ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Monday, February 13, 2012

တစ်ကွေ့ကြုံ AB



   ရှေ့မှာ အခြားဋ္ဌာန အဆောက်ဦတွေလို မမြင်သာအောင် အုတ်နံရံနဲ့ကာထားတဲ့ တစ်ထပ်တိုက်
ထောက်လှမ်းရေးရုံးဟာ ကျနော့်ကို ကြိုနေတယ် ။ အတော်ခိုင်ခံ့မယ့် တစ်ဖောင်ကျော် ဂိတ်တံခါး
ကို လူတစ်ယောက် လာဖွင့်ပေးတယ် ။ မြန်မာပြည်မှာ နာမည်အကျော်ကြားဆုံး အဖွဲ့စည်းကြီးရဲ့
စည်းဝိုင်းထဲကို ဝင်ရောက်လာခဲ့ရပြီ ။ အလည်တော့မဟုတ် ၊ ရှေ့မှာ အဖွဲ့စည်းကို ကိုယ်စားပြုသူ
တစ်ယောက် ၊ နောက်မှာတော့ မောင်းပြန်သေနတ်ကိုင်အစောင့် ရဲ-ဒုတပ်ကြပ်တစ်ယောက်က
ညှပ်ပြီး လျှောက်လာကြတယ် ။

   ဘယ်ဖက်မှာ တစ်ထပ်ခွဲမြင့်တယ်လို့ဆိုရမယ့် ပင်မရုံး ၊ ဒါပေမယ့် ကိုယ့်အတွက်တော့ လေ့လာ
ခွင့်က မသာ ။ ညာဖက်က ရှေ့မှာထရံကာထားတဲ့ အဆောက်ဦငယ်တစ်ခုရဲ့ အဖီအောက်ကို ဦး
ဆောင်သူ သွားတဲ့အတိုင်း လိုက်ခဲ့ရတယ် ။ အဲဒီဘေးက ခုံပတ်ပတ်လည် ကပ်ရိုက်ထားတဲ့ ကုက္ကို
ပင်နားမှာတော့ ခပ်ယို့ယို့လေး ထိုင်နေတဲ့ လူနှစ်ယောက်သုံးယောက်နဲ့ ရပ်နေတဲ့လူတချို့ကို အရင်
တွေ့မိတယ် ။

  အဆောက်ဦရဲ့ အဖီထဲ စဝင်တာနဲ့ စားပွဲတစ်လုံးရှိတယ် ။ စားပွဲရဲ့ အခြားတစ်ဖက်မှာရှိတဲ့ ခေါက်
ကုလားထိုင်ပေါ်မှာ ထိုင်ခိုင်းပြီးတဲ့နောက် လုံခြုံရေးအတွက်လိုက်လာတဲ့ ရဲ-ဒုတပ်ကြပ် ပြန်ထွက်
သွားတယ် ။ မထိုင်ခင်မှာ ခေါက်ကုလားထိုင်ရဲ့ နောက်ဖက် ၆-၇ ပေ အကွာမှာ ကြိုးတုပ်ထားတဲ့
လူတစ်ယောက် ဒူးထောက်လျက်အနေထားနဲ့ တွေ့လိုက်ရတယ် ။ အသက် ၃၀ လောက်နဲ့ ဆံပင်
ပုံစံက ကတုံးတုံးပြီး ပြန်ပေါက်လာကာစ တစ်လက်မလောက် အရှည်မျိုးနဲ့ပါ ။

   မကြာခင် ခုနက ကိုယ့်ကို ဦးဆောင်ခေါ်လာတဲ့သူက လူကို သူ့လက်ခုပ်ထဲက သနားစရာ သတ္တ
ဝါတစ်ကောင်လိုလို ၊ သူကိုယ်တိုင်ကတော့ အာဏာ လုပ်ပိုင်ခွင့်တွေနဲ့ပြည့်ဝတဲ့ အောင်နိုင်သူကြီး
လိုလိုတွေအပါဝင် အဓိပ္ပါယ်အများကြီးပါတဲ့ မျက်နှာပေးနဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်ပြီး မာရသွန်
မေးခွန်းတွေ စတင်ပါတော့တယ် ။

   အဲဒီအချိန်မှာ နောက်နားက အသံတွေက မကြားချင်လည်း ကြားနေရပြန်တယ် ။

   “ဟေ့ကောင် မင်းတို့အဖွဲ့က လာမယ်ဆိုတာ တို့သိထားပြီးသား .. မင်းနဲ့ပါတဲ့ကောင်တွေ ဘယ်
မှာလဲ .. မင်း ဘာမှလိမ်ဖို့ ကြိုးစားမနေနဲ့တော့ ..” ဆိုတာတွေကစပြီး အော်ငေါက် ဆဲဆို မေးမြန်း
သံတွေ ၊

  “ဆရာကြီးရယ် ကျနော် ဘာမှမသိပါဘူးဗျာ” ဆိုတဲ့ တိုးလျိုးတဲ့ ငိုညည်းသံလို ပြန်ပြောနေတာတွေ ၊

   “ဖေါင်း .. ဖုန်း .. ဘုန်း ... အား ... တကယ်မသိလို့ပါ ဆရာကြီးတို့ရယ်” ဆိုတဲ့ အတိုင်ဖေါက်သံ
တွေဟာလည်း ဆက်တိုက်ဆိုသလို ကြားနေရပါတယ် ။

   အာရုံက နောက်ဆီကိုရောက်လို့မှ မကြာခင် ..
   “နောက်ကို လုံးဝလှည့်ကြည့်မယ် မစဉ်းစားနဲ့နော် .. ခုမေးတာတွေကို ကောင်းကောင်းမဖြေရင်
သူ့လိုပဲဖြစ်သွားမယ်” စသည်ဖြင့် ခြိမ်းခြောက်စကားတွေကို နာခံရပြန်တယ် ။

   ဒီလိုနဲ့ပဲ ၊ မိနစ်က နာရီ ၊ နာရီကနေ တစ်နေ့ ၊ ပြီးတော့ တစ်ည ၊ ပြီးတော့ ...

   ဒီလို ဖမ်းဆီးနှိပ်စက်ခံနေခဲ့ရသူဟာ ဘယ်သူလဲ ..
   ကျနော် မသိပါ ၊ ကနေ့ပြန်တွေ့ရင်လည်း မှတ်မိကောင်းမှ မှတ်မိပါလိမ့်မယ် ။
   ဒါပေမယ့် ကျနော်သိတာ တချို့တော့ရှိပါတယ် ။
   ပထမတစ်ချက်က ၊ သူဟာ ABSDF ကျောင်းသားတပ်ဖွဲ့ဝင်တစ်ယောက်ပါ ။

   ကျနော် အဲဒီမှာရှိခဲ့တဲ့ နှစ်ရက်နဲ့တစ်ညလုံး သူဟာ ...

   ... နောက်ပြန်ကြိုးတုပ် ၊ ဒူးထောက်အနေထားနဲ့ နေနေရပါတယ် ။
   ... ရာဘာပိုက်ပျော့အပါဝင် ခြေ လက် နည်းမျိုးစုံနဲ့ နေ့ရောညပါ မအိပ်မနေ အလှည့်ကျရိုက်နှက်
ထိုးကြိတ်စစ်ဆေးတာကို ခံနေခဲ့ရပါတယ် ။
   ... အစာရေစာကတော့ ဝေလာဝေးပါ ။
   ... တစ်ကြိမ်မှာ ယာယီတွဲဘက်အဖြစ် စခန်းကိုခေါ်ထားတဲ့ တပ်ကြပ်ကြီးတစ်ယောက်က စိတ်မ
ရှည်တော့လို့ လည်ပင်းထညှစ်တယ်လို့လည်း စကားသံတွေအရ သိရပါတယ် ။ မျက်ဖြူလန်တဲ့အထိ
အညှစ်ခံရတာပါ ။

  ဒါတွေဟာ ကျနော် လက်လှမ်းမီသမျှ တစ်စိတ်တစ်ပိုင်းလေးပါ ။ အခြား ဘာနှိပ်စက်နည်းတွေနဲ့
ဘယ်လောက်ကြာကြာ ဆက်ခံနေရမလဲဆိုတာ နတ် သိကြားနဲ့ ဘုရားတို့သာ သိပါလိမ့်မယ် ။
တော်လှန်သူတစ်ယောက်ရဲ့ ပေးဆပ်ရမှုနဲ့ သူ့ရဲ့ ဘဝနိဂုံးအစလည်း ဖြစ်ကောင်းဖြစ်ပါမယ် ။

   သူလိုလူတွေ တစ်ယောက်ထဲတော့ မဟုတ်ပါဘူး ၊ ဆယ်ကဏန်း ရာကဏန်း ဘယ်လောက်ရှိမယ်
ဆိုတာ ထောက်လှမ်းရေးတွေကိုယ်တိုင်တောင် စာရင်းအင်းတွေ ရှိလိမ့်မယ်လို့ မထင်ပါ ။ ဒါပေမယ့်
သွေးနဲ့ရေးထားခဲ့တဲ့ လူမသိ သူမသိသမိုင်းတွေ ၊ ဖိနှိပ်မှုယန္တယားကြီးထဲ ကွေပျက်စတေးခဲ့ရတဲ့ မျက်
ရည်နဲ့ ဘဝတွေဟာလည်း နည်းလှတာတော့ မဟုတ်ပါဘူး ။

   ABSDF ဟာ ဘက်စုံ ပြည့်စုံကုံလုံတဲ့ အဖွဲ့မဟုတ်တာတော့ သေချာပါတယ် ။ ဒါပေမယ့် တပ်ဖွဲ့ဝင်
တွေရဲ့ စွန့်လွတ်မှု ၊ စွန့်စားမှု ၊ အနစ်နာခံမှု ၊ တည်ဆောက်ခဲ့မှုတွေကို အလေးထားပြီး ဖေါ်ထုတ်ဂုဏ်
ပြုဖို့နဲ့ အသိမှတ်ပြုဖို့တွေ မရှိသင့်ဘူးလား ။ ဘယ်သူတွေများ ကြိုးပမ်းခဲ့ကြသလဲ ။

   အဖွဲ့ စတင်တည်ထောင်ခဲ့တဲ့ အနှစ် ၂၀ ကျော်လာတဲ့ အချိန်မှာတော့ -
   အဖွဲ့ကို သိက္ခာအရ ၊ စိတ်ဓါတ်အရ ၊ ကဏ္ဍအတော်များများမှာ တစ်စစီ ချိုးဖဲ့ချေဖျက်ဖို့ ညီညာလှ
တဲ့ ခြေလှမ်းအချို့ကို  တွေ့နေရပါပြီ ။ ဒီခြေလှမ်းတွေကို အဖွဲ့ရဲ့ ပြင်ပကသာမကပဲ အတွင်းကနေပါ
တက်ညီလက်ညီနဲ့ အားကြိုးမာန်တက် ဖြစ်နေကြတာကိုတွေ့ရလို့ အံ့လည်း သြမိပါတယ် ။ စိတ်မ
ကောင်းလည်း ဖြစ်ရပါတယ် ။

