ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Sunday, December 12, 2010

သတင်းများနဲ့ တွေးမိသမျှ




     ဒီရက်ပိုင်းအတွင်းထွက်လာတဲ့ သတင်းတွေထဲက စိတ်ဝင်စားတာလေးအချို့ကို လက်လှမ်းမှီသမျှ
လိုက်တွေးကြည့်ပါတယ်။ လူတတ်ကြီးလုပ်ချင်တာမဟုတ်ပေမယ့် မိတ်ဆွေတွေနဲ့ အမြင်ချင်းဖလှယ်ချင်
တဲ့ဆန္ဒကြောင့် ရေးဖြစ်တယ်လို့သာ သဘောထားစေလိုပါတယ်။ မပြည့်စုံမှာ သေချာတာကြောင့်လည်း
ဆွေးနွေးလိုသူတွေကိုလည်း ဖိတ်ခေါ်ပါတယ်။ ဆွေးနွေးရာမှာလည်း သုံးသပ်ဝေဖန်တတ်မှမဟုတ်ပါ
ဘူး။ ရှိတဲ့သဘောထားကို အလွတ်သဘောပြောလို့လည်း ရပါတယ်။

     ဖိတ်ခေါ်မယ့်သာ ဖိတ်ခေါ်တာပါ၊ ကိုယ့်ဘလော့ရဲ့ ရှေ့ကအစဉ်အလာကိုကြည့်ရင် ဖတ်ပြီးခေါင်းညိမ့်
ပြန်ကြမှာ မြင်ယောင်ပါတယ်။ (ခေါင်းညိမ့်တယ်ဆိုလို့လည်း ထောက်ခံတယ်လို့ပြောတာ မဟုတ်ပါဘူး၊
အော် … ဆိုတဲ့ပုံစံမျိုးနဲ့ ပြန်သွားတာကို ပြောတာပါ။ အင်း .. စကားချီးက ထုံးစံ အတိုင်း ရှည်နေပြန်ပြီ။)

- ဝီကီလိခ်သတင်းတွေ ဖတ်ဖြစ်တယ်။ NLD ကို ဝေဖန်ထားတာတွေ သဘောကျမိတယ်။
ဘေးကကောက်ချက်ချသူတွေရဲ့ အမြင်ကိုသိရတာ NLD အတွက် ကိုယ့်အနေအထားကိုယ်ပြန်မြင်ဖို့ အ
ခွင့်အရေးကောင်းတစ်ခုလို့ ယူဆတယ်။ ဘက်မလိုက်တဲ့အမြင်မို့ ကိုယ်ဘာလိုနေသလဲဆိုတာ အချင်းချင်း
မျက်နှာပျက်ခံပြီး ပြောစရာမလိုတော့ပဲ အသိပေးပြီးသားဖြစ်သွားတာပေါ့။ ဒါပေမယ့် အပုတ်ချခံရတယ်
လို့မြင်ပြီး စိတ်ဆိုးရင်တော့ ရင်လေးစရာရှိတယ်။

     ဒါ့ပြင် ဝီကီလိခ်ကိစ္စကို စဉ်းစားမိတာက အမေရိကန်က သူ့ဆက်သွယ်ရေးလိုင်းကို တမင်တကာအ
ဖေါက်ခံပြီး (အခြားသူတွေသိစေချင်တဲ့ အရာတွေကို) တဖက်လှည့်နဲ့ ဖွင့်ပေးလိုက်သလားလို့။ ဘာလို့
လည်းဆိုတော့ ကမ္ဘာပေါ်မှာ အမေရိကန်ရဲ့သြဇာနဲ့ စီးပွားရေးကကျနေတယ်။ သူတို့တာဝန်ယူ ထားမိတဲ့
ဝန်ထုပ်ဝန်ပိုးတွေကလည်း မနိုင်မနင်းကြီးဖြစ်နေလေတော့ လက်ရှိအကြပ်အတည်းကနေ အမြန်လွတ်
နိုင်ဖို့ အသုံးစရိတ်တွေကို ဖြစ်နိုင်ရင် မတန်တဆလျှော့ဖို့လိုတာရယ်၊ သံတမန်ရေး ရာမှာ (ဖဲ) ကစားနေ
တဲ့စားပွဲကို မှောက်ပစ်တဲ့နည်းနဲ့ ပွဲဖြတ်ပစ်ချင်တာမျိုးတွေရယ် ဖြစ်နိုင်တယ်လို့ ထင်မိတယ်။ မျက်နှာပျက်
ရတာတွေကတော့ ပေးရမယ့်အရင်းအနှီးတွေထဲက တစ်ခုပေါ့။ ဇာတ်လမ်းကြီးတစ်ခုလုံးအတွက် ဝီကီ
လိခ်ပိုင်ရှင်ကို ဖမ်းတာလောက်ကတော့ အသေးအဖွဲလေးပါ။

