ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Tuesday, May 22, 2012

ပြည်တွင်းစစ်ထဲက မှန်ကွဲစလေးတွေ (၁ + ၂ + ၃)



      ဒီကနေ့ ပြည်တွင်းစစ်မှာ ရှေ့နောက်မီသူတွေ နည်းလာတယ် ။
     မျိုးဆက်သစ်တွေ ထပ်တိုးလာတယ် ။ မသိတာတွေ ၊ မမှီတာတွေ ၊ လစ်ဟာနေတာတွေ ပို
များလာတယ် ။ လူတစ်ယောက်စီမှာ ကိုယ်စီ သိထားတာ ၊ မှတ်ထားတာ ၊ မေ့လို့မရတာ ၊ လက်
ဆင့်ကမ်းသင့်တာ ၊ သင်္ခန်းစာယူစရာတွေ ရှိကြတယ် ။ အဲဒီထဲမှာ အချို့လူတွေကနေ မေ့သွား
စေချင်တာမျိုးလည်း ပါမယ် ။

     မှတ်မှတ်ရရလေးတွေထဲက ဆက်စပ်ကြည့်နိုင်ဖို့ အပိုင်းစလေးတချို့ကို ဝေဌလိုက်ပါတယ် ။
ဒါတွေကနေ ကနေ့ ကျနော့်ရဲ့ ကိုယ်ပိုင်ရပ်တည်ချက်တွေကို တစ်စိတ်တစ်ပိုင်း ပုံဖေါ်ထားပေး
တယ်လို့ ဆိုနိုင်တယ် ။



(၁)   ပါတီလိုင်း - မ.ဆ.လခေတ်မှာ မြို့နယ်အဆင့် ရာထူးရှိသူ ပါတီဝန်ထမ်းတွေကို နေရာချထား
                      တဲ့ လိုင်းခန်းတွဲတွေရှိရာကို ခေါ်တဲ့နာမည်ပါ ။ သိသူများပါတယ် ၊ ခုတော့ စစ်
                      တပ်က ပြန်ယူလိုက်ပါပြီ ။ ဘားအံမြို့ အရှေ့မြောက်ခြမ်း ဗိုလ်ချုပ်လမ်းပေါ်မှာ
                      ရှိပြီး စစ်တပ်နဲ့ မျက်နှာချင်းဆိုင်မှာ လမ်းမကြီးပဲ ခြားပါတယ် ။

     လိုင်းခန်းတွေထိပ်မှာ ပြည်နယ်ရုံးက ဝန်ထမ်းစာရေးတစ်ယောက် ကွမ်းယာဆိုင်ဖွင့်ထားပြီး
လိုင်းခန်းတန်းနေ လူငယ်တွေနဲ့ ကလေးတွေ စုရုံးရာ ဆော့ကစားရာ ပတ်ဝန်းကျင်လေးပေါ့ ။
ဆိုင်ရှေ့ လမ်းတစ်ဖက်ကမ်းက အကြပ်စစ်သားတွေလည်း လာကျက်စားရာ နေရာတစ်ခုပါ ။ ပါ
တီနဲ့ စစ်တပ်အသိုင်းဝိုင်းတွေမို့ အခြားနေရာတွေမှာ မပြောဖြစ်တာတွေကိုလည်း ပြောကြ ကြား
ကြရတဲ့နေရာ ဖြစ်ပါတယ် ။

     ကျောင်းပိတ်ရက်တစ်ရက်မှာ ကျနော်တို့ အလယ်တန်းကျောင်းသားအရွယ်တွေ အများစုပါတဲ့
လူငယ်လေးတွေ ကွမ်းယာဆိုင်မှာ စုမိနေပါတယ် ။ လမ်းတစ်ဖက်ကမ်း စစ်တပ်ကတုတ်က မျက်
မှန်းတန်းမိနေတဲ့ တပ်ကြပ်တစ်ယောက်လည်း ရောက်နေပြီး သူ့အတွေ့အကြုံကိုတွေ ပြောပြ
နေပါတယ် ။ နယ်အတော်များများမှာ ရှေ့တန်းရောက်ဖူးသူမို့ သူပြောပြတာတွေဟာ ကျနော်တို့
လို အရိုးခံလူငယ်လေးတွေအတွက် စိတ်ဝင်စားစရာ ကောင်းလွန်းနေတယ် ။

     စကားစလိုက်တာနဲ့ ကျနော်တို့ လူငယ်လေးတွေအတွက် ပိုစိတ်ဝင်စားစရာ ကောင်းသွားတယ် ။

     "ကချင်မတွေက လွယ်တယ်ကွ ၊ သိလား .."

     စူးစိုက်နားထောင် နေကြသူတွေကို ဂုဏ်ယူတဲ့ အပြုံးစစအကြည့်နဲ့ ဝေ့ကြည့်ပြီး ဆက်ပြောပါတယ် ။

     "ကချင်ဘက်မှာ ရှေ့တန်းထွက်ရင် တောထဲမှာ ကချင်မတွေကို တွေ့လို့ကတော့ ငါတို့က လိုက်
တာပဲကွ ၊ သူတို့ကလည်း ငါတို့ကိုတွေ့တာနဲ့ ပါတာတွေ အကုန်ပစ်ချပြီး ပြေးတာပဲ ။ ငါတို့လည်း
ဘယ်ရမတုန်း တွေ့တာနဲ့ အီကွစ်မန့်တွေ အားလုံးပစ်ချပြီး လိုက်တာပေါ့ကွ ။ ဒီကောင်မတွေက
အသားကုန်ပြေးတာ ။ ဒါပေမယ့် ပြေးလို့မလွတ်တော့ဘူး ဆိုရင်တော့ အသားအနာမခံကြဘူးကွ ။
လှဲချပေးလိုက်တာပဲ ၊ လွယ်တယ်ကွ ။" ..... လို့ဖြစ်ပါတယ် ။

     ပြီးတော့ သူ့ပရိသတ်တွေကို မိန့်မိန့်ကြီးပြုံး ကြည့်လိုက်ပြီးတော့ ဆက်ပြောပါတယ် ။

     "ဒီဘက်မှာ (ကရင်ပြည်နယ်ဖက်) တော့ မတူတော့ပြန်ဘူးကွ ၊ ဒီဖက်ကျ ပေါ်တာတွေနဲ့ ကြုံရ
တာတွေက များတယ် ။ တစ်ခါကွာ စခန်းထဲက အချုပ်ထဲထည့်ထားတဲ့ ပေါ်တာကို ခိုင်းဖို့ခေါ်လာ
တာ ၊ ငါ -ိုးမသားပေါ်တာကွာ ပစ္စည်းထမ်းဖို့ ကြိုးဖြည်ပေးလိုက်တာနဲ့ ငါ့ကို တံတောင်နဲ့တွတ်ပြီး
စခန်းကုန်းပေါ်က လှိမ့်ချသွားတာ ပျောက်သွားတာပဲ ။ အဲဒီနေရာက တောင်စောင်းချောက်ကြီးကွ ၊ အနက်ကြီး ၊ အပင်တွေနဲ့ဖုံးပြီး အောက်ကိုတောင် မမြင်ရဘူး ။ အဲဒီ မအေ -ိုးလည်း သေလားရှင်
လား မသိဘူး  ငါလဲ မလိုက်တော့ဘူး ။" ... လို့ ဆိုပါတယ် ။

     ဒါဟာ ၁၉၈၀ အစောပိုင်းနှစ်တွေက မှတ်မှတ်ရရ စကားဝိုင်းလေး တစ်ခုပါ ။
     နုနယ်ပြီး ဗလာကျင်းတဲ့ အသိတွေနဲ့ မရင့်ကျက်သေးတဲ့ အရွယ်မှာ ကြားသိခဲ့ရတာမို့ မှား
တယ်မှန်တယ် ၊ သင့်တယ် မသင့်တယ်လည်း ဝေဖန်ပိုင်းခြားဖို့ နားမလည်ခဲ့ပါဘူး ။

     ခုနေမှာတော့ သိလာခဲ့ပါပြီ ။ မုဒိမ်းမှု ၊ အဓမ္မစေခိုင်းမှုတွေလို့ နားလည်လာခဲ့ပါပြီ ။
     သတင်းမီဒီယာခေတ် မဟုတ်သေးလို့ ၊ လူအများမြင်ကွင်းနဲ့ ဝေးရာမို့ သေနတ်အားကိုးပြီး
ကျူးလွန်ခဲ့ကြတဲ့ မုဒိမ်းမှုတွေ ဘယ်လောက်ရှိခဲ့မယ် မခန့်မှန်းနိုင်သလို သက်သေပြဖို့ ခက်ပေမဲ့ ၊
ဒါတွေကို မျက်ကွယ်ပြုပြီး ဘာမှ မဖြစ်ခဲ့သယောင် ပြောဆိုစော်ကားသူတွေလည်းရှိလို့ မရေး
ချင်သော်လည်း သက်သေသာဓကတစ်ခုအဖြစ် ချရေးပြတာပါ ။

     ပေါ်တာကိစ္စမှာလည်း ရုပ်ရှင်ရုံနဲ့ ဈေးထဲတွေ ပိတ်ဖမ်းတာကစလို့ ပေါ်တာကြေးကောက်တာ ၊
ဘယ်သူအိမ်က ဘယ်သူကတော့ဖြင့် ပေါ်တာပါသွားပြီး သေသွားပြီ ဆိုတာမျိုးအဆုံး စာရင်းမရှိ
အင်းမရှိပါပဲ ။ ပျက်ခဲ့ရတဲ့ ဘဝတွေ ၊ နစ်နာ အညွှန့်ကျိုးသွားသူတွေ ၊ အသက်ပေးဆပ်လိုက်ရ
တဲ့ ထောင်သောင်းချီခဲ့တဲ့ လူတွေအတွက် ဘယ်လိုတာဝန်ယူသင့်တယ် ၊ စိတ်ဒဏ်ရာတွေ ကုစား
ရမယ့် စကားမျိုးတွေ မဟပဲ ၊ တရားသောစစ် ဆင်နွဲနေပါတယ်ဆိုတဲ့ ပြည်သူ့တပ်မတော် နာမည်
ခံ စစ်တပ်ကို လက်သီးလက်မောင်းတန်း ထောက်ခံပြီး ကိုယ်နဲ့မတူ ကိုယ့်ရန်သူလို တိုက်ခိုက်ရှုတ်
ချသူတွေကြောင့်လည်း ထိန်းညှိနိုင်ဖို့ ခုလို ရေးရတာပါ ။

