ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Tuesday, March 12, 2013

Common Sense စပါးလုံး တစ်ထောက်စာ



   အင်တာနက်ပေါ်ကြည့်တော့ အချို့လူတွေရဲ့ မြင်ပုံတွေးပုံတွေက စိတ်မှပုံမှန်ပါလေစလို့ ထင်
ချင်စရာ ကောင်းလောက်အောင် ချွတ်ချော်နေပုံရတာ တွေ့ရတယ် ။ တကယ်တန်းမှာ စိတ်အ
ခြေနေက သိပ်မဆိုးလှကြပေမယ့် ၊ အစွဲတွေနဲ့ မြင်ကြပြောပြတာကြောင့်သာ ဟန်ချက်လွဲနေ
တာတွေလို့ နားလည်ပေးလို့ ရပါတယ် ။ သို့သော် ခုမှ ဘဝကို ကကြီးရေးက စနေတဲ့ လူငယ်
အချို့များ အတုယူ လွဲခြင်းမက လွဲသွားလေမလားဆိုပြီး ကြုံဖူးသမျှလေး ခြစ်ချုပ်ထုတ်ပြီး
common sense ဆိုတဲ့ ခေါင်းစဉ်နဲ့ စပါးလုံး တစ်ထောက်စာလောက်များ နက်နဲကောင်းရဲ့လို့
ရေးကြည့်တာပါ ။

   ပထမ အလွယ်ဆုံး မြန်မာစာအဖွဲ့ထုတ် အဘိဓါန်ကိုကြည့်တော့ “ဘဝပေး သာမန်အသိ ၊ လူ
ပြိန်းအသိ” လို့ အဖြေထွက်လာတယ် ။ အင်း .. လွယ်လွယ်ကူကူ ရှင်းရှင်းလင်းလင်း သည်လိုပဲ
ယူလိုက်တာ ကောင်းမယ်ထင်ပါတယ် ။ မဟုတ်ရင် ရှည်ကြောထပြီး ကြည့်မိတဲ့ Merriam-
-Webster Online Dictionary မှာက - “sound and prudent judgment based on a simple
perception of the situation or facts” [အခြေနေ (သို့) အချက်လက်တွေအပေါ် ရိုးရှင်းတဲ့
အသိအမြင်ကို အခြေခံတဲ့ ယုတ္တိတန်ပြီး နှိုင်းချင့်မျှော်ခေါ်သော ဆင်ခြင်တုံတရား] လို့ဆိုထား
တော့ ဆက်ရေးဖို့တွေကို ချွေးပြန်အောင် တွေးနေရဦးမှာစိုးလို့ လွယ်တာတွေကိုပဲ ရေးသွားပါ့
မယ် ။ သို့သော် သူ့နဲ့ တစ်ဆက်ထဲပါတဲ့ နမူနာလေးကတော့ ရိုးရှင်းလှတာကြောင့် ယူသုံးလိုက်
ပါ့မယ် ။
ကုတ်ရင်း လက်သည်းနဲ့ နည်းနည်းလေး ပွန်းသွားတာဟာ အိမ်မှာဆောင်ထားတဲ့
ဆေးဝါရည်လောက်နဲ့ ပြီးရမှာ ဖြစ်သလို ၊ အသားခုတ်ရင်း လက်ချော်လို့ ဒါးဒဏ်ရာ
ဟက်တက်ကြီးနဲ့ဆိုရင် အနည်းဆုံး ဆေးခန်းသွားဖို့ သိနားလည် ဆုံးဖြတ်နိုင်တာမျိုး
ဟာ common sense ပါပဲတဲ့ ။ အင်း .. အလွယ်တော့ အလွယ်သား ။
   ကဲ ကျနော့် အတွေ့ကြုံတွေဖက် လှည့်ကြရအောင်ဗျာ ။  နမူနာအချို့ကို နံပါတ်စဉ်တပ် ချရေး
သွားပါ့မယ် ။ သို့ပေမင့် အပေါ်က နမူနာထက် ပိုရှုပ်တာကြောင့် အားလုံး ဝိုင်းစဉ်းစားကြတာပေါ့ ။
ပြီးမှ အချို့ဖြစ်ရပ်တွေရဲ့ နောက်ဆက်တွဲတွေကို အဆုံးသတ်မှာ ပြန်ဖေါ်ပြပေးပါ့မယ် ။

