ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ
Wednesday, March 14, 2012
တိုတိုတုတ်တုတ်
     အချိန်မရလို့ တိုတိုပဲ ရေးပါမယ် ။
(၁)  မန်းငြိမ်းမောင် တစ်သက်တစ်ကျွန်း
     မန်းငြိမ်းမောင် တစ်သက်တစ်ကျွန်း + ၃ နှစ် စီရင်ချက်ချခံရတော့ ဘာဖြစ်သလဲ ။ သဲသဲလှုပ်ကြ
သပေါ့ ။ ကျနော် ဘာထင်သလဲ ၊ သူ့အလုပ်သူလုပ် ကိုယ့်အလုပ် ကိုယ်လုပ်တယ်လို့ မြင်တယ် ။ သူ
ပုန်တစ်ယောက်ကို ထောင်ချတာ မဆန်း ။
     ဆန်းတာက ထောင်ချပြီးမှ သမ္မတအမိန့်နဲ့ ပြန်လွှတ်မယ့် အထာ ။
     အဲဒီလို လွှတ်တော့ကော မကောင်းဘူးလား ၊ ကောင်းတာပေါ့ ၊ ဒါပေမယ့် ရုပ်ဆိုးသွားပြီ ။
ပြစ်ဒဏ်လျှော့ပေါ့ချင်ရင် ကြံဖန်ပြီး အကြောင်းပြချက်တွေ ပြလို့ရတာ အများကြီးလေ ။ ခုတော့
တရားရေးကို လွတ်လပ်သယောင် လုပ်ပြချင်တာနဲ့ အမူလွန်သွားတယ် ။
     မကောင်းဘူးလားမေးရင် နောင်မှာ တရားဥပဒေ လွတ်လွတ်လပ်လပ် အကောင်အထည်ဖေါ်ဖို့
လမ်းကြောင်းပွင့်လာပြီး သာမန်ပြည်သူတွေအတွက် ကောင်းပါတယ် ၊ ဒါပေမယ့် လူအများရဲ့ (ခွင့်
မလွှတ်ပေမယ့်) ကြေအေးတာတွေကို ခံယူရမယ့် လူဟောင်းတစ်သိုက်အတွက်တော့ တွေးတတ်ရင်
ကျောချမ်းစရာ ။ နောက်တစ်ခုက ငြိမ်းချမ်းရေး လက်မှတ်ထိုးတာ အဆင်မပြေလို့ ကြမ်းပြတာဆို
ရင်တော့ လိုချင်တာနဲ့ လွဲပြီလို့ ပြောရမယ် ။ အကြမ်းနည်းဟာ အကြမ်းကိုပဲ ပြန်ပေးတတ်တယ် ။
(၂)  ရွှေမန်း လေပန်းသလား
     ဦးရွှေမန်းပြောတယ် ၊ ဝန်ထမ်းတွေ လစာတိုးပေးပါတဲ့ ။ ဝမ်းသာပါတယ် ၊ ဖြစ်သင့်တာကြောင့်
ကြိုဆိုပါတယ် ။
     သက်ဆိုင်ရာ ဝန်ကြီးက ပြန်ပြောတယ် ၊ ပေးစရာ ငွေမရှိဖူးတဲ့ ။ ဟုတ်တယ်လေ ၊ မျက်လုံးမှိတ်
ထားရင်တောင် သိနေတာပဲ ၊ တိုးပေးမယ်လို့ပြောရင် ရွှီးတာပဲ ။ နောက်ပြီး ငွေတွေလှိမ့်ရိုက်ပြီး လ
စာတိုးပေးရင် လည်း ငွေကြေးဖောင်းပွတဲ့ ပြဿနာ တက်သွားမယ် ။ ဒါက ဘာမှလုပ်လို့မရ ၊ လူ
တွေရဲ့ ယုံကြည်မှုနဲ့ပဲ ဆိုင်တယ် ။
     ဘာဖြစ်သလဲ ၊ သိသိကြီးနဲ့ လုပ်တာဖြစ်တာကြောင့် လေ့လာစောင့်ကြည့်သူတွေပြောသလို လူ
ဆိုး လူကောင်းတမ်း ကစားပြတာလို့ သံယ ရှိစရာပဲ ။ သံသယ ရှိစရာမလိုတာက ဦးရွှေမန်း အ
မတောင့်နေပြီ ၊ သီလစောင့်နိုင်ပြီ ၊ သိက္ခာနဲ့ သမိုင်းသစ်ကို တည်ဆောက်ဖို့ပဲ လိုတော့တယ် ။ ငွေ
အားစိုက်ပြီး အချိန်ယူလိုက်ရင် အိုကေပဲ ။
     နမူနာတွေရှိတယ် ။ ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင် ၊ အီတလီဝန်ကြီးချုပ် ဘာလူစီနီ ၊ ပြိုင်ဖက်
တွေ လုပ်ကြံလိုက်တဲ့ လက်ဘနွန်က ဟာရီရီ ။ ဘီလီယံနာဖြစ်အောင် အရင်လုပ် ၊ ပြီးမှ အနားယူ ။
လူတွေ အဖွဲ့စည်းတွေကို ငွေအားနဲ့ခု ။ နိုင်ငံရေးမှာ ထိပ်ဆုံးကိုတက် ၊ ရှယ်ပဲ ဘာလိုသေးလဲ အခြစ်
ယ် ..  :-)
