# ၁၉၉၁ ခုနှစ် နှစ်ဝက်ကျော်လောက်ကပါ ။
စင်္ကာပူ လူဝင်မှုကြီးကြပ်ရေးရုံးထဲကထွက်လာတော့ ည ၁၀ နာရီကျော် ၁၁ နာရီဝန်းကျင်လောက်
ရှိနေပြီ ထင်ပါတယ် ။ ကြည်ကြည်ဖြူဖြူရိုက်ပေးလိုက်တဲ့ ဗီဇာတံဆိပ်တုံးကြောင့် ဝမ်းပဲသာရတော့
မလိုလို ။
ဒါပေမယ့် ခုနလေးတင်ကမှ ကိုယ့်ကိုဝင်ခွင့်ငြင်းပယ်ခဲ့တဲ့ မလေးရှားဖက်ကိုတော့ ပြန်ပြီးလှည့်မ
ကြည့်ဖြစ်ဘူး ။ ရှိ မရှိ သိပ်မသေချာတော့တဲ့ ၊ မြို့ထဲကိုပြေးတဲ့ ဘတ်စ်ကားကိုပဲ အာရုံနှစ်ပြီး စောင့်
နေမိတယ် ။ လိုင်းကားမရှိတော့ရင် တက္ကစီနဲ့ပြန်ရမယ့်အရေးကို မတွေးဝံ့သလောက်ပဲ ။ တစ်ကိုယ်
တော်ခရီးမှာ ငွေကြေးအပိုကုန်ဖို့ဆိုတာ အင်မတန်ရင်ခုန်စရာပါ ။
၁၀ မိနစ်လောက်အကြာမှာတော့ နတ်ဘုရားတွေစေလွတ်လိုက်တာ ဟုတ်ပုံမပေါ်တဲ့ ၊ နောက်ဆုံး
လိုင်းကားလို့ထင်ရတဲ့ ဘတ်စ်ကားတစ်စီးထိုးရပ်လာလို့ ကိုယ့်လိုစောင့်နေကြသူ ၁၀ ယောက်ကျော်
လောက်ဟာ ဝမ်းပန်းတသာ အပြေးကလေး တက်လိုက်ကြတယ် ။ နောက်ထပ်ပူပင်စရာတစ်ခု ထပ်
ဝင်လာပြန်တယ် ။ MRT မရှိတော့ရင် တည်းခိုနေတဲ့အိမ်ကို ဘယ်လိုပြန်မလဲ ဆိုတာပါ ။ လမ်းတ
လျှောက် မီးထိန်ထိန်လင်းသလား ၊ ဘယ်လောက်ကြာကြာ မောင်းခဲ့သလဲဆိုတာတွေဟာ မှတ်မှတ်
ရရ ဘာမှမရှိ ၊ စိတ်ထဲမှာ ဗလာဖြစ်နေတယ် ။
ကားဂိတ်ဆုံးရောက်တော့ လူလာကြိုတဲ့ ကားနဲ့ တက္ကစီသုံးလေးစီးဟာ ခဏလေးနဲ့မြင်ကွင်းထဲက
ပျောက်သွားကြတယ် ။ ကားပေါ်ကဆင်းပြီး တောင်ဖက်မှာရှိတဲ့ လမ်းတဖက်ကိုကြည့်လိုက်တော့ စိုး
ရိမ်ခဲ့တဲ့အတိုင်းပဲ မြေအောက်ဆင်းတဲ့ရထားဂိတ်မှာ သော့တန်းလန်းချိတ်ထားတဲ့ သံဇကာတံခါးကို
လှမ်းတွေ့နေရတယ် ။
အားတင်းပြီး ဝေ့ဝိုက်ကြည့်လိုက်တော့ အတော်လှမ်းလှမ်းမှာ ပလပ်စတစ်ပိုက်ကွန်စိမ်းတွေအုပ်
ထားတဲ့ ဆောက်လုပ်ဆဲ တိုက်မြင့်နှစ်လုံးတွဲကြီးကို လှမ်းတွေ့လိုက်ရလို့ စိတ်နည်းနည်းသက်သာ
သွားတယ် ။ အဲဒီနေရာဖက်ကိုသွားနိုင်ရင် သိထားတဲ့ people park ဆိုတဲ့ ဈေးဆိုင်တန်းစုဖက်ကို