     ဒါတွေဟာ တစ်ချိန်မှာ ဒဏ္ဍာရီတွေလို ကျန်ရစ်ခဲ့ကောင်း ကျန်ရစ်ခဲ့ပါလိမ့်မယ် ။
     ဒါပေမယ့် လက်ရှိမှာတော့ မပြီးသေးပါဘူး ၊ အတောမသတ်နိုင်သေးပါဘူး ။
     သိလာတဲ့လူတိုင်းမှာ လုပ်နိုင်တာလေးတွေ ကိုယ်စီရှိကြပါတယ် ။
     ရွေးချယ်ကြဖို့လည်း တိုက်တွန်းချင်ပါတယ် ။

၁၈ ၊ ၀၅ ၊ ၂၀၁၂

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


(၂)   ကော့ထမလိန်းရွာ - ဘားအံတောင်ဘက် ၁၀ မိုင်အကွာ ဒုံရင်းနယ်က အကြီးဆုံးရွာ ။ ဘားအံ
                                ကနေ ၆ မိုင်လောက်သွားရင် ဇွဲကပင်တောင် ၊ နည်းနည်းဆက်သွားရင်
      ကရင့်ရိုးရာ ဒူဝေဘုရား ၊ နောက်တော့ လူသိများပြီး အရင်က အပန်းဖြေ ပျော်ပွဲစားတွေအတွက်
      အသွားများကြတဲ့ ရေတံခွန် ၊ ပြီးရင် ဒုံရင်း တွဲဖက်အထက်တန်းကျောင်း ကျော်ပြီးရင် ရောက်
      ပါတယ် ။ ဒုံရင်းလိုင်းဘတ်စ်ကား ဂိတ်ဆုံးရွာပေါ့ ။

အဖိုးရှမ်း (ဖုသိုင့်) - ကော့ထမလိန်းရွာမျက်နှာဖုံး လူကြီးတစ်ဦး ။ ဒုံရင်းတစ်ဝိုက် လူတိုင်းလိုလိုသိ
                         တဲ့ ကျောင်းတကာ ၊ သူပိုင်ခဲ့တဲ့ ရာနဲ့ချီတဲ့ လယ်ဧကတွေ ဆိုရှယ်လစ်စနစ်
အောက်မှာ လယ်လုပ်သူ လယ်ပိုင်ရမယ်ဆိုလို့ တစ်စစီ ဆုံးရှူံးခဲ့ပေမဲ့ ပူဆွေးတမ်းတမနေပဲ ရပ်ရွာ
နဲ့ နိုင်ငံအတွက် တစ်နိုင်တစ်ပိုင် ပူးပေါင်း ဖြည့်ဆည်းပေးနေခဲ့သူ ။

     အချိန်က ဒုံရင်းနယ်သာမက ဘေးနားက နယ်မြေတွေကိုပါ အဖြူရောင်နယ်မြေလို့ သတ်မှတ်
ထားပြီး မ.ဆ.လ စည်းရုံးရေးလုပ်ငန်းတွေ အားကြိုးမာန်တက် လုပ်နေတဲ့ ၈၀ ကျော် ကာလမှာပါ။
ကော့ထမလိန်းရွာမှာ ရှေ့ဆောင်လူငယ်နဲ့ လမ်းစဉ်လူငယ် သင်တန်းတွေကို မြို့နယ်ပါတီယူနစ်က
လာပြီး ဖွင့်လှစ်နေတဲ့ ရက်ပိုင်းဖြစ်ပါတယ် ။ သင်တန်းဆရာတွေနဲ့ မြို့ပေါ်ကဧည့်သည်တွေ အဖိုး
ရှမ်းအိမ်ကြီးမှာ တည်းခိုနေကြတယ် ။

     တစ်ရက်ပြီးတစ်ရက် ဧည့်ဝတ်ကြေတဲ့ အဖိုးရှမ်းအိမ်မှာ လွန်မြောက်ကြတယ် ။
     တစ်ရက်မှာတော့ မထူးခြားလှတဲ့ မနက်ခင်းတစ်ခု ရောက်လာပြန်တယ် ။ ကိုယ်ကသာ မထူး
ခြားဘူးထင်တာ ၊ အမကြီးတစ်ယောက်က လာမေးတယ် ။

     “ဟိတ် .. ညက ဘာတွေဖြစ်တယ် နင်သိလား ..” တဲ့ ။
     “ဟင် .. ဘာဖြစ်လို့လဲ ၊ ဘာမှ မသိပါလား ။ ဘယ်သူမှလည်း ဘာမှ မပြောဘူးလေ ။ အားလုံး
      လည်း ပုံမှန်လိုပါပဲ ၊ ဘာဖြစ်လို့လည်း ..” ပေါ့ ။
     “ညက စစ်သားတွေရောက်လာပြီး အဖိုးကို အတွင်းရေးမှူးအိမ် ခေါ်သွားတယ်ပြောတယ် ၊ နင်
      မသိဘူးလား”  လို့မေးတော့ ကိုယ်လည်း ဘာမှမပြောတတ်ဘူး ။ အဖိုးလည်း ဘာမှ မဖြစ်သ
လိုပဲ နေနေတာပဲလေ ။

     အချုပ်ကတော့ - အဲဒီညမှာ ရွာထဲကို စစ်တပ်က စစ်ကြောင်းတစ်ကြောင်း ဝင်လာခဲ့တယ် ။
ဖြစ်ချင်တော့ အဖိုးရဲ့ မြေးတစ်ယောက်က ဧည့်သည်တွေကို ညအချိန်လိုက်ပို့ရင်းနဲ့ ပြန်အလာမှာ
ကလေးဆိုတော့ မသိပဲ စစ်ကြောင်းကို ဓါတ်မီးနဲ့ ထိုးမိလျက်သား ဖြစ်သွားခဲ့လို့ပါပဲ ။ ကလေး
နောက်ကို စစ်သားတွေလိုက်လာပြီး လူကြီးဘယ်သူလဲဆိုတော့ အဖိုးလိုက်သွားခဲ့ပါတယ် ။ ကျေး
ရွာ အတွင်းရေးမှူးအိမ်ရောက်တော့ ဆဲဆိုကြိမ်းမောင်းပြီး ထိုးကြိတ်ရိုက်ပုတ်တာ ခံခဲ့ရပါတော့
တယ် ။

     တကယ်တော့ အဖိုးရှမ်းဟာ ကျနော့်အဖွားရဲ့ အကိုအကြီးဆုံးပါ ။ ဒီကိစ္စ ဖြစ်တဲ့အချိန်မှာ အ
သက် ၇၀ ကျော်နေပါပြီ ။ စနစ်ကြောင့် စီးပွားခန်းခြောက်ခဲ့ပေမဲ့ စေတနာမပျက်ပဲ အာဏာပိုင်
တွေကို တစ်တပ်တစ်အား ထောက်ပင့်ပေးခဲ့သူ ၊ ကြားလို့မှ မတော်တဲ့ လုပ်ရပ်နဲ့ကြုံခဲ့တာတောင်
သူ့ရဲ့ အစိုးရအရာရှိ တူ တူမတွေအပါဝင်  ဘယ်သူ့ကိုမှမပြောပဲ စိတ်ထားပြည့်ဝသူတစ်ယောက်
ရဲ့ သဘောကို ဆောင်ခဲ့ပါတယ် ။ အခြားအိမ်သားတွေနဲ့ ရွာသားတွေသာ ပြန်မပြောပြခဲ့ရင် ဘယ်
သူမှ သိနိုင်မှာ မဟုတ်ပါဘူး ။

     အေးချမ်းတဲ့နယ် ၊ ကလေးတစ်ယောက်ရဲ့ လုပ်ရပ် ၊ ရပ်မိရပ်ဖ တစ်ယောက်ဖြစ်တာ ၊ ကျေးရွာ
အတွင်းရေးမှူးအိမ် ၊ အဖိုးရဲ့ အသက်အရွယ် ၊ မ.ဆ.လပါတီ သင်တန်းဖွင့်နေချိန် စတာတွေကို
ထည့်တွက်ရင်တော့ ဒီဖြစ်ရပ် ဖြစ်သင့် မဖြစ်သင့် တွေးနိုင်ကြမှာပါ ။ အချို့အတွက်တော့ ဘာ
မဟုတ်တာလေးလို့ မြင်ကောင်းမြင်ပါမယ် ။ အပြစ် မပြောလိုပါ ။ ကျနော်ကိုယ်တိုင်လည်း ဘာမှ
မလုပ်ပေးနိုင်ခဲ့ပါဘူး ။

     ဒါပေမယ့် ကနေ့ ပြန်ပြောင်းတွေးပြီး မြန်မာပြည်ရဲ့ ဖြစ်ခဲ့တဲ့ ၊ ဖြစ်တတ်တဲ့ သဘော သဘာဝနဲ့
အခြေအနေတွေကို ခွဲခြမ်းပိုင်းဖြာပြီး မြင်နိုင်ဖို့ရာ ကျနော့်ကို အထောက်အကူတစ်ခု ပေးတာတော့
အသေချာပါပဲ ။