(၁)  စာရေးမတစ်ယောက်ရှိတယ် ။ ပျင်းတယ် ။ သူ့ကို ကြည့်မရသူတွေ ရှိတယ် ။ တစ်နေ့မှာ
      သူ့ကို ကြည့်မရသူတစ်ယောက်က အခြားလူတစ်ယောက်ကို သူကြည့်မရကြောင်း ပြော
လိုက်တယ် ။ ပြောတဲ့အခါမှာလည်း အဲသည်စာရေးမရဲ့ လူမျိုးနာမည်ကိုပါ ထည့်ပြောလိုက်တယ် ။
တစ်ခုရှိတာက ပြောပြခံရတဲ့သူနဲ့ စာရေးမနဲ့ဟာ လူမျိုးတူတွေ ဖြစ်ကြတယ် ။ ပြောသူကလည်း
ဒါကိုသိလျက်နဲ့ ပြောတယ် ။ ဒီတော့ နားထောင်ရသူမှာ အားလုံးရှေ့မှာ ဘာမှမဖြစ်သလို ကြိုး
စားနေသော်လည်း ကိုယ့်အခန်းနဲ့ကိုယ် ပြန်ရောက်တော့ ပေါက်ကွဲတော့တယ် ။ ဒါဟာ ဖြစ်သင့်
သလား ။ ဘယ်နေရာ မှားသွားသလဲ ။

(၂)  အလုပ်သမား ရာနဲ့ချီတဲ့ စက်ရုံတစ်ရုံမှာ ၊ လစာကို ငွေစာရင်းဌာနမှာလုပ်တဲ့ စာရေးမက
      ဘဏ်ကနေ ထုတ်လာပေးလေ့ ရှိပြီး ၊ တစ်ယောက်ချင်းလစာကို စက်ရုံမှာပဲ လက်လီထုတ်
ပေးတယ် ။

   တစ်နေ့မှာတော အဲသည်စာရေးမဟာ လမ်းခုလတ်မှာ ငွေအလုခံလိုက်ရတယ် ။ ကြိုသိလို့
စောင့်လုတယ်လို့ ယုံကြည်ရတယ် ။ ဒီနောက်ပိုင်း အလုပ်သမားတွေကို ငွေထုတ်လက်မှတ်
(ချက်လက်မှတ်) တွေနဲ့ပဲ လစာရှင်းပေးတော့တယ် ။ အန္တရာယ်ကို လက်လွှဲပေးလိုက်တဲ့ သ
ဘော ။

  သည့်နောက်မှာ အလုပ်သမားတွေထဲက ဆိုင်ကယ်ရှိသူ တစ်ယောက်က လစာချက်လက်မှတ်
တွေကို စုစည်းပြီး ဘဏ်မှာ သွားထုတ်ပေးတဲ့ ဝန်ဆောင်မှုတစ်ခု ပေါ်လာတယ် ။ လမ်းစရိတ်
နည်းနည်းယူပြီး ငွေသားရအောင် လုပ်ပေးတဲ့ ဒီလူတွေကို အလုပ်သမား အများစုက သူတို့ရဲ့
ချက်လက်မှတ်တွေကို ဝိုင်းအပ်ကြတယ် ။ သူ့အရပ်နဲ့ သူ့ဇတ် အဆင်ပြေနေကြတယ် ။

   သို့သော် ဒီလုပ်ဆောင်ချက်ဟာ အန္တရယ်များတယ်ဆိုပြီး အခြားနည်းလမ်းတွေနဲ့ ငွေသားဖြစ်
အောင် လုပ်သူတွေလည်း ရှိကြတယ် ။ ကိုယ့်ချက်လက်မှတ် တစ်စောင်ထဲကို နောက်နေ့တွေမှ
ဘဏ်စာရင်းထဲ သွားထည့်သူ ၊ အခြား ငွေသားလက်ဝယ် ရှိသူတွေဆီက လဲလှယ်သူ စသည်
ဖြင့်ပေါ့ ။

   ဒီနေရာမှာ ဘာအာမခံချက်မှ မရှိတဲ့သူဆီမှာ ကိုယ့်ချက်လက်မှတ်ကို ပုံအပ်လိုက်တဲ့သူတွေနဲ့ ၊
ဘေးအကင်းဆုံး နည်းလမ်းတွေကို ရှာကြံသူတွေ ၊ ဘယ်သူတွေက common sense ရှိသလဲ ။

