ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Sunday, January 13, 2013

ရာဇဝင်ရိုင်းသွားတဲ့ ရင်နှစ်ပန်း



   ရေးသင့်ချင်မှ ရေးသင့်မှာမို့ ချီတုံချတုံ ဖြစ်နေခဲပြီးမှ နောက်ဆုံးမှာ ချရေးဦးမှပါပဲလေလို့ ဆုံး
ဖြတ်လိုက်တယ် ။ ဒီအတွေးဆီကို တွန်းပို့ခဲ့တာကတော့ ကချင်ဒေသက သတင်းတစ်ခုကြောင့်
ပါ ။ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမြအေးတို့အဖွဲ့ ကချင်ပြည်နယ်ကအပြန် သုံ့ပန်းစစ်သား
အယောက် ၃၀ ကို ပြန်ခေါ်လာဖို့ ကြိုးစားခဲ့ရာမှာ အာဏာပိုင်တွေက ရဲတပ်ဖွဲ့ဝင် ၃၀ ဆိုပြီး
သုံးစွဲပြောဆိုခဲ့တဲ့ ကိစ္စပါပဲ ။

   သတင်း နားထောင်သူတွေအတွက်တော့ ထူးပေမယ့် မဆန်းတော့တာ လက်ခံကြမှာပါ ။ အာ
ဏာပိုင် (သို့) တာဝန်ရှိသူတွေအနေနဲ့ လက်တွေ့ဘဝ အမှန်ကို လက်ခံနိုင်ဖို့ မဆင်သင့် မဖြစ်
သေးတာလား ၊ သို့တည်းမဟုတ် သိက္ခာမကျရလေအောင် ထမင်းရည်ပူ လျှာလွှဲလေသလား ။
သည်လူ အယောက် ၃၀ ကို ကေအိုင်အေက လမ်းဘေးက ပေါ်တာဆွဲလာခဲ့တာ မဟုတ်ပါ ။
အာဏာပိုင်များပြောကြတဲ့ နိုင်ငံတော်အတွက် (မဟုတ်ရင်လည်း) အဖွဲ့စည်းအတွက် ၊ ဒါမှမ
ဟုတ်ရင်တောင် ပေးတဲ့အမိန့်ကို နာခံခဲ့ကြရင်း အသက်အန္တရယ် နီးနီးကပ်ကပ် ကြုံတွေ့ခဲ့ရတဲ့
စစ်သည်တွေ ဖြစ်ပါတယ် ။

   ဆန့်ကျင်ဖက်အနေနဲ့ - သူပုန်တွေကို ဘယ်လို ဖမ်းဆီးရမိခဲ့ဖူးပါတယ်လို့ တစ်ခါဘူးမှ ပွင့်လင်း
မြင်သာ မကြေငြာခဲ့တဲ့ ၊ အစိုးရနာမည်ခံထားတဲ့ ပြည်မအာဏာပိုင်တွေနဲ့စာရင် ၊ ဖမ်းမိသူတွေ
ကို ပြန်လွှတ်ပေးဖို့ လုပ်ခဲ့တဲ့ ကေအိုင်အေကို ဘယ်လို နှိုင်းယှဉ်ပြောရမှန်းတောင် ခပ်ခက်ခက် ။
ဒီလို အစိုးရဖက်က ရိုးရိုးသားသား လက်ကမ်းကြိုဆိုမှု မရှိတာကို တွေ့ရတဲ့အခါ ကိုယ့်အတွေ့
ကြုံတစ်ခုနဲ့ နှိုင်းယှဉ် တင်ပြချင်စိတ် နိုးကွလာတယ် ။