ရောက်အောင်သွားနိုင်ပြီလေ ။ ဒါဆိုရင် တည်းနေခဲ့တဲ့အိမ်ကို ပြန်သွားလို့တတ်ပြီ ။
၂၅-၃၀ မိနစ်လောက် ဘယ်ကွေ့ညာကွေ့နဲ့ ခုနကမြင်နေခဲ့ရတဲ့ ဆောက်လက်စတိုက်မြင့်နှစ်လုံး
တွဲနား ရောက်လာတယ် ။ ရေအိုင်ကလေးတွေကို ရှောင်တိမ်းရင်း people park ရှိတဲ့ လမ်းမကြီးဖက်
ကို လေးလေးကန်ကန် ဆက်လျှောက်လာရင်းမှ သယ်လာတဲ့လက်ဆွဲအိတ်ကို နည်းနည်းလေးမှန်း
သတိရလာမိတော့တယ် ။ ကျောပိုးအိတ်လိုပြောင်းလွယ်ရင်း လမ်းမကြီးတလျောက် ဂေါ်ဇီလာလို
ကုန်းကုန်း ကုန်းကုန်းနဲ့ ခေါင်းငိုက်စိုက်ချပြီး ဆက်လျှောက်လာခဲ့တယ် ။
လမ်းမကြီးတလျောက် ကားရှင်းနေရာက ၊ people park ရောက်ကာနီးလေးမှာ ကားဖြူဖြူကလေး
တစ်စီးကို မျက်လုံးထောင့်က ရိပ်ကနဲတွေ့မိလို့ ခေါင်းကို နည်းနည်းလေးစောင်းကြည့်လိုက်ပါတယ် ။
ရဲလေးယောက်နဲ့ ရဲကားတစ်စီးပါ ။ အတွင်းဖက်ကျတဲ့ ရဲနှစ်ယောက်က ခါးကိုကိုင်းပြီးကြည့်ကြသလို
ဘေးဖက်ကနှစ်ယောက်ကလည်း စူးစမ်းတဲ့အကြည့်တွေအပြည့်နဲ့ပေါ့ ။ တလမ်းလုံးမှလည်း လူသူ
မရှိသလောက်ပဲကိုး ။
မကြာသေးခင်ကမှ မအောင်မြင်ခဲ့တဲ့ မလေးရှားအဝင်ခရီးကြောင့် စိတ်ဓါတ်ပျက်ပြီး ဘာကိုမှ စိတ်
ထဲမထည့်နိုင်လောက်အောင် ဖြစ်နေတဲ့ကိုယ်ကတော့ ခေါင်းငိုက်စိုက်နဲ့ဆက်လျှောက်သွားခဲ့တယ် ။
မကြာခင်မှာ ညင်ညင်သာသာမောင်းထွက်သွားတဲ့ ရဲကားကို တွေ့လိုက်ပေမယ့် ဘယ်လိုမှ စိတ်
ကို မဖမ်းစားနိုင်ခဲ့ဘူး ။ people park ကျော်ရင် လမ်းရဲ့ဘယ်ဖက်ကူး ၊ လမ်းကြားလေးထဲဝင်ရင်
တည်းခိုဖို့ အခန်းဖွင့်ထားတဲ့ “ကိုဇာနည်မောင်” ရဲ့အခန်းကို ရောက်တော့မယ်ဆိုတာပဲ စိတ်ထဲမှာ
တစ်ခုတည်းသောပန်းတိုင်အဖြစ်နဲ့ ရှိနေခဲ့တယ် ။
အခန်းတံခါးလာဖွင့်ပေးခဲ့တဲ့လူရဲ့ မလေးရှားဝင်လို့မရခဲ့တာကို အံသြနေတာနဲ့ အခြားကိစ္စတွေကို
စိတ်ထဲမရှိလှပဲ ၊ မကြာခင် စိတ်မောလူမောနဲ့ အိပ်ပျော်သွားခဲ့တော့တယ် ။
* * *