   ကျနော်ဟာ AB မဟုတ်သလို ၊ ပတ်လည်း မပတ်သက်ပါဘူး ။
   ဒါပေမယ့် လူတစ်ချို့ရဲ့ အမှားတွေကြောင့် ရာထောင်ချီတဲ့တစ်ဖွဲ့လုံးကို လုံးလုံးလျားလျား တိုက်
ခိုက်ချိုးဖဲ့တာကတော့ မသင့်လှဖူးလို့ ထင်ပါတယ် ။ ရိုးသားမှု မရှိသလို ခံစားရတယ် ။ အချို့လူတွေ
ရဲ့ လုပ်ရပ်တွေ ဟာ “ငါးတစ်ကောင်ကိုဖမ်း ၊ ခေါင်းခုတ်ဖြတ်ပြီး .. ကဲ ကိုယ်လုံးရေ .. နင်ကတော့
ဆိုင်လို့ ပြန်လွှတ်ပေးပါတယ်” ဆိုတာ မျိုးလည်း ဖြစ်နေပါ့မယ်ဆိုတာ သတိပေးချင်ပါတယ် ။

   ဒီနေရာမှာ ၊ ဟာ .. ဒီလောက် ကြီးမားလှတဲ့ အမှားကြီးတွေကို ခင်ဗျားက မျက်ကွယ်ပြုတာလား ၊
သူခိုး ဓါးရိုးကမ်းတာလား ၊ ကိုယ်ချင်းစာစိတ် မရှိဖူးလား ၊ အမှန်တရားကို တကယ်မြတ်နိုးရင် ဒါကို
လုပ်ကိုလုပ်ရမယ် .. စသည်ဖြင့် ပြောလာနိုင်သူတွေလည်း ရှိမှာပါ ။ ကျနော်လည်း ခံစားချက်ရှိတဲ့
လူသားတစ်ယောက်ပါ ၊ မတရားမှုကို ပျော်မွေ့သူတစ်ယောက်လည်း မဟုတ်ပါဘူး ၊ ဒါပေမယ့် ...

   တစ်ဖက်ကို ဖေါ့ပြီး ၊ အခြားတစ်ဖက်ကို ဖိထောင်းတာမျိုးကို ဆင်ခြင်ဖို့ လိုပါတယ် ။ ကိုယ့်ဘဝတ
တွေကို အမှုန့်ချေဖို့ ကြိုးစားနေခဲ့သူတွေနဲ့ လက်ဆွဲနှုတ်ဆက်နိုင်ပေမယ့် ၊ အချင်းချင်းကျတော့ အ
တုံ့အလှည့်နဲ့ ပေးဆပ်မှုတွေရှိမှ တရားမယ် လက်ခံနိုင်မယ် ဆိုတာမျိုးတွေဟာ သဘာဝမကျပါဘူး ၊
သံသယဖြစ်စရာလည်း ကောင်းပါတယ် ။ အဆရာထောင်ချီတဲ့ ဆိုးရွားပြီး အော့နှလုံးနာစရာအမှုတွဲ
တွေနဲ့ လူတွေကိုကို (မထိရဲတာလားတော့ မသိ) မျက်ကွယ်ပြုပြီး (အလွယ်တကူ ပြောလို့ရနိုင်သူ
တွေကိုတော့ နိုင်ငံတကာခုံရုံးအထိ တင်မယ်ဆိုတဲ့) မြေနိမ့်ရာ လှံစိုက်တာမျိုးကို ဘယ်လိုလူတွေက
ဘယ်လိုစိတ်ထားနဲ့ လုပ်ကြမလဲ ၊ အဖြေက သိပ်မဝေးလှဘူးလို့ ထင်ပါတယ် ။

   ကျနော့်အနေနဲ့ကတော့ များများနဲ့ ရှည်ရှည်ဝေးဝေး ထပ်ပြောစရာ မရှိလှပါ ။
   "မျက်စိတစ်ဆုံးကြည့်ပါ"လို့ပဲ အဓိက ပြောချင်ပါတယ် ။
   ထပ်ဆင့်ပြီးတော့ ပြောစေချင်သေးရင်တော့ .. "ရိုးသားပါ ၊ ဒါးခုတ်ရာ လက်ဝင်မရှိုပါနဲ့" လို့လည်း
ပြောချင်ပါတယ် ။

   ဝံပုလွေအလုပ် ဝံပုလွေတွေ လုပ်ပါစေ ၊
   မြေခွေးတွေအလုပ် မြေခွေးတွေ လုပ်ပါစေ ၊
   ကိုယ့်ကိုယ်ကို သိုးကလေးလို့ ခံယူထားရင်တော့ ၊ “သိုးအူသံ”တွေ မလုပ်မိကြဘို့ အကြံပေးချင်
ပါတယ် ။

   ဟုတ်ကဲ့ ၊ ကျနော်ဟာ ခင်ဗျားအတွက် မှန်ချင်မှ မှန်ပါလိမ့်မယ် ။
   ဒါပေမယ့် ပြောစရာရှိလာတာကိုတော့ ပြောရမှာပါပဲ ။

   ပြောသင့်တာကို ပြောခဲ့လို့ ၊ ဆုံးရှူံးနစ်နာခဲ့ရတာတွေ ရှိခဲ့ပါတယ် ။
   ဒါပေမယ့် ၊ အများအကျိုးရှိမယ်လို့ ယုံကြည်တာမို့ ၊ ဒီလမ်းကို ဆက်လျှောက်သွားဦးမှာပါ ။
   ထပ်ဆင့်ပြီး ပြောပါရစေ ၊ အများအတွက်ပါ


မန်းကိုကို
၁၃ ၊ ၀၂ ၊ ၂၀၁၂

37 comments:

  1. ကျွန်မက မြောက်ပိုင်းဖြစ်ရပ်တွေကို သတင်းတွေမှာ ဖတ်ရတော့မှ သိခဲ့ရတဲ့ သာမန်အိမ်ရှင်မတစ်ဦးပါ။ မန်းကိုကိုရဲ့ဘလော့ကိုလဲ အခုမှသိပြီး ဖတ်ကြည့်မိတာပါ။ ကျွန်မကတော့ သာမန်ပြည်သူတဦးအနေနဲ့ပဲ သိတော့ သိသလောက်ခံစားမှုလေးနဲ့ ပြောချင်ပါတယ်။ မတရားသေသွားခဲ့တဲ့ သူတို့ရဲ့ ဂုန်သိပ်ခါ (ပါတ်ဆင့်မရိုက်တတ်လို့ ခွင့်လွတ်ပါ)အတွက် ဒီလိုမျိုးအဖော်ထုတ်မခံသင့်ဘူးလား။ သိချင်ပါတယ်။ အခုက ပြည်သူတွေကို လိမ်လို့မရတော့ပါဘူး။ တချို့က လူတစုနဲ့ တဖွဲ့လုံးကို မကွဲဘူးဆိုပေမယ့် အများစုကတော့ သေချာခွဲခြားနိုင်စွမ်းရှိပါတယ်။ ကျွန်မ မန်းကိုကို ကို မေးချင်တာတခုရှိပါတယ်။ ABSDF ကိုပြိုကွဲမှာစိုးလို့ မတရားသေခဲ့တဲ့သူတွေ အကြောင်းကို နှုတ်ပိတ်ထား ရတာ့မှာလား။ အခုဖော်ထုတ်နေကြတာတွေကလဲ လူတစုကိုအကြောင်းပဲ ဖော်ထုတ်ထားတာပါ။ ဘယ်သူကမှ ABSDF ကိုဖျက်သိမ်းဖို့ ပြောမနေကြပါဘူး။ အားလုံးဟာ ဒီလိုမျိုးအဖွဲ့ကို ထိခိုက်မှာစိုးလို့ အနှစ်(၂၀)တောင် စောင့်နေခဲ့ကြရတာ မဟုတ်လား။ တကယ်တမ်း ABSDF မှာတိုက်ပွဲဝင်ခဲ့တဲ့ ABSDF ကကျောင်းသား စစ်စစ်တွေကတောင် အခုမှအဖြစ်မှန်သိခဲ့တဲ့အခါ နာကျင်၊ ယူကျုံးမရ ဖြစ်ပြီး အဖြစ်မှန်ကို ဖော်ထုတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ (ဥပမာ ဘလော့ဂါ မငယ်နိုင်)။ ဒါပေမယ့် မန်းကိုကိုလိုတော့ မရေးဖူးကြဘူး။ ကျွန်မလို ဘာမှမဆိုင်တဲ့သူတောင် တော်တော်စိတ်မကောင်းဖြစ်ရပါတယ်။ တကယ်တမ်းခံခဲ့ရတဲ့ သူတွေရဲ့ မိဘတွေဆို ဘယ်လောက်တောင် စိတ်ထိခိုက်ကြမလဲ။ သားသမီးချင်း မိဘချင်းကိုယ်ချင်းစာပါလို့ပဲ ပြောချင်ပါတယ်ရှင့်။

    ReplyDelete
    Replies
    1. အိမ်ရှင်မ Anonymous ရဲ့စာကို ပို့စ်တင်ပြီး မကြာခင်မှာပဲ တက်လာတာ တွေ့လိုက်ရပါတယ် ။
      စိတ်ခံစားမှုကို အခြေခံပြီး စိတ်ရင်းမှန်အတိုင်း ရေးလိုက်တာလို့လည်း ယုံကြည်ပါတယ် ။

      အဦးဆုံးပြောချင်တာက ကျနော်လည်း ဒီကိစ္စကို ခုမှသိတဲ့ သာမန်ပြည်သူတစ်ဦးပါပဲ ။ ပြီးတော့ ကျနော်ဟာလည်း စိတ်ခံစားမှုရှိတဲ့ ၊ ကိုယ်ချင်းစာတတ်တဲ့ ၊ အမှန်တရားကို လိုလားတဲ့ သူတစ်ယောက်ပါပဲ ။

      ဒါပေမယ့် ကိစ္စတစ်ခုကို စိတ်ခံစားမှုရှေ့တန်းတင်ပြီး စဉ်းစားဆုံးဖြတ်ဖို့ကျတော့ ကျနော် ငြင်းရပါလိမ့်မယ် ။ တရားနည်းလမ်းမကျပဲ နစ်နာရသူတွေအတွက် ဖေါ်ထုတ်မှုတွေဟာ တကယ်လုပ်သင့်ပါတယ် ၊ ကျနော် လက်ခံပါတယ် ။ တစ်ဖက်မှာက စိတ်ခံစားမှုကို ရှေ့တန်းတင်ရင်တော့ ၊ မီးလောင်ရာလေပင့်ပေးသူတွေကို မျက်စေ့လျှမ်းပြီး ၊ ၈၈ တုန်းက ခေါင်းဖြတ်သတ်တာမျိုးတွေလို ၊ မြောက်ပိုင်းကိစ္စမှာ မဆင်ခြင်နိုင်ခဲ့ကြတဲ့ သူတွေလိုပဲ သင်္ခန်းစာမယူနိုင်လို့ မှားတဲ့အမှားမျိုးတွေ သမိုင်းတစ်ပတ်လည်မှာကို စိုးရိမ်လို့ပြောတာမို့ နားလည်ပေး စေချင်ပါတယ် ။

