ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Tuesday, March 12, 2013

နိုင်ငံရေး ကကြီးခခွေး (၁)




  နိုင်ငံရေးဆိုတဲ့ စကားလုံးကို ကြားမိကြရင်ဖြင့်၊ လူအတော်များများကနေ နားလည်တယ်လို့ ယူဆမိ
နိုင်ပါတယ်။ နိုင်ငံရေးဟာ ကမ္ဘာတစ်ဝှမ်းမှာ လေ့လာနေတဲ့ ဘာသာရပ်တစ်ခုလည်း ဖြစ်တာကြောင့်၊
ကိုယ်သိထားပြီးသားတွေနဲ့ ဘာသာရပ်ဆိုင်ရာ ပညာရှင်တွေကိုယ်တိုင် ဒီဘာသာရပ်အပေါ် နားလည်
နိုင်အောင် ကြိုးပမ်းချက်တွေနဲ့ စုစည်းတင်ပြမှုတွေကို တိုက်ဆိုင်ကြည့်ကြရအောင်ပါ။

  နေ့စဉ်ဘဝထဲက နိုင်ငံရေး
  ပထမဆုံး မေးစရာကတော့ “နိုင်ငံရေး လေ့လာသင်ယူခြင်းဟာ သင့်တင့်လျောက်ပတ်တဲ့ အမှုကိစ္စ
တစ်ခုလား” ပါပဲ ။

  ရုပ်မြင်သံကြား သတင်းတွေကို ကြည့်ရှုသူတိုင်းကနေ ဒီမိုကရေစီ စနစ်နဲ့ပတ်သက်ပြီး၊ ထိရောက်မှု
ညီမျှမှုနဲ့ ကြာရှည်ခံမှုတွေမှာ ကွဲပြားကြတာကို သတိထားမိနိုင်ပါတယ်။ ငြိမ်းချမ်းပြီး သာတူညီမျှမှုကို
ရှေ့ရှုတဲ့ ဆွစ်ဇာလန်နဲ့ ဆွီဒင်လို နိုင်ငံတွေကနေ စပြီး၊ အငြင်းပွားဖွယ်ရာ အမေရိကန်ရဲ့ အခြေနေမျိုး၊
အဲဒီကနေမှ ကွဲရှလွယ်တဲ့ အရှေ့ဥရောပနဲ့ တောင်အမေရိကက ဒီမိုကရေစီစနစ် စတင်ကျင့်သုံးစ နိုင်
ငံတွေကို တွေ့နိုင်တယ်။ အာကာသထဲကို ပထမဦးဆုံး ဂြိုလ်တုလွှတ်တင်နိုင်ခဲ့ပြီး ကမ္ဘာတစ်ခြမ်း
လောက် လွမ်းမိုးထားခဲ့တဲ့ ဆိုဗီယက်နိုင်ငံဟာဆိုရင်၊ လူနည်းနည်းလောက်ကပဲ ကြိုမြင်နိုင်ခဲ့တဲ့ အင်
အားစုတွေကြောင့် ပြိုကွဲခဲ့ရပြီး၊ ခုဆိုရင် အာဏာရှင်စနစ်တောင် ထွန်းကားလာနေခဲ့ပါပြီ။ ဒီအဖြစ်
ပျက်တွေဟာ ထိန်းချုပ်လို့ မရနိုင်ဘူး၊ သာမန်ပြည်သူတွေကနေ နားမလည်နိုင်ဘူးဆိုတဲ့ ယူဆချက်
မျိုးတွေဟာလည်း ငြင်းပယ်ဖို့ အတော်ခက်ပါတယ်။

