ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Saturday, January 28, 2012

ထွေလာသောင်းပြောင်း ~ ၁ - ၁.၅ - ၂.ဝ



.၀  မှတ်ပုံတင်ရဖို့ ငြိမ်းချမ်းရေးလုပ်ကြစို့

     ခေါင်းစဉ်ကြီးက
     တကယ်ပြောတာလား ...
     ရွဲ့ပြောတာလား ...
     နောက်တာလား ...
     အားလုံး ဟုတ်ပါတယ်လို့ ယူဆနိုင်ပါတယ် ။
    စိတ်ဆိုး ချင်လား ၊ ရယ်ချင်ချင်လား ၊ မချိပြုံးလေး ပန်ဆင်ချင် သလား ... မတားပါဘူး ။ ဆိုစကားရှိလာ
အောင် ဖြစ်တာတွေက ဖြစ်လာခဲ့ပြီးပြီကိုး ။

      မကြာခင်က ဝန်ကြီးတစ်ယောက်က အပစ်ခတ်ရပ်မယ့် အဖွဲ့တွေအတွက် မှတ်ပုံတင် (အာဏာပိုင်တွေ
သတ်မှတ်ထားတဲ့ တရားဝင်ဘဝ) ရဖို့နဲ့ စီးပွားရေး လုပ်ကိုင်ခွင့်တွေအကြောင်း ပြောသွားခဲ့တယ် ။ ခုလည်း
KNU က တာဝန်ရှိသူတစ်ယောက်က မှတ်ပုံတင်လုပ်ဖို့ စကားတွေ ပစ်လာပြန်တော့ ၊ တိုက်ဆိုင်မှုလေလား၊
မရည်ရွယ်ပဲ မီဒီယာတွေဆီ သတင်းရောက်သွားတာလား ၊ သို့တည်းမဟုတ် မှတ်ပုံတင်ရဖို့ဟာ အင်မတန်
အရေးကြီးပြီး မဖြစ်မနေ ပထမဆုံး လုပ်ရမယ်လို့ သဘောထားလုပ်နေကြလားတော့ ကာယကံရှင်တွေက
ပိုသိမှာပါ ။ ဘေးလူတစ်ယောက် အနေနဲ့ အံ့ချီးလို့မကုန်နိုင်တဲ့ အဖြစ်တစ်ခုလိုသာ ကြားသိခံစား ပြောကြား
ခွင့်ရှိပါတော့တယ် ။


      နားလည်မိတာတော့ ၊ ဖြစ်ခဲ့တဲ့ ၆၃ နှစ်ကြာ ပြဿနာဟာ မှတ်ပုံတင်ပြဿနာ မဟုတ်ပါဘူး ။ နိုင်ငံ
သားဖြစ်မဖြစ် ပြဿနာ မဟုတ်ပါဘူး ။ အရင်ကလည်း ပြောဖူးပါတယ် ၊ ဗမာစကား ကရင်စကား ဘယ်
နိုင်ငံခြားသားမှ ဒုက္ခခံ လာမသင်သလို ၊ မြန်မာပြည်သားဖြစ်ဖို့လည်း ဘယ်သူမှ ဆန္ဒမရှိ မကြိုးစားကြပါ
ဘူး ။ သမိုင်းတင်ခဲ့တဲ့ အနှစ်တစ်ထောင်လောက်အတွင်း မြန်မာပြည်မှာ မှတ်ပုံတင်ဆိုပြီး ဖြစ်လာတာ ခု
မှပါ ။

     ကျတော်တို့ ဘိုးဘွားတွေ ဒီမြေမှာ မှတ်ပုံတင်ပြီး ရောက်လာ ၊ မွေးလာ ၊ နေလာကြတာ မဟုတ်ပါဘူး ။
မှတ်ပုံတင်ဆိုတာဟာ ဒေသတစ်ခု သို့မဟုတ် တိုင်းပြည်တစ်ပြည်ကို ထိန်းချုပ်ကြပ် မတ်ဖို့ရာ လူတွေကို နံ
ပါတ်တပ်ပေးတဲ့ အုပ်ချုပ်ရေးလုပ်ငန်း အစိတ်အပိုင်းတစ်ခုသာသာပါ ။ တကယ်လုပ်ချင်ရင် ပြည်မအာဏာ
ပိုင်တွေမှ မဟုတ်ပါဘူး ၊ တိုင်းရင်းသား အဖွဲ့အစည်းတိုင်းက လုပ်ချင်ရင် လုပ်လို့ရနေတဲ့ အလုပ်ပါ ။