      ကျနော့်အနေနဲ့ ဒါကတော့ဖြင့် မဖေါ်ထုတ်သင့်ဘူးလို့ မပြောခဲ့သလို ၊ ဒါတွေ မဖြစ်ခဲ့ဖူးလို့ ပြောရလောက်အောင်လည်း အမိုက်မှောင်တွေ မဖုံးသေးပါဘူး ။ ဒါပေမယ့် ဒီကိစ္စဟာ မြောက်များစွာသော ကိစ္စတွေထဲက တစ်ခုသာ ဖြစ်တယ်ဆိုတာကိုမြင်ပြီး သင့်တင့်မျှတတဲ့ အချိန်နဲ့ ကြိုးပမ်းချက်တွေကို ရင်းနှီးမြုပ်နှံသွားဖို့သာ လိုနေတာပါ ။ အောက်မှာ မငယ်နိုင်ရဲ့ မှတ်ချက်ထဲကလို သုတေသနဆန်ဆန် လုပ်နိုင်ကြရင်တော့ ကျနော် အားပေးသွားမှာပါ ။

      Delete
    2. ကျွန်မလဲ မငယ်နိုင်ပြောတာ သဘောကျပါတယ်။ မျိုးစေ့မှန်ရင် အပင်သန်ပါတယ်။ လူယုတ်မာ တစုရဲ့ လုပ်ရပ်ကိုဖော်ထုတ်လို့ အဖွဲ့တခုလုံး ပြိုကွဲမသွားနိုင်ပါဘူး။ တကယ်ကို အသက်စတေးပြီး လုပ်ခဲ့တဲ့သူတွေရှိတယ်ဆိုတာ ကျွန်မတို့လူသာမန်တွေတောင်သိနိုင်သေးတာပဲလေ။ ဘာပဲ ပြောပြော မိခင်စိတ်နဲ့ ကိုယ်ချင်းစာမိလို့ ကိုထွန်းအောင်ကျော်ရဲ့ အမေပုံကို ကြည့်တော့ မျက်ရည်ကျမိပါတယ်။ တရားကို နတ်စောင့်ပါစေလေ။ ကွန်မန့် ပြန်ပေးတဲ့အတွက်ကျေးဇူးပါ။

      http://www.facebook.com/notes/kyaw-gyi-ab/%E1%80%99%E1%80%AD%E1%80%81%E1%80%84%E1%80%B9%E1%80%9E%E1%80%AD%E1%80%AF-%E1%80%B7%E1%82%8F%E1%80%BD%E1%80%90%E1%80%B9%E1%80%86%E1%80%80%E1%80%B9%E1%80%85%E1%80%80%E1%80%AC%E1%80%B8/181587595280119

      Delete
  2. ဆရာ မန်းကိုကို ခင်ဗျား
    ဒီကိစ္စ ကို လူသိရှင်ကြားဖြစ်အောင် စတင်ဖော်ထုတ်တဲ့အထဲမှာ ကျနော်ပါ ပါတယ်....အမြင်ကတော့ တယောက်နဲ့ တယောက် ဘယ်တူနိုင်မလည်းလေ...အမြင်မတူတာကို လက်ခံပါတယ်...အားလုံး အမြင်တူနေရင်...ဘယ်ဒီမိုကရေစီ ဟုတ်တော့မလည်း...ကွဲပြားခြားနားခြင်းကို လက်ခံတာကိုက
    ဒီမိုကရေစီကို လက်ခံတာပါပဲ....
    လေးစားလျှက်
    မောင်မောင်ဝမ်း

    ReplyDelete
    Replies
    1. ကိုမောင်မောင်ဝမ်း ခင်ဗျား ၊

      ပထမဆုံး ကျနော့်ရဲ့ ယေဘုယျဆန်လွန်းတဲ့ စာသားအချို့ကြောင့် ၊ အချို့အတွက် စိတ်ထဲမှာ ဟိုလိုလို သည်လိုလို ဖြစ်စရာတွေ ပေါ်လာကြတော့မှာ သေချာနေပြီလို့ ဝန်ခံချင်ပါတယ် ။ တစ်ဖက်မှာက ဘယ်သူကတော့ဖြင့် ဘယ်လိုဆိုပြီး ပုဂ္ဂိုလ်ရေး တိုက်ခိုက်သလို မဖြစ်အောင် ရှောင်ချင်တဲ့ သဘောလည်းပါတာကြောင့် ခြုံငုံရေးလိုက်တာပါ ။

      ကိုမောင်မောင်ဝမ်းကို ကျနော် လေးစားသလို ယုံလည်းယုံကြည်ပါတယ် ။ တိုက်ရိုက်အနေနဲ့ ပြောချင်တာက ကိုမောင်မောင်ဝမ်းရဲ့ လုပ်ရပ်နဲ့ ဦးတည်ချက်ကို ကျနော် မကန့်ကွက်ပါဘူး ။ တစ်ခုပဲရှိတာက၊ ဦးတည်ချက်အပြင် မရည်ရွယ်တဲ့ ဘေးထွက်သက်ရောက်မှုနဲ့ မီးလောင်ရာ လေပင့်ပေးတာတွေကို သတိထားစေချင်တာပါပဲ ။

      Delete
    2. may be you should tell straight that aung kyaw moe should refrain from unethical behaviours and sensationalising the matter only to be used by their enemies to discredit them, no?

      may be you should refrain from explaining everything to every Tom and Jerry coming by the name of "Anonymous" too, no?

      ha ha, goodluck man!

      Delete
    3. Anonymous (Feb 13, 2012 12:31 AM) ရဲ့ လေသံကတော့ နည်းနည်း ရင်းနှီးနေသလိုပါပဲ ။ ဘယ်လိုပဲဖြစ်ဖြစ် မှတ်ချက်ကိုတော့ မှားတယ် ၊ မှန်တယ် မပြောချင်ပါဘူး ။ ကိုမောင်မောင်ဝမ်းကို ပြောခဲ့သလိုပဲ ၊ လူပုဂ္ဂိုလ်ရေး အပိုင်းကို ကျနော် တတ်နိုင်သမျှ ရှောင်ပါတယ် ။ ရှေ့လျှောက်ပြီးလည်း ရှောင်သွားနိုင်ဖို့ မျှော်လင့်ပါတယ် ။ ရှောင်လို့ မရနိုင်တဲ့ စွပ်စွဲချက် ၊ ဝေဖန်ရှုတ်ချချက်နဲ့ အမြင်တွေကိုတော့ တတ်နိုင်သလောက် ဆုံးဖြတ် ရင်ဆိုင်သွားရမှာပါပဲ ။

      Delete
  3. မန်းကိုကို--- ဒါမျိုးတွေက ရိုးသွားပြီ။ ခင်ဗျားစာက အမှန်တရားကို ထောက်ခံ အားပေးတဲ့သူတွေကိုတောင် "ရိုးသားပါ ၊ ဒါးခုတ်ရာ လက်ဝင်မရှိုပါနဲ့" လို့လည်းပြောချင်ပါတယ် ။ ဆိုပြီး လူတွေကို တဖက်လှည့်နဲ. ခြိမ်ခြောက်သွာံးသေးတယ်။ လူတွေ ပြောနေတာက ဘယ်သူပဲ လုပ်လုပ် မတရားသဖြင့် ဥပဒေမဲ့ လုပ်ရပ်တွေ သတ်ဖြတ်မှုတွေ နှိပ်စက်မှုတွေကို လက်မခံတာပါ--- ခင်းဗျား ခင်းပြတဲ့ ဇာတ်လမ်းက ထောက်လှမ်းရေးတွေ လုပ်ထားတဲ့ ဇာတ်လမ်းတွေကျတော့ မပြောပဲ ဒီကို လာပြီး မြေနိမ့်ရာ လှံစိုက်တဲ့လို. ဆိုချင်တဲ့သဘော--- တကယ် လှံအစိုက်ခံရသူတွေက နစ်နာသူ မိသားစုတွေပါ-- ခံရတာကို ခံရတယ်လို. ပြောတာတောင် ရန်သူအားပေး တခုခုကို ဖျက်ဆီးလိုတဲ့ အတွေးလို. အခု အနှစ် ၂၀ ကြာသည်အထိ ထောက်လှမ်းရေးနဲ. ပေးစားခံရတဲ့ဘ၀က မလွတ်သေးဘူး---ဒါကြောင့် လူသတ်မှုတွေ ဖြစ်ခဲ့တာလဲ ခင်ဗျာလို ရေလာ မြောင်းပေး မြောက်ပေးပြီး အရာရာကို တော်လှန်ရေး ဆိုတဲ့စကားလုံးတွေနဲ. လူတွေကို အနိုင်ကျင့်ချင်တဲ့ စရိုက်တွေကြောင့် အခုလောက်အထိ အရုပ်ဆိုးခဲ့တာ--- ခင်ဗျား ကြိုက်တဲ့ ဖက်က ရပ်တည်ပါ--- အမှန်တရားက မျက်စိ တဆုံးကြည့်စရာ မလိုတော့ပါဘူ-- ရှင်းရှင်းကြီး ပေါနေပါပြီ--- ကျနော်တို. သာမန် အရပ်သားတွေလဲ စာတတ်နေပါပြီ---

    ReplyDelete
    Replies
    1. ရိုးသွားပြီဆိုလို့ ဝမ်းသာပါတယ် ၊ ပြောရတာ အချိန်ကုန် သက်သာတာပေါ့ ။
      ဒါနဲ့တဆိတ် .. ရှင်းရှင်းကြီး "ပေါ"နေပါပြီ .. ဆိုတာ ဝန်ခံသွားလို့လည်း ပိုလို့ ဝမ်းသာပါတယ် :-)

      Delete
    2. Anonymous ဟာ အောက်က လင်္ကာ ၊ နောက်ထပ် Anonymous တစ်ယောက်တို့နဲ့ တူမတူ မသေချာပေမယ့် ၊ ကျနော့်ရဲ့ လှောင်ပြောင်သလို တုန့်ပြန်တာကို ကြေကြေနပ်နပ် ဖြစ်သွားမယ်လို့ မထင်ပါဘူး ။ ကျနော်ကလည်း လိုရာဆွဲ စွပ်စွဲတဲ့စာမို့ တမင် ပေါ့ပေါ့တန်တန် ပြန်ဆက်ဆံ ပြလိုက်တာပါ ။ အခြားဖတ်မိသူတွေလည်း စိတ်ထဲ တစ်မျိုးဖြစ်သွားနိုင်တာ သိပါတယ် ။ ဒီတော့ နည်းနည်းလေး အတည် ပြန်ပြောပြချင်ပါတယ် ။

      ဒီဘလော့မှာ ဘယ်သူမဆို Anonymous အနေနဲ့ အမည်မဖေါ်ပဲ မှတ်ချက်ပေးနိုင်အောင် တမင် ဖွင့်ထားပေးပါတယ် ။ အလွယ်တကူ အသုံးပြုနိုင်အောင် ၊ စိတ်ထဲရှိတာကို ဖွင့်ထုတ်နိုင်အောင် ၊ သုံးလိုသူတိုင်း တန်းတူညီမျှ အခွင့်အရေး ဖန်တီးထားပေးတာပါ ။ နောက်ပြီး ကျနော့်မှာ သိထား ရှိထားတာလေး အနည်းအကျဉ်းကို လာဖတ်သူတွေလက်ထဲ အဖိုးခမဲ့ ဝေမျှပေးချင်သလို ၊ လာလည်သူတွေဆီက ပိုလျှံနေတဲ့ အတွေ့ကြုံ ဗဟုသုတနဲ့ အမြင်တွေကိုလည်း မျှော်လင့်တာပါပဲ ။