(၃)  မလေးရှားမှာ တရားမဝင် အလုပ်သမားတစ်စုဟာ စက်မှုဇုံတစ်ခုက သူတို့စက်ရုံနောက်မှာ
      စုနေကြတယ် ။ သူတို့ထဲမှာ သီချင်းဆို ဝါသနာပါသူတွေ ရှိတယ် ။ အဲသဟာနဲ့ ဘာလုပ်ကြ
လဲဆိုတော့ - ဆောင်းဘောက်ကြီးကြီးနဲ့ မိုက်ခွက်ကိုဝယ်တယ် ။ ဟာလာဟင်းလင်း ဖြစ်နေတဲ့
စက်ရုံအပေါ်ထပ်မှာ စက်တွေဆင် ၊ ညရောက်ရင် အသံချဲ့ပြီး သီချင်းတွေ ဟဲကြတော့တယ် ။

   သီချင်း ဝါသနာ မပါသူတွေထဲ ၊ အုပ်စု နှစ်စုရှိတယ် ။
   တစ်စုက - “ဟာ ၊ ဒီလူတွေ သီချင်းဆို တော်တော်ဝါသနာ ပါကြတာပဲ”လို့ ထောပနာ ဝိုင်းပြု
ကြတယ် ။
  နောက်တစ်စုက - “ဟေ့ ဟေ့ ၊ တိုးတိုးလုပ်ကြပါကွ ၊ တရားမဝင်နေတဲ့ ငါတို့အားလုံး ဒုက္ခ
တွေ ရောက်ကုန်ကြပါလိမ့်မယ်” လို့ဆိုကြပါတယ် ။ သီချင်းဆိုသူ ၊ ထောပနာပြုသူ ၊ သတိပေး
သူတွေထဲမှာ ဘယ်သူတွေဆီမှာ common sense ကပ်သလဲ ပြောစရာ လိုပါသေးသလား ။

(၄)  စကားဝိုင်းတစ်ခုမှာ သူငယ်တစ်ပိုင်းပြန်ပြီဖြစ်တဲ့ အသက် ၉၀ ကျော် အဖွားကြီးတစ်ယောက်
      က သူထင်တာ သူပြောလိုက်မိတယ် ။ မမှန်သော်လည်း တစ်စုံတစ်ယောက်ကို အရှက်ကွဲ
ထိခိုက်သွားစေမိတယ် ။ သို့သော် အပြင်လူတွေ မသိကြ ။ သို့သော် ဒီတင်မပြတ်ပဲ စကားဝိုင်းထဲ
က လူတစ်ယောက်က ထိခိုက်သွားသူရဲ့ မိခင်ဆီကို ဖုန်းနဲ့ သံတော်ဦးတင်ပါလေတယ် ။  သည်မှာ
တင် မိခင်လုပ်သူက မခံမရပ်နိုင်တာနဲ့ သူသိသမျှ လူအားလုံးကို သူ့ကလေး ဘယ်လို အရှက်ကွဲ
ထိခိုက်သွားကြောင်း ကိုယ်တိုင်တစ်မျိုး ၊ ဖုန်းနဲ့တစ်ဖုံ လိုက်ပြောတော့တယ် ။ သူလိုက်ပြောတာ
ကို ကြားရသမျှ လူအားလုံးဟာ ဒီအရှက်ကွဲစရာကို အရင်က မသိခဲ့ကြပဲ သူပြောမှပဲ သိကြရတော့
တယ် ။ သူဒီလို လုပ်သင့်သလား ။ ဒီဖြစ်ရပ်မှာ ဘယ်သူတွေ တာဝန်ရှိသလဲ ။ common sense
လစ်ဟာသွားတာ သူငယ်ပြန်နေတဲ့ အဖွားကြီးလား ၊ သို့မဟုတ် …. ။

