ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Saturday, May 21, 2011

ကျနော် ရှေးရိုးစွဲ အဖိုးကြီး




     ခေါင်းစဉ်ကြည့်ပြီး သိပ်လန့်မသွားကြဖို့ စကားအရင်ခင်းပါရစေ ။

     နောက်ထပ်တစ်ခါထပ်ပြီး မလန့်ဖို့ ထပ်ပြောချင်ပါတယ် ။
     ဘာကြောင့်လည်းဆိုတော့ ကျနော့်ပါးစပ်မှာ ယားနာပေါက်နေလို့ပါ ။

     တကယ်ပါ ၊ ယားနာဆိုတဲ့အတိုင်း မတည့်တဲ့ဓါတ်ပစ္စည်းတွေနဲ့ ထိမိတွေ့မိရင် ပိုယားတတ်ပါ
တယ် ။ အထူးသဖြင့် မျက်စိထဲကို မသင့်တော်တာတွေဝင်သွားရင် တခါထဲရှော့ခ်ဖြစ်သလို ဦးနှောက်
က ဓါတ်ပစ္စည်းတွေ ဘုံးဘောလအောထွက်လာပြီး ပါးစပ်ကယားလာပါတော့တယ် ။ အမြဲမဖြစ်လို့
သာ တော်တော့တယ် ။

     ဝင်လာတဲ့ ပထမဆုံး မသင့်တော်တာတစ်ခုက က ၅-၆ နှစ်အရွယ် ကလေးတစ်ယောက်ပါ ။
ဟုတ်ပါတယ် ၊ အဲဒီကလေးလေး အိမ်ရှေ့လမ်းမပေါ်မှာ ရှေ့မကြည့်နောက်မကြည့်နဲ့ စက်ဘီးထွက်
စီးနေတာတွေ့လိုက်ပါတယ် ။ တစ်ခါ ကျောင်းမှာထပ်တွေ့ပြန်ပါတယ် ။ ကျောင်းတက်ခေါင်းလောင်း
ထိုးပြီးတာကို အတန်းထဲ တန်းတန်းမတ်မတ်မဝင်ပဲ လျှောက်ကစားနေပါတယ် ။ အမေလုပ်တဲ့
သူကလည်း ဒီအတိုင်းကြည့်နေပါတယ် ။ ဒါက အတိုချုပ်ပဲ ရှိပါသေးတယ် ။

     ကျနော်ကိုယ့်ပါးစပ်ကို အယားပြေအောင် ကုတ်ပဲကုတ်နေခဲ့လိုက်ပါတယ် ။
     အကြောင်းလည်းရှိပါတယ် ၊ ဘာလို့လည်းဆိုတော့ ကိုယ့်ပါးစပ် မယားခင်ကတည်းက ကိုယ့်
အသိုင်းအဝိုင်းထဲက ဆရာမတစ်ယောက်က သူ့မိဘတွေကို ပြောပြီးခဲ့ပြီမို့ပါ ။ လိုအပ်ရင် ကလေး
တွေကို ထိုက်သင့်သလောက် ရိုက်နှက်ဆုံးမသင့်ရင် ဆုံးမရမယ်လို့ အသိပေးပြောပြခဲ့ရာမှာ က
လေးရဲ့မိဘတွေ ပြန်ပြောတဲ့စကားတွေကြောင့် အဲဒီဆရာမလည်း ပက်လက်လန်သွားခဲ့ပါတယ် ။

     သူတို့ပြောတာက ဒီနိုင်ငံမှာ ကလေးတွေကို ရိုက်လို့မရဘူး ဆိုတာနဲ့ ၊ သူ့တို့ ကလေးက “သူ့
ကိုရိုက်ရင် ရဲခေါ်မယ်” လို့ ပြောတယ်ဆိုပဲ ။

