တော်လှန်ရေးဆိုတဲ့စကားလုံးကို လက်ရှောင်နေခဲ့တာ အတော်ကြာနေပါပြီ ။
ကိုယ်တိုင် တော်လှန်ရေးသမားတစ်ယောက်မဟုတ်သလို ခံလည်းမခံယူထားလေတော့ နှစ် ၂၀ ၊
၆၀ စသည်ဖြင့် လုပ်လာခဲ့ကြသူတွေကို ငြိုငြင်အောင်လုပ်မိသလို ဖြစ်မှာစိုးပါတယ် ။ သာရာမှာနေပြီး
ဖောက်ပြန်ရေးစကားတွေ ပြောနေတယ်တို့ ၊ ဘက်လိုက်တယ်ဆိုပြီး စွပ်စွဲဖို့ အသင့်ဖြစ်နေကြသူတွေ
အတွက် အကြောင်းပြချက်တစ်ခု ထပ်ပေးသလိုဖြစ်နေမှာလည်း ထည့်တွက်နေခဲ့ရပါတယ် ။ ဒါကြောင့်
ရူးချင်ယောင်ဆောင်ပြီး ဟိုဟိုသည်သည်လှည့်နေခဲ့တာလို့ ပြောရင်လည်း ရမှာပါပဲ ။
ဒါပေမယ့် “မပြောမပြီး မထုမကွဲ” ဆိုတဲ့စကားလိုပဲ ၊ ပြောတာက ပိုအကျိုးရှိမလားဆိုပြီး ပြောကြည့်
တဖက်မှာလည်း သူများတွေကို ဟိုဟာဒီဟာကလေး လုပ်လိုက်ပါလားတို့ ၊ ဒီလို ဟိုလိုလုပ်သင့်တယ်
ဆိုတာမျိုးတွေကို လျှော့ပြီးရေးဖို့ လိုမှာတော့သေချာတယ် ။ ဒါမှ အားလုံးနီးပါး နားဝင်ချိုကြမှာကိုး ။ ဒါ
ပေမယ့် လိုရင်းရောက်ဖို့ ၊ အကျိုးဖြစ်ဖို့ဆိုရင် ဒါတွေက မဖြစ်နိုင်သလောက် အနေအထားမှာ ရှိနေပြန်
တယ် ။
ဒီတော့ကာ ကျနော်သာ တော်လှန်ရေးအဖွဲ့အစည်းတစ်ခုမှာ အရေးပါအရာရောက်သူတစ်ယောက်
ဖြစ်နေမယ်ဆိုရင် ၊ လုပ်ချင်တဲ့ လုပ်သင့်တယ်လို့ထင်တဲ့ လုပ်ရမယ်လို့ယူဆတဲ့ အရာတွေကို ရသ
လောက် လက်တန်းချရေးကြည့်မယ်ဗျာ ။
* နိုင်ငံရေး
မြန်မာပြည်အတိုင်းအတာနဲ့ “တော်လှန်ရေး”တွေ “ဆော်ပြန်သလေး” လုပ်လာခဲ့ကြတာလဲ ကမ္ဘာ့
သက်တမ်းအရှည်ကြာဆုံး စံချိန်တွေ တင်နိုင်ခဲ့ကြတာကလွဲရင် အကျိုးစီးပွားဖြစ်သူတွေဆိုလို့ အင်မ
တန်နည်းတယ်လို့ မြင်မိတယ် ။
ကျောက်တုံးကြီးနဲ့ ကျောက်တုံးအသေးတို့ သူမာတယ် ငါမာတယ်နဲ့ အပြိုင်ထုနေခဲ့လိုက်ကြတာ
အကြီးအကျယ်ကွဲတဲ့ဖက်နဲ့ လုံးပါးပါးတဲ့ဖက်လောက်ပဲကွာတယ် ၊ အတူတူနဲ့အနူနူ ကွဲကြေနေကြရ
တာတော့ သေချာတယ် ။ သူကတမတ် ငါကတမူးစာ ပိုရှူရတယ်ဆိုပြီး ပြိုင်ဆိုင်နေကြရတာလဲ မရိုး
နိုင် မငြီးငွေ့နိုင်ကြပေမယ့် ဘေးကကြည့်တဲ့ကိုယ်ကတော့ စိတ်သိပ်မရှည်လှတာ အမှန် ။
စစ်ရေးဆိုတာဟာ အရေးအင်မတန်ပါတာကိုတော့ ငြင်းမနေချင်ဘူး ။ ဒါပေမယ့် နိုင်ငံရေးဟာ ပဓါ
နလို့ ယုံကြည်တယ် ။ ဒီခေတ်ဒီအခါဟာ စစ်ဘုရင်ဆန်ဆန် တစ်ယောက်ကောင်းနဲ့ တစ်သောင်းဗိုလ်
ချေကို ညက်ညက်ကြေအောင် ကြိုးစားရမယ့်ခေတ်မဟုတ်တော့ပါ ။ နိုင်ငံရေးက ဦးဆောင်မှုနေရာမှာ
ရှိနေရတော့မယ် ။
ပြောမယ့်သာပြောရတယ် ၊ နဂါးမျက်စောင်းတွေကလည်း အများသား ။ ဒါပေမယ့် အဲဒီမျက်စောင်း
တွေကို မျက်ကွယ်မပြုရင်တော့ အာဏာရှင်တွေက ရာစုနှစ်နဲ့ချီပြီး နိုင်ငံကို ခေတ်နောက်ပြန်ဆွဲနေချိန်
မှာ ၊ ကိုယ်တွေက သူတို့အမြီးတောင် လိုက်ဆွဲလို့မမီပဲ ကျန်နေတဲ့အဖြစ်မျိုးနဲ့ ကြုံရမှာပဲ ။
* သတင်းကဏ္ဍ
သတင်းကဏ္ဍဟာ ဒီမိုကရေစီစနစ်မှာ စတုတ္ထမဏ္ဍိုင်လို့ဆိုတယ် ။
