ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Tuesday, September 27, 2011

ဒုက္ခကြားမှာ ပြုံးစရာ


   ကရင်ပြည်နယ်မှာ ပြောပြမကုန်တဲ့ ဒုက္ခတွေနဲ့ ရင်ဆိုင်နေခဲ့ကြရတာ မရိုးနိုင်အောင် အမျိုးမျိုးကြား
ရမှာပါ ။ ဒီအထဲမှာ အကောင်းမြင်ကြည့်လို့ ရမှာလေးတွေ ရှိနိုင်သလို ဒီပို့စ်မှာတော့ လက်လှမ်းမီသမျှ
ထဲက ပြုံးစရာလေးအချို့ကို ထုတ်နှုတ်ထားပါတယ် ။ အမုန်းအဆိပ်မြက်တွေကြားမှာ တောရိုင်းပန်း
ကလေးတွေ တစ်ပွင့်စ နှစ်ပွင့်စ ပေါက်နေသလို ကဗျာဆန်ဆန် မြင်ကြည့်ရင်တော့ အပန်း အနွမ်းပြေ
စရာလေးတွေအဖြစ် အသုံးခံနိုင်ပါလိမ့်မယ် ။

(၁)   ပြည်မတပ်ရဲ့ ရှေ့တန်းစခန်း တောင်ကုန်းတစ်ခုမှာပါ ။
       စခန်းမှာ ပေါ်တာ ၅-၆ ယောက် ရှိနေပါတယ် ။ အချိန်ကလေး နည်းနည်းကြာလာတော့ အလုပ် ၊
လစာနဲ့ ခံစားခွင့်ရှိသူတွေအတွက် မထောင်းတာပေမယ့်  ပေါ်တာတွေအတွက်တော့  သနားစရာ
ကောင်းနေပါပြီ ။

   တနေ့တော့ စခန်းမှူးဗိုလ်ကြီးက ပေါ်တာတွေအားလုံးကို ခေါ်စုလိုက်ပါတယ် ။ ပြီးတော့ အလုပ်တစ်
ခု ခိုင်းပါတော့တယ် ။

   “ဟေ့ မင်းတို့တွေ ဟိုးရှေ့အတော်လှမ်းလှမ်းက တောင်ကုန်းမှာ မီးခိုးတွေထွက်နေတဲ့ ရွာကိုတွေ့
တယ် မဟုတ်လား”
   “ဟုတ်ကဲ့ ၊ တွေ့ပါတယ် ဗိုလ်ကြီး”
   “အေး မင်းတို့အားလုံး အဲဒီကိုသွားကြ ၊ ငါတို့စခန်းမှာ စားစရာဆန်မရှိလို့ နည်းနည်းပေးပါလို့ သွား
တောင်းကွာ”
   “ဟုတ်ကဲ့ ဗိုလ်ကြီး”

   ဒီလိုနဲ့ ပေါ်တာတွေဟာ နေ့တစ်ဝက်ခရီးလောက် ရှိတဲ့ရွာကိုသွားပြီး ဆန်တွေတောင်းလာခဲ့ပါတော့
တယ် ။ မွန်းလွဲပိုင်းမှာ ဆန်တွေသယ်ပြီးပြန်ရောက်လာကြတဲ့ ပေါ်တာတွေကိုကြည့်ပြီး စခန်းမှူးမှာ ပက်
လက်လန်သွားပါတယ် ။ အမှန်က စစ်သားအစောင့် တစ်ယောက်မှ မထည့်ပေးလိုက်ပဲ ပေါ်တာတွေ
ပြေးနိုင်အောင် တမင်လွတ်ပေးလိုက်တာပါ ။ ရိုးသားတဲ့ ပေါ်တာများခမျာ တကယ်ပဲ ဆန်သွားယူခိုင်း
တယ်ထင်ပြီး ပြန်လာကြတော့ ခက်ပြီပေါ့ ။

