ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Wednesday, June 26, 2013

□ ငွေကြေး □


   ငွေကြေးပိုက်ဆံကို စာရေးသူရော စာဖတ်နေသူပါ နေ့စဉ်လိုလို အသုံးမပြုသော်မှ ပတ်သက်ကြရ
မှာပါ။ ကနေ့ခေတ်မှာ လူတိုင်းလိုလိုအတွက် အသက်ရှင်ရပ်တည်ဖို့ရာ မရှိမဖြစ် အထောက်ကူပစ္စည်း
တစ်ခုဖြစ်တဲ့ ငွေကြေးဟာ၊ ဘဝကိုယ်စီမှာ အင်မတန်ရင်းနှီးကျွမ်းဝင်တယ်လို့ မှတ်ယူထားမိကောင်း
မှတ်ယူထားမိကြပါလိမ့်မယ်။ ဒီအမြင်ကို စနစ်တကျ စုစည်းထားမှုတွေနဲ့ တိုက်ဆိုင်ကြည့်ကြပါစို့။

   အရင်ဆုံး အဘိဓါန်တစ်ခုဆီက ယူကြည့်ရအောင်။ Cambridge Advanced Learner’s Dictionary
ရဲ့ အလိုအရ  “The coin or notes which are used to buy things, or the amount of these that
one person has:” လို့ ဆိုပါတယ်။ “အရာဝတ္ထုပစည်းများဝယ်ရန် အသုံးပြုသော ဒင်္ဂါး အကြွေစေ့/
ငွေစက္ကူ (သို့မဟုတ်) လူတစ်ယောက်တွင်ရှိသော ထိုအရာများ၏ အရေအတွက်” ရယ်လို့ အနက်ပြန်
ကြည့်ထားပါတယ်။

   ဒီအဓိပ္ပါယ်ဖွင့်ဆိုချက် ဘယ်လောက်အထိ ပြည့်စုံသလဲဆိုတာ ဆက်ကြည့်ကြရအောင်ပါ။

◊ ငွေကြေး၏ အသုံးဝင်မှုများ (Functions of Money)

(၁) လဲလှယ်မှု ကြားခံ (Medium of exchange)

   စီးပွားရေးစနစ်တွေရဲ့ အစောပိုင်းတွေမှာ ကုန်ပစ္စည်းချင်း လဲလှယ်တဲ့စနစ် (barter) ဟာ အခြေခံကျ
တဲ့ လက္ခဏာတစ်ခု ဖြစ်ခဲ့တယ်။ ဒါဟာ အဓိကအားဖြင့် လူမှုအသိုင်းဝိုင်းတွေရဲ့ သီးခြားရပ်တည်ခဲ့ကြရ
ပြီး ကိုယ့်မှာရှိတာနဲ့ လုံလောက်အောင် နေထိုင်ခဲ့ကြရလို့ဖြစ်ပါတယ်။ လူများစုဟာ ကိုယ့်ဆီက ပိုလျှံ
ကုန်ပစ္စည်းတွေကို လိုအပ်တာတွေနဲ့ လဲလှယ်ခဲ့ကြရတယ်။ လူတွေဟာ ကုန်ထုတ်လုပ်မှုမှာ ကျွမ်းကျင်
လာကြတာနဲ့အမျှ နှစ်ဦးနှစ်ဖက် လိုချင်မှုတွေ တိုက်ဆိုင်မှရတဲ့ ဒီဘာတာစနစ်ဟာ အတော့်ကို လေးလံ
တဲ့စနစ် ဖြစ်လာခဲ့တယ်။ ဥပမာ ဖိနပ်လုပ်သူဟာ စူးဆောက်တွေ အလိုရှိတယ်ဆိုရင်၊ အဲသည်စူးဆောက်
လုပ်တဲ့လူကို ရှာရရုံတင်မက အဲသည်လူဆီမှာ အပိုပစ္စည်းရှိရသလို၊ အဲသည်လူကလည်း ဖိနပ်လိုချင်
ပါအုံးမှ လဲလှယ်လို့ရမယ့် အနေအထားမို့ဖြစ်ပါတယ်။ နောက်တစ်နည်းက ဖိနပ်ကို အခြားပစ္စည်းတွေနဲ့
အရင်လဲပြီးမှ စူးဆောက်အပါဝင် သူလိုချင်တာတွေကို လဲလှယ်ယူတာပါ။ ဒါဟာလည်း အတိုင်းတာတစ်
ခုအထိ လေးလံနှေးကွေးဆဲပါ ။