စာတွေထဲမှာလဲ သတင်းကဏ္ဍဟာ လူမှုအသိုင်းအဝိုင်းကို ရုပ်လုံးဖေါ်ပေးပြီး လူမှုအသိုင်းဝိုင်းရဲ့
အမြင်ကိုလည်း တည်ဆောက်လမ်းကြောင်းပေးတယ်လို့ ဆိုပြန်တယ် ။
တဖက်မှာကလည်း အာဏာယူထားသူတွေက ကိုယ့်ကျိုးစီးပွားနဲ့ ကိုယ်ယုံကြည်ချင်တာတွေကို
မီဒီယာသုံးပြီး ကိုယ့်ကိုယ်ကို အိပ်မွေ့ချသလို ထပ်ကာထပ်ကာရိုက်သွင်းဖို့ အသုံးချစရာကဏ္ဍလည်း
ဖြစ်နေပြန်တယ် ။
တော်လှန်ရေးသမားတွေ အားနည်းနေတာတွေထဲမှာ သတင်းကဏ္ဍဟာ ထိပ်ဆုံးကပါနေတယ်
လို့မြင်တယ် ။ “အခက်အခဲအတားအဆီးတွေ အများကြီးရှိတယ်” ဆိုတဲ့ဆင်ခြေကို ကျနော်ကတော့
မသုံးဘူးလို့ ခံယူထားတယ် ။ လူတွေကြားရောက်သင့်တဲ့ သတင်းတွေကို မရောက်ရောက်အောင်
နည်းမျိုးစုံနဲ့ ပို့ပေးမယ် ။ ရောက်ရုံမကဘူး ပလူပျံနေအောင်ကိုလုပ်မယ် ။ ဒါမှလည်း သတင်းမှိုင်းနဲ့
အညှို့ခံထားရသူတွေ ညှို့ဓါတ်ပြေအောင်လုပ်ပေးနိုင်မှာဖြစ်သလို အများပြည်သူက သိသင့်တာ
တွေကို သိနိုင်ကြမယ် ။
အမှန်တရားဟာ စွမ်းအားပဲ ။ ဒီစွမ်းအားဟာ တော်လှန်ရေးအတွက် ကြီးမားတဲ့အင်အားတစ်ရပ်
ဖြစ်စေရမယ် ။
ဒီခေတ်မှာ သတင်းကဏ္ဍထဲ အကုန်ကျနည်းနည်းနဲ့ လုပ်လို့ရတာတွေက အများကြီး ။ ဘလော့ဆို
ရင် အခမဲ့ ၊ ဝက်ဘ်ဆိုဒ်ဆိုလည်း ဈေးကနည်းနည်းလေး ၊ လူတစ်ယောက် မိတ္တူ ၁၀ စောင်စီ ကူးပေး
နိုင်အောင် စည်းရုံးနိုင်ရင်လည်း ဘာမှမကုန်ဘူး ။
ပါလက်စတိုင်းမှာ ကြည့်အုံးမလား ။ NGO တွေက ဗီဒီယိုကင်မရာ အလုံး ၅၀၀ ကို အခမဲ့ဝေပစ်လိုက်
တယ် ။ အစ္စရေးတွေ မဟုတ်တာလုပ်သမျှ မှတ်တမ်းတင်နိုင်အောင်လို့ပါ ။
ကျုပ်တို့ လုပ်ဖြစ်ဖို့သာလိုတာ ၊ ရိုက်ပြီးရင် တည်းဖြတ်ဖို့က program တွေ ပေါပေါလွန်းလို့မှ ပုံလို့ ။
အဲဒါကိုမှ ကြောင်တောင်တောင် လုပ်နေသေးတဲ့ လူငယ်တွေကို လမ်းနည်းနည်းကြောင်းပေးလိုက်
ရုံပဲ ။ ဥပမာ ရှေ့တန်းမှာ တိုက်ပွဲတွေကို ဗီဒီယိုရိုက်ရင် အနည်းဆုံးသတိထားစရာလေးတွေရှိတယ် ။
ဘယ်သူမှ အချိန်ကုန်ခံပြီး တော်လှန်ရေးသမားတွေ ဆဲနေကြတာ နားမထောင်ချင်ဘူး ၊ လမ်းချည်း
လျှောက်ပြနေတာ မကြည့်ချင်ဘူး ၊ ထမင်းစားပြနေတာ စိတ်မဝင်စားဘူး ။ အဲဒါမျိုးတွေကို သင့်တော်
သလို ဖြတ် ကပ် ညှပ်တတ်ရင် လက်ဘနွန်က သတင်းကဏ္ဍကို အပိုင်ကိုင်နိုင်တဲ့ ဟစ်ဇ်ဘိုလာတွေလို
လူလည်ကျလိမ်နေစရာ မလိုဘူး ။
* အုပ်ချုပ်ရေး
ကျနော်တို့ တော်လှန်ရေးသမားတွေကို “သူပုန်” တွေလို့ပဲ အလွယ်ခေါ်ကြည့်ရအောင် ။
(သူပုန်ဆိုလို့ သောင်းကျန်းသူနဲ့ သူပုန်ဆိုတဲ့စကားလုံးကိုတောင် အဓိပ္ပါယ်မကွဲတဲ့ ဗမာစာ မကျွမ်း
ကျင်သူတွေကိုတော့ နောင်မှရှင်းပါမယ်) ။
သူပုန်ဆိုတာဟာ အင်အားကြီးရင် ၊ စိုးမိုးတဲ့နယ်မြေနဲ့ ဝင်ငွေလမ်းတွေရှိရင် အစိုးရဖြစ်တာပါပဲ ။
ဒါမှမဖြစ်သေးဘူးဆိုရင်လည်း အခါအခွင့်သင့်တဲ့အချိန်တွေကျ အစိုးရရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာ
တတ်တဲ့ သဘာဝလည်း ရှိတာမို့ .... ဘာလုပ်ရရင် ကောင်းမလဲ ....
