ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ
Tuesday, May 1, 2012
ဒီတစ်လ မှတ်တမ်း ~ ၀၄ ၊ ၂၀၁၂
 နောက်ပိတ် စုံစီနဖာ
     မှတ်တမ်းရေးတာက တစ်ထောင့်တစ်ညပုံပြင် ဖြစ်မသွားခင် အမြင်တိုလေးတွေနဲ့ အဆုံး
သတ်လိုက်ပါ့မယ် ။
(၁)  ဦးသိန်းစိန်ကို သဘောကျကြတယ် ။ အများလည်း အကျိုးရှိ ၊ သူလည်း သိက္ခာနဲ့ နေရာ
       တစ်ခုရလာတဲ့ ကိစ္စ ပနံတင့်တယ်လို့ အပေါ်ယံပြောနိုင်တယ် ။ တစ်ဖက်မှာကြည့်တော့
ဒါဟာ populist policy လို့ခေါ်တဲ့ ပေါ်ပင် (သို့မဟုတ်) ခိုင်မာတဲ့ အခြေခံအဆောက်ဦတွေ
အရင်တည်ဆောက်ရမှာကိုဘေးဖယ်ပြီး လူများစုအကြိုက်လုပ်တဲ့ လုပ်ရပ် လုပ်ငန်းစဉ်လို့ ခေါ်
လို့ရနိုင်တယ် ။
     အထူးသဖြင့် လစာတိုးတဲ့ကိစ္စကို ကြည့်လို့ရတယ် ။ တိုးရမှာတော့ အမှန်ပဲ ၊ ဒါပေမယ့်
တက်လာမယ့်ကုန် ဈေးနှုန်း (သို့) ငွေကြေးဖေါင်းပွမှုအတွက် ဘာအစီအစဉ် ရှိသလဲ ။ ရေ
ရှည်အတွက်ကော ဘာစီမံချက်တွေ ရှိသလဲဆိုတာ ဘာမှမကြားရဘူး ။ မကောင်းမြင်တာ
မဟုတ်ဘူး ၊ ကန့်ကွက်တာ မဟုတ်ဘူး ၊ အားနည်းချက်နဲ့ ကိုယ့်ကို လူကြိုက်များရင်ပြီးရော
လုပ်ချသွားတာကိုပြောတာ ။
     ကျနော့်အထင်ကတော့ များမကြာခင် နှစ်တွေအတွင်း အနည်းဆုံး -၂- ကြိမ်လောက်
စာထပ်တိုးပေးရပါဦးမယ် ။ ဦးသိန်းစိန်လက်ထက်တင် တစ်ကြိမ်လောက်တော့ ဖြစ်နိုင်
ပါတယ် ။
(၂)  အန်အယ်လ်ဒီ ကျမ်းကျိန်စာသားကိစ္စ အဖုထစ်ကို ကျော်လာခဲ့ပါပြီ ။ အခြေနေအရ
       အန်အယ်လ်ဒီက လျှော့ပေးလိုက်ရတယ် ။ အမျိုးမျိုးမြင်ကြ ပြောကြနဲ့ ချွန်သူ အ
ကြောက်အကန် ကန့်ကွက်သူတွေ အစုံအလင်ပါပဲ ။ အတိုဆုံးမှတ်ချက်ပေးလိုတာက
ခြားရွေးစရာ လမ်းမရှိပါ ၊ အန်အယ်လ်ဒီ မှားတယ်မှန်တယ် ဆိုတာထက် သူတို့ကိုထောက်
ခံပံ့ပိုးပေးစရာ လမ်းတစ်ခုပဲ ရှိပါတယ် ။
     ဒီလိုပြောရတာ အကြောင်းရှိပါတယ် ။ ဒါဟာ အန်အယ်လ်ဒီရဲ့ နိုင်ငံရေးလှုပ်ရှားမှုတစ်
ခုလို မြင်မိလို့ပါ ။ နိုင်ငံရေးကို Andrew Heywood ဆိုသူ နိုင်ငံရေးသိပ္ပံဆရာက ဒီလို အ
ိပ္ပါယ်ဖွင့်ပါတယ် ။
“The activity through which people make, preserve and amend the general
rules under which they live.” ပါတဲ့ ။
     ဗမာလို အဓိပ္ပါယ် ကြိုးစားပြန်ထားတာကိုတော့ မကြာခင် တင်ပေးပါ့မယ် ။ ခုနေတော့
သျှမ်းသံတော်ဆင့်ကို ပို့ထားတဲ့ စာစုတစ်ခုထဲ ပါနေသေးလို့ ကိုယ့်စာကို သူတိုသုံးပြီးမှ
ထည့်ပါတော့မယ် ။ လိုရင်းကတော့ နိုင်ငံရေးဟာ လူဝန်းကျင်မှာ ညှိနှိုင်းလုပ်ကိုင်ရတဲ့
ဖြစ်စဉ်ပါ ။ ဒီတော့ အန်အယ်လ်ဒီ အခုလုပ်တာကို ကန့်ကွက်ရင် နိုင်ငံရေးမလုပ်နဲ့လို့
ပြောတာနဲ့သွားညီမျှနေပါတယ် ။
     အန်အယ်လ်ဒီမှာ အားနည်းချက်တွေ ရှိပါတယ် ။ လတ်တလောမြင်မိတဲ့ အားနည်းချက်
ကြီးကတော့ ရွေးကောက်ပွဲမှာကော ခုထိကော တိုင်းရင်းသားတွေအပါအဝင် ဘယ်ပါတီ ၊
အဖွဲ့နဲ့မှ ပူးပေါင်းညှိနှိုင်း လုပ်ကိုင်တာတွေ မရှိသေးတာပါ ။ ပါတီအနေနဲ့ ခွေးကျကျစရာ မ
ရှိပေမယ့် ရေရှည်မှာ ပွန်းပဲ့လာမှာပါ ။ ခုထိတော့ အကန့်အသတ် အခြေအနေတွေအရ ဘာ
မှပတ်သက်မှုတွေ မလုပ်သေးဘူးလို့ သံသယရဲ့ အကျိုးကို ခံစားခွင့်ပေးထားပါတယ် ။ ထ
ဝရတော့ မဟုတ်ပါဘူး ။
(၃)  သင်္ကြန်မှာ မလုံတော့ ၊ ဖြစ်ချင်ရာဖြစ်တော့ ဘာဖြစ်သလဲ ။ ပွက်ပွက်ညံပါတယ် ။
      မန်းကိုကိုက သိပ်ကြိုက်သလားဆိုရင် ၊ သင်္ကြန်ဆို စိတ်လေတဲ့သူအနေနဲ့ ခံစားမှုသိပ်
မရှိပါ ။ ဒါပေမယ့် လုပ်သင့်တာတွေကိုတော့ စဉ်းစားမိပါတယ် ။ ဥပဒေ စည်းမျဉ်းတွေထိန်း
ကွပ်သလို ယဉ်ကျေးမှုအရလည်း သင်ကြား လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ပေးဖို့
တွေပါပဲ ။
     ဒီအတိုင်း မျက်စိမှိတ်မပြောပါဘူး ၊ ဥပမာလေး နည်းနည်းတော့ ပေးပါမယ် ။ ပထမ ဥပ
ဒေကို သားရေကွင်းလိုမဟုတ်ပဲ သင့်တင့်မျှတပြီး လိုက်နာသူနဲ့ အကောင်ထည်ဖေါ်သူတွေ
လိုပါတယ် ။ သြစတြေးလျနမူနာ အချို့ကတော့ - အရက်ကို လူမြင်ကွင်းမှာ သောက်လို့မရ
ပါဘူး ၊ အထူးသဖြင့် ကလေးသူငယ်တွေ အတုယူ မှားမှာစိုးလို့ပါ ။ လူအများရှေ့မှာ လှန်ချင်
သလိုလှန် ၊ ဝရုန်းသုန်းကားလုပ်လို့ မရပါဘူး ။ အားလုံးအတွက် စည်းမျဉ်းဥပဒေတွေ ချမှတ်
ထားပါတယ် ။ ဒါပေမယ့် အကောင်ထည်ဖေါ်တဲ့ "ရဲ"တွေက သူတို့လိုက်နာရမယ့် စည်းမျဉ်း
တွေနဲ့အညီ ထိန်းထိန်းသိမ်းသိမ်း ရင်ဆိုင်ရသလို ၊ အရေးယူမှုတွေကလည်း အားအားရှိ အ
ချုပ်ချ ထောင်ချမဟုတ်ပဲ အဆင့်ဆင့်ရှိပါတယ် ။ အားလုံးကူးချလို့ မရပေမယ့် ဒီမိုကရေစီနဲ
ဥပဒေရေးရာ ရင့်ကျက်ပြီးတဲ့ နိုင်ငံတွေကနေ အတုယူစရာတွေ အများကြီးရှိပါတယ် ။
(၄)  နိုင်ငံခြားကို အိမ်အကူတွေမလွှတ်ဖို့ လုံးဝဥဿုံ ပိတ်ပင်သင့်သလား ။
       ပထမဆုံး မေးခွန်းကတော့ ငတ်ပြတ်နေသူ (သို့) စီးပွားရေးအရ ခက်ခဲနေသူ (သို့) အ
လုပ်လုပ်နိုင်သူ အခွင့်အလမ်း လိုအပ်နေသူအမျိုးသမီးတွေကို ဘယ်သူတွေက ကျွေးမှာလဲ ။
ငေါ့တာ မဟုတ်ပါဘူး ၊ အဖြေရှာဖို့ ပြောတာပါ ။
     အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်လိုနိုင်ငံတွေမှာ အလုပ်ကိုင်ရှာဖွေရေးလုပ်ငန်းတွေကို စည်းမျဉ်း
တွေနဲ့ စနစ်တကျ ခွင့်ပြုလုပ်ကိုင်စေနေပါတယ် ။ အတုယူချင် ယူလို့ရပါတယ် ။ သူတို့ကမှ
သန်းနဲ့ချီပြီးပို့နေတာပါ ။ ပိတ်ပင်ဖို့ထက် ဘယ်လိုထောက်ပင့် ကာကွယ်ပေးရမလဲလို့ တွေး
ပြီးအဖြေရှာတာက လက်တွေ့ပိုကျပါတယ် ။ (တစ်ချိန်ကျရင်တော့ ဒီလိုလုပ်စရာ အိမ်အကူ
လုပ်စရာ မလိုကြတော့တဲ့ အနေထားကို ရောက်လာမှာပါ) ။ ပိတ်ပင်လိုက်လို့ သွားမလုပ
ကြဘူးလား ၊ အကာအကွယ်မဲ့နေတဲ့ ထိုင်းနိုင်ငံက အိမ်အကူတွေကို မျက်နှာချင်းဆိုင်ပြီး
မေးကြည့်သင့်ပါတယ် ။
(၅)  မလေးရှားမှာ ဆန္ဒပြနေကြပါတယ် ။ စိတ်ဝင်စားသူ မြန်မာပြည်သားတွေလည်း ရှိပါ
       တယ် ။ ကောင်းပါတယ် ၊ ဒါပေမယ့် သတိတော့ရှိပါလို့ ပြောချင်ပါတယ် ။
     သူတို့လည်း ငါတို့လိုပဲ တိုက်ပွဲဝင်နေတာ ၊ ဝင်ကူလိုက်ဦးမှပဲလို့တော့ သိပ်စိတ်မကူးလိုက်
ပါနဲ့ ။ ထိုင်းနိုင်ငံမှာလည်း အတူတူပါပဲ ။ ရှပ်နီဆန္ဒပြသူတွေကြား မြန်မာပြည်သားတွေ ဆား
သွားညှပ်တာတွေ ရှိခဲ့ပါတယ် ။
     မြန်မာပြည်ကွန်မြူနစ်ပါတီက တရုတ်ပြည်မကြီးရဲ့ သဘောထားတင်းမာသူတွေကို ထောက်
ခံမိလို့ ရေရှည်မှာ ဒုက္ခရောက်ခဲ့ရတဲ့ သာဓက ရှိခဲ့ပါတယ် ။ အာရှမှာ အနောက်နိုင်ငံတွေလို
သူတို့အစိုးရနဲ့ ပြည်သူတွေက ကိုယ်တွေကို သဘောထားကြီးကြလိမ့်မယ်လို့ သိပ်မမျှော်လင့်
ပါနဲ့ ၊ နှပ်ချေးထွက်နိုင်လို့ စေတနာနဲ့ သတိပေးတာပါ ။
(၆)  ကချင်မှာ ဗုံးတွေ အတော်ပေါက်လာပါတယ် ။ အရင်က ဒီလောက်မပေါက်ခဲ့သလို ကေ
       အိုင်အိုကလည်း လိုအပ်လို့သူလုပ်ရင် လုပ်တယ်လို့ပြောပါတယ် ။ ဒီတော့ ပုံမှန် သံသ
ယရှိရတဲ့သူကတော့ ထုံးစံအတိုင်းပါပဲ ။ မျက်စိမှိတ်ငြင်းမယ့်သူတွေလည်း ထုနဲ့ဒေးပေါ့ ။ ဟုတ်
တယ်လေ ပြည်မစစ်တပ်က ဒါမျိုး ဘယ်လုပ်လိမ့်မလဲ ၊ ထောက်လှမ်းရေးက တာဝန်ယူလုပ်
တဲ့ကိစ္စကြီးကို ။ စစ်တပ်က ဘာတွေလုပ်သလဲဆိုတာတော့ သိလျက်နဲ့ မယုံချင်သူတွေလည်း
ရှိတော့ ဓါတ်ပြားဟောင်းတွေ ဖွင့်မပြတော့ပါဘူး ။
     နားထောင်ချင်တယ်ဆိုရင် ပေးစရာ အကြံလေးတစ်ခုတော့ ရှိနေပါသေတယ် ။
     အခု ကချင်မှာ တိုက်ခိုက်နေကြတာတွေ ရပ်သွားစေချင်သလား ။
     ဟုတ်ကဲ့ လွယ်ပါတယ် ၊ သူတို့ကို သွားမတိုက်နဲ့ပေါ့ ။
     သိပ်လွယ်နေသလား ။
     ဟုတ်ပါတယ် ၊ မျက်စိမှိတ် နားပိတ်မထားရင် အဲသည်လောက်ကို လွယ်နေတာပါ ။
မန်းကိုကို
၀၁ ၊ ၀၅ ၊ ၂၀၁၂
♦♦ သားမောင်စစ်သည် ရင်လေးသည်
     မြန်မာပြည်အနေထားဟာ အကောင်းဖက်ဆီ ဦးတည်နေတယ်လို့ ယူဆရပါတယ် ။ ဒီတော့
သာဓုခေါ်ချင်သူများလည်း ရှိလိမ့်မယ် ။ တကယ်ခေါ်ချင်သူများကို နှောင့်ယှက်တယ်လို့တော့
သဘောမထားပါနဲ့ ၊ သာဓုကို တစ်လုံးလောက်ပဲခေါ်ဖို့ တိုက်တွန်းချင်ပါတယ် ။
     ဒါပေမယ့် ဒီမိုကရေစီစနစ်ဟာ ပြည်မနေ လူတွေအတွက်သာပဲလို့ ယူဆရင်တော့ .. ဟုတ်ကဲ့ ..