၁၉ ၊ ၀၅ ၊ ၂၀၁၂

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


(၃)   အဖြေစကားတစ်ခွန်း 

     ၁၉၈၅ ဝန်းကျင် ၊ ကျနော် ၁၀ တန်းလောက်မှာပါ ။
     တစ်နေ့မှာတော့ အားလပ်ချိန် အင်မတန်နည်းတဲ့ ကျနော့်ရဲ့မိခင်နဲ့ ကြုံကြိုက်ခိုက်မှာ ရင်ထဲ မမျို
သိပ်နိုင်လောက်အောင် ဖြစ်နေတဲ့ မေးခွန်းတစ်ခုကို မေးခဲ့ဖူးပါတယ် ။

     “အမေ စစ်တပ်က ပေါ်တာဖမ်းတာအပါဝင် လုပ်ချင်တာတွေ အမျိုးမျိုးလုပ်နေတာ
အစိုးရက ဘာမှမပြော မတားဘူးလား” လို့ပါ ။

     ကျနော့်မိခင် ပြန်ဖြေလိုက်တာကတော့ -
     “အမေတို့ဟာ အစိုးရပဲပေါ့ သားရဲ့” တဲ့ ။

     အဲဒီတဒင်္ဂမှာ ကျနော် တွေသွားတယ် ။ တစ်ခွန်းနှစ်ခွန်း ဆက်ပြောဖြစ်ခဲ့ပေမယ့် အပေါ်က အ
ဖြေစကားတစ်ခွန်းထဲကသာ ကျနော့်မှတ်ဥာဏ်ထဲ စွဲနစ်ကျန်ရစ်ခဲ့ပါတယ် ။ အမှန်တော့ ဒီအဖြေ
စကားဟာ အဖြေတွေအားလုံးရဲ့ အနှစ်ချုပ်ပဲမို့ ထပ်ကွန့်စရာလည်း မရှိတော့သလောက်ပါပဲ ။ တစ်
နည်းအားဖြင့် စစ်တပ်လုပ်မျှ အစိုးရက ဘာမှမတတ်နိုင်ဘူး ၊ ပြောလို့မရဘူးဆိုတာ အတည်ပြုပေး
လိုက်တာပဲလို့ နားလည်လိုက်တယ် ။

     အဲဒီနေ့ကစပြီး ကျနော့်ရဲ့ စစ်တပ် ၊ နိုင်ငံရေး ၊ လူမှုရေးအပါဝင် မြန်မာပြည်နဲ့ ပတ်သက်တဲ့ အ
တွေးနဲ့ နားလည်မှုတွေ တစ်ဆင့်ချင်း စတင် ပြောင်းလဲလာခဲ့တယ် ။

========================

     တစ်ဆင့်ချင်း ပြန်ရှင်းပါ့မယ် ။
     ကျနော့်မိခင်ဟာ မ.ဆ.လခေတ်မှာ မြို့နယ်အဆင့် ပါတီဝန်ထမ်းတစ်ယောက်ပါ ။
     သူဟာ ပါတီကို ရိုးရိုးသားသား ယုံကြည်ပြီး သစ္စာရှိရှိနဲ့ တာဝန်တွေထမ်းခဲ့တယ် ။ ရပ်ရွာအရေး
အတွက် နားလည်သလောက်နဲ့ တတ်စွမ်းသလောက် လုပ်ကိုင်ခဲ့ပြီး ၊ နောက်ဆုံး ၁၉၉၀ ရွေးကောက်
ပွဲမှာတောင် သူ့နယ်ထဲမှာ အန်အယ်လ်ဒီကို နှာတစ်ဖျားလောက်လေးနဲ့သာ ရှူံးနိမ့်ခဲ့ရလောက်အောင်
စည်းရုံးရေးမှာ အောင်မြင်ခဲ့ပေမယ့် သမိုင်းရဲ့ မှားယွင်းတဲ့အခြမ်းမှာ အသုံးချခံ တစ်ယောက်အနေနဲ့
မျက်နှာသာ မရခဲ့သူပါ ။

     ပါတီအတွက် လုပ်နေစဉ်တုန်းက ကိုယ့်လမ်းကြောင်းထဲ ကိုယ့်အရှိအဟုန်နဲ့ ဟုတ်သလိုလို ရှိ
နေပေမယ့် ၊ အပြင်လောက ရောက်သွားတဲ့အခါကျတော့ အာဏာပိုင်တွေရဲ့ မဆုံးနိုင်တဲ့ ချွတ်ယွင်း
ချက်တွေကို မြင်လာခဲ့ရတယ် ။ ဒါပေမယ့် လွန်ခဲ့ပြီ ။ နောက်ပြန်လှည့်လို့ မရတော့သလို ၊ စစ်တုရင်
ပွဲထဲက ကိုယ့်ရဲ့ “ပွန်း”ကလေး ဘဝကို မြင်လာပေမယ့် သင်္ခန်းစာတွေ အဖြစ်နဲ့ပဲ ကျန်ရစ်ခဲ့ကြတော့
တယ် ။

     အချို့လည်း မ.ဆ.လ အဖွဲ့ကဆိုရင် အမြင်မကြည်တာတွေ ရှိပါတယ် ။ သူတို့ကို ကျနော် အပြစ်
မပြောပါ ။ မသိ နားမလည် သတိမပြုမိသူတွေကို အပြစ်တင်လို့လည်း တရားလှမယ် မထင်ပါ ။ ရေ
ငုပ်ကြည့်မှသာ ငါးတွေရဲ့ဘဝကို သိနိုင်သလို ၊ တောင်ပံခတ်ပြီး မိုးပေါ်ပျံမှသာ ဌက်တွေအကြောင်းနဲ့
ကျယ်ပြန့်တဲ့ မြင်ကွင်းတွေကို တွေ့နိုင်မှာပါ ။ ထို့အတူပဲ စစ်တပ်နဲ့ ပြည်ခိုင်ဖြိုးရဲ့ ရေစီးကြောင်းထဲ
မျောပါကြေနပ်နေသူတွေရဲ့ အဆိပ်တက် မာန်ဖီ ရန်ထောင်တာတွေ တွေ့လာပြန်ရင်လည်း သံဝေဂ
ယူစရာတွေ အဖြစ်နဲ့ နားလည်နိုင်ခဲ့တဲ့ ဘဝနောက်ခံမျိုးကို ကျနော် ရလာခဲ့တယ် ။

=============================

     အထက်က ကျနော့်မိခင်ရဲ့ စကားနဲ့ ပြန်ဆက်စပ်ရရင် -
     နားလည်မိတာကတော့ “အစိုးရဟာ စစ်တပ်ဘာလုပ်လုပ် ဝင်တားပိုင်ခွင့် မရှိဘူး ၊ စစ်တပ်ဟာ
အားလုံးရဲ့ အပေါ် ဥပဒေအပေါ်မှာ ရှိနေတယ်” လို့ပါ ။ အဲဒီအရွယ်မှာ ကျနော်ဟာ မရင့်ကျက်သေးပဲ
မိဘနဲ့ ပတ်ဝန်းကျင်လောင်းရိပ်မှာ လုံးဝမှီခိုနေသူပါ ။ ဒါပေမယ့် - ပေါ်တာ ၊ ပေါ်တာကြေး ၊ အရပ်
ထဲရမ်းတာ ၊ ပါတီက စည်းရုံးရေး ဆင်းနေသလောက် စစ်တပ်က အနိုင်ကျင့်တာနဲ့ တစ်ခါတစ်ရံ
သေဆုံးမှုတွေအတွက် တာဝန်ရှိတဲ့လုပ်ရပ်တွေ ရွာတွေမှာလုပ်တာ စသည်ဖြင့် ထပ်မေးလို့လည်း
မထူးတော့ဘူးဆိုတာ ချက်ချင်းသဘောပေါက်ခဲ့ပါတယ် ။

     ကျနော့်မိခင်ရဲ့ အဖြေစကားကြောင့် စစ်တပ်ဟာ အစိုးရရဲ့ အာဏာစက် မသက်ရောက်ဘူး ၊ သီး
ခြားရပ်တည်နေတယ် ၊ အခွင့်ရေးပိုတယ် ၊ ဘယ်ဥပဒေမှ အရေးစိုက်စရာ မလိုဘူး စသည်ဖြင့် အ
တည်ပြု ပေးလိုက်သလိုပါပဲ ။ အဲဒီအချိန်က ကျနော်တို့ သိနားလည်ထားတဲ့ ပြည်သူ့တပ်မတော် ၊
အောင်ပွဲအလီလီခံနေတဲ့ တပ်မတော် ၊ ပြည့်သူ့သားကောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ တပ်မတော် ၊
တရားသောစစ် ဆင်နွဲနေတဲ့ တပ်မတော် ၊ တိုင်းပြည်ကို လွတ်လပ်ရေး ရယူပေးခဲ့တဲ့ ပြည်ပအန္တ
ရာယ်တွေကနေ ကာကွယ်ပေးနေတဲ့ သောင်းကျန်းသူ အဖျက်သမားတွေကို အမြစ်ပြတ်ချေမှုန်းနေ
တဲ့ ဖခင်ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ အစဉ်အလာကောင်းတဲ့ တပ်မတော်ဆိုတဲ့ ပုံရိပ်
ဟာ စတင် မှုန်ဝါးလာခဲ့ပါတယ် ။

     အသက်ရွယ် ထပ်ရလာပြီး နိုင်ငံပြင်ပနဲ့ ထိတွေ့လာတဲ့အချိန် ၊ သိခွင့် ကြားခွင့် မရှိခဲ့တဲ့ မီဒီယာ
နဲ့ စာအုပ်တွေကို ကြုံလာရတဲ့အချိန်မှာ - မြန်မာပြည်ကို စစ်တပ်ကအုပ်စီးထားတယ် ၊ တိုင်းရင်းသား
တွေရဲ့ အခွင့်အရေးတွေ ပိတ်ပင်ခံထားရတယ် ၊ တိုင်းရင်းသားတွေနေတဲ့ နယ်တွေမှာ နယ်ခံတွေကို
အသုံးပြုပြီး ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တဲ့ပုံစံနဲ့ ပုန်ကန်သူတွေကို ချေမှုန်းဖို့ ကြိုးစားနေတယ် ၊ နိုင်
ငံရဲ့ ချွတ်ချုံကျမှုမှာ တာဝန်ရှိတယ် - စသည်ဖြင့် မြင်လာပါတယ် ။