   ဒါနဲ့ တစ်ရက်နှစ်ရက်နေတော့ ခုနဗိုလ်ကြီးက ပေါ်တာတွေကို ထပ်ခေါ်စုပြန်ပါတယ် ။ ဒီတစ်ခါလည်း
အရင်တစ်ခါလိုပဲ ထပ်ခိုင်းပြန်ပါတယ် ။ နည်းနည်းတော့ ကွာပါတယ် ။

   “ဟေ့ မင်းတို့ ဟိုနေ့ကသွားတဲ့ရွာရဲ့ ဟိုးအနောက်ဖက်တောင်ကုန်းမှာ ရွာတစ်ရွာကို တွေ့လားကွ”
   “အင်း .. မတွေ့ရပါဘူး ဗိုလ်ကြီး”
   “အေး နည်းနည်းဝေးလို့ မင်းတို့မတွေ့ရတာ ၊ ဒီနေ့ အဲဒီရွာကိုသွားပြီး ငါတို့စခန်းစားဖို့ ဆန်တွေသွား
တောင်းကြကွာ ၊ ဘာမှမပါပဲ ပြန်မလာကြနဲ့ ၊ ကြားလား”
   “ဟုတ်ကဲ့ ဗိုလ်ကြီး”

   ဒီလိုနဲ့ ပေါ်တာတွေ ထွက်လာလိုက်ကြတာ နေ့တဝက်လောက်မှ ခုနပြောတဲ့ရွာကို ရောက်သွားကြ
ပါတယ် ။ ဒီတစ်ခါတော့ အချင်းချင်းစကားပြောကြရင်းနဲ့ ကံကောင်းထောက်မစွာပဲ ထွက်ပြေးဖို့စိတ်ကူး
ကို ရလာကြပါတယ် ။ ဒါနဲ့ ရောက်တဲ့ရွာက လူတွေရဲ့အကူညီယူပြီး ကိုယ့်မြို့ကိုယ့်ရွာဖက်သွားလို့ရနိုင်
မယ့်ဖက်ကို ခရီးဆက်ခဲ့ကြပါတော့တယ် ။

   ပြည်မစစ်တပ်ကအများစုဟာ စိတ်ခက်ထန်ကြမ်းတမ်းပြီး လူကိုလူလိုမထင်တတ်ကြပေမယ့် အချို့မှာ
တော့ တတ်စွမ်းဥာဏ်မီသမျှ သူတစ်ပါးရဲ့ ဝန်ထုပ်တွေကို ပေါ့အောင်ကြံဆောင်ပေးကြတာတွေထဲက
သာဓကလေး တစ်ခုလို့ ဆိုနိုင်ကောင်းပါတယ် ။

-------------------------------------------------------

(၂)   မြန်မာပြည်မြို့ပေါ်မှာနေရင် ပြည်မစစ်သားမိသားစုတွေနဲ့ တစ်နည်းမဟုတ်တစ်နည်း ဆက်နွယ်ကြ
ရစမြဲပါ ။ ကျနော် ရင်းရင်းနှီးနှီးပေါင်းခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ကတော့ အမေမွန် ၊ အဖေက အညာ
သားတပ်ကြပ်ကြီးပါ ။ အင်မတန်ရိုးအေးပြီး ခုထိလည်း တနိုင်တပိုင်မွေးမြူရေးနဲ့ သမာအာဇီဝဖြစ်အောင်
လုပ်ကိုင်စားသောက်နေဆဲပါ ။

   သူက ကချင် (၂) လို့ အများသိကြတဲ့ ဘားအံမြို့တောင်ဖက်စွန်းမှာရှိတဲ့ တပ်ကပါ ။ အရင်က “ဗိုလ်မှူး
တာရှည်ခံ” လို့ခေါ်တဲ့ တပ်မှူးရှိပြီး၊  KNU က မတိုက်ချင်လို့ ရှောင်နေတတ်တယ်လို့လဲ နာမည်ရှိပါတယ် ။
ဘယ်လိုပဲဖြစ်ဖြစ် တခါတရံတော့လည်း မရှောင်နိုင်ပဲ တိုက်ပွဲဖြစ်ကြရတာပါပဲ ။

