ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Saturday, September 24, 2011

လူစွမ်းဆိုး



   ဒီကနေ့ ရေးဖို့ရွေးထားတာက ကျနော့်ကလေးငယ်စဉ်က မပီကလာနဲ့ပြောသလို “စူကာမင်း” တစ်
ယောက်အကြောင်းနဲ့ ပတ်သက်ပါတယ် ။ ခုတလော ညီညာတဲ့မြက်ခင်းပေါ် ချွန်ထွက်နေတဲ့ မြက်ပင်
ကလေးတွေထဲက တစ်ပင်လို့ဆိုကြပါစို့ ။

ဘယ်သူ ၊ ဘာ ၊ ဘယ်လို

   ဒီကနေ့ မြန်မာပြည်မှာ စွမ်းဆောင်ရည်မြင့်မားပြီး လူစွမ်းကောင်းဖြစ်နိုင်ဖို့ အခွင့်ရှိရဲ့သားနဲ့ သရုပ်
ဆောင်ပိတ်ကားပေါ်မှာ လူဆိုးနေရာက ပြောင်မြောက်စွာ ပါဝင်လာခဲ့သူ တစ်ယောက်ကတော့ ပြည်
ထောင်စုဝန်ကြီး အငြိမ်းစားဗိုလ်မှူးကြီး ဦးဇော်မင်းပေါ့ဗျာ ။ (လင့်)

   ဦးဇော်မင်းဖက်က ထောက်ခံသူတွေနဲ့ ကြားနေပါတယ်ဆိုတဲ့သူတွေ ရှိကောင်း ရှိမှာဖြစ်ပေမယ့် ၊
တကယ်တန်း သူရင်ဆိုင်နေရတာဟာ လူထုစူနာမီဖြစ်နေလေတော့ ၊ မနိုင်ဘူးထင်ရင် ထုတ်သုံးနေ
ကျဖြစ်တဲ့ ဘွဲ့ဖြူလက်နက်တွေထုတ်မသုံးပဲ ဒီတောင်ကိုတော့ဖြင့် မောင်ကျော်နိုင်မယ်လို့ မထင်
မထင် ။

   သူ့ကိုပြောဖို့ကလည်း သူများတွေဝိုင်းပြောတာနဲ့တင် ပြောစရာကို မရှိတော့သလောက်ပဲ ။ ဒါပေ
မယ့် ဧရာဝတီနဲ့ ပတ်သက်နေလေတော့လည်း နည်းနည်းလေး ပြောမှပါပဲလေလို့ စိတ်ကူးမိတယ် ။

   မြစ်ဆုံကိစ္စ သဘောမတူ ကန့်ကွက်တဲ့ဖက်က ရပ်တည်မယ်လို့ စပြောလိုက်တာနဲ့ မိုကန်းကန်းလည်း
ဧရာဝတီရောဂါဆန်း စွဲကပ်နေသူတစ်ယောက်ပေါ့ဗျာ ။ ဒါပေမယ့် သံလွင်ရောဂါဆန်းအပါအဝင် အခြား
သဘာဝပတ်ဝန်းကျင် ရောဂါဆန်းတွေနဲ့ စက်မှုဇုံရောဂါ ၊ ကြိုးတံတားအပါအဝင် တရုတ်နည်းပညာ
စွမ်းရည်တွေကို သံသယရှိတတ်တဲ့ ကျွမ်းလုကျွမ်းခင် ရောဂါဆန်းတွေကလည်း ပူးကပ်တွဲဆက်နေ
တာကြောင့် ဆေးမှမီပါ့မလားလို့ ရင်များလည်း ထိတ်ရမလိုလိုပါပဲ ။