     ထားပါတော့ ။
     အစဘက်ကို ပြန်ကောက်ကြည့်မယ်ဗျာ ။
    မကြာခင်အတွင်းကတော့ အများသိကြသလိုပဲ ပျဉ်းမနားမြို့သစ်အစိုးရနဲ့ KNU ကြားမှာ အားတက်စရာ
အပစ်ခတ်ရပ်ဖို့သတင်းတွေ ထွက်လာခဲ့ပါတယ်။

      အမှန်အတိုင်း ဝန်ခံရရင် KNU ဟာ သမိုင်းရှည်ခဲ့တဲ့ အဖွဲ့ ၊ အစဉ်အလာရှိတဲ့ အဖွဲ့တစ်ဖွဲ့ဆိုတာ နား
လည်ပေမယ့် ၊ ကမ္ဘာရဲ့ တုန့်ပြန်မှုကိုတော့ ဒီလောက်ကြီးရှိမယ် မထင်ခဲ့မိဘူး ။

     ဇန္နဝါရီလ ၁၂ ရက်နေ့ ၊ အပစ်ရပ် ပဏာမလက်မှတ်ထိုးပြီး နောက်တစ်နေ့မှာပဲ ၊ Al Jazeera, Time,
CNN တွေက စလို့ သတင်းဋ္ဌာနကြီးတိုင်းလိုလိုမှာ ဖေါ်ပြတာ တွေ့ခဲ့ရတာကြောင့် အံသြသွားမိတယ် ။ မ
အိုသေးတဲ့သူ အပျိုလေးနဲ့တူ ၊ နွားပျိုသန်လှ နွားအိုပေါင်ကျိုးသလောက်ပဲရှိတယ် လို့ပဲ ပြောရမလား မပြော
တတ်ပါ ။ KNU အဖွဲ့ဝင်တစ်ယောက် မဟုတ်လို့ အလွန်ဂုဏ်ယူမိတာမျိုး မဟုတ်ပေမဲ့ ကိုယ်နဲ့ မလွဲမရှောင်
သာသက်ဆိုင်နေတဲ့ အဖွဲ့အစည်းဟာ စာဖွဲ့လောက်တဲ့ အဖွဲ့စည်းတစ်ရပ်အဆင့် ရှိတယ်ဆိုတာ ထင်ရှား
နေလို့ ဝမ်းလည်းသာမိတာတော့ အမှန် ။

      အိန္ဒိယနိုင်ငံရဲ့ ရှေးဦး ကွန်ကရက်ပါတီထက်တောင် ၁ နှစ်စောပြီး ၁၈၈၁ မှာ တည်ထောင်ခဲ့တဲ့ “ဒေါက
လူ” အဖွဲ့ကနေတစ်ဆင့် ဆင်းသက်လာတဲ့ KNU အဖွဲ့ဟာ ခြောက်ပစ်ကင်းစင်ပြီး အင်မတန်အောင်မြင်နေ
တယ်လို့ ပြောဖို့မဖြစ်နိုင်ပေမဲ့ အဓိကအစဉ်အလာအနေနဲ့ အင်အားမမျှတဲ့ ပြည်မအာဏာပိုင်တစ်ခုကို နှစ်
ပေါင်း ၆၀ ကျော်ကြာအောင် ရင်ဆိုင်နေနိုင်ခဲ့တာကို ပြည်တွင်းက မသိကြ ၊ အသိမှတ် မပြုချင်ကြပေမဲ့ တ
ကမ္ဘာလုံးကတော့ သိနေကြ မမေ့ကြဖူး ဆိုတာသိရလို့လည်း ဝမ်းသာတာပါ ။ 