ကျုပ်ကတော့ ကျုပ်အဖွဲ့စည်းကို စနစ်တကျဖွဲ့မယ် ။ အစိုးရဖြစ်လာဖို့ရှိမှတော့ အစိုးရတစ်ရပ်ရဲ့
လိုအပ်တဲ့ အင်္ဂါတွေပြည့်စုံအောင် ဖြည့်ဆည်း ဖွဲ့စည်းသွားမယ် ။ စနစ်တကျ အုပ်ချုပ်မယ် ။ ဒေသ
တိုးတက်ရေးနဲ့ လူတိုင်းလာပြီးအခြေချနေထိုင်ချင်လာအောင် ပြောင်းလဲပစ်မယ် ။ ဒီလိုလုပ်နိုင်ဖို့ နည်း
ဥပဒေမျိုးစုံကို ပြင်ဆင်လေ့လာရေးဆွဲဖို့ လုပ်ရမှာဖြစ်သလို ၊ ဝန်ထမ်းတွေအတွက် လုံလောက်တဲ့
လစာရိက္ခာနဲ့ အထောက်အပံ့တွေ ပေးနိုင်ဖို့ဟာလည်း အဓိကကျတဲ့ လုပ်စရာတစ်ချက်ပဲ ။
ဆက်ကြေးပဲခေါ်ခေါ် ဘာပဲခေါ်ခေါ် အခွန်အကောက်တွေ ကောက်တယ်ဆိုရင်လည်း အစိုးရတစ်
ရပ်ရဲ့ ဝန်ဆောင်မှုကဏ္ဍကို ပြန်ထည့်တွက်ရမယ် ။ အခွန်ဆောင်ပြည်သူတွေအတွက် ဘာလုပ်ပေးနိုင်
သလဲဆိုတာဟာ အစိုးရတစ်ရပ်အတွက် အရေးကြီးတဲ့ မှတ်ကျောက်တစ်ခုပဲ ။
* အရည်အသွေး
ကျုပ်တို့ရဲ့ တော်လှန်ရေးအဖွဲ့အစည်းထဲမှာ လက်နက်ကိုင်သူပဲဖြစ်ဖြစ် ၊ ကလောင်ကိုင်သူပဲဖြစ်ဖြစ်
ရှိသင့်တဲ့ အရည်အချင်း အရည်အသွေးတွေရှိလာအောင် လေ့ကျင့်ဖြည့်ဆည်းပေးမယ် ။ လူတိုင်းလို
လိုဟာ ဒေါင်ဒေါင်မြည်တဲ့ ကေဒါတွေအဖြစ်နဲ့ ကျစ်လျစ်တဲ့အဖွဲ့အစည်းတစ်ရပ်အနေနဲ့ သိက္ခာရှိရှိရပ်
တည်သွားနိုင်အောင် နည်းလမ်းရှာကြံသွားမယ် ။ ဒီလိုရှာကြံရာမှာလည်း အလွှာပေါင်းစုံလူတွေဆီက
ထွက်လာမယ့်စကားတွေကိုလည်း နားထောင်မယ် ။ ပြောဆိုအကြံပေးကြဖို့လဲ မေတ္တာရပ်ခံပြီး ဒီလို
လုပ်မှ အများအတွက် ကောင်းနိုင်မယ်ဆိုတာကို (ကျနော့်အိမ်မှာ ဘီယာထိုင်သောက်နေမယ့် အချိန်
တွေကိုလျှော့ပြီး) လိုရင်လိုသလို အိမ်ပေါက်စေ့လိုက်ပြောသင့်ရင်လဲ ပြောမယ် ။
လက်ရှိအနေထားမှာ ကရင်ပြည်နယ်စစ်ဆင်ရေးထဲ ပါမသွားရလေအောင် ငွေငါးသောင်း တစ်
သိန်းလောက် လာဟ်ထိုးရှောင်ရှားနေကြရတာတွေ ပြည်မစစ်တပ်ထဲမှာ ဖြစ်ပျက်နေကြပါတယ် ။
ကျုပ်ကတော့ ဒီလောက်နဲ့မတင်းတိမ်နိုင်ပါဘူး ။ အရည်အချင်းပြည့်ဝတဲ့ တော်လှန်ရေးသမားတွေနဲ့
ဖွဲ့စည်းထားတဲ့ ကျုပ်တို့အဖွဲ့စည်း ထိန်းချုပ်ထားရာကို သန်းနဲ့ကုဋေနဲ့ချီပြီး လာဟ်ထိုးရှောင်ရှား ကြရ
လောက်အောင် ဖြစ်စေချင်ပါတယ် ။ လုပ်လို့ရတယ်လို့လည်း ယုံကြည်တယ် ။
တဖက်မှာလည်း သာမန်လူတွေအတွက် အခွင့်အလမ်းတွေနဲ့ မက်လောက်စရာ ဒေသတစ်ခုအဖြစ်
ပြောင်းလဲပစ်ဖို့ လုပ်သွားပါမယ် ။
* စာပေနဲ့ ယဉ်ကျေးမှု
ကျနော့်အဖွဲ့စည်း စိုးမိုးထားတဲ့ နယ်မြေတဝှမ်းမှာ ၊ ပြည်မအာဏာပိုင်တွေက ကျောင်းတွေလာ
တည်မယ်ဆိုရင် အနှောင့်အယှက်မပေးတဲ့အပြင် အကူအညီတွေပါ ပေးမယ်လို့ဆုံးဖြတ်ထားတယ် ။
လူမျိုးစုငယ်တွေကို ဝါးမျိုချင်တာကြောင့်လို့ပြောပြော ၊ Burmese-nization လို့ပဲ ခေါ်ခေါ် ၊ နိုင်ငံသူ
နိုင်ငံသားတွေ တပြေးညီအခွင့်အရေးရနိုင်ဘို့ စေတနာနဲ့ လာဖွင့်တာပါလို့ ရွှေရွှေ (ရွှီးရွှီး) ၊ ဒါတွေက
လက်တွေ့အလုပ်ဖြစ်အောင်လုပ်ချင်တဲ့ ကျုပ်အတွက် အရေးမကြီးလှဘူး ။
ကျုပ်ကူညီမယ့် အစီအစဉ်ကတော့ - ကျောင်းဖြစ်မြောက်ရေး ၊ ဆရာဆရာမတွေ လုံခြုံရေးအပါ
အဝင် အဆင်ပြေချောမွေ့ကြစေရေးတွေ အားလုံးပါတာပေါ့ဗျာ ။ တဆက်ထဲမှာပဲ ကျုပ်တို့ဒေသခံ
တွေအတွက် အကျိုးရှိစေမယ့် ဒေသခံတိုင်းရင်းသားတွေရဲ့ စာပေတစ်ဘာသာနဲ့ လက်တွေ့ကျတဲ့