   မဆီမဆိုင်လည်း တွေးမိပါတယ် ။ ဦးဇော်မင်းက ယုံကြည်အားကိုး အမွမ်းတင်ထားတဲ့ တရုတ်ပညာ
ရှင်တွေရဲ့ စာမျက်နှာ ၉၀၀ ကျော်တဲ့ အစီရင်ခံစာထဲမှာ ဘာတွေဘယ်လောက်ပါတယ် မသိရပေမယ့် ၊
သံလွင်မြစ်ကို သုတေသနပြုခဲ့တဲ့ ယိုးဒယားပညာရှင်များကတော့ မြစ်ထဲမှာ ငါးမျိုးစိတ် ၁၉ မျိုးတည်း
သာရှိတယ်လို့ စာရင်းပြုစုထားတယ်ဆိုတာ တိုင်းရင်းသားခေါင်းဆောင်တစ်ဦးကပြောလို့ မှတ်သားခဲ့
ဖူးပါတယ် ။ တိုင်းပြည်အကျိုးများတဲ့ဖက်က အလေးသာမသာကို ချိန်ထိုးကြည့်တတ်တဲ့ ဦးဇော်မင်း
အတွက် အကြိုက်တွေ့မယ့် အစီရင်ခံစာဖြစ်မှာပါ ။ ဒါပေမယ့် မြစ်ညာမှာ တရုတ်တွေရဲ့ စိတ်ကြိုက်
မွှေနှောက်တာ ခံထားရပြီးတဲ့ သံလွင်ကိုတော့ စိတ်ဝင်စားသူ သိပ်မရှိလှတာမို့ ငါးအမျိုးပေါင်း ၁၉၀
ရှိလည်း ပြဿနာသိပ်မရှိလှဘူး ထင်ပါတယ် ။ နောက်နောင် ဆိုးကျိုးတွေများလာတဲ့အချိန် ၊ အချိန်
လွန်မှ ဦးဇော်မင်းရဲ့ သားသမီးတွေကို sorry လို့ ပြောတတ်အောင် သင်ပေးထားခဲ့ရုံနဲ့ ပြေလည်မှုရ
ကောင်းရမှာပါ ။

ထုတ်နှုတ်ချင်တာလေး တချို့

   ပြောချင်တာတွေများပေမယ့် ၊ ပြောင်မြောက်တဲ့ စကားလုံးတွေကြောင့် စံချိန်တင် ကွန်မန့် ၃၀၀
ကျော်လောက် ဆွဲဆောင်နိုင်ခဲ့တဲ့ Eleven Media Group က ဦးဇော်မင်းနဲ့ပတ်သက်တဲ့ သတင်း
အပေါ်ကနေပဲ အတိုဆုံးထုတ်နှုတ်ကြည့်ပါမယ် ။

(က) ဦးဇော်မင်းက မြစ်ဆုံကိစ္စမှာ နိုင်ငံရဲ့အကျိုးအတွက် ဝိုင်းစဉ်းစားဖို့ပြောပါတယ် ၊ တဆက်ထဲမှာ
လည်း ဆက်လုပ်သွားမယ်လို့ ပြောပြန်ပါတယ် ။

 -  ဆက်စပ် အဓိပ္ပါယ်ပြန်ကြည့်တော့ “မြစ်ဆုံကိစ္စဆက်လုပ်သွားဖို့အတွက် ဘယ်လိုထောက်ခံရမယ်
ဆိုတာ ဝိုင်းစဉ်းစားကြပါ”လို့ ထွက်လာပါတယ် ။ မှားရင်လည်း ပြောဗျာ ။

(ခ) ပြောဆိုပုံအရ ဒီစီမံကိန်းကို ပိုက်ဆံမရှိလို့ လုပ်တာလို့ပြောပါတယ် ။ တခါ ပိုက်ဆံရှိလို့လုပ်ရင်
လည်း ပိုတဲ့လျှပ်စစ်ကို ရောင်းစားရမယ်လို့ ဆိုပြန်ပါတယ် ။

-   အဓိပ္ပါယ်က ပိုက်ဆံရှိလည်း လျှပ်စစ်ကို တရုတ်ဖက် ရောင်းမှာပဲ ၊ အခုပိုက်ဆံမရှိလည်း ရောင်း
မှာပဲလို့ ဖြစ်နေပါတယ် ။ မှတ်သားလောက်ပါပေတယ် ။ ဒီပုံဆို သတင်းစာရှင်းလင်းပွဲတောင် လိုမယ်
မထင် ၊ ကြော်ငြာလိုက်လည်း ပြီးတဲ့ကိစ္စပါ ။

