ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Monday, August 15, 2011

S.W.O.T လုပ်မလား ၊ P.E.S.T လုပ်မလား



   S.W.O.T နဲ့ P.E.S.T ဟာ စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ရာမှာ အင်မတန်အသုံးဝင်တဲ့ ကရိယာ
တွေလို့ ခေါ်ဆိုနိုင်ပါတယ် ။ ဒါပေမဲ့ ကိုယ့်ဖာသာကိုယ် လုပ်ကိုင်လေ့လာ အောင်မြင်မှုရှိလာတဲ့ စီးပွား
ရေးသမားတွေအတွက်တော့ အကျုံးမဝင်ဘူးလို့ ထင်ချင်စရာ ရှိနိုင်ပါတယ် ။ အမှန်ကတော့ သူတို့
တွေလည်း သုံးတာပါပဲ ။ စနစ်တကျလေ့လာလို့ရအောင် ပညာရှင်အချို့က နာမည်တပ်ပြီး စုစည်း
ပေးလိုက်လို့ “သင်ညာ” ရှာဖွေသူတွေအတွက် အသုံးချစရာ ကရိယာတွေရယ်လို့ သတ်သတ်မှတ်
မှတ်ဖြစ်ပြီး ကျောင်းတွေမှာ သင်ကြားလာကြတာပါပဲ ။

   ယေဘုယျပြောရင်တော့ P.E.S.T ဟာ ထုထည်ကြီးကြီးမားမားဖြစ်တဲ့ကိစ္စရပ်မျိုးတွေ - ဥပမာ ဒေ
သတစ်ခုရဲ့ ဈေးကွက်တစ်ခုကို ထိုးဖေါက်ရာမှာ တိုင်းတာသုံးသပ်ဖို့ရာ အသုံးပြုရတတ်ပါတယ် ။

   S.W.O.T ကျပြန်တော့ နေရာတိုင်းလိုလိုမှာ ဆုံးဖြတ်ချက်ချဖို့ရာ အသုံးချလို့ရနိုင်ပြီး ဥပမာ - စီး
ပွားရေးလုပ်ငန်း အစိတ်အပိုင်းတစ်ခု ၊ အဆိုပြုချက် စိတ်ကူးစိတ်သန်းတစ်ခုကို တိုင်းတာသုံးသပ်
ရာမှာ သုံးနိုင်ပါတယ် ။

ပထမ P.E.S.T ကို မွှေကြည့်ရအောင် ။

   ဒီသုံးသပ်ဆန်းစစ်မှုလုပ်ငန်းစဉ်ဟာ စီးပွားရေးလုပ်ငန်းတစ်ခု သို့မဟုတ် အဖွဲ့အစည်းတစ်ခုရဲ့ ဦး
တည်ချက်နဲ့ မူဝါဒတွေအပေါ် သက်ဆိုင်ရာနေရာဒေသရဲ့ သက်ရောက်မှုတွေကို ပထမ စုစည်းဖေါ်
ထုတ်ပါတယ် ။ ပြီးတော့ အားသာချက် အားနည်းချက်တွေကို ချိန်ထိုးပြီး ရှေ့လုပ်ငန်းစဉ်နဲ့ ဆုံးဖြတ်
ချက်တွေ ချမှတ်နိုင်ဖို့ရာမှာ အသုံးပြုတယ်လို့ ဆိုနိုင်ပါတယ် ။

   ဒီနည်းမှာ သံတူကြောင်းကွဲတွေ ရှိနေပေမယ့် အသုံးများမယ့် ပုံစံတစ်ခုကိုပဲ ရွေးထုတ်ထားပါတယ် ။
အဲဒါကတော့ P.E.S.T.L.E analysis ပါပဲ ။ စပြောတုန်းကတော့ (၄) လုံးထဲပါပေမဲ့ ၊ ခုတော့ “L” နဲ့
“E” နှစ်လုံး ပိုလာပါတယ် ။ အမှန်တော့ အရင်က “၄ လုံးပဲရှိခဲ့ပေမယ့် ၊ ခေတ်တွေပြောင်းလာလို့ ပို
ကျယ်ပြန့်လာတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၊ ကျင့်ဝတ် ၊ နိုင်ငံတကာ သဘောတူညီချက်နဲ့
ဥပဒေ စတာတွေကြောင့် နောက်က စာနှစ်လုံးထပ်တိုးလာခဲ့တာ ဖြစ်ပါတယ် ။

