ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Sunday, September 14, 2014

လက်တစ်ဆုံး အမုန်းခံပြီး ပြောပါရစေ ဖထီးရေ



   ‘ဖထီး’ရေ ၊ စာမလာတာကြာလို့ စိတ်များတောင် ကွက်နေသလား ။
   ‘ယာ’လည်း ဘဝသစ်မှာ တစ်ဆစ်ထပ်ချိုးနေရလို့ မရေးဖြစ်တာပါ ။
   ခဏခဏရေးပြီးလည်း ဖထီးနဲ့ ဖထီးရဲ့ အဖွဲ့စည်းကြီးကို တကျီကျီ နားမပူစေချင်ဘူးလေ ။
   ခုရေးတာကိုလည်း နားနဲ့မနာပဲ ၊ ဖဝါးနဲ့ဖြစ်ဖြစ် ကျောကုန်းနဲ့ဖြစ်ဖြစ် ဇက်ပိုးနဲ့ဖြစ်ဖြစ် အဆင်ပြေသလို
နာပေးပါနော ။

   ယာလည်း ရေးချင်ပြောချင် တွေ့ချင်မေးချင် ဆွေးနွေးချင်တဲ့စိတ်တွေက အများသားပါ ။
   ဒီလိုနဲ့ပဲ ကာလရှည်ကြာ ကြိမ်ဖန်များစွာဖြစ်လာတော့ ၊ ပြောရမှာတောင် လည်ပင်းမှာ ငါးရိုးစူးသလိုလို
ဧရာမနှမ်းစေ့ကြီး နင်နေသလိုလိုပါပဲ ။

   ခက်သည်က သည်လို ဖထီးရဲ့ ။
   ဖထီးလုပ်ကိုင်နေတဲ့ ကရင့်အဖွဲ့စည်းကြီးရဲ့ လုပ်ပုံကိုင်ခန်းတွေက ၊ ပြောချင် ပြူးချင် စွေစောင်းစောင်းနဲ့
ကြည့်ချင်စရာတွေက အများသားမို့လား ။

   တလောကများတောင် တိုင်းရင်းသားမိတ်ဆွေတစ်ယောက်က မေးပါလေရဲ့ ။
  ‘ခင်ဗျားတို့ အဖွဲ့စည်းကြီးတွင်းမှာ သဘောထား အတော်ကွဲနေကြတာပဲနော်’ - တဲ့ ။
   ဒီတော့ ယာကလည်း ခပ်တည်တည်နဲ့ ပြန်မေးရသပေါ့ ။
   ‘ခင်ဗျားကို ဘယ်သူပြောတာတုံးဗျ’ - လို့ပေါ့ ။
   သူက ပြန်ပြောတယ် ၊ ‘ဘယ်သူမှ မပြောပါဘူး ၊ ဒါက သတင်းတွေထဲတွေ အများကြီးပါနေတာ ၊ တစ်
ကမ္ဘာလုံးတောင် သိနေကြတဲ့ ကိစ္စပဲ’ တဲ့ ။
   သေပါလေရော ဖထီးရယ် ၊ ယာလည်း မျက်နှာဖင်ကြားဖွက်ဖို့က ခါးမကုန်းနိုင်လို့သာပဲ ။
   သတင်းနောက် လိုက်နေသူတွေအားလုံးကို အထင်သေးလို့ မရဘူးဆိုတာ တကယ့်သက်သေတစ်ခုပါပဲ ။

   ခုလည်း ဖထီးတို့လူကြီးတွေ ၊ အခြားတိုင်းရင်းသားစုံညီရှေ့မှာ တပင်တိုင်ထီးထီးကြီး အစွမ်းပြ ‘က’ပစ်
ပလိုက်တာ ၊ အတော်ကြီး 'လှ'သွားတယ် ထင်ပါရဲ့ ။ ဆက်စပ်နီးကပ်တဲ့ လူငယ်လေးတွေကပါ မျက်ပြူး
ဆံပြာနဲ့ စိုးရိမ်တကြီး လာလာမေးနေကြပြီ ။
   ယာလည်း ငထွားလုပ်ရပြီပေါ့ ။
   ကိုယ့်မျက်နှာကိုယ် ထုံးသုတ်ပြီး ခါးဝင်နာရပြီလေ ။