(ဂ) ဦးဇော်မင်းက “ဒီလျှပ်စစ်က နှစ်နိုင်ငံလုံး သုံးခွင့်ရှိတဲ့အတွက် ကျန်တဲ့ဟာကို ကျွန်တော်တို့ ကြိုက်
သလောက် ၀ယ်သုံးလို့ရတယ်။” လို့ ပြောသွားပါတယ် ။

-   သေလိုက်ပါတော့ ။ ပိုတော့ ဘာလုပ်မလဲ ၊ ရောင်းမယ် ။ လိုတော့ ဘာလုပ်မလဲ ၊ ပြန်ဝယ်မယ်
ဆိုရင် ... အင်း ... ကျနော် ရူးချင်လာတယ် ။

မေးစရာ အနည်းအကျဉ်း

(၁) နောက်ဆက်တွဲ ရှင်းလင်းပွဲတွေအရ တရုတ်နဲ့ပူးပေါင်းလုပ်ကိုင်တာဟာ ရေရှည်မှာ ဒေါ်လာသန်း
၆ ထောင်အထိ အသာစီးရမယ်လို့ သိရပါတယ် ။

   ဒီတော့ မြန်မာပြည်တွင်းမှာတင် အစကနေအဆုံးထိ စီးနေတဲ့မြစ်တစ်စင်းကို ကုန်ပစ္စည်းတစ်ခုလို
သဘောထားတာလား ။ သိချင်မိတာက ဆည်ကြောင့်ပျက်စီးဆုံးရှူံးမှု ၊ သက်ရောက် ထိခိုက်မှုတွေနဲ့
အလားအလာအကျိုးဆက်တွေကကော တန်ဖိုးဘယ်လောက်ရှိတယ်ဆိုတာ တိတိကျကျ စာရင်း
အင်းပြုစုပြီး ထုတ်ပြန်ပေးမလား ဆိုတာပါ ။

(၂) လူသူစိတ်ဝင်စားမှု နည်းနေသေးတဲ့ သံလွင်မြစ်နဲ့ ဆည်တွေအကြောင်းကိုကော သတင်းစာရှင်း
လင်းပွဲလုပ်ဖို့ အစီအစဉ်ရှိပါသလား ။ နောက်မဆုတ်ပဲ ဆက်လုပ်သွားဦးမှာလား ။

(၃) ဆည်အတွင်း အနည်ထိုင်လာမယ့် နုံးမြေတွေနဲ့ပတ်သက်လို့ ဘယ်လိုဖြေရှင်းမလဲ ။ ခုခေတ်မှာ
အရင်လို တူးချင်သလိုတူးပြီး ပစ်ချင်သလိုပစ်လို့ မရတော့ပဲ အနယ်ထိုင်နေတဲ့ ဓါတုပစ္စည်းတွေကိုပါ
ထည့်တွက်လာကြရတာမို့ နောင်အသိပညာ ပိုကြွယ်ဝလာကြမယ့် မျိုးဆက်သစ်တွေအတွက် ဖြေဆို
စရာပါ ။

(၄) တောင်ငူနဲ့ သံတောင်ကြားက ပသီချောင်းကိုမှီပြီး လျှပ်စစ်ဓါတ်အားထုတ်ဖို့ ဆည်တစ်ခုဆောက်ခဲ့
တယ်လို့ သိရပါတယ် ။ စီမံကိန်းပြီးရင် အဲဒီဝန်းကျင်မှာ လူနေမှုအဆင့် နှစ်ဆသုံးဆ တိုးတက်မယ်လို့
လည်း ပြောထားတာတွေရှိခဲ့ပါတယ် ။ ရွာတွေ ရွေ့ပြောင်းပေးခဲ့ရတာ ၊ ဥယျာဉ်လယ်မြေတွေ အသိမ်း
ခံထားခဲ့ရတာတွေ ရှိခဲ့ပါတယ် ။ နောက်ဆုံးသိရသမျှ ဆည်ထဲမှာရေမရှိလို့ လျှပ်စစ်ဓါတ်လည်း မထွက်
ဖူးဖြစ်နေပါတယ် ။ ဝန်ကြီးထက် စီနီယာကျသူ  အရာရှိဟောင်းတစ်ဦးဆီက တိုက်ရိုက်ကြားသိရတာ
ဖြစ်လို့ ရှင်းလင်းချက်များရှိလာနိုင်ရင် အင်မတန်ကောင်းမယ်လို့ ယူဆမိပါတယ် ။