     (ရေးနေရင်းနဲ့ လစာတွေ တိုးပါတော့မယ်တဲ့ ၊ အင်း .. ကုလားဖန်ထိုးပြီ .. ရှုပ်တော့မယ် )။
(၃)  ဂျပန်ကြီး ပါးရိုက်တော့ ဘာဖြစ်
     အမျိုးသားရေးစိတ်တွေ ဟုန်းကနဲ ထလောင်တာပေါ့ ၊ အမျိုးသမီးကို အစော်ကားခံရတာကိုး  :-)
     သို့သော် သို့သော် မကြာတော့ပါဘူး ကမ္ဘာလှည့်ခရီးသည် စူနာမီလှိုင်းကြီး ရောက်ကောင်း ရောက်
လာပါတော့မယ် ။ အဲဒီကျရင် ဟုန်းဟုန်းကနေ ဟုတ်ဟုတ်ဆိုပြီး မှိတ်တုတ်မှိတ်တုတ် ဖြစ်ရတော့မယ် ။
ထိုင်းနိုင်ငံကို နမူနာကြည့်လို့ရတယ် ။ Khao San ဆိုတဲ့ တစ်နေရာပဲကြည့် ၊ တစ်နေ့တစ်နေ့ ရှင်းရတဲ့
အမှုတွေက ရာနဲ့ချီနိုင်တယ် ။
     ဟုတ်ကဲ့ သူတို့နဲ့ မတူဘူးလို့ မာန်မတင်းလိုက်ပါနဲ့ ၊ တားလို့ မရကောင်းတာတွေ ဖြစ်လာမှာပါ ။
ပြည့်တန်ဆာလုပ်ငန်းလို နှစ်ပေါင်းထောင်နဲ့ချီပြီး တည်တံ့ခဲ့တဲ့ အသက်မွေးမှုလုပ်ငန်းကို ၊ မနေ့တစ်
နေ့ကမှ မွေးလာသူ အနေနဲ့ ၊ တားဆီးဖို့ထက် မကောင်းကျိုးနည်းအောင် စနစ်တကျ ထိန်းကွပ်ဖို့ပဲ
လုပ်လို့ရမယ်ဆိုတာမျိုး ကြိုတွေးထားသင့်ပါတယ် ။
(၄)  တရုတ်ကြီးက ဗမာခေါက်ဆွဲကို ပယ်တော့ ဘာဖြစ်
     အတွေ့ကြုံ ယူသင့်တာပေါ့  ၊ နောင်ကို ဒီလိုတွေ အများကြီးဖြစ်ဦးမှာ ။ အထူးသဖြင့် မြန်မာပြည်
လို အောက်ကျနောက်ကျ သမားအတွက် အနာဖက်ကချည်း ။ ရင်းနှီးမြုပ်နှံမှုနဲ့ နိုင်ငံတကာ ကုန်သွယ်
ရေးကို လေ့လာပြင်ဆင်နိုင်ကာမှ သက်သာမယ် ။
     စာအုပ်ထဲမှာ နိုင်ငံတကာ ကုန်သွယ်ရင်းနှီးမြုပ်နှံတာနဲ့ပတ်သက်လို့ -
  -  နယ်မြေ အနီးအဝေး
  -  စားသုံးသူ (ယဉ်ကျေးမှု ၊ လူဦးရေနဲ့ အသက်အုပ်စု ၊ အခြေခံစိတ်ထား၊ ဝင်ငွေ)
  -  အထောက်ကူပြု အင်္ဂါ (ဘဏ် ၊ လမ်းပန်း ၊ စွမ်းအင် ၊ ဥပဒေ)
  -  နိုင်ငံရေး စီးပွားရေး စစ်ရေး လူမှုရေး အစစအရာရာ တည်ငြိမ်မှု
  -  ကုန်ကြမ်းနဲ့ လုပ်အား
  -  ပြိုင်ဘက် ၊ အသာရမှု ၊ ကိုယ့်ကုပ္မဏီ အခြေအနေ
  -  အလားအလာ စသဖြင့် စသဖြင့်တွေကို ကြည့်ဖို့လိုပါတယ် ။
     ဒါပေမယ့် ဒီအချက်တွေ မပြည့်စုံလည်း ကုန်သွယ်မှုနဲ့ ရင်းနှီးမြုပ်နှံမှုတွေက လာကြမှာပဲ ။ လက်
ဦးမှုရအောင် ၊ မသိသေးသူတွေကို အမြတ်ထုတ်ရအောင် ၊ မလိုချင်တာတွေ လွှတ်ထုတ်ရအောင် အ
ကြောင်းကတော့ အမျိုးမျိုးရှိကြမယ် ။ အစိုးရက ဦးဆောင်ပြီး ပညာရပ်တွေ ဖွံ့ဖြိုးအောင်နဲ့  လက်ဆင့်
ကမ်းတာတွေ ကာကွယ်တာတွေ လုပ်ရင်လုပ် ၊ မလုပ်ရင် ကျုပ်တို့ ပြုတ်ကြတာပေါ့ဗျာ ။
(၅)  လွှတ်တော်အမတ်တွေ တော်တယ်
     လွှတ်တော်ထဲမှာ အမတ်တချို့ အဆိုတင်တယ် ၊ စစ်တပ်နဲ့ ပြည်သူအထင်မလွှဲစေဖို့ အရပ်ဖက်
မှာ စစ်အရာရှိတွေ မခန့်ဖို့ပါ ။ ဒါ ကျဉ်းကျဉ်းကျပ်ကျပ် ထဲမှာလျှောက်ရင်း ထောက်လက်သီးတစ်လုံး
ပစ်သွင်းတာ ။ ဒါကို ကျနော်က သတ္တိရှိတယ်လို့ ခေါ်တယ် ၊ ချီးကျူးတယ် ။ (လင့်)