   တစ်ခါ ခက်ပြန်သည်က ၊ ဖထီးတို့ကို ပြောစရာတွေကလည်း လှည်းတစ်စီးတိုက်စာလည်း မလောက် ၊
နှစ်စီးတိုက်စာလည်း မလောက်ဆိုတော့ ၊ ချွေချွေတာတာ ရွေးချယ်ပြောဆိုဖို့ အရေးပါ ။
   ဒီတော့ သတင်းတွေထဲက လက်လှမ်းမီသမျှ တစ်ကော်နှစ်ကော်စာလောက်ပဲ ချခင်းပေး ပါရစေ ။

(က)  ပထမ သတိရမိတာက ၊ ဗီဒီယို ကလစ်လေးတစ်ခုပါ ။
        တနင်္သာရီ တောနယ်ဖက်မှာလို့ ဆိုတယ် ။
   ပြည်မစစ်တပ်က မြေယာသိမ်းထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ၊ သူတို့နဲ့ ဖထီးတို့အဖွဲ့စည်းက လာပြီး ပူး
ပေါင်းဖြေရှင်းပေးတာလို့ ဆိုတယ် ။

   ပြည်မစစ်တပ်က စစ်ဗိုလ်ကတော့ ၊ ခပ်တည်တည် မသိသလို မျက်နှာပေးနဲ့ပေါ့ ။
   ပြဿနာက - မျက်စိနဲ့ နားထဲကို ကန့်လန့်ဝင်လာတဲ့စကားက ၊ ဖထီးတို့အဖွဲ့က ‘ဖဒို’ဆိုလား ဘာဆိုလား
လူတစ်ယောက်ရဲ့ စကားပါ ။
   သူပြောတာ ဘာတဲ့ရယ် ၊ ယာနားလည်သလောက်တော့ - နင်တို့တွေဟာ ဟိုနေရာလက်ညှိုးထိုးလည်း
နင်တို့မြေ ၊ ဒီနေရာ လက်ညှိုးထိုးလည်း နင်တို့မြေချည်းပဲ - တဲ့ ။
   အခက်ခဲတွေကို လာဖြေရှင်းပေးတာလား ၊ အပြစ်လာတင်တာလား မသိတော့ပါဘူး ။

   ယာလည်း ခေါင်းနပမ်းရော ကျော ခြေ ဖဝါးတွေပါ ကြီးသွားတယ် ။
   ဘိုးစဉ်ဘောင်ဆက် နေထိုင်လာကြတဲ့ မြေပေါ်နေပြီး ၊ အစဉ်အဆက် အလှည့်ကျတောင်ယာစနစ်နဲ့
ဒီနယ်တခွင် လုပ်ကိုင်စားသောက် ရှင်သန်လာသူတွေကို ၊ ခုလို လက်လွှတ်စပယ် ပြောလိုက်တဲ့ ဖထီးတို့
အဖွဲ့ကလူကို အတော်လေး အံ့သြသွားမိတယ် ။
   ကိုယ့်ဓလေ့ကို မေ့တဲ့သူလား ၊ ပြည်မစစ်တပ်နဲ့ ကြံရာပါလား ၊ အဖွဲ့စည်းက အရည်ချင်းပြည့်လို့ ခုလို
ဖြေရှင်းဖို့ လွှတ်ပေးလိုက်သူလားဆိုတာ ၊ မေးခွန်းပေါင်းများစွာ ပလူပျံနေခဲ့တယ် ။

(ခ) နောက်တစ်ခုက ၊ များမကြာခင်နှစ်ပိုင်းက မှတ်မှတ်ရရ သတင်းလေးတစ်ပုဒ်ပါ ။
     ဖထီးတို့ ‘အဖွဲ့ကြီး’ဆီက ဘာသာရေးကြောင့် ‘ကွဲသွားခဲ့တဲ့ အဖွဲ့’ကနေပြီး ၊ ဖထီးတို့ဆီကို လာရောက်
တွေ့ဆုံခဲ့ကြတယ်ဆိုတဲ့ အခမ်းအနားလေးတစ်ခု ဆိုလားပဲ ။

