ဒုက္ခသည်စခန်းမှာနေတာ အပြင်လည်း ထွက်လို့မရဘူး။ ရောဂါတွေပဲရှိတယ်၊ ဆေးက
မရှိဘူး။  ငါတို့ အလုပ်လုပ်လို့မရလို့ ပိုက်ဆံလည်းမရှိဘူး၊ ကလေးတွေလည်း ဘာမှ အနာဂါတ်
မရှိဘူး။ ငါတို့လည်း ဘယ်မှာ ခေါင်းချရမလဲ မသိသေးဘူး။ အဲဒါကိုတော့ မပြောကြဘူးလား။

  ပြီးတော့ အရင်က ဒီကေဘီအေအဖွဲ့နဲ့ ဗမာတပ်က လာပစ်မှာ မီးလာရှို့မှာလည်းကြောက်ရ
တယ် ။ ခုလည်း ရဟတ်ယာဉ်နဲ့တောင် မီးရှို့ပြီးမောင်းထုတ်ဖို့ လုပ်နေပြန်ပြီ ။ ငါတို့ နေစရာမရှိ၊
စားစရာမရှိ၊ ပညာမတတ်၊ ကာကွယ်မယ့်လူလည်းမရှိ၊ ကူညီမယ့်လူလည်း နည်း၊ လိုချင်တဲ့လူ
လည်းမရှိ၊ သတ်ချင်တဲ့လူပဲရှိတယ်။ ငါတို့ ဘယ်သွားရတော့မလဲ။ ဘာလုပ်ရတော့မလဲ။

  အခု ငါတို့ဒုက္ခသည်စခန်းတစ်ခု မီးလောင်တာ လူတွေအများကြီးသေတယ်။ မီးလောင်တာ
လည်း မြန်မှမြန်ပဲ။ ရေလည်းမရှိဘူး။ မီးငြိမ်းတဲ့ကားလည်း အဝေးကြီးမှာပဲ ရှိတယ်ပြောတယ်၊
မလာဘူး။ မနှစ်ကလည်း မဲလစခန်းနဲ့ အုန်းဖျန်စခန်း မီးလောင်တယ်။ ငါတို့ကို သူဋ္ဌေးလို့ပြော
တဲ့လူ လာနေချင်လား။ နေရာလဲမလား။

  နင်ပြောတော့ ဗမာတွေအားလုံးကို မမုန်းရဘူးဆို၊ လူကောင်းရှိတယ် လူဆိုးရှိတယ်ဆို။ ငါသိ
တာတော့ ဗမာတွေ ငါတို့ကို မသတ်ရလို့ ကုလားတွေကို သွားသတ်နေပြန်ပြီ။ ကုလားပြီးရင် ခ
ရစ်ယာန်၊ ပြီးရင် ငါတို့အလှည့် ပြန်လာမှာပဲ။ နင်ပြောတာ ငါတို့ကိုချစ်တဲ့ ဗမာတွေလည်းရှိတယ်။
ငါတွေ့တာတော့ ငါတို့ကို ဆဲနေတာ၊ သတ်ဖို့ပြောတာ၊ မုန်းတဲ့စာတွေ ရေးနေတာက ဗမာလို
ချည်းပဲကော။