(၅)   တစ်ခါက ရွာအပြန်မှာ သတိထားမိတာတစ်ခု ရှိတယ် ။
       စေတီသစ်တစ်ဆူ လမ်းဘေးမှာ ရှိလာတာကိုပါ ။ သာသနာအတွက် ကောင်းပါတယ် ။ သို့
သော် -
-  စေတီက လယ်ကွင်း မြေနိမ့်မှာ ရှိနေတယ် ။
-  အာရှလမ်းမကြီးရဲ့ အစိတ်အပိုင်း ဖြစ်လာနိုင်တဲ့ လမ်းပိုင်းပေါ်မှာ ကပ်လျက် ရှိနေတယ် ။
-  စေတီဟာ တောင်ကြားလမ်းတစ်ခုနဲ့ ဘေးကရွာရဲ့ အလယ်တည့်တည့်မှာ ရှိနေပြီး လမ်းမကြီး
   က စေတီကို ကွေ့ဝိုက်ပြီး ပတ်သွားရတယ် ။
-  စေတီကို တည်ထားတာက လက်နက်ကိုင် အဖွဲ့စည်းတစ်ခု ဖြစ်နေတယ် ။
   ဒီတော့ common sense သုံးပြီး တွေးမယ်ဆိုရင် အနာဂါတ်မှာ ဘာတွေ ဖြစ်လာနိုင်မလဲ ။

(၆)  လူအတော်များများ သိကြမယ့် ဘားအံဘေးက ကျိုက်ကလပ်ရေလယ်ဘုရားဘေးမှာ မြင်ခဲ့
      မိတာ တစ်ခုရှိတယ် ။
- အဲသည်နားက ခရစ်ယာန်ဘာသာဝင်အချို့က ဘုရားကျောင်းတစ်ဆောင် တည်ကြတယ် ။ သူ့
   တို့ပိုင်မြေ ၊ သူတို့ပိုင် ငွေတွေနဲ့ပါပဲ ။
- ခက်တာက ရေလယ်ဘုရားဆီသွားတဲ့ မုဒ်ဦးဝနဲ့ ရေလယ်ဘုရားကို တည့်တည့်တန်းကြည့်လိုက်
  တော့ ဘုရားကျောင်းသစ်က အလယ်တည့်တည့်မှာ ဖြစ်နေတယ် ။
  ဒီနေရာမှာ ဘာသာရေး ဘေးဖယ်ပြီး ၊ common sense သုံးရင် ဘယ်လို အဖြေထွက်လာမလဲ ။

   ပြောခဲ့တဲ့ အဖြစ်ပျက် အားလုံးမှာ ဖတ်တဲ့သူအပေါ် မူတည်ပြီး အဖြေတွေ ကွဲလွဲသွားနိုင်ပါတယ် ။
ဒါပေမယ့် မကွဲလွဲနိုင်တာက အကျိုးဆက်တွေပါ ။ ဘာတွေ ဖြစ်ခဲ့သလဲဆိုတော့ - နံပါတ် (၂) ဖြစ်
ရပ်မှာ - ဆိုင်ကယ်နဲ့ ငွေသွားသွားထုတ်သူ အလုပ်သမားဟာ တစ်ချိန်မှာတော့ အလုခံလိုက်ရပါ
တယ် ။ ငွေထုတ်ခ ၁%တောင် မရတဲ့သူ့မှာ ၊ လျှော်လိုက်ရတဲ့ငွေတွေက နှစ်နဲ့ချီကြာပါတယ် ။ ဒါ
တောင် လူတိုင်း မလျှော်ခိုင်းလို့ သက်သာတာပါ ။ - နံပါတ် (၆) အဖြစ်ပျက်မှာတော့ ၊ ဆိုခဲ့တဲ့ ဘု
ရားကျောင်းကလေးဟာ တစ်ချိန်မှာ ဦ္ပဇင်းတစ်ပါးကနေ ဘူဒိုဇာကြီးတစ်စီး မောင်းလာပြီး တွန်းဖြို
ချတာ ခံလိုက်ရပါတယ် ။ လုပ်ပြီးတော့ အဲသည် ဦ္ပဇင်းဟာ ရှောင်ထွက်သွားပါတယ် ။ common
sense မရှိသူတွေမှာတော့ အုတ်နဲ့သစ်ပုံတစ်ပုံကိုသာ အဖေါ်ပြုပြီး ဆုံးရှူံးမှုတွေ အများကြီးနဲ့ ကျန်
ရစ်ခဲ့ပါတော့တယ် ။

   ပြောမယ့်သာ ပြောရတယ် ၊ ကျနော်တို့တစ်တွေဟာ အတ္တ မာနနဲ့ လောဘတွေဖုံး ၊ အစွဲတွေ
ကပ်ပါလာတဲ့အခါ ၊ သာမန်အချိန်မှာ မဖြစ်သင့်ဖူးလို့ ထင်မြင်ယူဆတာတွေကို ၊ ကိုယ်တိုင် အခါ
ခါ ကျူးလွန်မိတတ်ကြပြန်ပါတယ် ။

