ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Sunday, May 25, 2014

ကရင်များအတွက် တို့ထိ ဆွေးနွေးကြည့်ခြင်း



   နေ့စဉ် ဖြတ်သန်းမှုတွေကသော်၎င်း ၊ ဘဝမှာ တွေ့ကြုံဆုံတာတွေအပေါ် မူတည်ပြီးသော်၎င်း ၊ စိတ်
စေတသိတ်ကို လှုံ့ဆော်လာတဲ့ အကြောင်းရင်းများကြောင့်သော်၎င်း ၊ ကျနော်ဟာလည်း အများသူငါ
တွေလိုပဲ စိတ်ကူးပေါက် အမြင်ရောက်ပြီး တွေးတောစစ်ကြောမိတာလေးတွေ ရှိတတ်စမြဲပါ ။ အဲဒီအထဲ
က သင့်ရာရာကို အဆင်ပြေအားလပ်ချိန်မှာ ၊ စာအဖြစ် ချရေး မှတ်တမ်းပြုဖို့ ရည်ရွယ်ချက်နဲ့ ဒီစာကို
သီကုံးဖြစ်ပါတယ် ။ ကရင်တွေအတွက်လို့ဆိုပေမယ့် ၊ ဖတ်မိသူတိုင်းအတွက်လည်း မတူတဲ့ စိတ်ကူး
စိတ်သန်းလေးတွေ ပေးနိုင်ကောင်း ပေးနိုင်ပါလိမ့်မယ် ။ အကျိုးသာ များမယ်ဆိုရင် ၊ မပယ်မပစ် ငါးဖယ်
ခြစ်သလို အကုန်အစင် ရယူသုံးစွဲသွားကြလိမ့်မယ်လို့လည်း ယုံကြည်ပါတယ် ။

   အခါအားလျော်စွာ ဆင့်ကဲ ရေးသွင်းသွားမယ့် ဒီစာစုဟာ - အသေးဖွဲ ကိစ္စရပ်တွေ ပါနိုင်သလို ၊ ခြုံငုံ
မြင်တွက်ပြီး အယူအဆ တင်ပြပုံအနေမျိုးနဲ့လည်း ရှိနိုင်ပါတယ် ။ ကုန်ကုန်ပြောရရင် ၊ ခုဖတ်နေတဲ့ စာ
ပိုဒ်တွေကိုတောင် နောက်တစ်ခါ လာအဖတ်မှာ ရှိကောင်းမှ ရှိတော့မှာဖြစ်သလို ၊ မမှတ်မိလောက်
အောင် စီပြောင်းသရုပ်ချထားလို့ အသွင်လွဲနေတဲ့ စာစုလေးတွေအဖြစ် မြင်ကောင်းမြင်ရမှာပါ ။ လူ
တိုင်းသိပြီးသား မတည်မြဲတဲ့ လောကကြီးမှာ ၊ ဘာတွေ မြင်မိသလဲဆိုတာ ဆက်ကြည့်လိုက်ကြရ
အောင် ။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++




(၇)  ငိုကြရအောင်

   ငိုတတ်တဲ့ကလေး နို့ပိုစို့ရတယ်ဆိုတာ လူအများ သိထားကြပြီးသားပါ ။
   သတိထားမိသူနည်းတဲ့ အမြင်ကတော့ - ကရင်လူမျိုးတွေနဲ့ငိုတာ ဘယ်လို ဆက်စပ်ပတ်သက်နေ
သလဲ ဆိုတာပါ ။

   ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်ရဲ့ မေ့မရတဲ့ အတွေ့ကြုံတစ်ခု ပြောပြချင်တယ် ။
   ခိုလှုံရာစခန်း (refugee camp) ထဲမှာ နိုင်ငံရပ်ခြား အဖွဲ့စည်းတစ်ခုကနေ စစ်ဘေးဒုက္ခနဲ့ပတ်သက်
လို့ မေးမြန်းစုံစမ်း မှတ်တမ်းလေးလုပ်ချင်တယ်လို့ အကူညီတောင်းလာတယ် ။
   ဆိုးဆိုးရွားရွား ကိုယ်တိုင် ခံစားခဲ့ရသူတစ်ဦးကို ရွေးချယ်ဖိတ်ခေါ်ပြီး အမေးအဖြေ လုပ်ပါတယ် ။
   ကျနော့်မိတ်ဆွေဖြစ်သူကတော့ စကားပြန်ပေါ့ ။

   ဒီအမေးဖြေက စစ်ဘေးရှောင်သူဟာ ၊ စစ်တပ်ကြောင့် ရွာက ထွက်ပြေးတိမ်းရှောင်ခဲ့ရသူပါ ။
   ရွာအဖျက်ခံရတာကြောင့်လည်း ပြန်စရာမရှိပဲ ၊ လုံခြုံရေးအခြေနေအရလည်း ပြန်လို့မဖြစ်သေးသူပါ ။
   ပိုင်ဆိုင်ဖူးသမျှ အရာရာဆုံးရှူံးခဲ့ရပြီး ပြေးလွှားပုန်းရှောင် ထွက်ပြေးခဲ့ရတဲ့ ဒုက္ခတွေထဲမှာ ၊ အဆိုးဆုံး
ကတော့ မိသားစုဝင် ‘၇’ ယောက်ထဲမယ် စစ်တပ်ကြောင့် အသက်ဆုံးပါးသွားခဲ့ရသူ ‘၃’ ယောက်တောင်
ရှိခဲ့တာပါပဲ ။ မေးမြန်းသူတွေအတွက် အတော့်ကို သနားဂရုဏာသက်ကြရတဲ့ ဘဝကြောင်းလေးပါ ။

   သို့သော် အဖုထစ်လေးတစ်ခု ရှိနေခဲ့ပါတယ် ။
   အဲဒါကတော့ - ဒုက္ခတွေ ကိုယ်တိုင်ခံစားခဲ့ရတယ်ဆိုတဲ့ ကာယကံရှင်ရဲ့ အမူအယာက ပြုံးဖြဲဖြဲလို
ဖြစ်နေတဲ့ကိစ္စပါပဲ ။

   အဖြစ်ပျက်တွေကလည်း မှန်တယ် ၊ မေးမြန်းသူတွေကလည်း တကယ့်ကို ဂရုဏာ သက်တယ် ။
   ဒါပေမယ့် ၊ ကာယကံရှင်ရဲ့ အမူအယာတွေက မေးမြန်းမှုမှပါသူတွေရဲ့စိတ်ထဲ ဖြစ်ပေါ်နေတဲ့ စိတ်ခံစား
မှုတွေကို အတိုင်းတာတစ်ခုအထိ ဖျက်ဆီးနေပါတယ် ။ ဘာသာပြန်ပေးသူအနေနဲ့ တာဝန်ကြေအောင်
ကူညီပေးခဲ့ပေမယ့် ၊ ဘာမှ ဝင်စွက်ဖို့ရာလည်း မဖြစ်နိုင်ခဲ့ပါဘူး ။ သို့သော် စိတ်ထဲ တနုံ့နုံ့ဖြစ်နေခဲ့တာ
ကြောင့် ကျနော့်ကို ဖွင့်အံလာခဲ့တာပါ ။

   ခုကိစ္စကို အမေးဖြေမှာ ပါဝင်ခဲ့သူတွေတင် မကပါဘူး ၊ ခု စာဖတ်နေသူတွေမှာပါ ယုံကြည်မှုတွေကို
အတိုင်းတာတစ်ခုအထိ ယိုင်နဲ့စေနိုင်တယ်ဆိုတာ ကျနော်သဘောပေါက်ပါတယ် ။ ဒါကြောင့် ဒီကိစ္စကို
အပေါ်ယံတစ်လွှာဖယ်ပြီး အနီးကပ် ၊ သို့တည်းမဟုတ် မတူတဲ့ ထောင့်တစ်ခုကနေ ကြည့်ရအောင်ပါ ။

   တကယ်တန်း အပေါ်ကဆိုခဲ့တဲ့ စစ်ပြေးခိုလှုံသူရဲ့ ပြုံးဖြဲဖြဲမျက်နှာကို အသေချာ စေ့စေ့စပ်စပ်သာ
ကြည့်ဖြစ်မယ်ဆိုရင် ၊ သူ့ရဲ့ အသက်မပါတဲ့ လုပ်ယူထားတဲ့ အပြုံးကို မြင်ရပါလိမ့်မယ် ။ ရင်ထဲမှာ ငို
ကြွေးနေတာ ၊ အပူရုပ် ဟန်လုပ်နေရာက အပြင်လောကဆီကို သူ့ရဲ့ အသွင်ပြောင်း ထုတ်ဖေါ်ပြသတဲ့
အမူအယာဟာ ၊ ပြုံးဖြဲဖြဲသဏ္ဍာန်အဖြစ် ပေါ်ထွက်လာခဲ့တယ်လို့ အတိအကျ ပြောချင်ပါတယ် ။

   ဒါကို ခင်ဗျားက ဘယ်လိုလုပ်သိသလဲလို့ သိချင်ကြပါလိမ့်မယ် ။
   အတိုဆုံးအဖြေကတော့ - ဒါတွေကို အများကြီးတွေ့ခဲ့ ကြုံခဲ့ဖူးပြီး ၊ အဲသည်ထဲက အချို့အဝက်ကို
အဓိပ္ပါယ် ဖေါ်ထုတ်နိုင်ခဲ့တာမို့ပါလို့ ပြောရလိမ့်မယ် ။

   ဒီလိုဖြစ်ရပ်မျိုးဟာ ကရင်လူမျိုးတွေထဲ အနှံ့တွေ့နေရတဲ့ National Psyche လို့ခေါ်နိုင်တဲ့ “အမျိုးသား
စိတ်အခြေခံ” တစ်ခုပါ ။ ပြဿနာ/ စိန်ခေါ်မှု/ မှားယွင်းတဲ့ အငုံ့စိတ် စသည်ဖြင့် မြင်သူရဲ့ စိတ်အပေါ်
မူတည်ပြီး ခေါ်လို့ရနိုင်ပါတယ် ။

   ဒါကို ဘယ်လို သက်သေပြမလဲ ။
   ပထမ ၊ ရှေ့ကပြောခဲ့တဲ့ အမေးဖြေအလုပ်ခံရသူရဲ့ ပုံပန်းမကျတဲ့ ပြုံးဖြဲဖြဲမျက်နှာပေးဟာ စံနမူနာတစ်
ခုပါ ။ စိတ်ထားမာကျောတဲ့ ယောက်ျားသားတစ်ယောက်ရဲ့ အတင်းဖိကြိတ် မြိုသိပ်ထားနေရတဲ့ စိတ်ခံ
စားမှုတွေကို ၊ အတွင်းစိတ်ကနေ အပြင်ဖက်ကို ကမောက်ကမ ထုတ်ဖေါ်ပြခဲ့တာလို့ ပြောနိုင်ပါတယ် ။