   ငွေကြေးကို ကြားခံလဲလှယ်ရေး ကြားခံတစ်ခုအဖြစ် အသုံးပြုခြင်းအားဖြင့် လူတွေဟာ သူတို့ရဲ့လုပ်
အားကို ရောင်းချပြီး၊ ရလာတဲ့ငွေကြေးတွေကို အမျိုးစုံသော ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို ဝယ်ယူ
သုံးစွဲနိုင်စေပါတယ်။

(၂) စာရင်းအင်း အတိုင်းတာစံနှုန်း (Unit of account)

   aငွကြေးဟာ တန်ဖိုးတိုင်းတာမှုတစ်ခုအဖြစ် ဆောင်ရွက်ပေးပါတယ်။ ငွေကြေးကို တိုင်းတာစရာစံနှုန်း
တွေအဖြစ် အသုံးပြုမှုကြောင့် အမျိုးမျိုးသော ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို နှိုင်းယှဉ်ကြည့်လို့ ရလာ
ပါတယ်။ သက်ဆိုင်ရာ (နိုင်ငံ့)စီးပွားရေးအဆောက်အအုံအလိုက် ငွေကြေးစနစ်တွေကို ကျပ်၊ ဒေါ်လာ၊
ပေါင်၊ ယန်းနဲ့ ပြား၊ ဆင့်(cent)၊ ပဲနိ(pence) စသည်ဖြင့် ပိုင်းခြားသတ်မှတ်ထားပြီး၊ စိတ်ကူးလို့ရနိုင်သ
မျှ တန်ဖိုးတွေကို သူ့ငွေကြေးအလိုက် (ဒေါ်လာ+ဆင့် စသည်ဖြင့်) ပေါင်းစပ်ပေးချေလို့ရနိုင်တာ တွေ့
ရပါမယ်။

(၃) တန်ဖိုး သိုလှောင်ထားမှု (Store of value)

   ငွေကြေးဟာ လက်ငင်းသုံးစွဲစရာ မလိုပါဘူး။ သိမ်းဆည်းထားပြီး အနာဂါတ်ကာလတစ်ခုမှာ ကုန်
ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို ဝယ်ယူ(လဲလှယ်)လို့ရပါတယ်။ ဒီနေရာမှာ ‘တန်ဖိုး’လို့ဆိုရာမှာ ကုန်
ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေ သုံးစွဲရာက ဖြစ်ပေါ်လာတဲ့ စိတ်ကျေနပ်မှုကို ရည်ညွှန်းတာဖြစ်ပြီး၊ ငွေကြေး
ကိုယ်ကို မဆိုလိုပါဘူး။ ဒီတော့ ငွေကြေးကို သိမ်းဆည်းစုဆောင်းထားတဲ့အခါ၊ စားသုံးမှုကြောင့်ဖြစ်
ပေါ်လာမယ့် စိတ်ကျေနပ်မှုကိုလည်းပဲ သိမ်းဆည်းစုဆောင်းထားရာ ရောက်တာကြောင့်၊ အနာဂါတ်
တန်ဖိုးတစ်ခုကို သိမ်းဆည်းထားတယ်လို့ ပြောနိုင်ပါတယ်။ (နိုင်ငံ့)စီးပွားရေးအဆောက်အဦတစ်ခု
ရဲ့ ငွေကြေးဟာ ပိုတည်ငြိမ်တာနဲ့အမျှ ငွေကြေးဖေါင်းပွမှုနည်းပါးပြီး၊ အနာဂါတ်တန်ဖိုးကို သိမ်းဆည်း
ထားမှုတစ်ခုအဖြစ် ပိုကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။

(၄) ရွှေ့ဆိုင်းပေးချေမှု စံနှုန်း (Standard of deferred payment)