  ဘယ်လိုပဲ ဖြစ်စေ၊ သာမန်ပြည်သူတွေဟာ ပြိုကွဲဖို့ မဖြစ်နိုင်ဘူးလို့ ထင်မြင်ခဲ့ရတဲ့ အစိုးရတွေကို
ဖြုတ်ချနိုင်ခဲ့ကြပြီး၊ နိုင်ငံရေးစိတ်ကူးတွေအတွက်လည်း အသက်စွန့်ခဲ့ကြတယ်။ ယူကရိန်းက လိမ္မော်
ရောင် တော်လှန်ရေးနဲ့ ဆားဗီးယားက အမျိုးသားလက္ခဏာ အကြောင်းပြချက်အပေါ် အခြေခံပြီး လူ
မျိုးတုန်း သတ်ဖြတ်မှု လုပ်ခဲ့တဲ့အဖြစ်တွေဟာ ထင်ရှားတဲ့ သာဓကအချို့ ဖြစ်တယ်။ သို့သော် အဲ
သည်လို သာမန်ပြည်သူတွေရဲ့ လုပ်နိုင်စွမ်းတွေကိုပဲကြည့်ပြီး၊ နိုင်ငံရေးနဲ့ပတ်သက်တဲ့ အသင်းအပင်း
အဖွဲ့စည်း (political institutions) တွေရဲ့ သဘောသဘာဝနဲ့ အဲဒါတွေနဲ့ပတ်သက်လို့ ဘယ်လိုလုပ်
ရမလဲ ဆိုတာတွေကို လစ်လျူရှုမယ်ဆိုရင်လည်း မှားသွားပါလိမ့်မယ်။

  ဒီလို အဝေးက ကြီးမားတဲ့ နိုင်ငံရေးအပြောင်းလဲနဲ့ အဖြစ်ပျက်တွေကို အသာထားပြီး ကိုယ့်တွေရဲ့
ဘဝနဲ့ ဒါတွေကို သက်ရောက်မှုရှိတဲ့ အနီးအနားက နိုင်ငံရေးကိစ္စတွေဟာလည်း လေ့လာဆန်းစစ်
ထိုက်တာတွေ ဖြစ်ပါတယ် ။

  ဆိုကြပါစို့၊ ခင်ဗျားဟာ တက္ကသိုလ်တက်ဖို့ စောင့်ဆိုင်းရင်း ပက်ပ်စီကိုလာ (Pepsi Cola) စက်ရုံမှာ
အလုပ်လုပ်နေသူ လူငယ်တစ်ယောက်အဖြစ်နဲ့ နမူနာကြည့်ရအောင်။ ခင်ဗျားဟာ အိပ်ယာကနေ အ
စိုးရပိုင် (သို့မဟုတ်) အစိုးရက လိုင်စင်ချထားပေးတဲ့ ရေဒီယိုသံနဲ့အတူ နိုးထလာမယ်။ မကြာခင် အိမ်
ရှေ့ရုပ်မြင်သံကြားထဲက အစိုးရ ထောက်ပံ့မှုယူထားတဲ့ မိုးလေဝသဌာနရဲ့ ရာသီဥတု ခန့်မှန်းချက်ကို
လှမ်းကြားရမယ်။ မနက်ရေချိုးဖို့ရာ နယ်မြေခံအစိုးရရဲ့ စီမံခန့်ခွဲမှုအောက်မှာရှိတဲ့ ရေပေးဝေရေးဌာန
ကလာတဲ့ရေကို သုံးရပြန်တယ်။ ပြီး မနက်စာ ပဲပြုတ်နံပြားစားတော့ အရည်သွေး သတ်မှတ်ချက် ဥ
ပဒေနဲ့အညီ ထုတ်လုပ်ထားတဲ့ ဆီကို ဆမ်းစားပါလိမ့်မယ်။ အဲဒီကနေ မြို့ထဲသွားဖို့ ထွက်လာရင်း ခံ
တွင်းချဉ်လာတော့၊ စည်းမျဉ်းဥပဒေအရ ကျန်းမာရေးအတွက် အန္တရယ်ရှိကြောင်း စာတန်းပါတဲ့ ဆေး
လိပ်ဗူးကို ဝယ်လိုက်တယ်။ မြို့ထဲမှာ တနေကုန်နေရင်း ဆာလောင်လာတာမို့ ပြည်ပကနေ မကြာ
ခင်ကမှ ရင်းနှီးမြုပ်နှံမှု လာလုပ်တဲ့၊ မက်ဒေါ်နယ် (Mc Donald) ကြက်ကြော်ဆိုင်မှာ ဝင်စားလိုက်
မိပြန်တယ်။