   သက္ကရာဇ် ၂၀၀၀ ခုနှစ် အကျော်ကာလတွေတုန်းကပါ ။
   ပြည်မစစ်တပ်ထဲ ဗိုလ်အဆင့်ရှိတဲ့ ကျနော့်အမျိုးသမီးရဲ့ တူကလေးဟာ တာဝန်ထမ်းဆောင်
ချိန်မှာပဲ KNU တွေရဲ့ ဖမ်းဆီးသွားတာ ခံခဲ့ရပါတယ် ။ ရက်ကနေ လ ၊ လကနေ နှစ်တွေ ကြာခဲ့
ပေမယ့် ၊ ဇာတ်လမ်းမျိုးစုံ တစ်ခုပြီးတစ်ခု ကြားခဲ့ရပြီး သက်ရှိထင်ရှား ရှိနေတုန်းလို့ မျှော်လင့်
ချက်တွေနဲ့ သူ့မိဘဖက်ကရော ကျနော့်ဖက်ကပါ စုံစမ်းနေခဲ့ ကြပါတယ် ။ ခုတော့ ငြိမ်းချမ်း
ရေး လက်မှတ်လည်း ထိုးပြီးခဲ့လို့လားတော့ မပြောတတ်ပါ ၊ ယုံကြည်ရလောက်တဲ့ ဇာတ်လမ်း
တစ်ခုအရ ၊ သူမရှိတော့ပြီဆိုပြီး နိတံခဲ့ရပါပြီ ။

   စစ်ထဲဝင်ရင် အသက်ဆုံးနိုင်တာ သဘာဝပါ ။ ပြီးရင် ပြည်တွင်းမှာ တိုက်သင့်တဲ့စစ်တွေ တိုက်
နေတယ်လို့လည်း မယုံကြည် မယူဆပါ ။ ဒါကို ကိုယ့်အလှည့်ကျမှ တူအတွက် ကဲကဲပိုပြီး လာ
နာပြနေတယ်လို့ ထင်စရာ ရှိနိုင်ပါတယ် ။ မဟုတ်ပါ ၊ စိတ်ထဲ မကောင်းဖြစ်မိတာ မှန်ပေမယ့် ၊
ကျနော်သိထားတဲ့ မဖြစ်သင့် မနစ်နာ သင့်တာတွေ တိတိပပ ရှိနေတယ်ဆိုတာကို သက်သေ
ပြချင်တာပါ ။ ရပ်တန်းက ရပ်သင့်တဲ့ ငရဲစက်ဝန်းတွေကို မြင်လာသူ များလာပါမှ ၊ ရပ်စေချင်သူ
များလာပါမှ ရပ်ကောင်း ရပ်နိုင်မှာမို့ပါ ။

   ကျနော့်တူဟာ ပညာရေးအားနည်းပြီး စည်းကမ်းသေဝပ်မှု နည်းပါးတဲ့ သူတို့ရဲ့ ပတ်ဝန်းကျင်
အသိုင်းဝိုင်းကနေ ကင်းဝေးပါစေတော့ဆိုပြီး ၊ သူ့မိဘတွေက သူတို့ ဥာဏ်မီသမျှထဲ အကောင်း
ဆုံးဖြစ်မယ်လို့ ယူဆတဲ့ ဗိုလ်သင်တန်း တက်စေဖို့ကို ရွေးချယ်ပေးခဲ့ကြပါတယ် ။ သင်တန်းကာ
လ ၄ နှစ်အတွင်း အသုံးစားရိတ်အတွက် သိန်း ၂၀ လောက် အိတ်စိုက်ခဲ့ရပြီး တာဝန် ထမ်း
ဆောင်ပြန်တော့လည်း တစ်လကို ကျပ်ငွေ ၆ သောင်းလောက် ပုံမှန် ပို့ပေးနေခဲ့ရတာဟာ သူ့ရဲ့
နောက်ဆုံး အချိန်အထိပါပဲ ။

   သူတာဝန်ထမ်းဆဲ ကာလမှာတော့ သူ့ဆီ ရောက်မရောက် မသေချာပေမယ့် ၊ ကျနော်က “လူ
ကို လူလို့တော့ မြင်ပါကွာ” ဆိုတဲ့ စကားတစ်ခွန်းတော့ ပါးဖြစ်ခဲ့ပါတယ် ။ သူ့ဖက်ကတော့ စစ်
ဗိုလ်လုပ်ရတာ မပျော်ပဲ “ဦးကျော်နောက် လိုက်ချင်တယ်” (ကျနော့်ဆီ လာချင်တယ်လို့) လို့သာ
တဆင့်စကား ပြန်ကြားခဲ့ရပါတယ် ။ ကျနော့်အနေနဲ့ သူ့ကို အောင်မြင်အောင် ကူညီဖို့ မတတ်
နိုင်ဘူးလို့ ယူဆမိတာရယ် ၊ အရင်ကလည်း ကျနော့်ကြောင့် တပ်ပြေးဖြစ်ခဲ့ရသူကို ကူညီဖို့ရာ အ
ပြည့်ဝ တာဝန်မကြေ ပေးနိုင်ခဲ့တာကြောင့် သူ့စကားကို အလေးနက် သိပ်မထားမိခဲ့ပါဘူး ။ ခုနေ
မှသာ “သြော် … သူ တပ်ပြေးဖြစ်ရင်တောင် အနည်းဆုံးတော့ အသက်ရှင်နေရဦးမယ်” လို့ စိတ်
ထဲ မကောင်းဖြစ်မိပါတယ် ။ ဒါပေမယ့် လွန်ခဲ့ပြီဆိုတော့လည်း ခုလို စာနဲ့ပဲ မှတ်တမ်းတင်နိုင်ပါ
တော့တယ် ။