      လတ်တလော အတွေးထဲ ရှိသလောက်ကတော့ ပြည်မအာဏာပိုင်တွေဖက်က -

(က) ဆွေးနွေးပွဲတိုင်း third-party observer တွေထားဖို့ ဘယ်တုန်းကမှ လက်မခံတာ ၊
(ခ) အမြဲတန်း သူတို့ခွင်ထဲကိုခေါ်ပြီး အသာစီးယူ စကားပြောတာ ၊
(ဂ) တိုင်းရင်းသားအရေးကို အရင်းအမြစ်အထိ နားလည်လက်ခံပုံ မရတာနဲ့ သူတို့သတ်မှတ်တဲ့ သတ်မှတ်
ချက် ဘောင်တွေအတွင်းဝင်ဖို့နဲ့ အခွင့်အရေးတစ်ချို့နဲ့ ပေးစာ ကမ်းစာတစ်ချို့လောက်ရရင် ကျေနပ်သွား
ကြမယ်လို့ ထင်နေပုံရတာတွေဟာ မြင်သာနေပါတယ် ။

      ဒါမျိုးတွေဟာ ပြည်မအာဏာပိုင်တွေ ဖြစ်စေချင်တဲ့ ပုံစံဖြစ်သလို ၊ ဒါနဲ့ ပတ်သက်ပြီး ကာလကြာရှည်
ဝါဒဖြန့်ထားတာတွေကြောင့်လည်း ဒီလိုသာ ဖြစ်သင့်တယ်လို့ ယူဆထားသူ ပြည်မသားတွေ အများကြီးဆို
တာလည်း နားလည်ပါတယ် ။

      KNU ဖက်ကတော့ ဘယ်လောက်အထိ brain-storm လုပ်ခဲ့သလဲ ၊ နိုင်ငံရေးအပါဝင် အရေးကိစ္စ
အားလုံးမှာ ဘယ်လောက်အထိ မဟာဗျူဟာ နည်းဗျူဟာတွေချပြီးသလဲ မသိရပေမယ့် ၊ အနည်းဆုံးတော့
သတင်းတင်ပြတဲ့ မီဒီယာအပိုင်းမှာ ကိုယ်ပိုင်မဟုတ်တဲ့ သတင်းဋ္ဌာနတွေအပေါ် အားကိုးနေရတာဟာ အ
တော်ကလေးကို အားရစရာမရှိ ဖြစ်နေပါတယ် ။ ဒါက တစ်ခုပဲ ရှိပါသေး တယ် ၊ အချို့အချက်တွေကိုတော့
အမြတ်ထုတ်ချင်သူအချို့ကို သူခိုးလမ်းပြဖြစ်မှာစိုးလို့ မပြောချင် တော့ပါဘူး ။

     ဒီနေရာမှာ မပြောချင်ပေမဲ့ တစ်ဆက်ထဲ ပြောစရာတစ်ခုကတော့ ကဖျက်ကယက် သမားတွေပါ ။
     ကရင်လူထုထဲမှာ ခံစားချက်နောက်လိုက်သူ ၊ ကိုယ် ဘယ်ခေတ်ရောက်နေမှန်း ရိုးရိုးသားသား မသိသူ
တွေ ရှိသလို ၊ ပြည်မဖက်မှာလည်း အာဏာပိုင်တွေရဲ့ ဝါဒဖြန့်ချက်တွေကို တစ်ထစ်ချယုံ ကြည်သူ ၊ တမင်
အနိုင်ကျင့်ချင်သူနဲ့ အလုပ်အကိုင် ဝါသနာအရ အားနည်းသူတွေကို အချွန်နဲ့ ‘မ’ ၊ အရေးမပါအောင်လုပ် ၊
ဖိနင်းချိုးဖဲ့ လမ်းလွဲမယ့်သူတွေ အများကြီးရှိတာကြောင့် ၊ ဒါတွေကို တုန့် ပြန်ချေဖျက်နိုင်ဖို့အပါဝင် သမိုင်း
ယဉ်ကျေးမှုအနုပညာ စာပေဗဟုသုတတွေသာမက အသင်းအဖွဲ့တွေရဲ့ ရှင်းလင်းပြတ်သားပြည့်စုံတဲ့ လုပ်
ငန်းစဉ်ချပြမှုတွေကို လူတိုင်းလက်ထဲရောက်အောင်လုပ်ဖို့ အချိန်တန်နေပါပြီ ။

      ခုရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့တဲ့ KNU စာတစ်စောင်မှာတော့ ပညာရှင်တွေရဲ့ အကြံဥာဏ်တွေကို ရယူ
သွားမယ်လို့ ပါတာကြောင့် အားလည်းတက်မိပါတယ် ။ တစ်ခုပဲ ပြောစရာရှိတာက ဆက်သွယ်အကြံပေးဖို့
ဘာကြားခံမှမရှိပဲ တိုက်ရိုက်ပြောဖို့ ဖုန်းနံပါတ်တွေပဲ ထည့်ထားတာကြောင့် အကယ်၍များ အကြံလှိုင်းစူနာ
မီကြီးများ ရိုက်ခတ်လာခဲ့ရင် နာမည်ထည့်ထားတဲ့ ပုဂ္ဂိုလ်ကြီးနှစ်ဦးမှာ အိပ်ချိန်မှ ရပါ့မလားလို့လည်း အတွေး
ခေါင်မိတယ် ။

    KNU ဟာ ကရင်တစ်မျိုးသားလုံး ကိုယ်စားပြုတဲ့အဖွဲ့လို့ မပြောချင်ပေမဲ့ ၊ အစဉ်အလာရှိပြီး ကျယ်ကျယ်
ပြန့်ပြန့် လုပ်ကိုင်နိုင်တဲ့အဖွဲ့မို့ ဆုံးဖြတ်လုပ်ဆောင်ချက်တိုင်းဟာ ကရင်ပြည်သူတွေရဲ့ ရှေ့ရေးမှာ သက်
ရောက်မှုတွေ အများကြီး ရှိလာနိုင်တာမို့ မပြောမဖြစ် ပြောရတာပါ ။ ခုလိုတွေပြောတာတောင် ကြီးကျယ်
တယ် အမြင်ကျဉ်းတယ် ကိုယ့်ဖက်ကိုယ်ယက်တဲ့ လူလည် စသည်ဖြင့် အပြောခံရနိုင်တာပါပဲ ။ မပြောမဖြစ်
လို့ ယုံကြည်တော့လည်း ဒါတွေကို လျစ်လျူရှုသင့် ရှုရတော့မှာပဲ ။

      ဘယ်လိုပဲဖြစ်ဖြစ် အကျဉ်းရုံးရရင် မြန်မာပြည်ရဲ့ အရေးကိစ္စတွေမှာ အဓိက ကစားသမားတွေအတွက်
ရွေးစရာလမ်း အများကြီး မရှိလှပါဘူး ။ ဒီလို အင်မတန် နည်းပါးကျဉ်းမြောင်းတဲ့ လမ်းတွေကို လျှောက်
လှမ်းရာမှာ ပြင်ဆင်မှုတော့ လိုပါလိမ့်မယ် ။

     ဒါတွေကို လူကြီးတွေ သိပြီးဖြစ်မှာပါလို့ အကောင်းဖက်က မျှော်လင့်ချင်ပါတယ် ။
     အခြားတစ်ဖက်မှာလည်း ကံကိုယုံပြီး ဆူးပုံလည်း မနင်းချင်လို့ စတိသဘောမျိုး ပြောရတာပါ ။

      KNU အဖွဲ့ကြီးအနေနဲ့လည်း ကရင်ပြည်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ ကျနော်တစ်ယောက်ထဲ
မကပဲ ၊ ကျယ်ကျယ်ပြန့်ပြန့် အမြင်တွေကို စိတ်လိုလက်ရနဲ့ နားထောင် ချင့်ချိန် တွက်ဆ လုပ်ကိုင်သွား
ကြမယ်လို့ မျှော်လင့်ရင်း …


အနန္တသစ္စာဖြင့်
မန်းကိုကို
၂၈ ၊ ၀၁ ၊၂၀၁၂

** ကျနော်ပြောတာကို နားထောင်လိုက်လုပ်ပြီး အောင်မြင်ချမ်းသာသွားသူ ၊ ပြည့်စုံသွားသူတွေ မရှိသေးတာမို့ ကျနော့်ပြော
စကားတွေကို နားထောင်ပါလို့တော့ မပြောလိုပါဘူး ။ ဒါပေမယ့် ပြည်သူထဲက ပြည်သူတစ်ယောက်အနေနဲ့ ကျနော့်စကားကို
တော့ နားထောင်ကြည့်ကောင်း နားထောင်ကြည့်လိမ့်မယ်လို့ ယုံကြည်ပါရစေ ။