  အခြားတစ်ဖက်ကို ကြည့်ပြန်ရင် - ခင်ဗျားတက်မယ့် တက္ကသိုလ်မှာ လူဘယ်နှစ်ယောက် လက်ခံ
သင်ကြားပေးနိုင်မလဲ ဆိုတဲ့ကိစ္စမှာ အစိုးရရဲ့ အခန်းကဏ္ဍ ပါလာရသလို၊ တက္ကသိုလ်တက်ဖို့ စားရိတ်
စကတွေ အတွက်လည်း အစိုးရချေးငွေနဲ့ တက်ရမလား၊ မဟုတ်ရင်လည်း အစိုးရထောက်ပံ့ထားတဲ့
အဲဒီ တက္ကသိုလ်ကျောင်းကနေပေးတဲ့ ပညာသင်ဆုကို ရနိုင်မလားဆိုတာတွေ ရှိလာပြန်တယ်။ တစ်
ခါ ခင်ဗျားဘွဲ့ရပြီးရင် အလုပ်တစ်ခု ရလာနိုင်ဖို့ဟာလည်း အစိုးရရဲ့ စီမံခန့်ခွဲမှုတွေအပေါ် တည်မှီနေ
သလို၊ ခုနက ပက်ပ်စီကိုလာတို့ မက်ဒေါ်နယ်တို့လို ကုပ္မဏီတွေကနေ ဒီနိုင်ငံအတွင်းမှာ ရင်းနှီးမြုပ်
နှံမှုတွေ လာလုပ်နိုင်ဖို့ရာ စည်းမျဉ်းဥပဒေတွေဟာ အစိုးရနဲ့ ပတ်သက်နေပြန်ပါတယ်။ ဒါတွေဟာ
ပြည်သူနဲ့ အစိုးရစပ်ကြား အကြောင်းတွေကို စူးစိုက်ထုတ်နှုတ် ပြထားတာပါ။

  တစ်ခါ ဆိုကြပါစို့၊ ခင်ဗျားဟာ အိမ်ပြန်ရောက်လို့ ထ္မင်းစားအပြီးမှာ၊ ဘာမှ မဆေးမကြောပဲ ထသွား
တာကို ခင်ဗျားအဖေက မြင်သွားပြီး၊ ထ္မင်းဝိုင်းကို သိမ်းဆည်းဖို့နဲ့ ကိုယ့်ပန်းကန်ကိုယ်ဆေးဖို့ လှမ်း
ပြောလိုက်ပါပြီတဲ့။ ဒါဟာ နိုင်ငံရေး အခြေနေတစ်ခု ဖြစ်လာပါပြီ။ မိသားစုအတွင်းမှာ မိဘတွေဟာ
သားသမီးတွေအပေါ် တရားဝင် သုံးစွဲပိုင်ခွင့်ရှိတယ်လို့ ယူဆရတဲ့ အမိန့်အာဏာ (authority) နဲ့
သက်ဆိုင်လာတယ်လို့ ပြောနိုင်ပါလိမ့်မယ်။ ဒီနေရာမှာ ခင်ဗျားကနေ ကိုယ်ဟာ ကလေးတစ်
ယောက် မဟုတ်တော့လို့ အာဏာသုံးပြီး အမိန့်ပေးခိုင်းစေတာကို လက်မခံချင်သလို၊ အဖေလုပ်
သူကလည်း အိမ်ကလူတိုင်းဟာ ကိုယ့်တာဝန်ကိုယ်စီ ယူသင့်ကြတယ်ဆိုပြီး စိတ်သဘောရှိနေပါ
လိမ့်မယ်။ ဒီ သြဇာအာဏာ ပဋိပက္ခမှာ တစ်ဖက်ထဲကသာ အသာစီးရ အောင်နိုင်ပါလိမ့်မယ်။

  ဒီလိုပဲ ခင်ဗျားဟာ မြို့ထဲမှာ ကြက်ကြော်ဆိုင်ထဲ ဝင်စားရင်းနဲ့ ဘာတွေ့နိုင်သလဲဆိုတော့ - အဲဒီ
ဆိုင်မှာ မန်နေဂျာလုပ်သူက ခွင့်ယူထားတဲ့အတွက် အစားထိုးဝင်လုပ်နေတဲ့ သူ့လက်ထောက်က
နေ သူဘယ်လို ပိုတော်ပိုကောင်းကြောင်း သူ့အလုပ်ရှင်ကို လက်စွမ်းပြနေတာ မြင်ကောင်း မြင်ရ
ပါလိမ့်မယ်။ ဒါဟာ လုပ်ငန်းခွင် နိုင်ငံရေးပါပဲ။ အာဏာအတွက် လူနှစ်ယောက်ကနေ ပြိုင်ဆိုင်နေ
ကြတာပဲ ဖြစ်ပါတယ်။