      ကျနော့်အနေနဲ့ လူတိုင်းကို လေးစားချင်ပါတယ် ၊ တတ်နိုင်သမျှလည်း တုန့်ပြန်ပေးနေပါတယ် ။ ပညာတတ်တတ် မတတ်တတ် ၊ ဒီမိုမို မမိုမို ၊ အမြင်တူတူ မတူတူ ၊ စစ်ဖက်နဲ့ ထောက်လှမ်းရေးက အပျော် သို့မဟုတ် အလုပ်သဘောနဲ့ လာကြပ်ကြပ် အားလုံးကို တန်းတူ ဆက်ဆံချင်ပါတယ် ။ တစ်ဖက်မှာလည်း သာမန် လူတစ်ယောက်ဖြစ်တဲ့ ကျနော့်အနေနဲ့ မှတ်ချက်ပေးသူရဲ့ ကိုယ့်ကိုယ်ကို တာဝန်ယူမှုကို မဖြစ်မနေ မဟုတ်ပေမယ့် အသင့်အတင့်တော့ မျှော်လင့်မိပါတယ် ။

      Delete
  4. ကိုမန်းကိုကို ပို့စ်က ကျွန်မ ရှင်းကိုမရှင်းဘူး။ ကျွန်မက ဘာသာစကား သိပ်အားနည်းတယ်။ ဆိုလိုချက်ကို တည့်တည့်ရေးမှ နားလည်တယ်။ ကိုမန်းကိုကို အပေါ်မှာ ပြောထားတဲ့ တွေ့လာရတယ်ဆိုတာက အိပ်မက်မက်တာလား၊ အပြင်မှာ တကယ်တွေ့တာလား ဒါမှမဟုတ် တယောက်ယောက် ပြန်ပြောပြတာလား။ ဘယ်မှာ ဖြစ်သွားတာ ဘယ်သူ့ကိုစစ်နေတာကို ပြောတာလဲ။ မြောက်ပိုင်းမှာ ဖြစ်ခဲ့တာကို စိတ်ကူးယဉ်ပြီး ရေးထားတာလား ဆိုတာ ကျွန်မ လုံးဝမရှင်းဘူး။

    ကိုမန်းကိုကို ကျွန်မကို လာ Tag ပေးကတည်းက ကျွန်မကို ဒီအကြောင်း ပို့စ်တင်စေချင်တယ်ဆိုတာ သဘောပေါက်ပြီးသား ဖြစ်တယ်။ ကျွန်မ ဒီအကြောင်းကို မနေ့က ပြည်ထောင်စုနေ့မှာ ပို့စ်တခု ဖြစ်အောင်တင်မယ်လို့ ရည်ရွယ်ပြီး သူများရေးထားတဲ့ ပို့စ်တွေက အချက်အလက်တွေအပေါ် လေ့လာစုံစမ်းခဲ့ပါတယ်။ ပထမ အချက်အလက် ခိုင်လုံဖို့ လိုပါတယ်။ အချက်အလက် ခိုင်မာပြီဆိုမှ ဒီအပေါ်မှာ သုံးသပ်လို့ရမယ်။ ဒါကြောင့် သူများရေးထားတာကိုလည်း ဖတ်တယ်၊ ကျွန်မကိုယ်တိုင်လည်း အဲဒီရေးထားတဲ့ အကြောင်းအရာထဲက အချက်အလက်တွေအပေါ် မေးသင့်တယ်လို့ ယူဆရတဲ့သူတွေကို မေးမြန်းစုံစမ်းခဲ့ပါတယ်၊ အခုအခြေအနေမှာ ဖြစ်သွားတာဟာ ဟိုအရင်က ကျွန်မ သိထားသလိုမျိုး မဟုတ်ဘူး တကယ်ကို ဘယ်လိုမှလက်မခံနိုင်အောင် ယုတ်ရိုင်းအောက်တန်းကျလှတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုကြီး ဖြစ်သွားခဲ့တယ်ဆိုတာ ကျွန်မရသွားပြီ။ ဒါပေမဲ့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက် မဟုတ်တဲ့ ဒီကိစ္စကို ကျွန်မ ဘလော့ဂ်က ဘ၀ဖြတ်သန်းမှုတွေလိုလည်း ပေါ့ပေါ့ပါးပါးလေး ရေးလို့မရပါဘူး။ တကယ်ကို အခြေအမြစ်ရှိရှိ သုံးသပ်ဖို့ လိုအပ်ပါတယ်။ Analysis အနေနဲ့ မှန်မှန်ကန်ကန် သုံးသပ်နိုင်ဖို့ဆိုရင် အချက်အလက်က ဒီလောက်နဲ့ မရသေးဘူး။ ပြီးတော့ အခုချိန်မှာ ကျွန်မဟာ ဒီအတွက် တော်တော်လေးကို စိတ်ထိခိုက်နေတဲ့အချိန်မှာ စိတ်မတည်ငြိမ်ဘဲနဲ့ ခံစားမှုကို ဦးစားပေးပြီး ရေးတဲ့ပို့စ်က မှန်မှန်ကန်ကန် သုံးသပ်မှု ဖြစ်မလာနိုင်ဘူး၊ ဘာမှလည်း ဟုတ်တိပတ်တိ သိတာမဟုတ်၊ ကိုယ်လည်း ပါဝင်ပတ်သက်ခဲ့တာ မဟုတ်တဲ့ အကြောင်းအရာတခုကို အခြေအမြစ် မရှိဘဲနဲ့ တောပြောတောင်ပြော ဟိုလူ့စွပ်စွဲ ဒီလူ့စွပ်စွဲပြီး အပြစ်ပုံချလို့လည်း မဖြစ်ဘူး။ တကယ်ကို ခံစားမှု ကင်းကင်းနဲ့ Analysis လုပ်ရမှာ ဖြစ်တဲ့အတွက် ဒီအတွက် အဆင်သင့် မဖြစ်သေးလို့ ကျွန်မ ဒီအကြောင်းပို့စ် တင်ဖို့ ရည်ရွယ်ထားပေမဲ့ မတင်ဖြစ်သေးဘူး။

    ReplyDelete
    Replies
    1. မငယ်နိုင် နားမလည်ဖူး ဆိုတာဟာ ကျနော်တင်ပြပုံကိုက ညံ့လို့ပါ ။ ရေးဖို့ အချိန်မယူပဲ ၊ ခံခဲ့ရသူတွေနဲ့ သက်ဆိုင်သူတွေက စိတ်ရင်းမှန်နဲ့ ဖေါ်ထုတ်နေကြတဲ့ ကိစ္စတစ်ခုကို လမ်းမလွဲစေချင်တဲ့ စေတနာ ၊ အခြားလူတွေ အသုံးမချသွားစေချင်တဲ့ စေတနာတွေနဲ့ ရေးလိုက်တာပါ ။

      ကျနော့်ပို့စ်က တောင်ပိုင်းမှာ ဖြစ်ခဲ့တာပါပဲ ၊ နေရာ အချိန် အတိကျတွေကိုတော့ ကျနော် messege ထဲ သီးသန့်ပြောခဲ့ပြီးပြီမို့ ထပ်မပြောတော့ပါဘူး ။

      မြောက်ပိုင်းကိစ္စဟာ ဘယ်လိုမှ လက်မခံနိုင်လောက်တဲ့ ကိစ္စဆိုတာ ကျနော် လက်ခံပါတယ် ။
      ပြီးတော့ မငယ်နိုင်ပြောတဲ့ အချက်လက် ခိုင်ခိုင်မာမာအပေါ် အခြေခံပြီး လေးလေးနက်နက် မှန်မှန်ကန်ကန် သုံးသပ်ရေးသွားမယ်ဆိုတာကို ကျနော် အားပေးပါတယ် ။ စိတ်ခံစားမှုကို ဦးစားမပေးတာနဲ့ ဟိုဟိုဒီဒီ စွပ်စွဲပုံချတာတွေကို ရှောင်ဖို့ပြောတာတွေဟာလည်း သင့်တော်တဲ့ အုတ်မြစ်တွေဖြစ်လို့ ထပ်ဆင့် ထောက်ခံရမှာပါ ။ ကျနော့်ပို့စ်ရဲ့ ရည်ရွယ်ရင်းကလည်း နှုတ်က ပေါ့ပေါ့ပါးပါး လွှတ်ကနဲ ထွက်သွားရုံ အဓိပ္ပါယ်မဲ့ လောကွတ်စကားနဲ့ အတင်းအဖျင်း အတွန်းတွေထက် မငယ်နိုင်ရည်ရွယ်တဲ့ တန်ဖိုးရှိ စာတွေ စကားမျိုးတွေ ရေးကြ ဖေါ်ထုတ်ကြ စေချင်တာပါပဲ ။

      Delete
  5. ကိုမန်းကိုကို ခင်ဗျား-
    မြောက်ပိုင်း မ က ဒ တ မှာဖြစ်ခဲ့တဲ့ လူမဆန်စွာရက်စက်မှုတွေကို
    ဖော်ထုတ်ခြင်းဟာ---
    လူတချို့ရဲ့ အာဏာရူးမှုကြောင့် မ က ဒ တ ရဲ့ဂုဏ်သိက္ခာ နဲ့သမိုင်းကို
    အမဲစက်မစွန်းအောင် လုပ်တဲ့ လုပ်ရပ်လား?
    မ က ဒ တ ရဲ့ဂုဏ်သိက္ခာ နဲ့သမိုင်းကို အမဲစက်စွန်းအောင်
    အာဏာရူးလူတချို့ရဲ့လူမဆန်စွာရက်စက်မှုတွေကိုဖော်ထုတ် အသုံးချခြင်းလား?
    ဆိုတာကို တော့ ကွဲပြားဖို့လိုမယ်ထင်ပါတယ်။
    အဓိက ဖော်ထုတ်နေသူများ( ကိုအောင်မိုးဝင်း၊ ကိုမောင်မောင်ဝမ်း....)တို့ရဲ့တင်ပြမှုတွေမှာတော့
    ခုအချိန်ထိ မ က ဒ တ ပျက်စီးရေးကို မတွေ့ရသေးပါဘူး။
    ဘေးကဝင်လာမယ့် side effect တွေဟာလည်း ပင်မ ဦးတည်ချက် ထဲမှာ မြောပါ ပျောက်ကွယ် သွားရမှာပါ။

    ReplyDelete
    Replies
    1. ကျနော်လည်း စိတ်ခံစားမှုမုန်တိုင်းရှေ့မှာမှ ကန့်လန့်လာရပ်မိသလို ဖြစ်နေတော့ ၊ ကိုယ့်ရဲ့ မိုက်မဲမှုတစ်ခုလို့ပဲ သဘောထားလိုက်ပါတယ် ။