    ဗိုလ်မှူးကြီးတွေက ပြန်ချေပတယ် ၊ လေ့ကျင့်ပေးပြီးမှ ခန့်တာပါတဲ့ ။
    ကျနော်လည်း အဆိုတစ်ခုတင်ချင်တယ် ။ ငြိမ်းချမ်းရေးလုပ်တဲ့ တပ်တွေက အရာရှိတွေကို လေ့
ကျင့်ပေးပြီး အရပ်ဖက်မှာ ရာထူးကြီးတွေ ခန့်ပါ ။ သူတို့လည်း လက်နက်ကိုင်ပဲလေ ၊ တစ်မူးတော့
ပိုရှူဖို့ မလုပ်ပါနဲ့ ။ မခန့်နိုင်ရင် အရပ်သားရာထူးတွေကို ကိုယ်တိုင်လက်ရှောင်ပါ ။
(၆)  ၅၀၀၀ တန်ဖုန်းကဒ်
     စီးပွားရေးမှာ ဈေးကွက်တစ်ခုကို ဝင်တိုးတဲ့အခါ ထိုးဖောက်ရတယ် ၊ ဈေးကွက်ဝေစုကို သူများ
ထက်ထူးတဲ့ ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေနဲ့ မျှားရတယ် ။ အမှားမဟုတ်ပါ ။ နောက်တစ်ခုက အ
မြတ်ကို အလီလီခွဲပြီး ယူတဲ့နည်း ။
     ဒီနှစ်ခုက ၅၀၀၀ တန်ဖုန်းကဒ်ကိစ္စမှာ ပတ်သက်နေနိုင်တယ် ။ ဘယ်လိုဖြစ်ဖြစ် စီးပွားကျင့်ဝတ်
တွေ ဖောက်ဖျက်တာမဟုတ်လို့ ကန့်ကွက်စရာတော့ မရှိ ။
(၇)  ဦးသိန်းစိန်
     မြစ်ဆုံကိစ္စ ရွစိရွစိ ပြန်ဖြစ်လာပြန်ပြီ ။
     ကိုမင်းအောင် ဆိုခဲ့တဲ့ သီချင်းလေးကို ဦးသိန်းစိန် သိမှာပါ ။
     ဘကြီးအောင် ညာခဲ့သလားကွယ် .... တဲ့ ။
     ပြီးရင် တိုင်းရင်းသားနဲ့ အခြားစီမံကိန်း တွေကစလို့  အများကြီးရှိသေးတယ် ၊
     မလိမ့်တစ်ပတ် မဖြစ်ပါစေနဲ့ ဦးသိန်းစိန် ။
မန်းကိုကို
၁၄ ၊ ၀၃ ၊ ၂၀၁၂
15 comments:
  1. စိတ်ထဲမှာ "ခု" နေတာလေး တစ်ခုပါ ။
    ဘင်္ဂလားဒေ့ရှ်နဲ့ အငြင်းပွားတဲ့ကိစ္စမှာ နိုင်ငံတကာခုံရုံးက ဆုံးဖြတ်ပေးလိုက်တာကို (မျဉ်းကြောင်းအတိုင်း) ယေဘုယျကြည့်လိုက်တော့ မဆိုးလှပါဘူး ။ ဒါပေမယ့် ပြဿနာက "မျဉ်းတစ်ချောင်းလုံး ဖြောင့်နေပြီးကာမှ ဘာလို့ ထိပ်စကလေးမှာ ကွေးကောက်ကောက် ဖြစ်နေရသလဲ" ဆိုတာပါ ။
    ခုထိ ပြောနေကြသူ အများစုဟာ ဂဃနဏ သိလို့မဟုတ်ပဲ လက်လှမ်းမီသမျှ ဆွဲယူပြောဆို နေကြတယ်လို့ ယူဆတယ် ။ နောက်ပြီး ဒီလိုအရေးကြီးတဲ့ အရေးမျိုးမှာ မြန်မာပြည်သူ ပြည်သားတွေကြားမှာ ယူဆချက်တွေ အတော် ကွာဝေးနေကြတယ်လို့လည်း မြင်မိတယ် ။
    တစ်နေရာမှာ ဖတ်မိတာတော့ ရှင်မဖြူကျွန်းပါ ပါသွားတယ် ဆိုပါတယ် ။
    ဘယ်လိုပဲဖြစ်ဖြစ် မြန်မာပြည်ဖက်က ပြဿနာကတော့ -
    - အာဏာပိုင်တွေရဲ့ ပွင့်လင်းမြင်သာမှု မရှိတာကြောင့် ပြည်သူမှာ ဘယ်ကနေ ဘယ်လိုစပြီး ရင်ဆိုင်ရမယ်ဆိုတာတောင် မသိရတဲ့ ကိစ္စပါ ။
    လုပ်လို့ရတာတွေကို တွေးကြည့်တော့ -
    - မြန်မာပြည်အနေနဲ့ လုံးဝလက်မခံပဲ "ဘူး" လုပ်ပြီး ငြင်းလို့ ရပါတယ် ။ (အရင်ကလည်း နိုင်ငံတကာမှာ အရှက်မရှိ လုပ်နေခဲ့သေးတာပဲ ၊ ဘာလို့ ထပ်မလုပ်ရဲရမှာလဲ ၊ တကယ်ပြောတာပါ အထူးသဖြင့် လက်နက်စင်္ကြာရှင်တွေကို ပြောနေတာပါ) ။