အသက်မွေးဝမ်းကျောင်း ဘာသာတစ်ရပ်ပါ သင်ရိုးညွှန်းတမ်းမှာ ထည့်သင်ပေးဖို့ မေတ္တာရပ်ခံမယ်
ဗျာ ။ ဒါတွေထည့်သွင်းပေးဖို့ ကျောင်းအတွက် အခက်အခဲရှိတယ်ဆိုရင်လည်း ငွေအား ၊ လူအား ၊
အကြံဥာဏ်အားတွေပါ ဝိုင်းပြီးပံ့ပိုးမယ်ဗျာ ။ ဒီကိစ္စဟာ ဖြစ်သင့်တဲ့ လုပ်သင့်တဲ့ကိစ္စ ၊ ဒေသခံတွေ
သာမက နိုင်ငံတစ်ခုလုံးကိုပါ ဆပွားအကျိုးရှိမယ့် အစီအစဉ်မို့လို့ ၊ စေတနာမှန်တယ်လို့ ကိုယ့်ကိုယ်
ကိုယုံကြည်ကြတဲ့ ပြည်မအာဏာပိုင်တွေနဲ့ ဗမာလူမျိုးတွေလည်း နှစ်သက်ထောက်ခံ သာဓုခေါ်ကြမှာ
အမှန်ပဲ ။ လုပ်ဖို့သာ အရေးကြီးတာပါ ။
* ဇာတိပြန် လုပ်အားပေးအစီအစဉ် (Going Home Program)
ခုဆိုရင် တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး တတိယနိုင်ငံကို အခြေသွားချခဲ့ကြသူ
တွေလည်း မနည်းတော့ဘူး ။ ပညာ ၊ ဥစ္စာ စသည်ဖြင့် အနည်းနဲ့အများ စုဆောင်းမိကြသူတွေရှိသလို
ယဉ်ကျေးမှုနဲ့ ဘာသာစကားဖက်အပိုင်းမှာလဲ လျော့နည်းဆုံးရှူံးမှုတွေက တန်ဖိုးမဖြတ်ကောင်းလောက်
အောင်ပဲ ။
တစ်ချိန်က လယ်ယာကိုင်းကျွန်း လုပ်ကိုင်ခဲ့ကြတဲ့ တိုင်းရင်းသားတွေရဲ့ အနွယ်ဝင်လူငယ်ကလေး
တွေ စပါးပင်ကိုတောင် ဘာပင်လဲလို့ မေးလာတာမျိုး ၊ ဘာသာစကား ဓလေ့ထုံးတမ်းတွေ မသိနိုင်
ကြတော့လို့ မိဘဆွေမျိုးအသိုင်းဝိုင်းတွေက ရင်နာနေရတာတွေမျိုး ၊ ဒုက္ခရောက် ကျန်ရစ်ခဲ့ကြတဲ့
သွေးချင်းတွေ ရှိနေကြသေးတယ်ဆိုတာ မေ့သွားကြတာမျိုးတွေကို မကြုံရလေအောင် ကိုယ်ထူကိုယ်
ထ အစီအစဉ်လေးတွေကို လုပ်ကိုင်ကြဖို့ ကျုပ်ဆော်သြမိမှာတော့ သေချာတယ် ။
ကိုယ့်လူတွေ ဒုက္ခရောက်နေခဲ့ကြတာကို ကိုယ်ထူကိုယ်ထ မကယ်နိုင်ကြပဲ ၊ အမြင်မတော်သူတွေ
က လာကူ လာကယ်ခဲ့ကြပြီးပါပြီ ။ ကိုယ့်ယဉ်ကျေးမှု ၊ ဓလေ့ထုံးစံနဲ့ ဘာသာစာပေတွေ မတိမ်ကော
အောင် သူတပါးတွေ လာကူညီတာကို ထပ်စောင့်နေကြအုံးရင်တော့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးချင်ကြ
သူ တိုင်းရင်းသားအချို့အတွက် ကိုယ်ရွေးတဲ့လမ်းနဲ့ ကိုယ်စိုက်တဲ့အပင်ရဲ့ အကျိုးအမြတ်အသီးအပွင့်
တွေကို မျက်ရည်လည်ရွှဲနဲ့ မြိန်မြိန်ကြီးစားကြရမှာကို မြင်ယောင်တယ် ။
(အချို့ လုပ်နေကြတာတော့ တွေ့မိပါတယ် ၊ ဒါပေမယ့် အင်မတန် နည်းပါးသေးတယ်လို့ မြင်ပါတယ်) ။
* ကွန်ယက် ၊ ရံပုံငွေ ၊ အသိပညာ ဝေဌဖလှယ်မှုနဲ့ စွန့်ဦးတီထွင် စီးပွားရှင်တွေ
နီးစပ်ရာ ၊ စိတ်တူရာ ၊ အဆင်သင့်ရာလူတွေ အစုဖွဲ့ ကွန်ယက်ဖွဲ့ပြီး မကြာမကြာ ရင်းနှီးအောင်
တွေ့ဆုံရင်း ၊ ရံပုံငွေတွေစုကောက် ၊ ဆွေးနွေးဖလှယ် လေ့လာသင်ယူကြဖို့ သိပ်မခက်လှတာမို့ ၊ ဒါ
တွေကို လည်း ပါးစပ်အမြှုပ်ထွက်ချင်ထွက် ပြောရတိုက်တွန်းရမှာကတော့ ကျနော့်အလုပ်လို့ ခံယူ
လုပ်ကိုင်မိမှာပဲ ။ ဒါ့ပြင် ကျနော်တို့တတွေ အားနည်းတဲ့ စီးပွားရေးလုပ်ငန်းတွေကို အားပေးနိုင်ဖို့
စီးပွားရေး တကယ်လုပ်နေသူတွေ ၊ စီးပွားပညာနောက်ခံရှိသူတွေနဲ့ စိတ်ပါဝင်စားသူတွေကို စုစည်း
တွေ့ဆုံ လုပ်ကိုင်နိုင်ကြအောင် မစီစဉ်ပေးနိုင်ရင်တောင် ထုံးစံအတိုင်း ဆော်သြဖို့ကတော့ လုပ်ရမှာ
ပဲ ။ ဒါဟာ သက်ဆိုင်ရာလူတွေအပေါ် မူတည်သလို ၊ ခေါင်းဆောင်တစ်ယောက်ရဲ့ လမ်းကြောင်းပေး