      အပေါ်က ကိုKyaw Soe Win နဲ့ ကိုSliv Mmc တို့ရဲ့ မှတ်ချက်အပိုင်းကလေး နှစ်ပိုင်းနဲ့ ပတ်သက်ပြီးတော့ပဲ သိခဲ့ရတာလေးတစ်ခုကို ဝေမျှချင်ပါတယ် ။

      - "ဘေးကဝင်လာမယ့် SIDE EFFECT တွေဟာလည်း ပင်မ ဦးတည်ချက် ထဲမှာ မြောပါ ပျောက်ကွယ် သွားရမှာပါ။"
      - "အားလုံးသိပြီးသားပါ" ဆိုတဲ့ စကားတွေနဲ့ ပတ်သက်ပြီးတော့ပါ ။

      လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ကျနော်ကျောင်းမှာ အမှားတွေလုပ်တိုင်း ဆရာ ဆရာမတွေရဲ့ သတိပေးချက် တစ်ခုကတော့ "do not assume" ပါတဲ့ ။ အထင်နဲ့ မလုပ်ပါနဲ့ ၊ သက်သေပြချက်ရှိမှ သေချာမှ လုပ်ပါလို့ ပြောချင်ကြတာပါ ။ ကျနော့်အတွက်တော့ အတော် တန်ဖိုးရှိခဲ့ပါတယ် ။ ဝေမျှတာပါ ၊ ဆရာလုပ်တယ်လို့ သဘောမထားစေချင်ပါ ။

      (ကိုမောင်မောင်ဝမ်း ဖေ့ဘွတ်ပေါ်က ပြန်ကြားချက်ကို ကူးထည့်ပေးထားပါတယ်) ။

      Delete
  6. ဆိုင်တဲ့သူမဟုတ်ပေမယ့်နဲနဲတော့ဝင်ပွားချင်ပါတယ်....
    ဒီနေရာမှာကိုယ်ချင်းစာတရားကအရေးကြီးတယ်လို့ဆိုချင်ပါတယ်...
    သိတဲ့အတိုင်းအနောက်နိုင်ငံတွေမှာအားနာမှု ဆိုတာမရှိပါဘူး
    ဒါပေမယ့်ကိုယ်ချင်းစာမှုကိုတော့အလွန်အရေးထားပါတယ်..ကိုမန်းကိုကိုရဲ့အရင်ပို့စ်ထဲက ကရင်တွေမမြင်ရင်
    ခွင်ပျောက်လိမ့်မယ် ထဲကလိုပါဘဲ ကိုယ်ချင်းစာတရားမရှိသူ တွေကြောင့်လူ့အသိုင်းအ၀ိုင်းမှာစိတ်အနှောက်
    အယှက်ဖြစ် ဒုက္ခရောက်ကြရပါတယ်....
    အင်္ဂလိပ်တွေဆိုရင်gentleman ဆိုတာကိုအလေးထားကြပါတယ်....
    ကျနော် ကိုထိန်လင်း ရဲ့လူကက်ဆက် ကိုဖတ်မိပြီးအလွန်တုန်လှုပ် မိပါတယ်..ကိုယ်သာသူတို့နေရာမှာဆိုရင်
    ဘယ်လိုခံစားရမယ် ဆိုတာမတွေးဝံ့ အောင်ပါဘဲ...
    လူလူချင်းကိုယ်ချင်းစာနိုင်တဲ့တနေ့ ကျနော်တို့နိုင်ငံတိုးတက်လာမှာပါ ..

    ReplyDelete
    Replies
    1. မှန်ပါတယ် ၊ ကိုယ်ချင်းစာတရားဟာ ကျနော်တို့နိုင်ငံသာမက တစ်လောကလုံးအတွက် အင်မတန် အရေးကြီးတာပါ ။

      ကိုယ်ချင်းစာတရားတွေသာရှိခဲ့ရင် သူတစ်ပါးဂုတ်သွေးစုပ်ပြီး ရပ်တည်ခဲ့တဲ့ ကမ္ဘာကျော် ရောမနိုင်ငံကြီးလည်း ရှိခဲ့ချင်မှ ရှိခဲ့မှာပါ ။ ကရင်တွေရဲ့ မျက်ရည်နဲ့တူးခဲ့တဲ့ (မေ့ထီ့ရွာ = မျက်ရည်စီးဆင်းသည်) မိထ္တီလာကန်လည်း ရှိချင်မှ ရှိမှာဖြစ်သလို ၊ လူပေါင်းထောင်သောင်းရဲ့ လုပ်အားပေါ်ထိုင်ပြီး ဘုရားဆုပန်ခဲ့တဲ့ ဒကာတော် ရေမြေ့ရှင်တွေလည်း ပေါ်ချင်မှ ပေါ်ခဲ့မှာပါ ။

      နောက်တစ်ဖက်မှာလည်း ကိုယ်ချင်းစာတာအပြင် အခြားအချက်တွေလည်း ထည့်တွက်ဖို့တော့ လိုပါလိမ့်မယ် ။ ဦးသိန်းစိန် မြို့သစ်မှာ စားစရာမရှိသူတွေကို ကိုယ်ချင်းစာပြီး သူ့လခတွေ လှူပစ်လိုက်မယ်ဆိုပြီး မဖြစ်နိုင်ပါဘူး ။ ဒေါ်စုလည်း ကချင်ပြည်သူတွေကို ကိုယ်ချင်းစာလို့ ရှေ့တန်းမှာ သေနတ်ဆွဲတိုက်လို့ မရပါဘူး ။ တိဗက်မှာ တရုတ်အနိုင်ကျင့်တာ မခံနိုင်ဘူးဆိုပြီး ကျနော် တစ်ယောက်ထဲသွားပြီး တွန်းလှန်ပေးလို့ မရပါဘူး ။ ကာလံဒေသံ ၊ လုပ်ပုံကိုင်နည်းနဲ့ ကျင့်ဝတ် စသည်ဖြင့် စဉ်းစားစရာတွေ အများကြီး ရှိဦးမှာပါ ။

      ပြောတာတစ်ခြား ၊ ဖြေတာတစ်ခြား ဖြစ်နေပြီလား မသိဘူး ၊ ကျနော်လည်း စိတ်ပင်ပန်းပြီး ပြောမိပြောရာ ပြောနေတာပါပဲ ။ လိုရင်းမရောက်ရင်တော့ ခွင့်လွတ်ပါဗျာ ။

      Delete
  7. စာရေးသူမန်းကိုကို က ဒါးခုတ်ရာလက်ဝင်မလျှိုပါနဲ့ တဲ့။ ကျောင်းသားတပ်မတော်မြောက်ပိုင်း ဥက္ကဌ ကိုထွန်းအောင်ကျော်ကိုခုတ်လိုက်တဲ့ဓားချက်ကိုလား၊ကျော်ဝေ..ဓမ္မစစ်ကျောင်းသားကွလို့ ကြွေးကြော်ရင်း အသေခံသွားတဲ့ကိုကျော်ဝေကိုခုတ်လိုက်တဲ့ဓားချက်လား၊ သေခါနီးအချိန်တောင်ရီနေနိုင်ခဲ့တဲ့ မင်းတို့  ကြိုက်တဲ့လက်နက်နဲ့ သတ်လို့  သတ္တိပြောင်တဲ့ ကိုမောင်မောင်ကြွယ်ကိုခုတ်လိုက်တဲ့ဓားချက် ကိုလား။......ဘယ်သူ့ ကိုခုတ်လိုက်တဲ့ဓားချက်ကို လက်ဝင်မလျှိုစေချင်တာလဲ ကတော့ စာရေးသူ မန်းကိုကိုပဲသိနိုင်မှာပါ။

    ReplyDelete
    Replies
    1. ကျနော့်ဆိုလိုရင်းက -

      (၁) ရိုးသားပါ ဆိုတာနဲ့ပတ်သက်လို့ - မြောက်ပိုင်းကိစ္စကို ဖေါ်ထုတ်နေသူတွေအနေနဲ့ စိတ်ခံစားမှုနောက်ချည်း မလိုက်ပဲ ၊ အခြား ဘက်စုံ ထောင့်စုံကို ထည့်တွက်စေချင်တာပါ ။
      - လူတိုင်း စောင့်ထိန်းသင့်တဲ့ ကျင့်ဝတ်တွေကို (သူများဖေါက်တိုင်း ကိုယ်က) မျက်ကွယ်မပြုမိစေဖို့ပါ ၊ အချက်အလက်နဲ့ ခံစားမှုကို မရောထွေးစေချင်တာပါ ။

      (၂) ဒါးခုတ်ရာ လက်ဝင်မလျိုချင်ပါနဲ့ ဆိုတာက - မဆိုင်ပဲနဲ့ ဘေးကနေ မခံနိုင်ဖြစ်ပြီး ၊ ဒေါနဲ့မောနဲ့ ပြဿနာမကြီးကြီးလာအောင် အားကြိုးမာန်တက် လုပ်နေသူတွေနဲ့ ၊ ဘေးတီး မြှောက်ပင့် ဘီးတပ်ပေးနေသူတွေကိုပါ ။

      ကျနော် ခံစားမှုကို ရှေ့တန်းမတင်ပါဘူး ။ ပြီးတော့ ခုပို့စ်ဟာ ထိန်းချုပ်ရေးထားရတဲ့ စာမို့လို့ ယေဘုယျသိပ်ဆန်ပြီး အဓိပ္ပါယ် အမျိုးမျိုးကောက်လို့ ရသွားတာကတော့ ကျနော့် အားနည်းချက်ပါ ။ ဘယ်သူမဆို ပင်မရေစီးကြောင်းအတိုင်း မဟုတ်ပဲ ဘေးခွဲထွက်တဲ့ အရေးသားမျိုးကို စိတ်ဆိုးတာ ၊ ဒေါသထွက်တာ ၊ မခံနိုင်တာ သဘာဝကျပါတယ် ။ ခုလည်းဖြစ် ၊ နောင်လည်း ဖြစ်နေဦးမှာပါပဲ ။ အကယ်၍ တည်တည်ငြိမ်ငြိမ်နဲ့ ဆွေးနွေးတာမျိုး လုပ်နိုင်ကြရင်တော့ အမြတ်ပေါ့ ။ စာထဲမှာ မြောက်ပိုင်းကိစ္စ မဖြစ်ခဲ့ဘူး ၊ ကောင်းတယ် ၊ သူလျိုတွေ ၊ မဖေါ်ထုတ်သင့်ဘူး စသည်ဖြင့် တစ်ခုမှ မပါတာကို သတိထားစေချင်ပါတယ် ။

      ဖြစ်ခဲ့တာကို ရိုက်နှက် သတ်ဖြတ်နေတဲ့အလွှာလောက်ပဲ ကြည့်မလား ၊ စခန်းတစ်ခုစာ ကြည့်မလား ၊ အဖွဲ့စည်းတစ်ခုစာ လွှာကြည့်မလား ၊ မြန်မာပြည်သူ ပြည်သားတွေအနေနဲ့ မြင်ကြည့်ကြမလား ဆိုတာကတော့ ကျနော်တို့ တစ်ယောက်စီရဲ့ ရွေးချယ်မှုပါ ။