# ဘတ်စကားက ချောင်ဖရားမြစ်ကို ဖြတ်ပြီးပြီးချင်းကားဂိတ်မှာရပ်လို့ ကားပေါ်ကဆင်းလိုက်ချိန်
မှာ မနက် ၇ နာရီခွဲ ၈ နာရီလောက်ရှိပါပြီ ။ မြဘုရားရှိရာနဲ့ မြစ်ဟိုးဖက် ဒီဖက်ကမ်းဖြစ်နေတဲ့နေရာ
က မြန်မာပြည်သူ ပြည်သားတွေရှိရာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို လာခဲ့တဲ့ခရီးပါ ။ အတူ
ပါလာတာက တောင်ငူဖက်က အလုပ်လာရှာတဲ့ လူငယ်လေးတစ်ယောက် ။ အချိန်က ၁၉၉၇-၈
ဝန်းကျင် ။
ကားဂိတ်ကနေ မီတာ ၁၅၀ လောက် လမ်းကြားလေးထဲဝင်လာလိုက်တာနဲ့ ဆောက်လုပ်ရေး
ဝင်းထဲကို ရောက်လာခဲ့ပါပြီ ။ အသိရှိရာ တဲကလေးဆီကို ဦးတည်ပြီး လျှောက်သွားခဲ့လိုက်တယ် ။
ဘယ်သူမှမတွေ့ရဘူး ။ ဘေးကိုကြည့်တော့လည်း မေးရမယ့်သူမတွေ့မိတာနဲ့ မလှမ်းမကမ်းက
အလုပ်သမားတွေစုနေတဲ့ တဲရှည်ကြီးဆီ ထွက်လာခဲ့တယ် ။
တဲကြီးအဝင်ဝ မရောက်ခင် မြောင်းကူးတံတားလေးကို ဖြတ်လျှောက်နေတုံးမှာ အနီးအနားကလူ
တွေကိုကြည့်ရတာ စိတ်ထဲတမျိုးပဲ ။ သူတို့မျက်လုံးတွေဟာ တခုခုထူးခြားနေသလိုလို ။
တဲကြီးထဲဝင်ပြီး အလယ်လမ်းမတကြော လျှောက်မိတဲ့အခါမှာတော့ လူ ၃-၄ ယောက်ကို တွေ့မိ
တယ် ။ မြန်မာပြည်သားတွေနဲ့ မတူသလို ၊ မျက်နှာထားတွေဟာလည်း အလုပ်သမားပုံတွေ မပေါက်
ကြဘူး ။ အလုပ်သမားတွေကိုကြည့်တော့ တဖက်တချက်ကွပ်ပျစ်မှာ စုစု စုစုနဲ့ ထိုင်နေကြတယ် ။
သူတို့နောက်ကိုကြည့်လိုက်မိမှ အသေချာသဘောပေါက်သွားတော့တယ် ။ အရပ်ဝတ်တွေဖြစ်ပေ
မယ့် ခါးမှာခြောက်လုံးပြူချိတ်ထားသူက ချိတ်ထားတာမို့ ဒါဟာ ... လူဖမ်းပွဲကြီးပါလား ..... လို့ ။
ဒိန်းဒလိန်းနတ်တီးလုံးဟာ မဖိတ်ခေါ်ပဲ ကဆုန်ပေါက်ဝင်ချလာတယ် ။ ဒါပေမယ့် “ဟန်ကိုယ့်ဖို့”
လိုတယ်ဆိုတာကို သတိရှိနေတာကြောင့် စကားတစ်ခွန်းမှမပြောပဲ ခပ်တည်တည်ဆက်လျှောက်
လာခဲ့တော့တယ် ။
အလယ်လမ်းကလူတွေကို တိမ်းပြီးလျှောက်လာဆဲမှာ သူတို့ထဲကတစ်ယောက်က ဘေးမှာထိုင်
ခိုင်းထားသူတွေကို လှမ်းမေးသံတစ်ချက် ကြားလိုက်တယ် ။ “ဒီနှစ်ယောက်ကော မင်းတို့အထဲကပဲ