   ပုံပမာပြရရင်တော့ အောက်ကအတိုင်းပါပဲ ။ တဆက်ထဲမှာပဲ သက်ဆိုင်တဲ့ အကြောင်းအချက်လေး
တချို့ကိုလည်း စာရင်းအကျဉ်း ထည့်ပေးထားပါတယ် ။



* Political (နိုင်ငံရေး)   - သက်ဆိုင်ရာဒေသက အုပ်ချုပ်နေတဲ့အစိုးရ ၊ အခွန် ၊ အုပ်ချုပ်ရေးနဲ့ အခြား
                                  မူဝါဒတွေ ၊
* Economy (စီးပွားရေး)- ဘဏ်တိုးနှုန်း ၊ ငွေဖောင်းပွမှုနှုန်း ၊ အလုပ်လက်မဲ့ အခြေအနေ ၊ ဝင်ငွေ ၊ စီး
                                  ပွားရေးစက်ဝန်း ၊ ကြွေးမြီပမာဏနဲ့ စီးပွားရေးမူဝါဒတွေ ၊
*  Social (လူမှုရေး)     - ဒေသတွင်း လူဦးရေအနေအထား ၊ လူနေမှုစနစ် ၊ ပညာရေး ၊ လူမှုရေး သ
                                  ဘောသဘာဝနဲ့ ဦးတည်ရာ ၊ ဝင်ငွေအချိုးအစား ၊
*  Technology (စက်မှုနည်းပညာ) - နည်းပညာအသစ် ရှာဖွေတီထွင်မှု ၊ တွေ့ရှိမှုနှင့်လွဲပြောင်းပေးမှု ၊
                                  ကုန်ပစ္စည်းသစ် ဖွံ့ဖြိုးထုတ်လုပ်မှု ၊ မူပိုင်ခွင့် ၊ စက်မှုနည်းပညာများ ရရှိသုံးစွဲ
                                  နိုင်တဲ့ အခွင့်အလမ်းတွေ ၊
*  Legal (ဥပဒေ)        - လုပ်ငန်းခွင်ဆိုင်ရာ ၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ ၊ အဖွဲ့အစည်းဆိုင်ရာ ၊ ကျန်း
                                  မာရေးဆိုင်ရာ ၊ လူမှုဆက်ဆံရေးဆိုင်ရာနဲ့ အခြားသော အာမခံ အကာအ
                                  ကွယ်ပေးမှုဆိုင်ရာ ဥပဒေတွေ ၊
*  Environment (သဘာဝပတ်ဝန်းကျင်) – သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှု ၊ စွမ်း
                                  အင်သုံးစွဲမှု ၊ ရာသီဥတုပြောင်းလဲမှု ၊ ဓါတ်သတ္တုအညစ်အကြေးတွေနဲ့ ပတ်
                                  သက်တဲ့  ကန့်သတ်ကိုင်တွယ်မှု ၊ နည်းပညာ လုပ်ကိုင်ပုံစနစ်နဲ့ပတ်သက်တဲ့
                                  ဥပဒေတွေ - စတာတို့ ဖြစ်ပါတယ် ။
   သုံးသပ်မှုလုပ်ချင်တဲ့ အလုပ်တစ်ခုအတွက် (ဥပမာ - မြန်မာပြည်ကို အိတ်ဆောင် ကွန်ပြူတာတစ်
မျိုး တင်သွင်းမယ်ဆိုတဲ့ ရည်ရွယ်ချက် ဆိုပါစို့ ) အချက်အလက်တွေရှာ ၊ သက်ဆိုင်ရာအကွက်တွေမှာ
ဖြည့်သွင်းရပါမယ် ။