   လိုရင်းကို ဆက်ပြောရရင် နောက်ဆုံး ကြားသိရသမျှကတော့ - ကျနော့်တူလေးဟာ အဖမ်း
ခံရပြီး ရှေ့တန်း KNU ကင်းစခန်း တစ်ခုမှာ ရှိနေခဲ့တယ်လို့ ဆိုပါတယ် ။ သူပျောက်လို့ တော
နင်းရှာတဲ့ စစ်တပ်ကနေ အဲသည်စခန်းကို တွေ့သွားပြီး တိုက်ပွဲဖြစ်ခဲ့ရာမှာ ရှုပ်ထွေးနေတဲ့ အ
ခြေနေတွေထဲ စခန်းကနေ ပြေးအထွက်မှာ မိုင်းနင်းမိပြီးတော့ ဆုံးပါးခဲ့ရတယ် ။ သူ့ရုပ်အ
လောင်းကို စစ်တပ်က ရခဲ့ပေမယ့် မိသားစုကို အကြောင်းမကြားပဲ ၊ သူ့ကို နာမည်တပ်ထား
ပြီးသား ဂုဏ်ပုဒ်အတိုင်း ပြင်မပေးပဲ ထားခဲ့တာကို ခံရပါတော့တယ် ။ အခြားတော့ မဟုတ်ပါ ။
“တပ်ပြေး” ပါတဲ့ ။

   အထက်အမိန့်ကို နာခံပြီး တာဝန်ထမ်းဆောင်ရင်း အသက်ပေးသွားရသူ တစ်ယောက်အတွက်
ကျန်ရစ်သူ မိသားစုကို ထောက်ပံ့ကြေးနဲ့ ပံ့ပိုးမှုတွေ လုပ်ပေးရမယ့်အစား ၊ ‘တပ်ပြေး’ဆိုတဲ့ နာမ
နဲ့ သေပြီးသူရဲ့ ရင်ဝကို ဆောင့်ကန်တာမျိုးကတော့ အတော်ခံရ ခက်ပါတယ် ။ အစော်ကား ခံရ
တာပါပဲ ။ လူ အသေခံရတဲ့အပြင် နာမည်ပါသေအောင် အလုပ်ခံရတယ်လို့ ခံယူပါတယ် ။ မိသား
တစ်စုရဲ့ “ရင်နှစ်ပန်း”လို့ ခိုင်းနှိုင်းလို့ ရနိုင်မယ့် သူတစ်ယောက် ရာဇဝင်ရိုင်းအောင် အလုပ်ခံခဲ့ရ
တဲ့ အညတြ ဖြစ်ရပ်မှန်လေးတစ်ခုသာပေါ့ဗျာ ။

   ဒါတင်မကပါ ။ မြန်မာပြည်စစ်တပ်ကို ကြည့်မယ်ဆိုရင် - အောက်ခြေမှာလည်း ဝင်စမှာတော့
၅ နှစ်ပြည့်ရင်ပဲ ထွက်လို့ရသလိုလို ၊ နောက်တော့ ၁၀ နှစ် ၊ အဲသည်ကမှ နှစ် ၂၀ ၊ ဒါတင်မက
ထွက်ခွင့်မရှိဘူး ဆိုတာတွေက တပ်မှူးတွေရဲ့ နှုတ်ဖျားမှာ ရှိချင်သလို ရှိနေကြတာပါ ။ အကြောင်း
အမျိုးမျိုးနဲ့ အနာဂါတ်ကမ်း မမြင်နိုင်သူတွေ အတွက်တော့ အသေထွက်ရင်ထွက် ၊ မဟုတ်ရင်
အရူးလက်မှတ် ဆေးလက်မှတ်တွေကို သိန်းပေါင်းမြောက်များစွာ အကုန်ခံပြီး လိမ်ညာဂွင်ဖန်ပါ
မှ ထွက်လို့ရနိုင်မှာမို့ အလွယ်ဆုံး ထွက်လမ်းကတော့ တစ်နေရာကို ထွက်သွားပြီး ဇာတ်မြှုပ်နေ
လိုက်တာပါပဲ ။