လားကွ” လို့ အဓိပ္ပါယ်ရတဲ့ မေးခွန်းလေးပါ ။ ကျောပိုးအိတ်တစ်လုံးလွယ်ပြီး လက်တစ်ဖက်က အိတ်
ကြီးတစ်လုံးနဲ့ တသက်တာမှာ အကြာဆုံးခရီးတွေထဲက ကာလတစ်ခုဟာ စတင်ခဲ့ရတော့တယ် ။
တစ်လှမ်း .. နှစ်လှမ်း ... သုံးလှမ်း ... ကိုယ့်ကိုသိတယ်လို့ ဘယ်သူမှပြန်ဖြေတာကို မကြားရဘူး ။
ဒီလိုနဲ့ တဲပြင်ကို ထွက်ခဲ့မိပြီ ။ လမ်းမကြီးဖက် ပြန်ပတ်ထွက်နိုင်မယ့် ဘယ်ဖက်လမ်းကို ချက်ချင်း
ချိုးပြီး ခြေလှမ်းမှန်မှန်နဲ့ မြန်မြန်ဆက်လျှောက်ခဲ့တယ် ။ မလှမ်းမကမ်းက ဘုန်းကြီးကျောင်းကိုဖြတ်
လျှောက်မိမှ ရဲအချုပ်ကားတွေရပ်ထားတာ တွေ့လိုက်ရတယ် ။ ကားသမားတစ်ယောက်စ နှစ်ယောက်
စပဲ စောင့်နေကြတယ် ။
မကြာခင် ခုနကဆင်းလာခဲ့တဲ့ ကားဂိတ်ကိုပြန်ရောက်ပြီး လူစုလူဝေးထဲ ပြန်ရောနိုင်ခဲ့တယ် ။
ဘယ်လိုခံစားရသလဲတော့ မမေးပါနဲ့ ၊ ပါလာတဲ့ကောင်လေးကတော့ ရေအတော်သောက်နေတာ
မှတ်မိတယ် ။
* * *
# အချိန်ကတော့ ၂၀၀၄ လောက်မှာပါ ။
အရှိန်ပြင်းပြင်းနဲ့မောင်းလာတဲ့ ယောက်ျားစီးဆိုင်ကယ်တက္ကစီ နောက်ကစီးပြီး Yaowarat လို့ခေါ်
တဲ့ ဘန်ကောက်တရုတ်တန်းဖက် သွားနေစဉ်မှာပါ ။
ဆိုင်ကယ်သမားရဲ့ လက်ကိုင်ဖုန်းက အသံမည်လာတယ် ။ တရုတ်တန်းမရောက်ခင်ကလေးမှာပဲ
လမ်းဘေးမှာခဏရပ်ပြီး ဖုန်းဆင်းပြောရပါတော့တယ် ။ လေနည်းနည်းရှည်နေတာကြောင့် လမ်းဘေး
မှာ ဖင်လှည့်ခေါင်းလှည့်လုပ်နေတုံး ဆိုင်ကယ်တစ်စီးနဲ့ ရဲနှစ်ယောက်ဖြတ်သွားတယ် ။ အနောက်က
တစ်ယောက်က တချက်လှည့်ကြည့်သွားတယ် ။ ကိုယ်ကလည်း အမြဲလိုထားခဲ့တဲ့ ဆံပင်တိုတို သပ်
သပ်ရပ်ရပ်ပုံစံမျိုး ညှပ်မထားမိတော့ စိတ်ထဲထင့်ကနဲ ဖြစ်သွားတယ် ။
သပ်ရပ်ရပ်ပုံစံမျိုး ညှပ်မထားမိတော့ စိတ်ထဲထင့်ကနဲ ဖြစ်သွားတယ် ။
မကြာပါဘူး ၊ ရဲဆိုင်ကယ် ပြန်လှည့်လာတယ် ။ လိုရင်း မှတ်ပုံတင်တောင်းကြည့်တော့တာပေါ့ ။
အဲဒီနေ့က တနင်္ဂနွေနေ့ ။ စနေနေ့မှာ ဗီဇာကုန်တဲ့ ပတ်စ်ပို့မိတ္တူကို ထုတ်ပြလိုက်တယ် ။ မနှေးအမြန်
မလှမ်းမကမ်းက ရဲစခန်းကို ရောက်ရတော့တယ် ။