   အဲဒီအချက်တွေအပေါ်မူတည်ပြီးတော့မှ ဒေသအဆင့် ၊ နိုင်ငံတွင်းအဆင့်နဲ့ နိုင်ငံတကာအဆင့်တွေ
မှာ သုံးသပ်မှုလုပ်ချင်တဲ့ စီးပွားရေးအဖွဲ့အစည်းရဲ့ အနေအထားကို အားသာချက်နဲ့ အားနည်းချက်တွေ
ယှဉ်ကြည့်ခြင်းအားဖြင့် ဆုံးဖြတ်ချက်တွေချနိုင်ဖို့ရာ ညွှန်းဆိုချက်လေးတွေ ရလာမှာဖြစ်ပါတယ် ။ ဒေ
တစ်ခု ၊ နိုင်ငံတစ်ခုကိုဝင်ပြီး စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု တွေလုပ်တဲ့အခါမျိုးမှာ အံဝင်မဝင် သုံးသပ်ဖို့
အလွန်အသုံးဝင်တဲ့ ကရိယာစနစ်တစ်ခု ဖြစ်ပါတယ် ။

ဆက်ပြီးတော့ S.W.O.T ဆိုတာကို ကြည့်ရအောင် ။

   “လုပ်ငန်းတစ်ခု ၊ စီမံကိန်းတစ်ခု စတာတွေမှာ ရှိနေတဲ့ အားသာချက် ၊ အားနည်းချက် ၊ အခွင့်အ
လမ်းနဲ့ အန္တရာယ်တွေကို တန်ဖိုးဖြတ်ဖို့အသုံးပြုတဲ့ မဟာဗျူဟာကျ စီမံမှုနည်းလမ်းတစ်မျိုး ” လို့ အ
ကြမ်းဖြင်း ထပ်ပြီးအဓိပ္ပါယ်ထပ်ချဲ့လို့ ရနိုင်ပါလိမ့်မယ် ။

   ဒီလိုလုပ်ရာမှာ ဦးတည်ချက်တစ်ရပ်ရဲ့ အတွင်းအပြင်မှာ ရှိနေကြတဲ့ အချက်အလက်တွေကို ဖေါ်
ထုတ်ပြီး ၊ ဆက်လုပ်ဖို့ အလားအလာကောင်းမကောင်းကို သုံးသပ်ပြီး ဆုံးဖြတ်ချက်ချဖို့ အထောက်
အကူလမ်းညွှန်မှုတွေအဖြစ် သုံးတာဖြစ်ပါတယ် ။ သတိပြုစရာတစ်ခုကတော့ S.W.O.T နည်းလမ်း
ဟာ စီးပွားရေးတစ်မျိုးထဲမှာသာ အသုံးပြုတာမဟုတ်ပဲ အခြားအဖွဲ့အစည်းအမျိုးအမျိုး ၊ လူမှုရေးသိပ္ပံ
ဘာသာရပ်နဲ့ လူတစ်ဦးစီရဲ့ ဘဝအစိတ်အပိုင်းတွေအတွက် ဆုံးဖြတ်ချက်ချရာတွေမှာလည်း ကျယ်
ကျယ်ပြန့်ပြန့် အသုံးပြုနေကြတာပါပဲ ။