နောက်တစ်လုံးခေါ်ချင်သေးရင် ခေါ်လိုက်လို့ရပါတယ် ။ ဒါနဲ့မှမကျေနပ်သေးပဲ စစ်မှန်တဲ့ တရား
ဥပဒေစိုးမိုးရေး ၊ အားလုံးအကျိုးဖြစ်မယ့် ဥပဒေ ဖွံ့ဖြိုးရေးနဲ့ လူမှုရေး ရုပ်ဝတ္တုအခြေခံတွေ တည
ဆောက်ဖို့မလိုလှပဲ စည်းကမ်းရှိသော ဒီမိုကရေစီဆိုတာလောက်နဲ့ ကျေနပ်နှစ်သိမ့်နိုင်ရင်တော့
လည်း .. ဟုတ်ကဲ့ .. မတားတော့ပါဘူး ၊ သာဓု အခါတစ်ရာပဲခေါ်ခေါ် သဘောပါဗျာ .. သဘော ၊
သဘော …. ။
     ဘယ်လိုပဲဖြစ်ဖြစ်ဗျာ (အရင်ကလည်း ပြောခဲ့ပါပြီ) ဒီမိုမှ ဒီမို ၊ တပ်မတော်မှ တပ်မတော်ဆိုပြီး
ဖြစ်နေသူတွေ အနေနဲ့ အစွန်းတစ်ဖက်စီမှာ နေလို့မရတော့တာ သေချာတယ် ။ မျက်နှာချင်းဆိုင်
ရတော့မယ် ၊ ခေါင်းဆောင်တွေရဲ့ဆုံးဖြတ်ချက်အတိုင်း တစ်ဖက်နဲ့တစ်ဖက် လက်တွဲကြရတော့
မယ် ။ တဆက်ထဲလည်း တဖက်သားရဲ့ အနေထားကိုလည်း သိဖို့လိုလာတယ် ။ နားလည်ပေးလို့
ရတာတွေလည်း နားလည်ပေးရတော့မယ် ။
     သူများကိုပြောမယ့်အစား ကိုယ်ကပဲ ရှေ့ကနေလုပ်ပြတာ ကောင်းမယ်ထင်ပါတယ် ။
     ဒါနဲ့ ကြုံကြုံမကြုံကြုံ တတ်စွမ်းသမျှ မျှတအောင် ရေးတတ်ပြုတတ်သူတွေရဲ့စာကို ရှာရပါ
တယ် ။ ဒီလိုနဲ့ တစ်ခါတစ်ရံသွားတတ်တဲ့ “မီးပြတိုက်”ဘလော့မှာ ပို့စ်တစ်ခုဝင်ဖတ်ဖြစ်တယ် ။
(လင့်) ။ ပိုင်ရှင်အနေနဲ့က စစ်တပ်ရဲ့ အကန့်သတ်ဘောင်ကနေလည်း မလွတ်ထွက်အောင် ၊ အ
ရပ်သား အပြင်လူတွေကိုလည်း ခြေစုံမကန်မိအောင် ၊ ကိုယ်ပိုင်အခြေနေ ပေါ်လစီတွေနဲ့လည်း
ကိုက်ညီအောင် ကြိုးစားရေးထားတာ တွေ့ရပါတယ် ။ ယေဘုယျခြုံပြောရရင် ကောင်းပါတယ် ။
သို့သော် .. သို့သော် .. ချော်တောငေါ့သွားတဲ့ အဓိကတစ်ချက်နဲ့ အခြားအချက်တချို့ကို တွေ့
လိုက်ရလို့ နဖူးရိုက်ရမလိုဖြစ်သွားတဲ့ အခိုက်အတန့် ကလေးတွေလည်းရှိသမို့ အသေးစိတ
မဟုတ်ပေမယ့် နည်းနည်းပြောချင်လာတယ် ။
     ပို့စ် ဒုတိယအပိုဒ်မှာပါလာတာက “တပ်မတော်သည် ပြည်ပကျူးကျော်သူများ ၊ ပြည်တွင်း
သောင်းကျန်းသူများ ၊ နိုင်ငံရေးဆန္ဒပြသူများနှင့် မူးယစ်ဆေးဝါးအင်အားစုများအား ပြင်းပြင်
ထန်ထန် ချေမှုန်းနိုင်ခဲ့သည်”  ပါတဲ့ ။ တစ်စချင်းရှင်းရင်တော့ ဆုံးနိုင်မယ်မထင်ပါ ၊ နောင်မှပဲ
အဆင်သင့်ရင် ထောက်ပြပါ့မယ် ။ ဒါပေမယ့် “နိုင်ငံရေးဆန္ဒပြသူများ ….. အား ပြင်းပြင်းထန်
ထန် ချေမှုန်းနိုင်ခဲ့သည်” ဆိုတဲ့ စာသားလေးကတော့ အတော်ဆိုးပါတယ် ၊ ရေးပြရှင်းပြ ဆွေး
နွေးရရင် စာတစ်ပုဒ် ဖြစ်သွားနိုင်ပါတယ် ။ အတိုဆုံးချုပ်ရရင်တော့ လက်နက်မဲ့သူ ၊ ကိုယ်
ပိုင်နဲ့အများအခွင့်အရေးအတွက် ပြောဆိုလှုပ်ရှားခဲ့သူတွေကို လက်နက်အားကိုးနဲ့ “ကျုပ်တို့
ဘယ်လိုလုပ်နိုင်ခဲ့တာပေါ့” ဆိုတာမျိုးကို စစ်ဗိုလ်တစ်ယောက်အနေနဲ့ စိတ်ထဲမှာသာမက အ
ပြင်မှာပါ ထုတ်ဖေါ်ဂုဏ်ယူနေတာဟာ (ကိုယ့်ကိုယ်ကို မသိပဲ) ပြည်သူတွေနဲ့ အလှမ်းဝေးလွန်း
လှတဲ့ ပြယုဂ်တစ်ခုလို့ မြင်ပါတယ် ။
     နောက်ထပ်ဆင့်ပြီး မြန်မာပြည်ရဲ့ တိုးတက်လာတဲ့အနေထားဟာ စစ်တပ်ရဲ့ကျေးဇူးကြောင့်
လို့ ရေးထားတာကလည်း ကိုယ့်ကုတ်ခွစီးထားသူကို ကျေးဇူးတင်ခိုင်းတဲ့ တစ်ဖက်သတ်အမြင်
မျိုး ဖြစ်နေတာကြောင့် ၊ အတိုဆုံး စာရင်းချုပ်ရရင် ကိုယ့်ကိုယ်ကို မျှတတယ်လို့ထင်နေတဲ့ စစ
ဗိုလ်တစ်ယောက်တောင် ဒီအနေထားမှာရှိနေလေတော့ ကျန်တဲ့ ရူးရူးမိုက်မိုက်လူများနဲ့ပတ်
သက်လို့ အင်မတန်ရင်လေးရသပေါ့ဗျာ ။
♣♣ နယ်ရုပ်ကလေးတွေ
     တလောက ကေအိုင်အေဆီက လက်နက်ချသွားတဲ့တစ်ဖွဲ့အကြောင်း ဖတ်လိုက်ရတယ် ။
မကြာခင်ပဲ (မှန်ကောင်းမှန်မယ့်) အဲဒီတစ်ဖွဲ့လုံး လမ်းပြလုပ်ရင်း ကျသွားကြတယ်လို့ ဖတ်ရ
ပြန်တော့ သတိရတာတွေ ရှိလာပြန်ရော ။
     တချို့လည်း ဦးသိန်းစိန်အကျဉ်းသားတွေ လွှတ်ပေးလိုက်တုန်းကပါလာတဲ့ ကေအန်ယူ
ဆေးမှူးတစ်ယောက်ရဲ့ အင်တာဗျူးကို မှတ်မိကောင်း မှတ်မိကြမယ် ။ လက်နက်ချလိုက်ကာ
မှ ကေအန်ယူစခန်းတွေ လိုက်ပြခိုင်းပြီး အေးအေးချမ်းချမ်း မနေရတဲ့ဘဝကို သတိထားမိကြ
မယ် ။
     ၂၀၀၈ တုန်းကတော့ ကြာအင်းဆိပ်ကြီးဖက်မှာ ကေအန်ယူစခန်းတွေဆီ လမ်းပြပေးဖို့
ငြင်းတဲ့ ဒီကေဘီအေ ၅ ယောက်ကတော့ ပစ်သတ်ခံလိုက်ရတယ် ။ ဒါက နည်းနည်းလေးပါ ၊
၁၉၉၀ ကျော် ဒီကေဘီအေ ပြည်မတပ်နဲ့ သွားပေါင်းပြီးကတည်းက လမ်းပြခိုင်းတာ ၊ ပွိုင့်
တက်ခိုင်းတာ ၊ စခန်းသိမ်းပွဲတွေကို ရှေ့ကတက်ခိုင်းတာတွေဟာ ရိုးနေပါပြီ ။ ဒီဖြစ်စဉ်မှာ
ရာနဲ့ချီတဲ့ ဒီကေဘီအေတွေ သေကြေဒဏ်ရာရခဲ့ကြတယ် ။ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်ခ
ခဲ့ကြရတယ် ။
     လိုရင်းပြောချင်တာက ပြည်မတပ်နဲ့ အာဏာပိုင်တွေဟာ တိုင်းရင်းသားလက်နက်ကိုင
တွေကို တန်းတူ သဘောမထားသလို ၊ ဘဝသစ်မှာ အေးအေးငြိမ်းငြိမ်းနေထိုင်နိုင်အောင်
အကူညီပေးဖို့ထက် အသုံးချစရာ ပစ္စည်းတွေလောက်သာသာ အသုံးပြုတာပါ ။ လက်နက်
ချတယ်ဆိုတာဟာ ကိုယ့်ပြဿနာနဲ့ကိုယ် ပြေးစရာမြေမရှိတော့လို့ လက်နက်ချ ထွက်ပေါက်
ရှာသူတွေအတွက် မထောင်းတာလှပေမယ့် ၊ အတွေးချော်သူနဲ့ ကိုယ်ကျိုးအတွက် အဖွဲ့နဲ့
အခြားသူတွေရဲ့ အသက် သိက္ခာ ပျက်စီးရာတွေကို ခုတုံးလုပ်သွားသူတွေ ပေါ်လာတဲ့အခါ
မျိုးမှာတော့ စိတ်မသက်မသာ ဖြစ်ရတာအမှန်ပါ ။
     မြန်မာပြည်မှာ ဖြစ်နေခဲ့တဲ့ လက်နက်ကိုင်နဲ့ အခြားပဋိပက္ခတွေမှာ တစ်လမ်းပဲရှိခဲ့ပါတယ် ။
     ပြည်မကို ဒူးထောက် ခေါင်းငုံ့ ခိုင်းတာလုပ် ထားရာနေ ပေးသလောက်စားပြီး လိုအပ်ရင်
အသက်ကိုပါ ထုတ်ပေးရမယ့်လမ်းပါပဲ ။ ဒီဖြစ်စဉ်မှာ အူကြောင်ကြားနဲ့ ဂဃနဏနားမလည်ပဲ
ဂုဏ်ယူစွာ အသက်ပေးလှူသူတွေလည်း ထုနဲ့ဒေးပေါ့ ။ ဒီဖြစ်စဉ် အမြဲတမ်းအသက်ဝင်နေ
အောင် သတင်းတွေကို လက်ဝါးကြီးအုပ်ပြီး မှောင်ချ ၊ လူတွေကို အတွေး အမြင် အသိ လှုပ်
ရှားမှု အခွင့်အလမ်းတွေ ရသလောက်ကန့်သတ် ၊ အကွက်ကျကျနဲ့ အဖွဲ့စည်းတချို့ကို မှီခို
အားကိုးလာရအောင်လုပ် ၊ သမိုင်းနဲ့ ဗဟုသုတတွေကို လိုသလို ကွေးပြီး စိတ်ကြိုက်လူတန်း