တွေးမိတာ အနည်းအကျဉ်း

(က) တရုတ်နိုင်ငံမှာ ပညာရှင်တွေ ရှိသင့်သလောက်ရှိတာ မှန်ပါတယ် ။ ဒါပေမယ့် တိုးတက်ပြီးနိုင်ငံ
တွေက ပညာရှင်နဲ့အဖွဲ့အစည်းတွေလို ကိုယ့်နောင်ရေးကို တစ်စိတ်တစ်ပိုင်း ထိုးအပ်ရဲလောက်တဲ့
အရည်အသွေးနဲ့စံ ၊ နည်းပညာနဲ့သုတေသန ၊ စောင့်ထိန်းအပ်တဲ့ကိုယ်ကျင့်တရားနဲ့ ဥပဒေလိုက်နာမှု
အပိုင်းတွေ လုံလုံလောက်လောက် ရှိနေပြီလို့ ဘယ်သူမှ အာမ မခံရဲကြသေးပါဘူး ။

(ခ) တရုတ်နိုင်ငံမှာ ပြန့်ကျဲနေတဲ့ ပညာရှင်တွေနဲ့  ဒေသဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်
ဆောင်မှုတွေ ၊ ဥပဒေနဲ့ အမိန့်အာဏာအရ သဘာဝထိန်းသိမ်းမှုတွေ ကြိုကြားရှိပေမယ့် ၊ တနိုင်ငံလုံး
အတိုင်းအတာနဲ့ ကိန်းကဏန်းတွေကို စနစ်တကျ စာရင်းပြုစုပြီး စုစည်းစီမံမှုတွေတော့ မရှိသေးဘူး
လို့ သိရပါတယ် ။ မြန်မာပြည်က အိုးပဲ့နဲ့ စလောင်းရွဲ့ သွားတွဲမိသလိုဖြစ်နေရင်ဆိုပြီး တွေးမိပါတယ် ။

(ဂ) ရှင်းလင်းချက်တွေအရ ဒီစီမံကိန်းဟာ အရင် အစိုးရလက်ထက်မှာ စခဲ့တယ်လို့ နားလည်ရပါ
တယ် ။ အခုဆက်လုပ်မယ်ဆိုတာက အရင်အစိုးရနဲ့ လက်ရှိအစိုးရဟာ ဝတ်စုံပဲကွာပြီး တဖက်သတ်
ဆက်လုပ်ဖို့ စိုင်းပြင်းနေတယ်လို့ ယူဆလို့ရနေပါတယ် ။

(ဃ) ရှင်းလင်းမှုတွေအရ သဘာဝဝန်းကျင်နဲ့ နည်းပညာပိုင်းဆိုင်ရာတွေ အသေအချာ လေ့လာထာ
ပြီးပြီလို့ ဆိုပါတယ် ။ ဒါပေမယ့် အနည်းဆုံးတော့ မြစ်အောက်ပိုင်းကို မလေ့လာရသေးဘူးလို့ သိရ
ပြန်ပါတယ် ။ တဖက်မှာလည်း စီမံကိန်းက စနေပါပြီ ။ ဘယ်လိုဖြေရှင်းချင်ပါသလဲ ။ ပြီးရင် လေ့လာ
ှုတွေဟာ ဘက်စုံပါဝင်ပြီးသားလို့ ဆိုလို့ရနိုင်ပါ့မလား ။