   ဆက်စပ်ပြီး များမကြာခင်က ဖြစ်ခဲ့တာတွေထဲက တချို့ကို ယေဘုယျ ကြည့်ကြရအောင်ဗျာ ။

(က)  ကိုယ်ကြည်ညိုလေးစားတဲ့လူရဲ့ ဓါတ်ပုံကို လူသွားလမ်းပေါ် ပိတ်ပြီး တင်ထားသင့်သလား ၊
        တင်ထားရင်ကော ဘာဖြစ်နိုင်သလဲ ။
(ခ)  ကမ်းနားမှာ လက်ချည်းဗလာ ပြေးရှောင်နေကြသူတွေရဲ့ ဓါတ်ပုံကိုပြပြီး ၊ ဒီလူတွေဟာ ဟိုး
      နောက်က သူတို့အိမ်တွေကို ကိုယ့်ဘာသာကိုယ် မီးရှို့ပြီး ထွက်ပြေးလာတာပါလို့ပြောရင်
      ဟုတ်နိုင်သလား ။
(ဂ)  ကချင်မှာ ပန်ချာပီ တစ်ယောက်ပါတဲ့ ဓါတ်ပုံကို ပြပြီး ၊ ဟိုးနောက်က မြင်နေရတဲ့“တဲ”တွေ
       ဟာ ဘင်္ဂါလီ အကြမ်းဖက်သမားတွေရဲ့ စခန်းပါဆိုရင် ဖြစ်နိုင်ပါ့မလား ။
(ဃ)  သူတစ်ပါးကို ပုတ်ခတ်တဲ့ ဆောင်းပါးတွေကိုပဲတင်တဲ့ ဝက်ဘ်ဆိုဒ်ငယ်တစ်ခုက ၊ တိုက်ပွဲ
        တစ်ခုမှာ သိမ်းမိတဲ့ လက်နက်ကလေး ၄-၅ လက်ကိုပြပြီး ၊ တစ်ဖက်ရန်သူ ၄-၅၀ ကျဆုံး
        တယ်လို့ပြောရင် လက်ခံသင့်သလား ။
(င)  ဘာအမှတ်အသားမှ မပါတဲ့ အိမ်တစ်လုံးကိုပြပြီး ၊ ဒါကတော့ဖြင့် ဟိုအာဏာရှင် ၊ ဒီခရိုနီရဲ့
       စံအိမ်ကြီးပါဆိုရင် မျက်စေ့မှိတ် ယုံသင့်သလား ။ - စာရင်းတွေ လုပ်ပြရင်တော့ ကုန်နိုင်ဘွယ်
       ရာ မရှိပါ ။ ကိုယ်က ဒီဖက် ၊ သူက ဟိုးဖက် ဘက်လိုက်သူမို့ သာသာထိုးထိုး ပြောရတာ ၊
       ဆန့်ကျင်ဖက်လို့ ယူဆထားသူတွေနဲ့ ကန့်လန့်ဖြစ်အောင် တမင် ရှာကြံရေးတာမျိုးတွေက
       မတွေ့ချင်မှ အဆုံးဆိုတာ သတိထားမိကြမှာပါ ။

   ကျနော် နားလည်မိသမျှ common sense နဲ့ ဆက်စပ်နေတာကတော့ လူတစ်ဦးစီရဲ့ အတွေး
အမြင် အရင်းခံတွေသာမက ပတ်ဝန်းကျင်က ဓလေ့ ၊ ယဉ်ကျေးမှု ၊ အနေအထားတွေပါ ပါပါ
တယ် ။ အသက်အရွယ် ၊ အတွေ့အကြုံနဲ့ ဗဟုသုတွေဟာလည်း အထောက်ကူပြုတာတော့
သေချာပါတယ် ။ ဘယ်လိုဖြစ်ဖြစ် အဓိက အကျဆုံး တစ်ချက်ကတော့ အများစုသော အချိန်တွေ
မှာ “သတိ”က အခရာကျပါတယ် ။ “အသိရှိသူတွေအနေနဲ့ “သတိ”ကပ်ရင် ၊ ချင့်ချိန်မှုဝင်လာပြီး
အမှားနည်းသွားတာ သဘာဝ ။ ဒါကိုကပဲ  common sense ရဲ့ အဓိက အစိတ်ပိုင်း တစ်ပိုင်းပါ 
ဒါဆိုရင် တရားစခန်းတွေ ဝင်နေကြပြီး “သတိ သတိ”နဲ့ မှတ်သားရေရွတ်နေကြတဲ့ မြန်မာပြည်မှာ
ဘာမှားနေသလဲ ။ အတိုချုပ်ကတော့ အဲဒီသတိတွေကို လက်တွေ့ဘဝထဲ ယူမလာတာလို့ မြင်မိ
တယ် ။ (စာအုပ်တစ်အုပ် သိပ်ကောင်းတယ်ဆိုပြီး ၊ မဖတ်ပဲ သိမ်းထားသလိုပါပဲ) ။ ကျနော်တို့တ
တွေ လွဲနေတာက ဒါများပဲလား ။ မဟုတ်ဘူးဆိုရင်လည်း ခင်ဗျား ဘယ်လို ယူဆပါသလဲ ။