စားတစ်ရပ် မွေးထုတ်ပေးနေခဲ့တာတွေကို မျက်လုံးပွင့်ရင် မြင်နိုင်ကောင်းပါတယ် ။
۞ ကျုပ်ကိုးကွယ်တာသာ အမှန်
     ကိုယ့်ကိုးကွယ်ရာ ကိုယ်မှန်နေကြတာ ကောင်းပါတယ် ၊ သူတစ်ပါးကို မထိခိုက်သရွေ့
ပေါ့လေ ။
     စိတ်ပါပါ မပါပါ ကိုယ်သင်နေရတော့လည်း တောင်ဖတ်ရမြောက်ဖတ်ရနဲ့ အနည်းကျဉ်း
ပိုသိလာရသလို မေးခွန်းတွေလည်း ပေါ်လာတယ် ။ ဘာသာရေးကို ကိုးကွယ်ကြသလို ၊
ဝါဒ ပုဂိုလ်တွေကစလို့ ကိုးကွယ်ကြတာလည်း ရှိကြသကိုး ။
     ဘာသာရေးမှာ သမိုင်းအရ ၊ ပညာရှင်တွေ တည့်တည့်မြင်ပြတဲ့ အချက်အလက်တွေကို
တွေ့ရတော့ စိတ်ဝင်စားစရာလေးတွေလည်း အများကြီးပါပဲ ။ တစ်ချိန်မှာ ဘာသာရေးတစ်
စီကို မိတ်ဆက်အနေနဲ့ ဘာသာပြန်ပြီး တင်မယ်လို့ စိတ်ကူးပါတယ် ။ အရင်က သိသလိုလိုနဲ
မသိခဲ့ဘူးတဲ့ ဂျူးဘာသာနဲ့ ဟိန္ဒူဘာသာတွေကတော့ အမြင်သစ်တွေ ပေးပါတယ် ။ ဘာ
သာအားလုံးနဲ့ တွဲဖက်နေတဲ့ အကြမ်းဖက်မှု အကြောင်းတွေကလည်း အရင်က နားလည်
ရကောင်းမှန်း မသိခဲ့တာမို့ အံ့သြစရာတွေလို့ ခံစားရတယ် ။
     အဲဒီအထဲမှာ မတင်ရဲတာ ၊ ချီတုံချတုံဖြစ်ရဆုံးက ဗုဒဘာသာပါ ၊ သည်းခံတရားမြင့်မား
တယ်လို့ သတ်မှတ်လို့ရတဲ့ ဘာသာတရားတွေထဲက တစ်ခုပေါ့ ။ ဒါပေမယ့် အမျိုးသားရေးနဲ့
အသိပညာဗဟုသုတ ခေါင်းပါးမှုတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါမျိုးမှာတော့ အသက်အိုးအိမ်
စည်းစိမ်ပျက်စီးမှုတွေ ဆောင်ကျဉ်းလာတတ်တာကို သိလျက်နဲ့လက်ခံဖို့ ခက်ခဲနေတာတွေ
က အတော်များလေတော့ မထိရဲလှဘူးလေ ။ တစ်ဖက်မှာကလည်း အရှိကိုအရှိအတိုင်း မြင်
လာကြရင် ရေရှည်အကျိုးရှိကြမှာမို့ ၊ တင်ပြပုံနည်းလမ်းရွေးချယ်ပြီး အပြုံးနဲ့ လက်ခံနိုငကြ
အောင် ကြိုးစားတင်ပြကြည့်ဖို့ အတွေးရှိပါတယ် ။ တစ်ဘာသာထဲတော့မဟုတ်ပါဘူး ၊ အား
လုံးကို ဆိုလိုတာပါ ။
မန်းကိုကို
၃၀ ၊ ၀၄ ၊ ၂၀၁၂
ဗိုလ်မှူးချုပ် စောလားပွယ်
   နာမည်များလည်း ကြီးချင်တော့အလွယ်သား ၊ လူလိမ်ကြီးကြီးတစ်ယောက်ကနေ အလိုရှိသည်
ဆိုပြီး ဆုငွေထုတ်ပေးလိုက်ရုံပဲ :-)
   နောက်တာပါ ၊ အတည်မယူကြပါနဲ့ ၊ တော်ကြာ ယိုးဒယား မသွားရဲပဲ ဖြစ်နေပါဦးမယ် ။
   ဒီကိစ္စမှာ ဘာမှရှည်ရှည်ဝေးဝေး တွေးစရာမလိုပဲနဲ့ နိုင်ငံရေးလုပ်ကြံမှု (သို့) ထောက်လက်သီး
တစ်လုံးပစ်သွင်းတာ (သို့) ကျားတစ်ကွက်ရွေ့ ချောင်ပိတ်လိုက်တာလို့ မြင်နိုင်ပါတယ် ။ တကယ်
တန်း ဒီလိုဆုငွေ ထုတ်ကြစတမ်းဆို ရာနဲ့ချီတဲ့ တကယ်လုပ်တဲ့လူတွေကျ မျက်စေ့လျှမ်းနေသလား
လို့ မေးရတော့မယ် ။ ဆုငွေထုတ်သူတွေရဲ့ ကိုယ်ပိုင်ပြဿနာတွေကိုတော့ မတူးမဆွတော့ပါဘူး ။
   ဒီနေရာမှာ သူခိုးကြီးတော့ ဒါးပြ ၊ ဒါးပြကြီးတော့ သူပုန် ၊ သူပုန်ကြီးတော့ အစိုးရဆိုတဲ့ စကား
စုကို ပြေးသတိရတယ် ။ ငွေတုလုပ် ၊ ဘိန်းကုန်ကူး ၊ လုပ်ကြံလူသတ် ၊ ပြန်ပေးဆွဲရုံမက နောက်
ဆုံး အဏုမြူပါရောင်းတဲ့ မြောက်ကိုရီးယားကျတော့ ပြစ်တင်ရှုတ်ချပါတယ် ၊ စိတ်မကောင်းဖြစ်ရ
ပါတယ် ၊ စိုးရိမ်မိပါတယ်လောက်နဲ့ ပြီးကြတာကလား ။ မူးယစ်ဆေးဝါးကို စက်ရုံတည်ပြီး လုပ်တဲ့
လူမျိုးကျတော့လည်း ဖမ်းမိတာတောင် မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့ရဲ့ သတင်းပေးအဖြစ် လုပ်
ပေးနေတာကြောင့် ပြန်လွတ်ပေးရပါတယ် ဆိုတာမျိုးက ရှိသေးတယ် ။ ဒါတွေက တိုးတိုးကြိတ်
ကြိတ် မဟုတ်ဘူးနော် ၊ နိုင်ငံနဲ့ချီပြီးဖတ်တဲ့ သတင်းစာတွေမှာ ပါလာတာ ။ လုပ်လို့ရလောက်မယ့်
သူကိုကျ ကိုယ့်အကျိုးရှိမယ်ဆိုရင် ဖိထောင်းကြသပေါ့ ။
   အပြစ်ထိုင်ပြောနေလည်း မိုးကြီးချုပ်ဖို့ပဲရှိတာကြောင့် နောက်တစ်မျိုး မြင်ကြည့်ရအောင် ။
   ဗိုလ်မှူးချုပ်စောလားပွယ် ဆုငွေထုတ်ခံရတယ်ဆိုတာကို တက်လမ်းဖွင့်ပေးမယ့် စိန်ခေါ်မှု
တစ်ရပ်လို မြင်လို့ရနိုင်တယ် ။ ဒါပေမယ့် နိုင်ငံရေးနဲ့နွယ်တာကြောင့် ရှူးရှူးဒိုင်းဒိုင်းမလုပ်မိဖို့
လိုမယ် ။ သိမ်မွေ့ရမယ် ၊ ကိုယ့်အနေထား ကိုယ်သိရမယ် ၊ သူတစ်ပါးရဲ့ အနေထားကိုလည်း
နားလည်ရမယ် ။ ကိုယ်ဘာလုပ်လို့ရနိုင်မယ် ၊ ဘာလုပ်သင့်တယ် ၊ ဘာတွေ အကျိုးသက်
ရောက်မှု ရှိလာနိုင်မယ်ဆိုတာ မျက်စေ့တစ်ဆုံး ကြိုကြည့်ရတော့မယ် ။ Strength, Weakness,
Opportunity & Threat ဆိုတာတွေကို brain-storm လုပ်သင့်တယ် ။ စကားကြီး စကား
ကျယ်လို့ ပြောလို့ရတယ် ၊ ဒါပေမယ့် ကိုးယိုးကားယားဖြစ်လာမှ blame-storm လုပ်ကြရတာ
က ပိုဆိုးတယ် ။
   ထားပါတော့ အသေးစိတ်ဆက်ပြောရင် အခါပေးဦးပုညလို ဇက်ပေါ်ကို ဒါးတွေဝဲလာနေ
ဦးမယ် ။
မျိုးချစ်ကရင် ဘလော့ဂါတွေ
   ကောင်းကြပါလေ့ ကရင်ဘလော့ဂါများရေ ။
   သူ့ထက်ငါ အရင်ဦးအောင် သတင်းတွေကူးတင်ကြတာ သားသတ်ရုံဆီ တန်းစီသွားနေကြ
သလိုပါပဲ ။ ရှေ့မှာ ဘာရှိလိုရှိမှန်း သိသလား မသိသလားတော့ မပြောတတ်ဘူး ။
   “အလစ်ဝင်ရောက်ပစ်ခတ်” တဲ့ ၊ “ဆက်ကြေးကောက်ခံ” တဲ့ ၊ ကိုယ့်တွင်း ကိုယ်ဝိုင်းတူးပေး
ကြပုံများ ။
   “ပျောက်ကျားနည်းဖြင့်တိုက်ခိုက်” တို့ ၊ “စစ်ဆင်ရေးပြုလုပ်” တို့ ၊ “ရံပုံငွေကောက်ခံ” ဆိုတာ
မျိုးတွေကို မသုံးတတ်ကြတာလား ၊ သတင်းပိုဆန်ပြီး ဖတ်တဲ့သူအတွက်လည်း အမြင်သင့်တင့်
တယ်ဆိုတာ မသိကြတာလား မပြောတတ်ဘူး ၊ ဘေးကမြင်ရတာတော့ သိပ်ပြီးစိတ်က မသက်
မသာ ။
   ပြောပြတာပါ ၊ ကရင်ဘလော့ဂါအများစုက ကိုယ့်နဲ့စာရင် အမျိုးချစ်သူ ၊ ကောင်းစေ တိုးတက်
စေချင်သူ ၊ စေတနာရှိသူတွေပါ ။ ကိုယ်ကသာ သိုးမည်းတူးတူးကြီးပါ ။ ဒါပေမယ့် မျက်တောင်
မွှေးစူးလို့ ပြောမိတာပါ ။
မှတ်သားစရာ သင်္ခန်းစာ
   ဦးဘိုဘိုကျော်ငြိမ်းက သူ့ဖေ့ဘွတ်မှာ ဒီလိုရေးထားပါတယ် ။
   "ကွန်မြူနစ်တွေနဲ့ … သခင်သန်းထွန်းတို့ကို ဘယ်လိုပညာသားပါပါ အနိုင်ယူခဲ့တယ် ….
    .. ဥါဏ်တုန်းကြလို့ ရှုံးခဲ့ကြတာကို .. အသိမှတ်ပြုလိုက်ရင် … ရင်ထဲမှာ ပေါ့သွားလိမ့်မယ်
    ထင်တယ် ..