တဲ့အပေါ်မှာလည်း သက်ရောက်မှုတွေ အနည်းနဲ့အများ ရှိလာမယ်လို့ ယုံကြည်တယ် ။
* လူထုစည်းရုံးရေးနဲ့ မြို့ပြတိုက်ပွဲ
စည်းရုံးရေးဆိုတော့ ဒါဟာ စိတ်ပိုင်းဆိုင်ရာ သိမ်းသွင်းမှုဖြစ်တာကို သိကြမှာပါ ။ ဒါကြောင့် သေ
နတ်ပြပြီး လုပ်လို့မရသလို ၊ မြို့ပြတိုက်ပွဲဆိုလို့လည်း လက်နက်ပါမှဖြစ်တဲ့ကိစ္စ မဟုတ်ပြန်ပါဘူး ။
သူပုန်သူကန်ဆိုတာ ကြောက်စရာမဟုတ်ဖူးဆိုတာ လူများစုက လက်ခံလာရင် ပထမအဆင့်
အောင်မြင်တာလို့ ပြောနိုင်သလို ၊ ဘာကြောင့် ပုန်ကန်နေတယ်ဆိုတာကို ကွက်ကွက်ကွင်းကွင်း
သိကြအောင်လုပ်နိုင်ရင် နောက်တစ်ဆင့် အောင်မြင်တယ်လို့ ယူဆနိုင်ပါတယ် ။ ဒီကနေမှ သူပုန်
တွေဟာ လက်ရှိအုပ်စိုးနေတဲ့ အာဏာပိုင်အစိုးရထက် ကောင်းအောင်လုပ်နိုင်ပါတယ်ဆိုတာကို ယုံ
ကြည်လောက်အောင် သက်သေသာဓကတွေနဲ့ ပြနိုင်ပြီဆိုရင်တော့ ယေဘုယျအားဖြင့် ပွဲသိမ်းပြီလို့
ဆိုနိုင်ပါတယ် ။
ဒါတွေနဲ့ပတ်သက်ပြီး လုပ်သင့်တာတစ်ခု တွေးမိပါတယ် ။
နိုင်ငံရေး ၊ စစ်ရေး ၊ စီးပွားရေးတွေနဲ့ပတ်သက်လို့ ၊ ရေတို ရေရှည်စီမံကိန်းနဲ့ ပန်းတိုင်တွေကို
ချမှတ်ပြီး အမြန်ဆုံး စနစ်တကျ အကောင်အထည်ဖေါ်ဖို့ပါပဲ ။ စီမံကိန်းဆိုလို့ မ.ဆ.လခေတ်ကို အ
တုခိုးခိုင်းတာ မဟုတ်ပါ ။ ဒါတွေက ဘယ်ခေတ် ဘယ်နေရာ ဘယ်အဖွဲ့အစည်းမှာမဆို လုပ်သင့်တဲ့
ကိစ္စတွေပါ ။
* အထွေထွေ
သိထားတာတွေအပေါ်မူတည်ပြီး ရေးချင်ပြောချင်တာတွေလည်း ရှိပါသေးတယ် ။ ဒါပေမယ့်
အချို့ကိစ္စတွေကျပြန်တော့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်သလို ဖြစ်မှာစိုးတာကြောင့် အသေးစိတ်မပြောချင်
ပါဘူး ။ တခါ တော်လှန်ရေးလို့ဆိုရင် ကျုပ်တစ်ယောက်ထဲမှ ထောက်ပြတတ်တာ မဟုတ်ပါဘူး ။
လူဟောင်းလူသစ် လူကြီးလူငယ်အတော်များများမှာ သိထားတာ မြင်ထားတာတွေ အများကြီးရှိနေ
ကြပါတယ် ။ ပြောကြ ဆွေးနွေးဖလှယ်ကြဖို့လည်း အားပေးချင်တယ် ။
ကျနော့်အနေနဲ့ ယုံကြည်တာတစ်ခုရှိပါတယ် ။
အဲဒါကတော့ ဘယ်သူမှ မပြည့်စုံဘူး ဆိုတာပါပဲ ။
ကုန်ကုန်ပြောရင် ဒေါ်အောင်ဆန်းစုကြည်ကစပြီး တိုင်းရင်းသားတွေ အထွဋ်အမြတ်ထားတဲ့
ခေါင်းဆောင်ကြီးတွေကိုယ်တိုင် အပြစ်အနာအဆာတော့ ကိုယ်စီရှိကြတာပါပဲ ။ ဒီတော့ အသေး
အမွှားတွေကို လျစ်လျူရှုသင့်ရင် ရှုရသလို အများနဲ့သက်ဆိုင်လာလို့ အကျိုးယုတ်နိုင်တာတွေကို
လည်း အပြုသဘောနဲ့ ထောက်ပြဆွေးနွေး တင်ပြသွားသင့်ကြပါတယ် ။
ဒီလိုလုပ်တာဟာ မတရားလုပ်နေသူ အာဏာရှင်တွေကို ကိုယ်ရှိန်သတ်အောင် အဟန့်အတား
အဖြစ် သုံးနိုင်သလို ၊ အများသဘောနဲ့ညီမျှတဲ့ ခေါင်းဆောင်ကောင်းတွေအတွက်လည်း ကောင်း
သထက်ကောင်းအောင် လုပ်ကိုင်လျှောက်လှမ်းနိုင်စေဖို့ အကူညီတွေပါပဲ ။
* နိဂုံး
အပေါ်က ရေးသွားတာတွေထဲမှာ ကျနော်တို့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမအချို့ကို စိတ်ထိ
ခိုက်စေအောင် ၊ ဒေါသထွက်စေအောင် လုပ်မိသလို ရှိနိုင်ပါတယ် ။
ဒီတော့ ..... ဒီလိုမြင်ကြည့်ရအောင် ။
အကယ်၍များ လာမယ့်မနီးမဝေး အနာဂါတ်ကာလမှာ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ အခန်း
ကဏ္ဍ မှေးမှိန်လာခဲ့မယ်ဆိုရင်ကော ..... ဘယ်လိုဖြစ်လာနိုင်မလဲ ။