   ဒုတိယက မိန်းမသားတွေနဲ့ ထပ်ဆင့် ဆက်စပ်သက်သေပြလို့ ရပါတယ် ။
   စိတ်ပိုနုနယ်တဲ့ မိန်းမသားတွေအနေနဲ့ ငိုကြွေးမျက်ရည်ကျမှုတွေနဲ့ ခံစားချက်တွေကို ထုတ်ဖေါ်မပြပဲ ၊
ခုနက ယောက်ျားသားတွေလိုပဲ အတင်းမျိုသိပ်ဖိနှိပ်ဖို့ ကြိုးစားတဲ့အခါမှာ ၊ စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်
နိုင်တော့ပဲ ဟိုတစ်စ သည်တစ်စ ပေါက်ကွဲထွက်လာတာတွေဖြစ်ပြီး ၊ အရပ်ထဲ အလွယ်တကူ ခေါ်ကြ
သလိုပဲ “ရူး”သွားတတ်ကြပါတယ် ။ တစ်စိတ်တစ်ပိုင်းသော်၎င်း ၊ အပြည့်အဝသော်၎င်း စိတ်ဝေဒနာရှင်
တွေအဖြစ် ရောက်ရှိသွားကြပါတယ် ။

   ဒီလိုကြေကွဲစရာတွေဟာ - ကယ်သူ ကူသူ အားကိုးရသူ တိုင်ပင်ဖေါ်နဲ့ ဖေးမသူ နားလည်ပေးသူ
စိတ်ကျန်းမာရေး အထောက်ကူတွေ မရှိသလောက်ရှားတဲ့ အနေထားနဲ့ အသိုင်းဝိုင်းမှာ ၊ ဆိုခဲ့တဲ့ ဝေဒ
နာသည်တွေ ဘယ်ရွေ့ဘယ်မျှရှိကြောင်း စာရင်းအင်းနဲ့ အတိကျမရှိပေမယ့် ၊ အောက်မှာတော့ ကျ
နော်ကိုယ်တိုင် ပုံရိပ်ဖမ်းယူခဲ့တဲ့ ၊ ယောက်ျားဖြစ်သူကို စစ်တပ်က သတ်ဖြတ်သွားလို့ အကျိုးဆက်အနေ
နဲ့ စိတ်ဝေဒနာ ခံစားနေရသူ အမျိုးသမီးကြီးတစ်ယောက်ကို ဖေါ်ပြထားပါတယ် ။ ဒီစာစုခေါင်းစဉ်နား
အပေါ်မှာကတော့ ၊ သောသီခိုဘလော့ဂါကိုယ်တိုင် ရိုက်ယူလာခဲ့တဲ့ ယောက်ျားဖြစ်သူ ဆုံးရှူံးခဲ့ရတဲ့
စိတ်ဝေဒနာသည် တစ်ယောက်ပါ ။


   ဒီနေရာမှာ တစ်လက်စထဲ ကရင်လူမှုအဖွဲ့စည်းဝင်တွေကို မေးစရာဖြစ်လာတာက - ခံစားရတဲ့
ဒုက္ခသုက္ခတွေအတွက် စိတ်ကို လွှတ်ထုတ်ဖွင့်လှစ်ပေးပြီး ပွင့်ပွင့်လင်းလင်း လူသိသူသိ
ငိုကြွေးပစ်ခြင်းနဲ့  ကြေကွဲမှုကို ထုတ်ဖေါ်ပြဖို့ ရွေးကြမလား ၊ ဒါမှမဟုတ် ခုလက်ရှိအတိုင်း
ပဲ မြိုသိပ်တဲ့သဏ္ဍာန်နဲ့ ကြိတ်မှိတ်ပြီး ဆက်သွားကြမလား ဆိုတာပါ ။

   တစ်ပြိုင်ထဲမှာပဲ ၊ အခြား ဘယ်သူ ဘယ်အမျိုးနွယ် ဘာတွေကဖြင့်တော့ ဘယ်လိုငိုပြတတ်တာ ၊
ဘယ်လို လူသိအောင် သနားအောင် ကိုယ့်ဖက်ပါအောင် လုပ်ပြတတ်ကြတာ စသည်ဖြင့် လက်ညှိုး
ညွှန်ပြီး အပုတ်ချတဲ့စိတ်ထားမျိုးနဲ့ အကျိုးမများတဲ့ အပြစ်တင်ဖို့တွေထက် ၊ ကိုယ့်လမ်းကို ရွေးချယ်
ကြဖို့ကိုပဲ အားပေးချင်ပါတယ် ။

   ဒါ့ပြင် ဒီတင်ပြချက်ကို ဒီနေမှာတင် ရပ်မထားချင်ပါဘူး ။
   ဘယ်အရာကိစ္စမှာမဆို အခက်ခဲနဲ့ စိန်ခေါ်မှုတွေ ရှိနေပေမယ့် ၊ အဖြေနဲ့ လျော့နည်းသက်သာစေမယ့်
နည်းလမ်းတွေ ရှိစမြဲပါ ။ လက်လှမ်းမီသမျှ ဆက်စပ်မှုလေးအချို့ကို ပြောပြချင်ပါတယ် ။

   သိပ်မကြာသေးတဲ့ နှစ်ပိုင်းတွေက ဖြစ်ပါတယ် ။ အဖိနှိပ်ခံ ပါလက်စတိုင်းတွေရဲ့ လက်ထဲကို အဖွဲ့စည်း
တစ်ခုကနေ အင်အားကောင်းတဲ့လက်နက်တွေ ထည့်ပေးခဲ့ပါတယ် ။ အခြားတော့ မဟုတ်ပါဘူး ၊ ကင်
မရာ အလုံး ၅၀၀ ဖြစ်ပါတယ် ။ မတရားမှု ၊ နှိပ်စက်မှု ၊ လက်လွတ်စပယ် ဖိနှိပ်မှုတွေကို လူမသိသူမသိ
 ခေါင်းငုံ့ခံမယ့်အစား ၊ မှတ်တမ်းတင်ပြီး ကမ္ဘာပေါ်က လူအများရှေ့ရောက်နိုင်အောင် ခွန်အားတွေ ဖြည့်
ပေးခဲ့တဲ့ လုပ်ရပ်ပါပဲ ။

   မြန်မာပြည်ကို ကြည့်ပြန်ရင်ကော ။
   Free Burma Ranger ဆိုတာဟာ အစိုးရမဟုတ်တဲ့ အဖွဲ့စည်းသာပါ ။
   စစ်တပ်နဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ စွမ်းအားမျိုးတွေလည်း မရှိပါဘူး ။
   သို့သော် သူတို့တတွေ လာပြီဆိုရင် ၊ စစ်တပ်ဟာ သူတို့ရဲ့ကိုယ်ပိုင်လှုပ်ရှားလုပ်ကိုင်မှုတွေကို ကန့်
သတ်လာပါတယ် ။ အရမ်းကာရော မလုပ်ကြတော့တာတွေကို ကြားနေရပါတယ် ။ ဒီအဖွဲ့ကနေ လက်
တွေ့ဘဝက အဖြစ်တွေကို ၊ နိုင်ငံတကာဆီ ဓါတ်ပုံသက်သေသာဓကတွေနဲ့ အများကြီး တင်ပြခဲ့တယ်
မဟုတ်လား ။ ဒါကို ‘ရှိန်’ပြီး ကိုယ့်ဘာသာ ကန့်သတ်သွားတယ်ဆိုတာ ယုံမှားသံသယရှိစရာ မလိုပါဘူး ။

   ဒါနဲ့ ဆက်စပ်ပတ်သက်တာလေးတစ်ခု ပြောချင်တယ် ။
   လူအတော်များများ သိပြီးသား သိပ္ပံစမ်းသပ်ချက်လေး တစ်ခုပါ ။

   လူတွေကို အခန်းနှစ်ခန်းထဲမှာ တစ်လှည့်စီ တစ်ယောက်ထဲထည့်ပြီး စောင့်ကြည့်ခဲ့ပါတယ် ။
   ပထမတစ်ခန်းက သာမန်အခန်းဖြစ်ပြီး ၊ နောက်တစ်ခန်းကတော့ မှန်ချပ်ကြီးတစ်ချပ် တပ်ထားတဲ့
အခန်းပါ ။

   အတိုဆုံးအဖြေက - မှန်ချပ်ကြီး တပ်ထားတဲ့အခန်းမှာ လူတွေဟာ ခိုးဝှက်တာအပါဝင် သူတို့ရဲ့ အပြုမူ
လှုပ်ရှားမှုမှန်သမျှကို သတိနဲ့ ပိုပြီးတော့ ထိန်းသိမ်းချုပ်တည်းကြပါသတဲ့ ။ အခြားသူတွေ စောင့်ကြည့်မှု
မရှိတာတောင်မှ ၊ ကိုယ့်ကိုယ်ကိုပြန်မြင်ရုံနဲ့ မသင့်မအပ်တာတွေကို မလုပ်ဖို့ စိတ်ထဲ အဟန့်အတားတစ်
ခုလို ခံစားကြရပါသတဲ့ ။
   ဒီတော့ စောင့်ကြည့်နေမယ် မှတ်တမ်းတွေသာ တင်နေမယ်ဆိုရင် ၊ ဆိုးရွားတဲ့ကိစ္စတွေ အတော်များ
များကို ကန့်သတ်နိုင်မယ်ဆိုတာ ယုံမှားသံသယရှိစရာ မလိုနိုင်ပါဘူး ။

   ကရင်အမျိုးသားတွေအနေနဲ့လည်း ဒီဖြစ်ရပ်နဲ့ သဘောတရားတွေကနေ သင်္ခန်းစာ ယူနိုင်ကြမယ်လို့
ယုံကြည်ပါတယ် ။
   ကျနော်တို့ ကနေ့ကြုံတွေ့နေကြရတဲ့ အခက်ခဲဒုက္ခတွေကို ဖန်တီးနေသူတွေဟာ ၊ ပြင်ပကနေ လာ
တာရှိသလို ၊ အချင်းချင်း ကမ္ဘာမီးလောင် သားကောင်ချနင်းဖို့ကြိုးစားတာကြောင့် ဖြစ်လာရတာတွေ
လည်း အများကြီးပါ ။

   နောက်ဆုံး ၊ အခြေခံအကျဆုံး မိမိကိုယ်ကိုကလည်း ထိန်းချုပ်နိုင်ဖို့ရာ စိန်ခေါ်မှုတွေ ရှိနေပါတယ် ။
   အကောင်းဆုံးနဲ့ အသင့်တော်ဆုံး နည်းလမ်းတွေကို ရွေးချယ်ရယူ သုံးစွဲကြပါစို့ ။


၂၅ ၊ ၀၅ ၊ ၂၀၁၄

===========================================


(၆) ဘာသာစကား အခွင့်အလမ်း ဖန်တီးထိန်းသိမ်းခြင်း

   များသောအားဖြင့် ဘာသာစကားနဲ့စာပေကို ကရင်တွေ သင်ကြ ပြောကြဖို့ ၊ ယဉ်ကျေးမှုနဲ့ ဓလေ့တွေ
ထိန်းသိမ်းစောင့်ရှောက်ကြဖို့ စသည်ဖြင့် ကိုယ့်လူမှုအသိုင်းဝိုင်းထဲ အမြဲပြောနေ ကြားနေကြရတာကြောင့်
ရိုးတောင်နေကြပါပြီ ။