  ဒါတွေကိုကြည့်ရင် နိုင်ငံရေးဟာ လူတိုင်းအပေါ် အနည်းဆုံး နှစ်မျိုးနှစ်စား သက်ရောက်မှုရှိတာ
တွေ့ရပါမယ်။ ပထမတစ်မျိုးက - အဘိဓါန်တွေထဲက ကျဉ်းမြောင်းတဲ့ အဓိပ္ပါယ် ပြန်ဆိုထားသလို
အစိုးရနဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေ ဖြစ်ပြီး လူတွေကို နေ့တိုင်း အချိန်နာရီတိုင်းမှာ နက်နက်
ရှိုင်းရှိုင်း သက်ရောက်မှုတွေ ရှိပါတယ်။

  နောက်ထပ် ကျယ်ပြန်တဲ့ တစ်မျိုးကတော့ - လူတွေဟာ အခြားသူတွေအပေါ်မှာ သြဇာအာဏာ
(power) ကို အသုံးချနေကြပါတယ်။ ဒါဟာ လူမှုရေး ဆက်နွယ်မှု၊ ဆွေမျိုး တော်စပ်မှု၊ အလုပ်ကိုင်၊
ဘာသာရေးနဲ့ ယဉ်ကျေးမှုတွေရဲ အစိတ်ပိုင်းတစ်ရပ်လည်း ဖြစ်ပါတယ်။

  နောက်အမြင်တစ်ခုကနေ ဆက်ကြည့်ရအောင်။
  တကယ်တော့ နိုင်ငံရေးဆိုတာ စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေ
ဟာ တစ်ယောက်နဲ့တစ်ယောက် သဘောထား မတိုက်ဆိုင်နိုင်ကြလို့ပါပဲ။ လူတွေဟာ သူတို့ ဘယ်
လိုနေရမလဲ၊ ဘယ်သူ ဘာရသင့်သလဲ၊ အာဏာနဲ့ သယံဇာတတွေကို ဘယ်လို ခွဲဝေရမလဲ၊ လူ့အ
သိုင်းဝိုင်းကြီးဟာ စုစည်းမှု သို့မဟုတ် မတူကွဲပြား တစ်သီးတစ်ခြားစီ ဖြစ်မှုတွေအပေါ် အခြေခံသင့်
သလား စသည်ဖြင့်ပေါ့။ ဒါ့ပြင် အဲဒီကိစ္စတွေကို ဘယ်လိုဖြေရှင်းသင့်သလဲ၊ စုပေါင်း ဆုံးဖြတ်ချက်
တွေ ဘယ်လိုချသင့်သလဲ၊ ဘယ်သူတွေက ပြောဆိုခွင့်ရှိသင့်သလဲ၊ လူတစ်ဦးစီကနေ အခြားလူတွေ
အပေါ် သြဇာသက်ရောက်မှု ဘယ်လောက်ထိ ရှိသင့်သလဲ၊ စတာတွေကိုလည်း သဘောမတူကြပြန်
ဘူး။

  ဒီလို လူသားတွေကနေ သူတို့ကိုယ်ပိုင်ဘဝတွေကို မြှင့်တင်ဖို့နဲ့ ကောင်းမွန်တဲ့ လူမှုအသိုင်းဝိုင်း ဖန်
တီးဖို့ရာ ကြိုးပမ်းကြတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်တာကြောင့်လည်း၊ ဒီ'နိုင်ငံရေး'ဆိုတာကို ရှေးဦး အတွေး
ခေါ်ပညာရှင် တစ်ဦးဖြစ်တဲ့ အရစ္စတိုတယ် (Aristotle) ကနေ ပင်မသိပ္ပံပညာ (master science)
ရယ်လို့ အမည်သညာ ပေးခဲ့ပါတယ်။