   ဘယ်သူတွေ ဘာမြင်သလဲတော့ မပြောတတ်ဘူး ၊ ကျနော်ကတော့ ကရင်တွေအပါဝင် တိုင်း
ရင်းသားတွေလည်း အဲဒီထဲကလိုပဲ ဥာဏ်ချင်းမယှဉ်နိုင်လို့ နိမ့်ပါးခဲ့ရတယ်လို့ မြင်တယ် ။ ရှေ့
လျှောက်ပြီး ချောက်ထဲအထိ ဆက်မကျအောင် အကျိုးရှိမယ့် အသိအမြင်တွေ ဖြည့်ဆည်းဖို့
လိုနေတယ်လို့ယူဆတယ် ။
   ဒီလိုပြောတာဟာ ပြိုင်ဖို့လည်းမဟုတ် ၊ ဦးဘိုဘိုကျော်ငြိမ်းကို တိုက်ခိုက်ဖို့လည်းမဟုတ် ၊ အ
မုန်းတရားကို ရှေ့တန်းတင်လာဖို့ ပြောတာလည်းမဟုတ် ၊ ညံ့ခဲ့သူတွေကို နှိပ်ကွပ်ဖို့လည်း မ
ဟုတ်ပါ ။ ပြီးရင်လည်း ခင်ဗျားက ပုဂ္ဂိုလ်မင်လို့ တရားခင်တာလား ၊ သူများကို အထင်ကြီးတာ
လား စတာတွေကနေ အမျိုးမျိုးပြောနိုင် စွပ်စွဲနိုင်ပါတယ် ။ ကျနော်မြင်တာကတော့ သူအပါဝင်
လက်ရှိ အမျိုးမျိုး တိုက်ခိုက်ချိုးဖဲ့ခံနေရသူ အတော်များများဟာ လူသားဆန်ကြတဲ့ ၊ အတွေ့ကြုံ
များကြတဲ့ ၊ အတွေးခေါ်ရှိကြတဲ့သူတွေပါ ။ ယူနိုင်ရင် သူတို့တွေ ပေးနေကြတာ အများကြီးပါ ။
မန်းကိုကို
၂၉ ၊ ၀၄ ၊ ၂၀၁၂
** ရေးချင်တာများပေမယ့် အချိန်ကမရှိ ၊ ကွန်ပြူတာ အသစ်က ဗမာလို ရိုက်လို့ကမရ ၊
အဟောင်းကလည်း ထပ်ပြင်ရဦးမှာမို့ လာမယ်ကြာမယ် ဖြစ်နိုင်ခြေ ရှိနေပါတယ်   :-)
                   လိမ်လိမ်တို့ချစ်တဲ့ အောင်လိမ်မြေတော်
     တခါတုန်းက လူလိမ်တစ်စု ရှိသဗျ။
     အချင်းချင်းလိမ်တာ၊ အနိုင်ကျင့်ကြတာတော့ မဆန်းလှဘူးပေါ့ဗျာ။
     အဲဒီထဲမှာ လူလိမ်ခေါင်းကြီးကတော့ အဆိုးဆုံးပေါ့။
     တစ်နေ့တော့ လူလိမ်ခေါင်းနဲ့ သူ့အုပ်စုထဲကလူလိမ်တချို့က သူတို့အဖွဲ့ထဲ
     နောက်ဆုံးရောက်လာတဲ့လူလိမ်ကို မရှုမလှမောင်းထုတ်ဖို့ ကြိုးစားနေကြသပေါ့။
     ဒါနဲ့ မဆိုင်သူတချို့က အမြင်မတော်လို့ ဘေးကနေဝင်ပြောပါလေရော။
     ဒီမှာတင် လူလိမ်ခေါင်းနဲ့ရံရွှေတော်တွေမှာ ပေါက်ကွဲကြသပေါ့ဗျာ။
         “သူက နောက်ဆုံးမှဝင်လာတဲ့ လူလိမ်ဗျ”
         “ဒီကောင် ကျုပ်တို့ကို လိမ်နေတာကြာပြီ၊ ဆက်လိမ်ခွင့် မပေးနိုင်တော့ဘူး”
         “ကျုပ်တို့အားလုံး လိမ်နေကြတာကြည့်စမ်း၊ ဘယ်လောက်ကောင်းလိုက်သလဲ၊
           ခုတော့ ဒီကောင်လာယှဉ်လိမ်တာကြောင့် ကျုပ်တို့မျက်နှာပျက်ရတော့မယ်”
         “ကျုပ်တို့က လိမ်တာကိုသာ ကိုးကွယ်ရာဗျ၊ ဒီကောင့်အလှည့်ကျမှ ညာတာသည်သာ
           ကိုးကွယ်ရာတဲ့ဗျား၊ ကောင်းကြသေးရဲ့လား”
         “သူ့ ကြည့်ပါလား၊ မဲမဲတူးတူးနဲ့၊ လိမ်မယ့်ရုပ်က အသိသာကြီး”
         “ခင်ဗျားတို့ သူ့ဆီက ဘယ်လောက်များရထားလို့ လာဝိုင်းလိမ်နေကြတာလဲ”
     ရှုမကောင်းမြင်မကောင်းနဲ့ တားလို့လည်းမရ၊ ရန်ပါအရှာခံရတော့ ဘေးလူတွေက
     ခေါင်းတခါခါ လည်တခါခါနဲ့ ပါးစပ်တွေဟပြီးပဲ ကြည့်နေကြတော့တယ်။
     လူလိမ်အစုထဲမှာလည်း ကိုယ့်ဖက်လှည့်လာမှာစိုးလို့ ခေါင်းကလေးတွေငုံ့ပြီး
     အချင်းချင်းပဲ လက်သိပ်ထိုး လိမ်နေသူများလည်း ရှိသပေါ့။
     ဘယ်လိုဖြစ်ဖြစ် လူလိမ်ခေါင်းတို့တတွေကတော့ လက်သီးလက်မောင်းတန်းပြီး
     အော်ဟစ်လိမ်နေကြဆဲ …..
လိမ်ခြင်းများစွာဖြင့်၊
လိမ်လိမ်
(လိမ်လိုသူများ .. အဲ .. ရန်တွေ့လိုသူများ ၊ အားမနာပ ပြောလိုသူများအနေနဲ့ ဖန်တီးရှင်
 ညီမျှခြင်းသုံးချောင်း "===" ကို ရှာကြပါ ။ မန်းကိုကိုမှ တာဝန်မယူပါ ။)
24 comments:
  1. လာအားပေးသူတွေအတွက် နောက်ဆက်တွဲ အတွင်းပိုင်း မြင်ကွင်းလေးပါ :)
    ~ ~ ~ ~ ~
    လူလိမ်ခေါင်း ။ ။ ဟေ့ကောင် အဗ္ဗဒူလာ၊ မင်း ဒီကနေချက်ချင်း လိမ်ဖယ်လိမ်
    ဖယ် ထွက်သွားစမ်း။ သခင်ထိပ်တင်လိမ်ကို ဒီလိုလာမကြောနဲ့။
    နောက်ပေါက်လူလိမ် ။ ။ အားကိုကြီးရယ်၊ အစကတော့ သားကီ(သာကီ)ဆို။
    အဗ္ဗဒူတို့နဲ့ ဆွေရင်းမျိုးရင်းကြီးတွေဆို။
    ရံရွှေလိမ် (၁) ။ ။ တော် .. တိတ်စမ်း . ဟေ့။ ဒီမယ် . ဒီမယ် ငါတို့ရဲ့ ထိပ်တင်လိမ်
    ကြီးဟာ ဒီခြံပေါက်ကွ။ "လူလိမ်အစ ပုံလိမ်ပုံညာက" ဆိုတာ
    မြဲမြဲမှတ်ထား။ ဟုတ်တယ်မှုတ်လား သမိန်ရေရော။
    ရံရွှေလိမ် (၂) ။ ။ အေး . ဟုတ်တယ်။ ဒီမှာ အဗ္ဗဒူ၊ မင်းလို မနေ့တနေ့ကမှ လိမ်
    လာတဲ့အထဲမှာ တို့ရဲ့ သခင်ကြီး မပါဘူးကွ။ ခုန စဝ်မျိုးရော
    ပြောတာ ကြားတယ်မဟုတ်လား။ အရင်က တို့လိမ်ခဲ့တဲ့ "ဆွေ
    မျိုးလိမ်ဖေါ်ကြီး" ဆီက တို့သခင်လာခဲ့တယ်ဆိုတာကို မေ့
    လိုက်တော့။
    လူလိမ်ခေါင်း ။ ။ ဟေ့ကောင်တွေ၊ ဒို့ဒီလိုလိမ်နေရုံနဲ့ ဒီကောင်က လိမ်ပိန်ပြီး ကပ်
    နေအုံးမှာဘဲ။ ရိုက်ကွာ။ ဟေ့ကောင် . စောမျိုးပျောက်၊ မင့်
    ကြီးတော်လင်တွေကို လာကူပါတော့လားကွ။
    ဤသို့ဖြင့် ပုဝါမလိမ်ရေမစိမ် ရိုက်ပွဲကြီးတစ်ခု လေဟာလိမ်နယ်ထဲဝယ် ဖြစ်လာခဲ့
    သည် ဟူသတတ်။
    မတတ်သာ၍ ဘေးမှကြည့်လိမ်နေကြသူများကား ခရုသင်းဘီဘီလိမ်၊ နှာချွန်ဗွီအိုလိမ်၊ ဧရာလိမ်တို့သာမက ပျော်ပျော်ကြီးလိမ် တို့ကဲ့သို့သော ဟေးလားဝါးလိမ် ကလေးများလည်း ပါလေ၏။
    အော် .. သာစွ ရွှေပြည်လိမ်ကြီးပါတကား .....
    ReplyDelete
    Replies
    1. You bloody fool !
      This is very damaging for my reputation !
      I'll never put your article in my blog again !