     ကျနော်မှားဖို့ အများကြီးဖြစ်နိုင်ပါတယ်။ ချွတ်ချော်ပြီး ကျနော်ထင်တာအမှန်ဖြစ်ခဲ့မယ်ဆိုရင်တော့
ဒီရာစုနှစ်အတွင်း အကြီးဆုံးဆင်ကွက်ကြီးတစ်ခု ဖြစ်သွားနိုင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ကြည့်ရင်
ခုထိလည်း ဘယ်သူ့ကိုမှအလဲထိုးမယ့်ဖွင့်ထုတ်ချက်တွေ မပါသေးဘူးလို့ထင်ပါတယ်။ ဝီကီလိခ်က ထိန်း
ထိန်းသိမ်းသိမ်းဖွင့်ချတာလည်း ဖြစ်နိုင်တာပါပဲ။ တစ်ခုရှိတာကတော့ ဝီကီလိခ်ဟာ သတင်းပုံစံသစ်လို့
အမည်ရတဲ့ ခေတ်သစ်သတင်းကဏ္ဍရဲ့ ဘောင်ထဲဝင်မဝင်ဆိုတာကတော့ ရှေ့ရှောက်အများကြီး အငြင်း
ပွားစရာတွေရှိတယ်လို့ ယူဆပါတယ်။

- ဒေါ်စုနဲ့ပတ်သက်လို့က သူ့သားငယ်ကိစ္စ။
သူ့သားငယ်မြန်မြန်ပြန်သွားတာ ဒေါ်စုအတွက်ကောင်းတယ်လို့ထင်တယ်။ ယေဘုယျအမြင်ကို ပြောရရင်
သူဟာဒေါ်စုအတွက်အထောက်အကူ (asset) ဆိုတာထက် အနှောင်အဖွဲ့ (liability) လို့ထင်တယ်။ ရေ
ရှည်မှာ သူပြောင်းလဲမှုအချို့လုပ်ရင်တော့ မပြောတတ်ဖူးပေါ့။ မိသားစုအရေးလည်းဖြစ်တော့ အသေးစိတ်
မပြောချင်ပါဘူး။ အချို့သူတွေအတွက် မကြိုက်တာ လက်မခံချင်တာကို ဆောက်နဲ့ထွင်းသလို ပြောမိတာ
မျိုးဖြစ်မှာရယ်၊ အချို့အတွက်တော့ နည်းပေးလမ်းပြဖြစ်သွားရင် ကိုယ်မကောင်းဘူး ဖြစ်မှာလည်းစိုးပါ
တယ်။ (ဒီလိုပြောလို့ အဆင့်မြင့်မြင့်တွေးနေတာလို့တော့ အဓိပ္ပါယ်မကောက်စေချင်ဘူး။ ကလေးကလား
အမြင်တချို့လို့တောင် ခေါ်လို့ရနိုင်တာလေးတွေပါ။)

- နာမည်ရှိတဲ့ မြန်မာသတင်းဌာနတစ်ခုက ဆောင်းပါးတစ်ပုဒ်ဖတ်မိတယ်။ အကြောင်းအရာကို အသာ
ထားလို့ ဆောင်းပါးရှင်က ပြည်သူတွေကို အထပ်ထပ်အမွမ်းတင်နေတာကို သွားမြင်မိတယ်။ ဒီလိုလုပ်
တာကို မှားတယ်လို့မပြောချင်သလို ဆောင်းပါးရှင်ဟာလည်း ကိုယ်လေးစားမိတဲ့သူတစ်ဦးပါ။ ဒါပေမယ့်
မြန်မာပြည်လူထုဟာ အားလုံး သိ တတ် နားလည် ပါးနပ်တယ်ဆိုပြီး ထပ်တလဲလဲ ပြောလာတဲ့အခါကျ
တော့ နည်းနည်းလေးထောက်ပြချင်စရာ ဖြစ်လာပါတယ်။ သူပြောသလောက် မြန်မာပြည်သူ ပြည်သား
တွေဖြစ်နေမှတော့ သူတောင်နည်းပေးထောက်ပြ ရေးနေစရာလိုပါ့အုံးမလားလို့ အတွေးပေါက်မိတယ်။
သူ့လို နိုင်ငံရေးသမားနဲ့ နိုင်ငံရေးအမြင်ရှိသူတွေက ရေးပြပြောပြမှသာ အခြားသာမန်လူတွေကော သူ့
လိုလူတွေပါ အတွေးစတွေရ ဆွေးနွေးဖို့တွေရှိလာကြ မြင်လာကြမယ်လို့ထင်တယ်။ သူခံယူတဲ့ဝါဒ၊ သူ
လှုပ်ရှားနေတဲ့ နေရာနဲ့ လိုအပ်ချက်တွေအရ သူရေးတယ်ဆိုတာကို သဘောပေါက်ပါတယ်။ မြင်တာကို
မပြောရ မနေနိုင်တဲ့ကိုယ့်အပြစ်ပါ။