      Delete
  8. ထူဆန်းပါ့၊၊မတရားမှန်းလဲသိတယ်၊ယုတ်မာမှန်းလဲသိတယ်၊အဲဒါကိုသိသိကြီးနဲ့ ဘာမှအရေးမယူဘဲ အဲဒီလိုလူတွေကို ခေါင်းဆောင်တင်ပြီး တော်လှန်ရေး ဆက်လုပ်တယ်၊

    ReplyDelete
    Replies
    1. ဟုတ်ပါတယ် ၊ မြန်မာပြည်မှာ ဘယ်အဖွဲ့အစည်းကြီးမဆို (ကိုယ့်ကိုယ်ကို အစိုးရလို့ ခေါ်နေသူတွေ အပါဝင် ) ခေါင်းဆောင်လုပ်ခဲ့ လုပ်နေသူတွေဟာ မတရားမှု ၊ ယုတ်မာမှုတွေမှာ တိုက်ရိုက်သော်၎င်း ၊ သွယ်ဝိုက်ပြီးတော့သော်၎င်း တာဝန်ရှိခဲ့တဲ့ သူချည်းပါပဲ ။

      ခေါင်းဆောင် တင်ထားတာ သို့မဟုတ် ခေါင်းဆောင် တက်လုပ်တဲ့အပိုင်းကတော့ - အာဏာ ဘယ်ကလာသလဲ ၊ အာဏာကို ဘယ်လို တည်ဆောက်ယူသလဲနဲ့ ပတ်ဝန်းကျင်မှာ ပေးလာတဲ့ အခြေနေအမျိုးမျိုးနဲ့ ဆိုင်ပါတယ် ။

      တော်လှန်ရေး ဆိုတာကတော့ မတရား အလုပ်ခံရ ၊ အယုတ်မာခံရလို့ ပေါ်လာတာမျိုး တွေပါ ။

      အရေးယူတယ် ဆိုတာကျပြန်တော့ လူထုအများစုရဲ့ စိတ်ဓါတ်နဲ့ သဘောထား ၊ ဦးဆောင်လုပ်မယ့်လူ ၊ လုပ်ကိုင်တတ်မှုနဲ့ စုစည်းလို့ရတဲ့ အင်အားတွေနဲ့ ဆိုင်ပါတယ် ။

      သေချာတာက လူတွေကလည်း အမျိုးမျိုးရှိလေတော့ ဒီလို ပေါင်းဆုံလာဖို့ဆိုတာက လွယ်ကူတဲ့ကိစ္စ မဟုတ်ပြန်ပါဘူး ။ အဲဒီအထဲမှာ အလုပ်ဖြစ်အောင် လုပ်သူ ၊ နောက်ကနေ လိုက်လျှောက်သူနဲ့ အံ့သြတကြီးဖြစ်ပြီး ငေးကြောင်ကြည့်နေတတ်တဲ့ လူတွေထဲမှာ နောက်ဆုံးတစ်မျိုးဟာ Anonymous နဲ့ နီးစပ်ပုံ ရပါတယ် ။

      ကျနော် မှားသွားနိုင်ပါတယ် ၊ မှားသွားရင်တော့ နောက်တစ်မျိုးပဲ ကျန်ပါတော့တယ် ။ ဘေးတီး ၊ အချွန်နဲ့မ ၊ အဆင်းဘီးတပ်ပြီး ပြဿနာပိုကြီးအောင် လုပ်တဲ့လူမျိုးပါပဲ ။ အင်း .. မဟုတ်ပါစေနဲ့ဗျာ ။

      Delete
    2. သေချာတာကတော့ဗျာ ကမ္ဘာပေါ်မှာ အဲဒီလုပ်ရပ်ကို ထောက်ခံမဲ့သူ ဘယ်လောက်များများရှိပါ့မလဲ။ ခင်ဗျားကြည့် တဲ့ဘောင်ထဲကို မထောက်ခံတဲ့သူတွေ အားလုံး ထည့် လို့ ရလား?

      Delete
  9. ဒီလိုလုပ်ဗျာ။ မန်းကိုကို ကဘယ်လိုဖြစ်စေချင်တာလဲ။ တချက်ပြောကြည့်။ နားထောင်ကြည့်ချင်ပါတယ်။
    ဒီကိစ္စကို ခင်ဗျားဘယ်လို ကိုင်တွယ်ချင်သလဲပေါ့။ အဲဒါရှင်းရှင်းလင်းလင်းသိချင်ပါတယ်။ လွန်ခဲ့တဲ့အနှစ် ၂၀ က တော်လှန်ရေးလုပ်ဖို့ ထွက်သွားပြီး ခေါင်းဖြတ်သတ်ခံခဲ့ရတဲ့ ကျောင်းသားတွေအပေါ် ခင်ဗျားဘယ်လိုသဘောထားတယ်။ သတ်ခဲ့တဲ့သူတွေအပေါ်ခင်ဗျားဘယ်လိုသဘောထားတယ်။ ဒီကိစ္စကို ဘယ်လို ဖြေရှင်းသင့်တယ်... စသဖြင့်ပေါ့။ အခု ဒီဆောင်းပါးကတော့ ဗလုံးပထွေးနဲ့  မရှင်းလင်းလှဘူး။ ကျနော့် အထင်တော့ ခင်ဗျားမှာ အတွေးအခေါ်အရကို သိပ်မရှင်းလင်းလှဘူးလို့ ယူဆ တာပဲ။(ဒီစာကိုဖတ်ပြီးခင်ဗျားကိုလှမ်းမြင်ရတဲ့စာဖတ်ပရိသတ်တယောက်ရဲ့ အမြင်ပါ။)

    ReplyDelete
    Replies
    1. လင်္ကာရဲ့ လက်ဝှေ့ထိုးသလို ထောင့်ထဲပိတ်ထိုးချင်တဲ့ အထာကို သဘောပေါက်ပါတယ် ။ ဒါပေမယ့် လင်္ကာ သိပ်သိချင်နေတာတွေကို ဖြေလို့ရသလောက် ဖြေပေးပါ့မယ် ။

      - ကိုမောင်မောင်ဝမ်းလိုလူက သူ့မှာ တာဝန်မကင်းဖူးလို့ ယုံကြည်တယ် ၊ ဒီတော့ ဖေါ်ထုတ်ဖို့ သူလုပ်ပါတယ် ။
      - လင်္ကာက ဒီကိစ္စ မတရားဖူးလို့ ယုံကြည်တယ် ၊ ဒီတော့ ဖေါ်ထုတ်ဖို့နဲ့ ဖြေရှင်းဖို့ အားပေးတယ် ။
      - ကျနော်က ဘေးကနေ လူတွေရဲ့ စိတ်ခံစားမှုကို လူအချို့က သူတို့လိုချင်တဲ့ဖက်ကို ဆွဲယူသုံးစွဲနိုင်တာနဲ့ ချဲ့ကားနေတာကို မြင်တယ် ၊ ဒီတော့ လူတွေရဲ့ စိတ်ခံစားမှု ရေယာဉ်ကြောရှေ့မှာ ကြမ်းတုံးလေးတစ်တုံးခံပြီး လှုပ်နှိုးလိုက်တယ် ။ အတော်များများကတော့ နိုးမလာပဲ အိပ်မှုံစုံမွားနဲ့ ဒေါသထွက်ကြတယ် ၊ ဒါပါပဲ ။

      အားလုံးဟာ ကိုယ်ယုံကြည်တာနဲ့ ကိုယ့်အလုပ်ကို ကိုယ်လုပ်နေကြတာပါပဲ ။ ဘာမှ အမှားမမြင်မိပါဘူး ။
      ခု လင်္ကာက တစ်ဆင့်တက်ပြီး ထောင့်ပိတ်ဖို့ ကြိုးစားတယ် ၊ ကိုယ့်ဖဲ ချမပြပဲ သူများဆီမှာ ဝှက်ဖဲရှိမလားဆိုပြီး ချပြခိုင်းတယ် ။ ကျနော့်မှာ ဝှက်ဖဲ မရှိပါဘူး ၊ ဒါပေမယ့် လူလုံးမပြပဲ မှောင်ထဲကနေပြီး ဘယ်လိုပစ်သွင်းသွင်း ရေပက်မဝင်အောင် ခုခံလို့ ရတယ်ဆိုတာ သိစေချင်ပါတယ် ။ စကားလုံးတိုင်းလိုလိုအတွက် အဖြေရှိပေမယ့် ၊ ဖြေဖို့လိုတယ်ထင်မှ ဖတ်သူအကျိုးရှိလို့ ဖြေသင့်တယ်ယုံကြည်မှ ဖြေတတ်တယ်ဆိုတာ အသိပေးချင်ပါတယ် ။ ဒါပေမင့် နံရံထိုးမိတာကို အရှိုက်တော့ ထိသွားပြီကွလို့ ထင်နေတာမျိုးကိုတော့ ဘာမှ မတတ်နိုင်ပါ ။

      မတရားလုပ်ခံရ ၊ နှိပ်စက်ခံရ ၊ သတ်ဖြတ်ခံရသူတွေ အားလုံးအတွက် စိတ်မကောင်းသလို ၊ လုပ်ကိုင်ပေးလို့ ရတာတွေရှိရင် တတ်စွမ်းသလောက် ကူညီသွားမှာပါ ။ အဲဒီလိုလူတွေဟာ နေရာအနှံ့မှာ ရှိပါတယ် ၊ တစ်စိတ်တစ်ပိုင်းကို http://thawthikho.blogspot.com.au/ မှာ flash player နဲ့ ပြထားပါတယ် ။

      တိုက်ရိုက်နဲ့ သွယ်ဝိုက် တာဝန်ရှိသူတွေဟာလည်း တာဝန်ခံသူ ၊ ခေါင်းရှောင်သူတွေအပေါ် မူတည်ပြီး အခွင့်အခါ ရှိတဲ့အခါမှာ ဖြေရှင်းရမှာပါ ။ တစ်ခုပဲ အရေးကြီးတာက ဖြေရှင်းပုံ ဖြေရှင်းနည်းပါ ။ domestic လား international လား ၊ coded law သုံးမလား common law သုံးမလား ၊ prosecution လုပ်မလား healing နဲ့ reconciliation လုပ်မလား စသည်ဖြင့်ပေါ့ ။ ဒါပြင် ပါရမီမရှိတဲ့ ကျနော့်အနေနဲ့ ကိုယ်တိုင် လုပ်ဖို့ ဖြစ်လာမယ်ဆိုရင်လည်း သင်ညာကို အခြေခံတဲ့ pest analysis, swot analysis တွေသုံးပြီး strategy နဲ့ plan and goal တွေကို ချမှတ် လုပ်သွားမှာပါ ။ ဒါပေမယ့် လုပ်နေတဲ့သူတွေကို မမေးပဲ ကျနော့်ရဲ့ battle plan ကို ချပြပါ ဆိုရင်တော့လည်း ခက်ပါတယ် ။

      ခုထိ လင်္ကရဲ့ မေးခွန်းတွေအတွက် ကြေနပ်လောက်တဲ့ အဖြေမပါသေးဘူး ၊ ဗလုံးဗထွေး လုပ်နေသေးတယ်လို့ ပြောချင်ပြောနိုင်ပါတယ် ။ အဆုံးသတ် ကျနော်ပေးချင်တဲ့ အကြံကတော့ "လင်္ကာသောက်နေတဲ့ ပင်လယ်ရေကို မျက်နှာ လွဲလိုက်ပါ" လို့သာ ...