  ခြုံငုံပြီး ဆိုရမယ်ဆိုရင်၊ နိုင်ငံရေးဟာ “လူမှုရေးအမှုကိစ္စတစ်ခု” (a social activity)ပဲ ဖြစ်ပါတယ်။
အဲဒီဖြစ်စဉ်ဟာ အမြဲတမ်း အပြန်သလှန်သဘောတရား ပါရှိပြီး၊ ဘယ်တော့မှ တစ်ဦးတစ်ဖက်ထဲ
တစ်လမ်းမောင်း သွားနေတာမျိုး မဟုတ်ပါဘူး။ ပုံပမာ ပြောရရင်၊ လူတစ်ယောက်ဟာ အထီးကျန်
နေထိုင်စဉ်မှာ သူအလိုရှိရာကို စိတ်ကြိုက်ရွေးချယ် ထုတ်လုပ် လုပ်ကိုင်နိုင်ပါတယ်။ ဒါပေမယ့် နိုင်ငံ
ရေးဖြစ်စဉ်မှာ ပါဝင်ဖို့ မဖြစ်နိုင်ပါဘူး။ နောက်ထပ် လူသားတစ်ယောက် ဝင်လာမှသာလျှင် ကူးလူး
ဆက်ဆံမှုတစ်ရပ် ပေါ်ပေါက်လာပြီး နိုင်ငံရေးဆိုတာ ဖြစ်ပေါ်လာနိုင်ပါတယ်။

  တစ်ခါ၊ နိုင်ငံရေးရဲ့ လူတွေတစ်ဦးနဲ့တစ်ဦး ‘သဘောကွဲပြားခြင်း’ဆိုတဲ့ အခြေခံအကျဆုံး သဘာဝ
ဟာ ဒီဘာသာရပ်အတွင်းမှာရော ဒီဘာသာရပ်ကို ဘယ်လို လေ့လာရမယ် ဆိုတဲ့အထိပါ သက်ရောက်
မှု ရှိပါတယ်။ လူတွေရဲ့ ဘယ်'လူမှုဆက်ဆံရေး' တွေကတော့ဖြင့် နိုင်ငံရေးနဲ့ပတ်သက်တယ် ဆိုတာ
သာမက၊ နိုင်ငံရေး ဖြစ်စဉ်တွေကို ဘယ်လိုပုံ ဘယ်လိုနည်းနဲ့ အကောင်းဆုံး လေ့လာသုံးသပ် ရှင်းပြ
လို့ရမလဲ ဆိုတာတွေအထိ သဘောမတူနိုင်ကြတာကို မြင်ရမှာပါ။


- Man is by nature a political animal. (Aristotle)
- လူသည် သဘာဝအားဖြင့် နိုင်ငံရေး သတ္တဝါတစ်ကောင် ဖြစ်သည်။ (အရစ္စတိုတယ်)


မန်းကိုကို
၁၀ ၊ ၀၃ ၊ ၂၀၁၃

Heywood A 2007, Politics, 3rd edn, Palgrave Foundations, New York.
Tansey S & Jackson N 2008, Politics: The Basic, 4th edn, Routledge, New York.

4 comments:

  1. နိုင်ငံရေးကိစ္စမှာ အာဏာတို့ ဆုံးဖြတ်ချက်ချတာတို့ဟာ အရေးကြီးတဲ့အခန်း ပါဝင်တယ်။
    လူတစ်ဦးတည်းအထီးကျန်စွာရှိနေတဲ့အခါမှာလည်း အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချရတာမျိုးလဲ ရှိတယ်။ ဥပမာတချို့အနေနဲ့
    ဥပမာ- အိပ်လိုက်မလား။ ထလမ်းလျှောက်မလား
    ဥပမာ- ဒီနေရာမှာ တံတွေးထွေးသင့်လား မသင့်လား။
    ဥပမာ- အဲဒါကို ဒေါသထွက်သင့်လား၊ မထွက်သင့်ဘူးလား။ မေ့ထားလိုက်ရမလား။

    တခါတလေ ထိပ်တိုက် သဘောထား နှစ်ခု၊ တခါတလေ သုံးခု၊ တခါလေ လေးငါးခု၊ ဖြစ်လာတဲ့ အခါ ဘယ်တခုကို အာဏာပေး (အသာပေး)ပြီး ဆုံးဖြတ်ချက်ကို ချလိုက်ရတာမျိုး ရှိတယ်။ တခါတလေ ဘာမှဆုံးဖြတ်ချက်မချဘဲ ယောင်ဝါးဝါးနဲ့ အချိန်ဆွဲလိုက်ရတာမျိုးလဲရှိတယ်။