      :-)
      :-)
      Delete
  2. အင်း.. ခင်ဗျားသွားဖတ်လေ့ရှိတယ်ဆိုတဲ့ ဘလောက်ဂ်လင့်ကို နှိပ်ကြည့်လိုက်မိတာ ခင်ဗျားအတွက်ပါ အတော်ရင်လေးမိသွားပါတယ်။
    ReplyDelete
    Replies
    1. ခုလို ရင်ဝိုင်းလေးပေးတာ ဝမ်းသာပါတယ် ။
      Anonymous အတွက်မှာလည်း အရေးအသားကိုကြည့်ပြီး မျှော်လင့်ချက် မရှိလှကြောင်း သတင်းကောင်းပေးချင်ပါတယ် ။
      ပထမတစ်ချက် ၊ ပို့စ်ထဲက "တစ်ခါတစ်ရံသွားတတ်တဲ့" ဆိုတာဟာ ကြာကြာမှ တစ်ခါသွားတတ်တာကို ပြောတာပါ ။ ဖတ်ရခြင်း အကြောင်းရင်းကိုလည်း ပြောထားပါတယ် ။ ဒါပေမယ့် "Anonymous က "ခင်ဗျားသွားဖတ်လေ့ရှိတယ်ဆိုတဲ့" လို့သုံးပြီး အထင်နဲ့ လိုရာဆွဲသွားခြင်းအားဖြင့် စာတွေကို အာရုံစူးစိုက်မှုမရှိပဲ အပေါ်ယံကြောဖတ်သွားတယ်လို့ သဘောပေါက်မိပါတယ် ။
      ဒုတိယတစ်ချက် ၊ အရင်းမရှိ အဖျားမရှိ ရင်လေးတယ်ဆိုတော့ ၊ တစ်ဖက်လူနားလည်အောင် ပြောနိုင်စွမ်းမရှိတဲ့ Anonymous ကို ဘယ်သူကမှ ဘာမှ ယုံကြည်စိတ်ချစွာ ပုံအပ်တာတွေ မရှိမှာကြောင့် ၊ ဘဝမှာ အောင်မြင်နိုင်စရာ လမ်းစမမြင်ပါဘူး ။ တကယ်ပါ ၊ ရင်လေးရုံမကပဲ မျှော်လင့်ချက်ပါ မရှိကြောင်း သတင်းကောင်းပါးပါရစေ :-)
      Delete
    2. နဲနဲလေးတော့ ဟာဒယဉာဏ်လေးထဲ့ပြီး ကွန်မန့်ကိုဖတ်ဦးမှပေါ့ဗျာ.. စကားလုံးအတိအကျတွေနဲ့ အလွန်လေးနက်တဲ့အဓိပ္ပာယ်တွေ ကောက်ချက်ချနေဖို့ မလိုသေးဘူးလို့ထင်ပါတယ်။ လင့်ကိုနှိပ်မိတုန်းက ဗလက်ဘုဒ်မှာ မီးသွေးခဲနဲ့ ရေးထားလို့ ဖတ်မရနိုင်လွန်းတာနဲ့ စခရိုးလုပ်ကြည့်တာ “ပဲပြုပ်သည်နှင့် တပ်မတော်” “ရေသန့်ဗူးနှင့် တပ်မတော်” “ကျီးကန်းထမင်းခြောက်နှင့် တပ်မတော်” ဆိုတဲ့ ခေါင်းစဉ်ပေါင်းသောင်းခြောက်ထောင်တွေနဲ့ ခေတ်အဆက်ဆက် ပဝေဏသီကတည်းကရှိခဲ့တဲ့ စစ်တပ်ကို သူ့ခေတ်နဲ့သူ အပိုင်းအခြားမရှိ မုန့်လုံးလှိမ့်သလိုပေါင်းခြုံပြီး ဂုဏ်ရည်တင်ထားတဲ့ ဖွတ်ဗိုလ်ဘလောက်ဂ်ကို ရောက်သွားလို့ အပြောင်အပျက်ပြောမိတာပါဗျ။
      Delete
    3. အော် .. ဆရာ Anonymous ရယ် ၊ ခက်ပါပေါ့ ။
      သူများကျ ဟာဒယဥာဏ်လေးထည့်စေချင်တယ် ၊ ကိုယ်တိုင်ကျတော့ ရေးထားတာက ဘုန်းကြီးဆံပင်ထက်တောင် တိုနေသေးတယ် ။
      မှတ်ချက်အဆုံးမှာ ":-)" ဆိုတဲ့ အပြုံးမျက်နှာသင်္ကေတ တမင်ထည့်ထားတာကလည်း အပျော်မဟုတ်ဘူးလေ ၊ အဲဒီလို ထည့်ထားကတည်းက နောက်ထပ်ရေးမယ့်စာတွေကို လိုသလို ဆုတ်လို့ တက်လို့ရအောင် ပြင်ထားတာလေ ၊ ပိုင်တယ် မဟုတ်လား .. ဟဲဟဲ .. ။
      လင့်ထည့်ထားတဲ့ ဘလော့ရဲ့ အသွားအလာကို အသေးစိတ်တော့ မဝေဖန်လိုပါဘူး ။ ဒါပေမယ့် သူလည်း သူ့တတ်နိုင်သလောက် ဘောင်ကလေးထဲက မျှတအောင် ကြိုးစားရေးရှာပါတယ် ။ ပို့စ်ထဲ ထည့်ရေးထားသလို ပြည်သူတွေနဲ့ အလှမ်းဝေးနေသေးတာကတော့ မတတ်နိုင်ဘူးလေ ၊ တစ်ချိန်မှာ လက်ရှိ သူသိထားတာထက် ပိုကျယ်ပြန့်တဲ့ အသိအမြင်တွေ ရလာနိုင်ဘို့ပဲ ဆန္ဒပြုရတော့မှာပေါ့ ။ သူ့ရဲ့ စားဝတ်နေရေး ၊ ဘဝရပ်တည်ရေး ၊ အောင်မြင်ရေးတွေကိုစွန့်ဖို့နဲ့ သူ လက်လှမ်းမမှီတာတွေကို သိဖို့ လုပ်ဖို့တော့ မမျှော်လင့်ကောင်းဘူးလို့ ထင်ပါတယ် ။
      Delete
    4. မနေ့က စာကျန်သွားတာလေးပါ ။
      အမှန်မှာ ကျနော်တို့တတွေဟာ ကိုယ်ပြောချင်တာ အများစုကို တစ်ဖက်လူနားလည်အောင် ရေးသင့်ကြပါတယ် ။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် လိပ်ပတ်လည်အောင် မရေးမိတာမျိုးတွေ ကြုံလာတဲ့အခါ အထင်မြင်လွဲတာ ၊ တဝက်တပျက် ကောက်ချက်ချရတာတွေ ဖြစ်တတ်ပါတယ် ။ ဒါကြောင့်လည်း ကျနော့်အပိုင်းကို ရှင်းလင်းအောင်ဆိုပြီး တော်ရုံတန်ရုံ မှတ်ချက်တွေကို ရှည်ရှည်လျားလျား ရှင်းပြလေ့ရှိတာပါ ။ ဒီလိုလုပ်ရာမှာ လုံလောက်တဲ့ သဲလွန်စတွေ မရတဲ့အခါမျိုးကျ အပေါ်မှာ ပြန်ရေးခဲ့သလို အဓိပ္ပါယ်နှစ်ခွ ထွက်တာမျိုးတွေကို တမင်ဖန်တီးရတတ်ပါတယ် ။
      ဘယ်လိုပဲဖြစ်ဖြစ် Anonymous ကနေ ထပ်ဆင့်ရှင်းလင်းအောင် ရေးလာတော့ ရပ်တည်ချက်နဲ့ ရည်ရွယ်ချက်တွေ ရုပ်လုံးပေါ်လာပြီး ဘယ်လို စာပြန်ရေးရမယ်ဆိုတာ ဆုံးဖြတ်လို့ ရသွားတာကြောင့် လုပ်သင့်တာလုပ်ခဲ့တဲ့ Anonymous ကို အမှတ်တစ်မှတ် ပေးလိုက်ပါတယ် ။
      Delete
  3. စစ်တပ်ဟာ ၁၉၆၂ ခု မတ်လ ၂ ရက်မှာ တိုင်းပြည်အပေါ် သစ္စာဖောက်ခဲ့ကထဲက ကနေ့အထိ နေရာတကာ ပါလေရာငါးပိချက်လုပ်နေတုန်းဖြစ်လို့ တိုင်းပြည် ယခုအခြေအနေရောက်နေရတာ။ သူတို့တော့ ဘယ်ဝန်ခံမလဲ။ မနေ့တနေ့ကပဲ အိမ်နီးချင်းက သူတို့နိုင်ငံမှာ အာယားမ,အိမ်ဖော်အခိုင်းအစေလာလုပ်ဖို့ လူသိရှင်ကြားကမ်းလှမ်းလာတာ ခံနေရတဲ့သခင်မျိုးဟေ့ဒို့ဘဝ၊ မနေ့တနေ့ကပဲ ဘင်္ဂလားတွေ အနိုင်ရအောင်ပွဲခံနေတုန်း၊ အဲ့ကိစ္စကို ကိုယ့်တိုင်းပြည်ထဲ အရှက်မဲ့ တရားမျှတပါတယ်ကုန်းအော်နေခဲ့သေးတဲ့ဘဝ၊ မနေ့တနေ့ကပဲ ကိုယ့်မွေးရာပါ အသက်သွေးကြောကို တရုတ်ကြီးဆီအပေါင်ခံထားခဲ့မိမှန်း တရေးနိုးသတိရတဲ့ဘဝ၊ မနေ့တနေ့ကပဲ ဂျပန်ကြီးက မင်းတို့မှာ နူရာဝဲစွဲ၊ တောင်းစရာခွက်တောင်ပျောက်နေလို့ အကြွေးတွေလျှော်ပစ်လိုက်ပါတယ် ကြေညာခဲ့တာကို ကျေးဇူးတင်ဝမ်းသာရတဲ့ဘဝ၊ ဒါတွေကို အမြင်မှန်မရနိုင်သေး၊ တပ်မတော်သာငပိ၊ တပ်မတော်သာငပွ၊ သူတို့ရဲ့ နှစ်ငါးဆယ်ကျော်ပုတ်သိုးနေတဲ့ ငါးပိချက်ကို တန်၏မတန်၏မသိ အတင်းလိုက်ခွံ့ကျွေးနေတဲ့ဘလော့ဂ်မျိုးတွေကိုတော့ တစ်လံတစ်ပြအဝေးကနေတာတောင်၊ သူတို့ရေးတဲ့ပို့စ်ခေါင်းစဉ်တွေကို ဘလော့ဂ် Lists တွေမှာမြင်ရတိုင်း၊ သူတို့ထံက ကျွန်နံ့တထောင်းထောင်းဝေ့လာသလိုရှိတယ်။ ဘုရားကျွန်၊ လယ်ကျွန်၊ ငယ်ကျွန်၊ ငွေဝယ်ကျွန်၊ ကျွန်တကာမျိုးစုံထက်ပိုပြီး ယမ်းနံ့ သွေးနံ့ သေနံ့ မရဏနံ့အစုံထုံထူးတဲ့ “စစ်ကျွန်” နံ့မျိုး ဝေ့နံလာတာမို့ တကူးတက သွားဖတ်နေစရာတောင်မလိုဘူး၊ ပဒိုင်းသီး စမ်းစားကြည့်ဖို့မလိုပါဘူး။ သူတို့တွေ အမြင်ကျယ်လာဖို့ မျှော်လင့်ရမှာကိုတော့ ဝေလာဝေး၊ “ဘယ့်နှယ်လုပ် မဆီမဆိုင် ဒီမှာလာပေါက်ကွဲနေရသတုန်း?” ဆိုတဲ့အတွေးများ ပေါ်လာခဲ့မိရင်လည်း နားလည်သည်းခံပါ၊ ပေါက်ကွဲစရာတွေသိပ်များနေလို့ လို့ပဲ တောင်းပန်ခဲ့ပါတယ်။
    ReplyDelete
    Replies
    1. အားပါး ပေါက်ကွဲ သံစဉ်ပါလား
      ၆၂ က စတဲ့ ဇာတ်လား
      နဂါးနီက စတဲ့  ဇာတ်လား
      ၄၂က စတဲ့  ဇာတ်လား
      ထောက်ပို့ မရှိခဲ့တဲ့  ပုဂံခေတ်ကစတဲ့  ဗမာ့စစ်ဖွဲ့ စည်းပုံက စတဲ့  ဇာတ်လား
      ချသာ ချကွာ နောက်မှ ဥပဒေဘောင်ထဲ ကြည့်လုပ်တာပေါ့ဆိုတဲ့  ၄၈-၄၉က စတဲ့  ဇာတ်လား
      အို
      ဗျ
      ဆရာမန်းရေ
      မူးတယ် မူးတယ် အားကြီး မူးတယ် ၀ိုင်းစုလေးဘဲ ငါယူမယ် ။
      ( သီချင်းဗျနော် )
      Delete
    2. Anonymous အနေနဲ့ ကျနော့်ကို တောင်းပန်စရာ မလိုပါဘူး ။ ပေါက်ကွဲတယ်ဆိုပေမယ့် မမှန်တာတွေမှ မဟုတ်ပဲ ၊ နားလည်ပေးနိုင်ပါတယ် ။ မြန်မာပြည်ရဲ့ အတိုင်းအဆမရှိ နစ်နာမှုတွေ ရှိခဲ့ ရှိနေ ရှိလာဦးမယ့် ဖြစ်စဉ်ကြီးမှာ စစ်တပ်နဲ့ ဦးစီးကိုင်ခဲ့သူတွေမှာ တာဝန်ရှိသလို ၊ တာဝန်မယူတဲ့အပြင် ဒဏ်ရာပေါ် ဆားထပ်ဖြူးတဲ့ လုပ်ရပ်တွေဟာ တစ်ခါခါတော့ ဘယ်ကနေ ဘယ်လို ပြောရမှန်းတောင် မသိတော့တဲ့ ကိစ္စကြီးပါ ။