   တစ်ရက်မှာတော့ ကျနော့်သူငယ်ချင်းအဖေတို့စစ်ကြောင်းဟာ KNU စစ်ကြောင်းနဲ့ပက်ပင်းတိုးပြီး
တိုက်ပွဲ .. အဲ .. ပြေးပွဲ ဖြစ်ပါတော့တယ် ။ တကယ်ကို ပြေးကြတာပါ ။ နောက်ကလည်း KNU တပ်
သားတွေက M16 နဲ့လိုက်ပစ်နေပါတယ် ။ ပြေးရင်းနဲ့မှ ကျနော့်သူငယ်ချင်းအဖေဟာ နောက်ကိုလည်း
လှည့်မကြည့်နိုင်တော့ ၊ သူ့စတင်းသေနတ်ကို ပုခုံးပေါ်နောက်ပြန်တင်ပြီး ပစ်ရင်းပြေးရင်း လုပ်သွားပါ
တော့တယ် ။

   သူပစ်ရင်းပြေးနေတဲ့နေရာကလည်း ဘေးနားရွာတွေက သွားသွားလာလာ လုပ်နေတဲ့လမ်းပေါ်မှာ
ပါ ။ ဒီတော့ တောင်းပလုံးတွေထမ်းပြီး သွားလာနေကြတဲ့ အဒေါ်ကြီးတွေက “ဟိတ် နင်ပစ်တာ ငါတို့
ကို ထိမယ်လေ” လို့အော်ပြောမှ သတိဝင်လာပြီး အပစ်ရပ် ၊ ဆက်ပြေးရာက ဘယ်သူမှလဲ ထပ်ပြီး
လိုက်မပစ်တော့ပဲ လွတ်မြောက်လာခဲ့ရပါတော့တယ် ။

   အဲဒီနေ့က တကယ်ပဲ ထိအောင်မပစ်လို့ လွတ်လာတာလား မသေချာပေမဲ့ မိသားစုကြားမှာ တခါ
တရံ ပြန်ပြောရင်း အဲဒီတုန်းက အဒေါ်ကြီးတွေနဲ့ပတ်သက်ပြီး ပြုံးစရာလေးအဖြစ် ကျန်ခဲ့ပါတော့တယ် ။

----------------------------------------------------



(၃)   လှိုင်းဘွဲမြို့နယ်အတွင်းက ရွာတစ်ရွာမှာပါ ။
       တိုက်ပွဲဖြစ်ရာက လူကွဲပြီးထွက်ပြေးလာရတဲ့ ပြည်မစစ်သားတစ်ယောက်ဟာ ရွာတစ်ရွာကို ရောက်
လာပါတယ် ။ တမနက်လုံး ပြေးလွှားလာခဲ့ရလို့ စစ်သားလေးမှာ အတော်လည်း ဆာလောင်နေပါပြီ ။ ဒါနဲ့
အိမ်တစ်အိမ်နောက်ဖေးဖက်မှာ လူရိပ်တွေ့တာနဲ့ အိမ်ရှေ့ကနေ လှမ်းအော်ခေါ်လိုက်ပါတယ် ။

   “အမိုး ၊ ဗျို့ .. အမိုး ကျွန်တော့်ကို ထမင်းကျွေးပါအုံးဗျ”

   အိမ်ရှင်အဖွားကြီးက ဗမာလိုသိပ်ပြီး မရေလည်လှပေမယ့် နားတော့လည်ပါတယ် ။ မကျွေးချင်ပေ
မယ့် စစ်သားဆိုတော့လဲ ကြောက်တော့ ကျွေးရမှာပေါ့လေဆိုပြီး အိမ်ရှေ့ဖက်ကို ထွက်လာခဲ့ပါတယ် ။
ဒါပေမယ့် စိတ်က သိပ်မကြည်လင်လေတော့ ကရင်လိုတော့ ဗျစ်တောက်ဗျစ်တောက်နဲ့ လုပ်လာပါ
တယ် ။ ကရင်လို အရှည်ကြီးပြောလာတာကို စစ်သားလေးက နားမလည်ပေမယ့် နောက်ဆုံးစကား
တစ်စုကိုတော့ ကောင်းကောင်းကြားမိပြီး သူနားလည်တယ်လို့လည်း ထင်လိုက်ပါတယ် ။ အဖွားကြီး
ပြောတဲ့ စကားအဆုံးသတ်က “နယ်ယို သနာပါ့ယာ” လို့ ဖြစ်ပါတယ် ။