(င) အချို့က ဌက်တို့ ၊ ဧရာဝတီလင်းပိုင်တို့လို အကြောင်းတွေ ပြောပါတယ် ။ ဒါပေမယ့် မြစ်ညာ
တက်ပြီး သားပေါက်တဲ့ငါးတွေလို မြန်မာပြည်ရဲ့ အစားအစာနဲ့ အခြားလိုအပ်မှုတွေကို ဖြည့်ဆည်းမှု
ပေးတဲ့ အရာတွေက ပိုအရေးပါတဲ့အပိုင်းမှာ ရှိတယ်လို့ နားလည်ရပါတယ် ။ အရေးမကြီးဖူးလား ။

(စ) မြစ်ကြောင်းတစ်လျောက် နုံးတင်မြေနုနဲ့ စိုက်ပျိုးရေးလုပ်ကြတာမျိုးတွေကအစ လူမှုအသိုင်း
အဝိုင်းကို ဘယ်လောက်အထိ ထိခိုက်မှုတွေ ရှိမလဲ ။ တိုင်းတာလို့ ရနိုင်ကောင်းပါ့မလား ။

(ဆ) လက်ရှိ ရွေးကောက်တင်မြှောက်ခံထားရသူတွေဟာ မမှန်မကန်တဲ့နည်းတွေနဲ့ အနိုင်ရလာခဲ့
ကြတယ်ဆိုတာ နားမဆံ့အောင် ကြားနေခဲ့ရတဲ့ကိစ္စပါ ။ နိုင်ငံရေးအပိုင်းကိုပါတွက်ရင် ရေရှည်မှာ
ဖြေရှင်းရခက်မှာ အသိသာကြီးပါ ။

   ခြုံပြောရရင် လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာက ဆိုရင်တော့ ဦးဇော်မင်းရဲ့ စရိုက်ဟန်ပန်မျိုးကို “ဒီလူ
ကတော့ ရှင်းတယ် ၊ ပြတ်သားတယ်” ဆိုပြီး တလွဲဆံပင်ကောင်း သံယောင်လိုက် ထောက်ခံမိ
ကောင်း ထောက်ခံမိခဲ့နိုင်ပါတယ် ။ ခုတော့ ခေတ်တွေပြောင်းခဲ့ပြီဖြစ်သလို ကျနော်အပါအဝင်
လူတွေရဲ့ အတွေးအခေါ် အသိအမြင်တွေဟာလည်း ပြောင်းလဲလာခဲ့ကြပြီမို့ အခြေအနေက ပြောင်း
ပြန်ဖြစ်လုနီးနီး ဖြစ်နေပါပြီ ။

   ဆည်တွေ မဆောက်ရဘူးလို့ မဆိုလိုပါ ။ အနည်းဆုံး မြို့ရွာတွေအတွက် သောက်သုံးရေနဲ့ စိုက်ပျိုး
ပင်တွေအတွက် ရေပေးဝေနိုင်ဖို့ ရေလှောင်တမံတွေ ၊ ရေလွှဲဆည်တွေ ၊ ကန်တွေကို လိုအပ်သလို စီ
မံဆောက်လုပ်သွားရမှာ သေချာပါတယ် ။ ဒါပေမယ့် စီမံကိန်းတွေကို ဘက်စုံပြင်ဆင်မှုမရှိပဲ နိုင်ငံရေး
အရ ငါတို့ဘောင်းဘီချွတ်ပြီး လုံချည်ဝတ်ပြလိုက်တာနဲ့ အရာရာလုပ်လို့ရပြီလို့ ထင်မှတ်မမှားသင့်ပါ
ဘူး ။

   တဖက်ကလည်း ဒီမြစ်ဆုံစီမံကိန်းဟာ ၊ မြန်မာပြည်လို ခေတ်နောက်ကျကျန်နေတဲ့ နိုင်ငံမျိုးတွေနဲ့
စာရင် ၊ အရှိန်အဟုန်နဲ့တိုးတက်နေရာက  စွမ်းအင်နဲ့ သဘာဝထွက်ကုန်တွေကို ဆာလောင်မွတ်သိပ်
လာနေတဲ့ တရုတ်နိုင်လိုအပါအဝင် အခြား ဖွံ့ဖြိုးပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ အသုံးချမှုကို အလွယ်တကူ
မခံရလေအောင် ၊ ရုပ်ဖျက်ပြီးရောက်လာတဲ့ ကောင်းခြင်းမင်္ဂလာတစ်ပါးလို့လည်း ယူဆနိုင်ပါတယ် ။