     ပြောရရင် ဒီနိုင်ငံမှာ ကလေးတွေကို ခပ်ဆတ်ဆတ်ရိုက်ပြီး ဆုံးမလို့ရပါတယ် ။ နောက်တစ်
ချက်က အင်္ဂလိပ်စကားတောင် လိပ်ပတ်လည်အောင် ပြောမတတ်တဲ့ ၅-၆ နှစ်ကလေးရဲ့ ခြိမ်း
ခြောက်သလိုစကားကို မိဘတွေက တကယ်ယုံကြည်လို့လား ၊ သူတို့ဘာသာ အလိုလိုက်ချင်လို့
လား ၊ ရိုးလွန်းလို့ “အ”သွားတာလား ဆိုတာကတော့ နတ်ဘုရားများပဲ သိကြပါလိမ့်မယ် ။ ဒီနိုင်ငံ
မှာ အစဉ်အဆက် နေလာသူတွေထဲကတောင် မိဘက ခါးပတ်နဲ့ရိုက်ပြီး ဆုံးမတာမျိုးတွေ ရှိနေ
တုန်းပါ ။ ကိုယ့်ဇာတ်ကိုယ်နိုင်ရင် ပြီးပါတယ် ။ လိုက်လုပ်ဖို့တော့ မဟုတ်ပါ ။ အတိုင်းအတာ အ
ကန့်အသတ်တွေ သိနိုင်အောင်နဲ့ နှိုင်းယှဉ်ကြည့်နိုင်အောင် ပြောပြတာပါ ။

     နောက်တစ်ဖွဲ့ကတော့ ဆယ်ကျော်သက်အရွယ် ကလေးအချို့ပါ ။
     လိုရင်းပြောရရင် ဒီကလေးဟာ သူတို့အတွက်ရတဲ့ အစိုးရထောက်ပံ့ကြေးကို မိဘက ကိုင်တွယ်
မယ့်နေရာမှာ ၊ အဲဒီလိုမဟုတ်ပဲ မိဘလက်ထဲ တစ်ပြားမှမပေးပဲ ကိုယ့်ဘာသာသုံးစွဲတဲ့အပြင် အ
ပေါင်းအပါတွေပါ အိမ်ကိုခေါ်လာပြီး စားသောက်နေထိုင်ကြတဲ့ကိစ္စပါ ။

     ဒီလိုဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ သားသမီးတွေဟာ အသက်ပြည့်တာနဲ့ ကိုယ့်ဘာသာရပ်တည်ဖို့ ကြိုး
စားတာနဲ့ လွတ်လပ်တဲ့ သဘောဆောင်လာတာတွေဟာ သဘာဝပါ ။ ဒါပေမယ့် .. ဒါပေမယ့် သတိ
မမေ့ဖို့ကတော့ မြင်တာတွေထဲက လွယ်တာနဲ့ ကြိုက်တာကို အတုခိုးချင်တာပဲသိပြီး ထည့်တွက်စရာ
ဘာတွေရှိသေးလဲ မသိချင်ကြတဲ့ လူငယ်လေးတွေနဲ့ ၊ မသိတာလား ၊ ရိုးအလွန်းတဲ့မိဘတွေမို့လား
မသေချာတဲ့သူတွေကြားမှာ ပါးစပ်က ယားယားလာပါတယ် ။

     ဒီနိုင်ငံတွေမှာ လေးစားမှု (respect) နဲ့ တာဝန်ယူမှု (responsibility) တွေကို ကျောင်းတိုင်းမှာ
သင်ပေးသလို လူတိုင်းလိုလိုလည်း သိနားလည်ထားကြပါတယ် (လူတိုင်း လိုက်လျှောက်တယ်လို့
တော့ မဆိုလိုပါ) ။ ဒီလိုပဲ သားသမီးတွေအသက်ပြည့်လို့ အစိုးရထောက်ပံ့ကြေးကို ကိုယ်ပိုင်ကိုင်
တွယ်သုံးစွဲခွင့် ရှိလာတဲ့အချိန်မှာ မိဘနဲ့ဆက်နေနေသေးရင် ရတဲ့ငွေထဲက အိမ်လခ ၊ အထွေထွေ
စားရိတ်နဲ့ စားစရိတ်တွေကို အချိုးကျပေးပြီး ပိုတာမှသုံးလို့ရပါတယ် ။ လေးစားမှုနဲ့ တာဝန်ယူမှုတွေ
ကို ခုန်ကျော်ပြီး ကိုယ်ထင်ရာစိုင်းနေကြတဲ့ သားသမီးတွေနဲ့ ၊ ခွင့်ပေးထားကြတဲ့ မိဘတွေကတော့
ရေရှည်မှာ ဘယ်စခန်းနဲ့ သွားကြမလဲဆိုတာ ရင်လေးမိပါတယ် ။