  ကျနော့်အတွေ့အကြုံနဲ့ယှဉ်ပြီး လက်တွေ့ကျတာတစ်ခုကို ပြောချင်တယ် ။
  ကျနော်တို့တတွေ ငယ်စဉ်ကတည်းက အင်္ဂလိပ်စာကို သင်ယူလာကြတယ် ။ အဲဒီမယ် စကားလုံး တစ်
လုံးချင်းစီနဲ့ ထိထိရောက်ရောက်မှတ်မိအောင် အကူညီပေးတဲ့ ကိစ္စလေးတစ်ခု ရှိတယ် ။ အထူးသဖြင့်
ရုပ်ရှင်တွေပါ ။
  ဥပမာ Terminator ဆိုပါစို့ ။ ရုပ်ရှင်ကြည့်ဖူးသူ ကိုယ့်လိုလူတွေအနေနဲ့ ကိစ္စတုံးအောင်လုပ်တာနဲ့ ဒီ
စကားလုံးကို ယှဉ်တွဲပြီး မှတ်မိသွားတယ် ။ ဒီလိုနဲ့ ကာလရွေ့လျောလာတော့ ဆက်စပ်တြိယာဖြစ်တဲ့
terminate ဆိုတဲ့ စကားလုံးကို သိလာတယ် ။ ဒါကို အဘိဓါန်ထဲရှာတော့ - အပြီး အဆုံးသတ်သည်
လို့သိလာရတယ် ။ အဲဒါနဲ့ကမှ အလုပ်ဖြုတ်တာ ၊ ကန်ထရိုက် အဆုံးသတ်တာတွေမှာသုံးကြောင်း သိ
လာရတယ် ။ အခြားစကားလုံးတွေဖြစ်တဲ့ Predator, Jaws, Alien, Apocalypse စသည်ဖြင့်လည်း
အများကြီး တွေ့နိုင်ပါသေးတယ် ။ ဒါဟာ ဘာသာစကားပိုင်းမှာ တစ်စချင်း အသိတိုးပွားဖို့ အထောက်
ကူဖြစ်တယ်ဆိုတာ သက်သေပါပဲ ။ 

  ကရင်ဘာသာစကားဖက် လှည့်ရအောင် ။
  နမူနာအနေနဲ့ ဘားအံမြို့ပတ်ဝန်းကျင်က ရွာနာမည်လေးတွေပဲ အရင်ကြည့်ပါမယ် ။
  ဘားအံ အနောက်ဖက်ကမ်း ကပ်လျက်လေးမှာရှိတာက ‘မုက္ကဒိ’ ၊ တောင်ဖက်သွားရင် ‘ကမော့ကစင်’
‘ဒုံရင်း’ ၊ အရှေ့ဖက်ထွက်တာနဲ့ ‘ခလောက်နို့’ ၊ မြောက်ဖက် သံလွင်ကို စဆန်လိုက်တာနဲ့ ‘မိဇံ’ စသည်
ဖြင့် တစ်ထိုင်ထဲ ပြောလို့မကုန်တဲ့ ကရင်ရွာတွေရှိတယ် ။

  အဲဒါတွေက ဘာထူးခြားသလဲမေးရင် ၊ ထူးပါတယ်လို့ ပြောချင်တယ် ။
  တကယ်တန်းမှာ ‘မုက္ကဒိ’ ဆိုတာ ကရင်လို “ဘုံးကတိုင်း(က်)” ၊ ‘ကမော့ကစင်’ ဆိုတာက “တမွန်း
ကကျိန်” ၊ ‘ဒုံရင်း’ က “ဒုံရောင်(း)” ၊ ‘ခလောက်နို့’ က “ခလို” ၊ ‘မိဇံ’ က “မိုင်း(က်)ကျောင်” စသည်ဖြင့်
မူရင်းနာမည်တွေ ရှိပါတယ် ။

  ဒီတော့ စိန်ခေါ်မှုက - ရှိပြီးသား နာမည်တွေကို အခြားသူတွေက ပါးစပ်ထဲတည့်ရာ (အနက်အဓိပ္ပါယ်
မရှိပဲ) ခေါ်နေကြတာကို လက်ခံပြီး ၊ ကိုယ်ကိုယ်တိုင်ပါ လိုက်ခေါ်ကြမလားဆိုတဲ့ ကိစ္စပါ ။
  ရှေ့က ပြောခဲ့သလိုပါပဲ ၊ စကားလုံးတစ်လုံးစီမှာ သယ်ဆောင်တဲ့ အဓိပ္ပါယ်ကိုယ်စီ ပါကြပါတယ် ။
တစ်လက်စထဲ ပိုကျယ်ပြန့်တဲ့ ဘာသာစကား ချဲ့ထွင်သိနားလည်မှုဆီကို လှေကားထစ်ကလေးတွေလို
အသုံးဝင်ကြပါတယ် ။

  မေးစရာက - ကိုယ့်ကိုယ်ကို ကရင်လို့ ခံယူထားသူတွေအနေနဲ့ သူတစ်ပါး သတ်မှတ်ပေးတာတွေကို
ပဲ ခြေစုံလေးရပ် လက်ကလေးပိုက် ခေါင်းငုံ့ပြီး လက်ခံယူကြမလား ၊ ဒါမှမဟုတ် - ကိုယ့်အသိစိတ်ဓါတ်
နဲ့ ခေါင်းကိုမော့ပြီး ကိုယ်ပိုင်ခွင့်ကို လမ်းကြောင်းဖေါ်ယူမလား ဆိုတာပါပဲ ။ ရွေးချယ်စရာလမ်းတွေ ရှိ
တယ်ဆိုတာ ပြောပြချင်တာပါ ။

  ကိုယ့်ကိုယ်ကို လေးစား အလေးထားပြီး တန်ဖိုးရှိအောင် ထိန်းသိမ်းစောင့်ရှောက်ပါမှ ၊ အခြား ကိုယ့်ကို
တကယ်လေးစား အလေးထားသူတွေကလည်း လိုက်လျှောက် လိုက်ခေါ်ဝေါ်လာကြပါလိမ့်မယ် ။ ကိုယ့်
လူမျိုးရော တစ်ပါးသူတွေကိုပါ ၊ ဘယ်သူ့ကိုမှ အတင်းအကြပ် လုပ်စရာမလိုပဲကို လမ်းကြောင်းတစ်ခု
ပွင့်လာမှာပါ ။

  ဒီအတွက်ကိုလည်း ဘယ်သူ့ကိုမှလိုက်ပြီး တောင်းပန် ခယနေစရာလည်း မလိုပါဘူး ။
  "တိုင်းရင်းသား စည်းလုံးညီညွတ်ရေး" - လို့ အမြဲတမ်း ကြွေးကြော်နေသူတွေကနေ ၊ သူတို့ရဲ့စကားနဲ့အ
ညီ လိုလိုလားလား ပူးပေါင်းပါဝင်လာကြလိမ့်မယ်လို့လည်း ကျိုးကြောင်းကျ မျှော်လင့်ထားလို့ ရပါတယ် ။
တကယ်တန်း တိုင်းရင်းသားအားလုံးအကြား စည်းလုံးညီညွတ်စေချင်ပြီး ၊ တိုင်းရင်းသားတွေကို ညီအစ်
ကို မောင်နှမတွေလိုချစ်ကြောင်း သက်သေပြချင်နေသူတွေအတွက်လည်း အခွင့်လမ်းတစ်ခုတောင် ဖန်
တီးပေးရာ ရောက်ပါတယ် ။

  အခြားတစ်ဖက်မှာလည်း ၊ ဘာသာစကား ထိန်းသိမ်းမှုဆိုတာဟာ ကျနော်တို့ တစ်ဦးတစ်ယောက်စီက
နေ စပါတယ် ။ ကယ်တင်ရှင် မရှိပါ ။ ကူညီမယ့်သူ မျှော်လင့်နေလို့ မရပါ ။ ကိုယ်တိုင် ဖုန်ခါထပြီး ၊ ရှေ့
ကိုလျှောက်လှမ်းပါမှ ခရီးပေါက်မှာပါ ။

၁၀ ၊ ၀၅ ၊ ၂၀၁၄

=================================================


(၅) တစ်ကိုယ်ကောင်းနဲ့ လောဘ

   ဒီနှစ် ကရင်နှစ်သစ်ကူးမှာ သိလာတာ အတော်ကြာပြီဖြစ်တဲ့ အနောက်ပိုးကရင် အမျိုးသားကြီးတစ်ဦး
နဲ့ ဆုံဖြစ် စကားတွေ ဖလှယ်ဖြစ်ပါတယ် ။ သူ့ရဲ့အမြင်ကတော့ ၊ ကရင် အတော်များများဟာ တစ်
ကိုယ်ကောင်း ဆန်ကြတယ် ဆိုတာပါပဲ ။ ဒါကို ကျနော်ကနေ ထပ်ဆင့်ထောက်ခံရင်း ၊ ဘာဖြစ်သင့်
သလဲ ၊ ဒါကို ဘာနဲ့ အစားထိုးသင့်သလဲဆိုတာ ထပ်ဆောင်းပြီး ပြောဆိုဖြစ်ပါတယ် ။

   အရင်က တစ်ခါရေးဖူးပါတယ် ။ အချို့ ကရင်တွေရဲ့ တစ်ကိုယ်ကောင်း ဆန်ပုံအချို့ပါ ။
ရှက်ဖို့ကောင်းတဲ့ အဖြစ်အပျက်တွေကိုတော့ စုဆောင်းပြီး ပြောပြမနေတော့ပါဘူး ။
တကယ်တော့ တစ်ကိုယ်ကောင်းဆန်တာ ၊ လောဘကြီးတာ သဘာဝကျပါတယ် ။ လူပဲကိုး ။
သို့သော် အကန့်သတ်ဘောင်တွေ ကျော်လာရင်တော့ ၊ တော်ရုံလက်သင့်ခံဖို့ ခက်ခဲလာပါလိမ့်မယ် ။
အထူးသဖြင့် “သူတစ်ပါးရဲ့ အကျိုးစီးပွား” တွေကိုပါ ။
နောက်တစ်ခုကတော့ “သူတစ်ပါးကနေ ကိုယ့်အပေါ်ထားရှိတဲ့ စိတ်ကောင်းစေတနာ” ပါ ။
အလေးမထားရင် ၊ ခုတုံးလုပ်မိရင် ၊ စော်ကားမိရင် ၊ ပျက်ယွင်းမှုနဲ့ တန်ပြန်သက်ရောက်မှုတွေ ရှိတတ်
ပါတယ် ။
   ကျနော် မလေးရှားမှာနေစဉ်က မိတ်ဆွေတစ်ယောက် ရှိဖူးပါတယ် ။
   အင်မတန် ငွေရှာသူပါ ။ လောဘကြီးတယ် ဆိုကြပါစို့ ။
   ဒါပေမယ့် ပေါင်းသင်းဆက်ဆံရေး ကောင်းပါတယ် ။ လုံ့လ ဝိရိယ ရှိပါတယ် ။ ငွေရှာလို့ ရနိုင်မယ့်
လုပ်ကွက်ကိုင်ကွက်တွေကို မြင်တတ်ပါတယ် ။ ငွေမျက်နှာတစ်ခုထဲ ကြည့်တာမဟုတ်ပဲ ၊ လိုအပ်သလို
ချိန်ခွင်လျှာ ညှိတာမျိုးတွေလည်း လုပ်လေ့ရှိတာကြောင့် ၊ အတော်အောင်မြင်တယ်လို့ ဆိုနိုင်ပါတယ် ။