   ဒါနဲ့ စစ်သားလေးက သူ့သေနတ်ကိုမြှောက်ပြပြီး ..
   “ဟုတ်တယ် သေနတ်ပါတယ် အမိုး” လို့ ပြောလိုက်ပါတယ် ။

   အမှန်က “နယ်ယို သနာပါ့ယာ” ဆိုတာက “နင်ဟာ သူတောင်းစားလား” လို့ အဓိပ္ပါယ်ရပါတယ် ။
ဘယ်လိုပဲဖြစ်ဖြစ် စစ်သားလေးပြန်ပြောတာကို နားလည်တဲ့ အဖွားကြီးက စကားတစ်ခွန်းပြန်ပြောပြီး
စစ်သားလေးကို ထမင်းကျွေးလွှတ်လိုက်ပါတယ် ။ သူပြောတာကတော့ ..

   “အေး အေး သေနတ်ပါတော့လည်း ကျွေးရတာပေါ့” တဲ့ ။

----------------------------------------------------------

(၄)   ၁၉၈၀ ကျော်တွေမှာ ပြည်မတပ် တပ်မ (၉၉) ပြောင်းသွားပြီး တပ်မ (၇၇) အစားထိုးဝင်လာခဲ့ပါ
       တယ် ။

      အဲဒီလိုမဝင်ခင်က ဖြစ်ပါတယ် ။ ရှေ့တန်းမှာ ပြည်မတပ်တစ်လှည့် ၊ KNU တစ်လှည့် နေရာယူကြ
တဲ့ တောင်ကုန်းတွေ ဒေသတွေ ရှိပါတယ် ။ တစ်ရက်မှာတော့ တပ်မ (၉၉) က စစ်သားတစ်ယောက်ဟာ
ကင်းစောင့်နေရင်းနဲ့ သူဘေးကသစ်ပင်မှာ ဒါးမြှောင်နဲ့ထွင်းပြီး လက်ဆော့လိုက်ပါတယ် ။ “တပ်မ (၉၉)”
ပေါ့ ။

   သူတို့တပ်ထွက်သွားပြီး KNU တပ်လာစွဲပါတယ် ။ ပြည်မတပ်တွေ နောက်တစ်ကြိမ် တပ်လာစွဲတဲ့
အခါမှာတော့ အပေါ်ကပြောခဲ့တဲ့ စစ်သားတစ်ယောက် လက်ဆော့ခဲ့တာကို နောက်တပ်မှူးက တွေ့
သွားပြီး နောင်ကို ဘယ်ကင်းသမားမှ လက်မဆော့ရဘူးလို့ တစ်ချက်လွှတ်အမိန့် ထုတ်လိုက်ပါတော့
တယ် ။ ဒီလိုထုတ်ရတဲ့အကြောင်းကလည်း ရှိပါတယ် ။

   အရင်ပြည်မစစ်သား ကင်းစောင့်တဲ့နေရာမှာပဲ ကင်းတာဝန်ကျတဲ့ KNU တပ်သားတစ်ယောက်က
“တပ်မ (၉၉)” ဆိုတဲ့ စာတန်းအပေါ်မှာ ဒါးမြှောင်နဲ့ စာတွေထပ်ထွင်းသွားလို့ပါ ။

   တပ်ထီး (၁၀၀)” တဲ့ ။


ရေလိုအေး ၊ ပန်းလိုမွှေးနိုင်ကြပါစေ ။

မန်းကိုကို
၂၇ ၊ ၀၉ ၊ ၂၀၁၁

7 comments:

  1. ကိုကိုမောင်(ပန်းရနံ့)September 27, 2011 at 10:28 PM

    ပြုံးမိပါတယ်။ ကာယကံရှင်တွေ ပြန်ဖတ်မိရင် ပိုပြီး ပြုံးကောင်းပြုံးနိုင်တယ်။ အန်တရာယ်ရန်စွယ်တောထဲနေခဲ့ရပေမဲ့ ပြန်ပြောပြတဲ့အခါမှာ ရယ်စရာ ပြုံးစရာလေးတွေ ဖြစ်လာတတ်တာ သဘာဝပါ။

    ခင်မင်လျှက်

    ReplyDelete
  2. အချို့ ကာယကံရှင်တွေလည်း ခုလောက်ဆို မရှိကြလောက်တာ့ပါဘူး သူကြီးရယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့နယ်ဖက်ကတော့ အဆင်ပြေသလို ပြုံးပျော်စရာ နှစ်သိမ့်စရာတွေ ရှာဖွေသုံးဆောင် နေရတာပါပဲ ။

    အခြားတစ်ဖက်မှာလည်း ပဋိပက္ခတွေက ဆုံးနိုင်စရာလမ်း မမြင်မိပါဘူး ။
    နမူနာအနေနဲ့ အပေါ်က အဖြစ်တစ်ခုမှာ တွေ့နိုင်ပါတယ် ။ ပြည်မစစ်သားလေးက အဒေါ်ကြီးကို “အမိုး” လို့ ခေါ်တဲ့နေရာမှာပါ ။ (စစ်သားတွေ အပါအဝင်) ပြည်မသားတွေက ကရင်တွေမှာ အသက်ခပ်ကြီးကြီးဆိုရင် ယောက်ျားကို “ဖထီး” နဲ့ အမျိုးသမီးတွေကို “အမိုး” လို့ခေါ်ပြီး ရင်းနှီးမှု တည်ဆောက်ချင်ကြတယ် ။

    သူတို့တွေ မမှားပါဘူး ၊ ဒါပေမယ့် မမှန်ပြန်ပါဘူး ။
    ဘာလို့လည်းဆိုတော့ “အမိုး=အမေ”ဆိုတာ “စကောကရင်” တွေအတွက်ပဲ မှန်ပါတယ် ။ အတိုချုပ်ရရင် ကျနော်တို့ “ပိုးကရင်”တွေအတွက်တော့ အခေါ်ခံရသူတွေက “သြော် သူတို့ မသိရှာကြလို့ပဲလေ”လို့ နားလည်ပေးကြပါတယ် ။

    ဒါကိုထောက်ရင် ကျနော်တို့ မြန်မာပြည်မှာ တစ်ဦးနဲ့တစ်ဦး ဘာသာ ၊ ယဉ်ကျေးမှု ၊ ဓလေ့ထုံးတမ်းနဲ့ အခြေခံကျတဲ့ အချက်တွေကိုတောင်မှ သိအောင်မလုပ်နိုင်ကြပဲနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုပြီး ကြွေးကြော်နေကြတာ ၊ ဒီမိုကရေစီရရင် အားလုံး အဆင်ပြေသွားမှာပါလို့ ပြောနေကြတာတွေတွေ့ရင် မျက်နှာဘယ်လို ထားရမှန်းတောင် မသိတော့ပါဘူးဗျာ ။
    လူရွှင်တော် မျက်နှာပေးမျိုးလား ၊
    အငိုမျက်လုံး အပြုံးမျက်နှာမျိုးလား .. သိပ်မကွဲပြားမိတော့ပါဘူး ... :-)

    ReplyDelete
  3. အစအဆုံး တစ်လုံးချင်း သေချာ
    ဖတ်၍ခံစားသွားပါတယ်ဗျာ
    ..;p;p;p နောက်လည်း လာခဲ့ပါအုံးမယ်
    ခင်မင်လေးစားလျှက်

    (ဒုတိယ)