ခေါ်လာတဲ့ရဲက အင်္ဂလိပ်စကားကောင်းကောင်းမတတ် ။ ပုံစံတစ်ခုဖြည့်လာပြီး လက်မှတ်လာထိုး
ခိုင်းတယ် ။ နားမလည်ပေမယ့် ထိုးပေးလိုက်ပါတယ် ။ သူတို့လက်ထဲ ရောက်နေပြီကိုး ။
ဇာတ်လမ်းက မုန့်ကြိုးတစ်ထပ် ထပ်လိမ်လာတယ် ။ စခန်းကရဲအရာရှိက ခေါ်လာတဲ့ ရဲနှစ်ယောက်
ကို သူ့ရုံးခန်းထဲခေါ်ပြီး ဆူနေပုံရတယ် ။ မကြာခင် အသံတွေမြှင့်လာလို့ အပြောခံရတဲ့ ရဲတစ်ယောက်
ကထွက်လာပြီး တံခါးကိုပိတ်လိုက်တယ် ။ နည်းနည်းရှက်သွားပုံရတယ် ။
မကြာခင်မှာ ဇာတ်ရည်လည်တယ် ။ စနေနေ့မှာ ဗီဇာကုန်သူကို လူဝင်မှုကြီးကြပ်ရေးက ခွင့်လွတ်
တယ် ။ တနင်္လာနေ့မှာ ဗီဇာသက်တမ်းတိုးဖို့ ခွင့်ပေးတယ် ။ ဒါပေမယ့် မအူမလည်ရဲက ပတ်စ်ပို့မိတ္တူ
နဲ့လည်းဖြစ် ၊ ဗီဇာလည်းကုန်ပါပြီဆိုပြီး စာအုပ်ကြီးအတိုင်း လုပ်ချလိုက်တာ ။ တစ်ကွက်လည် ပြဿ
နာက အဖမ်းပြတဲ့ပုံစံစာရွက်ကို ဖြည့်ပြီးသွားတာပဲ ။ ဖမ်းလိုက်ပြီ ။ လွတ်လို့မရတော့ဘူး ။
ခုနရဲနှစ်ယောက်နဲ့ အရာရှိတို့ အခန်းထဲက ပြန်ထွက်လာကြတယ် ။ အရာရှိက သူ့ကို မင်းတို့သွား
ပို့လိုက်လို့ ပြောလိုက်ပုံပဲ ။ ရဲတစ်ယောက်က ကျနော်တို့ တာဝန်ချိန်ကုန်ပြီလို့ ဆင်ခြေပြန်ပေးတယ် ။
မင်းတို့ခေါ်လာတာ မင်းတို့ပဲသွားပို့လိုက်လို့ အရာရှိကပိတ်ပြောလိုက်တော့ ငြိမ်သွားတယ် ။
ရဲစခန်းနောက်ဖက်ကို သုံးယောက်သားထွက်လာခဲ့ကြပြီး ရဲကားတစ်စီးပေါ် တက်လိုက်ကြတယ် ။
အားလုံး ရှေ့ခန်းမှာတက်လိုက်ကြပြီး ကိုယ့်ကို အလယ်ကပေးစီးတယ် ။ ထွက်ပြေးမှာကို ကာကွယ်
တဲ့ပုံပဲ ။
ဒီလိုနဲ့ ၁၀ မိနစ် ၁၅ မိနစ်လောက်သွားလိုက်တာနဲ့ မြန်မာသံရုံးရှိတဲ့ ဆာထွန် (Sathon) လမ်းမကြီး
ကိုဖြတ်ပြီး လူဝင်မှုကြီးကြပ်ရေးရုံးဝင်းထဲကို ဝင်လာခဲ့တော့တယ် ။ ရှေ့မှာတော့ အရင်က အဖမ်းခံရ
သူ တရားမဝင်အလုပ်သမားတွေကို လာတွေ့ခဲ့ဖူးတဲ့ I.D.C (immigration detention center) (ခေါ်)
လူဝင်မှုကြီးကြပ်ရေး အချုပ်ကြီးက ထီးထီးမားမား ရပ်လို့နေတယ် ......