    - မြန်မာပြည်သူတွေအနေနဲ့ လက်ရှိအစိုးရဟာ (မဲလိမ်တာ အပါဝင်) ပြည်သူ့ဆန္ဒ အပြည့်အဝနဲ့ တက်လာခဲ့တဲ့ အစိုးရ မဟုတ်တာကြောင့် ပြည်သူ့ဆန္ဒ အစစ်အမှန်ကို ကိုယ်စားမပြုပဲ လုပ်ကိုင်ခဲ့လို့  တရားရုံး ဆုံးဖြတ်ချက်ကို (အခု မဟုတ်ရင်လည်း နောင်အချိန်မှာ) ပြည်သူ့ဆန္ဒ ဖေါ်ထုတ်တဲ့နည်းနဲ့ (စုဝေး ဆန္ဒပြတာမျိုးနဲ့) ပြောင်းပြန်ဖြစ်အောင် လုပ်လို့ရပါတယ်) ။
    အခြားတစ်ဖက်မှာလည်း ဘင်္ဂလားကုလား ၊ မွတ်ဆလင် ၊ လူဦးရေ စတာတွေကို စိတ်ထဲက ဖယ်ပြီး တွေးနိုင်ကြပါမှာ အမြင်ရှင်းနိုင်ကြပါမယ် ။ အမြင်ရှင်းမှ ယထာဘူတကျတဲ့ အဖြေနဲ့ နီးစပ်နိုင်ကြပါမယ် ။ (facebook မှ)
    ReplyDelete
  2. ထည့်ရေးဖို့ မေ့နေတာတစ်ခုက ကြားဖြတ်မဲလိမ်ပွဲ အဲ .. ကြားဖြတ်ရွေးကောက်ပွဲ ကိစ္စ ။
    နိုင်ငံတကာက စောင့်ကြည့်လေ့လာသူတွေ ဖိတ်ခေါ်ဖို့နဲ့ ဘက်မလိုက်တဲ့ စောင့်ကြည့်လေ့လာသူတွေ ထားဖို့ရာမှာ ဘာမှကို လေသံကျယ်ကျယ် မကြားမိသေးဘူး ။ အလိမ်ခံလိုက်ရပြီးမှ ဝူးဝူးဝါးဝါး လုပ်ကြတာထက် မလုပ်ခင်ကတည်းက ဘာအာမခံချက်တွေ ယုံကြည်စရာတွေ ရှိပြီလဲဆိုတာ ယှဉ်ထိုးဆုံးဖြတ်ပြီး ဘယ်လိုလုပ်သင့်တယ်ဆိုတာ လမ်းစဖေါ်ဖို့ လိုနေပြီလို့ ယူဆတယ် ။ အရင်းမစိုက်ပဲ ဦးသိန်းစိန် ဦးရွှေမန်းတို့ရဲ့ လေအာမခံနဲ့တင် လှေထိုးလိုက်ရင်တော့ ပွက်ပွက်ညံစရာ မြင်တယ် ။
    ReplyDelete
    Replies
    1. နောက်တစ်ခုက
      "ကရင်နီအမျိုးသားတိုးတက်ရေးပါတီ K.N.P.P. နဲ့ အစိုးရဆွေးနွေးပွဲကို ဗုဒ္ဓဘာသာနဲ့ခရစ်ယာန်ဘုန်းတော်ကြီးများအပါအဝင် အမေရိကန်သံမှူး၊ ဗြိတိသျှဒုအတွင်းဝန်နဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာဌာနေကိုယ်စားလှယ်တို့လည်း တက်ရောက်ခဲ့ကြောင်း၊" ဆိုတာလေးပါ ။
      ကြည့် ကြည့် .. အရမ်းလှတဲ့ ရိုက်ချက်လေး :-)
      KNU တို့ ၊ KIO တို့ ၊ "ဝ" တို့နဲ့ ဆွေးနွေးတဲ့ ပွဲတွေမှာတော့ လုပ်ပါလား .. ဟဲ ဟဲ ဘယ်လုပ်လိမ့်မလဲ ၊ ကြွေသွားမှာပေါ့ :-)
      Delete
  3. ဦးရွှေမန်းကိုတော့အစိုးရအဖွဲ့ထဲမှာအတော်ဆုံးလူကောင်းတဦးလို့မြင်ပါတယ်။
    မြစ်ဆုံကိစ္စကတော့ပြောရန်အလွန်ခက်သည်ဟုထင်ပါသည်။
    ကွဲလွဲသော ကျနော့်သဘောထားအမြင်ပြောရ ရင်မြန်မာနိုင်ငံအတွက်ဆည်များစွာလိုအပ်
    နေသေးသည်ဟုထင်ပါသည်၊သို့သော်လည်းကောင်းမွန်ခိုင်ခံ့သောဆည်များဖြစ်ရန်နှင့်ပြည်သူ
    များကိုအကျိုးပြုစေမည့်ဆည်များဖြစ်ရန်အရေးကြီးပေမည်။
    မန်းကိုကို သိတဲ့အတိုင်း ကရင်ပြည်နယ်တွင်ဆည်မြောင်းဦးစီးဌာနရှိသော်လည်းဆည် ဆို၍
    ဘားအံ ကန်သာယာတခုသာရှိတာပါ။ကန်သာယာတည်ဆောက်ပြီးနောက်ပိုင်းမြို့ပို၍လှပလာ
    သည်နှင့်အတူရပ်ကွက်များအတွင်းရှိရေတွင်းရေကန်များနွေရာသီရေခန်းခြောက်မှုမှကာကွယ်
    သကဲ့သို့ရှိပါတယ်။ကန်သာယာရေနည်းလျှင်ရေတွင်းများလည်းနွေရာသီရေနည်းကြပါတယ်။
    ဌာနများစွာလျှော့ချသင့်ပါတယ်။