     နောက်ဆုံးတစ်ခု တွေ့မိတာက ဖေ့စ်ဘွတ်မှာ တိုင်းရင်းသူ ကလေးမလေးတွေ သူတို့ကိုယ်ကို
sexy ဖြစ်အောင် ကြိုးစားပမ်းစား လုပ်ပြနေကြတဲ့ပုံပါ ။ ဗိုက်သားတွေကို ပိုစတာတွေထဲကလို အလု
အယက်ဆွဲလှန်ပြနေကြပြီး မျက်လုံးပတ်ပတ်လည်မှာလည်း အညိုအမည်းကွင်းတွေလို ဖြစ်အောင်
ချယ်ထားကြရှာပါတယ် ။

     အချို့လည်း ဒီအရွယ်မှာတော့ ဒီလိုပါပဲ ၊ ဆန့်ကျင်ဖက်လိင်ကို စိတ်ဝင်စားကြမယ် ၊ ဆန့်ကျင်
ဖက်လိင်တွေက သူတို့ကိုစိတ်ဝင်စားအောင်လည်း လုပ်ကြမှာပဲဆိုပြီး ပြောချင်ပြောနိုင်ကြပါတယ် ။
ဒါပေမယ့် ကျနော်သိသမျှပြောရရင်တော့ မျက်ကွင်းညိုမည်းနေတာဟာ လိင်စိတ်သိပ်ပြင်းထန်တဲ့ အမျိုးသမီးတွေမှာ ဖြစ်တတ်ပါတယ် ၊ ပြီးတော့ ကိုယ်ခန္ဓာရောင်းစားသူတွေမှာလည်း အဲဒီလိုတွေ
တွေ့ရနိုင်ပါတယ် ။ တူအောင်ဆိုပြီး ကာချယ်တွေ စွတ်ဆွဲပြီး ၊ ကော့ပြ လှန်ပြနေရင်တော့ ... အင်း
... ခက်ကြဦးမယ် ထင်ပါတယ် ။ ဒါပေမယ့် ချွင်းချက်ကော မရှိဘူးလားဆိုရင်တော့ ၊ ရှိပါတယ်ဗျား ၊
punk သမားတွေလိုတော့ ရှိတာပေါ့ဗျာ ။

    ဒါ့ပြင် အသေးစိတ်တွေပြောချင်ရင်တော့ အများကြီးရှိပါတယ် ။ အကြမ်းလောက်ပြောရရင် ဘယ်
ဆံပင်ပုံဟာ ပြဿနာများတတ်တဲ့သူတွေ ၊ ဘယ်အဝတ်အစားဝတ်သူတွေဟာ အပျော်ကျူးတတ်သူ
တွေ ၊ ကိုယ့်ကိုယ်ကို တန်ဖိုးသိပ်မထားတတ်သူတွေ စသည်ဖြင့် ကိုယ်ပိုင်အတွေ့အကြုံအရ အကြမ်း
ဖျင်းပြောလို့ရသလို သုတေသန လုပ်ထားတာတွေလည်း တခါတရံ သတင်းစာတွေထဲ တွေ့နိုင်ပါ
တယ် ။ ထားပါတော့ ၊ အချုပ်အားဖြင့်တော့ အထူးသဖြင့်မိန်းကလေးတွေအတွက် ပြောရရင် အညှီ
ရှိရာ ယင်ကောင်ပဲလာမယ် ၊ ဘယ်ရွှေဟင်္သာမှ မလာဘူး ၊ တနည်းအားဖြင့် တန်ဖိုးထားတတ်သူတွေ
မလာဘူးဆိုတာကို မိဘနဲ့ သက်ဆိုင်သူတွေက လူငယ်တွေကို အသိပေး သွန်သင်ပြနိုင်ရင်တော့ အ
ကောင်းဆုံးဖြစ်ပါလိမ့်မယ် ။

     အားလုံးကို ပြန်ချုပ်ရရင် တတိယနိုင်ငံရောက်သူတွေအနေနဲ့ ယဉ်ကျေးမှုဆိုင်ရာ အံ့သြထိတ်လန့်
မှု (culture shock) ဖြစ်တတ်တဲ့အကြောင်း ကျနော်ရေးခဲ့ဖူးတာနဲ့ ဆက်စပ်ပြီးသတိပေး အသိပေး
ချင်တာပါပဲ ။ တိုင်းရင်းသူ တိုင်းရင်းသားတွေအပါအဝင် အားလုံးကိုပါ ။