   တစ်ကြိမ်မှာတော့ သူ့ငယ်ဘဝက အကြောင်းတစ်ခုကို ပြောပြပါတယ် ။
အဲဒါကတော့ ၊ မုဆိုးမဖြစ်တဲ့ သူ့ရဲ့အမေကို လူတွေက တစ်ခါတစ်ခါ လာတိုင်တတ်ကြတာတစ်ခုပါ ။
“အဒေါ် ၊ အဒေါ့်သားက တော်တော် လောဘကြီးတာပဲ” လို့ ဖြစ်ပါတယ် ။
ဒါကို သူ့အမေ တုန့်ပြန်လေ့ရှိတာကတော့ - “အေး ၊ ကောင်းတာပေါ့ ၊ သူ လောဘကြီးမှ ငါ ကောင်း
ကောင်းနေ ကောင်းကောင်းစားရမှာပေါ့” ပါတဲ့ ။
တကယ်လည်း သူ့အမေဟာ သူနဲ့ အခြားညီအစ်ကိုတွေကြောင့် မပူမပင် နေနေနိုင်ခဲ့တာပါ ။

   ကနေ့အချိန်မှာ အဲသည်သူငယ်ချင်းနဲ့ မတွေ့ဖြစ်တာ အတော်ကြာခဲ့ပါပြီ ။
   ဘယ်လိုဖြစ်ဖြစ် မြင်ခဲ့သိခဲ့ရသမျှတွေကို ထောက်ပြီးမှတ်ချက်ချရရင် ၊ သူ့တစ်သက်တာမှာ ဆင်း
ရဲမွဲတေပြီး ဒုက္ခရောက်တယ်ဆိုတာမျိုး ၊ ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူးဆိုတာ ရဲရဲကြီး ပြောရဲပါ
တယ် ။ ထို့အတူပဲ ၊ သူ့ဘဝကနေရတဲ့ သင်္ခန်းစာတွေလည်း ကနေ့အထိ ကျနော့်ကို ပုံသွင်းနေဆဲပါ ။

   အဆုံးသတ်ရရင် ၊ ကရင်တွေအနေနဲ့ တစ်ကိုယ်စာ ကောင်းစားဖို့သာ လုံလောက်ပြီး ၊ စေတနာနဲ့
အကျိုးပျက်စေနိုင်တဲ့ “တစ်ကိုယ်ကောင်းစိတ်”နဲ့ပဲ ၊ ဝက်ချေးလူးသလို ဆက်လူးကြမလား ။

   ဒါမှမဟုတ် ၊ ငါ့အတွက် ၊ ငါ့မိသားစုအတွက် ၊ ငါ့ပတ်ဝန်းကျင် ငါ့ရွာ ငါ့မြို့ ငါ့နိုင်ငံ ငါ့လူမျိုးအတွက်
စသည်ဖြင့် ၊ အဆုံးအစမရှိတဲ့ “လောဘ” ကိုပဲ ၊ အများအကျိုး ကိုယ့်အကျိုး မျှတအောင်ချိန်ညှိရင်း
၊ မွေးမြူသွားကြမယ်ဆိုရင် မကောင်းဘူးလားလို့ မေးလိုက်ချင်ပါတယ် ။

၂၃ ၊ ၀၄ ၊ ၂၀၁၄

---------------------------------------------------------------------------------

http://www.visnsoft.com/


(၄) တံလျှပ် နဲ့ ရေ - ဝေခွဲဖို့ လိုမလို

   မြန်မာပြည်ရဲ့ လူမျိုးခြား ဘာသာခြား မုန်းတီးရေးဖြစ်စဉ်နဲ့အတူ ၊ ကရင် လူမှုအသိုင်းဝိုင်းထဲက အချို့
အချို့သော လူတွေရဲ့ ၊ တစ်ဖက်ဖက်ကို ယိမ်းယိုင်မှုလေးတွေကို မြင်တွေ့နေခဲ့ရတယ် ။ သိသမျှ မြင်
သမျှ ဥာဏ်မီသမျှနဲ့တော့ ၊ ရင်လေးမိတာ အမှန် ။

   ပထမတစ်ချက် ကြည့်ရအောင် ။
   မြန်မာပြည်ထဲ - ကျောင်းမှာသော်၎င်း ၊ အများပြည်သူ နေ့စဉ်ဘဝမှာသော်၎င်း ၊ တွေ့မြင်ကြုံဆုံ နေ
ရလေ့ရှိတဲ့ စကား -၃- လုံး ရှိပါတယ် ။ “အမျိုးဘာသာသာသနာ” ဆိုတာပါ ။ လူတိုင်းမဟုတ်သော်
မှ အများစုရဲ့ စိတ်ထဲကို စွဲနစ်နေအောင် ၊ ငယ်စဉ်ကတည်းက ပုံသွင်းခဲ့တဲ့ စကားလုံးတွေပါ ။ ဒီတော့ ဒီ
လို ပတ်ဝန်းကျင် အသိုင်းဝိုင်းမှာ ကြီးပြင်းလာသူတွေနဲ့အတူ ၊ အချို့သော ဆက်စပ်ပတ်သက်မှုရှိတဲ့
ကရင်များမှာလည်း လက်ခံမှုတွေရှိနေတာဟာ ၊ မဆန်းလှပါဘူး ။

   တစ်ချိန်တုန်းက ကျနော်ကိုယ်တိုင်လည်း အတိုင်းတာတစ်ခုအထိ ဇဝေဇဝါ ဖြစ်ခဲ့ဖူးတာကြောင့် ၊ သ
တိ မထားမိသူတွေရှိခဲ့ရင် တွေးချင့်ချိန်နိုင်အောင် ပြောပြချင်တယ် ။ အဲဒါကတော့ ၊ အပေါ်ကပြောခဲ့တဲ့
စကားသုံးလုံးကို ရိုးရိုးရှင်းရှင်းလေး ဆန်းစစ်ကြည့်ဖို့ပါ ။

●  အမျိုး      = လူမျိုး
●  ဘာသာ   = ဘာသာစကား (ကိုးကွယ်မှု မဟုတ်ပါ)
●  သာသနာ = ကိုးကွယ်ရာ ဘာသာ

●  လူမျိုး           - ဗမာ ≠ ကရင် (မတူပါ)
●  ဘာသာစကား - ဗမာ ≠ ဗမာ (မတူပါ)
●  သာသနာ      - ဗုဒ္ဓဘာသာ = (?) ဗုဒ္ဓဘာသာ/ခရစ်ယာန်/ရိုးရာ (အချို့သာ တူပါတယ်)

   ဒါကိုကြည့်ရင် ကရင်တစ်ဝက်လောက်ဟာ ထိုင်နေရင်းငုတ်တုတ်နဲ့ ၊ နှစ်ရာထောင်ချီ နေလာတဲ့
နေရာမှာတင် နိုင်ငံခြားသားတွေလို ဖြစ်သွားကြတာ တွေ့နိုင်ပါတယ် ။

   ထပ်ဆင့်ပြီး နေ့စဉ် မြင်ကြားနေကြရတဲ့ စကားအချို့ကို ထည့်တွက်ကြည့်ရအောင် ။
   “ဒီမြေမှာမွေး ဒီရေကိုသောက်ရင် ဒီနိုင်ငံကို သစ္စာရှိရမယ်” တို့ ၊ “ဒီမြေကို အသက်ပေး ကာကွယ်ရ
မယ်” တို့ ၊ “တိုင်းရင်းသားတွေအချင်းချင်း ချစ်ခင်စည်းလုံး ညီညွတ်ရမယ်” တို့ ဆိုတာတွေဟာ ၊ လက်
တွေ့ဘဝနဲ့ သဟဇာတ ကျရဲ့လား ၊ သင့်မြတ်တော်လျော်ရဲ့လား ။ ဒါမှမဟုတ် “ဟ”နေတဲ့ ချောက်ကမ်း
ပါးကြီးတွေအဖြစ်ပဲ တစ်ဦးနဲ့တစ်ဦးကြား ကန့်လန့်ခံနေစေသလား ။
 
   ဆက်စပ် မေးစရာတွေက -
◊◊ ကိုးကွယ်တဲ့ “ဘာသာ”တစ်ခုထဲ တူနေသူတွေနဲ့ ပေါင်းဖက်ယှက်နွယ်ပြီး ၊ ခေတ်ရေစီး “လူမျိုး
      ဘာသာခြား မုန်းတီးရေး” လမ်းကြောင်းကို ကြိုက်နှစ်သက်ကြပုံရတဲ့ ၊ ကရင် အနွယ်ဝင်တွေရဲ့
      အမြင်တွေဟာ သဘာဝ ကျပါရဲ့လား ။

◊◊ ဘာသာရေး လူမျိုးရေး နိုင်ငံရေး စသည်ဖြင့် ၊ သမိုင်းတစ်လျောက် လူတွေ သောက်သောက်လဲ
      အသေခံခဲ့ ကြရတာကို ၊ မသိကြ သင်္ခန်းစာ မယူနိုင်ကြလို့လား ။

◊◊ သူများအလှည့်ပြီးရင် အခြားလူနည်းစုဝင် တစ်စုဖြစ်တဲ့ ၊ ကိုယ့်အလှည့် ရောက်လာနိုင်တာ မသိ
      ဘူးလား ။

◊◊ ဒါတင်မကပါ ၊ ခုတလော hot ဖြစ်နေတဲ့ မျိုးစောင့်ဥပဒေ ဆိုတာမျိုးဟာ ၊ မြန်မာပြည်တွင်းမှာရှိတဲ့
      ဘာသာ တစ်ခုထဲမကပဲ ၊ လူမျိုးစုတွေ တစ်စုနဲ့တစ်စုလည်း အပြန်အလှန် အစွန်းရောက်ပြီး ၊ တန်
      ပြန်သတ်မှတ် ဥပဒေထုတ်ကြဖို့ရာ လမ်းစဖေါ်ပေးတဲ့ “ငရဲဂိတ်ပေါက်” ဆိုတာကော မမြင်နိုင်ကြ
      ဘူးလား ။ ပြောလို့ကို ကုန်နိုင်စရာ မရှိဘူး ထင်ရသလောက်ပါပဲ ။

   စကားဆိုတာ များရင် မှားတတ်သလို ၊ အရှိန်သတ်ရမယ့် အချိန်တွေလည်း ရှိပါတယ် ။
   အကျိုးမျှော်ပေမယ့် ၊ အကျိုးအပဲ့သာ ဖြစ်သွားတာမျိုးလည်း ရှောင်ချင်ပါတယ် ။
    ဖတ်မိတဲ့ ကရင်ညီအစ်ကို မောင်နှမများလည်း သဘောပေါက်လောက်မယ်လို့ ယူဆပါတယ် ။

၂၁ ၊ ၀၄ ၊ ၂၀၁၄

--------------------------------------------------------------------------------------

 (၃)  ဆင်ခြင်စရာ

   မကြာခင်ကောက်ခံမယ့် သန်းခေါင်စာရင်းဂယက်က အတန်သင့် ရိုက်ခတ်နေတယ် ။
   သူသူကိုယ်ကိုယ် ယုံကြည်ရာကို လုပ်နေကိုင်နေကြရာမှာ ၊ ဘယ်လိုတွေ ဘာတွေ လုပ်သင့်သလဲလို့
ကရင်လူငယ်လေးတွေထဲက သိချင်သူတွေလည်း ရှိမယ် ။