- နောက်ဆုံးတစ်ခုက အင်္ဂလန်မှာ ကျောင်းသားတွေဆန္ဒပြနေကြတွေနဲ့ တခါတရံမှာ ထိန်းမနိုင်သိမ်းမရ
ဖြစ်တာ၊ မဆီမဆိုင်ရုပ်ပြဘုရင်စနစ်က ချားလ်စ်မင်းသားနဲ့ ကြင်ယာတော်ရဲ့ကားပါ အနှောင့်အယှက်ပေး
ခံရတာတွေပါ။ (ကိုယ်နေတဲ့နိုင်ငံ မဟုတ်လေတော့ ပြောတာလိုသွားရင် အင်္ဂလန်သားများ ငယ်ထိပ်
လာထုမှာလည်း စိုးတော့အစိုးသား။)

     သူတို့မှာ တက္ကသိုလ်ကျောင်းလခတွေကို နှစ်ဆထပ်တိုးပြီး တစ်နှစ်ကို ပေါင် ၁၅၀၀၀ လောက်
ကောက်မယ်ဆိုတော့ မြန်မာငွေနဲ့တွက်ရင် ဦးကပ်စေးနဲ့အမျိုးတော်စရာမလိုပဲ တက်ချင်ချက်ချင်စရာ
ပေပဲဗျ။ ဒီတင် တိုင်းမဂ္ဂဇင်းအဆိုအရ အမေရိကန်ကားမှာ သူတို့ထက်တောင် ကျောင်းစရိတ်ပိုကြီး
သေးတယ်ပြောပြန်တော့ ဆန္ဒပြသူတွေက ခပ်ကဲကဲဖြစ်နေသလားလို့ အတွေးဝင်ရပြန်တယ်။ အရင်က
အခမဲ့နီးပါးတက်လို့ရတဲ့ တက္ကသိုလ်ကျောင်းတွေ တစ်နှစ်စာကျောင်းလခကို ပေါင် ၅၀၀၀ အထိတက်
လာခဲ့လို့ မျက်လုံးတွေပြူးရမလို ဖြစ်တဲ့ကြားက အခု သုံးဆဖြစ်အုံးမယ်ဆိုတော့ အင်း … ကလေးတွေ
ဖက်ကကြည့်ပြန်ရင် အင်မတန်မတရားရာကျနေပြန်ရော။

     ဒါပေမယ့်တခါ တက္ကသိုလ်တက်ဖို့ ငွေချေးလို့ရတာတွေ၊ အလုပ်ရတဲ့အခါလည်း လခနည်းရင် ပြန်ဆပ်
စရာမလိုတာတွေ၊ ပြန်ဆပ်ပြန်ရင်လည်း အရစ်ကျနည်းနည်းစီပဲ ဆပ်သွားလို့ရတာတွေကို သိရပြန်တော့
ဖွံ့ဖြိုးဆဲနိုင်ငံထဲပါတဲ့ မြန်မာပြည်လိုနေရာကလာသူ ကျနော်တို့မှာ တော်တော်အတွေးရကြပ်တာကလား။
ကိုယ်တွေမှာက ကမ္ဘာ့အဆင့်မှီပညာရေးသင်ယူနိုင်ဖို့၊ ဘဏ် သို့မဟုတ် အစိုးရဆီက ချေးငွေရဖို့၊ (အိမ်ရှေ့
မင်းသားကားလို) အာဏာပိုင်တွေကို မကျေနပ်လို့ သူတို့ကားကို တစ်ခုခုနဲ့သွားပေါက်ဖို့နေနေသာသာ
ကိုယ့်သဘောထားထုတ်ဖေါ်ဖို့တောင် မလွယ်တာမို့ အားပဲကျရတော့မလို အပြစ်ပဲတင်ရတော့မလိုမို့
ချိုချဉ်များ ငုံထားရသလို အတိကျပြောလို့မရတဲ့ အရသာ (အတွေး) တွေနဲ့ပါ။ (ငယ်ငယ်ကတော့ အား
အားနေ ဆန္ဒပဲပြနေတဲ့ အနောက်နိုင်ငံကလူတွေကို ဘယ်လိုနားလည်ရမှန်း မသိခဲ့ဘူး။ ခုတော့လည်း
နားလည်လုနားလည်ခင်လေးပေါ့။)

     တဖက်မှာလည်း အင်္ဂလန်နိုင်ငံစီးပွားကျလာတဲ့အပိုင်း၊ ခေတ်လူငယ်တွေ ဒုက္ခဆိုတာမခံစားဖူးပဲ အလို
လိုက်ခံထားရရာက ရုတ်တရက် (နိုင်ငံရဲ့) လက်တွေ့ဘဝမှန်ကို ရင်ဆိုင်ဖို့ချက်ချင်း လှည့်ပေးလိုက်သလို
ဖြစ်သွားတဲ့အပိုင်းနဲ့ အခြား ကျနော်လက်လှမ်းမမှီတဲ့ သူတို့နိုင်ငံရဲ့ အစိုးရပေါ်လစီနဲ့ စီမံခန့်ခွဲမှုအပိုင်း၊ ယဉ်
ကျေးမှုနဲ့ လူမှုရေးအပိုင်းတွေလိုဟာမျိုးတွေ ရှိနိုင်သေးတာမို့ အတိအကျ မဝေဖန်ပဲ အင်္ဂလန်ကမိတ်ဆွေ
များ ဆွေးနွေးပေးဖို့အတွက် ချန်ထားရပါကြောင်း ….