အရှိန်အဝါ မရှိတော့တဲ့ အဖွဲ့အစည်းနဲ့လူတွေကို လေးစားမှုတွေ နည်းပါးလာကြပြီး ၊ “အလကား
လူတွေပါ” လို့ “အားမနာပ” ပြောကြမယ့်သူတွေက အများစုဖြစ်လာကြပါလိမ့်မယ် ။
ကျနော်ကတော့ အဲဒီအချိန်အထိစောင့်ပြီး စိတ်မကောင်းမဖြစ်ချင်ပါဘူး ။
ခုကတည်းက သာသာနဲ့နာနာနှက်ပြီး အိပ်ငိုက်ကောင်း ငိုက်နေကြမယ့်သူတွေကို စူးကလေးနဲ့
တို့လိုက်တာက ပိုအကျိုးများမယ်လို့ ယုံကြည်တွန်းတိုက်လိုက်ပါတယ် ။
မန်းကိုကို
၁၈ ၊ ၀၉ ၊ ၂၀၁၁
(မှတ်ချက် - အချို့နေရာမှာ လုပ်သင့်တယ်လို့ မြင်သမျှကို အတွေးတိမ်တိမ်လေးလောက်နဲ့ လက်တန်း
ချရေးသွားတာပါ ။ လက်ရှိ ဘယ်သူမှမလုပ်ကြဘူးလို့ မဆိုလိုပါ) ။
တစ်မျိုးကြီးပဲဗျာ။ ကျွန်တော်တော့ဘာမှကောင်းကောင်းနားမလည်ပါဘူး။ သို့သော်လည်းပြည်တွင်းစစ်ဆိုတာ ဘယ်လောက်ထိဆိုးရွားတယ်ဆိုတာကိုတော့ နားလည်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ စစ်ဆိုတာကို အသံတောင်မကြားချင်ပါ။ ကိုမန်းကိုကိုတို့အနေနဲ့ ရချင်တာကို နိုင်ငံရေးနည်းသက်သက်နဲ့ ကြိုးစားလို့မဖြစ်နိုင်ဘူးလား။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော့မိဘများဟာ ကရင်ပြည်နယ်က ဗမာရွာလေးတစ်ရွာကနေပေါက်ဖွားလာကြသူတွေမို့ စစ်ပွဲတွေရဲ့ ဆိုးရွားတဲ့ သူတို့ရဲ့ အတွေ့အကြုံတွေကို အမြဲကြားဖူးနေခဲ့ရလို့ပါ။ စစ်ရယ်လို့ဖြစ်လာရင် ကြားထဲကမြေဇာပင်ဖြစ်ကြရတာ သာမာန်ပြည်သူတွေပါ။ အဘိုးအဘွားတွေကိုတွေ့ဖို့ မိဘတွေရဲ့ဇာတိမြေကို အလည်အပတ်မကြာခဏ သွားရောက်ဖြစ်ပါတယ်။ အခုချိန်ထိ သူတို့မှာအမဲ၊ အဝါ၊ အစိမ်းတွေကို ကြောက်နေရတုန်း။ ဆက်ကြေးဆိုတာကလည်း ခုထိရှိနေသေးတယ်နော်။ ဘာရည်ရွယ်ချက်တွေနဲ့ပဲတိုက်ကြတိုက်ကြ ခံကြရတာအပြစ်မဲ့ပြည်သူတွေပါ။ ဆရာမန်းရယ် နည်းနည်းလျှော့ပါ။ တိုက်ဖို့ခိုက်ဖို့အစား သံတမန်နည်းကိုသာ အထူးပြုပြီးလိုချင်တာကို ရအောင်ယူကြပါဗျာ။ ဆရာမန်းပြောခဲ့သလိုပဲကျောက်တုံးကြီးနဲ့ ကျောက်တုံးအသေးတို့ သူမာတယ် ငါမာတယ်နဲ့ အပြိုင်ထုနေခဲ့လိုက်ကြတာ
ReplyDeleteအကြီးအကျယ်ကွဲတဲ့ဖက်နဲ့ လုံးပါးပါးတဲ့ဖက်လောက်ပဲကွာတယ် ၊ အတူတူနဲ့အနူနူ ကွဲကြေနေကြရ
တာတော့ သေချာတယ် ။ သူကတမတ် ငါကတမူးစာ ပိုရှူရတယ်ဆိုပြီး ပြိုင်ဆိုင်နေကြရတာလဲ မရိုး
နိုင် မငြီးငွေ့နိုင်ကြပေမယ့် ဘေးကကြည့်တဲ့ကိုယ်ကတော့ စိတ်သိပ်မရှည်လှတာ အမှန် ။
စစ်ရေးဆိုတာဟာ အရေးအင်မတန်ပါတာကိုတော့ ငြင်းမနေချင်ဘူး ။ ဒါပေမယ့် နိုင်ငံရေးဟာ ပဓါ
နလို့ ယုံကြည်တယ် ။ ဒီခေတ်ဒီအခါဟာ စစ်ဘုရင်ဆန်ဆန် တစ်ယောက်ကောင်းနဲ့ တစ်သောင်းဗိုလ်
ချေကို ညက်ညက်ကြေအောင် ကြိုးစားရမယ့်ခေတ်မဟုတ်တော့ပါ ။ နိုင်ငံရေးက ဦးဆောင်မှုနေရာမှာ
ရှိနေရတော့မယ် ။ နိုင်ငံရေး အရသာအဓိကဖြစ်စေချင်ပါတယ်။ တိုက်ကြခိုက်ကြမယ်ဆိုလျှင် အချိန်တွေလည်းကြာလှပြီ ကျောက်တုန်းတွေလည်း ကွဲတာကွဲ လုံးပါးပါးတာကလည်းပါးနဲ့ဘာမှမထူးလာဘူး။ ထူးလာတာက ကျွန်တော်တို့နိုင်ငံသာ ကမ္ဘာမှာခေတ်နောက်ကျကျန်နေရစ်တာတစ်ခုပဲ။ စစ်ပွဲဆိုလျှင်တော့ မည်သည့်အကြောင်းကြောင့်ဖြစ်ပေါ်လာသော မည်သည့်စစ်ပွဲကိုမှ လက်မခံနိုင် သဘောမတူနိုင်ပါကြောင်း....
