ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Friday, June 14, 2013

စိတ်ပြူတင်းပေါက်တွေကို ငေးမောကြည့်မိတဲ့ တစ်ခဏ


   Facebook ပေါ်မယ် ဟိုကြည့်လည်း မည်းမည်း သည်ကြည့်လည်း မည်းမည်း လုပ်နေကြတာမြင်လို့
စိတ်ထဲပေါ်တာ ချရေးဖြစ်တယ် ။

   မလေးရှားမှာ မြန်မာပြည်သူပြည်သားတွေ ဖိနှိပ်သတ်ဖြတ် ညှင်းဆဲခံနေရတာကို ဝမ်းနည်းတဲ့ အ
ထိမ်းအမှတ်အဖြစ် အမည်းရောင် profile တွေတင်ပြီး ဆန္ဒဖေါ်ထုတ်တာ ၊ စာနာကြောင်းပြတာ ၊ တစ်
စိတ်တစ်ဝမ်းတည်းရှိကြောင်း ပုံဖေါ်နေကြတာလို့တော့ နားလည်ရတယ် ။

   အကောင်းပိုင်းအနေနဲ့ကြည့်ရင် စည်းလုံးပြီး ယိုင်းပင်းကြတယ်ဆိုတာ အင်မတန်ကောင်းတဲ့ လော
ကပါလတရားရဲ့ အစိတ်အပိုင်းကို အကောင်ထည်ဖေါ်ကြတာမို့ ကြိုဆိုသင့်တာ အမှန်ပါ ။ ဒါတင်မက
အတိတ်က နာမည်ကောင်း နာမည်ဆိုးတွေနဲ့ လူသိများခဲ့ကြသူတွေကပါ နှုတ်အား ဓနအားနဲ့ ဝင်လာ
ကြတာဟာလည်း မင်္ဂလာတစ်ပါးပါ ။ ကြည့်လိုက်ရင် စိတ်ကြည်နူးစရာတွေနဲ့ သိုက်ဝန်းနေတဲ့ တဒင်္ဂ
တာလေးပေါ့ ။

   စိတ်ချမ်းသာစရာတွေဟာ လွယ်လွယ်နဲ့ ရောက်မလာတတ်ပဲ ၊ ရောက်လာတဲ့ အခါတွေမှာလည်း
လျင်လျင်မြန်မြန် ပြန်ထွက်သွားတတ်တဲ့ သဘောသဘာဝလည်း ရှိကောင်း ရှိလိမ့်မယ် ။ သို့သော်
ကျနော်ကတော့ ရောင်စုံမီးတွေနောက်က ဆေးကွာနေတဲ့ နံရံတွေ ၊ ရယ်သံလွင်လွင်တွေနောက်က
စိမ့်စီးနေတဲ့ မျက်ရည်တွေကို ဂရုတစိုက် စိတ်ဝင်တစား ကြည့်ဖြစ်မိလို့လားတော့ မသိပါ ၊ ကြည်နူး
စရာတွေဟာ ကန္တာရအလယ်မှာ စိုက်ထူထားတဲ့ စည်းရိုးတိုင် ကျဲကျဲကလေးတွေလို မြင်မိတယ် ။
ဒါကိုထောက်ပြီးပြောရင်တော့ ကျနော်ဟာ ဝိုင်းဆန့်ကျင်သင့်တဲ့ အဆိုးမြင်ဝါဒီတစ်ယောက်လည်း
ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ် ။ (ကိုယ့်နဲ့ သံစဉ်တူတီးခတ်သူတွေ နည်းနေမယ်ဆိုရင်ပေါ့လေ) ။

   ခက်တာတစ်ခုက ကျနော်ဟာ ခုလက်ရှိ အချိန်အတိုင်းတာ ကာလလေးမှာ ရှင်သန်နေပြီး ၊ ဒီအ
ခိုက်အတန့်လေးကိုပဲ အကောင်းဆုံးဖြစ်အောင် အာရုံစိုက်နေပေမယ့် ၊ မျက်မှောက်မှာ ဖြစ်ပျက်နေ
တာတွေကိုတော့ များစွာသောအချိန်တွေမှာ လက်လှမ်းမီသမျှ တစ်ဆုံးတစ်ဆကို မမေ့မလျော့
ပေါင်းစပ်ထည့်သွင်း တွက်ချက်မိနေတတ်တယ် ။ ဒါတွေကပဲ မြင်မြင်သမျှကို မလှမပဖြစ်စေမှုတွေ
မြစ်ဖျားခံလာတာလို့ နာမည်တပ်ရမယ်ထင်ရဲ့ ။