      တစ်ဖက်မှာလည်း အဖြေနဲ့ ထွက်ပေါက်ရှိမယ့်လမ်းကို ရှာဖြစ်ပါတယ် ။
      ခုနေမှာ "အာဏာဟာ သေနတ်ပြောင်းဝကနေ ထွက်တယ်"ဆိုတဲ့ ရိုးရှင်းလွန်းလှတဲ့ အတွေးဟာ မပြည့်စုံဘူးဆိုတာ စစ်ဗိုလ်တွေလည်း လက်ခံလာရပါပြီ ။ အင်အားကြီးတဲ့ ခြေလက်တွေနဲ့ချည်း ခန္ဒာကိုယ်တစ်ခုကို ပုံပန်းကျကျ တည်ဆောက်လို့ မရနိုင်တာ သိကြလျက်နဲ့ လက်ခံလာဖို့ကိုတော့ အနှစ် ၂၀ ကျော် ကျော်ဖြတ်ခဲ့ရပါတယ် ။
      လက်ခံလာကြတယ် ဆိုပေမယ့် အလွယ်တကူ ချောချောမွေ့မွေ့တော့ မဟုတ်ပါဘူး ။
      တွက်ကြည့်ရင် ပြည်သူဟာ ခန္ဒာကိုယ်နဲ့တူသလို စစ်တပ်ဟာလည်း ဖြတ်တောက်ပစ်ထုတ်လို့ ရကောင်းတာမျိုး မဟုတ်ပြန်ပါဘူး ။ ဒီနေရာမှာ ညှိနှိုင်းပြီး အတိုးအလျော့နဲ့ အဖြေရှာရတဲ့ နိုင်ငံရေးက ဝင်လာရပါတယ် ။ ဒီဖြစ်စဉ်ဟာ နှစ်ဖက်လုံးက ကြိုက်ကြိုက် မကြိုက်ကြိုက် ရှောင်ဖယ်လို့ မရတဲ့ တစ်ခုတည်းသော လမ်းကြောင်းပါ ။
      လိုရင်းကတော့ ကျနော်တို့တတွေ ဖြစ်ခဲ့ပြီးတာတွေကို မေ့လို့တော့ ဘယ်ရနိုင်ပါ့မလဲ ။ ဒါပေမယ့် ခွင့်လွတ်တန်တာ ခွင့်လွတ်ပြီး ၊ ခုတ်ဖြတ် လွင့်ပစ်ထုတ်လို့ မရနိုင်တဲ့ အစိတ်အပိုင်းကို အတိုင်းတာတစ်ခုအထိ နေရာတော့ ပေးရမယ့် အနေထားရှိတာကြောင့် အပေါ်က စကားမျိုးတွေကို ပြောနေရတာပါ ။
      လိုအပ်တဲ့ ပညာနဲ့ အတွေးခေါ် အမြော်မြင် နည်းပါးသူတွေကြောင့် အားလုံးလိုလို နစ်နာခဲ့ကြရ ပြီးပါပြီ ။ နာကျည်းမှုတွေကြောင့် နှုတ်နှုတ်စဉ်းချင်နေတဲ့ လူငယ်တွေရှေ့မှာ ကျနော်တို့လို တာဆီး ကွယ်ကာပေးနေတာတွေ မရှိတော့ဘူးဆိုရင် အလဟဿ ဖြစ်စဉ်ကြီးကို လေပင့်ပေးသလိုသာ ဖြစ်နေတော့မှာမို့ ပြောသင့်တယ်လို့ ယုံကြည်တာတွေကို ပြောနေ လုပ်နေတာပါ ။
      ချိုပေါက်နေတဲ့ မြင်းတွေ မဝှေ့ဖို့နဲ့ ၊ အတောင်ပေါက်နေတဲ့ ကျားတွေကို မြက်စားဖို့ရာကို မျှော်လင့်တာ တစ်ခုထဲ လုပ်လို့ရနိုင်ပေမယ့် ကျနော်ကတော့ တစ်လမ်းထဲရှိပြီး မှန်တယ်လို့ ယူဆထားတာတွေကို ဆက်လုပ်နေသွားရမှာပါပဲ ။
      Anonymous အနေနဲ့လည်း ကိုယ့်ဘဝနဲ့ အများအကျိုး ဖြစ်နိုင်မယ့် လမ်းတစ်လမ်းကို ဆုံးဖြတ်ရွေးချယ်ပြီး တစ်စိုက်မတ်မတ် လုပ်သွားနိုင်ဖို့ ဆန္ဒပြုချင်ပါတယ် ။ ကိုယ့်အနေထား ကိုယ်တိုင်သာ သိနိုင်တာကြောင့် ရွေးချယ်မှုနဲ့ အဆုံးဖြတ်ကတော့ Anonymous လက်ထဲမှာပါပဲ ။
      =====================================
      ဆရာတင့်ရေ ၊ ဒီတစ်ခုမှာတော့ ဟာသဥာဏ် ထွက်ဖို့ မလွယ်လို့ သည်းခံဗျို့ ။
      Delete
    3. ကိုယ့်ဆရာကြည့်ရတာလဲ ကိုမန်းဆီ ပေါက်ကွဲသံစဉ်ပြီးတဲ့  နောက် ပြန်လာမဲ့ ပုံတော့ သိပ်မပေါ်တော့ပါဘူး ။
      တခုခက်နေတာက အယူအဆရေးရာက ဒီတယောက်ထဲ မဟုတ်ဘဲ အခုအချိန် နဲနဲ အာကျယ်ပါကျယ်နိုင်တဲ့  လူတွေ အကုန်လုံးဟာ သမိုင်းကို ကန့် ဖြတ်တဲ့ နေရာမှာ ၆၂ မတ်လ ၂ရက် နဲ့  ပိုင်းပြီး ရှေ့ က မင်းသားလေး စစ်တပ်ဟာ ညချင်း ဖုန်းဂွမ်းဆို ဘီလူးကြီးဖြစ်ပြီး မီးခွက်ထဲက ထွက်လာသလို ပြောနေကြတော့ ခက်သားလား
      လူကြီးပိုင်းတွေကအစ ကောင်းတာတွေ ငါကွ.။ မကောင်းတာတွေ နေ၀င်းခေါင်း ချတော့တာကိုး
      အမှန်က ၆၂ကိုဖြစ်စေတဲ့  ဝေးသော အကြောင်းထဲမှာ ဗမာတမျိုးလုံးဟာ ၁၈၈၅ကနေ ဒီနေ့  ထိ မှန်ကန်သောကြီးရင့်မှုမရခဲ့တာက အခြေခံဖြစ်နေတယ်လေ။
      အဲမှာမှ တပ်ခမျာဟာ ၄၂ စဖွဲ့ ထဲက အလုပ်ဖြစ်ပြီးရောကွာ စည်းတွေကမ်းတွေမလိုပါဘူးးချသာချဆိုတဲ့  မူနဲ့  ကြီးခဲ့ရတော့ ပြသနာက ပိုရှုပ်ထွေးနေတာ မဆန်းပါဘူး
      ခုဖြစ်နေတာက မူကြိုမှာ ကလေးတွေရောထားတော့ သက်ကြီးပု ဦးနှောက်လဲ သိပ်မပြည့်တဲ့  ကလေးက နဲနဲ သေးပြီး ဦးနှောက် နဲနဲတော့ မှန်သေးတဲ့  ကလေးကို ဆော်ဘလန်တေတဲ့  အမှုကို ကိုင်နေရသလိုဖြစ်နေတာကိုး ။
      အဲတော့ တီးတဲ့ ကလေး လက်ဖြတ်ကွ။ ခြေဖြတ်ကွ ။ အတီးခံရတဲ့  ကလေး ပြန်ချကွ ဆိုတဲ့  အပေါက်မျိုးနဲ့ ကတော့ ဒီပြသနာဟာ နောက် ဘုရားပွင့်တဲ့  ထိ ပြေလည်မယ်မထင်ဘူးဗျ။
      Delete
    4. ဆရာ နောက်ကြောင်းပြန်မှပဲ ဘယ်သူမှ မကောင်းဘူး ဖြစ်ကုန်တော့မှာပဲ :-)
      သတိရမိတာက ဗမာစစ်ချီသီချင်းတွေထဲမှာ ခပ်တည်တည်နဲ့ "တရားသောစစ်" ဆိုပြီး ထည့်ထားတာ ရှိပေမယ့် ၊ "ကောင်းသောစစ်" ဆိုတာမျိုး အထိတော့ မလုပ်ခဲ့ကြတဲ့ တေးသီ ဆရာကြီးတွေကို မြင်ယောင်မိတယ် ။ အဲဒီလောက်အထိ မိုက်ရဲတဲ့လူ ဆိုလို့ကတော့ ကြီးကြီးငယ်ငယ် ဖနောင့်နဲ့ကို ပေါက်ဖို့ပဲ ရှိတော့တာပဲ ။
      တဆက်ထဲလည်း သတိရတာက ပျိုတိုင်းကြိုက်တဲ့ ပြည်သူ့တပ်မတော် သားကောင်း စစ်သည်ဟောင်းကြီးများ အကြောင်းပါ ။ ကိုယ့်ဘာသာတော့ ဟုတ်နေကြတာပါပဲ ၊ ဒါပေမယ့် ခေတ်လူငယ်တချို့ကတော့ သူတို့ရဲ့ ကျင့်ဝတ်နဲ့ သမိုင်းရဲ့ အမှန်ဖက် အခြမ်းကလို့ဆိုတဲ့ ကိုယ်ရည်သွေးချက်တွေကို မေးခွန်းထုတ်စ ပြုလာကြတဲ့ အနေထားကို မြင်လာရတယ် ။
      ဆိုခဲ့သလိုပါပဲ ။ တစ်ဖက်နဲ့တစ်ဖက် အသိမှတ်ပြု နေရာပေးပါမှ အတူလှေစီး ခရီးအတူသွားကြလို့ ရကြမှာပါ ။ လက်မ တကားကားထောင်ပြီး လှေဝမ်းဖောက်ရင်တော့ အားလုံးအတူတူ နစ်ကြရမှာပါပဲ ။
      ပြဿနာတစ်ခုက - ခေတ်အဆက်ဆက်မှာ ကျနော်တို့ ဒေသဝန်းကျင်မှာ အတွေးခေါ် ပညာရှင်တွေလည်း မထွန်းခဲ့ ၊ အင်ပါယာ တည်ရလောက်အောင်လည်း မစွမ်းခဲ့ ၊ တိုးတက်ကြီးပွား ရလောက်အောင်လည်း စိတ်မခိုင်ကြည်ခဲ့ ၊ လူနည်းစုနဲ့ သူတစ်ပါး အကျိုးစီးပွားကို လူ့ကျင့်ဝတ်တွေနဲ့အညီ အသက်ပေး ကာကွယ်လောက်တဲ့ အတွေးခေါ်မျိုးတွေလည်း မထွန်းကားခဲ့ဘဲ ၊ အားကြီးသူ လည်ဝယ်သူက တုံးအ အားနည်းသူကို အနိုင်ကျင့်တဲ့ အလေ့လောက်ကနေ မတက်နိုင် ခဲ့တဲ့နောက်မတော့ - မျှော်လင့်စရာဆိုလို့ စိတ်ကူးယဉ် အိပ်မက်သာသာတွေပဲ ရှိတော့တာပေါ့ ဆရာရယ် ။
      အဲဒီလောက်ကြီးတွေ ပြောပြန်တော့ ရွှေဖျင်းကြီး ရွှေဖျင်းလေး ၊ ငပွကြီး ငပွလေး ၊ နည်းနည်းပိုပြီး ကောင်းဆိုးတာတွေပဲ ပြိုင်နေရတဲ့ မြန်မာပြည်လို အခြေနေထားမျိုးမှာ ရင်မောပြီး ဘာမှကို မပြောချင်လောက်အောင်ပါပဲ ။ တစ်နေ့ဆံတစ်ချည် ပုဂံဘယ်ရွေ့မလဲလို့ စိတ်ထဲထားလို့သာ စကားကြီး စကားကျယ်တွေ ပြောဖြစ်နေတာပါဗျာ ။ ။
      Delete
  4. ဟား ကိုမန်းဒီတခါဘာ အမြီးလဲဗျ
    ခေတ်မှီအောင်မှောက်မလား လှန်မလား တက်မလား မတက်ဘူးလားရော မရေးတော့ဘူးလား
    အင်း ဘာသာတရားကို ခေတ်မြင်တို့ သမိုင်း အမြင်တို့  နဲ့  ချဉ်းကပ်မယ်ဆိုတော့ ကျွန်တော် သတိရလာလေးတွေ ပြောရအုံးမဗျ
    ပထမသတိရတာကတော့ ဆရာကြပ်ကလေးက ဖြူဒုတ်ဆိုတဲ့  ယုန်ကလေးအနေနဲ့  ရေးတဲ့  ယုန်ကလောဝါဒထဲကစာလေးပါ
    ချဉ်းကပ်ပုံ ( ခြင်းခတ်ပုံ) မှန်မှတဲ့  မမှန်ရင် ဘေးက လူတွေ နဖူးတွေ နောက်စေ့တွေ မသက်သာဘူးတဲ့ ဗျ
    နောက်တယောက်ကတော့ ထိုင်းတောရ အကျန်းကြီး ( ဆရာတော်ကြီး ) တပါးပါဘဲ ။