     ကျနော်ဟာ ရှေးရိုးစွဲတစ်ယောက်လို ဖြစ်နေကောင်းဖြစ်နေပါလိမ့်မယ် ။
     ဒါပေမယ့် မွေးရပ်မြေမဟုတ်တဲ့ နိုင်ငံရပ်ခြားမှာ လူတစ်ဦး တစ်ယောက်ချင်းစီရဲ့ ဘဝတွေကို အ
ကောင်းဆုံးဖြစ်စေချင်တဲ့ စေတနာတော့ရှိပါတယ် ။ ကျနော် စူပါမင်းမဟုတ်ပါဘူး ၊ အသိပေး သတိ
ပေးရုံပဲ လုပ်နိုင်မှာပါ ။ အချို့သူတွေအတွက် မြင်နိုင် နားလည်နိုင်ဖို့ ၊ ပြင်ဖို့တွေမှာ အခက်အခဲ ရှိနိုင်တာလည်း နားလည်ပေးပါတယ် ။ ဘယ်လိုပဲဆိုဆို တကယ်တန်း ပြုပြင်ပြောင်းလဲဖို့ တတ်နိုင်
သူတွေဟာ (၁) မိမိကိုယ်တိုင်နဲ့ (၂) ပတ်ဝန်းကျင်အပါအဝင် လူမှုအသိုင်းအဝိုင်းနဲ့ ခေါင်းဆောင်လုပ်
နေသူတွေပါပဲ ။ အစွန်းလေးတွေ ပိုပိုလွန်လွန် မထွက်မိကြစေဖို့ လက်တို့လိုက်ပါတယ် ။


     ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်တွေကို အလွဲမသုံးမိကြဖို့ ဆန္ဒပြုရင်း ၊


မန်းကိုကို
၂၄၊ ၀၄၊ ၂၀၁၁


-      ဒီပို့စ်ကို ရေးထားပြီးသားဖြစ်နေရာက အသေအချာမတည်းဖြတ်ပဲ အလျင်မပြတ်အောင်ဆိုပြီး
     အလွယ်လုပ် အမြန်တင်လိုက်တာမို့ ချွတ်ယွင်းချက်တွေ အများကြီးရှိမှန်းတော့ သိပါတယ် ။
     ဆွေးနွေး အကြံပေး ထောက်ပြလို့ ရပါတယ် ။

-   တလောက ဖူ့တာမိုက်ဘလော့မှာတွေ့မိတဲ့ ဗီဒီယိုကလစ်တစ်ခုနဲ့ ပတ်သက်ပြီး အကောင်းမြင်
     တဲ့အပိုင်းတွေကိုတော့ နောက်ပို့စ်တစ်ခုကျမှ ပြောပါဦးမယ် ။

5 comments:

  1. ဦးမန်းကိုကို

    သူတို့နိုင်ငံယဉ်ကျေးမှုအရ လူချင်းတွေ့လို့ နှုတ်ဆက်ရင်ဖြစ်ဖြစ် ၊ လမ်းခွဲခါနီးနှုတ်ဆက်ရင်ဖြစ်ဖြစ် ပါးတွေကို သူတို့ နှုတ်ခမ်းတွေနဲ့ ဘယ်ပြန်ညာပြန်နမ်းခံရတယ် ။ တစ်ချို့ယောက်ျားလေးတွေ က ရင်ချင်းအတင်းဆွဲကပ်ပြီးနမ်းလို့ လက်နှစ်ဖက်ကိုရှေ့မှာကာထားရတယ်။
    ရွှေဟင်္သာတွေရပေမယ့်လည်း သူတို့ယဉ်ကျေးမှုကိုတော့မကြိုက်ဘူး ။ သူငယ်ချင်းလို့ပြောပြီးလည်း အတူအိပ်ကြတယ် ။ ဒါကြောင့် ယောက်ျားလေးသူငယ်ချင်းလည်း ခင်အောင်ဘယ်တော့မှမပေါင်းဘူး ။ မေးထူးခေါ်ပြောလောက်ဘဲ ။ အရွယ်ရောက်ပြီးမှ ဥရောပကိုရောက်လို့ လားတော့မသိဘူး ။ ဘယ်လိုမှလက်ခံလို့မရဘူး ။ တစ်ခါတစ်လေ boy friend ထားချင်ပေမဲ့ အဲဒီယဉ်ကျေးမှုကို ကြောက်တယ် ။