================================


၁.၅   တောင်စူးစူးဒေသမှ တွေးမိသည်များ

     Online မှာ ABSDF နဲ့ ပတ်သက်လို့ အမျိုးမျိုး ဖတ်နေရတယ် ။
     အချို့လည်း ဟုတ်မယ် ၊ အချို့လည်း ဟုတ်ချင်မှ ဟုတ်မယ် ။

     ကြည့်ရတာတော့ ... သိပ် ပုံမမှန်ဘူး ။
     ဟိုလူရေး ဟုတ်နိုးနိုး ...
     ဒီလူရေး ဟုတ်နိုးနိုး ....

     ဘယ်သူက AB အစစ်လဲ ၊ ဘယ်သူက AB အတုလဲ ၊
     နေပါဦး .. ၊ စိတ်အေးအေးထားပါဦး ... ဆိုတာတွေကို လုံးဝခါးခါးသီးသီး ဖြစ်နေသူများနဲ့
ဒီကိစ္စကို အခုဆို အခုပဲ ဖြေရှင်းပေးပါ ဆိုသူတွေ .. လွန်ခဲ့တဲ့ အနှစ် ၂၀ မှာ ဘာလုပ်နေခဲ့ကြလဲ ။

     အမှန်တရား မြတ်နိုးတာလား ၊
     ချွန်တာလား ၊
     သပ်ရှိုတာလား ၊
     အချိန်အခါက အခုမှသင့်တယ်လို့ ယူဆပြီး ဝါဒဖြန့်ချီရေးသမားတွေနဲ့ ရင်ပေါင်တန်းပြီး ခါ
တော်မီ လုပ်နေကြတာလား ။

     AB ကိစ္စ AB ရဲဘော်တွေပဲ တန်ပြန်သင့် တန်ပြန်ရပါမယ် ။
     ကျနော်တို့လို ဘေးကနေ ပြောပေးလို့ မရပါဘူး ။
     အထူးသဖြင့် လူသိများသူ ၊ တာဝန်ရှိတွေက ရှင်းရှင်းပြောပေးပါ ။
     သက်ဆိုင်တဲ့သူတွေကိုယ်တိုင် ရေးသားတင်ပြတာတွေကို မတားချင်ပေမယ့် ဟိုချောင် ဒီ
ချောင်က လူမသိ သူမသိတွေကနေ ပြောချင်ရာပြော ၊ စွပ်စွဲချင်ရာ စွပ်စွဲနေတာတွေကို AB အ
ဖွဲ့ဝင်တွေက လက်ပိုက်ကြည့်မနေကြပါနဲ့ ။ သုံးကောင်စားပြီး ကင်းအဝင် မခံကြပါနဲ့ ။ ရှေ့တန်း
မှာ အသေခံတိုက်ခဲ့ပြီးမှ မီဒီယာကို မီဒီယာနဲ့တိုက်လို့ ရှူံးရပါတယ်လို့ တိုင်းရင်းသား အဖွဲ့တွေနဲ့
အတူ မြောင်းထဲ မဆင်းချင်ကြပါနဲ့ ။ လွယ်တာကို ခက်အောင် မလုပ်ကြပါနဲ့ ။

[မှတ်ချက် - ဝိုင်တစ်ခွက်သောက်၍ ရေးသည် :)
 မူးလေ ပြစ်ပြစ်နှစ်နှစ် ပြောလို့ကောင်းလေ ၊ ဆဲလို့ကောင်းလေပဲ :)]

၂၆ ၊ ၀၁ ၊ ၂၀၁၂ - facebook




ဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်မင်းအောင်လှိုင် ဘာမေ့နေကြသလဲ