   ပြန်တွေ့ကြဆုံကြတာ ဘာမှမဖြစ်ပါဘူး ၊ ဝမ်းသာစရာပါ ။
   သို့သော် သတင်းအဆုံးမှာတော့ ယာ့မျက်စိထဲ ငရုပ်ကောင်း လက်တစ်ဖျစ်စာလောက် ဝင်သွားတယ် ။
   ဘာရယ် - ‘တွေ့ဆုံပွဲအပြီးမှာ ဝတ်ပြုဆုတောင်းပွဲနဲ့ အဆုံးသတ်လိုက်တယ်’ ဆိုလား ။

   ယာလည်း ဦးနှောက်တောင် အတော်လေး ခလောက်ဆန်သွားတယ် ။
   ဘာသာရေးကြောင့် ကွဲခဲ့ပါတယ်ဆိုမှ ၊ ပြန်တွေ့ဆုံကြတာကို ဘယ့်နှယ် ဘာသာရေးဝတ်ပြုတာပါ ပါ
လာရသလဲပေါ့ ။
   နားမလည်နိုင်တဲ့ ယာကပဲ ‘ကြောင်’နေသလား ၊ ဖထီးတို့ဆီက လူကြီးသူမဆိုသူတွေပဲ ‘ချောင်’နေ
သလား သိပ်တော့ မသေချာ ။
   အဲ .. ဒါပေမသိ ပြောလည်းမပြောချင် ၊ မပြောပြန်လည်း မဖြစ်ပြန် ။

(ဂ)  ဖထီးရေ .. ၊ သူသူကိုယ်ကိုယ် သိတာလေးတစ်ခုလောက် ၊ အမှတ်ရအောင် ပြောပြချင်တယ် ။
      လူဆိုတာက သေမျိုးမို့လား ။
   မသေခင်လည်း ၊ ဟောင်းနွမ်းအိုမင်းလာရင် အတွေ့ကြုံနဲ့ အတွေးခေါ်တွေက များလာ ရင့်လာတတ်
တယ် ။
   ပတ်ဝန်းကျင်နဲ့ အဖွဲ့စည်းတွေကို ၊ ဘေးကနေပြီး အများကြီး အထောက်ကူ အကြံဥာဏ်တွေ ထောက်ပံ့
ပေးနိုင်လေ့ ရှိကြတယ် ။

   ဒါပေမယ့် ဆိုခဲ့သလိုပဲ ၊ ‘ဘေး’ကနေ ‘နောက်’ကနေပြီး သူတို့ရဲ့ အမျှော်မြင်နဲ့ အတွေ့ကြုံတွေအပေါ်
အခြေခံပြီး ၊ လမ်းညွှန်တွေးပြ ကူညီကြတာပါ ။
   အဲဒါကို “နာယက” နေရာလို့ ခေါ်ကြပါတယ် ။
   နာယကဆိုတာ ၊ အဖွဲ့စည်းခေါင်းဆောင်နေရာမျိုး မဟုတ်ဘူးဆိုတာ ဖထီးသိပြီးသားပါ ။

   ယာတို့နဲ့ နောက်ပေါက် လူငယ်လေးတွေက ၊ ဖထီးတို့တတွေရဲ့ အဖွဲ့စည်းမှာရှိတဲ့ လူကြီးသူမ ဆိုသူ
တွေကို ၊ လမ်းမှန်ညွှန်ပြနိုင်မယ့် နည်းပေးလမ်းပြ စံနမူနာတွေအဖြစ် မျှော်လင့်ချင်ပါတယ် ။
   ‘အာဏာရှင်စနစ်’နဲ့ ရေသေလိုဖြစ်ပြီး ပုပ်သိုးနေတဲ့ ‘အဖွဲ့စည်း’ တွေဆီကနေ ၊ အတုခိုး အတတ်သင်
ပြသူမျိုးတွေ မဖြစ်စေချင်တာကတော့ ၊ ယာတို့ရဲ့ သဘာဝ စိတ်ရင်းတွေပါ ။