    ReplyDelete
  2. ယဉ်ကျေးမှုဆိုတာ ကြောက်စရာ မဟုတ်ပါဘူး ၊ အလိုက်သင့်အောင် ညှိနှိုင်းရတာတွေ ရှိနိုင်ကောင်း ရှိနိုင်ပေမဲ့ ရင်ဆိုင်ကျော်လွား သွားရမယ့် ဘဝရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ ။ ဒါပေမယ့် တွေ့လာကြုံလာရတာတွေ တစ်ခုချင်းစီအတွက် ဆုံးဖြတ်ချက်ကိုတော့ ကိုယ်ပိုင်အသိနဲ့ လုပ်ရမှာပေါ့ ။ ကိုယ့်ထက် အတွေ့အကြုံပိုတဲ့ အသက်ကြီးသူ ၊ သူ့နေရာနဲ့သူ ပိုသိသူတွေကို ဆည်းကပ်သင့်ရင်လည်း ဆည်းကပ်ဖို့ လိုနိုင်ပါတယ် ။

    တစ်ဖက်မှာလည်း ယဉ်ကျေးမှုနဲ့ ဓလေ့နှစ်ခုကြား အကူးအပြောင်းကာလမှာ ရုပ်မပျက်ဖို့လည်း သတိထားပေး ရတတ်ပါတယ် ။ ဥပမာ လက်နှစ်ဖက်နဲ့ ကာတာမျိုးက ဗီဒီယို သီချင်းခွေတွေထဲမှာလည်း တွေ့ဖူးပါတယ် ။ ကြည့်ရတာ သိပ်အဆင် မပြေလှပါဘူး ။

    စဉ်းစားကြည့်တာတော့ အချို့နေရာတွေမှာ (ဥပမာ ခုံမှာ ထိုင်နေတာမျိုးဆိုရင်) ကြားက တစ်ခုခုခံနေအောင်လုပ်ပြီး ရှေ့ကိုကိုင်းနှုတ်ဆက်ရင် လက်ကာရတာက ရှောင်နိုင်ကောင်း ရှောင်နိုင်ပါလိမ့်မယ် ။ ဒါပေမယ့် အချိန်နဲ့ နေရာ ကွာနိုင်သလို ၊ အဝေးကနေ အကြံပေးရတာဆိုတော့ ကိုယ်တိုင်ကြုံရသူက ပိုသိပါလိမ့်မယ် ။ ကံကောင်းပါစေ ... :-)

    ReplyDelete
  3. ခံစားချက်ချင်း တူသူမို့.. လေးလေးနက်နက် စဉ်းစားသွားတယ်.. ဦးလေးမန်းရေ.. ဒါပေမယ့် ခက်တာက အဲဒီရေစီးကြောင်းမှာ နစ်မျောနေတဲ့ လူငယ်တွေက များနေပြီး ဆယ်မယ့်သူက နည်းနေတော့ ကယ်ဆယ်ရေးနည်းလမ်းကောင်းတွေကို ကျွန်တော်တို့ သေချာ စဉ်းစားမှ ဖြစ်မယ်။ (ထင်တယ်)

    ReplyDelete
  4. အင်း ... သူများကို ဆယ်ဖို့ထက် ကိုယ်မနစ်အောင်လုပ်ဖို့က ပိုအရေးကြီးမလား စဉ်းစားပါဦး :-)

    “လိုလျှင်ကြံဆ နည်းလမ်းရ” ဆိုသလို ရှာနိုင်ရင် တစ်နည်းတစ်လမ်းနဲ့တော့ တည့်နိုင်ကောင်းပါတယ် ။ ဒါပေမယ့် ၁၀၀% တော့လည်း မဖြစ်နိုင်ဖူးပေါ့ ။

    နောက်ထပ် စဉ်းစားစရာတွေက - ခေတ်ရဲ့ ရေစီးကြောင်းနဲ့ လူသားတွေရဲ့ စိတ်သဘောသဘာဝတွေပေါ့ ။ ဆိုချင်တာက ဘယ်လိုစိတ်စေတနာရှိရှိ ၊ စူနာမီလိုတက်လာတဲ့ ခေတ်လှိုင်းရှေ့မှာတော့ သွားမရပ်မိဖို့ လိုတာပေါ့ ။ နောက်ပြီး လူ့စိတ်ထားတွေကလည်း အပြောကျယ်တဲ့ ပင်လယ်လိုလို ၊ မာယာများတဲ့ တောလိုလိုဆိုတော့ လောလောဆယ် အများဈေးနဲ့ ပျမ်းမျှလောက်ပဲ ရေးနိုင်ပါသေးတယ် ။ နောက်မှ လက်လှမ်းမီသလောက် ကောက်သင်းကောက် ပြောပါဦးမယ် ။