    ReplyDelete
  4.ှီုဦးရွှေမန်းကို အတော်ဆုံး လူကောင်းတစ်ဦးလိုမြင်တာ သူ့ရဲ့ ဖြစ်စေချင်တဲ့ လမ်းပါပဲ ။
    မှားတယ်လို့ ပြောလို့မရပေမယ့် အပေါ်မှာပြောခဲ့သလို သူ့အနေနဲ့ အူမတောင့်ရုံတင်မက လုံလောက်တဲ့ ငွေကြေးနဲ့ အနေအထားတစ်ခုကို ရထားပြီး ဖြစ်တာဟာ ထည့်တွက်ရမယ့် ကိစ္စတွေပါ ။
    မြစ်ဆုံကိစ္စက ပြောဖို့ သိပ်မခက်ပါဘူး ။ အရွယ်အစား ၊ ပတ်ဝန်းကျင် ထိခိုက်မှု ၊ ကန်ထရိုက်စာချုပ် အပါအဝင် နည်းလမ်းမကျတဲ့ လုပ်ကိုင်ပုံတွေ ၊ မေးခွန်းထုတ်စရာ အများကြီးရှိနေတဲ့ အစိုးရအဖွဲ့နဲ့ သူတို့ရဲ့ ပြည်သူ့အမြင် ပြည့်သူ့အကျိုးကို မျက်ကွယ်ပြုတာတွေ ကစလို့ကြည့်ရင် ကန့်ကွက်ဖို့ရာ လုံလောက်တဲ့ အကြောင်းရင်းခံတွေ ရှိနေပါတယ် ။
    မြန်မာပြည်မှာ ဆည်တွေ အများကြီး လိုနေသေးတာ သေချာပါတယ် ။ sawthanlwin ပြောသလို ကောင်းမွန်ခိုင်ခံဖို့နဲ့ ပြည်သူ့အကျိုးပြုဖို့ သာမကပါဘူး ၊ အဆိုး အကောင်း အကျိုးသက်ရောက်မှု လုပ်ပုံကိုင်နည်းနဲ့ ထိန်းသိမ်းမှုတွေကို အားလုံးထည့်တွက်ရမှာပါ ။ လုပ်တာတော့ အများကြီး လုပ်ရဦးမှာပါ ၊ အများအကျိုးကို ရှေ့ရှုတဲ့ ၊ ပြည်သူတွေကို မျက်နှာမူ တာဝန်ယူမယ့် အစိုးရလက်ထက်မှာ လုပ်ဖို့လိုပါတယ် ။
    ဘားအံက ကန်သာယာကတော့ ကောင်းတာတွေ ရှိပါတယ် ။
    အထူးသဖြင့် မြို့ဂုဏ်ဆောင် အပန်းဖြေကန်တစ်ကန် အနေနဲ့ ရပ်တည်ရုံမက sawthanlwin ပြောခဲ့သလို ရေတွင်းတွေ ရေမခန်းအောင် အထောက်အကူ ဖြစ်တာတွေဟာ အပေါင်းလက္ခဏာတွေပါ ။
    အရင်းက ပြန်စစ်လိုက်ရင် -
    - အရင်က အဲဒီနေရာဟာ စပါးစိုက်ကွင်းတွေပါ ။ ဒီတော့ မြေသိမ်းခံရပြီး မစို့မပို့ လျော်ကြေးရပြီး မိသားစု ဘယ်နှစ်စု ဘဝပျက်ခဲ့သလဲ တွေးရပါမယ် ။
    - နောက်တစ်ခုက ကန်ဟာ ဆေးရုံနဲ့ ကပ်လျက်ဖြစ်နေတာကြောင့် ဆေးရုံအညစ်အကြေးတွေ လုံးဝကင်းရှင်းဖို့ ဘယ်သူ အာမခံနိုင်မလဲဆိုတာ စဉ်းစား ကာကွယ်ဖို့ လိုပြန်ပါတယ် ။
    - ဒါ့ပြင် ကန်ဟာ (အတင်းအကြပ် လူထုလုပ်အားနဲ့) ဘယ်လိုပဲ တူးခဲ့တူးခဲ့ အချိန်တန်တော့ ကောတာပါပဲ ။ ဘယ်လို ထိန်းသိမ်းရမှန်း မသေချာ ၊ ငွေကြေးလည်း မရှိတဲ့ အနေထားကလည်း ထည့်တွက်ဖို့ လိုပါတယ် ။
    - မိုးတွင်း ရေတွေပြည့်လို့ ကန်ရေတွေလွှတ်/လျှံကျတဲ့အခါ ငါးကြင်းတွေ ရေလွှတ်တဲ့နေရာက အထက်ကိုတက်ပြီး ဥဥဖို့ ကြိုးစားတာကိုလည်း တွေ့ဖူးမယ် ထင်ပါတယ် ။ တက်လို့ ဘယ်လိုမှ မရပဲ ၊ ငါးဖမ်းသူတွေလက်ထဲမှာပဲ ကိစ္စပြီးကြရတာ များပါတယ် ။ (ကန်အောက်ပိုင်းမှာ ခဏပဲခံတဲ့ ရေမြုပ်ကွင်းကလေးပဲ ရှိပါတယ်) ။ ဒါဟာလည်း သဘာဝ ဂေဟစနစ်နဲ့ ဒေသခံတွေရဲ့ ရေရှည် ရိက္ခာ စဉ်ဆက်မပြတ် လုံလောက်ဖို့ အရေးတွေနဲ့ ပတ်သက်ပါတယ် ။