   ဒီဖြစ်ရပ်ကနေ အကြီးဆုံးပေးနိုင်တဲ့ခွန်အားကတော့ မြန်မာတပြည်လုံးကို စုစည်းပေးတာပါ ။
နောက်ဆက်တွဲအနေနဲ့ သံလွင်မြစ်အပါအဝင် အခြားဆောက်မယ့် ဆည်တွေဟာလည်း အရင်က
ထက် အာရုံစိုက်မှုတွေ ခံလာရဖို့ မျှော်လင့်မိတယ် ။ တဆက်ထဲ သစ်တောပြုန်းတီးမှုနဲ့ ရွှေ ၊ သတ္တု
တူးဖေါ်ရေးတွေကြောင့် သဘာဝဝန်းကျင်ကို ညစ်ညမ်းစေတဲ့ ဓါတုပစ္စည်းအကြောင်းတွေလည်း လ
တွေကနေ ပိုပြီးမြင်သိသဘောပေါက်လာကြမယ်လို့ ယူဆရပါတယ် ။

   တကယ်တန်းမှာ လူတွေရဲ့ဘဝကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရုံ တစ်ခုထဲနဲ့ တည်ဆောက်
ထားတာတော့ မဟုတ်ပါဘူး ။ ဒါပေမယ့် ပျက်စီးသွားမှုတွေကနေပြီး ထိန်းသိမ်းကာကွယ်စောင့်
ရှောက်ဖို့တော့ လိုတယ်ဆိုတာ နားလည်ထားကြဖို့ လိုပါမယ် ။ ပညာရှင်တွေ ၊ အတွေးခေါ်သမား
တွေကနေပြီး လွန်ခဲ့တဲ့အနှစ်တစ်ရာကျော်လောက်ကတည်းက စတင်လေ့လာ ၊ အဆိုပြုတင်ပြ ၊
ထိန်းသိမ်းမှုတွေ စလုပ်လာခဲ့ကြရာမှာ ပညာရှင်တစ်ယောက်ကတောင် ကမ္ဘာကြီးဟာ အာကာသ
ထဲမှာ ခရီးသွားနေတဲ့ ယာဉ်ပျံကြီးတစ်စင်းနဲ့ နှိုင်းယှဉ်ပြခဲ့ပါတယ် ။ တစ်ခုခုလွဲ သွားတာနဲ့ အားလုံး
မာလကီးယားသွားနိုင်တယ်ဆိုတာ တင်ပြခဲ့ဖူးပါတယ် ။ မြန်မာပြည်ကတော့ ဘာမှ မသိလိုက်ပဲ
လွန်သွားတဲ့အခါကျမှ ယူကြုံးမရဖြစ်နိုင်တာ သတိပြုရပါမယ် ။

   နမူနာလေးတစ်ခု ဖတ်ခဲ့ရဖူးပါတယ် ။ ဂေဟစနစ်အကြောင်းလေးပါ ။ ဥပမာ အနည်းဆုံး ခင်ဗျား
တို့ ကျနော်တို့အိမ်နောက်က ရေကန်သေးသေးလေးတစ်ကန်ကိုတောင် ဂေဟစနစ်တစ်ခုလို့ ဆိုနိုင်
ပါတယ် ။ အဲဒီရေ ကန်သေးသေးလေးကို မှီတင်းနေတဲ့ ရေမှော်ပင်ကလေးကအစ ၊ ပုစင်းထိုးအ
ကောင်ကလေးအဆုံး တစ်ခုနဲ့တစ်ခု အပြန်အလှန် ဆက်သွယ်မှီတင်းနေမှုတွေ ရှိနေပါတယ် ။