   တစ်ဆက်ထဲမှာ ၊ တာဝန်ဝတ္တရားတွေကို ခွဲဝေလုပ်ကိုင် မျှယူစေတဲ့ (delegation လုပ်တဲ့) စနစ်မျိုးကို ၊
နားလည်သဘောပေါက် လက်တွေ့ရောက်တဲ့ ခေါင်းဆောင်မျိုးတွေ ဖြစ်ဖို့လည်း လိုတယ်လို့ ထင်တယ်
လေ။
   အနည်းဆုံး ၊ ဥပမာ ဖထီးတို့ခေါင်းဆောင်တွေဆီမှာ အထောက်ကူပြုအဖွဲ့ (support team) မျိုးတွေ
ထားပြီး ၊ လုပ်စရာ မှတ်စရာ စီမံခန့်ခွဲစရာတွေကို အချိုးညီညီ စနစ်တကျ ခွဲဝေလုပ်ကိုင်ပြီး ၊ အောင်မြင်မှု
တွေဆီ ဦးတည်သွားကြတာမျိုးတွေကို မြင်ချင်ပါတယ် ။

   ဒါနဲ့ ဖထီးလည်း ခေါင်းဆောင်ကြီးတွေလုပ်ပြသလို ၊ စည်းဝေးထိပ် လူအများရှေ့မှာ ကင်မရာတကား
ကား ဗီဒီယိုစက်တကားကားနဲ့ ကလေးကလား လုပ်မနေဦးနဲ့နော ။

(ဃ) ဒါနဲ့ ဖထီးရေ ၊ ယာ မျက်စိလည်နေတာလေးတစ်ခု မေးချင်တယ် ။
       အခု ဖထီးတို့ ပြည်မစစ်တပ်နဲ့ အပစ်ခတ်ရပ်စဲရေး (armistice) စာချုပ်တော့ လက်မှတ်ထိုးလိုက်
ပြီနော် ။

   ဒါပေမယ့် ယာ နားလည်တာတစ်ခုက - အပစ်ရပ်တယ်ဆိုတာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေထဲမှာ ၊
အဦးအစအဆင့်ပဲ ။
   ငြိမ်းချမ်းရေးစာချုပ် (peace agreement) အဆင့်ရောက်ဖို့တောင် အဆင့်ဆင့် တွေ့ကြ ဆွေးနွေးကြ
လုပ်ရဦးမယ် မဟုတ်လား ။

   ဒါပေမယ့် ယာတွေ့တာကတော့ ၊ ဖထီးတို့အဖွဲ့ကြီးက ဟုတ်၏ဟုတ်ရဲ့ ခပ်တည်တည်နဲ့ ၊ စစ်သည်
တွေအတွက် တန်ဖိုးနည်းအိမ်ယာတွေကိုပါ ပြည်တွင်းမှာ ဝင်ဆောက်နေပြီ ဆိုပါလား ။
   ယာတို့ပဲ အူတူတူဖြစ်နေတာလား ၊ ဖထီးတို့ရဲ့ ခေါင်းဆောင်ကြီးများကပဲ ယာတို့ လိုက်မမီတဲ့ လက်ဝါး
ရိုက်ချက်တွေများ ရှိနေသလားဆိုတာ ၊ ပြောပြလို့ရရင် လက်တို့လိုက်ပါဦး ။

(င)  ပြောချင်သေးတယ် ဖထီးရေ ။
      ယာ ငယ်ငယ်က မြင်ဖူးတာရှိတယ် ။
      ပြည်မစစ်တပ်က ထ္မင်းချက်တစ်ယောက်ပါ ။