     ဒီကနေ့မှာတော့ ရှေ့တန်းနဲ့ နယ်ဖက်ဒေသတွေမှာသာ မဟုတ်ပဲ မြို့ပေါ်မှာပါ လူသတ်နေတဲ့ ၊
အာဏာကို တမ်းတမ်းတပ်မက်နေတဲ့ ၊ လိမ်ညာဖို့ ဝန်မလေးတဲ့ ၊ ကလေးစစ်သားနဲ့ တပ်ပြေးတွေ
ပေါများတဲ့ ၊ ဖုံးဖိမရတဲ့ အမျိုးသမီးတွေအပေါ် ကျင့်ကြံခဲ့မှုတွေနဲ့ ပြည့်နေတဲ့ စစ်တပ်ဆိုတာ ပေါ်
လွင်လာခဲ့ပါပြီ ။ လွတ်လပ်ရေးရဖို့ အရေးပါခဲ့ပေမယ့် အဓိက အခန်းကဏ္ဍကနေ ပါခဲ့သလားဆို
တာလည်း မေးစရာတွေ ဖြစ်လာခဲ့ပါပြီ ။ အဆိုးဆုံးက တည်ထောင်သူ ဗိုလ်ချုပ်အောင်ဆန်းကိုပါ
အကြိမ်ကြိမ် ထပ်သတ်နေခဲ့တဲ့ အမဲစက်ကြီးတွေက အထင်ရှားမို့ ကိုယ်ကျင့်နဲ့ သိက္ခာပိုင်းမှာ ကုန်း
ကောက်စရာ အင်မတန် နည်းနေတဲ့ဘဝမှာ ရောက်နေတာ ထင်ရှားလာခဲ့ပြီ ။

     ဒါပေမယ့် ကျနော့်အနေနဲ့ ရပ်မနေခဲ့ပါဘူး ၊ စစ်တပ်က နိုင်ငံကို ချုပ်ကိုင်ထားတာဟာ ပုဂံစ
တည်ကတည်းကလား ၊ လွတ်လပ်ရေးရဖို့ စကြိုးစားချိန်ကလား ၊ ဦးနေဝင်း အာဏာစသိမ်းချိန်
ကလား ဆိုတာတွေကို ပိုင်းခြားတွေးလာသလို ၊ ၁၉၈၈ ကစတဲ့ စစ်အုပ်ချုပ်ရေးရဲ့ သက်ရောက်မှု
တွေကိုပါ ရောစပ်စဉ်းစား ပိုင်းခြားဖို့ ကြိုးစားလာခဲ့ပါပြီ ။ ဒါတွေရဲ့နောက်မှာ လူမျိုးရေး ၊ လူမှုရေး ၊
ဘာသာရေး ယဉ်ကျေးမှုနဲ့ ဒေသစွဲတွေ ဘယ်လောက်အထိ ရောယှက် သက်ရောက်နေသလဲ
ဆိုတာတွေလည်း စိတ်ဝင်စားလာခဲ့ပြီ ။ ဒါတွေမက အကျိုးနောက် အားကျိုးမာန်တက် လိုက်မွှေ
တာထက်  အကြောင်းရင်းခံတွေကို ရှာဖွေပြီး လက်တွေ့ကျမယ့် အဖြေတွေရှာဖို့ တွေးလာခဲ့ပြီ ။

     ဒီ ၂၅ နှစ်ကျော်ကြာတဲ့ ပြောင်းလဲလာမှုမှာ ပထမဆုံး လမ်းစဖေါ်ပေးခဲ့တဲ့ အဖြေစကားကိုတော့
မမေ့သေးပါဘူး ၊ နောင်လည်း မေ့မယ်လို့ မထင်ပါဘူး ။

     ဒီအဖြေကပဲ ကနေ့ အားနည်းသူ ၊ ဖိနှိပ်ခံရသူ ၊ မတရား အလုပ်ခံရသူ ၊ အကူညီလိုနေသူတွေ
ကို ထောက်ပင့်ပေးဖို့ အခြေခံစိတ်တွေ အုတ်မြစ်ချပေးခဲ့သလို ၊ အမှား ချွတ်ယွင်းချက် လွဲချော်မှုတွေ
ရှိခဲ့ ရှိနေဆဲ ကျနော့်အတွက်  အားမလျော့အောင်လည်း သတိပေးနေပါတယ် ။

     ဒီလိုရေးပြလို့ ကျနော် စစ်တပ်ကို ဖဲ့ဖို့ ရည်ရွယ်ချက်နဲ့ ရေးတယ် ထင်ကောင်းထင်မယ် ။
     ဖြစ်ခဲ့ပြီးတာတွေကို ကျနော်အပါဝင် သက်ရောက် ခံစားရသူအားလုံးက မေ့လို့ရမယ်တော့
မဟုတ်ပါဘူး ။ ပုထုဇဉ်တစ်ယောက်အနေနဲ့ ခံစားချက်တွေရှိပေမယ့် လက်တွေ့ကျမယ့် ၊ ပြေ
လည်နိုင်မယ့် ၊ အထိအခိုက် အနည်းဆုံးဖြစ်မယ့် ၊ သင့်တင့်မျှတပြီး ဖြစ်သင့်တဲ့ တရားတွေနဲ့
လည်း အနီးစပ်ဆုံး အဖြေတွေကို ရှာဖွေဖေါ်ထုတ် သုံးစွဲဖို့က ပိုအဓိက ကျပါတယ်  ။ စစ်တပ်ရဲ့
အဆိုးတွေကို တိုက်ခိုက်ဝေဖန်နေဖို့ထက် ဘာကြောင့် ဒီလိုဖြစ်နေပြီး ဘယ်လိုပြေလျော့အောင်
လုပ်ရမလဲဆိုတာ အဖြေရှာရပါမယ် ။ သူ့ရဲ့ အရေးပါနေသေးပုံကိုလည်း မေ့ထားလို့ မရပါဘူး ။
လွန်ခဲ့တဲ့ရက်ပိုင်းက ဦးသူရရွှေမန်းပြောသွားသလို "စစ်တပ်မပါတဲ့လွှတ်တော်ဖြစ်ဖို့ စောသေး
တယ်" ဆိုတာမျိုးဟာ မကြိုက်ပေမယ့် လက်ခံရမယ့် စကားမျိုးပါ ။

     ပြည်တွင်းစစ်ကို အခြေခံပြီး အမြင်နဲ့ အတွေ့ကြုံတစ်ချို့ကို ဝေမျှတာပါ ။ ဒါမျိုး အများစုက
လက်ခံပြီး ပူးပေါင်းလုပ်မှသာ အောင်မြင်မှာပါ ။ လက်ရှိမှာ ဒေါ်စုက ကချင်ကိစ္စမျိုးကို ရေငုံနေ
တာဟာ အင်မတန် အားလျော့စရာကောင်းပေမယ့် စောင့်နေလို့ အကျိုးဖြစ်မယ့် အရာမျိုးမဟုတ်
လို့ ကိုယ်စွမ်းသမျှ ကိုယ်လုပ်ကြဖို့သာ ရှိပါတယ် ။ အလုပ်ကောင်းမှ ကံကောင်းကြပါလိမ့်မယ် ။


မန်းကိုကို
၂၂ ၊ ၀၅ ၊ ၂၀၁၂

12 comments:

  1. အေးဗျာကိုမန်းရာ

    မှတ်တမ်းတင်တာတော့ တင်ထိုက်ပါတယ်

    ပြည်တွင်းစစ်ကြောင့် ဆုံးမှုတွေက တိုင်းတာလို့ ရတဲ့  လူသေ၊ဒါဏ်ရာရ၊ ဆုံးတဲ့  ငွေ၊ ဆိုတာတွေ အပြင် တိုင်းမရတဲ့ တိုးတက်မှုနှောင့်နှေးတာ ၊တပြည်လုံး အကျင့်ပျက်တာတွေကတော့ ပြောမဆုံးအောင်ပါဘဲ

    ဒါတွေပြောတော့ဗျာ ။ ကိုမန်း လက်လှမ်းမီရင် စာလေး ၂ပုဒ်တော့ ရှာ ကြည့်စေချင်တယ်ဗျာ ။

    ဆရာရန်ကုန်ဘဆွေရေးခဲ့တာတွေပါ ။ နန်းဟာဗီး နဲ့ တောင်ကန်သူမလေးတဲ

    ReplyDelete
    Replies
    1. အမှန်တော့ လတ်တလော မရေးချင်ပါဘူး ဆရာတင့်ရာ ၊
      ဖြစ်နိုင်ရင် နောင်မှ သင်္ခန်းစာယူစရာအဖြစ် တင်ပြချင်ပါတယ် ။
      ခုနေမှာ ကချင်တစ်ဖွဲ့ထဲ ကျန်သလို ဖြစ်နေရာက ထင်ရာ ကုန်းအော်နေသူတွေ များလာတာကြောင့် ၊ မသိကြတဲ့ ဗြောင်ငြင်းနေကြတဲ့ ကိစ္စတစ်ခုကို ဖြည့်ပေးလိုက်တာပါ ။ (ကျနော်ရေးမှပဲ တိုက်တိုက်ဆိုင်ဆိုင် ဆက်စပ်သတင်းတွေ အများကြီး တက်လာသဗျ) ။