   များစွာသော အကြွေး(debt)တွေနဲ့ သဘောတူစာချုပ်သုံး ကတိပေးလုပ်ကိုင်မှု(contractual
commitment)တွေဟာ အနာဂါတ်မှာ စာရင်းရှင်းကြပါတယ်။ ဒီလို အနာဂါတ် လက်ခံရရှိမှု (သို့) ငွေ
ချေမှုတွေအပေါ် မှီခိုနိုင်ဖို့ရာမှာ ညွှန်မှတ်တစ်ခု ရှိဖို့အတွက်၊ နှစ်ဦးနှစ်ဖက် လက်ခံလို့ရနိုင်မယ့် ငွေ
ကြေးလိုအပ်လာပါတယ်။ ဒေါ်လာတစ်ဒေါ်လာဟာ နောက်ဆယ်နှစ်ကြာရင်လည်း တစ်ဒေါ်လာအ
ဖြစ်ပဲ ဆက်ရှိနေမှာဖြစ်တာကြောင့်၊ ငွေကြေးဟာ ရွှေ့ဆိုင်းပေးချေမှုစံနှုန်းအဖြစ် လုပ်ဆောင်တယ်
လို့ ဆိုနိုင်ပါတယ်။ သို့သော် တစ်ဒေါ်လာဟာ နောက်ဆယ်နှစ်မှာ တစ်ဒေါ်လာသာဖြစ်ပေမယ့်၊ ဆယ်
နှစ်အတွင်းမှာ အဲသည်တစ်ဒေါ်လာနဲ့ ဘာတွေဝယ်လို့ရမလဲဆိုတာဟာ စိတ်ဝင်စားစရာမေးခွန်း  ဖြစ်
လာပါတယ်။ ဒါကို မြီစားနဲ့ မြီရှင်တွေကနေပြီးတော့ မျှော်လင့်ထားတဲ့ ငွေကြေးဖေါင်းပွမှုကို ချေးဌား
တဲ့ငွေကြေးအပေါ် အတိုးနှုန်းထား တောင်းခံခြင်းအားဖြင့် ရင်ဆိုင်ကြပါတယ်။)

  ငွေကြေး၏ လိုအပ်သော ပင်ကိုယ်အရည်အချင်းများ (The necessary attributes of money)

  ငွေကြေး၏ ဂုဏ်သတ္တိများ (The properties of money)

(က) လက်သင့်ခံနိုင်မှု (Acceptability)

   လူတိုင်းဟာ သူနေတဲ့နိုင်ငံတွင်းက အခြားလူတွေအားလုံးကနေ ငွေကြေးကို တူညီတဲ့လက်ခံမှုနဲ့ သုံး
စွဲမှုတွေ ရှိနေတယ်ဆိုတာ သေချာစေရပါတယ်။ ငွေကြေးအဖြစ် အရာဝတ္ထုအတော်များများကို အသုံးပြု
လို့ရပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ဆေးလိပ်တွေကို ငွေကြေးအဖြစ် မကြာခဏ အသုံးပြုခဲ့ကြသ
လို၊ အချို့သော အခြေနေတွေမှာ ရွှေနဲ့ အဖိုးတန်ကျောက်မျက်တွေကို ငွေကြေးအဖြစ် အသုံးပြုနေကြ
ဆဲပါ။ ဘယ်အရာကိုမဆို ငွေကြေးအဖြစ် အသုံးပြုနိုင်ပါတယ်။ သို့သော် အောက်မှာ ဖေါ်ပြထားတဲ့
ဂုဏ်သတ္တိတွေတော့ ရှိရပါမယ်။

(ခ) တာရှည်အသုံးခံမှု (Durability)

   ငွေကြေးအဖြစ် အသုံးပြုတဲ့ ရွှေလို တန်ဖိုးရှိပစ္စည်းတွေဟာ သူ့ကိုပုံသွင်းထားတဲ့ ဒင်္ဂါး (သို့) သတ်
မှတ်ပုံသဏ္ဍာန်တစ်ခုအနေနဲ့ သူ့မူလတန်ဖိုး(intrinsic value)ကို ထိန်းသိမ်းနိုင်ဖို့ရာ တာရှည်အသုံးခံ
မှု ရှိရပါတယ်။ ဥပမာ ရွှေဒင်္ဂါးတစ်ပြားဟာ ပွန်းပဲ့တိုက်စားမှုတွေကြောင့် မူရင်းအလေးချိန်ထက် လျော့
နည်းသွားမယ်ဆိုရင် သူ့မူရင်းတန်ဖိုးကို ဆုံးရှူံးသွားမှာ ဖြစ်ပါတယ်။ အခက်ခဲတစ်ခုက တန်ဖိုးမြင့်သတ္တု
အများစုဟာ ပျော့ပျောင်းတဲ့ သဘာဝရှိတာကြောင့် သူ့မူလတန်ဖိုးကို ထိန်းသိမ်းဖို့ရာ မလွယ်ကူပါဘူး။
ဒါကြောင့်လည်း ခေတ်ပေါ်ငွေကြေးတွေဟာ မူလတန်ဖိုး သိပ်မမြင့်မားတဲ့၊ မာကျောပြီးတာရှည်ခံတဲ့
သတ္တုတွေနဲ့ ရောစပ်ပြုလုပ်ထားတာကို တွေ့နိုင်ပါတယ်။ ဒီတော့ ငွေကြေးတွေရဲ့တန်ဖိုးဟာ သူ့ပင်
ကိုယ်တန်ဖိုးထက် သူတို့ကိုယ်စားပြုမှုတွေဆီက လာတယ်လို့ ဆိုနိုင်ပါတယ်။