9 comments:

  1. အမေရိကန်ရဲ့လှည့်ကွက်လားမသိ...

    ReplyDelete
  2. ကျော်ထင်December 12, 2010 at 5:33 AM

    ဆြာမန်း ရဲ့ သတင်းသုံးသပ်ချက်လေးတွေအပေါ် ဝေဖန် ဆွေးနွေးပါဆိုတော့ အားနေတာနဲ့ ပြောကြည့်လိုက်အုံးမယ်။
    ၁) Wikileak သတင်းတွေ အန်ကယ်ဆမ် ကြီးက တမင်ဖောက်ချလိုက်သလားဆိုတာတော့ 9/11ကို Bush administration က စီစဉ်တာ၊ Lehman shock ဟာ အမေရိကန် ဘဏ်တွေပြိုလဲမှာစိုးလို့ အကြွေးမဆပ်ပဲ မေ့နေနိုင်ကြတဲ့ သူတွေဆီက ညှစ်ထုတ်ဖို့ အစိုးရက တမင်ဖန်တီးတာ စတဲ့ conspiracy theory များနဲ့ အလားတူတဲ့ စိတ်ကူးသာသာပဲဖြစ်မယ်လို့ထင်တယ်ဗျ။ ဆြာမန်းက ပိုမိုလုံလောက်ခိုင်မာတဲ့ အထောက်အထား၊ဖြစ်စဉ်နဲ့အလားအလားအလာ တွေကိုပါ ဖြည့်စွက်ပြောနိုင်ရင်တော့ ပိုကောင်းမယ်။
    ၂) ဒေါ်စုသားကိစ္စနဲ့ပတ်သက်လို့တော့ မိသားစု အရေးကို သာမန်လူသားတစ်ယောက် အမြင်အနေနဲ့ပဲ နွေးနွေးထွေးထွေးကြည့်တာ ပိုကောင်းပါတယ်။
    ၃) ကတော့ ဆရာ လူထုဦးစိန်ဝင်းကို ဆိုလိုပြောတာဖြစ်မယ် လို့ဗြောင်ပဲ ဖွင့်ပြောလိုက်ပါရစေ။ ကျနော်လဲ နိုင်ငံရေးနဲ့၊ ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး နောက်ပိုင်း သူပြောနေတာတွေ သဘောမတွေ့လှပေမယ့်၊ လက်တွေ့ လူထုနဲ့ပိုမိုနီးစပ်နေတဲ့ သူက လိုအပ်ချက်အရ ပြောနေတယ်လို့ပဲ တွေးယူလိုက်တယ်။ သူပြောတာတွေကို သဘောမကျတဲ့အထဲမှာ သူ့ကလောင်နာမည်မှာခံယူထားတဲ့ လူထုရဲ့ မျိုးဆက်တောင် ပါနေသေးတာပဲ။ အခြားသူတွေ သဘောမကျတာ မထူးဆန်းပါ။ ဒါပေမယ့် အခြားidealistic ပေတံတွေကို ခနဘေးချပြီး pragmatic ပေတံနဲ့ တိုင်းကြည့်နိုင်ရင် ပိုကောင်းမယ်ထင်တယ်။
    ၄) အင်္ဂလန် တက္ကသိုလ်ကျောင်းသားများ ဆန္ဒပြတဲ့ ကိစ္စကတော့ ရုတ်တရက်ကြီး ၃ဆလောက် ခုန်တက်တယ်ဆိုတော့လဲ၊ အစိုးရဆိုတာ ကြောက်စရာမဟုတ်၊ ခိုင်းစရာလို့မြင်တဲ့ သူတို့လိုနိုင်ငံမှာ အခုလို ထကြွကြတာ အထူးအဆန်းတော့ မဟုတ်ပါ။ ထူးတာတခုကတော့ အာဏာရ conservative ပါတီကလဲ ရွေးကောက်ပွဲမှာ ပေါ်ပြူလာဖြစ်ပြီး မဲအရေအတွက် လွတ်လွတ်ကျွတ်ကျွတ်နဲ့ အနိုင်ရထားတာမဟုတ်ဘူး။ အစိုးရဖွဲ့နိုင်အောင် လို့ Conservative ရဲ့ David Cameron နဲ့ Lib-dem ရဲ့ Nick Clagg တို့ မနည်း ဆွေးနွေး ပြီးညွန့်ပေါင်းဖွဲ့ထားရတာ။ အခု ကျောင်းလခတွေတက်ဖို့ ဆုံးဖြတ်တာ အဲဒီလူထုတွေရွေးထားတဲ့ ပါလီမန်က ဆုံးဖြတ်တာဗျ။ သူတို့တွေကလဲ pros and cons တွေ မသိပဲနေမှာမဟုတ်ဘူး။ ကျုပ်တို့ဆီက ဘဘရွှေတို့ စက်သုံးဆီဈေး ခုန်တက်သလို ဗရမ်းဗတာတော့မဟုတ်ဘူးပေါ့ဗျာ။ အဲဒီတော့ ဘာဖြစ်ဖြစ် သူတို့နိုင်ငံမှာက အခုလိုမကျေမလည်ဖြစ်လာရင် အဲဒီအစိုးရ ကို ဖြုတ်ချနိုင်ဖို့က interim elections တွေကလဲ ရှိသေးတာဆိုတော့ သူတို့ပြသနာတွေက ကျုပ်တို့ဆီကနဲ့ ယှဉ်ရင် ပါမွှားပါဗျာ။ ( အဲ.. ဒီထက်ပိုမပြောတတ်တော့ဘူးဗျ.. ဒီလောက်နဲ့ ခနရပ်ထားအုံးမယ်)