      Delete
  10. လက်ဝှေ့ မထိုးတတ်ဘူး။
    ဖဲမရိုက်တတ်ဘူး။
    အင်္ဂလိပ်စာလည်း သိပ်မတတ်ဘူး။
    အထူးသဖြင့် မန်းကိုကိုရေးထားတဲ့ domestic၊ international လား ၊ coded law common law ၊ prosecution ၊ healing ၊ reconciliation ၊ pest analysis, swot analysis strategy ၊plan and goal ၊battle plan
    တော်တော်မရင်းနှီးတဲ့စကားလုံးအစိမ်းတွေပါ။
    ဘာပဲဖြစ်ဖြစ်စာပြန်တာကျေးဇူးဗျို့ ။

    ReplyDelete
  11. It is easier to be critical than correct.
    (Benjamin Disraeli)

    မှားတတ်တာ လူ့သဘာဝ
    အမှားနည်းတာ လူ့အရည်အချင်း
    အမှားကိုအမှားမှန်းသိပြီးဝန်ခံရဲတာ လူ့တန်ဖိုး
    (Anonymous)

    ReplyDelete
    Replies
    1. ကျေးဇူးတင်ပါတယ် ၊
      ကျနော်လည်း သိတိလွတ်မြဲ လွတ်လျက် ၊ မှားမြဲ မှားလျက်ပါပဲ ၊ ကြိုးစားဆဲပါ ။
      တစ်ခါတစ်ရံ (အထူးသဖြင့်) အတွန်းခံရတဲ့အခါတွေမှာ ပိုမှားတတ်ပါတယ် ၊
      အဲဒီအခါမျိုးမှာ အဓိပ္ပါယ်နှစ်ဘက်ရှိတဲ့ အမှားတွေကို ရည်ရွယ်ချက်ရှိရှိ မှားရတတ်ပါတယ် ။
      နည်းနိုင်သမျှ နည်းအောင်တော့ အားထုတ်သွားရဦးမှာပါ ။

      Delete
  12. Ko Mahn Ko, Please state precisely what you means in all posts.

    ReplyDelete
    Replies
    1. ကျနော့်အတွက် အင်မတန် ခွကျတဲ့ အကြံပေးချက်ပါပဲ ။
      ဒါက ကျနော့်ရဲ့ ရေးဟန်တစ်ခုလုံးကို ပြောင်းခိုင်းသလို ဖြစ်နေတာကြောင့်ပါ ။
      တစ်ဖက်မှာလည်း ကျနော့် ရေးဟန်မှာ အနည်းဆုံး ပြဿနာနှစ်ခုရှိတာကို သတိထားမိပါတယ် ။

      (၁) စကားချောအောင် ၊ ယဉ်ကျေးအောင် ကြိုးစားရေးတာကြောင့် စာတွေ ရှည်လျားပြီး အထူးသဖြင့် လူငယ်တွေအတွက် ဝေ့လည်ကြောင်ကျား ဖြစ်တာနဲ့ ၊
      (၂) တချို့ကိစ္စတွေမှာ တိုက်ရိုက်မဟုတ်ပဲ ပဟေဠိဆန်တဲ့ ချပြချက်တွေကြောင့် ဖတ်ရတာ မအူမလည်နဲ့ ဘာကြီးမှန်း မသိဘူး ဆိုတာမျိုးတွေပါ ။

      အချိန်နဲ့ အရှိန်ယူရမယ့် ကိစ္စမို့ ၊ အကြောင်းတရား တစ်ခုပေါ်လာမှသာ ဖြုန်းကနဲ ဖြစ်နိုင်မယ် ထင်ပါတယ် ။ ရင်းနှီး သိကျွမ်းသူတွေအဖို့တော့ ၊ တခါတရံမှာ တစ်နည်းမဟုတ်တစ်နည်းနဲ့ ဆက်သွယ်ပြီး ဆွေးနွေးကြလို့တော့ ရပါတယ်ဗျာ ။ (ကျနော့်ဆီက အများကြီး ကြိုတင် မျှော်လင့်မထားဖို့တော့ လိုပါလိမ့်မယ်) ။

      Delete
  13. HAHAHAHA,finally I've got it I'm dumb as donkey.ManKoKo you're smart you used THE NORTHERN MASSACRE as your stepping stone.I think your blog get more viewers than before isn't it? Its fair enough advertising blog by controversial articles.

    ReplyDelete
    Replies
    1. အင်း .. အချွန်ကြီးတစ်ခုတော့ လာ "မ" နေပါပြီ ။
      မိတ်ဆွေတစ်ယောက်ကို ပြန်ဖြေခဲ့ရဖူးတာကိုပဲ အမှတ်ရသလောက် ပြန်ရေးပြပါ့မယ် ။

      သူက "ခင်ဗျားဘလော့ကို နာမည်ကြီးအောင် လုပ်လိုက်ပါလား" လို့ ဆိုပါတယ် ။
      ကျနော်က "လုပ်တာက လွယ်ပါတယ် ၊ တစ်ပတ်လောက် ထိုင်တွေးလိုက်ရင် နာမည်ကြီးမယ့် ခေါင်းစဉ်တွေ ရလာမှာပါ ၊ အဲဒါတွေ ရေးရုံနဲ့ နာမည်ကြီးသွားမှာပါ ၊ ဒါပေမယ့် သိက္ခာ တည်ဆောက်မှု အပိုင်းမှာတော့ ဘယ်လိုမှ ရနိုင်မှာ မဟုတ်ဘူး" လို့ အဓိပ္ပါယ်ရတာမျိုး ပြန်ပြောခဲ့ပါတယ် ။

      ကျနော် ကိုယ့်ဘလော့ကို ကုန်ပစ္စည်းတစ်ခု ဈေးကွက်တင်သလို ရည်ရွယ်ပြီး လုပ်နေတာ မဟုတ်ပါဘူး ။ လာဖတ်သူများအောင် လုပ်ရုံလောက်နဲ့တော့ ထိရောက်တဲ့ ကြော်ငြာနည်းတွေ အများကြီး ရှိပါတယ် ။ ဒါပေမယ့် ကိုယ်တိုင်လက်ခံထားတဲ့ ကျင့်ဝတ်တွေကို ကျော်လွန်ပြီး လုပ်သွားဖို့ အစီအစဉ် မရှိပါကြောင်း ။

      Delete
  14. အမှားတွေကို သူတို့ချည်းပဲ လုပ်ခဲ့တာမဟုတ်ဘူး။ တခြားတခြားသောသူတွေ စစ်ထောက်လှန်းရေးတွေလည်း လုပ်ခဲ့တာပဲ လို့ ပြောလို့တော့ မရဘူးဗျ။ စစ်ထောက်လှန်းရေးတွေနဲ့ တခြားတခြားသောသူတွေအတွက်လည်း သမိုင်းက ကမည်းတင်သွားမှာပါ။ ဒီကိစ မှာလည်း ခံရတဲ့သူတွေဟာ ထောက်လှန်းရေးတွေမဟုတ်ဘူး။ သူတို့ဟာ တိုင်းပြည်အတွက် ဒီမိုကရေစီရေးအတွက် အလုပ်လုပ်ဖို့ တောထဲဆင်းလာတဲ့ လူငယ်လေးတွေ။ လူယုတ်မာတွေကြောင့် ဒီလို သေခဲ့ရတယ်ဆိုတာ သမိုင်းကို ပေါ်အောင်ဖော်နေကြတာပါ။ ခု အသက်ပေးသွားရတာတောင် လူယုတ်မာတွေ စစ်ထောက်လှန်းရေးတွေအဖြစ် နာမည်ဖျက်တာကို ခံထားခဲ့ရတဲ့သူတွေပါ။ သတ်တဲ့သူတွေဟာ အခုအချိန်အထိ ထောက်လှန်းရေးတွေမို့ သတ်ခဲ့ရတာပါ ဆိုတာကနေ လုံးဝမလျော့ပေးသေးတဲ့ အနေအထားမှာ ရှင်ကျန်နေခဲ့ရတဲ့သူတွေအနေနဲ့ သေဆုံးသွားတဲ့ သူတို့ရဲဘော်တွေအပေါ် ဂုဏ်သိကာပိုင်းအရ သမိုင်းအရ ဖော်ထုတ်ပေးဖို့ တာဝန်ရှိပါတယ်။ စစ်တပ်က စစ်တပ်ခေါင်းဆောင်တစ်စုက ပြည်သူအမြောက်အများကို သတ်ခဲ့တဲ့အတွက် စစ်တပ်တစ်ခုလုံးကို ကျွန်တော်တို့ မမုန်းသလို ဒီလူယုတ်မာတွေက ဒီရဲဘော်တွေကို သတ်ခဲ့တဲ့အတွက် အေဘီကို အထင်သေးစရာ အေဘီအနေနဲ့ သေးသိမ်သွားစရာ မရှိပါဘူး။ ဒါပေမယ့် အေဘီသမိုင်းကို လေ့လာကြတဲ့အခါ ဒီအဖြစ်အပျက်ကို တလွဲတွေ မဖြစ်စေဖို့အတွက် လူယုတ်မာက မင်းသား၊ မင်းသားက လူယုတ်မာ မဖြစ်လာစေဖို့အတွက် ဖော်ကိုဖော်ထုတ်ကြရတော့မှာပါ။ အချိန်စောင့်နေစရာ မလိုပါဘူး။ ဘာပြီးမှ ဘာလုပ်မယ်ဆိုတာလည်း အဓိပါယ် မရှိတော့ပါဘူး။ ဘယ်အချိန်အထိ ဘာကိုထပ်ပြီးစောင့်ရဦးမှာပါလဲ ကိုမန်းကိုကိုခင်ဗျာ..