   အသေးစိတ် ပုံပမာနဲ့ပြရရင် -

*  Strength (အားသာချက်)     - ကုန်ပစ္စည်းတစ်ခုရဲ့ အရည်အသွေးကောင်းမှု ၊ လူသိများမှု ၊ ဈေး
                                             ကွက်မှာ အခိုင်အမာ နေရာယူထားနိုင်မှုတွေဟာ အားသာချက်
                                             အဖြစ် မှတ်ယူနိုင်ပါတယ် ။
*  Weakness (အားနည်းချက်) - ကုန်ပစ္စည်းတစ်ခုကို ဘက်စုံအပြည့်အဝ မဖြန့်ဖြူးနိုင်ဘူး ၊ အရောင်း
                                            ဌာနက အလုပ်ရောင်းအားမရှိ ဖြစ်နေတယ်ဆိုရင် ဒါကို အားနည်း
                                            ချက်လို့ သဘောထားနိုင်ပါတယ် ။
*  Opportunity (အခွင့်အလမ်း)- ကုန်ပစ္စည်းတစ်မျိုး ဝင်ရောက်ရောင်းချမှုမလုပ်ရသေးတဲ့ ဈေးကွက်
                                            နဲ့ ကိုယ့်ကုန်ပစ္စည်းကို ရင်းနှီးမြှုပ်နှံသူတွေက စိတ်ဝင်စားမှုများတာ
                                            တွေဟာ အခွင့်အလမ်းကို ကိုယ်စားပြုပါတယ် ။
*  Threat (အန္တရယ်)             - တူညီတဲ့ကုန်ပစ္စည်းကို ထုတ်လုပ်ရောင်းချမှု သို့မဟုတ် ထုတ်လုပ်
                                            ရောင်းချသူတွေနဲ့ နည်းပညာအသစ် ၊ ကန့်သတ်မှုဥပဒေအသစ်
                                            တွေဟာ အန္တရယ်အဖြစ် မှတ်ယူနိုင်တာတွေပဲ ဖြစ်ကြပါတယ် ။



   အပေါ်က သရုပ်ပြအကွက်တွေထဲမှာ အဖွဲ့အစည်းတစ်ရပ်နဲ့ပတ်သက်တဲ့ အချက်တွေကို ဖြည့်
သွင်းရေးထည့်ခြင်းအားဖြင့် ၊ အဖွဲ့အစည်းရဲ့ အနေအထားကို ယှဉ်တွဲ ဆန်းစစ်သုံးသပ်ကြည့်ကြ
လို့ ရပါတယ် ။ အထူးသဖြင့် အားနည်းချက်နဲ့ အန္တရယ်ကို ဘယ်လိုလျော့နည်းအောင် လုပ်မှာလဲ
ဆိုတာနဲ့ အားသာချက်နဲ့ အခွင့်အလမ်းတွေကို ဘယ်လို အမြင့်မားဆုံးအနေအထားရောက်အောင်
အသုံးပြုရမလဲဆိုတာကို ဆက်သုံးသပ်ဆုံးဖြတ် လုပ်ကိုင်သွားရမှာ ဖြစ်ပါတယ် ။

   အဲဒီ (၄) ချက်ထဲမှာမှ Strength (အားသာချက်) နဲ့ Weakness (အားနည်းချက်) တွေကို အတွင်း
ပိုင်း (အတွင်းစည်း - internal factors) လို့သတ်မှတ်ပြီး ၊ Opportunity (အခွင့်အလမ်း) နဲ့ Threat
(အန္တရယ်) တွေကျတော့ ပြင်ပပိုင်း (အပြင်စည်း - external factors) အကြောင်းအချက် တွေနဲ့ ပို
ဆိုင်တယ်လို့ သတ်မှတ်ထားပြန်ပါတယ် ။ ဥပမာ - (ရာသီဥတု ==> Threat ==> External)
(အတွေ့အကြုံ ==> Strength ==> Internal) စသည်ဖြင့် ခွဲခြားသိမြင်နိုင်ပါတယ် ။