ဒီလိုလုပ်ငန်စဉ်းအတွက် ငွေရေးကြေးရေးကိုဘယ်သူထောက်ပံမှာလည် လုပ်ငန်စဉ်းအတွက်ဘယ်သူတွေ ကလုပ်မှာ လည် လူကြီးတွေ ကိုဘဲဆက်ခိုင်ဖိုအစီးအစဉ်းနဲ့ရေးတာလာ လူကြီးနေရာကိုအစားထိုးတာဝန်ယူဖိုမစဉ်းစားကြတောဘူးလာ ဆက်ခိုင်ဖိုဘဲစဉ်းစားပြီးခိုင်လိုအစဉ်မပြေရင်ဝေဖန် တွေနဲ့ခရီးသွာတောမှာလာ တော်လှန်ရေးလမ်းစဉ်းတွေ ကိုပြန်ကြည့်ပါ ဘာတွေပါသလဲလို တော်လှန်ရေးကိုပြန်ကြည်ပါဘယ်သူတွေလုပ်နေသလဲလို လူကြီးတွေ ကလမ်းစဉ်းတွေချပေးထာပြီးဒါပေမဲ့လိုက်လုပ်မယ်လူငယ်တွေ ကဘယ်ရောက်နေသလဲ စာရေးသူပိုသိမယ်လိုကျနော်ထင်တယ်
ReplyDelete@ soemoe
ReplyDeleteကိုစိုးမိုးအနေနဲ့ စိတ်ထဲမှာ ဇဝေဇဝါ ဖြစ်နေနိုင်တာ နားလည်ပေးလို့ ရပါတယ် ။ စစ်ရဲ့ အနိဌာရုံတွေကို မမြင်ချင် မတွေ့မသိချင်တာဟာလည်း သဘာဝကျပါတယ် ။ တဆက်ထဲမှာပဲ ဒါတွေကို ရပ်ဖို့မလွယ်ဖူးလားဆိုရင် သိပ်လွယ်ပါတယ်လို့ ပြောလို့ရသလို ၊ အတော်ခက်တယ်လို့လည်း ပြောလို့ရနိုင်ပြန်ပါတယ် ။
ပထမတစ်ချက် ပြောရမှာက ကိုစိုးမိုးက နည်းနည်းလျှော့ပါ ဆိုလို့ပါ :-)
ကျနော့်မှာ လျှော့စရာ မရှိတော့ပါဘူးဗျာ ၊ အကြွားသန်တဲ့ ခလောက်နို့သား သူ့ဒူးရင်းသီး အရွယ်အစားပြသလို ပြောရရင် “လျှော့လို့မရတော့ဘူးကွ ဆူးခံနေပြီ” ဆိုပြီး ပြောရတော့မယ်ထင်တယ် :-)
ဘာလို့လည်းဆိုတော့ ကျနော်ဟာ တော်လှန်ရေးသမားတစ်ယောက် မဟုတ်သလို ၊ ခံလည်းမခံယူထားဘူးလို့ ပြောထားခဲ့သလိုပါပဲ ၊ ကျနော်ဟာ သာမန်ပြည်သူ တစ်ယောက်သာဖြစ်ပြီး မြင်တာတွေကို ထုတ်ဖေါ်ပြောရုံ ပြောနေတဲ့ လူတစ်ယောက်မို့ပါ ။
အချို့စာတွေမှာ ကိုစိုးမိုး ဖတ်ဖူးမှာပါ ။ “ငြိမ်းချမ်းရေးကို လိုချင်လို့ စစ်ကိုတိုက်ရတာပါ” ဆိုတာကိုပါ ။ အဲဒီစကားဟာလည်း တစ်ဝက်ပဲမှန်တယ်လို့ မြင်မိတယ် ။
ဆိုကြပါစို့ ၊ အခုပြည်တွင်းစစ်ကို ရပ်ချင်တယ် ၊ ဘယ်လိုလုပ်ရမလဲလို့ မေးလာရင် အလွယ်ဆုံးအဖြေကတော့ “စစ်ဆင်ရေးတွေ ရပ်လိုက်ပါ” ပါပဲ ။ ဟုတ်တယ်လေ ၊ တိုင်းရင်းသားတပ်တွေ ပြည်မတပ်ကို သွားသွားတိုက်တယ်လို့ မကြားမိပါဘူး ။ အနည်းဆုံးတော့ ပြည်မတပ်တွေ ရှေ့တိုးတိုးပြီး စခန်းတွေဆောက်လို့ နယ်မြေတိုးချဲ့လို့ ဖြစ်ကြရတာပါ ။
တဖက်ကကြည့်ပြန်ရင် လက်ခုပ်နှစ်ဖက်တီးမှ အသံမြည်တယ်လို့ ဆိုကြပြန်တယ် ။ ဒါပေမယ့် မြင်နေရတာကတော့ “တူနဲ့ ပေ” လို သွားဆင်နေပါတယ် ။ “တူ”ကနေ သွားသွားထုနေတာပါ ။ “ပေ”ကခံနေလို့ သွားထုရတာပါ ဆိုရင်တော့ မပြောတတ်တော့ပါဘူး :-)
ပြီးရင် ကိုစိုးမိုးပြောတဲ့ “သံတမန်နည်း”ကတော့ ကျနော်လည်း ကြိုက်ပါတယ် ။ ပြဿနာက ပြည်မဖက်က “ဆွေးနွေးညှိနှိုင်း” ဆိုတဲ့ စကားလုံးအစား “အမြစ်ပြတ်ချေမှုန်း” ဆိုတာတစ်ခုထဲ နားလည်နေတာကြောင့်ပါပဲ ။
ကျနော်သိသမျှ ဆွေးနွေးမှုတွေဖြစ်ခဲ့တာ အကြိမ်ကြိမ်ပါပဲ ။
ပထမဆုံး အခက်အခဲကတော့ ပြည်မအာဏာပိုင်တွေက တတိယနိုင်ငံမှာ ဆွေးနွေးမယ်ဆိုတာမျိုးကို ဘယ်တုံးကမှ လက်မခံတာပါ ။ ဒုတိယအချက်ကတော့ “ဆွေးနွေးချင်ရင် လာခဲ့ ၊ ငါတို့ မင်းတို့ဆီတော့ မသွားနိုင်ဘူး” ဆိုတဲ အထာပါ ။ တတိယတစ်ခုကတော့ ဆွေးနွေးပွဲတစ်ခု စလိုက်ပြီဆိုရင် အပစ်ခဏရပ်ထားဖို့နဲ့ ကိုယ်စားလှယ်တွေကို အန္တရယ်မပြုပါဘူး ဆိုတဲ့နှစ်ချက်ကလွဲရင် ဘာမှဆက်မလျှော့တတ်တာပါပဲ ။ နောက်ဆုံးတစ်ချက်ကတော့ ဟိုး ၁၉၄၉ လောက်ကတည်းက တစ်စိုက်မတ်မတ် ပြောလာခဲ့တဲ့ “မင်းတို့အားလုံး အကြွင်းမဲ့လက်နက်ချကြ” လို့အဓိပ္ပါယ်ရတဲ့ စကားမျိုးကို လက်ကိုင်ထားပြီး အသုံးနှုန်းအမျိုးမျိုးနဲ့ လှည့်ပတ်ပြောနေ သုံးနေတဲ့အချက်ပါပဲ ။ အသေးစိတ်တွေကလည်း အများကြီးပါ ။