    ReplyDelete
  15. ကဲအပေါ်က ဆရာတွေ
    မြောက်ပိုင်ပြီးရင်တောင်ပိုင်သို့မဟုတ်ကရင်ပြည်နယ်ဘက်ကိုပြန်လာပါ စစ်ထောက်လှမ်းရေးဟာ မင်းတို့ကျောင်းသားတွေကိုဘာအတွက်ကြောင့်မင်းတို့ကိုကောင်း ကောင်းမွန်မွန်လွတ်လိုက်တာလည်ဆိုတာမင်းတိုအရင်စဉ်းစားပါ တနေ့စစ်တပ်ကိုပြန်တိုက်မဲ့ကျောင်းသားတပ်ကိုဘာဖြစ်လိုလမ်းဖွင့်ပေလိုက်တာလည်ဆိုတာမင်းတိုသိမှာ မင်းတိုတွေတောထဲကိုမထွက်ခင်ကျောင်းပေါ်မှာပညာသင်ကတည်ကစစ်ထောက်လှမ်းရေးတွေဟာမင်းတိုကြားထဲမှာရောက်နေပြီးဆိုတာမင်းတိုသိဖိုလိုတယ် ဒီမိုကရေစီလိုအော်တတ်တာနဲနိုင်ငံရေသမာမဟုတ်သလိုပညာတတ်တိုင်ခေါင်းဆောင်မဟုတ်ဘူး မြို့ပေါ်မှာအော်နေတဲ့အချိန်နဲတောထဲကဘ၀နဲကွာခြာသလိုလက်နက်ကိုင်လိုက်ရင်လည်စိတ်ဓါတ်ကပြောင်လည်သွားနိုင်တယ် ခင်ဗျာတိုကျောင်းသားတွေတောထဲမရောက်စစ်ထောက်လှမ်းရေးကမင်းတိုထက်ပိုပြီးစနစ်တကျအကွက်စိစိနဲလုပ်နိုင်တယ် မင်းတိုမြိုပေါမှာအော်နေတာသူတိုမကြိုက်လိုတောထဲကိုလမ်းဖွင့်ပေးလိုက်တာဘဲအဲဒီထဲမှာသူလူတွေထည့်လိုက်တောမင်းတိုအချင်ချင်သတ်ကြတောဟိုလူသတ်တယ်ဒီလူသတ်တယ်ထအော်နေကြတယ် အမြန်တောမင်းတိုကိုသတ်တာစစ်ထောက်လှမ်းရေးဘဲ ဒါကိုမင်းတိုဘာကြောင့်မအော်ကြတာလည် ထအော်နေတဲ့ကောင်တွေကလည် တိုင်းရင်းသားကိုပါဆွဲထည့်လိုက်သေးတယ်ထိုအတူဘဲကရင်နယ်တဲ့ကျောင်းသားတွေကလည်အချင်ချင်သတ်ကြတာကိုတိုင်းရင်းသားတွေကသတ်သလိုလိုနဲ2003-2004 လောက်မှာBBCမေးမြန်ခန်းတခုမှာပါလာသေးတယ် မင်းတိုခေါင်းဆောင်မိုးသီးကနိုင်အောင်လူကိုသတ်တယ် နိုင်အောင်ကမိုးသီလူကိုသတ်တယ်မင်းတိုအားနေရင်ဒါတွေလည်ထည့်ရေးလိုက်ပါအုန်ဖတ်ချင်တယ်

    ReplyDelete
  16. ”ကိုထိန်လင်း ၊ မနန်းအောင်ထွေးကြည် ၊ ကိုညီညီကျော် ၊ ကိုထင်လင်းအောင်-”
    - သူတို့က ယုတ်ကန်းပက်စက်လှတဲ့အဲဒီငရဲခန်းကြီးကို ကိုယ်တိုင်ခါးစည်းပြီး ဖြတ်သန်းခဲ့ကြရတဲ့ သူတွေထဲက ကံကြီးလွန်းလို့ မသေပဲ လွတ်မြောက်လာသူ တချို့။
    တနည်းပြောရရင် ငရဲကောင်တွေကို ငရဲပို့ဖို့၊ လူ့အဖွဲ့အစည်းတရားခွင်မှာ လူမဟုတ်တဲ့ လူတူ သတ္တဝါတွေကို လူ့စည်းဝိုင်းအပြင်ဘက် လူ့သမိုင်းအဆက် ဆက်မောင်းထုတ်ကြဖို့၊ လောကပါလ တရားကိုယ် အရ၊ လိုအပ်မှုအရ ရှင်သန်ခွင့်ရခဲ့ကြတဲ့ လူတွေထဲက တချို့။၊
    လူ့အဖွဲ့အစည်းဝင်တစ်ခုဖြစ်တဲ့မြန်မာ့လူ့အဖွဲ့အစည်းရဲ့ဂုဏ်သိက္ခာနဲ့ လူ့ယဉ်ကျေးမှုတန်ဘိုး ”စံ” ကို ရုပ်ပျက်ဆင်းပျက် ဖြစ်အောင် ဖျက်ဆီးခဲ့ကြတဲ့၊ ဖျက်ဆီးနေဆဲလည်းဖြစ်တဲ့၊ ဆက်ဖျက်ဆီးဖို့လည်း ကြံစည် နေကြတဲ့ ဗီဇယုတ် ငရဲကောင်တွေနဲ့အပေါင်းပါတွေရဲ့အန္တရာယ်က နောက်မျိုးဆက်တွေ လွတ်ကြရအောင် လုပ်ဖို့တာဝန်ရှိတဲ့၊ တာဝန်သိတဲ့၊ခိုင်ကြည်တဲ့ သက်သေ၊ တရားလိုတွေဖြစ်တယ် ။ ကာယကံရှင်တွေဖြစ်တယ်။ မြောက်ပိုင်းကိစ္စဟာ ဘက်နှစ်ဘက်(နိုင်ငံတော်နှစ်မျိုး) ကြားက ပြဿနာ၊ တပ်စုတစ်စု၊ အဖွဲ့အစည်း တစ်ခုတည်း အတွင်းက ပြဿနာမျှသာ မဟုတ်တော့ဘူး။
    နယ်လွန်သွားပြီ၊
    မြန်မာ အပါအဝင် တိုင်းရင်းသား လူ့အဖွဲ့အစည်းဝင် အားလုံးရဲ့ယဉ်ကျေးမှု ဂုဏ်သိက္ခာကို ပြောင်ပြောင်တင်းတင်း အသရေဖျက်တာ။

    လူ့အဖွဲ့အစည်းဝင်တွေရဲ့ လူ့ဂုဏ်သိက္ခာ၊ လူ့တန်ဘိုးကို မိုက်ရိုင်း စုတ်ပဲ့စွာ စော်ကားလိုက်တာပဲ လို့ ယူဆပါတယ်။

    ReplyDelete
    Replies
    1. ဖြစ်ခဲ့တာတွေဟာ လူမဆန်ဘူးလို့ ပြောလို့ရသလို စကားလုံးတွေနဲ့ ဖေါ်ပြဖို့ မဖြစ်နိုင်လောက်တဲ့ ခံစားမှုမျိုးတွေဆီကို တွန်းအားပေးခဲ့တာကိုလည်း ငြင်းလို့ မရပါဘူး ။ ဒါတွေအပြင် မြောက်ပိုင်း အဖြစ်လို သတင်းဌာနတွေရဲ့ စက်ဝန်းအောက် မရောက်နိုင်လို့ ၊ ကနေ့အချိန်တောင် မကပဲ နောင်ကိုလည်း ဘယ်တော့မှ လူသိသူသိ ဖြစ်မလာနိုင်တော့မယ့် အညတရ အဖြစ်တွေလည်း အများကြီးရှိတာကို သိလည်းသိသလို ယုံလည်း ယုံကြည်ပါတယ် ။

      တစ်ဖက်က တွေးရင်လည်း ၊ ဒါတွေဟာ ကိုယ့်လူမှု အဖွဲ့အစည်းနဲ့ စနစ်ကနေ မွေးထုတ် ထွက်ပေါ်ခဲ့တာပါပဲ ။ မဖြစ်သင့်တော့တဲ့ ခေတ်ကာလမှာ ဖြစ်လာခဲ့တာ တစ်ခုပါ ။

      ဒါတွေကို ဖေါ်ထုတ်ပြီး သင့်တော်တဲ့ ၊ လူသားအသိုင်းဝိုင်းကနေ လက်ခံနိုင်တဲ့ ဖြေရှင်းမှုမျိုးနဲ့ ပေးဆပ်မှုမျိုးလည်း လိုတယ်လို့ ယူဆပါတယ် ။ တစ်ချိန်ထဲမှာလည်း လူမဆန်မှုကို လူမဆန်တဲ့ ကလဲ့စားမျိုးနဲ့ တုန့်ပြန်ချင်တာမျိုးတွေကို ချုပ်ထိန်းဖို့ လိုအပ်သလို ၊ နောင်ကိုလည်း မြန်မာပြည် ဘယ်လို နေရာမျိုးမှာမှ ထပ်မဖြစ်အောင် ကြိုးပမ်းသွားကြဖို့ လိုမယ်လို့ ယုံကြည်မိပါတယ် ။

      Delete
  17. စိတ်ဝင်စားစရာကောင်းတဲ့ ဆောင်းပါးလေးတစ်ချို့ရဲ့ လင့်တွေပါ ။
    ကျနော့်အနေနဲ့ ဘယ်သူ့ကိုမှ မှန်တယ် မှားတယ်လို့ ပြောပိုင်တဲ့ နေရာမျိုးမှာ ရှိမနေတာကြောင့်
    သိလာတာတွေကို မှတ်ထားပြီး ကာလတစ်ခုရောက်မှပဲ မှတ်ချက် ထပ်ပေးလို့ရတော့မယ် ထင်ပါတယ် ။


    Sunday, 19 February 2012မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ (အပိုင်း- ၁ နှင့် ၁၀)
    http://www.pyustate.com/2011/12/blog-post_21.html
    http://www.pyustate.com/2012/02/blog-post_19.html

    ABSDF မြောက်ပိုင်းအရေးကိစ္စကို ဆန်းစစ်ခြင်း (ထွန်းအောင်ကျော်)
    http://www.pyustate.com/2012/02/absdf_13.html

    Sunday, 12 February 2012မြောက်ပိုင်းဒေသ ABSDF တပ်ဖွဲ့ဝင် ကျောင်းသားဟောင်းများ၏ ရင်ဖွင့်စကားများ (ရုပ်သံ)
    http://www.pyustate.com/2012/02/absdf_12.html

    မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၁) (၂) (၃)http://www.naytthit.net/?p=25841
    http://www.naytthit.net/?p=25892
    http://www.naytthit.net/?p=26016

    ReplyDelete
  18. Aw man, its boring that you rarely write a post.
    Come on, do something!
    Whip it up!!
    Make all known for your name!!
    Yaaaa.... hooooooo .......

    :)



    Thu said...
    မန်းကိုကို is nothing, just begging the comments to his blog with different views indirectly.
    And his week writing style confuse what he wants and peoples are not interested.

    February 13, 2012 11:46 PM

    copied from "http://8-8-88.blogspot.com.au/2012/02/blog-post_7302.html"

    ReplyDelete
  19. ဒုက္ခပဲ ၊
    ထပြီး ကပြရမလို ဖြစ်နေပြီ :-)

    ယေဘုယျ ...
    - အားမှ စာရေးလို့ ရတာပါ ၊
    - စိတ်ရှိမှ အတွေး အာရုံရမှ ရေးလို့ရတာပါ ၊
    - အစွန်း ဘောင်လွတ်အောင် ရေးရပါတယ် ၊
    - လူမသိလည်း ကိစ္စ မရှိပါ ... လို့ ပြောရမယ် ထင်တယ် ။

    အောက်က Thu ရေးတာတွေက ... အင်း ... ဟုတ်ပါတယ်လေ ၊
    အရှူံးပေး နှလုံးအေး အပြုံးကလေးတွေ ပွင့်စေမယ်ဆိုရင်တော့ ....
    ချွင်းချက် အချို့ကလွဲရင် သဘောအတိုင်းပါဗျာ သဘော သဘော .. ။

    ReplyDelete