(ဂ) အလွယ်တကူသယ်ယူနိုင်မှု (Portability)

   ငွေကြေးဟာ အလွယ်တကူ သယ်ယူနိုင်ရပါမယ်။ လေးလံတဲ့ ရွှေအပါဝင် တန်ဖိုးရှိသတ္တုတွေဟာ ဒီ
လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်ပါဘူး။ သို့သော် ငွေစက္ကူတွေကျပြန်တော့ အလွယ်တကူ သယ်ယူ
နိုင်ပေမယ့်၊ သိပ်တာရှည်မခံပဲ မကြာခဏ လဲလှယ်ပေးရပြန်ပါတယ်။ ဒါကြောင့်လည်း ပေါ့ပါးခိုင်ခန့်ပြီး
သယ်ယူရလွယ်ကူတဲ့ သတ္တုစပ်တွေကို ငွေကြေးတွေအဖြစ် သွန်းလုပ်သုံးစွဲနေခဲ့တာဖြစ်ပါတယ်။ ခုနေ
ခါမှာ ပိုခိုင်ခန့်ပြီးတာရှည်ခံတဲ့ ပလပ်စတစ်ငွေစက္ကူတွေကို ထုတ်လုပ်အစားထိုးနိုင်ဖို့ ကြိုးပမ်းချက်တွေ
ကိုလည်း တွေ့ရပါမယ်။

(ဃ) ပြတ်အောင်စားနိုင်သော (သို့) ပိုင်းခြားနိုင်သော အရည်ချင်း (Divisibility)

   ဒီဂုဏ်သတ္တိကတော့ ငွေကြေးကို သေးငယ်တဲ့ အစိတ်အပိုင်းတွေအဖြစ် ပိုင်းခြားလို့ရနိုင်စွမ်းနဲ့ အဲသည်
အစိတ်အပိုင်းတစ်ခုစီဟာလည်း မူလတန်ဖိုးရဲ့ ဝေပုံကျတန်ဖိုးကို ဆက်လက်ထိန်းသိမ်းထားနိုင်မှုကို ရည်
ညွှန်းပါတယ်။ ဥပမာ စိန်တွေကို ငွေကြေးအဖြစ်သုံးတဲ့အခါ၊ သေးငယ်တဲ့တန်ဖိုးတွေအတွက် စိန်တွေကို
အတုံးသေးသေးလေးတွေဖြစ်အောင် လုပ်လို့မဖြစ်ပါဘူး။ လုပ်ခဲ့ရင်လည်း အတုံးသေးသေးတွေ အားလုံး
ပြန်ပေါင်းလိုက်ရင်တောင် မူလတန်ဖိုးကို ပြန်မရနိုင်တော့ပါဘူး။ ရွှေကျပြန်တော့ သေးသေးလေးတွေ
လုပ်လို့ရပေမယ့်၊ အင်မတန်ငယ်တဲ့ တန်ဖိုးတွေအတွက် ဒင်္ဂါးပြားလုပ်ဖို့ရာ မဖြစ်နိုင်ပြန်ပါဘူး။ ဒီတော့
မူလတန်ဖိုးမရှိပဲ၊ အသေးငယ်ဆုံး အစိတ်ပိုင်းတွေအထိ ခွဲခြမ်းသော်မှ တန်ဖိုးလျော့ကျမသွားတဲ့ ငွေကြေး
ကိုသုံးစွဲခြင်းက ဒီအခက်အခဲကို ကျော်လွှားနိုင်စေပါတယ်။ ဒါကြောင့် ငွေကြေးတွေကို ကြည့်လိုက်မယ်
ဆိုရင် ၅ ဆင့်/ပြား၊ ၁၀ ဆင့်/ပြား၊ ၅၀ ဆင့်/ပြား စသည်ဖြင့် သေးငယ်ပေမယ့် ပြန်ပေါင်းလိုက်ရင်တော့
မူရင်းတန်ဖိုးပြန်ရတဲ့ ငွေကြေးအစိတ်အပိုင်းတွေကို တွေ့ရမှာဖြစ်ပါတယ်။ ဥပမာ - ၁ ဆင့်ဟာ ၁ ဒေါ်
လာကို အပုံ ၁၀၀ ပုံထားတာဖြစ်ပြီး၊ ဆင့်ပေါင်း ၁၀၀ ပိုင်းခြားထားရင်ဖြစ်ဖြစ်၊ ၁ ဒေါ်လာအဖြစ် ပြန်စု
လိုက်ရင်ဖြစ်ဖြစ် မူလတန်ဖိုး ပြောင်းလဲမသွားတာမျိုးကို ဆိုလိုပါတယ်။