မန်းကိုကို
၁၈ ၊ ၀၈ ၊ ၂၀၁၁
မန်းကိုကိုရေ ...ဒီပို့စ် ဖတ်လိုက်ရတော့ ဘန်ကောက်မှာနဖူးတဲ့ အချိန်လေးကိုသတိရမိတယ်။ထိုင်းပလိပ်တွေကိုလည်း စိတ်နာမိတယ်။ အဆိုးဆုံးကတော့ ကရင့်ရိုးရာလက်ချည်ပွဲမှာဖမ်းသွားတဲ့အချိန်တုန်းကပေါ့။
ReplyDeleteအခုထိမြင်ယောင်ပါသေးတယ်။ သက်ရောက်မှုတိုင်းဟာ တန်ပြန်သက်ရောက်မှု ရှိခဲ့ရင်တော့ လုပ်ထားဦးပေါ့လို့ (ထိုင်းတွေကို)ပြောလိုက်ချင်တယ်။
ဆရာမိုကန်းကန်း... ကြွက်များနှင့်ကခုန်တာက သဲထိတ်ရင်ဖိုကြီးပါလား။ အခုလဲ ဆက်လက် ကခုန်နေရတုန်းဘဲလား။
ReplyDelete@ Anonymous
ReplyDeleteဘန်ကောက်မှာ နေဖူးသူ အများစုကတော့ ရဲတွေအပေါ် စိတ်နွေးထွေးစရာ သိပ်မရှိလှတာ အမှန်ပါပဲ ။ လက်ချည်ပွဲမှာ လာဖမ်းသွားတာတွေကိုလည်း ကြားမိပါတယ် ။ အဲဒီနှစ်က ပထမဆုံးအကြိမ်အဖြစ် ရောက်အောင်သွားမယ် ရည်ရွယ်ထားပြီးကာမှ ၊ နှစ်တိုင်းလုပ်နေကျ နေရာမဟုတ်ပဲ နေရာပြောင်းကျင်းပလို့ သွားမတတ်ပဲ မရောက်ခဲ့ မကြုံခဲ့ရ ဖြစ်ခဲ့ပါတယ် ။ စိတ်မကောင်းရုံပဲ တတ်နိုင်ခဲ့ပါတယ် ။
တဖက်ကလည်း လူငယ်တွေ အနေထိုင် အပြောမတတ်လို့ ၊ ပွဲစီစဉ်သူတွေ အချိန်အဆ လိုသွားလို့ဆိုပြီး ကြားရလို့လည်း အားမလိုအားမရ ဖြစ်ခဲ့မိပါတယ် ။
အဲဒီနောက်ပိုင်းမှာတော့ စဉ်းစားမိတာတွေ တချို့တော့ ရှိလာခဲ့ပါတယ် ။
ချည်ဖြူဖွဲ့ပွဲ ဘာလို့ ဒီလိုဖြစ်သွားခဲ့ရတာလဲ ။ လွဲရှောင်ဖို့ နည်းလမ်းမရှိဖူးလား ။ ကျောထောက်နောက်ခံလိုတာလား ၊ စီစဉ်တာ လိုသွားလား ၊ ပွဲလာတက်သူတွေနဲ့ပတ်သက်လို့ ဘာတွေလုပ်လို့ ရမလဲ - ပညာပေး ၊ ဗဟုသုတဝေ ၊ ရံပုံငွေလှုပ်ရှားမှု စသည်ဖြင့်ပေါ့လေ ။
ဒါ့ပြင် အခြားအကျိုးရှိမယ့်ဟာတွေ ဘာလုပ်လို့ ရနိုင်ဦးမလဲ ။
ဒီပွဲကို အိမ်လွမ်းသူ ၊ ပျော်ချင်သူ စသူတွေအတွက် နှစ်သိမ့်စေနိုင်ရုံလေး လုပ်မှာလား ၊ ဘာတွေလုပ်လို့ ရပြီး ဘာတွေလုပ်လို့ မရဘူးလဲ ။ ထိုင်းနိုင်ငံရဲ့ ယဉ်ကျေးမှုဓလေ့ ၊ လူမှုအသိုင်းအဝိုင်း ၊ အာဏာပိုင်တွေနဲ့ယှက်နွယ်နေတဲ့ အကြောင်းအချက် ၊ အရင်းခံ ၊ အတိုင်းအတာ အနေအထား စတာတွေနဲ့ပတ်သက်လို့ ဘယ်လောက်လေ့လာ နားလည် လုပ်တတ် လုပ်နိုင် လုပ်လို့ရမလဲ ။