      ကျနော့်အမြင်မှာတော့ ပြည်မက နိုင်ငံရေးအရ မဖြေရှင်းချင်ပဲ ၊ ပေါ်ပင် စီးပွားအတွက် လူတွေအသေခံ ငွေအကုန်ခံပြီး ထောင်မြင်ရာစွန့် လုပ်နေတာပါ ။ အတ္တလွန်ကဲပြီး ရှိသမျှ တစ်ဝိုင်းလုံး သိမ်းကျုံးချင်တဲ့ စိတ်အခြေခံတွေကြောင့် အဆုံးသတ်လို့ မရတာတွေ ဆက်ဖြစ်နေတာပါ ။

      နောက်တစ်ခုက လူနဲ့ သဘာဝကို လစ်လျူတဲ့ ဖွံ့ဖြိုးရေးဆိုတာတွေလည်း ရှိသေးတယ် ။
      ကျနော်ကတော့ နောင်မှာ ချိုင့်ဝှမ်း တောင်ကတုံးတွေနဲ့ပြည့်ပြီး ဓါတုချောင်းမြောင်းတွေစီးတဲ့ ပြည့်တန်ဆာရပ် ဝန်းသာသာ ဒေသတွေကို မြင်ယောင်မိတယ် ။ အချို့က ကိုယ့်နဲ့ မဆိုင်ဘူးလို့ ထင်နေကြပေမဲ့ ၊ သားသမီး မြေးမြစ် တွေကျရင် အကျိုးသက်ရောက်မှုတွေကို အားလုံးကို တစ်ပြေးထဲအတူ ခံစားကြရမှာ သေချာပါတယ် ။

      နောက်ပြီး ကရင်ပြည်နယ် တစ်ခုထဲတွက်ကြည့် ၊ နှစ်တိုင်း စစ်သားတွေ ရာနဲ့ချီသေ ရာနဲ့ချီ ဒဏ်ရာရတယ်ဗျ ။ အဲဒီလူတွေအတွက်ဘဲ တွက်ကြည့် ။ သေတဲ့လူတွေ ပင်စင်ပေးရတယ် ၊ ဒဏ်ရာရတဲ့လူတွေ အရပ်ဖက်ကို အတင်းထိုးထည့်ရတယ် ။ ငွေကြေးပိုင်းမှာ မျှော့သွေးစုပ်ခံရသလိုဖြစ်ပြီး ဝန်ထမ်းပိုင်းမှာလည်း ကမောက်ကမ ဖြစ်သပေါ့ ။

      ဒီကြားထဲ တပ်ပြေးကိစ္စက ရှိသေးတယ် ။ သိန်းကဏန်း မရှိရင်တောင် သောင်းနဲ့ချီမယ် ။ ထိုင်းမှာ အလုပ်လုပ်နေတဲ့ တပ်ပြေးတွေ အများကြီး ရှိသလို ၊ ပြည်တွင်းမှာလည်း တပ်ပြေးမရှိတဲ့ ရွာ ရပ်ကွက်တွေ သိပ်ရှိလှမယ်တောင် မထင်ဘူး ။ တပ်ပြေးနဲ့ အကျဆုံး ဒဏ်ရာရစာရင်းတွေသာ မီဒီယာတွေနေ အမှန်အတိုင်း ဖေါ်ထုတ် ဖွင့်ချနိုင်ရင်တော့ အုံးအုံးကျွက်ကျွက် ဖြစ်သွားနိုင်တယ် ။

      ထားပါတော့ဗျာ ၊ အသေးစိတ်ကတော့ ဆရာတင့် ပြောသလိုပဲ ပြောလို့ မဆုံးနိုင်အောင်ပဲမို့ ရှည်နေပါ့မယ် ။

      ဒါနဲ့ ဆရာပြောတဲ့ စာတွေတော့ မဖတ်ဖူးဘူး ။ အဆင်ပြေရင် ညွှန်ပေးပါဦး ။

      Delete
  2. Time May-June 1948
    Place Home of U Ba Swe ( leader of Socialist party )
    Participants U Kyaw Nyein , U Ba Swe , Bo Aung Gyi , Bo Maung Maung , maj Tun Tin of 22nd UMP Yangon Ba Swe , Phone Gyi Ba Swe and other ex-guerillas of Pyi thu Ah Yay Daw Pone party
    Matter of discussion -- the reliability of armed forces
    At that time Armed forces can be roughly divided into 4 groups
    mainly Burmese communists ( in open revolt )
    Karen armed forces ( starting from Army HQ to unofficial KNDO ) who were armed
    Burmese elements in Army loyal to government ( 1/2 battalion of 3rd Burrifs , 4th snd 5th Burrifs and then newly formed 6th Burrifs and 1st Infantry battalion )
    other ethnic battalions ( Chin and Kachin )
    During that discussion , Brig Mg Mg needed to leave for an urgent matter but he promised to help the group as much as he could .
    The summary of decision was only reliable armed force was Burrifs and even loyalty of Kachin and Chin Rifles were in question . And that means govt would need to expand loyal armed forces quicker than allowed by then Letyar-Freeman agreement .
    Offshoot of that meeting was 2 folds
    1) formation of AUMP under Maj . Tun Tin . started with 9 companies A to I . ( later AUMP was expanded to 21 companies )
    2)formation of " Levies " under local leaders of Socialist party
    The command of those forces were very irregular and loose
    ( That discussion would be outside this pamphlet )

    Formation of A company

    It was under command of Yangon Ba Swe
    with 6 old trained ex guerillas of his
    all other foot soldiers were recruited from workers of Yangon Dock by Thakhin Hla Kywe and never had any training in army .
    As soon as they were formed , they were issued with 6 Brens , rifles and 2 2-inch mortars and equipments and uniforms .
    Yangon Ba Swe added steel helmets and machets he bought from Kyet Tan .
    Within 1 week , they were equipped and had a military training ( Yangon Ba Swe version ) . They now knew attention , standard ease and stand ease and also learnt to stay wooden faced .

    Deployment to Insein
    At that point , they were deployed to Insein .
    In Insein , Karens were in forsce and all karen quarters were filled with weapons , Insein police was regularly subjected to raids .
    Those raids were irregular in a sense that raiders came in empty handed and looted weapons from police .
    As soon as A company arrived , police' arms were seized and so called soldiers of A Company started guard duty at check points .
    With their steel helmets and wooden faces , they looked really menacing ( although upto that point they don't have a clue how to operate their rifles )

    Battle plan Insein

    One day , commander of A company met up with Brig Aung Gyi ( thenBrevet Col ) and U Kyaw Nyein and presented his plan to seize illegal weapons from Karens
    His plan included surrounding quarters and Molotov cocktails .
    D -day was next night

    Transfer to Dawei

    Same night , the A company was rounded up from Insein and quarantined in BOAD compound for the night and next morning sent to Dawei by ship .

    By transfering A Company , then govt postponded beginning of Insein battle by a few months

    ReplyDelete
  3. ကိုမန်းအစဖေါ်ပေးလိုက်တော့ စစ်တပ် အဲ စစ်တပ်ဆိုတာ ထက် လက်နက်ကိုင်ထားတဲ့  သူတွေဟာ ဥပဒေအထက်က စရောက်တဲ့  ကာလလေး ကို ကျွန်တော် မိတ်ဆွေတချို့ အတွက် ရေးချထားတဲ့  စာလေးကို တင်ပေးလိုက်တာပါ။ မူရင်းက ဆရာရန်ကုန်ဘဆွေရဲ့  အင်းစိန်ကို မတိုက်ဖြစ်လိုက်ခြင်း တဲ့  ။

    The command of those forces were very irregular and loose

    ဒီစကားရပ်လေးကို တမင်ထည့်ပေးလိုက်တာပါ ။

    နဲနဲလေးအစ ပြန်ကောက်ရရင် ၁၉၄၈မှာ ဗမာပြည်မှာ ဥပဒေကြီး ၂ခုရှိပါတယ် ။

    တခုကတော့၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ နဲ့ နောက်တခုကတော့ အရပ်ဘက်စစ်ဘက် ဥပဒေတွေပါဘဲ

    ဒါပေမဲ့  ၁၉၄၈မှာ လက်နက်အင်အားကြီးမားတဲ့  ကွန်မြူနစ်အစုက ၄၇ကို ပစ်ပါယ်လိုက်တဲ့ အခါမှာ ( ဘာကြောင့်ပစ်ပါယ်တယ် ။ သန်းထွန်းလားကျော်ငြိမ်းလား ဘာလားညာလား ထားလိုက်ပါ ။ ) ဆိုရှယ်လစ်အုပ်စုဟာ သူတို့  အားကိုးလောက်တဲ့  ဥပဒေတွင်းက လက်နက်ကိုင်တွေကို ဒို့ လူလေးများဆိုသလေးရတော့တာပေါ့

    ကဲ တန်းစီ လူရေမယ် ။

    တပ်ရင်း ၃တခြမ်းပဲ့ 

    တပ်ရင်း ၎

    တပ်ရင်း ၅ များရာစု

    အင်း အဲ

    ရှိသေးလားထုတ်ပါအုံးဟ

    ဟို လူသစ်တွေ ခုမှ လေ့ကျင့်ရေးဆင်းနေတုန်းတပ်ရင်း ၆ နဲ့  မနေ့ တနေ့ က ဖွဲ့ လိုက်တဲ့  ခလရ ၁ တော့ သုံးရမလားမသိဘူး

    လိုနေတာက တပြည်လုံး အတွက်

    ကဲ ဒီတော့ ဘာဖြစ်လဲ

    ဥပဒေ အပြင်ကဘဲ လက်နက်ကိုင်ရတော့တာပေါ့

    ဒီလိုနဲ့  တပ်ခွဲ ၂၂ ခွဲ ပါတဲ့  အရံ စစ်ရဲ

    မြို့ တွေ ရွာတွေ မှိုလိုပေါက်လာတဲ့  စစ်ဝန်ထမ်းတွေ ဖွဲ့ ရတော့တယ်

    ဒါတွေက တရားဝင်လားဆိုတော့ မဟုတ် ။ ထောက်ပို့ တို့  လက်နက်တို့  ငွေကြေးတို့  ဆိုတာလဲ ဗဟိုက ဘာမှ မပေးနိုင် ။