    ReplyDelete
  3. ဦးလေး သုံးသပ်ချက်တွေကိုပဲ အသံတိတ် စဉ်းစားသွားတယ်... အမြင်တွေ အတွက် ကျေးကျေးပဲ

    ReplyDelete
  4. စာလာဖတ်ဖြစ်တယ် ကိုမန်းရေ.....
    WikiLeaks နဲ့ ပတ်သတ်ပြီးတွေးမိတာလေး အကြိုက်ဆုံးပဲ။
    အခု WikiLeaks က မြန်မာအတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေ အကြား ညီညွတ်မှုမရှိတဲ့ အချက်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အပြောင်းအလဲ ပေါ်ပေါက်လာရေး အတွက် အကြီးဆုံး အဟန့်အတားတခု ဖြစ်တယ်လို့ ထပ်ဖွင့်ချလိုက်တယ်။

    ReplyDelete
  5. ဆရာကျော်ထင်လုပ်မှပဲ ကျနော်လည်း conspiracy theorist အဖြစ် ရာထူးတက်ရတော့တာပါပဲ၊ :-)

    နောက်တာပါဗျာ၊ ဒီလိုဝင်ပြောတာမျိုးက ကောင်းပါတယ်။ နို့မို့ရင် အူတူတူကြီးနဲ့ထိုင်ပြီး ဘာဆက်ရေးရမှန်း မသိတော့ဘူး။

    ၁။ အမေရိကန်ကတော့ အမြင့်ဆုံးအပင်လိုဖြစ်နေတော့ လေအများဆုံး အတိုက်ခံရတာပေါ့ဗျာ။ ၁၉၄၀-၅၀ ကျော်ခုနှစ်တွေက အမေရိကန်တွေ နျူကလီးယားလက်နက် စမ်းသပ်ခဲ့ကြရာမှာ (ရေဒီယိုသတ္တိကြွပစ္စည်း ကိစ္စတွေအကြောင်း မတွေးမိပဲ) ငလျင်ကြီးလှုပ်မလား ကမ္ဘာ့အတွင်းပိုင်းကို သက်ရောက်မှုရှိမလား စူနာမီလိုလှိုင်းတွေဖန်တီးလာမလား စတာတွေကို သိပ္ပံပညာရှင်တွေကိုယ်တိုင် သို့လောသို့လောနဲ့ မျှော်လင့်ခဲ့ကြတာပါပဲ။ ဒီလို နျူးကလီးယားနဲ့ အခြားလျို့ဝှက်ဆန်းကြယ်တယ်လို့ ပြောနိုင်တဲ့အရာတွေ အတော်များများ အလုပ်ကောင်းလို့ ၂၀၀၄ စူနာမီကျတော့ မွတ်ဆလင်နိုင်ငံတွေကို လူလုပ်သဘာဝဘေးနဲ့ တိုက်ခိုက်တယ်လို့တောင် အစွပ်စွဲခံခဲ့ရပြီး ယုံသူတွေလည်း အများကြီးပေါ့ဗျာ။ အမေရိကန်တွေကိုယ်တိုင်တောင် အိုဘားမားကို ဆိုရှယ်လစ်၊ မွတ်ဆလင်၊ အာဖရိကနိုင်ငံသားဆိုပြီး ယုံကြသေးတာပါပဲ။