အတော်လည်း ရှည်ပြီး ရှုပ်လာပါပြီ ။ လိုရင်းကတော့ ကိုယ့်အလိုကို ကိုယ်တိုင်ပဲ ကြိုးစားပြီး ဖြည့်သွားသင့်တယ်လို့ ပြောချင်ပါတယ် ။ မပေးချင်သူဆီက တောင်းလို့ မရနိုင်ပေမယ့် ၊ ကိုယ့်ဘာသာ ကိုယ်လိုချင်တာ ရှိလာအောင် လုပ်လို့ရနိုင်မယ်ဆိုရင် ကိုယ့်အားကိုယ်ကိုးလိုက်တာ ကောင်းပါတယ် ။ ထပ်ဆက်ရရင် ဘယ်သူတွေလုပ်သင့်သလဲ ၊ ဘယ်လိုလုပ်သင့်သလဲ ဆိုတာတွေပါ ပါလာပြီး ရှည်လာမှာမို့ ဒီလောက်နဲ့ပဲ အတိုချုပ်ထားပါ့မယ် ။
@ ကိုကိုမောင်(ပန်းရနံ့)
သြစတြေးလျမှာတော့ ဆရာတို့ဆီမှာလိုပဲ ကြွက်တွေနဲ့ ရင်ပေါင်တန်းပြီး လမ်းလျှောက်သွားလို့ ရတဲ့နေရာတွေမို့ ၊ အရင်လို ကခုန်စရာ မလိုတော့ပေမယ့် ၊ အခြား မတူတဲ့ကိစ္စတွေတော့ ကြုံနေရတာပါပဲ သကြီးရယ် ။
ပြီးတော့ ကျနော်ရေးခဲ့တဲ့ အများစုက ဇာတ်လမ်းရဲ့တစ်ခုစီရဲ့ အစိတ်အပိုင်းလေး တွေလောက်ပါ ။ အရှည်ရေးရင် အိပ်ပျော်ကုန်မှာစိုးလို့ ရွေးချယ်ရေးထားပါတယ် ။ တကယ်တော့ ကျနော်ကြုံခဲ့တာတွေဟာ လူအများကြီးက ကြုံဖူးပြီးသားပါ ။ မရေးကြလို့သာ မသိကြတာပါ ။
ကျနော့်ထက် ရင်ခုန်စရာတွေ လုပ်ခဲ့ ကြုံခဲ့ရတဲ့ လူတွေလည်း အများကြီးရှိပါတယ် ။ ဥပမာ ရဲစခန်းမှာ အဖမ်းခံထားရသူတွေကို လိုက်ထုတ်တဲ့သူ ၊ အလုပ်ရှင်ဆိုးတွေဆီက အလုပ်သမားတွေကို ခိုးဝှက်ပြီး သွားထုတ်ရတဲ့ ၊ ရဲတွေ လူမိုက်တွေနဲ့ ခြေချင်းလိမ်ပြီး သွားလာလှုပ်ရှားခဲ့သူတွေလည်း ရှိခဲ့ပါတယ် ။ ကိုယ်ပိုင်မဟုတ်ပဲ ဘေးအမြင်ကနေပြောသလို ဖြစ်နေမှာမို့ မရေးတာပါဗျာ ။
ကျနော်ရေးခဲ့တာတွေဟာ သကြီးကို သဲထိတ်ရင်ဖို လုပ်နိုင်စွမ်းရင်တော့ ဝမ်းသာရမှာပေါ့ဗျာ :-)
နောက်ဆုံး ကျတော့ ကျနော်တို့ ရဲ့ ဇာတ်လိုက်ကြီး ပဒို ကနေပြီးတော့ ယိုးဒယား တွေကို မြန်မာ့ ၀ါးရင်းတုတ်ထုတ် ပြလိုက် တော့ သူတို့ ကြောက်သွားပြီး တောင်းတောင်းပန်ပန် နဲ့ ပြန်လွှတ်လိုက်သည် ဟူသတတ်။ :P