    တစ်ဖက်မှာကလည်း သူများကို ကိုယ်ချင်းစာဖို့ တွင်တွင်ပြောနေသူတစ်ယောက် အနေနဲ့ ကိုယ်တိုင်ကိုယ်ကျ သူများနေရာ မရောက်ဖူးပဲ ရမ်းပြောနေတာမျိုး မဖြစ်ဖို့လည်း သတိထားရပါတယ် ။ ကဲ .. ဆရာမိုးယံလည်း ချာလပတ်လည်နေပြီလား မသိဘူး ၊ အများလာဖတ်တဲ့ နေရာမှာရေးတာဆိုတော့ တစ်ခါတစ်လေ ဒီလိုပဲ ဝေ့လည်ကြောင်ပတ် ဖြစ်တတ်တယ်လေ .. :-)

    ReplyDelete
  5. ကြုံတုန်း မှတ်တမ်းလေး တင်ထားချင်လို့ပါ ၊

    ပြီးခဲ့တဲ့အပတ် တနင်္ဂနွေနေ့ နေစောင်းပိုင်းမှာ အပေါ်ကရေးခဲ့တဲ့ ကလေးလေးရဲ့ အဖေလုပ်သူ ပြူးပြူးပြာပြာနဲ့ ရောက်လာခဲ့ပါတယ် ၊ အဲဒီကောင်လေးရဲ့အထက်က ၁၃ နှစ်လောက်ရှိတဲ့ သူ့အမတစ်ယောက် ပျောက်နေလို့ပါတဲ့ ၊ ဒီအိမ်ကိုများ လာလည်နေသလားပေါ့ ။

    မဖြစ်ဖူးဆိုပြီး ဘေးနားက ကစားကွင်းနဲ့ လမ်းတွေမှာ လမ်းလျောက်ပြီး လိုက်ရှာပေးနေခဲ့ပါတယ် ။ မဒမ်မန်းကိုကိုကတော့ သူတို့အိမ်ရှေ့မှာ ဝိုင်းစောင့်ပြီး ကောင်လေးအဖေက သူ့သူငယ်ချင်းအိမ်ဖက် စက်ဘီးနဲ့ သွားမေးပါတယ် ။ ကလေးအမေက အိမ်မှာမရှိဘူး ။

    ဆယ့်ငါးမိနစ်လောက် လမ်းပတ်လျောက်ရှာပြီးပြန်လာတော့ ကလေးမလေး ပြန်ရောက်နေနှင့်တာ တွေ့ရတယ် ။ အိမ်ဘေးက သိရိလင်္ကာကုလားအိမ်ကို သွားလည်တာတဲ့ ။ ဒါနဲ့ အဲဒီလိုသွားရင် ပြောဆိုပြီးမှသွားပေါ့ဆိုတော့ (ပုံစံကသာ တုံးတုံးအအနဲ့) လူကိုတစ်ခွန်းမခံ ပြန်ပြန်ပြောပါတယ် ။ သူ့အဖေပြန်ရောက်အောင် စောင့်ပြီးအပ်ပေးလိုက်တယ် ၊ သူ့အဖေကတော့ လေသံပျော့လေးနဲ့ အဲဒီလိုသွားရင် ပြောသွားပေါ့လို့ ပြောနေခဲ့ပါတယ် ။

    ကလေးမသွားတဲ့ ကုလားကြီးအိမ်က သဘောကောင်းတယ်လို့ နားလည်ထားပါတယ် ။ ဒါပေမယ့် ကားပေါတဲ့တိုင်းပြည်မို့ စက္ကန့်ပိုင်းအတွင်း ကားနဲ့တင်သွားလို့ ရနိုင်တဲ့ အနေအထားမျိုးရှိပြီး ဖြစ်ခဲ့တာတွေလည်းရှိ ၊ ရလာဒ်တွေကလည်း မကောင်းခဲ့တာမို့လို့ ကိုယ်ကတော့ ဝိုင်းစိတ်ပူပေးတာပါ ။

    နောက်လည်း သူ့မိဘတွေကို ထပ်ပြောရပါဦးမယ် ။
    အင်း ... ခက်ကြဦးမှာပဲ ...

    ReplyDelete