   ပွင့်လင်းမြင်သာမှု ၊ မေးမြန်းတိုင်ပင် ညှိနှိုင်းမှု ၊ ယုံကြည်ရမှုတွေ မရှိတာ ၊ တိကျတဲ့ အကျိုးအပြစ်တွေ
မသိရတာ ၊ အာဏာရှိသူတွေရဲ့ကိုယ်၌က တရားဝင်မှုမှာ မေးခွန်းထုတ်စရာ ဖြစ်နေတာတွေ စသည်ဖြင့်
ထောက်ပြပြောဆိုမှုတွေ ရှိနေကြတယ် ။

   နီးကပ်နေပြီဖြစ်ပြီး ၊ ရှင်းသယောင်နဲ့ ရှုပ်နေတာတစ်ခုကို ပိုရှုပ်အောင် ဆွေးနွေးသလိုမဖြစ်အောင်
ရှောင်ရှားသင့်တယ်ဆိုတာက ၊ ကျနော့်ရဲ့ ခံယူချက်ပါ ။ ဆင်တူယိုးမှား ကိစ္စလေးတစ်ခုကိုပဲ ၊ နမူနာ
အဖြစ်တင်ပြပြီး အတိုချုပ်ချင်ပါတယ် ။

   လက်ရှိ အမြင်သာဆုံး အမှိုက်ပုံကြီးတစ်ခုကတော့ ၊ မြန်မာပြည်ရဲ့ ၂၀၀၈ အခြေခံဥပဒေပါ ။
   ပထမ မေးခွန်းအနေနဲ့ -  "အခြေခံဥပဒေဟာ ပြည်သူကို ကိုယ်စားပြုပါသလား"လို့ ဖြစ်ပါတယ် ။
   ဒုတိယမေးခွန်းက - "အခြေခံဥပဒေ ရေးဆွဲသူတွေကကော ပြည်သူကို ကိုယ်စားပြုပါသလား" ။
    တတိယမေးခွန်းက - "အခြေခံဥပဒေဟာ 'အကျိုး'နဲ့'အပြစ်' နှစ်မျိုးထဲမှာ ၊ ဘာကို အဓိကထား ဆောင်
ယူလာခဲ့သလဲ" ဆိုတာတွေကို မေးကြည့်ရအောင် ။ မေးခွန်းတွေ အတောမသတ် ထုတ်ပြလို့ရပေမယ့် ၊
ဒီလောက်နဲ့ပဲ ရပ်ထားပြီး ဆန်းစစ်ကြည့်မယ်ဆိုရင် ၊ အဖြေတွေက သိပ်မဝေးနိုင်ပါဘူး ။

   ဒီတော့ အခု သန်းခေါင်စာရင်းဟာလည်း ထို့နည်းလည်းကောင်းပါပဲ ။
   ဒါဟာ တစ်ချိန်မဟုတ်တစ်ချိန် ကောက်ခံရမယ့်ကိစ္စဆိုတာ အမှန်ပါပဲ ။
   သို့သော်' အကျိုး'ထက် 'ရှုပ်ထွေးမှုတွေ' ယူဆောင်လာမလား ၊ သင့်တင့်တဲ့အချိန် ဟုတ်လားမဟုတ်
လားကိုတော့ တွက်ဆဖို့လိုပါလိမ့်မယ် ။

   တစ်လက်စထဲ သဘောမတူရင်ကော ၊ လက်မခံနိုင်ရင်ကော ဘာလုပ်လို့ ရမလဲ ။
   လက်တွေ့ကျတဲ့ အဖြေလိုလာပါတယ် ။
   ရိုးရှင်းပြီး လက်တွေ့ကျမယ့်အဖြေကတော့ ၊ အထွေထူး မပြောလိုတော့ပါဘူး ။
   အပေါ်မှာပါတဲ့ ပုံလိုပါပဲလို့ ပြောချင်ပါတယ် ။

၂၅ ၊ ၀၃ ၊ ၂၀၁၄
 --------------------------------------------------------------------------------------------------------------


(၂) ဆင်ခြင်မဲ့ သွေးကွဲဒဏ္ဍာရီ

   ဒဏ္ဍာရီလေးတစ်ပုဒ် ပြောပြချင်တယ် ။
   လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်ကပေါ့ ၊ နိုင်ငံတစ်နိုင်ငံရဲ့ မြို့တော်ကြီးမှာ မွေးရပ်ခွာပြီး အသက်မွေး
ဝမ်းကျောင်းဖို့ ရောက်လာကြတဲ့ ကရင်အမျိုးသားအမျိုးသမီးတွေ စုရုံးတွေ့ဆုံလေ့ရှိတဲ့ ခရစ်ယာန် ဘု
ရားကျောင်းတစ်ကျောင်း ရှိသတဲ့ ။

   ထူးခြားတာကတော့ ဒီလို စုရုံးရောက်ရှိလာခြင်းအားဖြင့် တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းခွင့်ရ
သလို ၊ မိတ်ဆွေဟောင်းတွေနဲ့ ဆုံတွေ့နိုင်တာ ၊ သတင်းစကားတွေ ကြားသိနိုင်ကြတာနဲ့ မြန်မာပြည်
က အစားအသောက်တွေပါ ဝယ်ယူဖို့ အခွင့်အလမ်းကြုံကြတာကြောင့် ၊ ကိုယ့်မြို့ကိုယ့်ရွာ မဟုတ်
ကြသော်လည်း နားခိုရာတစ်နေရာအဖြစ် အသုံးပြုနိုင်ကြသတဲ့ ။

   ဒါတင်မကသေးပါဘူး ၊ လူတိုင်းလိုလိုအတွက် အရေးကြီးတဲ့ အလုပ်အကိုင် ရှာဖွေတာ ၊ ပြောင်းရွေ့
တာတွေအတွက်လည်း ဆုံရပ်ကြီးတစ်ခု ဖြစ်ပါသတဲ့ ။ ဒီထက် ထူးခြားတာကတော့ - ခရစ်ယာန်များ
သာမက ဗုဒ္ဓဘာသာများအတွက်ပါ ဘာသာမရွေး အကူညီနဲ့ အရင်းအမြစ်တွေ ရနိုင်ရာ ဖြစ်နေပြန်ပါ
တယ်တဲ့ ။ ပိုပြီးတော့ အားရစရာကတော့ - ကရင်အမျိုးသားတွေ အတွက်ပါမကပဲ ဗမာ ၊ ချင်း ၊ မွန်
တို့လိုကအစ လူမျိုးပေါင်းစုံအတွက် မှီခိုအားထားရာ နေရာကြီးဖြစ်ခဲ့ပါသတဲ့ ။

   ဒီလိုဖြစ်ရခြင်းရဲ့ နောက်ခံအကြောင်းတရား တစ်ခုကတော့ - အဲဒီဘုရားကျောင်းက အမျိုးသမီးတာ
ဝန်ခံဟာ ကရင်အမျိုးသမီးတစ်ဦး ဖြစ်နေလို့ပါပဲ ။ ဒါ့ပြင် ဘုရားကျောင်းရဲ့ အင်္ဂလိပ်ပိုင်း အစီအစဉ်မှာ
တက်ရောက်နေတဲ့ မူရင်းနိုင်ငံသားနဲ့ နိုင်ငံခြားသားတွေရဲ့ ပေါက်ရောက်မှုကြောင့် ၊ လာလာသမျှ
သော မြန်မာပြည်သူပြည်သားတွေအတွက် အတော်တန်လုံခြုံမှုရှိတဲ့ အခြေနေတစ်ရပ်ကိုလည်း ၊ ဖန်
တီးထားပေးသလို ဖြစ်နေခဲ့ပါသတဲ့ ။

   ဒီလိုနဲ့ တစ်ချိန်မှာတော့ …. မုန်တိုင်းကြီး ကျလာ …. အဲ ဘာမုန်တိုင်းမှတော့ မကျခဲ့ပါဘူး ။ ဒါပေမယ့်
အတုယူစရာကောင်းလောက်အောင် စည်းလုံးညီညွတ်ကြတဲ့ တိုင်းရင်းသားမျိုးနွယ်စုတစ်ခုက အဖွဲ့ဝင်
တွေဟာ ၊ တဖြည်းဖြည်း တဖွဲဖွဲ ရောက်လာခဲ့ကြပါတော့တယ် ။ သို့သော် ကရင်နဲ့ ကျန်လူတွေရဲ့ အင်
အားကိုတော့ ဘယ်လိုမှ မမှီနိုင်ခဲ့ပါဘူး ။

   ဒီလိုနဲ့ပဲ အချိန်တန်လာတော့ ၊ အမျိုးသမီးတာဝန်ခံနေရာဟာ သက်တမ်းကုန်ဆုံးပြီမို့ နောက်ထပ်
သက်တမ်းတစ်ခုအတွက် ၊ မဲခွဲပြီး အဆုံးအဖြတ်ပေးဖို့အချိန်ကို ရောက်လာခဲ့ပါတော့တယ် ။ ဒါကို အ
လေးမထားပဲ ကိုယ်စီကိုယ်ဌ ဖြစ်ချင်လုပ်ချင်တာတွေကိုပဲ အာရုံစိုက်နေခဲ့ကြသူတွေကတော့ ကရင်
တွေနဲ့ အပေါင်းအပါ တိုင်းရင်းသားပေါင်းစုံတွေပဲပေါ့ ။ အပေါ်ကဆိုခဲ့တဲ့ တိုင်းရင်းသားအစုကတော့ ၊
သူတို့ရွေးထားတဲ့ ကိုယ်စားလှယ်ကို တစ်လုံးတစ်ခဲထဲ ဝိုင်းထောက်ခံခဲ့ကြသတဲ့ ။ စာရင်းချုပ်တော့
ကရင်အမျိုးသမီးတာဝန်ခံခမျာ လက်ရှိတာဝန်က လွင့်ပါးသွားခဲ့ရပြီး ၊ လူသစ်တန်း တာဝန်ခံတစ်
ယောက် ရောက်ရှိလာခဲ့ပါတော့တယ် ။

   မူလကတည်းက ‘ဘုရားကျောင်းမှာ ကရင်တွေကနေဦးဆောင်ပြီး ၊ စည်းမရှိကမ်းမရှိ နေထိုင်လုပ်
ကိုင်နေကြတယ်’လို့ နောက်ကွယ်လောက်မှာပဲ ပြောခဲ့ရာကနေ ၊ ပိုတင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်း
တွေနဲ့ တရားဝင် ကိုင်တွယ်လာခဲ့ပါသတဲ့ ။ သို့သော် ပိုထိရောက်တဲ့ အကြောင်းရင်းခံအနေနဲ့ - ကရင်
အမျိုးသမီးတာဝန်ခံကြောင့် လာရောက်နေခဲ့ကြတဲ့ ကရင်အပါဝင် လူပေါင်းစုံဟာ တဖြည်းဖြည်းနဲ့
နည်းပါးပျောက်ကွယ်သွားခဲ့ပါတော့တယ် ။