    ReplyDelete
  4. ဆရာမန်းရေ ဒီလိုမလုပ်နဲ့လေ မှားနေယင်မှန်အောင်ပြင်ပေးမှပေါ့။ နောက်တစ်ခါ ကျွန်တော်ကြုံဖြစ်ခဲ့ယင် ပိုးကရင်အဒေါ်ကြီးကို ဘယ်လိုခေါ်ရမှာတုန်းဗျ။ စာဖတ်ရင်းပျော်သွားတဲ့....စိုးမိုး

    ReplyDelete
  5. @ ဒုတိယလူ
    လာသာ လာခဲ့ပါ ။
    အမြဲတမ်း တံခါးဖွင့်ထားလျက်ပါ :-)


    @ soemoe
    အင်း .. ကိုစိုးမိုးပြောမှ ခွကျနေပြီ ။
    သာမန်အားဖြင့်တော့ အဒေါ် ၊ အမိုး စသည်ဖြင့် ခေါ်လို့ရပါတယ် ။
    ဗမာဖြစ်လို့ ဗမာလိုခေါ်တာ ပြဿနာ မရှိပါဘူး ။

    ကျနော်တို့ ခေါ်ပုံခေါ်နည်းကို သိချင်ရင်တော့ ပြောပြပါမယ် ။
    ပိုးကရင်လို အမေကို “မူတုံ့” လို့ ခေါ်ပါတယ် ။ အများအားဖြင့် အတိုကောက် “တုံ့” လို့ ခေါ်ကြပါတယ် ။ ဒါပေမယ့် တစိမ်းတစ်ယောက်က သွားခေါ်ရင် ယောက္ခမကို ခေါ်သလို ဖြစ်သွားနိုင်တာကြောင့် အားတော့ မပေးလိုပါဘူး :-)

    ပုံမှန်အားဖြင့်တော့ (အရှေ့) ပိုးကရင် အတော်များများက အဒေါ်ကြီးတွေကို ကရင်လို “အဒေါ်”လို့ အဓိပ္ပါယ်ထွက်တဲ့ “မူ့ဂါး/မုဂါ” လို့ ခေါ်ကြပါတယ် ။ ပြဿနာနည်းနည်းရှိတာက “ဂါ/ဃှာ” ဆိုတဲ့ စကားလုံးကျတော့ အသံထွက်ပြမှ အဆင်ပြေပါတယ် ။

    တဖက်မှာလည်း ကရင်တွေအနေနဲ့ တော်ရုံကိစ္စတွေမှာ နားလည်ပေးကြတာမို့ ဘယ်လိုခေါ်ခေါ် အရေးတော့ သိပ်မကြီးလှပါဘူး ကိုစိုးမိုးရယ် ။ အပေါ်မှာက သူကြီးမင်း ကိုကိုမောင်ကို မြန်မာပြည် အခြေနေနဲ့ဆက်စပ်ပြီး ကြုံလို့ပြောပြသွားတာပါ ။ ကဲ ကြိုက်သလိုသာ ခေါ်ကြစေဗျား :-)

    ReplyDelete
  6. လာလည်သွားပါတယ် တကယ်ဘဲ ၇ီ၇ပြုံးမိ၇ပါတယ်။ဒါပေသိဒီလို ၇ီစ၇ာပြုံးစရာတွေ နောက်ထပ်မဖြစ်စေချင်တော.ပါဗျာ။

    ReplyDelete
  7. ဟုတ်ပါတယ် ၊
    လူမစည်းကားသင့်တဲ့ အရပ်တွေ ရှိသလို ၊
    ထပ်မဖြစ်သင့်တာတွေထဲမှာ အပေါ်က အဖြစ်တွေလည်း ပါတာပါပဲ ။

    ဒါပေမဲ့ ဘာတတ်နိုင်မှာလဲ ၊
    မုဒိမ်းကျင့်ရတာ ၊ လူသတ်ရတာကို ဂုဏ်တောင်ယူတတ်တဲ့ စစ်ဘီလူးတွေကြားမှာ
    တိုင်းရင်းသားတွေအတွက် စိတ်ဖြေစရာဆိုလို့ ဒါတွေပဲ ရှိတာပါပဲ ။

    ReplyDelete