   မကြာခင်နှစ်များမှာ ဥရောပကို “ဖား” အသားတင်ပို့မှုတွေ တိုးတက်လာခဲ့ပါတယ် ။ တန်ချိန်ပေါင်း
ရာနဲ့ချီပြီး တင်ပို့လာကြရာမှာ အဓိကဒေသနှစ်ခုကတော့ အိန္ဒိယနဲ့ အင်ဒိုနီးရှားတို့ဆီက ဖြစ်ပါတယ် ။
၃-၄-၅ နှစ်အတွင်း သိသာလာတာကတော့ ၊ လယ်ယာတွေမှာ ပိုးတွေအကျများလာပြီး သီးနှံတွေ
မအောင်မြင်တော့တာ ဖြစ်ပါတယ် ။ ဒါကြောင့် ဖားသားတင်ပို့မှုကို အိန္ဒိယနိုင်ငံကနေ လုံးဝပိတ်ပင်
လိုက်ရပါတော့တယ် ။ ဒါဟာ ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတာတွေ အများကြီးထဲက သေးသေးလေး
တစ်ခုပါ ။

   တရုတ်ပြည်မှာ ဘယ်လောက်အထိ ပျက်စီးဆုံးရှူံးမှုတွေ ဖြစ်နေသလဲဆိုတာ google ထဲမှာ တစ်
ချက်နှစ်ချက် ခေါက်ကြည့်လိုက်ရုံနဲ့ ဖတ်လို့မကုန်နိုင်လောက်အောင် တွေ့ရနိုင်ပါတယ် ။ နိုင်ငံအ
တော်များများကို ဖြတ်စီးသွားတဲ့ “နိုင်း” မြစ်ပေါ်မှာ ရေကာတာဆောက်မိလို့ လူတွေသန်းနဲ့ချီပြီး
သက်ရောက်ခံနေရတာနဲ့ ၊ နိုင်ငံတစ်ခုနဲ့တစ်ခု စစ်မက်ဖြစ်ပွားစရာ အလားအလာတွေအထိ ရှိနေ
ကြပါတယ် ။

   မြန်မာပြည်မှာတော့ အာဏာသုံးပြီး လုပ်ချင်တာတွေကို မဖြစ်ဖြစ်အောင် လုပ်လို့ရကောင်းရသွား
ပါလိမ့်မယ် ။ လမ်းစဉ်ပါတီခေတ်တုံးက စပါးတွေမရိတ်ရဆိုပြီး အမိန့်ထုတ်ထားရာက စားစရာမရှိတဲ့
လယ်သမားတစ်ယောက်ကနေ လူတွေရှေ့မှာတင် သူ့လည်ပင်းကို တံစဉ်နဲ့လှီးပြီး သတ်သေပြ
လိုက်မှ ဆူလာမှာကြောက်ပြီး ချက်ချင်းအမိန့်ပြန်ရုပ်သိမ်းပေး ခဲ့ရဖူးပါတယ် ။

   သဘာဝရဲ့ ဒဏ်ခတ်မှုဆိုတာ တဖြည်းဖြည်းနဲ့ တစ်ပတ်လည်ပြီး ၊ လုပ်ခဲ့တဲ့သူတွေလည်း သွယ်ဝိုက်
ခံစားလာကြရမှာပါ ။ ဒါပေမယ့် အပေါ်ကအဖြစ်လို လူတွေဘဝပျက်အောင် လုပ်မိတဲ့အခါမှာ လူတွေ
ဘယ်လိုတုန့်ပြန်မယ်ဆိုတာတော့ ခန့်မှန်းလို့ရနိုင်မှာ မဟုတ်ပါဘူး ။

   အဆုံးသတ်အနေနဲ့ ပြောချင်တာက ၊ မြန်မာပြည်သူပြည်သားတွေအနေနဲ့ စုစည်းညီညွတ်ကြပြီး
ကိုယ်တွေရဲ့အနာဂါတ်ကို ပုံဖေါ်သွားကြဖို့ပါ ။ တဆက်ထဲမှာပဲ မြစ်ဆုံဆည်တစ်ခုထဲမဟုတ်ပဲ စပ်ဆိုင်
ဆက်နွယ်နေတဲ့ လုပ်သင့်တဲ့ ကိစ္စရပ်အားလုံးကိုလည်း ကိုယ်ချင်းစာစိတ်နဲ့ မမေ့မလျော့ကြဖို့ပါပဲဗျာ ။