ဒါတွေကိုကြည့်ရင် အင်အားကြီးသူ ၊ အသာစီးရနေသူတွေ ဘယ်လိုဆက်ဆံတတ်သလဲဆိုတာ နားလည်လို့ရသလို အချို့လူတွေ အဖို့မှာလည်း ရွေးစရာလမ်းမရှိဘူးဆိုတာ ကိုစိုးမိုး နည်းနည်းပိုမြင်လာကောင်း မြင်လာမယ်လို့ ထင်မိပါတယ် ။
ဒါတွေပြောလို့ ကျနော်နဲ့ ကိုစိုးမိုးတို့ အမြင်ကွဲတယ်လို့တော့ အဓိပ္ပါယ် မထွက်ပါဘူး ။ အားလုံးကို အကောင်းဆုံး ဖြစ်စေချင်ကြတဲ့နေရာမှာ ပန်းတိုင်က တစ်ခုထဲပါ ၊ ကိုယ်ပိုင်အခြေအနေတွေအရ သိတာ နားလည်တာ လုပ်ပုံလုပ်နည်းတွေ ကွာခြားနေရုံလေးပါ ။ ခုနေတော့ အားလုံး အဆင်ပြေမယ့် အနေအထားတစ်ခုကို အမြန်ရောက်ဖို့ ဆုတောင်းရုံသာ တတ်နိုင်ဦးမှာပါ ။
@ phamawklo
ReplyDeleteမေးခွန်းအများစုကတော့ မေးသင့်တဲ့ မေးခွန်းတွေပဲလို့ စာရေးသူအနေနဲ့ ယူဆပါတယ် ။ တစ်ခုရှိတာကတော့ မှတ်ချက်ထဲမှာ လူငယ်တွေ တာဝန်မကြေကြဖူးလို့ ပြောချင်တယ်လို့လဲ နားလည်မိတယ် ။
မေးခွန်းအချို့ကိုကြည့်ရင် - ပထမအနေနဲ့ ငွေရေးကြေးရေးနဲ့ ပတ်သက်လို့ တော်လှန်ရေး အဖွဲ့အစည်း အတော်များများမှာ နကိုကတည်းက ဝင်ငွေလမ်းတွေ ရှိထားပြီးသားပါ ။ ဒါပေမယ့် အထူးသဖြင့် လူ့အရင်းအမြစ်ကို အခြေခံတဲ့ ဝင်ငွေလမ်းတွေကို ထိထိရောက်ရောက် အသုံးမချနိုင်သေးဘူးလို့ မြင်မိတယ် ။
ဒုတိယအနေနဲ့ ဘယ်လူမှုအသိုင်းအဝိုင်းမှာမဆို လူကြီးနဲ့ လူငယ်တွေအကြား ကွဲလွဲတတ်တာတွေ ရှိတတ်ပါတယ် ။ လူကြီးတွေမှာ အတွေ့အကြုံနဲ့ ဆင်ခြင်တွေးတောနိုင်စွမ်းတွေ ရှိကြသလို ၊ လူငယ်တွေမှာလည်း ဖြတ်လတ်တက်ကြွတဲ့ လုပ်ရည်ကိုင်ရည်နဲ့ လုပ်ကိုင်သမျှ အောင်မြင်ချင်ကြတဲ့ ဆန္ဒတွေ ကိုယ်စီနဲ့ပါ ။ သူတို့ကြားမှာ လွဲချော် လိုအပ်နေတတ်တာက “ဆက်သွယ်ရေး တနည်းအားဖြင့် ကူးလူး လက်ဆင့်ကမ်းရေး” အပိုင်း ဖြစ်နေတတ်ပါတယ် ။
ဆက်သွယ်ရေးမှာ ချွတ်ချော်မှုတွေရှိနေရင် - လူကြီးတွေက “ငါတို့ကို သေတဲ့အထိ ခိုင်းနေကြတော့မှာလား” လို့ မြင်ကောင်း မြင်တတ်သလို ၊ လူငယ်တွေမှာလည်း “ဒီလူကြီးတွေ ထိုင်ခုံကနေ ဖယ်မပေးချင်ဘူး” လို့ ထင်တတ်ကြပြန်ပါတယ် ။ ဒီတော့ ထိတွေ့ဆက်ဆံ ၊ ဖလှယ်လက်ဆင့်ကမ်း ၊ ချိန်ညှိတိုင်ပင်နိုင်ကြပါမှ ကွာဟတာတွေကို စေ့စပ်နိုင်ကြမှာပါ ။
နောက်ဆုံး တစ်ချက်ကတော့ - တော်လှန်ရေး အတော်များများမှာ မူလလမ်းစဉ်တွေကနေ လိုအပ်ရင်လိုအပ်သလို ပြုပြင်ပြောင်းလဲ လာခဲ့ကြတယ်လို့ နားလည်ရပါတယ် ။ အားကြိုးမာန်တက် အစဉ်အဆက် လုပ်လာခဲ့ကြသူတွေ ရှိသလို ၊ အားလျော့ အလျှော့ပေး ကျောခိုင်းသွားသူတွေလည်း မရှားပါ ။ ဘယ်လိုတွေပဲဖြစ်ဖြစ် ဝေဖန်ထောက်ပြ အကြံပေးဆွေးနွေးတာတွေဟာ မရှိမဖြစ် လိုတယ်လို့တော့ မြင်ပါတယ် ။ အပြစ်တင် ရှုတ်ချ ချောက်တွန်း ကဖျက်ကယက် လုပ်တဲ့အဆင့်မျိုး မရောက်မချင်း လက်ခံကြိုဆိုနိုင်ပါမှ ဘယ်လိုအဖွဲ့အစည်းမဆို အကောင်းဖက် ဦးတည်မှာပါ ။
လိုရင်းချုပ်ရရင်တော့ သဘောထားကြီးပြီး “လေ”ကော “လက်တွေ့”ပါ ပါနိုင်ကြဖို့ပါပဲလို့ ပြောချင်ပါတယ် ။
----------------------------------
စကားမစပ် phamawklo ဘလော့မှာကြည့်တော့ ၊ စုတင်ထားတာတွေဟာ တန်ဖိုးရှိတာ များတယ်လို့ မြင်ပါတယ် ။ လင့်လဲ ချိတ်ထားပါဦးမယ် ။ စာရေးသူအနေနဲ့လဲ တိုင်းရင်းသားတွေထဲမှာ အဲဒီလိုလုပ်သူ များများပေါ်လာစေဖို့ စိတ်ဆန္ဒ ရှိပါတယ် ။ အောင်မြင်ပါစေ ။