  ပြီးရင် ဗမာတွေက လိမ်လည်းလိမ်သေးတယ်။ သူတို့စစ်သားတွေလာရင် ငါတို့ဆီက စားစ
ရာလည်းယူတယ်၊ ခိုးလည်းခိုးတယ်၊ ဆဲလည်းဆဲတယ်၊ လူတွေခေါ်သွားရင်လည်း ပြန်မလာ
တော့ဘူး။ နောက်တော့ ငါတို့ကို ကျည်ဆံတွေထမ်းခိုင်းတယ်၊ အရှေ့က သွားခိုင်းတယ်၊ ရိုက်
တယ် ထိုးတယ်၊ ကရင်စစ်သားတွေနဲ့ သေနတ်ပစ်ကြရင် ရွာကိုမီးရှို့တယ်။ ငါလည်း မခံနိုင်လို့
ရွာကပြေးရတာ ပေါင်မှာ ဂျီသရီးကျည်ဆံ ထိထားတယ်။ သူတို့ဗိုလ်ကြီး အကြီးကြီးတစ်ယောက်
က ပြောပြီးသွားရင် နောက်ဗိုလ် အကြီးကြီးတစ်ယောက်က နောက်တစ်မျိုးပြောပြန်ရော။ ရွာမှာ
လည်း အတူတူပဲ၊ အခု သတင်းတွေမှာလည်း အတူတူပဲ။ သူတို့ကို ငါဘယ်လို ယုံရမလဲ။

  ငါတို့အဖိုးအဖွား ဘိုးဘေးတွေ နတ်ကိုးကွယ်တယ်။ တောင်ယာလုပ်တယ်။ ငါတို့ရွာမှာ ဘာ
အစိုးရမှ မရှိဘူး၊ ဘယ်သူမှ မလာဘူး။ နေလို့ကောင်းတယ်။ ဟိုးတစ်ခါကလည်း ရှမ်းပြည်ကို
ဗမာတွေသွားတိုက်တုန်းက ဗမာတွေလာလို့ ငါတို့ရွာတွေ တစ်ခါနှစ်ခါ ပျက်ဖူးတယ်ပြောတယ်။
ဗမာတွေလာတိုင်း ငါတို့ဒုက္ခရောက်တယ်။

  အဲဒီဗမာတွေကို မေးလိုက်ကွာ၊ "ငါတို့ကို တော်တော်သတ်ချင်နေလာ" လို့။
  ငါတို့ဖုန်းကြီးက ငါးပါးသီလ ရှစ်ပါးသီလတွေပြောတယ်။ သူတို့ဖုန်းကြီးက မပြောဘူးလား။
  ငါတို့ကို အမျိုးမျိုး ဒုက္ခပေးပြီးတာတောင်၊ ဆဲလည်းဆဲတယ်၊ မဟုတ်တာလည်းပြောတယ်၊
ရောက်တဲ့နေရာမှာလည်း ဒုက္ခလိုက်ပေးတယ်။ ငါစိတ်ထဲမှာ တော်တော်နာတယ်။

  ငါ့ကို အမေရိကန်သွားဖို့ လာပြောကြတယ်။
  ငါမသွားဘူး၊ ငါ့အဖေ အသတ်ခံရတဲ့ရွာမှာပဲ ငါပြန်သေမယ်။
  ပြီးတော့ အမေရိကန်ကလည်း ခဏခဏ စစ်တိုက်တယ်တဲ့၊ ငါ့သားတွေကို မသေစေချင်ဘူး။
  နင်တို့ အမေရိကန်၊ သြသတြေးလျ၊ နော်ဝေသွားတဲ့သူတွေ ငါတို့ကို လာပြန်ကြည့်ပေးပါ။
  ငါ နင်တို့ကို ယုံချင်တယ်၊ အားကိုးချင်တယ်။ နင်တို့ ကိုယ်လူမျိုး ဒုက္ခရောက်နေကြတာ မမေ့
ကြပါနဲ့။