   နောင် ၂ နှစ်အကြာ ကရင်ဘိုးဘိုးကြီးတစ်ယောက် အဲဒီဘုရားကျောင်းကို အလည်ရောက်သွားချိန်
မှာတော့ ၊ ခြေရှုပ်နေခဲ့သူတွေကို လုံးဝမတွေ့ရတော့တဲ့ စည်းကမ်းရှိပြီး သန့်ရှင်းတဲ့ ဘုရားကျောင်း
တစ်ခုအဖြစ် ဂုဏ်ယူစွာ ဆက်လက်ရပ်တည်သွားကြတာကို တွေ့လိုက်ရတော့သတဲ့ ။

   အဆက်အသွယ် ၊ အလုပ်အကိုင် ၊ အကူအညီတွေရတဲ့ စုရုံးရာအရပ်နဲ့ မထိုက်တန်တဲ့ ကရင်တွေ
(နဲ့ သူတို့ရဲ့ အပေါင်းအပါတွေ) ကတော့ - ကျဉ်းကြပ်ပြီး လုံခြုံမှုမရှိတဲ့အပြင် ၊ ဘာသာရေးဖက်ကို ပို
အာရုံစိုက်တဲ့ အခြားအခြားသော ဆုံမှတ်နေရာတွေမှာပဲ ၊ တကွဲတပြားနဲ့ အံကြိတ်ပြီး ကျင်လည်လှုပ်
ရှားကြရတော့သတဲ့ ။ သူတို့ တစ်ချိန်က ပျော်ပျော်ရွှင်ရွှင် အတူဆုံရာနေရာလေးမျိုးကို ၊ ဘယ်တော့မှ
တစ်ခေါက်ပြန်ပြီးတော့ မရကြတော့ပါဘူးတဲ့ ။

   ဒဏ္ဍာရီလေး တစ်ပုဒ်သာပါ ။
   ကံမကောင်းအကြောင်းမလှစွာပဲ ၊ အချို့သောသူတွေမှာ ကိုယ်တိုင် ကြုံတွေ့ ဖြတ်သန်းခဲ့ကြရတယ် ။
   ဆင်ခြင်မှု နည်းပါးတာနဲ့ အစေးမကပ် အစည်းပြေနေတဲ့ စိတ်ဓါတ်လေးတွေအတွက် သင်္ခန်းစာပေါ့ ။
   ဒါပေမယ့် ၊ “ဆင်ခြင် သင်္ခန်းစာ ယူနိုင်ကြပြီလား”လို့ မေးရင်တော့ ……..… ။

၁၅ ၊ ၀၂ ၊ ၁၂၀၁၄
--------------------------------------------------------------------------------------------------------


(၁) ဂီတနဲ့ ယဉ်ကျေးမှု

 ၁၄ ၊ ၀၂ ၊ ၂၀၁၄ - သောကြာနေ့ ....

   ဒီမနက်ခင်း ကလေးကျောင်းပို့ရင်းနဲ့ မိတ်ဆွေတစ်ယောက် ထားခဲ့တဲ့ ၊ ခေတ်ပေါ် ကရင်သီချင်းခွေလေး
တစ်ခွေ နားထောင်ဖြစ်တယ် ။

    သာမန်အားဖြင့် ကရင်အဆိုတော်တွေရဲ့ခွေတွေကို နားမထောင်ဖြစ်ပါ ။
    ခုနားထောင်မိတဲ့ခွေကို အမှီပြုပြီး မှတ်ချက်ပေးရရင် - ကရင်အနုပညာသည်တွေဟာ အရည်အသွေး
အတိုင်းတာတစ်ခုရှိတဲ့ ၊ အနုပညာ ဖျော်ဖြေမှုတွေကို ဖန်တီး ဖေါ်ထုတ်နိုင်ကြတယ်လို့ ပြောနိုင်ပါတယ် ။
ဝမ်းသာ မုဒိတာ ပွားစရာပါ ။

    ထုံးစံအတိုင်း စိတ်ကူးတစ်ခု ပေါ်လာတယ် ။
    ဒီလို အဆိုတော်တွေရဲ့ အခွေတစ်ခွေလုံးမှာ ၊ ကရင့်ယဉ်ကျေးမှုကို ဖေါ်ကျုးပြနိုင်မယ့် သီချင်းလေး
တစ်ပုဒ်စီလောက် ၊ ကြိုးစားဖန်တီး ထည့်ပေးနိုင်ကြရင် မကောင်းဘူးလား လို့ပါ ။

    စောင်း ၊ ဗုံ/ဘင် ၊ ကျွဲချို ၊ နှဲနဲ့ တွဲဆက်ပုလွေ တွေကစလို့ ရွေးချယ်စရာတွေ အများကြီး ရှိပါတယ် ။
    တတ်လည်းတတ်နိုင် ဆန္ဒလည်းရှိမယ်ဆိုရင် Remix လုပ်မလား ၊ Raggae အဖြစ် ဖန်တီးမလား ၊
Rap ထဲ ရောထည့် ဖန်တီးမလား ရွေးစရာ Idea နဲ့ Option တွေ အများကြီး ရှိပါတယ် ။

    လုပ်ဖို့ ၊ ကြိုးစားဖန်တီးကြဖို့ ဖိတ်ခေါ်ပါတယ် ၊ အားပေးပါတယ် ။
    ကျနော့်ကြောင့် အပြစ်ပြော အပုတ်ချခံရရင် ၊ ရှေ့ဆုံးကနေ ခေါင်းထိုးခံ ရင်ဆိုင်ပေးပါ့မယ် ။

    နောက်တစ်ဆင့် ဆင့်ပြောရရင် - အဖွဲ့အစည်းနဲ့ လူကြီးသူမတွေရဲ့ ဆုပေးဆွဲဆောင်တာတွေ လုပ်ကြ
ဖို့ပါ ။
    ကရင်တွေမွဲတာ ၊ တလွဲဆံပင်ကောင်းတာ သိပါတယ် ။
    ဒါပေမယ့် ကိုယ့်ဝတ္တရား ကိုယ်ကျေကြဖို့ တိုက်တွန်းချင်ပါတယ် ။