   ဒီဆန်းစစ်ချက်နှစ်ခုလုံးကို စီးပွားရေးလုပ်ငန်းအတွက် ဆုံးဖြတ်ချက်ချရာတွေမှာသုံးတာမှန်ပေမယ့်
S.W.O.T ကတော့ အဆင့်တိုင်း နေရာတိုင်းလိုလိုမှာ သုံးနိုင်တာကြောင့် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်
သုံးပြုတယ်လို့ ပြောလို့ရတဲ့အပြင် နောက်တစ်ဆင့်မြှင့်ပြီး strength & opportunity (S/O), weakness
& threat (W/T) ...... စသည်ဖြင့်တွဲပြီး သုံးသပ်မှုတွေလုပ်လို့ ရနိုင်ပါသေးတယ် ။ မိတ်ဆက်အဆင့်
ဖြစ်တဲ့ ဒီနေရာမှာတော့ မဖေါ်ပြတော့ပါဘူး ။

(အတိုချုပ်ကတော့ ~ စီးပွားရေးလုပ်ငန်းတစ်ခုမှာ - အားသာချက်ကို ဖြန့်ဝေမြှင့်တင် ၊ အားနည်းချက်
ကိုလျှော့ချ ၊ အခွင့်အလမ်းကို ရယူ ၊ အန္တရယ်ကို “ပ”ထုတ် ဆိုပြီး ဆောင်ပုဒ်တိုကလေးအဖြစ် နား
လည်ထားလို့ ရမယ်ထင်ပါတယ် ။)

   အဆုံးသတ်အနေနဲ့ ခင်ဗျားကိုယ်တိုင်ရဲ့ လူမှုရေးဆန်းစစ်မှုတစ်ခု လုပ်ကြည့်ရအောင်ဗျာ ။ ဥပမာ
ခင်ဗျားဟာ အသက်ကြီးမှ ကျောင်းပညာပြန်သင်ဖို့ စိတ်ကူးမိတယ် ဆိုကြပါစို့ ။ ခင်ဗျားလိုချင်တဲ့
ပညာရေးပန်းတိုင်ကို ရောက်နိုင် မရောက်နိုင်နဲ့ အခက်အခဲတွေရှိရင် ကျော်လွှားနိုင်ဖို့ ကိုယ်နဲ့ဆိုင်
တဲ့ အချက်တွေကို ချရေးကြည့်ရအောင် ။

* အားသာချက်    - သင်ယူလိုစိတ်ရှိခြင်း ၊ ကျန်းမာရေးကောင်းခြင်း ၊
* အားနည်းချက်   - အပျင်းကြီးခြင်းနှင့် ကလေးငယ်ရှိခြင်း ၊
* အခွင့်အလမ်း    - အားလပ်ချိန်များရှိခြင်း ၊ အခမဲ့ပညာပေးသင်တန်းများနှင့် အဝေးသင်တက္ကသိုလ်
                           များရှိခြင်း ၊
* အန္တရယ်          - “ချွန်တွန်း” လွှတ်တတ်သူများနှင့် ဆူဆူပူပူလုပ်တတ်သောဇနီး အနားတွင်ရှိခြင်း  :-)

   အခြေခံအကျဆုံး ဖြစ်တတ်တာအချို့ကို ရေးချကြည့်လိုက်တာပါ ၊ ကိုယ့်နဲ့ မဆိုင်ဘူးလို့ထင်တာ
ကို ချန်ထားလို့ရပါတယ် ။ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ဘဝနောက်ခံ ၊ အလုပ်အကိုင် အ
နေအထားနဲ့ စိတ်ထားတွေကြောင့် ၊ ကိုယ့်ဝမ်းနာကိုယ်သာသိသမို့ ၊ ကိုယ့်ဖာသာဆက်ပြီး ရေးဖြည့်
ကြည့်ကြပါ ။ ဒီလောက်ဆို S.W.O.T နဲ့ P.E.S.T တွေနဲ့ပတ်သက်ပြီး အခြေခံလောက် မြင်မိလာကြ
မယ်လို့ ယုံကြည်ပါတယ် ။


န်းကိုကို
၁၅ ၊ ၀၈ ၊ ၂၀၁၁

7 comments:

  1. SWOT ကို business enterprise, entrepreneurship နဲ့ corporation တွေမှာုအလွန် အသုံးတည့် ပြီး PEST ကတော့ aggregate planning နဲ့ macro economy မှာ ပို သုံးလေ့ ရှိတယ် လို့ မေ.. ကျွန်ုပ်သည်..၊ ဂဏာမိ.. မှတ်သား မိဘူး ကြောင်းပါ။

    ReplyDelete
  2. မှန်ပါတယ် Datuk.
    တဖက်မှာ အကျယ်ပြန်ကြည့်ရင် အဲဒီနှစ်ခုရဲ့ အသုံးပြုတာတွေဟာ တစ်ခုနဲ့တစ်ခု “ထပ်” နေတဲ့ နေရာတွေလည်း အများကြီးရှိတာကို တွေ့နိုင်ပါတယ် ။ အထူးသဖြင့် P.E.S.T ထဲမှာပါတဲ့ အစိတ်အပိုင်းအားလုံးကို S.W.O.T သုံးပြီး ပိုင်းခြားသုံးသပ်ရတာမျိုးတွေ ရှိပါတယ် ။

    ဒီတော့ P.E.S.T က macro နဲ့ S.W.O.T ကို micro လို့ ယေဘုယျ ပြောနိုင်ပြန်ပါတယ် ။ တခါ စီးပွားရေးလုပ်ငန်းငယ်တွေ ပြည်ပရင်းနှီးမြှပ်နှံမှုနဲ့ ပို့ကုန်တွေတင်ပို့ဖို့ P.E.S.T ကို သုံးကြပြန်တော့ macro သီးသန့်လို့ ပြောလို့မလွယ်ပြန်ပါဘူး ။

    နောင်ကို ရေးမယ့်အထဲတွေမှာ "Harvard case study method" ဆိုတာမျိုးလဲ ပါမှာဖြစ်ပြီး အဲဒီအထဲမှာလည်း S.W.O.T က တစ်စိတ်တစ်ပိုင်း နေရာယူထားပါတယ် ။ ဒါ့ပြင် အခြား marketing နဲ့ လုပ်ငန်းစဉ်တွေမှာလည်း အားလုံးလိုလိုမှာ S.W.O.T က မပါမဖြစ် ပါနေပြန်ပါတယ် ။

    ဒါပေမယ့် P.E.S.T နဲ့ မျိုးကွဲတွေဖြစ်တဲ့ STEEPLE နဲ့ STEEPLED တွေထဲက အချက်အချို့ကတော့ ဘာစီးပွားလုပ်လုပ် မဖြစ်မနေ လေ့လာသုံးသပ်ဆန်းစစ်ဖို့ အမြဲလိုနေပြန်ပါတယ် ။

    ကဲ ဒီလောက် ဂျာအေး သူ့အမေရိုက်ပြရင် သဘောပေါက်လောက်ပါတယ်နော် ၊ ဆက်ရှင်းမတတ်တော့ဘူး ၊ ရှင်းရင်းနဲ့ မယ်ဘုတ်ရဲ့ချည်ခင်ဖြစ်လာပြီ ၊ စီးပွားရေးပညာ ဘယ်လောက်ကျွမ်းကျင်သလဲဆိုတာ ကွဲပြားလာပြီမို့ ပါးစပ်မြန်မြန်ပိတ်တာပဲ ကောင်းမယ်ထင်ပါတယ် ... :-)