ReplyDeleteအင်း ယိုဒယားတွေ မြန်မာမုန်းအောင် ဗွီဒီယိုတွေနှင့် ပြထားတာပါ။ မြန်မာတွေက လက်တွေ မုန်းနေရမှာပေါ့လေ။ ဖတ်ပြီးတော့ ရင်နာရတယ်။
ReplyDeleteတည့်တည့်ပြောရရင်တော့ မြန်မာပြည်နဲ့ ယိုးဒယားနိုင်ငံကို ရွှေဖျဉ်းကြီးနဲ့ ရွှေဖျဉ်းလေးလို့တောင် တင်စားလို့ရနိုင်ပါလိမ့်မယ် ။ ထိုင်းတွေ အမျိုးသားရေးဆိုတာကြီးကို ငယ်ငယ်ကတည်းက ရိုက်သွင်းပေးသလို မြန်မာပြည်ဖက်ကလည်း မလျှော့ဖူး ဆိုတာချည်းပါပဲ ။
ReplyDeleteမြန်မာပြည်သူပြည်သားတွေ ထိုင်းမှာပုရွက်ဆိတ်တွေလို အုံလိုက်ကျင်းလိုက် ဝင်လာလုပ်ပြီး ဒုက္ခရောက် သေကြေကြတဲ့အထိ ဖြစ်နေချိန်မှာ ၊ မြန်မာပြည်ဖက်ကို လူမသိသူမသိပဲ ပရွက်ဆိတ်တစ်ကောင်တောင် ဝင်ရခက်အောင် (မြန်မာဖက်က) လုပ်ထားပါတယ် ။ ဒါပေမယ့် ဘားအံမြို့အချုပ်မှာ ထိုင်းနိုင်ငံသားတွေ အမြဲတန်းလိုလို အနည်းအကျဉ်း ရှိနေစမြဲဆိုတာ မြင်နေရပြန်ပါတယ် ။
ဒီလိုတွေ အသေးစိတ် လိုက်နေရင်တော့ ဆုံးဖို့မရှိပါဘူး ။
သေချာတာကတော့ ပြင်လို့ရနိုင်ကောင်း ရနိုင်မယ့် စိတ်ပုတ်ကလေးတွေကို ရှာဖွေမှတ်သားပြီး ၊ နည်းလာအောင် လုပ်ပေးဖို့ပဲလို့ မြင်ပါတယ် ။
တဆက်ထဲ ဆက်စပ်နေတာတစ်ခုက (အတွေ့အကြုံအရ နားလည်မိသမျှတော့)မြန်မာပြည် ၊ ထိုင်း ၊ အင်ဒိုနီးရှားနဲ့ မလေးရှားလို နိုင်ငံတွေမှာ ၊ ပြည်သူအများစုကနေ အသိဥာဏ်တွေမြင့်မားပြီး နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေးအပါအဝင် ဘက်ပေါင်းစုံမှာ နိုးကြားလာကြဖို့ကို အုပ်ချုပ်သူအာဏာပိုင် (အခွင့်ထူးခံ) တွေကနေ သိပ်မလိုလားဘူး ဆိုတာပါပဲ ။
ဒီတော့ အဲဒီလို ဘေးအမြင်နဲ့ကြည့်ရင် ၊ နိုင်ငံသူ နိုင်ငံသား အများစုတွေဟာ အသုံးချခံ ဓါးစာခံအဆင့်တွေထက် မပိုကြလှပါဘူးလို့ ယူဆနိုင်ပါတယ် ။ အဲဒီဘဝကို ရောက်နေကြတယ်ဆိုတာ သိမြင်လက်ခံလာဖို့နဲ့ လွတ်မြောက်အောင် ကြံစည်လှုပ်ရှား လုပ်ကိုင်ဖို့ကတော့ ကိုယ်ပိုင် ကံ ၊ ဥာဏ် ၊ ဝိရိယကိုယ်စီအပေါ်မှာ မူတည်ပါလိမ့်မယ် ။