(ကျနော့်အနေနဲ့ မျိုးချစ်တစ်ယောက်အနေနဲ့ ပြောနေတာတော့ မဟုတ်ပါဘူး ၊
ဘေးအမြင်နဲ့ ထောက်ပြပေးရုံသာပါ) ။
~~~~~~~~~~~~~~~~~~~~~~~~

**  စီးပွားကြော်ငြာမှာ တွန်းအား (push factor) နဲ့ ဆွဲအား (pull factor) ဆိုပြီး ရှိကြတယ် ။ ဒါကို သိပြီး ၊
စနစ်တကျ အသုံးပြုနိုင်ရင် ၊ ပြိုင်ဖက်တွေအပေါ် အသာရတတ်ပါတယ် ။ လူကြီးသူမနဲ့ ခေါင်းဆောင်
လုပ်သူတွေအနေနဲ့ တီးမိခေါက်မိ ရှိသင့်တယ်လို့ ထင်ပါတယ် ။

    စီးပွားရေး သဘောတရားတွေဟာ လက်တွေ့ဘဝတွေနဲ့ ယှက်နွယ် ဖြစ်တည်နေတတ်တာကို ၊ တာဝန်
နဲ့ ဝတ္တရားရှိသူတွေ သိစေချင်တာပါ ။

    သိသူတွေ ဖေါ်စားသွားပြီး ၊ ကိုယ့်ကျမှ ထော်လော်ကန့်လန့်ကြီး ကျန်ရစ်နေရင် ၊ သူတစ်ပါးတွေကို
အပြစ်တင်ရ ခက်တတ်ပါတယ် ။

    မသိတာမျိုးကိုဆို အပြစ်မမြင်ပါ ။
    သိပြီး အကောင်ထည် မဖေါ်တာဆိုရင်တော့ ၊ ဘေးကနေ မချင့်မရဲ ဖြစ်မိမှာ အမှန်ပါ ။

   (အောက်မှာကတော့ ရှမ်းတိုင်းရင်းသား မိတ်ဆွေတစ်ယောက်ရဲ့ မှတ်ချက်လေးပါ) ။
  • စိုင်း ခမ်း ထွန်း - ဘိုဖြူကတော့ သူ့စီးရီးတိုင်းမှာ အဲလို လုပ်လေ့ရှိတယ်လို့ ပြောတယ်ဗျ။ မိဘမေတ္တာဖွဲ့ သီးချင်းတစ်ပုဒ်ရယ်၊ ကိုယ့်ရိုးရာအတွက် သီချင်းတစ်ပုဒ်ရယ် ထည့်လေ့ရှိတယ်တဲ့။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

10 comments:

  1. လုပ်မနေစမ်းပါနဲ့ကွာ မင်းဟာတွေဘယ်က၇င်မှလာမဖတ်ဘူး
    ဖတ်လည်းနားမလည်ဘူး နားလည်လည်းလိုက်မလုပ်လုပ်ဘူး
    မင်းဘဲလက်တိုသွားမယ် သဘောပေါက်

    မင်းလုပ်၇မှာက နိုင်ငံတော်နဲ့တပ်မတော်၇ဲ့စေတနာတွေကိုနားလည်
    တိုင်း၇င်းသားစည်းလုံးညီညွတ်ေ၇းကို မဖြိုခွဲနဲ့
    ဥပဒေဘောင်အတွင်းဝင်ပြီး အဆိုးမြင်စိတ်တွေကိုဖျောက်၇မှာ

    ReplyDelete
    Replies
    1. Anonymous ရေးသွားတာတွေက ၊ ပြောချင်တာလေးအချို့နဲ့ တိုက်ဆိုင်တာကြာင့် ၊ အရင်လို အချိန်တွေ အများကြီး မပေးနိုင်ပေမယ့် ၊ ပြန်ကြားပေးလိုက်ပါတယ် ။

      ပထမတစ်ချက် - ကရင်တွေ ဖတ်တာမဖတ်တာ ၊ နားလည် လိုက်လုပ်တာဟာ သူတို့ရဲ့ ကိုယ်ပိုင်ရွေးချယ်မှုပါ ။ ကျနော် အတင်းဆွဲလို့ မရသလို ၊ တိုက်တွန်းလို့လည်း ထူးချင်မှ ထူးပါလိမ့်မယ် ။

      ကျနော် လိုချင်တာ များများမရှိပါဘူး ။
      ကိုယ်ပေးချင်တဲ့ သတင်းစကားကို ၊ တစ်ယောက်စ နှစ်ယောက်စလက်ထဲ ရောက်သွားတယ်ဆိုရင်ပဲ ၊ ကျနော့် ဝတ္တရား ကျေပြီလို့ ယူဆပါတယ် ။ စိတ်လုံလုံနဲ့ ကိုယ့်ဘဝကို ဆက်ကျော်ဖြတ်သွားဖို့ပဲ ရှိပါတော့တယ် ။

      ဒီလို စကားတွေပြောတာဟာ အကြောင်းရှိပါတယ် ။ Facebook မှာတော့ ပြောဖူးပါတယ် ။ အဲဒါက - ကျနော်ဟာ လက်ရှိ အစိုးရအတွက် သူပုန်ဖြစ်သလို ၊ ကေအန်ယူလို အဖွဲ့တွေအတွက်လည်း သူပုန်တစ်ယောက် ဖြစ်နေမှာပါ ။ ဘာကြောင့်လဲဆိုတော့ ၊ ကျနော်ဟာ မှန်တယ်လို့ ကိုယ်မြင်တာတွေကို မြင်သည်အတိုင်း အားလုံးကို ပြောသွားမှာဖြစ်တာကြောင့်ပါပဲ ။ ကျနော် သင်္ခန်းစာယူသလို ၊ အခြား ဘယ်လူမျိုး ဘာသာဝင်မဆို သင်္ခန်းစာ လိုက်ယူနိုင်ရင် ၊ သင့်တင့်တဲ့ အကျိုးတွေ ဖြစ်ထွန်းမယ်လို့ ယုံကြည် လုပ်ကိုင်ပြောဆိုနေတာပါပဲ ။

      ကြုံတုန်း Anonymous ရေးသွားတာတွေထဲက နည်းနည်းလေး ဆွဲထုတ်ချင်ပါတယ် ။

      - “နိုင်ငံ”ဆိုတာ ဘာလဲ ၊ ဘာတွေ ဘယ်သူတွေနဲ့ တည်ဆောက်ထားသလဲ ။
      - “စစ်တပ်”ဆိုတာ ဘာလဲ ၊ ဘယ်သူတွေနဲ့ တည်ဆောက်ထားပြီး ၊ ဘယ်အခန်းကဏ္ဍတွေမှာ ပါဝင်လှုပ်ရှားသလဲ ။
      - “တိုင်းရင်းသား စည်းလုံးညီညွတ်ရေး” ကို ဘယ်လို ခံယူသလဲ ၊ အပေါ်ယံလား ခိုင်မာတဲ့ ရင်ထဲက သဘောထားတွေနဲ့လား ။
      - “ဥပဒေဘောင်” ဆိုတာ ဘယ်သူတွေရဲ့ ဘယ်လို ပြဌာန်းထားတဲ့ ဥပဒေတွေလဲ ၊ တရားရဲ့လား မျှတရဲ့လား လူအများရဲ့ အကျိုးစီးပွားနဲ့ နစ်နာသူတွေအတွက် ထည့်တွက်မှုတွေ ရှိသလား ။
      - “အဆိုးမြင်စိတ်” ဆိုတာ ဘာကို ဆိုလိုသလဲ ၊ ကိုယ့်နဲ့မတူတဲ့ အမြင်တွေကိုပြောတာလား ၊ လူအများကို အကျိုးမဲ့စေတဲ့ အတွေးအမြင်တွေလား - စသည်ဖြင့်ပါ ။

      Anonymous ကို ကျနော် အတင်းတိုက်တွန်းလို့ မရသလို ၊ အာဏာနဲ့လည်း အတင်းခိုင်းလို့ မရပါဘူး ။
      သို့သော် အဲဒီ အခြေခံတွေကို ၊ အနည်းဆုံး “ဘက်”နှစ်ဘက်လောက် တွေးနိုင် မြင်နိုင် သိနိုင် လက်ခံနိုင်ပြီဆိုရင်တော့ ၊ ကျနော်တို့ ဆက်ပြီး ပြောဆိုဖလှယ်ဖို့ အဆင်ပြေလာကောင်း ပြေလာနိုင်ပါတယ် ။

      လတ်တလောမှာတော့ ၊ ကျနော်တို့နှစ်ယောက်ရဲ့ အမြင်တွေဟာ “အနီ” နဲ့ ”အဝါ”ရောင်တွေလို ၊ ဆန့်ကျင်ဖက် ဖြစ်နေဦးမှာပါပဲ ။ သို့သော် Anonymous အနေနဲ့ ကိုယ့်ကိုယ်ကို “အဖြူ”လို့တော့ ၊ အလွယ်တကူ မမှတ်ယူလိုက်ပါနဲ့ ။ မှတ်ယူလိုက်ချိန်မှာပဲ ကျနော်ကနေပြီး Anonymous ကို “အမည်း”လို့ မှတ်ယူလိုက်မှာမို့ပါပဲ ။

      Delete
    2. ဒီရက်ပိုင်း Facebook မှာ မြင်ခဲ့တဲ့ မှတ်ချက်လေးတစ်ခုကို ၊ သဘောကျလို့ Anonymous ပါ ဖတ်နိုင်အောင်လို့ ကူးယူလာလိုက်ပါတယ် ။ တိုင်းရင်းသားတွေရဲ့ ကြုံတွေ့နေကြရတာနဲ့ ခံစားချက်တွေကို ၊ ပုံဖေါ်ပြနိုင်တာလေးမို့ပါ ။
      ……………………………………………

      Win Aung - ကယားရောက်တော့ ကယားတွေ ပြောတာလေး ပြန်မျှဝေချင်တယ်။
      လောပိတ စက်ရုံကြီးဆောက်တော့ ငါတို့ခြံတွေ သိမ်း လူတွေ လုပ်အားပေး နှစ်နဲ့ချီကြာတာ မီးစေါ်တော့ ကယားတွက်မပါဘူး။ ငါတို့စိတ်မနာဘူး တစ်နိုင်ငံလုံး မီးလင်းမှာဆို ပျော်ရတာ။ တစ်ခါရေမလောက်လို့ဆို မိုးဗြဲဆည်ကြီးဆောက်တော့ ရွာ ၄၀ လောက်ရေအောက်ရောက် ခြံတွေသိမ်း လူတွေက လုပ်အားပေး။ နောက်ပိုင်း နေ့စား ဆည်ကြီးပြီးသွားတော့ လုပ်စားစရာ ဘာမ မရှိတော့လို့ မြို့ပေါ်တွေ ခိုကပ်နေ ကြုံရာကျပမ်းလုပ် ကယားပြည်နယ် မီးမလင်းသေးဘူး။ ငါတို့မှာတစောင့်စောင့်နဲ့ ဘယ်နေ့မီးလင်းမလဲ စောင့်တုန်း စစ်တပ်ခေတ်ထိ လွိုင်ကော် ဒီမောဆိုး ကလွဲလို့ မီးမရသေးဘူး။ ဒီကြားထဲ တာဝါတိုင် လုံခြုံရေးဆို နွေမိုးဆောင်း အမိုးအကာမရှိ ကင်းစောင့်ရသေးတယ်။ အောင်ပန်း မိုးဗြဲ လွိုင်ကော်လမ်း အင်္ဂလိပ်ခေတ်က လမ်းဟောင်းပဲ ကိုယ့်ဟာကို ပြင်သွားလာနေရတယ်။ တစ်ခြားဟာ မပြောတော့ဘူး နာမည်မှည့်တာတောင် သူပုန်ဗိုလ် မိုးဟိန်းနာမည် နာမည်တူမှည့်လို့ တပ်ထဲ စစ်ထောက်လှမ်းရေးက ခေါ်ရိုက်နှက်နေလို့ ဘာသာရေးခေါင်းဆောင်တွေနဲ့ ငွေပေးသွားရွေးရတယ်။ စစ်တပ်ကပြောတယ် မိုးဟိန်းမဟုတ်မှန်း သူတို့သိတယ် နာမည်တူမှည့်လို့ တမင်ရိုက်တာတဲ့၊
      ငါတို့စိတ်နာတာ လွန်လားတဲ့။
      ကျနော်ဆွံ့အ သွားတယ်။

      April 11 at 11:57pm • Unlike • 24

      Delete
  2. ဒါကောဖတ်ပီးပီလား
    ။။။။။။။။။။။။။။။။။။။။။။။။

    Mae Coe
    January 22 · Edited ·

    အသိမိတ်ဆွေကရင်အမျိုးသမီးလေးတစ်ဦးက ရေးမြို့နယ်က ကရင်ရွာတွေကို အသိပညာပေးသင်တန်းပို့ချဖို့ သွားတဲ့အခါ ကျွန်မကိုလည်း လိုက်ခဲ့ဖို့ခေါ်လို့ ခရီးအလွန်သွားချင်သူပီပီ အိတ်ဆွဲကာ အိမ်ကထွက်ခဲ့ပါတယ်။ စာသင်ပေးသူ ဆရာမနှစ်ယောက်နဲ့ ဒေသခံညီမလေးတစ်ယောက်ပါဝင်ပါတယ်။ ဒေသခံများက စာမသင်ပေးဘဲ လိုက်ပါလာသူ ဧည့်မြှောင်ကျွန်မကိုလည်း ဖော်ရွေပျူငှာစွာ ကြိုဆိုသလို အိမ်ရှင့်ဝတ္တရားမပျက် ပြုစုစောင့်ရှောက်ကြပါတယ်။