   ဒီတော့ ရပ်ကွက်ထဲကြည့်မလား ၊ ဈေးထဲသွားကြည့်မလား ၊ ရွာတွေမှာ လိုက်စုံစမ်းမလား ၊
ထိုင်းနိုင်ငံထဲ လေ့လာမလား ရေတွက်လို့မကုန်တဲ့ အခြေနေအရ စစ်ပြေး ‘တပ်ပြေး’ဆိုသူတွေ
က အရောင်အသွေးများသာရှိရင် နေရာတိုင်းမှာ ဖွေးဖွေးလှုပ်လောက်တယ် ။ အဲသည်ထဲမယ်
တိုက်ပွဲမှာ အဖမ်းခံရလို့ သူတို့ရဲ့ရန်သူက လျှောလျှောရှူရှူ ပြန်လွှတ်ပေးတဲ့အခါ ၊ အသက်ပေး
တိုက်ခဲ့ရတာနဲ့ မတန်အောင် အပြစ်ပေး အရေးယူ ခံရအုံးမှာမို့ အဆင်သင့်ရာရွာတွေနဲ့ ထိုင်းနိုင်
ငံထဲ စိမ့်ဝင်သွားသူတွေလည်း အများကြီးပါ ။

   ဒါတွေနဲ့ ပတ်သက်လို့ စကားထပ်ရှည်လို့လည်း တဝဲလည်လည် ဖြစ်နေရုံပါ ။ ချုပ်ရရင်တော့
“နိုင်ငံတော် အစိုးရကနေပြီး တိုင်းပြည် မပြိုကွဲအောင် တရားသောစစ်ကို ဆင်နွှဲနေပါတယ်” လို့
ပြောချင်ရင် အနည်းဆုံးတော့ အဲသည် ကိုယ်အသုံးချခဲ့သူ ၊ အသုံးချ ခံရသူတွေကို ဂုဏ်သိက္ခာ
ရှိတဲ့ လူသားတစ်ယောက်လို အလေးထားသင့်ပါတယ်လို့ လိုရင်းတိုရှင်း ပြောရင်း ………… ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နကန်း သူပုန်

   ခု စာဖတ်သူတွေထဲမှာ - “သူပုန်”ဆိုရင် ပညာမဲ့သူ ၊ ဆင်ခြင်ဥာဏ် နည်းသူ ၊ လက်နက်တစ်
မျိုးတည်း အားကိုးသူ ၊ အမြော်မြင် မရှိသူ စသည်ဖြင့် အတိုင်းတာတစ်ခုအထိ ယူဆသူတွေ ပါပါ
သလား ။

   မေးကြည့်တာပါ ၊ အပြစ်ပြောဖို့ မဟုတ်ပါဘူး ။ ဒီ ဒုတိယစာပုဒ်ကို ရေးဖြစ်ရတာဟာလည်း အဲ
သည်လို အမြင်မျိုးနဲ့ ကချင် KIA တွေကို မြင်ပုံရတဲ့ မှတ်ချက်တစ်ခုကြောင့် ဆိုတာကိုလည်း အ
ရင်ဆုံး ဝန်ခံချင်ပါတယ် ။ ဆက်ပြောသွားမှာတွေနဲ့ ယှဉ်ထိုးပြီး ကျနော့်ရဲ့ တင်ပြချက်တွေ ဘယ်
အတိုင်းတာအထိ လက်ခံနိုင်မလဲဆိုတာ ဆက်ဆုံးဖြတ်ကြပါ ။