    ငါတောထွက်လာတုန်းကတော့  ဘယ်လောက်ဆို အပြီးဆို မှန်းလာတာဘဲ။ ခု နှစ် ၂၀ကျော်လာတော့ တရားတော်များ နှိုက်လေနက်လေမို့  အပြီးဆိုတဲ့  စကား ပြောကို မပြောရဲတော့ပါတဲ့ ဗျ ။
    အဲ နောက်တဦး ။
    ပြောင်းပြန်ဦးမောင်ကလေးဆိုတာ ။ ပြောင်းပြန်စတက်တော့ သူ့ ဆရာက ပယ်ခုတ်မခွဲ ကို ဘဲ ခိုင်းနေတာ ၃လကြာဆိုဘဲ ။
    နဲနဲ ကန်တန်တန် လုပ်လာတော့ ဆရာက ခေါ်သတဲ့  .။ မောင်ကလေး မင်း ပယ်ခုတ်မခွဲ တတ်ပလားဆိုတော့ တတ်တယ်ပေါ့ ။
    အဲတင် ကဲလာ၊ လုပ်ပြစမ်းဆို ရှေ့ မှာ ပယ်တဲ့ အချိန် သူ့ လက်ခေါက် နဲ့  ထုချတော့ မျက်နှာဘဲ ပယ်ပြီးခေါင်း မလွတ်တဲ့  ဦးမောင်ကလေး ခေါင်း ကွဲပါရောလားဗျ ။
    နောက်ဆုံးတော့ဗျာ ။ ဘုရားရှင် နဲ့ တရားတော်တွေကို ချဉ်းကပ်တဲ့ အခါမှာ ကိုယ့်ဘေးက တွေ့ နေတာလောက်ကို ပေတံ အဖြစ်မတိုင်းဘို့ လိုသဗျ ။
    ဘုရားရှင်တော်ရဲ့  မဟာ ဂရုဏာတော်ဟာ သူ့ သေကြောင်းကြံတဲ့  ဒေ၀ဒတ်ပေါ် ဂရုဏာ မပျက်သလို သားတော်ရင်း ရာဟုလာကိုလဲ သားတော်မို့ လို့  ၇နှစ်သားလေးနဲ့  ကိုရင်ဝတ်လာလို့  လို့  နဲ့  စည်းကမ်းပိုင်းကျ ညှာတော်မမူဘူးဗျ ။
    အဲလို မဟာတပ်ရတဲ့  ဂရုဏာတော်ကို ကိုယ့်ရှေ့ တွေ့ နေတဲ့  ဆရာတော် ၂ပါးလောက် ကြည့်ပြီး ဟုတ်လား ( တပါးက သူ့ ကုန်းဦးချနေတဲ့  မောင်ခင်ညွန့် လေး ချစ်တာပေါ့ ဆိုတာ ။ နောက်တပါးက သူ့ ကျောင်း ဘတ်ကီးရိုက်သွားတဲ့  ခင်ညွန့် ဆိုတဲ့ ကောင် တွေ့ ရာသုသန် အပြုတ်နှံမဟ ဆိုတာ ) သံသယတော့ မ၀င်မိစေနဲ့ ပေါ့ ဗျာ
    ( ဟာသဥာဏ်လေးနဲ့ တော့ဖတ်ဗျနော် ဆရာမန်း )
    ReplyDelete
    Replies
    1. ဒီတစ်ခါ အမြီးမဆွဲပါဘူး ဆရာတင့်ရဲ့ ။
      ဘာသာတရားကို ခေတ်မြင်တို့ သမိုင်းအမြင်တို့နဲ့  ချဉ်းကပ်တာလည်း မဟုတ်ရပါဘူးဗျာ ၊ သမိုင်းဆရာ ဝိဇ္ဇာဆရာတွေရဲ့ မှတ်တမ်းတင်ထားတာတွေကို ဘာသာပြန် တင်ပြရုံပါ ။ မိတ်ဆက်သဘောမျိုးပေါ့ ဆရာရယ် ။
      အကြောင်းရင်းက နှစ်ချက်ရှိပါတယ် ။
      ပထမတစ်ချက်က - ငယ်စဉ်ကတည်းက ကိုယ်တွေနဲ့ နီးနီးကပ်ကပ် ရှိနေခဲ့တဲ့ ဘာသာတွေကို ခုချိန်ထိ နားကန်းတစ်လုံးမှ မသိခဲ့တာကြောင့် ကိုယ့်လိုပဲ မသိသေးသူတွေကို ဖတ်မိသမျှ မျှဝေပေးဖို့ပါ ။
      နောက်တစ်ချက်က - နောင်ကိုလည်း မြန်မာပြည်မှာ အရာရာကို ခွဲခြမ်းစိတ်ဖြာတဲ့ ဝိဇ္ဇာပညာရပ်တွေ ထိထိရောက်ရောက် ပြန်သင်ခွင့် ရလာမယ့်အချိန်ကို ပြန်ရောက်လာဦးမှာပါ ။ ဒီဦးတည်ရာခရီး မရောက်ခင်မှာ ကျနော်က ကွက်လပ်သေးသေးလေး ဖြည့်လို့ရရင် ဖြည့်ပေးရုံလောက်ပါ ။
      ဘာသာရေးဟာ နေရာအတော်များများမှာ ယဉ်ကျေးမှု ၊ နေထိုင်မှု ဓလေ့နဲ့ လူတွေရဲ့ အပြုမူတွေအပေါ် သက်ရောက်မှု ကြီးကြီးမားမား ရှိနေတဲ့အရာပါ ။ စီးပွားရေး ၊ လူမှုရေး ၊ နိုင်ငံရေးတွေနဲ့လည်း ဆက်စပ်မှုတွေ ရှိနေပြီး နားလည်မှု လွဲခဲ့တာတွေကြောင့် မဖြစ်သင့်တာတွေ ဖြစ်ခဲ့ရသလို ၊ လက်လွတ်သွားတဲ့ အခွင့်လမ်းတွေလည်း မနည်းခဲ့ပါဘူး ။ ဒီတော့ ကမ္ဘာကြီးကို ပုံဖေါ်နေတဲ့ ဘာသာရေးဆိုင်ရာ အခြေခံ အချက်တွေကို လက်ဆင့်ကမ်းပေးဖို့ စိတ်ကူးတာဟာ အမြီးဆွဲတာလို့ ဆိုချင်သူများရှိရင်လည်း ခံပါမယ် ဆရာရယ် ။
      ဘယ်လိုပဲဖြစ်ဖြစ် ဆရာတင့်ပြောတာနဲ့ ယှဉ်ပြီးတွေးမိတာက - ကျနော်ရည်ရွယ်တာက သိုင်းဝတ္ထုထဲက သုံးသလို အပြင်အားအကြောင်း ဖြစ်နေပြီး ၊ ဆရာတင့် အထင်မှာ အတွင်းအား အကြောင်းလို့ ရောက်သွားပုံရတယ်လို့ပါ :-)
      ဒီတော့ ကျနော်တင်ပြဖို့ စဉ်းစားထားတဲ့ ပညာရှင်တွေရဲ့ ယေဘုယျ အပြင်ပန်းအချက်လက်တွေကို အတွင်းအနှစ်သာရတွေနဲ့ ရောထွေးပြီး စိတ်မပူပါနဲ့လို့သာ ပြောလိုပါကြောင်း ဆရာတင့်ရေ ... ။
      Delete
    2. အင်းး
      ဘီလိုကြောရမလဲဆိုတော့ဂါ
      ၀ ခုသိတာက သင်ဇာဘာဆိုလဲ အဲကလေးမတော့ သင်္ကြန်ကတာ တော်တော်လှတာဘဲ
      နောက်တာပါ ဆရာမန်းရယ် ။
      ဘယ်သူမှ မကောင်းဘူးလို့  မဆိုလိုပါဘူး
      ကောင်းတဲ့  အကွက်တွေ အတုယူစရာတွေ မနဲပါဘူး
      မကောင်းတဲ့  အခြေအနေကိုသာ ဘာကြောင့်ဖြစ်တယ်ဆိုတဲ့  အရင်းအမြစ် ကို ကြည့်ပြီး နောက် ကိုယ့်အလှည့်ကျ ဘယ်လိုဖြေရှင်းမယ်ဆိုတာ ကြည့်ရမှာပါ
      ဥပမာဗျာ တလောက ထိ ရှိနေသေးတဲ့  ( ခုတော့ မရှိတော့ဘူးပြောတာဘဲ ) ပေါ်တာ ပြသနာကြည့်ဗျ
      ဖြတ်ကြည့်ရင် စစ်တပ်မကောင်းလို့ ပေါ်တာဆွဲတာ ပြောမှာပေါ့
      ဖြစ်စဉ်ကို ပြန်ကြည့်မှဗျ
      ဖြစ်စဉ်က ၁၉၄၈မှာ ထောက်ပို့ က လားတပ် ၊ မော်တော်ယာဉ်တပ်ဆိုတာတွေ ရှိခဲ့တယ် ။ သူက ခြေလျင်တပ်ရင်း ၈ရင်း ၉ရင်းလောက်စာ ထောက်ပို့ တပ်
      အဲ အဲမှာပြည်တွင်းစစ်ဖြစ်တော့ ချဲ့ ချလိုက်တဲ့  တပ်က တရားဝင်ရော တရားမ၀င်ပါ ၁၉၅၅လောက်ကျ တပ်ရင်း ၃၀မကတော့ဘူး ။ ဒီကြားထဲ လားတပ်ကို ပို့ တဲ့  အရာရှိ အကြပ်တပ်သားဆိုတာ တကယ်နားလည်တဲ့ သူ မပို့ ဘဲ ရှေ့ တန်းတပ်တွေ သုံးမရတဲ့ သူတွေ ပို့ တော့ လားခမျာတွေ တိုးမလာဘဲ သေကုန်တာက ၇ှိသေး ။ အဲတင်စစ်က ကားလမ်း ရထားလမ်းဘေးကနေ လမ်းမရှိတဲ့  တောထဲ ရွေ့ သွားတော့ စောမြသန်တာ ဖြစ်ကရော ။
      လမ်းမှန်ကမ်းမှန် လားတပ်ချဲ့  ဆိုတော့လဲ နားလည်တဲ့ သူက မရှိ ၊ ဟယ်လီကော့ပတာဝယ်ဆိုတော့လဲ ပြည်တွင်းစစ်ကြောင့် ငွေဝင်နဲနေတဲ့  ( ၆၂မတိုင်ခင် ဗမာပြည်ကြီး ရွှေမိုးရွာနေတယ်ဆိုတဲ့ အာလုံးတွေ ဘေးချိတ်လိုက်ပါဗျာ ) အဲတင် စတော့လိုအပ်ချက်အရပါဘဲ ။ လမ်းတွေ့ တဲ့  ကောင်ဖမ်း ထမ်းခိုင်း ပြီး နေ့ တွက်ပေးလိုက်တာပေါ့ ။ ဒီကနေ အပေါက်ကောင်း (ပြေးရင်းလွှားရင်းချီးပုံဟပ်မိတဲ့ ခွေးလိုပေါ့လေ ) လေးတွေ့ ပုံက ပထမတော့ လူ ၂၀ကို ၅ရက်ထမ်းခိုင်းရင် စာရင်းပြတော့ လူ ၅၀ ၁၀ရက် ပြပြီးပိုတာ ဖြောင်တာဘဲ ။ အဲကနေမှ နောက်တော့ ပိုက်ဆံကတော့ တောင်းနေတာဘဲ ။ ထမ်းတဲ့ ကောင်တော့ ပေးကိုမပေးတော့တဲ့ ဘ၀ရောက်တော့တာဘဲ ။ ဒီအပေါက်လေးက ကောင်းနေတော့ သားစဉ်မြေးဆက်ပြောထုံးဖြစ်အောင်မဟုတ်တော့ဘဲ သားစဉ်မြေးဆက် စားသုံးဖြစ်အောင် ချလာတာကိုး ။ သို့ သော် သို့ သော် ဒါက ၆၂မှ စတာ မဟုတ်ရပေါင်ပါဗျာ ။ မန်းရန်ကုန်ကားလမ်းဘေးကနေ စစ်ရွေ့ သွားတဲ့  ၁၉၅၁ထဲက ဂွတ်တယ်ထင်ရင် ဒူးသားဒူးနေကြတာပါ။
      Delete
    3. ဒီလိုပြောလို့  လူကြီးတွေ အကုန်မကောင်းဘူး မဆိုပါဘူး ။
      ကောင်းကွက်တွေ ရှိပါတယ်
      တလောကလေးက ဦးလှဦး ဘလော့မှာရေးပို့ ပေးခဲ တဲ့  တပ်ရင်း ၃က မှူးချစ်မြိုင်ရဲ့  ၀က်ကော်တိုက်ပွဲ အပြီးလေးမှာ သူ့  မော်တာ ၂လက် သုတ်ပြေးတဲ့  တပ်နီ နဲ့ ရဲဘော်တွေ ကို လိုက်မဖြီဘဲ အင်းစိန်က သတ်မှတ်တဲ့  စစ်မြေကို ပြန်ဝင်တဲ့  တာဝန်ကို စိတ်ခံစားချက် အရှေ့ မှာထားနိုင်တဲ့ စိတ်ထားမျိုး တွေ နမူနာ ယူစရာပါ ။
      နောက် တခါ လူတိုင်းဆဲနေတဲ့  ဦးနေ၀င်းကို ကြည့်ဗျ
      ကောင်းကွက်ထဲကဆို ဂျပန်ပြေးခါနီးလေး သူ့ ကို သခင်စိုးက ဖြောင်ခိုင်းလိုက်တဲ့  ကိုဇော်ဖေဆိုတဲ့ သူက ၀န်ခံပြီး သူ့ ဆီဝင်လာတယ် ။ အဲတင် သခင်စိုးက ရဲနီ ကျော်ဝင်း လွှတ်ပြီး ကိုဇော်ဖေကို အသေနှိပ်စေခိုင်းတာကိုး။ ခေါင်းဆောင်ကြီးကိုစိတ်နာလာတဲ့  ကိုဇော်ဖေက သူ သခင်စိုး ဖြောင်ပရစေ ခွင့်ပန်လာတာကို ဦးနေ၀င်းဘဲ ဖြောင်ဖြတားခဲ့သဗျ