    ဝန်ထမ်း လစာတိုးတာ (ဟုတ်ပါတယ်) ဝမ်းသာပါတယ် ၊ ဒါပေမယ့် ဒါဟာ ရေတိုအတွက် ဆေးမြီးတိုနဲ့ ခဏကုထားတဲ့ ပုံစံပါ ၊ ရေရှည်မှာ အထူးသဖြင့် ငွေးဖောင်းပွမှုတွေ လစာနှုန်းထက် အတက်နည်းအောင် ဘက်ပေါင်းစုံက တိုးတက်ဖို့တွေ လုပ်ဖို့လိုနေပါသေးတယ် ။ မလုပ်နိုင်ရင်တော့ အတူတူနဲ့ အနူနူပဲ ပတ်ချာလှည့်နေမှာပါ ။ အစိုးရဌာနတွေ လျော့ချဖို့ကို သဘောတူပါတယ် ၊ အရင်ပို့မှာလည်း ဝန်ထမ်းလောက ပြုပြင်ပြောင်းလဲဖို့ ပြောခဲ့ပါသေးတယ် ။
    ReplyDelete
  5. kkk: - မန်းကိုကိုရေ မန်းငြိမ်းမောင်နဲ့ပတ်သက်တဲ့ comment က သိပ်ပြီးပေါ့ရွှတ်ရွှတ်လွန်းတယ်. ဦးနှေက်နဲ့ပြောနေတာကိုနားလည်ပါတယ်။ ဒါပေမဲ့နှလုံးသားနဲ့ဖြစ်စေ. ဖြစ်သင့်တဲ့အပိုင်းကဖြစ်စေ လေးလေးနက်နက်တွေးသင့် ရေးသင့်တယ်လို့ထင်ပါတယ်။ အချိန်မရရင်လည်းဖြစ်သလိုရေးလို့ရတယ် ဆိုတာတော့ပဖြစ်စေချင်ဘူး
    မန်းကိုကို: - ဆောရီးပါ ဟုတ်ပါတယ် ၊ အတိုးချုံးတာ သိပ်လွန်သွားလို့ပါ ။ အခြား တစ်ဖက်မှလည်း usual suspect ငပွကြီးတွေကို မကောင်း ပြောရမှာကိုက အချိန်တိုအတွင်းမှာ စကားလုံး ရှာမရလောက်အောင် စိတ်ကုန်လွန်းလို့ပါ ။
    ReplyDelete
    Replies
    1. ဖထီး မန်းငြိမ်းမောင်ဟာ အစဉ်လာရှိတဲ့ နိုင်ငံရေး အတွေးခေါ်ရှိတဲ့ ခေါင်းဆောင်တစ်ယောက်ပါ ။ ကျနော့်အနေနဲ့ ဘယ်လိုမှ နှိုင်းယှဉ်ဖေါ်ပြလို့ ရကောင်းသူ မဟုတ်သလို မလေးမစား စည်းလွတ်ဝါးလွတ် ပြောတဲ့သဘောတော့လည်း မဟုတ်ပါဘူး ။
      ကရင်အသိုင်းဝိုင်းမှာ ခံစားချက်ကို ရှေ့တန်းတင်သူ များနေချိန်မှာ ကျနော့်အနေနဲ့ ချိန်ခွင်လျှာ ညှိတဲ့အရေးအသားကို အချိန်ရသလောက် ရေးလိုက်တဲ့ သဘောလောက်ပါ ။
      ဒါပေမယ့် ကျနော်သာ သူ့နဲ့ သွေးသား သို့မဟုတ် တစ်နည်းနည်း တော်စပ်နေရင်တော့ စိတ်ခံစားမှုနောက် အနည်းနဲ့အများ လိုက်မိမှာ အမှန်ပါ ။ အဲဒီ အခါမျိုးမှာ ခံစားချက်ကို ဘေးဖယ်ရခက်သူ ကျနော့်အနေနဲ့ အပြောအဆိုနဲ့ ဆုံးဖြတ်ချက်တွေကို မလုပ်မိဖို့ အရမ်းကာရော မလုပ်မိဖို့ ကြိုးစားရပါ လိမ့်မယ် ။ တစ်ဆက်ထဲလည်း အပေါ်မှာ ကျနော်ပြောခဲ့တဲ့ ဦးနှောက်ကို အလေးပေးတဲ့ အပြောဆို အကြံဥာဏ် ထင်မြင်ချက်တွေဟာလည်း တစ်ဖက်တစ်လမ်းက အကျိုးပြုမယ်လို့ ထင်ပါတယ် ။
      Delete
  6. ကန်ဟာ ဆေးရုံနဲ့ ကပ်လျက်ဖြစ်နေတာကြောင့် ဆေးရုံအညစ်အကြေးတွေ လုံးဝကင်းရှင်းဖို့ ဘယ်သူ အာမခံနိုင်မလဲဆိုတာ စဉ်းစား ကာကွယ်ဖို့ လိုပြန်ပါတယ် ။
    - ဒါ့ပြင် ကန်ဟာ (အတင်းအကြပ် လူထုလုပ်အားနဲ့) ဘယ်လိုပဲ တူးခဲ့တူးခဲ့ အချိန်တန်တော့ ကောတာပါပဲ ။ ဘယ်လို ထိန်းသိမ်းရမှန်း မသေချာ ၊ ငွေကြေးလည်း မရှိတဲ့ အနေထားကလည်း ထည့်တွက်ဖို့ လိုပါတယ် ။
    ကန်တည်ဆောက်စဉ်ကဆေးရုံအညစ်အကြေးကိစ္စပြောကြတာကြားဖူးပါတယ်၊ဒါကြောင့်ဘေးမှာရေဆိုး
    မြောင်းထပ်တူးထားတာတွေ့ရပါတယ်..