    ဗိုလ်တွေ ခမျာလဲ ကိုယ့်ဟာ ကိုယ် ဘာကောင်မှန်းသေချာမသိ ။ ဒီတော့ အုပ်ချုပ်မှုဆိုတာလဲ မှားတိုင်းသာ အရေးယူရ ကြိုးစင်တောင်မလောက်နိုင် ။

    အဲနဲ့  လုပ်သလို မဖြစ်တော့ ဖြစ်သလိုလုပ်ရတာ အကျင့်တွေ ပါလာပါလေရော ။

    အဲတပ်တွေ ဒါဏ်ကို လူထုသာ ခံရတယ်မထင်ပါနဲ့ 

    နယ်ဘက်အရာရှိကြီးတွေသာမက ရီဂူလာအာမီကပါ ခံကြရပါဘဲ ။

    ခက်နေတာက ဒီတပ်တွေက ရီဂူလာအာမီ ရဲ့  အမိန့် အောက်မှာလဲ မဟုတ် ။ နယ်ဘက်ကလဲ မထိန်းနိုင်လေ ။

    သူတို့  အမိန့် ခံပုံက တပ်ဘက်က ကာနယ်အောင်ကြီး ကနေ တဆင့် ဦးနေ၀င်း နှုတ်မိန့်  အရပ်ဘက်ကျတော့  အဲ အချိန် ထိပ်တန်း အစိုးရ ၀န်ကြီးတွေ ဖြစ်တဲ့  ဦးကျော်ငြိမ်းနဲ့ ဦးဘဆွေ အဲလိုဖြစ်နေတော့ အရပ်ဘက်ရော တပ်ဘက်က ပါ ခွေးရိုက်ချင် ခွေးရှင်မျက်နှာ ကြည့်နေရတယ်

    လူကြီးတွေ ကိုယ်တိုင်ကလဲ ခိုင်းတုန်းကတော့ ပြဲအောင်လန်အောင်ခိုင်းပြီး ဟုတ်လား ဘာမှမပေးဘဲ မင်းဗိုလ်ကွာ မင်းလူမင်းစု လက်နက်ကတော့ တွေ့ ရာကောက် သွားချချီ သူပုန်ဆိုခိုင်းတုန်းက ခိုင်းမိထားတော့ နဲနဲပါးပါးမှားတာလေး လူလေးနဲနဲပါးပါးသတ်မိတာ ရွာလေး ၁၄-၅မီးရှို့ မိတာ စားစရာ မရှိလို့  ရွာက တောင်းစားမိတာလေး နဲ့  အဲ လူကို ကြိုးပေးကွာ လုပ်ဘို့ က နဲနဲ ခက်သားလား။

    အဲ အစလေးကို ဖေါ်ပေးတာပါ

    ReplyDelete
    Replies
    1. ဆရာတင့်က အစဖေါ်တယ်ဆိုပေမယ့် အပိုင်းတွေ အများကြီး ခွဲပြောရမယ်ထင်တယ် ။
      ပထမတစ်ခုက လက်နက်ကိုင်ထားသူတွေ ဥပဒေအထက်ကို စရောက်တဲ့ ကာလဆိုတာပါ ။

      ဥပဒေဆိုတာဘာလဲ ၊ ဘာဥပဒေလဲ ၊ ဘယ်ထဲက စတဲ့ဟာတွေကို ဥပဒေလို့ သတ်မှတ်မလဲ ၊ နှုတ်ဥပဒေလား ပေလွှာထက်တင်တဲ့ ဥပဒေလား ၊ ဘယ်သူတွေက ချမှတ်ခဲ့ပြီး ဘာရည်ရွယ်ချက်တွေနဲ့လဲ ၊ တရားကော ဝင်သလား (တရားဝင်တယ် ဆိုတာကော ဘာလဲ) ၊ ဥပဒေတွေကို လိုက်နာကြဖို့ရော လိုမလား တာဝန်ဝတ္တရားတွေ ရှိသလား ဆိုတာတွေကစပြီး သရုပ်စခွဲရင်တော့ တွေးရလွန်း လိုက်ရှာဖတ်ရလွန်းလို့ ခေါင်းတွေ မူးနေမှာ သေချာတယ် ။

      ဆရာတင့် ပေးထားတဲ့ နမူနာတွေက ဗဟုသုတ ရပါတယ် ။
      အဲဒါနဲ့ ဆက်စပ်တွေးတော့ အကြမ်းဖျင်း ၁၉၄၈ ဆိုတဲ့ ခုနှစ်ကို သတိထားမိတယ်ဗျ ၊ ခုဆိုရင် ၂၀၁၂ နော ။ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီ ။ ကျနော်နားလည်သလောက် နှစ် ၂၀ ကို မျိုးဆက်သစ်တစ်ခုစာလို့ တွက်တတ်ကြတယ်ဗျ ။ ဒီတော့ မျိုးဆက် ၃ ဆက်စာ အကြမ်းဖျင်း ထွက်လာတယ် ။

      တကယ်ဖြစ်သင့်တာက ဘယ်လို အနေထားမျိုးနဲ့ စခဲ့သည်ဖြစ်စေ ၊ မျိုးဆက်တစ်ဆက်စာ နှစ် ၂၀ လောက်မှာ ပြင်သွားဖို့အတွက် အချိန်လုံလောက်တယ်လို့ မြင်တယ် ။ မပြင်တာလား ၊ ပြင်ဖို့ မသိတာလားတော့ မပြောတတ်ဖူး ၊ လုံလောက်တဲ့ ဖြစ်သင့်တဲ့ အတိုင်းအတာတစ်ခုအထိ ပြောင်းလဲမလာခဲ့တာတော့ သေချာတယ် ။

      ဒီမှာ ထည့်တွက်စရာ နောက်ခံတွေက - သမိုင်းမှာ အတွေးခေါ်ကစလို့ ထွန်းပေါက်တဲ့ ပညာရှင် မထွန်းကားခဲ့တဲ့ နိုင်ငံ ၊ ဘုရင့်နောင်လက်ထက် လျှပ်တစ်ပျက်စာလေးကလွဲရင် ဘယ်အင်ပါယာမှ မထူထောင်နိုင်ခဲ့ပဲ ကြီးကျယ်တဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းနဲ့ (အစားအစာ ကအစ) အစဉ်အလာ မတည်ဆောက်နိုင်ခဲ့တဲ့ တိုင်းပြည် ၊ တရုတ် ကိုရီးယား ဂျပန် ဗီယက်နမ်တို့လို စိတ်ဓါတ်ပြင်းထန်ပြီး အင်မတန်ကြီးမားတဲ့ အပြောင်းအလဲကြီးတွေလည်း မကြုံခဲ့ရတဲ့ ဒေသ ၊ ကံကောင်းထောက်မလို့ ကံကြမ္မာ မျက်နှာသာ ပေးလာလေတော့ လွတ်လပ်ရေးက စောစောရလာပြန်တယ် ။

      အဲဒီဒေသမှာ ဦးဘိုဘိုကျော်ငြိမ်းပြောသလို ဥာဏ်ချင်းယှဉ်ကြပြီး သာသူက အစိုးရတက်လုပ် ၊ တိုင်းပြည်က ချွတ်ချုံကျ ၊ ပညာနဲ့ အသိအမြင်တွေကို ပိတ်ဆို့ ဖြုတ်ထုတ်ခဲ့လို့ ခုလိုဖြစ်ရတယ်လို့ ဆိုသူကဆို ၊ ဇင်ဘာဘွေမှာလို မျိုးချစ်ကြီးများက တိုင်းပြည်ကို မှဲ့တစ်ပေါက်မစွန်းအောင် ထိန်းသိမ်းထားရင်း မြေကြီးထဲ မြှပ်သိမ်းထားတဲ့ ငွေစေ့တွေလို တိုးပွားမလာပဲ ပျက်စီးလာရတာလို့ နှိုင်းချင်သူကနှိုင်းနဲ့ပေါ့ ။

      ဘယ်လိုပြောပြော မသိလို့ မရှိ ၊ မရှိလို့ မသိလို့ပဲ ညွှန်းရမလားပဲ ၊ ကျနော်မြင်တာတော့ အရေးကြီးဆုံး တစ်ချက်ဖြစ်တဲ့ တာဝန်ယူမှု မရှိတာပဲဗျ ။ အဲဒီတော့ အချို့ပြောတဲ့ စိတ်ဓါတ်အခြေခံကိုက မကောင်းဘူးလို့ ပြောရမလား ၊ တကိုယ်ကောင်းဆန်ကြတယ် ပြောရမလား ။ အဲဒါဆို တွဲစပ်နေတဲ့ ဘာသာရေး ၊ လူမျိုးရေး ၊ ဒေသအရေး တွေကစလို့ ထည့်တွက်စရာတွေကလည်း ဝင်လာရပြန်ဦးမယ် ။

      တစ်နေ့က စာတစ်ပိုဒ်ဖတ်မိတယ် ၊ ဘယ်မှာမှန်းတော့ မေ့သွားပြီ ။
      ပုန်ကန်သူဆိုတာ အစိုးရကို နိုင်အောင်တိုက်ရတာ မဟုတ်ပါဘူး ၊ ကိုယ်မရှူံးရင် နိုင်ပါပြီ တဲ့ ၊ ဥပမာ ဗီယက်နမ်လိုမျိုးမှာ သူပုန်တွေဟာ ဗဟိုအစိုးရထက် သာလွန်အောင် အုပ်ချုပ်ပြနိုင်လို့ စစ်ရေးအရ မနိုင်ပေမယ့် အောင်ပွဲရခဲ့တာလို့ ရှင်းပြထားပါတယ် ။ ကျနော်ကတော့ အတော်သဘောကျတယ် ၊ အခြေခံကျတာတွေလို့ နားလည်တယ် ။