      အဲ အဲ အဲလို ပြောလို့  ကောင်းလှပြီထင်ပြီး ထိုင်တော့မကတော့နဲ့ အုံးဗျ ။
      နောင်အခါ သူ ဘေခံထိတဲ့  သူတွေ နဲ မှမနဲတာ ။
      ကောင်းတာလေး နမူနာယူ ။ သြော် သူ ဒါတော့ သည်းခံသားဟပေါ့ ။
      မကောင်းတာကျတော့ အင်း ။ ငါ့ကျ ကြည့်ရှောင်မှပေါ့ဗျာ
      Delete
    4. အင်း .. ရှောက်ပြောရင်တော့ လောက်တွေ တစ်ထွေးကြီး ကျလာမယ် ထင်ပါတယ် :-)
      အင်္ဂလိပ်ထွက်တော့ ထားခဲ့ပေးတဲ့ အစဉ်လာကောင်းတွေကို မျိုးချစ်စိတ်အပြည့်နဲ့ နင်းခြေခဲ့ကြတာတွေကို ဂုဏ်ယူဖို့ ရိုက်သွင်းပေးခဲ့တဲ့ တာဝန်ရှိသူတွေရဲ့ ဥသျှောင်ကြီး ဦးနေဝင်းအကြောင်းကို ဘယ်လိုပြောမှန်းတောင် မတွေးတတ်ပါဘူးဗျာ ။ တပ်ထဲက စီနီယာကြီးတစ်ယောက် အလိုအရ သခင်သန်းထွန်းကို လုပ်ကြံခဲ့သူဟာ တပ်ထဲမှာ လနဲ့ချီ လေ့ကျင့်ပေးပြီးမှ နေရာမှန်ရောက်အောင် ထည့်ပေးလိုက်တာလို့ ဆိုပါတယ် ။ ဘယ်သူ တာဝန်ရှိသလဲတော့ မပြောတတ်ပါ ။
      သက်ကြီးဝါကြီး တစ်ဦးရဲ့ အဆိုအရကျတော့ ဦးနုက "အင်္ဂလိပ်တွေနဲ့မို့ ငါတို့ လွတ်လပ်ရေး ရခဲ့တာ ၊ ပြင်သစ်လို ဟာမျိုးနဲ့ဆို သွေးချောင်းစီးမှာ" ပါတဲ့ ။
      ဆရာတင့်ပြောတဲ့ "ကိုယ့်အလှည့်ကျ ဘယ်လိုဖြေရှင်းမယ်ဆိုတာ" နဲ့ ပတ်သက်လို့ ကျနော်ကတော့ ဘာပြောရမှန်း မသိပါဘူး ။ ကိုယ်လည်း အရေးပါသူတစ်ယောက် ဖြစ်လာမယ်လို့ မျှော်မှန်းစရာ အကြောင်းမှ မရှိပဲကိုး ။ ဘေးထိုင်ဘုပြောလိုလို ဘာလိုလို အနေထားကနေ ခုထိတော့ ရှေ့တစ်မျှော်စာ မြင်ကွင်းက ရှင်းနေဆဲပါ :-)
      Delete
    5. အေးဗျ
      ကျွန်တ်ာဆိုတဲ့ ကောင်ကလဲ ပေါက်ကရဆို တယ်မှတ်မိတာဘဲ ။ တခါတလေကျ လူကြီး ရှက်မှာစိုးတာနဲ့ 
      ( လူကြီး ရှက်တာက တော်တော်ပါ ။ လူကြီးနားကပ်နေတဲ့  ငနာတွေ ၀ိုင်းဖြီမှာ ကြောက်တာနဲ့  အသာလေး အမြီးကုတ်နေရတာ မနဲပါဘူး)
      တနှစ်လောက်က အဘ မြ၀တီရဲခေါင်က မီးရထားနဲ့  ခရီးသွားကြတဲ့  လုပ်သားပြည်သူများဆိုတဲ့  လေသံနဲ့  ရှေးခေတ်ကောင်းကြောင်းတွေရေးလေတော့ ကျွန်တော့မှာ သူ ၁၉၅၀ တော်လှန်ရေး အထူထုတ် မြ၀တီမှာ ရေးခဲ့ တဲ့  ရဲဘော် နောက်လတွေ့ ကြသေးတာပေါ့ဆိုတဲ့  စာလေးကို ပြန်လည်ဆန်းသစ်ခြင်းလုပ်ပြီး သူ့ ကြော်ငြာအောက်က ထည့်ပေးချင်တာ မနဲ အောင့်ထားရဗျ ။
      အဲစာလေး ရှိနိုင်ပါသေးဗျာ ။ မေးစမ်းသာကြည့်ပါတော့
      Delete
    6. ဆစ်ဒ်နီအထိတော့ လူကြီးစိတ်ညစ်အောင် သွားမမေးပါရစေနဲ့ဗျာ ၊ မဲလ်ဘုန်းမှာ အေးအေးလူလူ နေပါရစေ ။ ရေးမယ့်ရေး ဆရာသာ ရေးလိုက်ပါတော့ ။ ဝိုင်းဖြည်သူတွေ ရှိရင်လည်း ဆရာဆိုခဲ့သလို ပယ် ၊ ခုတ် ၊ မ ၊ ခွဲ ကလးတွေသုံးပြီး ပညာပြန်ပေးလိုက်ပေါ့ဗျာ ။ ရှေ့က မားမားမတ်မတ် မရပ်ပေးရဲပေမယ့် ဆရာ့နောက်က ကျနော် ရှိနေပါ့မယ် :-)
      ကျနော် မှတ်သားမိသလောက်ကတော့ ကမ္ဘာ့ရွှေခေတ်ဟာ ၁၉၅၀ လောက်မှာ ကုန်သွားခဲ့ပါပြီတဲ့ (ကိုဝတုတ်ဆီမှာလည်း ပြောခဲ့ဖူးပါတယ်) ။ အဲဒီ နောက်ပိုင်းမတော့ အကောင်ထည်မရှိတဲ့ ငွေကြေးနဲ့ ကြွေးတွေကို ဖန်တီးပြီး နောက်မျိုးဆက်တွေ ပြန်ဆပ်ဖို့အတွက် လက်ဆင့်ကမ်းပေးရင်း ရှိတာထက် ဝင်ငွေမှန်ထက် ပိုဖြုန်းနေကြတယ်လို့ တရားသေ မှတ်ထားမိတာပါပဲ ။
      ဆိုချင်တာက လူတစ်ဦးစီ ဖန်တီးထုတ်လုပ်တဲ့ တန်ဖိုးနဲ့ သုံးစွဲတဲ့ တန်ဖိုးတွေဟာ ၁၉၅၀ ရှေ့ဖက်တုန်းက မျှတနေခဲ့ပြီး နောက်ပိုင်းမှာတော့ နောက်လူတွေ ပုခုံးပေါ်ကို ဝန်တွေတင်ပေးတဲ့ စနစ်မျိုး တီထွင်သုံးစွဲလာခဲ့တယ် ၊ ချိန်ခွင်လျှာ မညီတော့ဘူး ၊ ဆင်းရဲချမ်းသာ ပိုပြီး ကွာဟသွားတယ် ၊ စသည်ဖြင့် စသည်ဖြင့်ပေါ့လေ .. ။ တစ်ခုရှိတာက အဲဒါတွေက macro အဆင့်နဲ့ ပြောတာနော် ၊ micro မှာတော့ ဗျောက်သောက်ပေါ့ဗျာ ။
      ပြန်ကောက်ရင် လူကြီးသူမများပြောတာ မှန်သလောက်တော့လည်း မှန်ပါတယ် ၊ ဒါပေမယ့် သူတို့သိတဲ့ ပတ်ဝန်းကျင်လောက်နဲ့ စီးပွားရေးဖက်မှာ အင်မတန် ရိုးရှင်းတဲ့ အမြင်တွေနဲ့ မြင်ကြတာ များတာမို့ မျက်စိမှိတ် လက်ခံဖို့တော့ ခက်ပါတယ် ။ နောက်ပြီး ဆရာမြင်သလို ကမောက်ကမတွေ မြင်တဲ့အခါမျိုးမတော့ စိတ်ထဲက ကလိကလိ ဖြစ်လောက်ပါတယ်လေ ... :-)
      Delete
  5. ဘာသာရေး နဲ့  လူမှုရေးကတော့ ဂွတ်တယ်ထင်ရင် ဒူးသာပါဗျာ .။
    ကျွန်တော်မဖတ်ရဲတာ ဖြစ်နေရင်မျက်စေ့မှိတ်ထားပါ့မယ်
    ခု၂နှစ်လောက်ထဲ နက်ထဲ မျက်စေ့မှိတ်ထားတာ များနေလို့  အကျင့်ပါနေပါပြီ ။
    ReplyDelete
    Replies
    1. ဝိုင်းပစ်မယ့် ခဲ တုတ်တွေရဲ့ရန်က ကင်းစေဖို့လည်း ဝိုင်းမေတ္တာပို့လေဗျာ တရားဆရာကြီးရယ် ။ ဒီအတိုင်းတော့ ပစ်မထားပါနဲ့ :-)
      မဖြစ်လောက်ဘူးလို့တော့ မျက်စေ့မှိတ်ယုံပြီး ရေးရတော့မှာပေါ့ ဆရာရယ် ။ အချိန်လည်း ယူရပါဦးမယ် ၊ လောလောဆယ်တော့ အုပ်ပိတ်ထားတဲ့ လက်ချောင်လေးတွေ ဖြဲပြီးကြည့်လို့ ရပါသေးတယ် :-)
      Delete
  6. ဘယ်လိုပြောပြော၊ ဘယ်လိုပဲရေးရေး ဘာသာတရားနဲ့ပတ်သက်လာတဲ့ အသုံးအနှုန်းကိုတော့ သတိထား ဆင်ခြင်ပါဗျာ၊ ရွာအမှုကျောင်းမပတ်ဖို့ လိုတယ်။ ထိပ်ပြောင်တာကတော့ ဘုန်းဘုန်းပဲ မဟုတ်ဘူး၊ နဂိုဗီဇ က ပြောင်တဲ့လူရှိသလို ပြောင်အောင်ထားတဲ့ လူလဲတယ်ဆိုတော့ စွဲမိစွဲရာတော့ မကောင်းဘူးပေါ့ဗျာ
    ReplyDelete
    Replies
    1. ဘာမှ မရေးရင်တော့ အန္တရာယ် အကင်းဆုံးပေါ့ဗျာ ။
      ကျနော်လည်း စိတ်ကူးအဆင့်ပဲ ရှိပါသေးတယ် ။
      တကယ်တန်း ရေးအခါ အဌားခေါင်းပဲ ယူသုံးပြီး တာဝန်ခံခိုင်းတာမျိုး လုပ်သင့်လည်း လုပ်မှာပါ ။ အသုံးနှုန်းတွေက စာအုပ်ပြုစုသူတွေရဲ့ စကားပဲ ဖြစ်မှာပါ ။ ညွှန်းပေးတာကလွဲရင် ကျနော့် သို့မဟုတ် ဘာသာပြန်သူရဲ့ အတွေးအမြင်တွေ ပါမှာ မဟုတ်ပါဘူး ။
      ကျနော့်အမြင်မှာတော့ မြန်မာပြည်မှာ ကိုယ့်ကိုယ်ကို မှန်ထဲပြန်ကြည့်သလို ထင်ဟပ်တဲ့ အတွေးခေါ် ပညာ အလေ့ တွေကစလို့ အင်မတန် ကျဉ်းမြောင်းနေသေးပြီး ပျိုးထောင်ပေးဖို့ လိုနေပါတယ် ။ ပျိုးထောင်ဖို့က နောက်တစ်ဆင့်ပါ ၊ မိတ်ဆက်ဖို့ အဆင့်တောင် မရောက်နိုင်ရင်တော့ သူများနောက် ကျန်ရစ်ပြီး စီးပွားရေး နိုင်ငံရေး လူမှုရေးတွေ တန်းမမီရုံမက ဘာသာရေး လူမျိုးရေး ဒေသစွဲ အဆင့်တွေကနေ ထပ်ဆင့် တက်နိုင်ကြဖို့တောင် မလွယ်တာကြောင့် စိတ်ဝင်စားသမျှ ၊ လက်လှမ်းမီသမျှ တစ်နိုင်တစ်ပိုင် လက်ဆင့်ကမ်းဖို့ စိတ်ကူးနေတာပါ ။
      အကောင်းဖက်ကို ဦးတည်ဖို့ ကြိုးစားနေပေမယ့် ၊ အဆိုးတွေကိုလည်း မျှော်လင့်ပါတယ် ။ ရင်းနှီး ဆုံးရှူံးရတာတွေလည်း ရှိမှာပါ ။ အကျိုးလည်း သိသာချင်မှ သိသာပါလိမ့်မယ် ။ ဒါက ခုထိ ရှိနေတဲ့ အတွေးပါ ။ အချိန်နဲ့လိုက်ပြီး ပြောင်းလဲချင်လည်း ပြောင်းလဲသွား နိုင်တာပါပဲ ။
      Delete
  7. မန်းကိုကိုကတော့ အနီးဆုံးရန်သူကို ရှာဖွေတိုက်တတ်ပြီးကွာ...အားပေးပါတယ်၊ စိတ်သဘောထားလဲ ကျနော်ထက် သာပါတယ်။ ချွာ်တ်ာတာ်လ၀့် ထီသိုဝ် သဲုးသဲုး၀၀်၀၀်ဏှ် သာဏင်းဃှေဝ်။ မွဲာမေင်.စိင်လ်ုမွဲာ ၀းသီး သာသီ့အှ်ထီ့ဆာယုဂ်။ အှ်ဆံင်းအှ်ခှါင့်ဟှဝ်။
    ReplyDelete