    နိုင်ငံရေး လို့ ဗမာလို ဝေါဟာရပေးလိုက်တော့ နိုင်ငံနဲ့ချီပြီးဖြစ်လာတဲ့အရေးမှ နိုင်ငံရေးဖြစ်တယ်၊ သို့မဟုတ် တစ်ဦးထက်ပိုသော လူမှုအဖွဲ့အစည်းရဲ့ ဆက်ဆံရေးကိစ္စမှ နိုင်ငံရေးဖြစ်တယ်လို့ ယူဆချက်နဲ့ နိုင်ငံရေးဆိုတဲ့ဝေါဟာရကို အနက်ဖွင့်လေ့ရှိကြပါတယ်။

    ကျနော့အနေနဲ့ခံစားမိတာကတော့ ဗမာဝေါဟာရဖြင့် နိုင်ငံရေးလို့ ခေါ်ဆိုတဲ့ အကြောင်းအရာ၊ အဖြစ်အပျက်ဟာ လူတစ်ဦးထဲရှိနေလင့်ကစား ထိုတစ်ဦးတည်းရဲ့ စိတ်အတွင်းမှာတင် ဖြစ်ပေါ်နေနိုင်တဲ့ အရေးကြီးတဲ့ အရေးကိစ္စဖြစ်ပါတယ်။

    တစ်ဦးထဲရှိနေပေမယ့် အဲဒီကိစ္စဟာ တခါတလေ
    ဥပမာ- ငါ့ကိုယ်ငါ သတ်သေလိုက်ရမလား၊ သတ်မသေသင့်ဘူးလား ဆိုတဲ့ ကိစ္စအထိ ကြီးမားသွားနိုင်တဲ့ အရေးကြီးတဲ့ကိစ္စ ဖြစ်တတ်ပါတယ်။

    ရှောက်သီးချဉ်တာဟာ ရှောက်သီးဖြစ်မှချဉ်တာမဟုတ်ဘဲနဲ့ အဲဒီရှောက်သီးမှာပါတဲ့ အငယ်ဆုံး အက်တမ်ကလေးတစ်ခုကစပြီး ချဉ်တာဖြစ်ပါတယ်။ နိုင်ငံရေးဆိုတဲ့ကိစ္စမှာလည်း လူတစ်ဦးတစ်ယောက် ကနေစပြီး ဖွဲ့စည်းထားတဲ့အတွက် တစ်ဦးချင်းအတွင်းက ဖြစ်စဉ်ဟာလည်း အရေးကြီးပါတယ်။

    တစ်ဖက်ကတွေးရင်- ကိုင်း လူတစ်ဦးမှ သို့မဟုတ် သက်ရှိတခုမှ မရှိတဲ့ နေရာမှာ ဆိုရင် နိုင်ငံရေးဆိုတာ ရှိလား။ အဲဒီအထိကတော့ ကျနော်လည်း မဆွေးနွေးချင်တော့ပါဘူး။

    မပြီးသေးတဲ့ နိုင်ငံရေးခရီးက-

    ReplyDelete
    Replies
    1. Anonymous ရဲ့ မှတ်ချက်ကို လက်လှမ်းမီသလောက် ဖြေပေးပါ့မယ် ။

      ပထမတစ်ချက်၊ အပေါ်က ရေးခဲ့သမျှဟာ စာစုအောက်မှာပါတဲ့ စာအုပ်နှစ်အုပ်ကနေ နိုင်ငံရေး ပညာရှင်တွေရဲ့ တင်ပြမှုကို ၊ စကားလုံး အကန့်အသတ်တွေ အများကြီးရှိနေတဲ့ ဗမာစကားကိုသုံးပြီး ဘာသာပြန်ထားပေးတာပါ ။ ဒီတော့ စကားလုံးပိုကြွယ်တဲ့ အခြားဘာသာစကားတွေလို တိကျတဲ့ ပုံဖေါ်မှုတွေ မလုပ်နိုင်ပဲ ၊ ဟာတာတာ ဖြစ်နေတာမျိုးတွေလည်း ရှိမှာပါ ။