   အရင်ကလည်း KNU လို အဖွဲ့စည်းမျိုးတွေဟာ ၊ သူတို့ရဲ့ မူဝါဒ စည်းမျဉ်းစည်းကမ်း စီမံခန့်ခွဲမှု
စသည်ဖြင့် ထင်သာမြင်သာရှိအောင် လုပ်သင့်တယ်လို့ ကြုံဆုံသူတွေကို ကျနော် ပြောဖြစ်ခဲ့ပါ
တယ် ။ ခုတော့ ကျနော်ပြောခဲ့တာနဲ့ တိုက်ရိုက်သက်ဆိုင်နေပါပြီ ။ မီဒီယာ အားနည်းလို့သော်
၎င်း ၊ အဖွဲ့စည်းတွေရဲ့ တွန့်ဆုတ်မှုကြောင့်သော်၎င်း ၊ လူထုအများက သူတို့သိဖို့ အခွင့်မသာတဲ့
လက်နက်ကိုင် အဖွဲ့စည်းတွေရဲ့ အနေထားကို မေးခွန်းထုတ်သူတွေ ရှိလာပါပြီ ။ အခွင့်အလမ်း
ခေါ်ခေါ် ၊ စိန်ခေါ်မှုလို့ပြောပြော တစ်ခုခုလုပ်ကြမှ အဲသည်အဖွဲ့စည်းတွေအတွက် အနာဂါတ်
ကောင်းပါလိမ့်မယ် ။

   ကရင်လူမျိုးတွေအနေနဲ့ ဥာဏ်မျက်လုံးတွေ စပွင့်ခဲ့ချိန်ကစပြီး ၁၈၈၄ ခုနှစ်မှာ ဒေါကလူ အသင်း
ကြီးကို စတည်ထောင်ရာကနေ အမျိုးသားကျောင်းတွေ ၊ စာအုပ်စာပေတွေ ၊ သတင်းစာ မဂ္ဂဇင်း
တွေ ထုတ်ဝေနိုင်တဲ့ အဆင့်မျိုးရောက်ခဲ့ပြီး ၊ အင်းစိန်မှာ စစ်ရှူံးလို့ တောင်ငူဆုတ်ရာက တောင်ငူ
မှာတစ်ခါ ၊ နောက်ပိုင်း ကရင်ပြည်နယ်မှာတစ်ခါ အသံလွှင့်ရုံတွေ ထောင်ထားနိုင်ခဲ့တာ လူတိုင်း
တော့ သိချင်မှ သိပါလိမ့်မယ် ။

   အောက်မှာတော့ မဲလခိုလှုံရာစခန်းမှာ KNU ဗဟိုကော်မတီ အဖွဲ့ဝင်ဖြစ်ခဲ့တဲ့ အဖိုးမန်းစတီးလာ
ဆီက မိတ္တူကူးခဲ့တဲ့ ဥပဒေကြမ်းအဆိုတစ်ခုရဲ့ မျက်နှာဖုံးစာမျက်နှာ တစ်ဝက်ကို ဖေါ်ပြပေးလိုက်
ပါတယ် ။ ခုနှစ်ကိုကြည့်ရင် ၁၉၇၀ကတည်းကဖြစ်ပြီး ကနေ့အချိန်မှာ အသစ်ပြင်ဆင် ရေးဆွဲပြီး
ဖြစ်မဖြစ် မသိရပေမယ့် ၊ KNU အဖွဲ့စည်းအနေနဲ့ ခိုင်မာတဲ့ အခြေခံတွေ ရှိနေခဲ့တယ်ဆိုတာ အ
မြည်းသဘော မိတ်ဆက်ပေးလိုက်ပါတယ် ။ (ဒီလို ခိုင်မာတဲ့ နောက်ခံတွေကြောင့်လည်း DKBA
ခွဲထွက်တဲ့အခါ ၊ အမြင်ရှိတဲ့ အဖိုး မန်းစတီးလာတို့လို အပါအဝင် အဆင့်အမျိုးမျိုးက ဗုဒ္ဓဘာသာ
ဝင် အတော်များများကနေ KNU ကိုစွန့်ခွာဖို့ မစဉ်းစားခဲ့ကြတာ ဖြစ်ပါတယ် ။ အကျိုးဆက်အနေနဲ့
KNU ဟာ ခရစ်ယာန်တွေချည်း ဖွဲ့ထားတဲ့ အဖွဲ့စည်းရယ်လို့ သညာမတွင်ရလေအောင်  တောင့်
ခံထားနိုင်ခဲ့ပါတယ်) ။