      ခက်တာက မြန်မာပြည်မှာ ပုန်ကန်သူ အများစုက ဒါကိုတောင်မှ မြင်နိုင် သိနိုင်ကြရဲ့လား ၊ သိမြင်လာတဲ့ ကချင်တွေကျ တကယ့်အန္တရယ်လို့မြင်ပြီး အကြီးအကျယ် အတိုက်ခံနေရတယ်လို့ ဆိုသူက ဆိုပြန်တယ် ။ လက်ခံချင်စရာပါ ။

      ရေးရင်းနဲ့ ရောက်ချင်ရာ ရောက်ကုန်ပြီ ၊ အချုပ်ကတော့ ဆရာတင့်ပြောတဲ့ ကာလမှ ဖြစ်ခဲ့တာတွေဟာ ပြန်ပြင်လို့လည်း မရတော့တာမို့ သင်္ခန်းစာ ယူစရာအဖြစ်ပဲ ချန်ထားရစ်ခဲ့ရမှာပါ ။ ဒါပေမယ့် ဒီဖက်ခြမ်း ရောက်လာတဲ့အခါမှာတော့ အဲဒီလို ဆင်ခြေဆင်လက် ပေးလို့ရတဲ့ အနေထား မရှိတော့ဘူးလို့ ယုံကြည်တယ် ။ ဒီတော့ common sense လောက်နဲ့ အလုပ်ဖြစ်တဲ့ဟာတွေကို အလိုက်သင့်မိန်းမောပြီး အမှားတွေ ဆက်လုပ်နေတာမျိုးကတော့ လက်ခံလို့ မရဘူးပေါ့ ဆရာတင့်ရာ ။ တစ်ဖက်မှာလဲ ပြောခဲ့သလိုပဲ ပစ်ပစ်ခါခါ လုပ်ဖို့ထက် ထိန်းညှိသွားဖို့လည်း လိုပါတယ် ။

      Delete
  4. အဲဒါပွိုင့်ပေါ့ဆရာမန်းရယ်

    ဘယ်တုန်းက လုပ်လုပ်။ ဘယ်သူလုပ်လုပ်မဟုတ်တာကို မဟုတ်ဘူးလို့  ပြောရဲတဲ့  အကျင့် လူတိုင်းရှိလာရင် စနစ်ဆိုတာ ပြောင်းလာတာဘဲ

    ခုဟာက နှစ် ၆၀လုံး ဖြစ်နေတာက ကိုယ့်လူ လုပ်ကောင်းတယ် ။ သူများလုပ်မကောင်းဘူးနဲ့ ဘဲ လုံးချာလိုက်နေတာကိုး

    ဥပမာဗျာ ဘကြီးနု လက်ထက်က သတင်းစာတွေ ၀င်ရိုက်တယ် ၊ ဥိးနေ၀င်းကျ သတင်းထောက်ကို နားရင်းအုပ်တယ်

    အဲ ဒါတွေ မကောင်းဘူး အဲ မကောင်းဘူးပြောရဲရတယ် ( သူတို က သေမှကိုး )

    ခုဒီမိုးကရေစီး မာမီကြီး ကိုယ်ရံတော် တပ်မူးလေးက သတင်းထောက် ဆွဲဆောင့်တယ် ( အဲဒါတော့ ကောင်းသဗျ ။ ဒါကြီးက အလိုက်အင် ကစ်ကင်းကိုး )

    ( ကျွန်တော်လဲ ကြောက်တတ်တယ်ဗျ ဆရာမန်းရ )

    ReplyDelete
    Replies
    1. မကြောက်ပါနဲ့ ဆရာတင့်ရ ၊ ကျနော် နောက်မှာရှိပါတယ် ၊ ရှေ့ကနေ လုပ်စရာရှိတာလုပ် ၊ လှည့်မကြည့်နဲ့ :-)

      ဘားအံနားရွာက အဖြစ်တစ်ခုကို သွားသတိရတယ် ၊
      ကျနော်တို့ မြို့က ဧည့်သည်တွေရှေ့မှာ အတွင်းရေးမှူးလုပ်သူက ဓါးရှည်ကြီးဆွဲပြီး သူ့အိမ်ပေါ်ထိုင်နေတဲ့ ကရကအဖွဲ့ဝင် တစ်ယောက်ကို စိန်ခေါ်နေလိုက်ပုံများ တကယ့် သူရဲကောင်းကြီးလိုပါပဲ ။ တစ်ခုပဲခက်တာက သူစိန်ခေါ်ခံရတဲ့လူက လက်ထဲ ရေနွေးကြမ်းခွက်ပဲရှိတယ် ၊ ပြီးတော့ အရပ်အမောင်းကလည်း သူ့ပုခုံးလောက်ပဲ ရှိတယ်ဗျ :-)

      မြန်မာပြည်မှာ ဘယ်သူလုပ်လုပ် မဟုတ်တာကို မဟုတ်ဘူးလို့ ပြောနိုင်ဖို့ကတော့ အင်း ... ခက်ပြီဆရာရေ ... အတော်ကြီးကို ခက်တာပါပဲ ။

      နောက်ခံရှိသူများက နှစ်ပေါင်း နှစ်ထောင် ၊ တစ်ထောင် ၊ အချို့လည်း လွန်ခဲ့တဲ့ နှစ် ၃-၄ ရာလောက်က စိတ်ဓါတ်နဲ့ ခံယူချက်တွကို ပျိုးထောင်သင့်ပျိုးထောင် ၊ ပြောင်းလဲသင့် ပြောင်းလဲခဲ့ကြပြီး ကိုယ်ယုံကြည်တာနဲ့ အကာကွယ် ပေးသင့်သူတွေအတွက် အသက်ပေးခဲ့ ကြသူတွေလည်း ထုနဲ့ဒေးကိုးဗျ ။ ကိုယ်တွေမတော့ အဲဒီသမိုင်းတွေကိုတောင် မသိကြတော့ ခက်ပြီပေါ့ ။ မသိအောင် တားပါတားဆီးချင်နေတော့ ဤခရီး နီးသလားလို့မေးရင် ဘယ်က စဖြေရမှန်းတောင် မသိတော့ပါဘူး ။

      ကိုယ်ရံတော် တမူးလေးနဲ့ စတုတ္ထဒေါက်တိုင် ကိစ္စမှာတော့ ဆွဲခန့်ကိုယ်ရံတော် လုပ်နေသူနဲ့ ပွဲတိုင်းအုံ သတင်းသမား(ယင်ကောင်)တို့ နှစ်ဖက်လုံး ကိုယ်ပိုင်စည်းမျဉ်းတွေဆွဲပြီး ညိကြတယ်လို့ ထင်တာပါပဲ ။

      ဘာပဲဖြစ်ဖြစ် ကျနော်တို့တွေ ခုလို အနည်းနဲ့အများ ပြောနေကြတာကိုကပဲ အဆင့်တစ်ဆင့် ဖြစ်လာပြီလို့ သဘောထား ရတော့မှာပေါ့ ။ တစ်ခါခါလည်း ပြောချင်တာလေးတွေ ရှိတော့ရှိပါတယ် ။ အဲဒီထဲမှာ ပြောသင့်တာတွေကို ရေငုံနေတဲ့ ဒိုင်နိုစု ကလည်း ထိပ်ဆုံးကပေါ့ဗျာ :-)

      Delete
  5. RFA သတင်းမှာ "ဒေါ်အောင်ဆန်းစုကြည် ဒုက္ခသည်စခန်း သွားရောက်ကြည့်ရှု့မယ်လို့ Bangkok Post ဖော်ပြ" ဆိုပြီး ပါလာတယ်။ ဒါနဲ့ မှတ်ချက်ရေးဖြစ်လို့ ဒီမှာ လာကူးထည့်ထားတာ။ ဟိုမှာက ပါချင်မှ ပါမှာလေ။
    ==================

    သတင်းကတော့ ဝမ်းသာစရာပဲ။ သွားမသွားပဲ လိုတော့တယ်။

    # စစ်ခေါင်းဆောင်တွေ မျက်နှာညိုမှာစိုးရင် မသွားပဲ နေနိုင်တယ်။
    # ၁၉၉၀ ကျော်တွေမှာ တပ်မတော်သားတွေကို ရှေ့တန်းအထိ သွားပြီး အားပေးပါမယ် ဆိုခဲ့သူ တစ်ယောက်အနေနဲ့၊ သောင်းကျန်းသူတွေရဲ့ အမျိုးအဆွေတွေပါ လို့ဆိုတဲ့ ဒုက္ခသည် (ခိုလှုံသူ)တွေကို အရေးလုပ်စရာလို့ မထင်ရင် မသွားပဲ နေနိုင်တယ် ။
    # ကေအန်ယူဟာ တရားမဝင် အဖွဲ့စည်းလို့ သဘောထားရင်လည်း မသွားပဲ နေနိုင်တယ် ။
    # စီးပွားမဖြစ်တဲ့၊ မိတ်ဆွေကောင်း အာဆီယံနိုင်ငံများလောက် အရေးမပါတဲ့၊ ညစ်ပတ်စုတ်ပြတ်တဲ့၊ ဝေးလံတဲ့ ချောင်ကလောင်မှာ ထိုးထားတဲ့၊ မြန်မာပြည်သူတွေ သိလည်းမသိ သိလည်း မသိချင်ကြတဲ့ ဒုက္ခသည်စခန်းကို မသွားဘူးလို့လည်း ဆုံးဖြတ်ချင် ဆုံးဖြတ်လို့ရတယ်။
    # လူမျိုးဘာသာ မတူသူတွေများပြီး အန်အယ်ဒီလို မတရားဖေါင်းပွနေတဲ့ ပါတီကြီးတစ်ခုအတွက် ပမွားကိစ္စလေးမို့ လစ်လျူထားလို့ ရသေးတာပဲဆိုပြီး မသွားပဲလည်း နေနိုင်တယ်။