   နိုင်ငံရေးအကျဉ်းသား တချို့လွှတ်ပေးတာကို ဝမ်းသာကြိုဆိုပါတယ်ဗျာ ။
   ( ဝေ့လည်ကြောင်ပတ်မလုပ်ပဲ "နိုင်ငံရေးအကျဉ်းသား" လို့ သုံးလိုက်ပါတယ် ၊ ပြီးတော့ အားလုံး
မလွှတ်သေးတာကြောင့် "တချို့" ဆိုပြီးလည်း မှတ်မှတ်ရရ သုံးထားတယ်နော ) ။
 
   ဒါပေမယ့် ကိစ္စလေးတစ်ခုနှစ်ခုလည်း မေ့များနေသလားလို့ လက်တို့ချင်သဗျ ။

   *  ကိုယ့်ကိုယ်ပိုင်စစ်တပ်ထဲမှာ ထွက်ချင်လျက်နဲ့ ထွက်ခွင့်မရသူတွေကို ခွင့်ပြုလိုက်ပါလားဗျာ ။
   *  အသေးစိတ် မပြောချင်ပေမယ့် ပြည်တွင်းပြည်ပမှာ နေရာတိုင်းတွေ့နေရတဲ့ သိန်းကဏန်းနား
ကပ်နေနိုင်တဲ့ တပ်ပြေးတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါလားဗျာ ၊ သူတို့အပေါ်က မမြင်ရ
တဲ့ သံခြေကျင်းတွေကို ဖြုတ်ပေးလိုက်ပါတော့ ။
   *  စစ်အင်အားတိုးချဲ့ဖို့ထက် ရှိပြီးသားလူတွေကိုပဲ ဝလင်အောင်ကျွေးဖို့ စီမံပါလားဗျာ ။ အင်အား
လျှော့ချဖို့အပါဝင် သင့်တင့်တဲ့နည်းလမ်းတွေကို ရှာကြည့်ဖို့ တိုက်တွန်းချင်ပါတယ် ။ အူမ မတောင့်
လို့ သီလမစောင့်နိုင်အောင် တွန်းအားပေးခဲ့တဲ့ အနေထားကနေ ရုန်းထွက်စေချင်ပါတယ် ။

   လက်တွေ့ကျတဲ့ ဘဝကို ရဲရဲဝံ့ဝံ့ မျက်နှာမူလိုက်ကြဖို့ မျှော်လင့်တယ်ဗျာ ၊ ဒီကိစ္စတွေဟာ
ရေးအကြီးဆုံးတွေလို့ ပြောလို့ ရနိုင်ချင်မှ ရနိုင်မှာဖြစ်ပေမယ့် ၊ ပြဿနာအတော်များများရဲ့
ကြောင်းရင်းခံတွေဆိုတာ လက်ခံပြီး အမှန်အတိုင်း လက်ခံရင်ဆိုင် ဖြေရှင်းသွားရင်တော့
အကောင်းဆုံးပေါ့ ။ ပြီးတော့ လုပ်ဖို့အရမ်းခက်ခဲနေတဲ့ တိုင်းရင်းသားတွေအပေါ် ကျူးကျော်
တိုက်ခိုက်သတ်ဖြတ်တာကို ရပ်ဖို့ပြောနေတာလည်း မဟုတ်ပါဘူး ။

     စစ်ဗိုလ်တွေဆိုတော့လည်း ခပ်ပြတ်ပြတ် ပြောရမယ်ထင်ပါတယ် ။ "သတ္တိ တကယ်ရှိတယ်"
ဆိုရင် ကိုယ့်အချင်းချင်းအပေါ် လုပ်သင့်တာကို လုပ်လိုက်ကြပါလားဗျာ ။

၂၇ ၊ ၀၁ ၊ ၂၀၁၁

======================================


   ဘယ်လိုပြောပြော ဘလော့ရေးတိုင်း အမှတ်တရ မဟုတ်ရင်လည်း အကျိုးရှိတဲ့ ဝေမျှစရာ တစ်ခု
တော့ ပါစေချင်တာ စိတ်ထဲအမြဲစွဲနေတယ် ။ သူများဆီသွားဖတ်ရင် ဘာမှမပါတဲ့ ဟင်းချိုတွေကို
သောက်ခဲ့ဖူးတာမို့ ပေါ့ရွှတ်ရွှတ်ပြန်ခဲ့ရတဲ့ အွန်လိုင်းခရီးတွေကို ကိုယ်ချင်းစာတယ် ။ ဒါပေမယ့် မရေး
တာ ကြာလာလို့ လက်တန်းစုစည်းမိတာလေးအချို့ကို ချရေးလိုက်ပါတယ် ။