မန်းကိုကို
၂၅ ၊ ၀၁ ၊ ၂၀၁၃

=========================================



  Common Sense နဲ့ပတ်သက်လို့ အတွေ့ကြုံတစ်ခု ပြန်အမှတ်ရလာလို့ ထပ်ဖြည့်လိုက်ပါတယ် ။
  တစ်ခါမှား မဟုတ်ပဲ ၊ အပြုံလိုက် မှားတတ်တဲ့ သဘောကို ပုံဆောင်ပြနိုင်လိမ့်မယ်လို့ ယူဆတယ် ။

  ၂၀၁၁ အတွင်းမှာပါ ။ ကျောင်းစာတွေကို အစုအဖွဲ့နဲ့လုပ်ဖို့ ဆရာကခိုင်းတာနဲ့ ကျနော့်အဖွဲ့မှာ ကို
ရီးယားနဲ့ ထိုင်းက ကလေးမလေးနှစ်ယောက် လာပေါင်းဖြစ်တယ် ။ ဒါနဲ့ ကြားရက်တစ်ရက်မှာ ဆုံကြ
ရအောင်ဆိုပြီး ဗစ်တိုးရီးယားပြည်နယ် စာကြည့်တိုက်ရှေ့ကို ချိန်းဖြစ်ကြရော ။

  ဒီလိုနဲ့ အချိန်ကျတော့ ကျနော်က စောင့်သပေါ့ ။ နှစ်ယောက်လုံး နောက်ကျကြတာကို အသာထား
ပြီး စာကြည့်တိုက်ရှေ့က မြက်ခင်းပြင်ပေါ်မှာ အခြားအစုအဖွဲ့တွေလိုပဲ ဝိုင်းဖွဲ့ပြီး ဆွေးနွေးကြတာပေါ့
ဆိုပြီး ကျနော်က ကမကထ စလုပ်လိုက်တယ် ။ သို့သော် “ဒေါ်တတ်ပ”နှစ်ယောက်က မလုပ်ပါဘူး
တဲ့ ။ စာကြည့်တိုက်ထဲမှာ နေရာတွေရှိတယ် ၊ အဲသည်မှာ သွားလုပ်ကြရအောင်တဲ့ ။

  ဒီမှာ စစဉ်းစားစရာ ပေါ်လာပြီ ။
  စာကြည့်တိုက်ထဲမှာ စကားမပြောရတာဟာ လူတိုင်းနီးပါး နားလည်ထားရတဲ့ အထွေထွေ စည်းမျဉ်း
တစ်ခုပါ ။ ဒီတော့ ကျနော်က စောဒက တက်ရတာပေါ့ ။ မဟုတ်ဘူးထင်တယ် ၊ အထဲမှာ စကားပြော
လို့ မရဘူး ၊ အပြင်မှာပဲ လုပ်ကြရအောင် ။ နာရီဝက်လောက်ဆို ပြီးပါပြီ ဆိုတာလည်း မရဘူး ။ အထဲ
သွားမယ်ချည်း လုပ်နေကြတယ် ။ ဒါနဲ့ ကောင်းပြီလေ ၊ သွားကြည့်ကြတာပေါ့ဆိုပြီး နှစ်ယောက်သ
ဘောကို အလိုလိုက်ပေးလိုက်တယ် ။