    လေသာရှည်နေတာ ကိုကျော်ထင်မေးတဲ့ အထောက်အထားနဲ့ အလားအလာတွေတော့ တင်ပြဖို့မလွယ်ပါဘူးဗျာ။ သေချာတာကတော့ အရှေ့အလယ်ပိုင်းဒေသတွေမှာ ဒီမိုကရေစီကို စစ်ပွဲသုံးပြီး export လုပ်ရတာ ဈေးအဆမတန်ကြီးရာက ခုတော့ “ဟောဒီမှာ မင်းတို့ရဲ့ အုပ်ချုပ်သူတွေပြောတာ၊ ဘာလုပ်မလဲဆိုတာ စဉ်းစားကြ” ဆိုတဲ့ပုံစံမျိုး ချပြသလိုဖြစ်နေတာရယ်၊ မြောက်ကိုရီးယားလိုနိုင်ငံမျိုးကို “ကဲ ဒီမှာကြည့် မင်းတို့အဘက ဒီလိုသဘောထားရှိတယ်၊ သိပ်ဖင်ခေါင်းမကျယ်နဲ့” ပြောသလိုဖြစ်နေတာ၊ မြန်မာပြည်လိုနိုင်ငံမျိုးကို အပေါ်က Humanright-Myanmar ပြောတဲ့အတိုင်း “မင်းတို့တွေ ဒီလိုအသုံးမကျတာကွ” ဆိုပြီး ထောက်ပြတဲ့ အချက်တွေကတော့ အချို့အဝက်ပေါ့ဗျာ။ တစ်ကမ္ဘာလုံးကို နေရာအနှံ့ တစ်ပြိုင်ထဲ တိုက်ခိုက်လိုက်သလို တုန်ခါသွာအောင် လေဗုံးခွဲလိုက်တာဟာ အမေရိကန်တွေရဲ့ အီရတ်မှာသုံးခဲ့တဲ့ shock and awe tactic နဲ့တောင် သွားတူနေသေးသဗျ။

    ဒါတွေပြောတာလည်း သက်သေပြချက်မဟုတ်သေးပြန်ဘူး။ အသေးစားတွေအနေနဲ့ အကြမ်းဖက်သမားအဖွဲ့တွေကို မမှန်သတင်းတွေ အလျဉ်းသင့်သလို ကြားညှပ်ထည့်ပေးတာကတော့ အမေရိကန်တွေအတွက် ရိုးနေပါပြီ။ ကွန်ပြူတာစတီထွင်တဲ့နိုင်ငံဖြစ်သလို ခေတ်အဆက်ဆက် အဆင့်မြှင့်ခဲ့တာဟာလည်း ဒီနိုင်ငံပဲဖြစ်ပါတယ်။ ကွန်ပြူတာပြစ်မှုနဲ့ ထောင်ကျသူတွေ ခနလေးနဲ့ပြန်ထွက်ပြီး အစိုးရနဲ့ ပုဂ္ဂလိကကုပ္မဏီတွေမှာ အလုပ်ခန့်တာဟာလည်း ဒီနိုင်ငံပါပဲ။ ငွေကြေးလည်ပတ်ဖို့အပါအဝင် အင်တာနက်အချက်အလက်တွေရဲ့ အခေါင်အချုပ်ဟာလည်း အဲဒီမှာတည်ရှိတာပါပဲ။ အဲဒီတော့ သက်သေပြဖို့မဖြစ်နိုင်ပေမယ့် သံသယတော့ ဝင်လို့ ထားလို့ရတဲ့ အနေအထားမှာရှိတယ်လို့ မြင်မိလို့ပါ။

    ၂။ ဒေါ်စုသားကိစ္စနဲ့ပတ်သက်လို့တော့ မိသားစုအရေးကို သာမန်လူသားတစ်ယောက် အမြင်နဲ့ပဲ နွေးနွေးထွေးထွေးကြည့်ပါတယ်ဗျာ။ မိသားစုပြန်ဆုံရတဲ့မြင်ကွင်း၊ အမေ့အတွက်အကာအကွယ်ပေးနေပုံ၊ အမေ့လုပ်ရပ်တွေကို အထောက်အကူပေးဖို့ ကြိုးပမ်းတာတွေဟာ ကျေနပ်ကြည်နူးစရာ မြင်ကွင်းတွေပါ။

    ဒါပေမယ့် ဒေါ်စုဟာ အများပြည်သူနဲ့ သက်ဆိုင်နေပြီး အများမြင်ကွင်း (public sphere) နဲ့ အများစိတ်ဝင်စားမှု ခံနေရတဲ့နေရာမှာ ရောက်နေတဲ့အခါကျတော့ ဆင်ခြင်စရာတွေ လိုလာပါတယ်။ ကျနော့်အသံ သူတို့ဆီမရောက်နိုင်ပေမယ့် အကောင်းဖက်ကိုဦးတည်စေမယ့် အချက်ကလေးတွေကိုတော့ သိစေချင် သတိထားစေချင်တဲ့စေတနာ ကျနော့်မှာရှိပါတယ်။ သူဟာ မြန်မာပြည်သူပြည်သားအားလုံးနီးပါးရဲ့ ကျောက်တောင်ကြီးလို (အာမခံချက်တစ်ခု) ပါပဲ။ ဆိုလိုတာက ဗိုလ်ချုပ်ဆိုသူတွေအတွက်ပါ နောင်ရေးအာမခံပေးနိုင်သူမို့ အရောင်အစွန်းအထင်း မခံစေချင်တာပါ။ မျက်စိမှိတ်ထောက်ခံ နားလည်ပေးတာထက် ဝေဖန်အကြံပြုချင်တဲ့လမ်းကို ကျနော်ရွေးတာပါ။ (သူ့အနားသွားပြီး အဲဒီလိုအကြံသွားပေးရင်တော့ အထုခံရင်ခံရမှာလေ အဟဲ)