(င) မျိုးတူ (သို့) တစ်သားတစ်ထပ်တည်းဖြစ်ခြင်း (Homogeneity)

   ငွေကြေးအဖြစ်သုံးစွဲတဲ့ ဝတ္တုပစ္စည်းဟာ စီးပွားရေးစနစ်တစ်ခုထဲမှာ လူတိုင်းအတွက် တစ်ထပ်ထဲဖြစ်
မနေဘူးဆိုရင်၊ ပုံစံအမျိုးမျိုးသော ငွေကြေးတွေ ဖြစ်ပေါ်နေပါလိမ့်မယ်။ ဒီငွေကြေးအမျိုးမျိုးထဲကမှ အ
ချို့ကိုလူကြိုက်များပြီး အချို့ကိုတော့ လူကြိုက်နည်းကောင်း နည်းနေပါလိမ့်မယ်။ ဒီလို တစ်ခုထက်ပိုတဲ့
ကြားခံလဲလှယ်မှုပစ္စည်း(ငွေကြေး)တွေ ရှိနေတာဟာ ငွေကြေးထားရှိခြင်း ဦးတည်ရည်ရွယ်ချက်ကို ကျ
ရှူံးစေပါလိမ့်မယ်။ ဒါကြောင့် ငွေကြေးဟာ တစ်သားတစ်ထပ်ထဲ ဖြစ်ရပါလိမ့်မယ်။ ဥပမာ - နိုင်ငံတစ်နိုင်
ငံရဲ့ငွေကြေးစနစ်ထဲမှာ ငွေသား ၁ ဒေါ်လာ/ကျပ်တန်တွေဟာ ဒီဇိုင်းအမျိုးမျိုး ရှိနေနိုင်ပါတယ်။ ဒါပေမယ့်
ဒီဇိုင်းကွဲသည်ဖြစ်စေ၊ ထုတ်လုပ်တဲ့နှစ် ကွဲပြားသည်ဖြစ်စေ၊ ဟောင်းသည်သစ်သည်ဖြစ်စေ အားလုံးဟာ
တစ်ထပ်ထဲသော ၁ ဒေါ်လာစီ တန်ဖိုးရှိကြမှာ ဖြစ်ပါတယ်။

   အချုပ်အားဖြင့်ဆိုရရင်၊ ငွေကြေးလို့ သတ်မှတ်ထားတဲ့ အရာတွေဟာ ကျပ် ဒေါ်လာ ယန်း ဘတ်စတဲ့
လက်ငင်းသုံးစွဲလို့ရတဲ့ ငွေသားကြားခံ ပစ္စည်းတွေသာမကပဲ၊ ငွေစုလက်မှတ် ငွေချေးစာချုပ် စတော့ရှယ်
ယာစတဲ့ ငွေသားပေါ်လွယ်မှု(liquidity) နှေးကွေးတာတွေလည်း ပါဝင်သလို၊ တန်ဖိုးရှိ (သို့) အသုံးဝင်
တဲ့ ရွှေ ငွေ ကျောက်မျက်ရတနာနဲ့ လူသုံးကုန်ပစ္စည်းတွေဟာလည်း အခြေနေအချိန်ခါပေါ်မူတည်ပြီး
 ငွေကြေးအဖြစ် သတ်မှတ်သုံးစွဲမှုတွေ ရှိနေခဲ့တယ်လို့ ဆိုရပါမယ်။


၂၆ ၊ ၀၆ ၊ ၂၀၁၃

ရည်ညွှန်း -
Ferguson, K 2001, Essential economics: a guide for business students, Palgrave Macmillan, Basingstoke, UK, p.166-168.

No comments:

Post a Comment