မန်းကိုကို
၂၄ ၊ ၀၉ ၊ ၂၀၁၁

* ဧရာဝတီနဲ့ပတ်သက်ပြီး ဘလော့စုံက ရေးကြတာတွေနဲ့ သဘောထားတွေကိုတော့ ကိုအောင်
(ပျူနိုင်ငံ) ရဲ့ စုစည်းထားပေးတဲ့ အောက်က“ပို့စ်လင့်”မှာ သွားရှာဖတ်ကြလို့ ရပါတယ် ။

- ဆည်နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အင်္ဂလိပ်ပိုင်း နမူနာ လင့်အချို့

2 comments:

  1. An Asian Tour OperatorSeptember 25, 2011 at 1:52 PM

    ပဒို့ "မူ" အတိုင်းပြည့်စုံကောင်းမွန် ပြီး ထောင့်စေ့ကြောင်းပါ။

    ReplyDelete
  2. Datuk ရယ် ၊ “စုံစုံလင်လင်”နဲ့ “ပြည့်စုံ”တာနဲ့ စကားလုံး လွဲသုံးမိတယ် ထင်ပါရဲ့ ၊ ပြည့်စုံတဲ့ အခါကျရင်တော့ အရှင်ထွက်သွားဖို့ များတယ် :-)

    တကယ်တော့ ဧရာဝတီအကြောင်း ရေးမလို့က နည်းနည်းတောင် ကြာနေပါပြီ ။ အခု ရေးပြန်တော့လည်း အပေါ်ယံလောက်ပဲ ရေးနိုင်လို့ အားမရပေမယ့် အချိန်ပေးဖို့ မဖြစ်နိုင်တော့ ၊ အဆင်ပြေသလိုပဲ အဆုံးသတ် လိုက်ရတော့တယ် ။ တဖက်လှည့်နဲ့ ဂုဏ်ဖေါ်တယ်လည်း မထင်ပါနဲ့ ၊ တကယ်ကို အားမရတာပါ :-)

    ပို့စ် တင်ပြီးမှတောင် သတိရမိတာက လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်က ရှိမလားပဲ ၊ ဧရာဝတီမြစ်ရဲ့အောက်မှာ ကမ္ဘာ့အကြီးဆုံး တွေထဲမှာပါတဲ့ ရေကြောကြီး ရှိနေတယ်ဆိုပြီး သိခဲ့ရရာက နောက်ပိုင်းမှာ တဖြည်းဖြည်း သေးလာနည်းလာတယ်လို့ သိလာရပြန်တယ် ။ အဲဒီတွေတုန်းက စိတ်ထဲမကောင်းသလိုသာ ခံစားရပေမယ့် ခုမှပြန်တွေးကြည့်တော့ မြစ်နဲ့ပတ်သက်တဲ့ ပြဿနာက အတော်ကြာကြာကတည်းက ဖြစ်လာနေခဲ့တာကိုးလို့ ကောက်ချက်ချမိတယ် ။

    ဆက်စပ်ပြီးတော့လည်း သစ်တောတွေပြုန်းလို့ ၁၉၈၉ မှာလားပဲ ၊ မန်းချောင်းရေလျှံပြီး ဘုရားဖူးတွေ အတော် သေကြရသေးတယ်ဆိုတာ သတိရမိတယ် ။ နောက်ပြီး ကျောင်းတော်ရာကမ်းခြေမှာ နှစ်တိုင်းတက်လာတတ်တဲ့ လူတစ်ကိုယ်စာလောက်ရှိတဲ့ ငါးကြီးတွေကော ပျောက်သွားမှာလားလို့ တွေးမိသေးတယ် ။ ရေစီးရေလာ ဓမ္မတာ မဟုတ်တော့ရင် သဘာဝစက်ဝန်းတွေလည်း ထိုခိုက်မှာတော့ သေချာပါတယ်ဗျာ ။

    ReplyDelete