    * လတ်တလော ကချင်လို ထောင်းလမောင်းကြေအောင် ဆော်နေကြတာ မဟုတ်ပဲ၊ ဗိုလ်ချုပ်ကြီး ဗိုလ်ချုပ်လေးတွေနဲ့ ကြည်သာနေတဲ့ အဖွဲ့နဲ့ ပတ်သက်တာမို့ မျက်နှာညိုစရာ လူလည်းမရှိ၊ ကချင်မှာ ပါးစပ်ပိတ်နေရလို့ နိုင်ငံရေးအမြတ် ရနိုင်မယ့် ကရင်ဖက်ကို မျက်နှာပြုအုံးမှဆိုပြီး သွားဖို့လည်း တွေးနိုင်တယ်။
    * ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် လိုက်ပို့မယ်ဆိုလို့ ငြင်းရခက်တဲ့ အပိုင်းလည်း ရှိချင်ရှိမယ်။
    * ဒေါ်ခင်ကြည်နဲ့ အမျိုးတော် (သို့) ဂျပန်စစ်ပြေးရတုံးက ခိုလှုံဖို့ ကူညီခဲ့ဖူးတဲ့ လူမျိုးစုအတွက် အလာပ သလ္လာပလောက်တော့ သွားပြောသင့်တယ်လို့ ယူဆကောင်းလည်း ယူဆနိုင်တယ်။
    * ကမ္ဘာမှာ ဒီလောက်တောင် ပြောနေကြတာ၊ ဒုက္ခသည်ဆိုတာ ဘာများလဲ သွားကြည့်အုံးမှဆိုပြီး စိတ်ကူးပေါက်လို့ သွားကြည့်ဖို့လည်း အတွေးဝင်နိုင်တယ်။

    ပညာရှိတွေ တွေးကြည့်ရင် ပြေးကြည့်တာထက် မှန်တယ်လို့ ပြောကြတယ်။ ကျုပ်ကတော့ ပညာရှိ မဟုတ်တော့ ခန့်မှန်းတာတွေပဲ လုပ်တယ်တယ်ဗျ။ စိတ်ဆိုးချင်လည်း ဆိုးကြ။ ခုထိ တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး ဘာမှ အကောင်ထည်ဖေါ် မပြနိုင်သေးသူ တစ်ယောက်ကို ဒီလောက်ပဲ သာသာထိုးထိုး တွေးပေးတတ်တော့တယ်။

    ReplyDelete
    Replies
    1. မင်းကို စာပြန်ရေးဖို့စဉ်းစားရင်း လမ်းချော်သွားလို့ ပို့အသစ် (http://mahnkoko.blogspot.com.au/2012/05/blog-post_22.html)မှာပဲ သွားဖတ်တော့ကွာ ။

      ပထမတစ်ချက် ငါတို့ စကားဝိုင်းကဟာတွေ အကုန်တော့ လျှောက်မရေးပါနဲ့ကွာ ၊ ငါလည်း ခေါင်းကျိန်းတယ် ။

      ဒုတိယတစ်ချက် ဒေါ်စုကို အဝတ်ဖွပ်သလို သိပ်မလုပ်နဲ့ပေါ့ကွာ ၊ သူ့အနေထားက အားလုံးကို ဂရုစိုက်ပြီး ဆင်လိုလှမ်းနေရတာ ။ အကောင်းဖက်လည်း ပိုပိုသာသာ ပြောအုံးမှပေါ့ ။

      နောက်ဆုံးတစ်ချက်က RFA တို့ ၊ သစ်ထူးလွင်တို့ ဆိုတာကလည်း သူ့စိတ်နဲ့သူ သူ့ပရိသတ်နဲ့သူ ရှိကြတယ် ။ မင်းရေးတိုင်း သူတို့ လက်ခံဖေါ်ပြမယ်လို့တော့ မမျှော်လင့်နဲ့ပေါ့ကွာ ။ ငါတို့လို လူတွေကပဲ ဝိုင်းပွားပေးကြလို့ ရကောင်းရမယ် ။ သူတို့လုပ်ရပ်တွေက တွေးစရာတွေ ရှိပေမယ့် အကောင်းဖက်ပဲ တွေးပေါ့ကွာ ၊ မတွေးနိုင်ရင်တော့ သူတို့လိုပဲ အောင်မြင်အောင်လုပ်ပြီး ကိုယ်ပြောချင်တာ ကိုယ်ပြောပေါ့ ။

      Delete
    2. ဩော်..........."တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး ဘာမှ အကောင်ထည်ဖေါ် မပြနိုင်သေးသူ တစ်ယောက်ကို ဒီလောက်ပဲ သာသာထိုးထိုး တွေးပေးတတ်တော့တယ်" တကယ်တော့တိုင်းရင်းသားအဖွဲ.အစည်းတွေကကော အချင်းချင်း ညီလို့လား KNU က နေပြည်တော် ထိ သွားညှိတယ် SSA က လည်း ရသလောက် ညှိတာပဲ ဝ တွေ က ပိုတောင်ကောင်းသေး မြို့တောင်တည်နေတယ် ဘယ်သူတွေ ကများ ကချင်တွေ အတွက် အစိုးရကို ထိထိရောက်ရောက် PRESSURE ပေးနေပါသလဲ? လူကြားကောင်းအောင်သာ ပြည်တွင်းစစ်ရပ်ဖို့ပြောနေကြတာ တကယ်တော့ ကိုယ်ကောင်းဖို့အတွက်ပဲ လုပ်နေကြတာချည်းပဲ မဟုတ်ဘူးလားဗျာ?

      ပြီးတော့က "လူမျိုးဘာသာ မတူသူတွေများပြီး အန်အယ်ဒီလို မတရားဖေါင်းပွနေတဲ့ ပါတီကြီးတစ်ခုအတွက်" ဆိုတာ ဘာကိုဆိုလိုချင်တာလဲ

      Delete
    3. ပါးစပ်နဲ့ပြောတာ တော်သေးတာပေါ့ နို့မို့ရင် ပြည်မက အနာခံပြီးတော့ကို လာလာတိုက်နေတာလေ ကချင်အတွက်ဝိုင်းတိုက်ချင်ပေမဲ့ ကိုယ်အရမ်းနစ်နာသွားနိုင်တာ တွက်ရအုံးမယ်လေ
      ဒေါ်စုက လူထုခေါင်းဆောင်ဆိုပြီး ဘာမှမပြောတာတော့ တာဝန်မဲ့လွန်းတယ်

      မဲလစခန်းမှာက ခရစ်ယာန်က အများစုမဟုတ်တောင် ရာခိုင်နှုန်းက များတယ် ပြီးတော့ မွတ်ဆလင်တွေလည်းရှိတယ် နတ်ကိုးကွယ်သူတွေလည်း နေတယ်။ ဒေါ်ခင်ကြည်က ခရစ်ယာန်ပေမဲ့ ဒေါ်စုက ဗုဒ္ဒဘာသာထဲ ခြေစုံပစ်ဝင်ထားတာလေ သူသနားမှ စခန်းကလူတွေက စားကောင်းစားရမှာ

      အန်အယ်ဒီက မတရား မဖေါင်းပွရင်တောင် စစ်ခေါင်းဆောင်တွေကိုမုန်းလို့ မျှော်လင့်ချက်တွေကြီးလို့ အချို့လည်း ခြံစည်းရိုးပေါ်ထိုင်ရာက အခြေနေကောင်းတယ်ထင်လို့ ခုန်ကူးလာကြသူတွေက အများကြိးပဲ ဒီတော့ ဖေါင်းပွတယ်ပြောတာ မမှားဘူး

      === ပြောသွားတာ အကုန်မဟုတ်ရင်လဲ အများကြီးသဘောတူတယ်
      မပြောရင် ဒေါ်စုတို့လည်း လေဟုန်စီးနေမှာပေါ့ ပြောမှလိုတာမှားတာ ပြင်လို့ရမယ်လေ

      Delete
    4. လုပ်ပြန်ပီ........ "မဲလစခန်းမှာက ခရစ်ယာန်က အများစုမဟုတ်တောင် ရာခိုင်နှုန်းက များတယ် ပြီးတော့ မွတ်ဆလင်တွေလည်းရှိတယ် နတ်ကိုးကွယ်သူတွေလည်း နေတယ်။ ဒေါ်ခင်ကြည်က ခရစ်ယာန်ပေမဲ့ ဒေါ်စုက ဗုဒ္ဒဘာသာထဲ ခြေစုံပစ်ဝင်ထားတာလေ သူသနားမှ စခန်းကလူတွေက စားကောင်းစားရမှာ"... ဒေါ်စုကသနားမှ စခန်းကလူတွေက စားကောင်းစားရမှာလား? ဒေါ်ခင်ကြည်က ခရစ်ယာန်ပေမဲ့ ဒေါ်စုက ဗုဒ္ဒဘာသာထဲ ခြေစုံပစ်ဝင်ထား တော့ကော တိုင်းရင်းသားတွေက ဒေါ်စုပေါ် ဘယ်လို သဘောထား ရမှာလဲ ဘာသာမတူလို့ မယုံကြည်ရတော့ဘူးလား? ဒေါ်စုတာဝန်မဲ့လွန်းတယ်လို့ သဘောထားလျှင်လဲ ဒေါ်စု ကို လူထုခေါင်းဆောင်လို့ သဘောမထားပဲနဲ့ နိုင်ငံရေးသမားတဦးလို့ပဲသဘောထား ပြီး ကချင်အတွက်ဝိုင်းတိုက်ချင်ပေမဲ့ ကိုယ်အရမ်းနစ်နာသွားနိုင် သလို ဒေါ်စုလဲ အရမ်းနစ်နာသွားနိုင်တဲ့ အကြောင်းတွေကော မရှိနိုင်ဘူးလား?

      Delete