  ဖေ့ဘွတ်မှာ ရေးခဲ့တာအချို့ကို အရင်ထည့်သွားပြီး အချိန်ရရင် ရသလို ထပ်ဖြည့်သွားပါမယ် ။
========================

၁.၀  ငွေရှာစက်လား ၊ ဝေဒနာစနက်လား

   ခုတစ်လော နိုင်ငံရေးမှာ လုပ်စားတယ် ဆိုတာတို့ ၊
   လူမှုရေး (NGO) လုပ်ငန်းမှာ လုပ်စားပြီး ကောင်းစားသွားတယ် ဆိုတာတွေကို  အတော်အသင့်
ပြောလာကြတာ တွေ့ရတယ် ။

   ထူးခြားလာတာက ဝါဒဖြန့်ချီရေးလုပ်နေသူတွေ မကတော့ပဲ ၊ တိုင်းပြည်အတွက် တကယ်လုပ်
ချင်ပါတယ်ဆိုသူတွေ ၊ ဒီမိုကရေစီကို မြတ်နိုးလှချည့် ဆိုသူတွေကစပြီး နေရာအသီးသီးကနေ
ပြောလာကြတယ်လို့ မြင်တယ် ။

   အရင်က ဝါဒဖြန့်ချီရေးက ပြောနေတဲ့စကားတွေကို
     - ရင်ထဲ အရမ်းပဲ စွဲသွားခဲ့ကြလို့လား ၊
     - တကယ်ပဲ အချက်အလက်နဲ့ ချပြ ပြောနိုင်ကြလို့လား ၊
     - သူတစ်ပါး သာမန်အဆင့်လောက် အဆင်ပြေနေတာကို မနာလို မရှုစိမ့်တာလား ၊
     - သူများယောင်လို့ လိုက်ယောင်တာလား ၊
     - ဒါမျိုးပြောမှ နိုင်ငံရေး သို့မဟုတ် အမှန်တရားမြတ်နိုးတာလို့ ခံယူကြလို့လား ...

   'လား'ပေါင်းများစွာနဲ့ စကာချလိုက်ရင်တော့ မျက်နှာနီပြီး ခေါင်းပေါ်မှာ ဒေါသမီးခိုးတွေ  တလူလူ
လွင့်ကြမယ့်သူ အသင့်အတင့် ရှိမယ်လို့ ယုံတယ် ။

   ဒီနေရာမှာ ကိုယ်ဘယ်သူလဲ မဖေါ်ပဲ ဆော်ပလော်တီးနေသူတွေကို ထည့်မတွက်သလို  သဘော
ရိုးနဲ့ မသင့်တာတွေကို ထောက်ချင့်ပြသူတွေကိုလည်း ပြောစရာ မရှိလှပါဘူး ။  ဒါပေမယ့် ဘယ်စည်း
ထဲမှ မဝင် ၊ ဘာပေတံနဲ့မှ တိုင်းတာလို့ မကိုက် ၊ လူမိုက်လုပ်ပြီး တောင်စူမြောက်ပြေး မောင်ရွှေသွေး
လုပ်နေသူတွေကိုတော့ ....

   အင်း ... ဘာပြောရမှန်း မသိတော့ပါဘူး ။
   မပြောတာပဲ ကောင်းမယ် ထင်ပါတယ် ။
   ဒါပေမယ့် သိနေတယ်ဆိုတာကို မှတ်တမ်းလုပ်ပြီး ၊ စာကလေး နည်းနည်းလောက်ပဲ  တို့ထား
လိုက်ပါတော့မယ် ။