  အထဲရောက်တော့ သီးခြားလွှတ်နေတဲ့ ခုံဝိုင်းမျိုးကလည်း ခပ်ရှားရှား ။ ဒါနဲ့ မျက်နှာဖြူ အသက်ခပ်
လတ်လတ် အမျိုးသမီး တစ်ယောက်ပဲရှိတဲ့ ခုံဝိုင်းတစ်ခုကို ရွေးလိုက်ကြတယ် ။ ဒီအချိန်မှာလည်း
ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ရင် ၊ ဘယ်သူမှ စကားမပြောကြတာကို သတိထားမိတယ် ။ ဒါနဲ့
ခပ်တိုးတိုးလေးနဲ့ “ဟေ့ ကြည့်ကြဦး ၊ ဘယ်သူမှ စကားမပြောကြဘူး”လို့ သတိပေးလိုက်တယ် ။ ဒါ
လည်း ဆရာမနှစ်ယောက်က မရဘူး ၊ ရတယ်ချည်း ဆက်လုပ်နေတယ် ။ ကျနော်ကလည်း မလျှော့
သေးပဲ ၊ ထပ်ပြောပြန်တယ် ၊ သူတို့ကလည်း ရကိုရတယ် လုပ်နေပြန်လို့ လက်လျှော့လိုက်တယ် ။
ကျနော့်စိတ်တွေ လေးလံလာတယ် ။ အရှက်ကွဲဖို့ လမ်းစကို ရေးရေးလေး မြင်နေရပြီလေ ။

  ဒီလိုနဲ့ အလုပ် စလုပ်ကြတယ် ။ ကျနော်ကတော့ အတတ်နိုင်ဆုံး ခပ်တိုးတိုး ပြောတာပေါ့ ။ စကား
လေးငါးဆယ်ခွန်းလောက်မှာ ဘေးက အမျိုးသမီးက (နားကြပ်တပ်ထားလို့ သိပ်မကြားရလောက်ဘူး
လို့ ယူဆရပေမယ့်) မျက်နှာနည်းနည်း ရှုံ့သွားပါတယ် ။ ဒါနဲ့ ကျနော်လည်း မနေနိုင်ပဲ ၊ “တို့ ဒီလိုလုပ်
လို့ မဖြစ်ဖူးထင်တယ်”လို့ ပြောလိုက်ပြန်တယ် ။ ဆရာမနှစ်ယောက်က “ဟာ ရပါတယ်” လုပ်နေပြန်
တယ် ။ ဒါနဲ့ နောက်ခဏအတွင်းမှာပဲ ၊ ဟိုအမျိုးသမီးဆီက “ကျွတ် .. ကျက် ..” အသံတွေ ထွက်လာ
ပါလေရော ။ ဒီတစ်ခါလည်း ကျနော့် ဆရာမလေးတွေက မကြားတာလား ၊ လစ်လျူရှုတာလားတော့
မပြောတတ်ဘူး ၊ ကျနော်ပြောတာကို လက်မခံပြန်ပါဘူး ။

  ကျနော့်အနေနဲ့ ကိုယ့်အတန်းဖေါ်မိတ်ဆွေ ကလေးမလေးနှစ်ယောက်ကို လူမှုရေးပိုင်းမှာ မျက်နှာ
ပျက်ရလောက်အောင် မာမာထန်ထန် ပြတ်ပြတ်သားသား မဆက်ဆံပြချင်ပါဘူး ။ ဒီတော့ အခြား
တစ်ဖက်မှာက ကျွံထွက်လာမယ် အခြေနေကို ရင်လေးလေးနဲ့ စောင့်နေရုံပဲ ကျန်ပါတော့တယ် ။

  မကြာပါဘူး ၊ ကျနော်တို့ဘေးက အမျိုးသမီးဟာ စိတ်မရှည်တော့ဟန်နဲ့ သူ့နားကြပ်ကိုချွတ် ၊
Excuse me နဲ့ အစပြုပြီး စာကြည့်တိုက်ထဲမှာ စကားမပြောဖို့ ပြောလာပါတော့တယ် ။ ဒီတော့မှ
ဇာတ်လိုက်ကျော်မလေးနှစ်ယောက်မှာ “အိုး .. ဆောရီး ဆောရီး ..” ဆိုပြီး ပစ္စည်းပစ္စယလေးတွေ
ကို ကမန်းကတန်းသိမ်းကာ အပြင်ဖက် ထွက်လာကြရပါတော့တယ် ။ ကျနော်လည်း ငါမပြောလား
လို့ ညည်းပြရုံကလွဲပြီး ဘာမှပြောမနေတော့ပါဘူး ။