    အမှန်ကဆေးရုံအညစ်အကြေးတွေဟာအရမ်းအရေးကြီးတဲ့ကိစ္စဖြစ်ပြီးစွန့်ပစ်ချင်တိုင်းစွန့်ပစ်ဖို့မသင့်ပါ။
    အခုလက်ရှိဘယ်လိုစွန့်ပစ်နေလည်းတော့မသိပါ၊ ဘားအံဆေးရုံကြီးဆိုပေမယ့်ရင်ခွဲရုံ ဆိုရင်လည်း
    လူသေ ၂လောင်းသာထားနိုင်တဲ့ကျောက်ခုံသာရှိခဲ့တာပါ။အခုတော့အအေးခန်းတွေ၊ စွန့်ပစ်အစိတ်အပိုင်း
    မီးရှို့တဲ့စက်တွေထားနိုင်လောက်ပြီလို့မျှော်လင့်ပါတယ်...
    ReplyDelete
    Replies
    1. ဘားအံဆေးရုံ ခုဘယ်လိုနေလည်းတော့ မသိပါ ၊ နောက်ဆုံး တွေ့ခဲ့စဉ်ကတော့ သွေးလှူပါမယ် ဆိုတာကို အအေးခန်းပျက်နေလို့ သွေးလှောင်မရတာနဲ့ လိုရင် ဖုန်းဆက်ပါဆိုပြီး ဖုန်းနံပါတ် ထားခဲ့လိုက်ရတယ် ။
      ဆေးရုံနောက်မှာ ရေဆိုးမြောင်းရှိတာတော့ ဟုတ်ပါတယ် ၊ အဲဒီမြောင်း ဘယ်ကိုသွားသလဲ ဆိုတာကလည်း အရေးကြီးပါတယ် ။ ကန်ဝ ရေလွှတ်ပေါက်ဘေး အပေါက်ကနေ ထွက်ရတာမို့ စီးစရာ သံလွင်မြစ်ပဲ ရှိတဲ့အပြင် လမ်းမှာလည်း လူနေရပ်ကွက်ကို ဖြတ်သွားပါသေးတယ် ။ ဒါ့ပြင် မြောင်းဟာ သာမန် မြေမြောင်းပါ ။ နောက်တစ်ခုက ဆေးရုံနဲ့ ကန်ကို တမံတစ်ခု ကာထားပါတယ် ။ ဒါဟာလည်း လုံလောက်တဲ့ အကာကွယ် မဟုတ်ပြန်ပါဘူး ။ မြန်မာပြည် အနေထားနဲ့ မသိသာပေမယ့် ပြင်ပကလူတွေအတွက်တော့ မျက်စိစူးစရာပါပဲ ။ နောင်ကို ပိုကောင်းဖို့ပဲ ဆန္ဒပြုရတော့မှာပါဘဲ ။
      Delete
  7. အောင်ကိုကိုMarch 19, 2012 at 8:53 PM
    ဖထီးမန်းငြိမ်းမောင်(ရဲဘော်ရှောင်း)ရေ............သမတ နဲ့ သူ့ အကြံပေးတွေက သူတို့ စိတ်ကောင်းရှိကြောင်းပြ ဖို့ (တကယ်ရှိတာမဟုတ်ပါ) ၊ သူတို့ မှာ (ကာလုံလောက်မဟုတ်တောင်)ပါဝါနဲနဲရှိပါသေးတယ် ဆိုတာ လူတွေယုံအောင်လုပ်ပြ ဖို့  ထွင်တဲ့ လုပ်ဇာတ်မှာ ဖထီးကဓားစာခံဖြစ်ခဲ့ရတယ်။ အခုတော့လွတ်မြောက်သွားပြီလို့ ကြားရလို့ အတိုင်းမသိဝမ်းသာရပါတယ်။တကယ်တော့ အပစ်အခတ်ရပ်စဲရေးမှာငြိမ်းချမ်းရေးဗိသုကာ အစစ်ကဖထီးပါ။အစဉ်လေးစားအလေးပြုလျှက်….၁၉.၀၃.၂၀၁၂
    ReplyDelete
    Replies
    1. လွှတ်တာ ဝမ်းသာပါတယ် ၊ ဒါပေမယ့် ခုထက်ထိ လူမတွေ့ရသေးတော့ ဝမ်းသာတာတောင် သတိထားရမယ့် အနေထားလို့ ပြောရမလားပဲ ။ ဓားစာခံဆိုတာလည်း ထောက်ခံပါတယ် ၊ တစ်ဖက်ကလည်း လူမသိ သူမသိ မလုပ်လိုက်တာလည်း စိတ်တော့ သက်သာရပါတယ် ။
      အလည်လာတာကိုလည်း ဝမ်းသာပါတယ် ။
      Delete
    2. Mahn Ko Ko
      i've already read your letter.but i did not know how to comment.now this is my first time comment.you are good writer for our karen and myanmar people.. thank you...