၂၅ ၊ ၀၁ ၊ ၂၀၁၂ - facebook

 *          *          *          *          *

   ဒီမှာ အလွယ်မြင်နိုင်တာနဲ့ တိုင်းတာစမ်းကြည့်မယ်ဗျာ ။
   သြစတြေးလျမှာ အလုပ်လုပ်ရင် အနည်းဆုံး အခြေခံအားဖြင့် ဒေါ်လာ ၂၀၀၀ ကနေ ၅၀၀၀ အ
ထိ အိုးမကွာအိမ်မကွာနဲ့ ရမယ် ။

   ထိုင်းနိုင်ငံလိုနေရာမှာ သားမယားစွန့်ပြီး NGO တွေမှာ သွားလုပ်ရင် ဘတ် ၂၀,၀၀၀ ဝန်းကျင်ပဲ ရ
မယ် ။ သက်ကြီးစာအတွက် စုငွေလည်း မရနိုင်ဘူး ။ ချမ်းသာဖို့တော့ ဝေလာဝေး ။

   ဒီတော့ NGO လုပ်ကိုင်သူတွေ နေ့စဉ်မှန်မှန် ဘီယာသောက်နိုင်တာလောက်ကိုကြည့်ြ့ပီး ကောင်း
စားနေတယ်လို့ ထင်သူတွေရှိရင်တော့ ၊ အချက်အလက် အတော်များများကို မသိ မမြင် ဂရုမစိုက်
တာ တစ်ခုခုတော့ ဖြစ်နေပြီလို့ ပြောရမယ် ။

   တစ်လောက မဲလစခန်းကို ခဏပြန်သွားခဲ့တဲ့ လူတစ်ယောက်က ပြောသလိုပေါ့ ။
"အားပါးပါး .. ရင်က ဒီလောက်အကြာကြီး နေခဲ့တဲ့စခန်း ပြန်ရောက်တာ အနံ့တွေလည်း မခံနိုင်
တော့ဘူး ၊ အဲဒီက ဆန်တွေလည်း မစားနိုင်တော့ဘူး .." တဲ့ ။
ဒါက ထုပေဒဏ်ပေခံနိုင်တဲ့ ကရင်တစ်ယောက်ဆီက ထွက်လာတဲ့စကား ။

   နောက်ပြီး ဒီမှာ အနေကြာပြီးမှ ထိုင်းနိုင်ငံ ၊ အထူးသဖြင့် မြန်မာပြည် ပြန်သူတွေဆို ကာကွယ်
ဆေးတွေထိုးပြီးမှ ပြန်ကြရတာ ၊ ဟိုမှာ အစားအသောက် အနေအထိုင် အခန့်မသင့်ရင် အသက်ပါ
ပေးသွားရနိုင်တယ် ။

   အချို့လည်း မြန်မာပြည်က သွားပြီးတော့များကွာ ၊ ဖင်ခေါင်းက ကျယ် ကျယ်သေးလို့ ပြော
ကောင်းပြောမယ် ။

   ဟုတ်ကဲ့ ... အသက်ပေးရမယ့်အရေးကို ဖင်ခေါင်းကျယ်တယ်လို့ လက်လွတ်စပယ် စကားနာ
ထိုးတာလောက်နဲ့ မလဲနိုင်ပါ ခင်ဗျား ။ ဒါဟာ လူပြောများတဲ့ နိုင်ငံရေးကို မြန်မာပြည်ပြန်လုပ်ပါ
လားလို့ ပြောတဲ့စကားတွေ နဲ့ မတိမ်းမယိမ်းပါပဲ ။ မြန်မာပြည် ပြန်လှုပ်ရှားချင်စိတ်ရှိရင်တောင်
အခြေခံအားဖြင့် နေထိုင်ရပ်တည်ဖို့တောင် အထောက်အခံ မရှိပဲနဲ့ နောက်တစ်ဆင့် ဘာမှလုပ်လို့
မရနိုင်တာကို မသိကျိုးကျွံလုပ်ပြီး ငါ့စကားနွားရပြောကွက်နဲ့ ဆင်လာတာတွေကို ထမင်းထုပ်ထမ်း
ပြီး လိုက်ဖြေရှင်းဖို့တော့ ဘယ်သူက စိတ်ကူးထဲ ထည့်မှာလည်းဗျာ ။


၂၇ ၊ ၀၁ ၊ ၂၀၁၂
မန်းကိုကို

No comments:

Post a Comment