တီးထူး

(မိတ်ဆွေတစ်ယောက်ဆီက တစ်ဆင့်ရလာတဲ့ စာလေးတစ်စောင်ကို ဖတ်လို့အဆင်ပြေအောင် ပြင်
သင့်တာပြင် ဖြတ်တောက်သင့်တာ ဖြတ်တောက်ပြီး တင်ပေးလိုက်ပါတယ် ။ ရတာတော့ တစ်ပတ်
ကျော်လောက် ရှိသွားပါပြီ ။ စာလုံးတချို့ နားမလည်လို့ ကြာသွားတာပါ ။ ရေးသူနာမည်ကို အတို
ကောက်ပဲ ထည့်ထားပေးပါတယ် ။ စာထဲမှာ အဓိပ္ပါယ်မပျက်အောင် ဗမာလို့ နာမည်တပ်ထားပေ
မယ့် ကျနော့်အနေနဲ့ကတော့ ဒုက္ခတွင်းထဲက လူတစ်ယောက်ရဲ့ ခံစားမှုကို သိစေချင်တာပါ ။ လူမျိုး
ရေးကို ဦးတည်ချင်တဲ့ ဆန္ဒနဲ့မဟုတ်တာကို ဥာဏ်သတိနဲ့ ဖတ်စေချင်ပါတယ် ။ ဖြစ်နိုင်ရင် ခံစားရ
သူတွေရဲ့ နေရာကနေ စာနာစေလိုပါတယ်) ။ (၃၁ ၊ ၀၃ ၊ ၂၀၁၃)

================================================


۩  သံလွင် တော်လဲ



  လက်ပံတောင်း တောင်တစ်ဝိုက်က လူတွေမှပဲ ပြည်သူတွေလား။
  ကျုပ်တို့ဆီက ရေတွေ ခင်ဗျားတို့ဆီ စီးမဆင်းလို့ သံလွင်မြစ်ဟာ အရေး
    မပါတာလား။
  လက်ပံတောင်းမှာ ဆန္ဒပြခွင့် မရှိလို့ ပွတ်လောရိုက်နေချိန်မှာ၊ ကျုပ်တို့မှာ
    ကိုယ့်မြေကနေ လူမသိသူမသိ တိတ်တိတ်လေး ထွက်ပြေးခဲ့ကြရတယ်။
  ခင်ဗျားတို့ မီးခိုးဗုံး မီးလောင်ဗုံး ငြင်းနေကြချိန်မှာ၊ ကျုပ်တို့က ၅.၅၆မီလီ
    ကျည်လား ၇.၆၂မီလီကျည်လား မသေချာပေမယ့် သေသူတွေလည်း
    ငြင်းခွင့်မရပဲ သေခဲ့ကုန်ကြပြီ။
  လက်ပံတောင်းမှာ လျော်ကြေးညှိနှိုင်းနေပေမယ့်၊ ကျုပ်တို့အတွက် အ
    လောင်းဘယ်နား မြှုပ်ရမှန်း မသေချာသေးဘူး။
  ကျုပ်တို့မြေနဲ့ အဲဒီကရမယ့် အကျိုးအမြတ်ကိုပဲ လိုချင်ကြပြီး၊ ကျုပ်တို့
    ကိုတော့ အလျှော်အစားမဲ့ မောင်းထုတ်မျိုးဖြုတ်နေတာကို မေ့ချင်ဟန်
    ဆောင်နေကြသလား။



အရှေ့ဖက်က ခင်ဗျားတို့ရဲ့ ညီအစ်ကိုတွေလို့ အခေါ်ခံခဲ့ရဖူးသူတစ်ယောက်
၁၆၊ ၀၃၊ ၂၀၁၃


۩۩   လူအတော်များများရဲ့ မျက်စိက ရွေးချယ်မှုန် ၊ နားက ကြားချင်တာပဲကြားပြီး အင်မတန်
တိုတောင်းတတ်တဲ့ မှတ်ဥာဏ်တွေအတွက် ၊ လန်းလန်းတင့်လို့ ဆန်းဆန်းသစ်အောင် သတိ
ပေး အသိနွှေးဖို့ရာ ၊ ဒီပို့စ်ကို သတ်သတ်မှတ်မှတ် ကဏ္ဍတစ်ခုအနေနဲ့ တောင်းဆိုလိုအပ်ချက်
ပေါ်လာတိုင်း ၊ နင်းပြားတွေရဲ့ဟစ်သံတွေကို ဖြည့်စွက်သွားပေးဖို့ ရည်ရွယ်ပါတယ် ။

No comments:

Post a Comment