      ဘယ်လိုပဲဖြစ်ဖြစ် အပေါ်ကစာကို မှီပြီးပြောရရင် ၊ အရင်ဆုံးအနေနဲ့ နိုင်ငံရေးဟာ လူမှုရေးအမှုကိစ္စတစ်ခု ဖြစ်တဲ့အတွက်ကြောင့် အနည်းဆုံး လူနှစ်ယောက် လိုသလို ၊ လူနဲ့ သက်ရှိတွေ မရှိတဲ့နေရာမှာ နိုင်ငံရေးဆိုတာလည်း မရှိနိုင်ပါဘူး ။ တစ်နည်းအားဖြင့် စကားပြေနဲ့ ပြောရရင် - နိုင်ငံရေးဆိုတဲ့ စကားလုံးဟာတောင်မှ လူတွေရှိလို့သာ ပေါ်လာရတဲ့အတွက် လူတစ်ယောက်မှမရှိရင် နိုင်ငံရေးဆိုတာ မရှိနိုင်သလို ၊ ဘယ်သူ့နဲ့မှ ဆက်ဆံစရာ မလိုတဲ့နေရာ (တစ်နည်းအားဖြင့် တစ်ယောက်ထဲရှိရာမှာ) လည်း ဘယ်ဘာသာစကားမှ သုံးစရာမလိုတဲ့အတွက် နိုင်ငံရေးဆိုတဲ့ စကားလုံးတောင် ပေါ်လာစရာ မရှိဘူးလို့ ပြောရပါမယ် ။

      နောက်တစ်ဆင့် Anonymous ပြောတဲ့ “နိုင်ငံရေးကိစ္စမှာ အာဏာတို့ ဆုံးဖြတ်ချက်ချတာတို့ဟာ အရေးကြီးတဲ့အခန်း ပါဝင်တယ်။” ဆိုတာ မှန်ပါတယ် ။ နောက်ရေးမယ့် အပိုင်းတွေမှာ နိုင်ငံရေးဆိုတာကို အယူဆအမျိုးမျိုးကနေ အဓိပ္ပါယ်ဖွင့်ဖို့ ကြိုးစားတဲ့အခါ ၊ ဆိုခဲ့တဲ့ အာဏာ (power) ဟာ အဓိကကျတဲ့ အချက်တစ်ချက်အနေနဲ့ ပါလာပါလိမ့်မယ် ။ သို့သော် နိုင်ငံရေးဟာ ဒိထက်ပိုပါတယ် ။ အနည်းဆုံး နောက်ထပ်အယူဆ ၃ ဖက်လောက်ကနေ မြင်ကြည့်နိုင်တာကို လာမယ့်အပိုင်းတွေမှာ ထည့်ရေးဖို့ ရှိပါတယ် ။

      တခါ Anonymous ကနေ လူတစ်ဦးချင်းစီရဲ့ “ဆုံးဖြတ်ချက်” နဲ့ပတ်သက်လို့ အရေးကြီးတယ်လို့ ဆိုလာတဲ့အခါကျတော့ ၊ ပြောလိုရင်းဖြစ်တဲ့ “နိုင်ငံရေး”ကနေ လွဲချော်လာပြီလို့ ယူဆပါတယ် ။ ဘာကြောင့်လည်းဆိုတော့ “ဆုံးဖြတ်ချက်ချမှုဖြစ်စဉ်”နဲ့ “လူတစ်ဦးချင်းရဲ့ ဖြစ်စဉ်တွေ”ဟာ နိုင်ငံရေးကို ဖွဲ့စည်းထားတဲ့ အစိတ်အပိုင်းတွေသာဖြစ်ပြီး ၊ “ပင်မသိပ္ပံပညာ (master science)”လို့တောင် တင်စားထားတဲ့ “နိုင်ငံရေး”တစ်ခုလုံးအနေနဲ့ ကိုယ်စားမပြုနိုင်လို့ပါပဲ ။ ကားဘီးမပါပဲ ကားသွားလို့မရပေမယ့် ၊ ကားဘီးဟာ ကားတစ်စီးလုံး မဟုတ်သလို ပုံစံမျိုးလို့ နမူနာပြောလို့ ရမယ်ထင်ပါတယ် ။ ။

      Delete
  2. ကိုမန်းရဲ့ နိုင်ငံရေး ကကြီးခခွေး က၊ နိုင်ငံရေးမူကြိုသင်နေတဲ့ ကျွန်မအတွက် ဗဟုသုတဖြစ်ပါတယ်။ ကျေးဇူးပါ။ နောင်လည်း အချိန်ပေးပြီး လာဖတ်ပါအုံးမယ်။

    ReplyDelete