   ထ္မင်းချက် ဖြစ်ရခြင်း အကြောင်းရင်းခံက ဒီလို ။
   သူ့ကို အထက်အလယ်ပိုင်းက လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က ဖမ်းမိသွားဖူးတယ် ။
   အဲဒါနဲ့ပဲ သူ့ကို ၊ ဟိုကနေ စိတ်မူမမှန်စေတဲ့ ဆေးတစ်မျိုး ထိုးပေးလိုက်ပါလေရောတဲ့ ။
   ဒါနဲ့ပဲ သာမန်လူတွေလို တွေးခေါ်သိမြင်နိုင်တဲ့အနေထား ပြန်မရောက်နိုင်တော့တဲ့သူကို ၊ သူ့တပ်
ကနေ ပြန်ကြည့်တဲ့အနေနဲ့ ထ္မင်းချက်နေရာ ပြန်ထားထားပေးတာပါတဲ့ ။
   စကားမစပ် ထ္မင်းဟင်းထဲမှာ စားမကောင်းအောင် ၊ ဒုက္ခဖြစ်အောင် ဟိုဟာသည်ဟာတွေ ထည့်လို့
ရကြောင်း တရားတွေလည်း ၊ သူ့ဆီက နာခဲ့ရသေးတယ် ဖထီးရေ ။
   သူကိုယ်တိုင် ပြောပြခဲ့တာမို့ ၊ ယာလည်း စောဒက မတက်နိုင်ဘူးလေ နော ။

   အဲဒါနဲ့ယှဉ်ပြီး လက်တို့ချင်တာက - ဖထီးတို့ဆီမှာ အဲသည်လိုလူတွေရှိရင်လည်း ၊ သင့်သလို တင့်
သလို နေရာတွေမှာ တာဝန်လေးတွေ စီစဉ်ပေးဖို့လေးပါ ဖထီးရေ ။
   ထ္မင်းချက်ခိုင်းဖို့တော့ ပြောတာ မဟုတ်ပါဘူး ဖထီးရေ ၊ ဒီလောက်အထိတော့ ယာဘယ်သူ့ကိုမှ
မချိုးနှိမ်ပါဘူး ။
   တစ်ခါတစ်ရံမှာ အချို့သူတွေဟာ ၊ သူရဲကောင်းနေရာမှာပဲ တစ်သက်လုံး ထားသင့်သူတွေပါ ။
   ကိစ္စများမြောင် လူတို့ဘောင်ထဲမှာ ရောညှပ်ထည့်ပြီး ၊ လှပြီးသားသမိုင်းကို အိုးမဲတွေ ခွေးချေးတွေ
မပေအောင်ထားတာက ပိုကောင်းပါတယ်လေ ။

   ခုနေတော့ ဒီလောက်ပဲ ဖထီးရေ ။
   စာများများရေးရင် ၊ အချို့သူတွေအတွက် ရင်များများနာအောင် လုပ်သလိုဖြစ်တတ်တယ်လေ ။
   ယာက အဲသည်လိုမဖြစ်ဖို့ အတတ်နိုင်ဆုံး ရှောင်ချင်တယ် ။
   ခုတောင် ဖထီးလည်း နားရင်းတွေထုံ ၊ ဆံပင်တွေ ထောင်နေလောက်ပြီပေါ့ ။
   ယာကလည်း ငဲ့စရာ မျက်နှာတွေက သိန်းသန်းမက ဖြစ်နေလို့သာ ခုလို စာပါးဖြစ်တာပါ ။
   ဖထီးတို့ရဲ့ ခေါင်းဆောင်လုပ်နေသူတွေ သိချင်မှ သိကြမှာဖြစ်ပေမယ့် ၊ သူတို့ကို မော်ကြည့်နေကြတဲ့
မျက်စိသူငယ်အိမ်လေးတွေက အများကြီးရှိနေကြတယ် ဖထီးရေ ။

   လွန်တာရှိရင် ဝန္တာမိပါ ။
   အောဆွန့်လာဆိုဒ် ဖထီ. ။

မန်းကိုကို
14.09.2014


(ယာ = ငါ/ကျနော်) ။

No comments:

Post a Comment