    ReplyDelete
  3.်ပဒိုကအသေးစိပ် လောက်နည်းနည်း ရှင်းထားပြီး ယှဉ်ပြထားလို့ ပါ။ SWOT Analysis ကို ၁၉၉၉ လောက် မှာ University Putra Malaysia က ပါမောက္ခ တစ်ယောက် ရန်ကုန်စီးပွားရေးတက္ကသိုလ် မှာ လာဟောပြော တုန်း က စ ပြီးကြားဖူးခဲ့တာ။ သူ ပြောခဲ့တာ တော့ SWOT က ယှဉ်ပြိုင်စရာ လိုလာတဲ့ ပြိုင်ဖက် (လူတစ်ဦးတစ်ယောက်ချင်း ဖြစ်ဖြစ်) ရှိလာခဲ့ ရင် သုံးလို့ ရပြီ။ ဒါပေမယ့် PEST ကတော့ အဖွဲ့ အစည်း၊ လုပ်ငန်း နယ်ပယ် ကြီး၊ ဒေသတစ်ခု သို့ တည်းမဟုတ် နိုင်ငံတစ်ခု ရဲ့ ဘောဂဗေဒ ဆိုင်ရာ စီမံကိန်းဆိုင်ရာ ကိစ္စရပ်များ မှာပဲ အသုံး တည့်တယ်လို့ ဆိုပါတယ်။ နောက်ပိုင်း ခရီးသွား လုပ်ငန်းမှာကျင်လည် လာတဲ့ အခါမှာလဲ Destination Development ဆိုတဲ့ ကိစ္စရပ် က PEST နဲ့ အလွန် အလားသဏ္ဍန် တူတာပဲကိုးဗျ။ ပြောရရင် အင်မတန်ပျင်းစရာ ကောင်းတဲ့ ဘာသာရပ်ပါ ပဒိုရယ်။

    ReplyDelete
  4. ကိုယ်တိုင်မသင်ယူခဲ့ရတာတွေ ဒီမှာလာရနေလို့ကျေးဇူးဗျာ။ ခေါင်းစဉ်ငယ်တိုင်းကလည်း စဉ်းစားတွေးတောစရာတွေချည်းမို့လို့ မှန်တဲ့အတိုင်းပြောရရင် ခေါင်းတော့ နည်းနည်းပူသွားတယ်။ အဲ..တစ်ခုပြောဦးမယ် thinking မိတ်ဆက်ကို ကျွန်တော်print ထုတ်ထားတာ သူငယ်ချင်း၃ယောက်တောင်ကော်ပီလာကူးသွားကြတယ်။ နောက်ထပ်ဘယ်လောက်ပွားမလဲတော့မသိပါ။ အဲလိုလုပ်တာစိတ်တော့မဆိုးလောက်ဘူးထင်ရဲ့။ print ထုပ်ထားတာလည်း ဆရာ့ဝဘ်ဆိုဒ်လိပ်စာရယ် ဆရာ့ကလောင်ရယ်အပြည့်အစုံပါပါတယ်။

    ReplyDelete
  5. အသိပေးတာ ကျေးဇူးတင်ပါတယ် ကိုစိုးမိုး ။
    ရေးထားတာတွေက ကိုစိုးမိုး နည်းနည်းစိမ်းနေသေးလို့ပါ ၊ တဖြည်းဖြည်းနဲ့ အသားကျသွားရင် သူလိုကိုယ်လို ဗဟုသုတတွေ ဖြစ်သွားမှာပါ ။ သတိပြုစရာက ဒီမှာရေးထားတာတွေဟာ အများအားဖြင့် မိတ်ဆက်အဆင့်တွေပဲမို့ ပိုသိနားလည်သူတွေ ၊ နီးစပ်ရာ ဝါသနာတူသူတွေနဲ့ ဆွေးနွေးတာတွေ လုပ်နိုင်မှ ၊ ဆန်းစစ်မှုတွေကို အကြိမ်ကြိမ်အဖန်ဖန် လေ့ကျင့်ပါမှ လက်တွေ့အသုံးချနိုင်တဲ့ အဆင့်ကို ရလာနိုင်ပါလိမ့်မယ် ။