    ReplyDelete
  6. ၃။ လူထုဦးစိန်ဝင်းမဟုတ်ရပါဘူး ခင်ဗျ။ ဒါပေမယ့် သူနဲ့ပတ်သက်လို့ နောင်ကိုတော့ အကျယ်ပြောမိကောင်းပြောမိမှာပါ။ သူပြောတဲ့အထဲမှာတော့ အများစုက သင့်တော်ပါတယ်။ နိုင်ငံရပ်ခြားနဲ့ပတ်သက်ပြီး အထိအတွေ့နည်းလို့ အချို့နေရာမှာ သဘောမတူနိုင်တာလေးတွေ ရှိတာကလွဲရင်ပေါ့လေ။ သူ့ကိုလည်း လေးစားပါတယ်။ အပေါ်ပို့စ်မှာ ရည်ရွယ်တာက မဇ္ဈိမသတင်းကပါ။ ဒါပေမယ့် မှားတယ်လည်းမပြောပါဘူးဗျာ၊ ကျနော်သာ အဲဒီလူနေရာမှာဆိုလည်း ဒီလိုပဲလုပ်မိမယ်ထင်ပါတယ်။

    ၄။ အင်္ဂလန်ဆန္ဒပြတဲ့ကိစ္စကတော့ သာမန်မြန်မာပြည်သားတစ်ယောက်ရဲ့ ပြည်တွင်းနဲ့ပြည်ပအမြင်နှစ်မျိုး မျှပြီးရေးလိုက်တာပါဗျာ။ လက်ရှိရောက်နေတဲ့ နေရာကနေကြည့်ရင်တော့ တမျိုးဖြစ်သွားနိုင်ပါတယ်။

    ကျနော်အဓိကထောက်ပြချင်တာက shock ရိုက်သလိုဖြစ်သွားတဲ့ အစိုးရရဲ့ လုပ်ဆောင်ချက်ကိုပါ။ သူတို့နိုင်ငံဘဏ္ဍာရေး မရှူနိုင်မကယ်နိုင်ဖြစ်မှ ထလုပ်ရတဲ့ နိုင်ငံရေးသမားတွေဖက်ကို နားလည်ပေးနိုင်သလို ရုတ်တရက်အိပ်မက်က လှန့်နှိုးခံရသလိုဖြစ်သွားတဲ့ ကျောင်းသားတွေကိုလည်း ကိုယ်ချင်းစာပါတယ်။

    ကျနော့်အမြင်ကတော့ အထက်အောက်ဆက်သွယ်ရေးနဲ့ နားလည်အောင် ဖြန့်ဝေပေးမှုတွေမှာ လိုနေတယ်ထင်ပါတယ်။ ဒါကို ဒီမိုကရေစီစနစ် ရင့်ကျက်ပြီးသားလို့ဆိုတဲ့ နိုင်ငံတိုင်းလိုလိုမှာ တွေ့နေရတုန်းပါ။ ဒါဟာ citizenship education လျော့နည်းနေတဲ့အပိုင်းလို့ ပြောရမယ်ထင်တယ်။ သတင်းဖြန်ချီမှုနဲ့ လူနေမှုစနစ်တွေနဲ့လည်း ဆိုင်တယ်လို့ နားလည်မိတယ်။ ကျနော်တို့လို မတိုးတက်သေးတဲ့နေရာက လာတဲ့သူတွေရဲ့အမြင်နဲ့ ပေါင်းစပ်ပြန်တော့ မတူတဲ့အမြင်တွေ ထပ်ပေါ်လာပြန်ရော။

    ဆက်ဆွေးနွေး ရှင်းနေရင် ပိုရှုပ်သွားနိုင်စရာရှိတယ် ခင်ဗျ။ ကျနော်ကိုယ်တိုင် ခုမှ စပြီးလေ့လာတုန်းမို့ နောင်ကိုလေ့လာရင်း ပို့စ်တွေရေးပြီး မိတ်ဆွေတွေနဲ့ အညမညသဘောအရ ကိုယ့်ကိုယ်ကို တည်ဆောက်သွားမယ်လို့ ရည်မှန်းထားပါတယ်ဗျာ။