    အရင်အခါက အမဲရောင်နယ်မြေဖြစ်တဲ့ဒေသက ယနေ့ထက်တိုင် လမ်းပန်းဆက်သွယ်ရေးမကောင်းမွန်သေးပေမယ့် စိုက်ပျိုးရေးအဆင်ပြေလို့ လမ်းမကြီးနဲ့ ငါးမိုင်လောက်ဝေးတဲ့နေရာက ရွာမှာတောင် အိမ်ကြီးရခိုင်နဲ့ နေနိုင်ကြသူများဖြစ်ပါတယ်။ ဒီလိုချောင်ကျတဲ့နေရာမှာ တည်နေတဲ့ရွာတွေဟာ စစ်တပ်က မီးရှို့လို့မရဘဲ ကျန်ခဲ့တဲ့ ရွာတွေဖြစ်ပြီး ရွာအများစုက သူပူန်အောင်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မီးရှို့ခံရပြီး လမ်းမကြီးဝဲယာကို ပြောင်းရွေ့ခံရတဲ့ရွာသစ်များဖြစ်ပါတယ်။

    ဒီလိုစစ်တပ်ရဲ့ အနိုင်ကျင့်မှုခံရတာ၊ ရွာသားတွေ ရိုက်နှက်ခံရတာ၊ ပေါ်တာဆွဲခံရတာ၊ သူတို့ပိုင် ပစ္စည်းဥစ္စာတွေ မတရားယူခံရတာ ကြားတိုင်း ဗမာတွေ၊ ဗမာတွေလို့ ခေါင်းစဉ်တပ်ခံရတိုင်း ဗမာလူမျိုးဖြစ်တဲ့ကျွန်မ မျက်နှာပူကာ တောင်းပန်ရတော့မလို ရှက်လွန်းလို့အငွေ့ပျံပျောက်ကွယ်ရတော့မလို ဖြစ်ရပါတယ်။ ဒီလိုပြောကြဆိုကြရင်း ဒေသခံညီမလေးက ‘ဗမာတွေက မရိုးသားဘူး။’ လို့ ဆိုပါတယ်။
    ဗမာစစ်တပ်၊ဗမာအစိုးရလို့ ခေါင်းစဉ်တပ်ပြီး မကောင်းကြောင်းပြောတဲ့အခါ လက်ခံနိုင်ပေမယ့် ဗမာလူမျိုးကို နှိမ့်ချသံကြားရတဲ့အခါမှာတော့ စိတ်မကောင်းဖြစ်ရပါတယ်။

    ကျွန်မက ဗမာလူမျိုးများလည်း ဗမာအစိုးရရဲ့ ဖိနှိပ်မှုခံရကြောင်း၊ ဗမာပြည်အထက်ပိုင်း အညာဒေသတွေမှာလည်း ဒီဒေသထက်ပင် ဆင်းရဲနိမ့်ကျမှုများရှိကြောင်း ရှင်းပြပါတယ်။ ဒါပေမယ့် မိတ်ဆွေဆရာမက လက်မခံပါဘူး။ ကျွန်မစကားကို ချေပချင်တယ်လို့ ပြောကာ ဗမာတွေ လက်ပတောင်းတောင်မှာအစ နှိပ်စက်ခံရတယ်ဆိုလည်း ကရင်ရွာတွေမှာ မိန်းကလေးတွေကို မိဘဆွေမျိုးတွေရှေ့မှာတင် မုဒိမ်းကျင့်တာလောက် မဆိုးဘူးလို့ ဆိုပါတယ်။

    ဗမာလူမျိုးတွေက တခြားတိုင်းရင်းသားတွေလောက် ဗမာစစ်တပ်ရဲ့ အနှိပ်စက်မခံရတဲ့အတွက် ဗမာလူမျိုးကို မုန်းတာ၊ဒီလိုအမုန်းစကားဆိုတာဟာ မမှားဘူးဆိုတဲ့ ဆိုလိုချက်ကို တွေ့ရတဲ့အခါ ကျွန်မမှာ ဝမ်းနည်းသိမ်ငယ်မှုနဲ့ စကားစရှာမရဖြစ်ရပြန်ပါတယ်။ ဒေသခံမောင်လေးတစ်ယောက်ကတော့ စစ်တပ်မှာလည်း တိုင်းရင်းသားပေါင်းစုံရှိတာပဲလို့ ဖြေပြောပြောပါတယ်။ ကျွန်မကတော့ အပြစ်မဲ့အမုန်းတီးခံဘဝမှာ ဘယ်လိုဖြေဆေးကိုမှ ရှာမတွေ့တော့ပါဘူး။

    မျက်နှာစာအုပ်ပေါ်မှာ တိုင်းရင်းသားပေါင်းစုံ၊ဘာသာကွဲတွေရဲ့ ဗမာမုန်းတီးရေးတွေ ဖတ်ရစဉ်က မတုန်လှုပ်ခဲ့ပေမယ့် အခုလို အမုန်းနဲ့မျက်နှာချင်းဆိုင် ကြုံလိုက်ရတော့ ရင်ကွဲနာကျသွားပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုပြိုကွဲအောင် လုပ်ခဲ့တဲ့အစိုးရကိုပဲ နာကျည်းပြီး ဘဝဆုံးရတော့မလား။ ငါ အကုသိုလ်များလို့ ဗမာလူမျိုးဖြစ်ရလေခြင်းလို့ ဝမ်းနည်းစွာ အသက်ဆုံးရတော့မလား မသိတော့ပါဘူး။ အမုန်းများပါးစေသတည်းလို့ ဆုတောင်းနေရမယ့် အချိန်အခါမဟုတ်တာ နားလည်ပါတယ်။အမုန်းတွေကို ငြှိုးနွမ်းလျော့ပါးသွားအောင် ကူညီပေးနိုင်ခွင့်ကိုသာ မျှော်လင့်နေမိပါတော့တယ်။
    Like · Share

    Ah Hpu, Sai Thein Win, Thomas Latt and 167 others like this.
    44 shares

    ReplyDelete
    Replies
    1. Facebook ပေါ်မှာတွေ့ပြီး ၊ share လုပ်ဖူးပါတယ် ။
      Blog ပေါ်မှာသုံးဖို့ ခွင့်တောင်းတာ ၊ ခွင့်မပေးလို့ မတင်ခဲ့ရတာလေးပါ ။
      မြို့ပေါ်နဲ့ ပြည်မနေသူတွေ ဖတ်ဖို့သင့်တဲ့ စာစုလေးလို့ ယူဆပါတယ် ။

      ကူးယူလာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။
      တစ်ဖက်ကလည်း ၊ ခွင့်ပြုချက်မရပဲ ကူးယူလာတာမျိုးတွေကိုတော့ ၊ သိပ်အားမပေးချင်ပါဘူး ။

      Delete
  3. အဖိုးဖြူဆီကစာ။

    ǂ အဖေ့လူလေး၊ အမေ့လူလေး၊ အိမ်နဲ့မိဘကိုမေ့တဲ့ လူလေးတို့ရေ၊ နားထောင်ကြ။
    ǂ တို့တတွေ အဖိုးထော်မဲပါနောက်လိုက်ပြီး၊ ကွဲကွာခဲ့ရတဲ့အချိန်တွေ ကုန်ဆုံးလိမ့်မယ်။
    ǂ မကောင်းတဲ့ဝိဥာဉ်တွေ မြူးတူးတဲ့နှစ်မှာ၊ အရှေ့ဖက်ရောက်နေတဲ့ အမေ့သားဟာ၊ ကျွဲချိုကို တိုးတိုးသာသာလေး စမှုတ်လိမ့်မယ်။
    ǂ ဒါကိုကြားတဲ့ တောင်ဖက်နဲ့ အနောက်စူးစူးက အဖေ့သားတွေဟာလည်း၊ သူတို့ရဲ့ကျွဲချိုကို အသံကျယ်ကျယ်နဲ့ မှုတ်လာကြလိမ့်မယ်။
    ǂ အိမ်နဲ့မိဘကိုမေ့တဲ့ သားငယ်လေးဟာလည်း၊ သိမ်းထားတဲ့ကျွဲချိုကို ယူထုတ်ပြီး၊ မှုတ်ဖို့ကြိုးစားလိမ့်မယ်။
    ǂ သားသမီးတွေအားလုံးရဲ့ ကျွဲချိုသံတွေ စုံတဲ့အခါ၊ သင်္ဘောဆိပ်တောင်ပေါ်မှာ မိုးခြိမ်းသလို မြည်လိမ့်မယ်။
    ǂ တို့နေရာဟောင်းက မြစ်သုံးစင်း ရေခန်းတဲ့နှစ်မှာ၊ ကွဲကွာနေတဲ့ ဝိဥာဉ်တွေနဲ့အတူ၊ ညီအကိုမောင်နှမတွေ အားလုံးပြန်လာဆုံမယ်။

    Anonymous 5

    ReplyDelete
    Replies
    1. သင်္ဘောဆိပ်တောင်ပေါ်မှာ ကျွဲချိုခြိမ်းသံတွေ မြည်ဟီးစေမယ့် အဖေ့သား အမေ့သား အိမ်နဲ့မိဘကိုမေ့တဲ့ သားသမီးတွေနဲ့ ၊ ကရင့်နန်းတော်ရာကနေ ဖါးစည်သံလွင်လွင်နဲ့ တုံ့ပြန်ကြမယ့် ဘိုးဘွားဝိဥာဉ်တွေ ပြန်စုဆုံလာမယ့် အချိန်ခါမှာ ၊ အဝေးရောက် လေလွင့်ဝိဥာဉ်တွေကိုခေါ်ပြီး အရောက်ပြန်လာနိုင်ဖို့ ကြိုးစားပါ့မယ် ။

      Delete
  4. အကိုရေကျွန်တော်က ကရင်တော့မဟုတ်ပါဘူး
    ဗမာ ပါ
    ကျွန်တော်ကရင်စကားလေ့လာခြင် လို့ပါ
    ကရင် စကားလေ့လာလို့ ရမယ့်စာအုပ်လေးများ ရှိမယ်ဆိုရင် လမ်းညွှန်ပေးစေခြင် ပါတယ်
    ကျေးဇူးတင်ပါတယ်အကိုရေ
    yanpaing396@gmail.com

    ReplyDelete
    Replies
    1. အကြမ်းဖျင်းကတော့ - ပြည့်စုံတဲ့ စာအုပ်နဲ့ သင်ကြားဖို့ အခြေနေတွေ သိပ်မရှိတာကြောင့် ၊ တိကျတဲ့ လမ်းညွှန်မှုတွေ ပေးရခက်ပါတယ် ။ ဒါက ကရင်တွေကိုယ်တိုင် ကြုံတွေ့နေရတာပါ ။

      လက်လှမ်းမီသမျှ ပြောရရင်တော့ ၊ ပထမ စကောနဲ့ ပိုးကရင် ဘယ်ဟာကို လေ့လာချင်သလဲ ဆုံးဖြတ်ရပါမယ် ။

      အောက်က ပေးထားတဲ့လင့်ရဲ့ စာမျက်နှာအောက်ဆုံးမှာ - ပိုးကရင်စာ သင်ကြပါစို့ အပိုင်း (၁)-(၈) အထိ ဗီဒီယို အပိုင်းတိုလေးတွေနဲ့ သင်ပုန်းကြီးကို ရှင်းပြထားတာလေး ရှိပါတယ် ။ စာတွေ ပြည့်စုံဖို့ကတော့ အချိန်ယူရဦးမယ် ထင်ပါတယ် ။
      mahnkoko.blogspot.com/p/blog-page_02.html
      အဲဒါတွေ ဖတ်တတ်သွားရင်တော့ အဘိဓါန်တွေနဲ့ တစ်ဆင့်တက်ဖို့ လွယ်သွားပါလိမ့်မယ် ။

      စကောကရင် စကားပြောဆိုရင်တော့ - http://benice.com.au/ - မှာ နမူနာ မြည်းစမ်းကြည့်နိုင်ပါတယ် ။ စာအုပ်နဲ့ အခွေထုတ်ထားတာတွေလည်း ရှိပါတယ် ။ အဘိဓါန် လိုချင်ရင်တော့ နီးစပ်ရာလူတွေနဲ့ ရှာဖွေမှ ရနိုင်ပါလိမ့်မယ် ။

      ဘာသာစကါး လေ့လာဖို့ရာ အထောက်ကူ ပစ္စည်းတွေသာမကပဲ ၊ သက်ဆိုင်တဲ့ ပတ်ဝန်းကျင်လည်း လိုအပ်တယ်လို့ နားလည်ထားပါတယ် ။
      ဒါကြောင့် တံငါသည် ဖြစ်ချင်ရင်တော့ တံငါသည်တွေနား သွားဖို့လိုတာတော့ သေချာပါတယ် ။ အဆင်ပြေပါစေ ။

      Delete
  5. အပေါ်က ကွန်မန့်ရေးတဲ့သူအတွက်ပါ၊သူများဖတ်တာမဖတ်တာသူများရဲ့အပိုင်းပါ၊အမျိုးသားရေးစိတ်နဲ့တွေ့ ကြုံနေရတဲ့အတွေ့အကြုံလေးတွေ၊လေ့လါမိသမျှလေးတွေကိုလက်ဆင့်ကမ်းပြီးအသိပညာပေးဗဟုသုတ ဖလှယ်လက်ဆင့်ကမ်းပြီးရေးတဲ့သူကတော့စေတနာသက်သက်ဘဲဖြစ်မယ်လို့ ယူဆထားပါတယ်၊ငါတို့(ကျွန်တော်တို့ လို့မသုံးချင်လို့)လိုလူတွေ ကွန်မန့်တွေမရေးဘဲ မန်းကိုကို လိုဆောင်းပါးတွေ အမြဲဖတ်ကြတယ်ဆိုတာသိစေချင်ပါတယ်၊အားပေးပါတယ် ဗဟုသုတလဲ ရပါတယ်၊ဒီကွန်မန့်ကိုတောင်ကရင်လိုရေးမလို့ဘဲ ဒါပေမဲ့အပေါ်ကကွန်မန့်ရေးတဲ့သူမဖတ်တတ်မှာသိနေလို့ပါ၊

    ReplyDelete