    critical thinking မိတ်ဆက်ကို စိတ်ဝင်စားသူတွေ ရှိတာသိရလို့ ဝမ်းသာပါတယ် ။ ကျနော်လိုချင်တာဟာလည်း ဒီလိုပြန့်ပွားစေဖို့ပါပဲ ။ credit ပေးဖို့မလိုတာ ဘလော့အပေါ်ဆုံးမှာ အသိပေးထားပြိးသားပါ ၊ နာမည်နဲ့ ဘလော့အမည်မပါပဲ ကြိုက်သလိုဖြန့်ခွင့်ရှိပါတယ် ။ ကျနော်ကိုယ်တိုင်လည်း ရွေးချယ်ဘာသာပြန်ပြီး လက်ဆင့်ကမ်းရုံပါ ၊ ကိုယ်ပိုင်တီထွင်တာ မဟုတ်တာမို့ များများလက်ဆင့်ကမ်းနိုင်လေ မြန်မာပြည်မှာ လတ်တလော သိဖို့အခွင့်အလမ်းနည်းတာတွေကို တဖက်တလမ်းက အထောက်အကူပြုနိုင်တယ်ဆိုပြီး ဝမ်းသာရဖို့ပဲ ရှိပါတယ် ။

    နောက်တစ်နှစ်နဲ့ နှစ်နှစ်အတွင်းမှာ ယိုးဒယားနဲ့ မလေးရှားဖက်ကို ပညာရေးနဲ့ ဗဟုသုတ လက်ဆင့်ကမ်းနိုင်မယ့် ခရီးစဉ်တွေသွားနိုင်ဖို့ ကြိုးစားသွားမှာပါ ။ NGO အဖွဲ့အစည်းတစ်ရပ် အနေနဲ့ဖြစ်ဖြစ် ၊ အခြားတစ်နည်းနည်းနဲ့ဖြစ်ဖြစ် ရောက်အောင်တော့ သွားပါဦးမယ် ။ အဲဒီကျရင်တော့ မသိသူတွေကို မျှဝေပြီး ၊ သိပြီးသူတွေနဲ့တော့ ဆွေးနွေးဖလှယ်သွားနိုင်မယ် ထင်ပါတယ် ။

    ReplyDelete
  6. မလေးရှား ကိုလာရင်တော့ လား..ပဒို.. တွေ့ မယ်။ :)

    ReplyDelete
  7. ဒါတွတ်ရဲ့ ကွန်မန့်အဟောင်းတစ်ခုကို ဒီနေ့မှ spam မှာတွေ့လို့ ပြန်ထည့်လိုက်တယ်ဗျို့ ။

    တကယ်တန်းမှာ ဒီ S.W.O.T ဆိုတာကို ဗမာလိုရေးပြီး တင်ပြထားသူတွေ မနည်းတော့ပါဘူး ။ မတူတဲ့ ဟန်ပန်ကလေး ဖြစ်မလားဆိုပြီး အမှတ်တရ ရေးချထားလိုက်တာပါဗျာ ။

    ပြောခဲ့သလို ပျင်းစရာကောင်းတယ်ဆိုပေမယ့် သိသူတွေက ဖေါ်စားသွားတာ နှစ်ပေါင်းမနည်းတော့လို့ ကျနော်တို့ အတော်လေးကို ပြန်လိုက်ယူရဖို့ ရှိပါတယ် ။ ဗီဇ ပါရမီ ပါပြီးသူတွေအတွက် မလိုလှပေမယ့် ကျနော့်လို သင်ညာနဲ့ တစ်ဆင့်ချင်း တက်ဖို့လိုတဲ့သူတွေအတွက်တော့ မဖြစ်မနေ လေ့လာ လေ့ကျင့် အသုံးချသွားသင့်ပါတယ် ။

    ဒါထက် မလေးရှားလာရင်တော့ စီးပွားရေးသောင်းကျန်းသူ AATO နဲ့ တွေ့နိုင်ဖို့ အခွင့်အလမ်းရှိလှမယ်လို့ မမျှော်လင့်ရဲပါဘူးဗျာ ... :-)

    ReplyDelete