   တစ်လက်စထဲ စာဖတ်သူအနေနဲ့ မြန်မာပြည် သစ်တောဌာနကသုံးတဲ့ သစ်ပါမစ် (သစ်ထုတ်ဖို့
သဘောတူညီချက် စာချုပ်) ကို တွေ့ဖူးပါသလား ။ ကျနော်တွေ့ဖူးခဲ့တာကတော့ အင်္ဂလိပ်ဘာ
သာနဲ့ ရိုက်နှိပ်ထားတဲ့ စာချုပ်ပါ ။ အင်္ဂလိပ်စာ မကျွမ်းကျင်တဲ့ လက်နှိပ်စက်စာရေးရဲ့ အမှားတွေ
ကတော့ ပြောစရာတောင် လိုမယ်မထင်ပါ ။ ဒါနဲ့ ဗမာလို မရှိဘူးလားလို့ စူးစမ်းကြည့်တော့ ၊ "မရှိ
ပါဘူး ၊ အင်္ဂလိပ်တွေ ရေးခဲ့တဲ့ ဥပဒေကိုပဲ ထပ်တူကူးချပြီး လွန်ခဲ့တဲ့ အနှစ် ၅-၆၀ တစ်လျှောက်
လုံး သုံးနေခဲ့တာပါ" တဲ့ ။

   ဒီတော့ ခြုံငုံပြောချင်တာက ပြည်မအစိုးရမှ သူပုန်မှရယ် မဟုတ်ပါဘူး ၊ မူဝါဒဖြစ်စေ အုပ်ချုပ်
ရေးပိုင်းမှာ ဖြစ်စေ ၊ အချို့နေရာတွေမှာ ‘ကကြီး’ ရေး ‘က’ ကနေ စလာကြရတဲ့ အချိန်ကာလ
တွေ ရှိခဲ့ကြသလို ၊ တစ်နေရာမှာ တန့်နေတာမျိုး ၊ တိုးတက်ပြောင်းလဲ ဖြစ်တည်လာတတ်တဲ့
သဘောသဘာဝတွေ ရှိတာကြောင်မို့ မသိရုံ မကြားဖူးရုံနဲ့ လျှော့မတွက်ကြဖို့ လိုတယ်ဆိုတာပါ ။

   အဆုံးသတ်အနေနဲ့ ပြောချင်တာကတော့ - ဘယ်နိုင်ငံ ဒေသမှာမဆို တစ်ချိန်မှာ အုပ်ချုပ်ခံ
တွေကနေ အုပ်ချုပ်သူတွေကို မေးခွန်းထုတ်လာတာတွေ မလွဲမသွေ ပေါ်လာမှာဖြစ်တာကြောင့် ၊
ကိုယ့်ရဲ့ မူဝါဒ ရှေ့လုပ်ငန်းစဉ်နဲ့ အုပ်ချုပ်ရေး လုပ်ငန်းတွေမှာ လူထုကနေ လက်ခံနိုင်လောက်တဲ့
ပွင့်လင်းမြင်သာမှုတွေ ရှိဖို့ကတော့ သက်ဆိုင်ရာ အဖွဲ့စည်းတွေရဲ့ တာဝန်သာ ဖြစ်ကြောင်းပါ ။


မန်းကိုကို
၁၁ ၊ ၀၁ ၊ ၂၀၁၃

4 comments:

  1. ဘားအံကအဒေါ်ကြီးJanuary 13, 2013 at 9:39 PM

    လာဖတ်သွားတယ်ဝေ့။ဖဘ မှာရှယ်လိုက်ပြီနော။

    ReplyDelete
    Replies
    1. ရပါတယ် ။ အသိပေးသွားတာပဲ ဝမ်းသာလှပါပြီ ။

      Delete
  2. 'သို့သော် အစိုးရဖက်မှ ၄င်းတို့၏ တပ်မတော်သားများ မဟုတ်ကြောင်းနှင့် တပ်ပြေးများ သာဖြစ်ကြောင်း ငြင်းဆိုခဲ့သောကြောင့် KIA ၏ အစီအစဉ်ဖြင့် နေရပ်သို့ ပြန်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း'

    http://burmese.bnionline.net/index.php/news/kng/12710-2013-01-16-17-20-46.html

    ReplyDelete
    Replies
    1. ထပ်ဆင့် ဖြည့်ပေးတာအတွက် ကျးဇူးတင်ပါတယ် ။

      Delete