    ReplyDelete
  7. အပေါ်မှာ အဆမတန် ပြန်ရှင်းပြတာတွေကြောင့် (ကိုကျော်ထင် တစ်ယောက်) စိတ်နည်းနည်း လေသွားမလားတော့ မပြောတတ်ဖူး။

    ပြန်စဉ်းစားကြည့်တော့ မတရားပဟေဋ္ဌိလုပ်သလို မဖြစ်အောင် မဇ္ဈိမသတင်းက ဆောင်းပါးရှင်လို့ ကျနော်ညွန်းမိသူကို ပြောပြသင့်တယ်လို့ ယူဆမိပါတယ်။ အခြားသူတော့မဟုတ်ပါ၊ “ရဲဘော် ဖိုးသံချောင်း” ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ လက်တွေ့ဆန်ဆန် သုံးသပ်ပြတတ်တာတွေကိုတော့ လေးစားပါတယ်။ အခုလည်း သူမှားတယ်လို့ မပြောပါဘူး။ မျက်လုံးထဲ ခုသလိုလိုလေးဖြစ်လို့ ပြောလိုက်မိတာပါ။

    ReplyDelete
  8. ကျော်ထင်December 18, 2010 at 6:52 PM

    အခုမှ အားလို့ဘလော့ပြန်လည်ဖြစ်လို့ပါ။ ဆြာမန်း ပြန်ဖြေထားတာကိုတော့ ဖတ်ထားပြီးပါပြီ။ တိုက်တိုက်ဆိုင်ဆိုင် ဆရာလူထုစိန်ဝင်းကလဲ မြန်မာပြည်သူတွေ နိုင်ငံရေးပါးနပ်ကြောင်း၊ မညံ့ကြောင်း ခနခနပြောတယ်။(စိတ်အချဉ်ပေါက်လောက်အောင် ပြောတယ်)။ ကျနော်လဲ ဆြာမန်း တွေးသလိုတွေးဖူးတယ်။ ငါတို့လူမျိုးတွေ ဒီလောက်သာ နပ်နောနေရင် ဒီလိုဖြစ်နေမှာမဟုတ်ဘူးဆိုတာပါ။ သူတို့နှစ်ယောက် တွေးပုံပြောပုံချင်း နီးစပ်တာတော့ အံ့သြစရာမရှိပါ။ ၊ လူထုအဆက်ထဲမှာတောင် အတွေးအရေး တထပ်တည်း တူသူတွေရှိသလို၊ ဆန်ရင်းနာနာဖွပ်တဲ့ အရေးအသားတွေ တွေ့ဖူးတော့ ကိုယ်ကလဲ ကိုယ့်အတွေးနဲ့ကိုယ် ဟုတ်ပဟ ဒါကတော့ ဆရာစိန်ဝင်းပဲကွ လို့ သေချာပေါက်ကြီး ထင်လိုက်မိတာ။ လွဲသွားတော့လဲ သိပ်အလွဲကြီးမှမဟုတ်တာ ဟားဟား ( ဒီလိုပဲဖြေယူရမှာပေါ့)

    ReplyDelete
  9. လာပြန်ကွန်မန့်ပေးတာ ဝမ်းသာပါတယ်ဗျာ။
    ဆရာစိန်ဝင်းနဲ့ပတ်သက်လို့ ကိုကျော်ထင်ပြောတာ မှန်ပါတယ်။
    တစ်ခုပဲရှိတာက အချို့အရေးအသားမှာ coded style နဲ့ ဆွဲရေးသွားရင်း ပြောချင်တာကို စာဖတ်သူတွေဆီ (ဆင်ဆာဘုတ်နဲ့ လွတ်လွတ်ကင်းကင်း) ပို့ပေးတယ်လို့ ကျနော်ယူဆမိတယ်။ အဲဒီလို ယူဆ (သံသယရှိ) လို့ သူ့ကိုမဝေဖန်ပဲ လှပ်ထားရတာက အကြောင်းတစ်ချက်အဖြစ် ပါပါတယ်။

    နောက်တစ်ချက်က သူဟာ စကားကြွယ်တဲ့ စာရေးဆရာတစ်ယောက်။ သူ့ဆောင်းပါးတွေကို စစ်စစ်ပေါက်ပေါက် ဝေဖန်ရတာ အင်မတန်လက်ဝင် အချိန်ကုန်ပါတယ်။ စကားအသုံးမတတ်ရင် ကျနော် ငပေါ ဖြစ်သွားနိုင်ခြေ ရှိပါတယ်။ ကျနော့်လိုင်းက ဗဟုသုတ အတွေ့အကြုံတွေ ခင်းကျင်းပြတဲ့ဖက်ဆိုတော့ အပေါ်မှာပြောခဲ့သလိုပဲ သူ့မှာ နိုင်ငံရပ်ခြားနဲ့ အထိအတွေ့နည်းတာကို ထောက်ပြတာကလွဲရင် အရမ်းကာရော မပြောမိအောင် ဆင်ခြင်နေတာပါဗျာ။

    ReplyDelete