      Delete
    3. ဘယ်လိုပဲ မှတ်ချက်တွေ ရေးသွားရေးသွား ၊ ပြောစရာ ဆွေးနွေးစရာ ဖလှယ်စရာတွေ ပေါ်လာတတ်တာကြောင့် တစ်ခုခုရေးဖို့ အားပေးပါတယ်
      စိတ်ကူး ပေါ်မလာလို့ မရေးဖြစ်တာ အတွက်လည်း အပြစ်မဟုတ်တာမို့ အလည်ရောက်တာနဲ့ ခြေရာချန်သွား တဲ့အတွက်ပဲ ဝမ်းသာ ကြိုဆိုကြောင်း ပြောချင်ပါတယ် ။
      Delete
  8. Safe Browsing
    Diagnostic page for mahnkoko.blogspot.com
    What is the current listing status for mahnkoko.blogspot.com?
    Site is listed as suspicious - visiting this web site may harm your computer.
    Part of this site was listed for suspicious activity 1 time(s) over the past 90 days.
    What happened when Google visited this site?
    Of the 23 pages we tested on the site over the past 90 days, 2 page(s) resulted in malicious software being downloaded and installed without user consent. The last time Google visited this site was on 2012-03-22, and the last time suspicious content was found on this site was on 2012-03-22.
    This site was hosted on 1 network(s) including AS15169 (Google Internet Backbone).
    Has this site acted as an intermediary resulting in further distribution of malware?
    Over the past 90 days, mahnkoko.blogspot.com did not appear to function as an intermediary for the infection of any sites.
    Has this site hosted malware?
    No, this site has not hosted malicious software over the past 90 days.
    How did this happen?
    ဆရာမန်းရေ.. ဘာတွေဖြစ်နေလဲတော့ မသိဘူး။ ဆရာသမားဆိုက်ကို ၀င်လိုက်တာ security warning တွေ တသီကြီးပေါ်ပြီးနောက် google ကပါ following message တွေပေါ်နေလို့.. ကိုယ့်ဆရာ ၀က်ဆိုက် အဟက်ခံရသလား။ ဒါမှမဟုတ် ကိုယ့်ဆရာ ကိုယ်တိုင်ပဲ တရားမ၀င် program တွေ script တွေကို ဘလော့ထဲ ထည့်ထားပြီး လာတဲ့သူတွေ information တွေ ခိုးယူနေသလားပေါ့..။ ဟဲဟဲ ဒါပေမယ့် ဆရာသမားကို ယုံကြည်တာနဲ့ပဲ အဲဒီ warning တွေကို ignore လုပ်ပြီး ၀င်လာလိုက်တယ်။ အခုထိ ဘာဆိုဘာမှတောင် ပို့စ်တွေ မဖတ်ရသေးဘူး.. Just to share with you.
    In some cases, third parties can add malicious code to legitimate sites, which would cause us to show the warning message.
    Next steps:
    Return to the previous page.
    If you are the owner of this web site, you can request a review of your site using Google Webmaster Tools. More information about the review process is available in Google's Webmaster Help Center.
    ReplyDelete
    Replies
    1. ကျေးဇူးပါ ကိုကျော်ထင်ရေ ၊
      ကျနော်လည်း ဘလော့ admin ကို မဝင်ဖြစ်ပဲ ၊ ပြန်စာတွေကိုတောင် အပြင်ကနေပဲ ပြန်ရေးနေတာ နှစ်ပတ်သုံးပတ်လောက် ရှိသွားလို့ ကိုကျော်ထင့်စာကို ခုမှတွေ့ပြီး ပြန်ထည့်လိုက်ပါတယ် ။
      လွန်ခဲ့တဲ့ တစ်ပတ်လောက်က anti-virus program ပိတ်သွားလောက်အောင်ကို ခဏတစ်ဖြုတ် ပြဿနာ ဖြစ်သွားသေးတယ် ။ hack တယ်ဆိုရင်လည်း ကျနော့် ကျောင်း assignment တွေပဲ အဓိက ရသွားနိုင်မှာမို့ သိပ်တော့ ပြဿနာ မရှိလှပါဘူး ။ အလည်လာတဲ့ သူတွေအတွက်ပဲ အားနာရတော့မယ် ။ အဆင်ပြေတဲ့ အချိန်ကျရင် အပေါ်က ညွှန်းသလို Google Webmaster Tools လေး ဘာလေး သုံးကြည့်ပါဦးမယ် ။
      ဆရာလည်း ပျောက်နေတာကြာလို့ အလုပ်များနေသလားပဲ :-)
      Delete