  ဒီအဖြစ်မှာ အမှားယွင်းတွေ လုပ်ခဲ့သူ ကလေးမနှစ်ယောက်ဟာ ၊ ဟော့ဟော့ရမ်းရမ်း အရှက်ကင်း
သူတွေ မဟုတ်ကြပါဘူး ။ သို့သော် ပတ်ဝန်းကျင်ကို မလေ့လာ ၊ ပေါ့ပေါ့တွေးပြီး ၊ သာမန်လူတွေ သိ
မြင်သင့်တဲ့ common sense ကို အလွှာလွှာ အထပ်ထပ် လစ်လျူရှု ချိုးဖေါက်ခဲ့လို့ ခုလို အရှက်ကွဲရ
တာ ဖြစ်ပါတယ် ။ ဒီအထဲမှာ ထိရောက်တဲ့ တာဆီးနိုင်မယ့် နည်းလမ်းအကြံဥာဏ်ကို ၊ တဒင်္ဂအတွင်း
မှာ ထွက်လာအောင် မကြံဆောင်နိုင်ခဲ့တဲ့ ကျနော်ဟာလည်း ဘာဆင်ခြေမှ ပေးလို့မရပဲ ၊ အဖွဲ့လိုက်
မြောင်းထဲထိုးအဆင်းမှာ လိုက်ပါခဲ့ရပါတယ် ။

  ဒီအဖြစ်ကိုကြည့်ရင် ၊ ဒါလေးများဆိုပြီး ဖြတ်ထိုးဥာဏ်တွေ ပွင့်လင်းမိသူတွေ အများကြီး ရှိနိုင်ပါ
တယ် ။ မှန်ပါတယ် ၊ ကျနော် ဖြစ်စေချင်တာကတော့ ၊ အဲသည် အဖြစ်လေးများ ကြုံကြိုက်မိလာခဲ့
ရင် တည့်မတ်အောင် ဝိုင်းဝန်းပြီး ပြောဆိုအကြံပေးနိုင်ကြဖို့ပါ ။ ကျနော်တို့ မြန်မာပြည် အသိုင်းဝိုင်း
ထဲမှာလည်း တစ်ခါတစ်ရံ မြင်လျက်နဲ့ မျက်လုံးမှိတ်ထားကြတာမျိုးတွေ များလွန်းလို့ပါ ။

၁၂ ၊ ၀၃ ၊ ၂၀၁၃

2 comments:

  1. စဉ်းစားမိတိုင်း မျက်ရည်ရယ်ဝိုင်းပါဆရာမန်း။ သောနုဿထိုရ်ဟာ ငါများလားလို့ အကြိမ်ကြိမ်တွေးမိ။ များလှစွာသော ငါနဲ့ငါတွေ အများအများကြီးပဲ။ များလိုက်တဲ့သောနုဿထိုရ်တွေ။ များလိုက်တဲ့ သုဘဒ္ဒါတွေ။ မင်းဆဒ္ဒန်တွေကလည်း များမှများကိုး။ ဆရာမန်းရေ၊။၊။၊ တိတ်တိတ်လေးသာ ငိုပါရစေတော့။

    ReplyDelete
    Replies
    1. ဒီနေ့မှ ဒီမှတ်ချက်ကို တွေ့မိလို့ ပြန်ရေးလိုက်တာပါ ။

      မှားယွင်းမှု ချွတ်ချော်မှုတွေကို မြင်မိ သတိထားမိပြီဆိုရင် ၊ ဒါဟာ common sense ကပ်လာပြီလို့ ပြောနိုင်ဖို့ များပါတယ် ။

      နောက်တစ်ဆင့် ၊
      ပြင်ဆင်နိုင်သူမျိုးတွေကိုတော့ ၊ သတ္တိရှိသူ အမှန်တရားကိုမြတ်နိုးသူ စသည်ဖြင့် ၊ နာမည်အမျိုးမျိုးတပ်ပြီး ခေါ်လို့ရသူတွေ ဖြစ်လာနိုင်ပါတယ် ။

      တိတ်တိတ်လေးငိုချင်တာကို ကျနော့်အနေနဲ့ တားဆီးလို့ မရနိုင်သလို ၊
      သင်္ခန်းစာယူဖို့နဲ့ အခြားသူတွေကိုလည်း လက်ဆင့်ကမ်း မျှဝေပေးတာလေးတွေ ၊ လုပ်လို့ရရင် လုပ်ဖို့လည်း အားပေးချင်ပါတယ် ။

      Delete