   အချို့တွေအတွက် မဝေးလှပေမယ့် ၊ အချို့များအတွက်တော့ တစ်သက်စာ ကြာမြင်ခဲ့တဲ့ ကာလ
တုန်းကပေါ့ ။ ကျနော့်မိသားစု အသိုင်းဝိုင်းထဲက တစ်ယောက်သောသူဟာ ထိုင်းနိုင်ငံနယ်စပ်ကို
ရောက်သွားခဲ့တယ် ။ ပြောင်းခင်းတွေထဲ နှစ်နှစ်ကြာ ချွေးနဲ့အချိန်ကာလ နှစ်မြုပ်ပြီးတဲ့အခါ အိမ်ပြန်
ဖို့ စိတ်ကူးဝင်လာခဲ့တယ် ။ သူ့ရဲ့ နှစ်နှစ်တာ လုပ်အားခတွေကို စုဆောင်းသိမ်းဆည်းပေးထားတဲ့
အလုပ်ရှင်ရဲ့ “မင်း ပိုက်ဆံယူမလား သေနတ်ယူမလား” ဆိုတဲ့ စကားနောက်မှာ ၊ ညတွင်းချင်း အ
သက်လုပြီး ပြန်ပြေးခဲ့တော့တယ် ။ ခြိမ်းခြောက်ခံရတာလား ၊ အကြောက်လွန်တာလား သိပ်မသေ
ချာပေမယ့် ၊ လူမသိသူမသိ အသက်ဆုံးပါးသွားနိုင်တာကတော့ ဖြစ်နိုင်ခြေ အများကြီးရှိတဲ့ အလား
လာတစ်ခုပေါ့ ။ သိပ်မကြာသေးတဲ့ နှစ်တွေတုန်းက ပြောင်းခြံလုပ်သားအချို့ကို သူခိုးလို့စွပ်စွဲပြီး
သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ခဲ့တာတွေကို သတင်းထဲ သတိထားမိသူတွေလည်း ရှိကောင်းရှိမယ် ။

   ဘယ်လိုပဲဖြစ်ဖြစ် ပြောခဲ့တဲ့အဖြစ်က နှစ် ၃၀ ကျော်ဝန်းကျင် ရှိခဲ့ပါပြီ ။
   ဒါကို မြန်မာပြည် အလုပ်သမားတွေရဲ့ လုံခြုံမှုကင်းမဲ့နေတဲ့ ပြယုဂ်တစ်ခုအဖြစ် ပြောပြချင်တာပါ ။

   အဲသည်နောက်ပိုင်းမှာကော ဘာတွေ ဖြစ်လာခဲ့သလဲ ။
 ပထမတစ်ခု ၊
   တစ်နေရာလေးပဲကွက်ပြီး ပြောပါမယ် ။
   မဲဆောက်-ဘန်ကောက်တက်တဲ့လမ်းမှာ ထိုင်းရဲကင်းတွေ ရှိပါတယ် ။ ဟွေးယောင်လို့ခေါ်တဲ့
တောင်တန်းအလယ် ရွာမှာထိုင်ထားတဲ့ စခန်းကတော့ နာမည်အကြီးဆုံးပေါ့ ။ ကားတွေနဲ့ပါလာ
တဲ့ မြန်မာပြည်က တရားမဝင်သူတွေကို ဖမ်းဆီးချုပ်နှောင်ရာမှာ ခြိမ့်ခြိမ့်သဲခဲ့တယ်လေ ။

   ဒီလို အဖမ်းခံရသူတွေထဲ ယောက်ျားရော မိန်းမတွေပါ ပါတာပေါ့ ။
   ယောက်ျားတွေအတွက် ပေါင်းနှုတ်မြက်ရှင်းကအစ ခိုင်းလို့ရတာခိုင်းရင်း ၊ မိန်းမတွေကိုလည်း ည
ဖက် အလိုရှိတဲ့အချိန်တွေမှာ လာလာခေါ်ကြသပေါ့ ။ အဓ္ဓမအနိုင်အထက်လုပ်တယ် ၊ မုဒိမ်းကျင့်
တယ် ခေါ်မလားကတော့ စာဖတ်သူရဲ့ သဘောပါဗျာ ။ နောက်ပိုင်းမယ် တက်လာသူရပ်မသွားပဲ ပို
တောင်များလာလို့ ဖမ်းမိတဲ့အထဲက အချောဆုံး အလှဆုံးတွေကိုပဲ ရွေးချယ် ခြေတော်တင်ခဲ့ကြတယ်
လို့ ဆိုတယ် ။

   ဒီလိုကြုံခဲ့ရတဲ့ အမျိုးသမီးတွေက ရာကဏာန်းလား ၊ ထောင်ကဏာန်းလား ၊ သောင်းကဏာန်းလား
ဘယ်သူမှ မသိနိုင် ။ ကြုံခဲ့ဖူးသူတွေကို ကျောလေးသပ်ပြီး ၊ သူ့အတွက် မြန်မာပြည် အသိုင်းအဝိုင်း
မှာ ခေါင်းမဖေါ်ရဲမယ့် အဖြစ်တွေကို ‘ပွင့်ပွင့်လင်းလင်း ဖွင့်ချပြပါ’ဆိုပြီး သွားလုပ်လို့ရမယ်လို့လည်း
မမျှော်လင့်ကောင်းပါ ။

   ဒါတင်မက ၊ ခြေလျင်ခိုးဝင်ကြရာက တောထဲမှာ အစာပြတ်ပြီး ကျောပိုးအိတ်လေးပိုက်လျက် အ
သက်ပျောက်ရသူ ၊ အအေးခန်း ကွန်တိန်နာတွေထဲ မွန်းကြပ်ပြီး ဆုံးပါးရသူ ၊ အသီးနှံတွေအောက်
ပုန်းခိုလိုက်ပါရာက ရဲတွေရဲ့ သံချွန်တွေနဲ့ထိုးဆွ စစ်ဆေးတာနဲ့ကြုံရာမှာ အသံမထွက်ရဲပဲ ကြိတ်ခံနေ
ရာက ဘန်ကောက်ကို အသက်မပါပဲ ရောက်ခဲ့ရသူ ၊ ပွဲစားကယ်ရီတွေနဲ့လိုက်သွားပြီး ဘယ်လိုဘာမှ
သတင်းမရတော့သူတွေကို စာရင်းတွေသာ ကောက်ထားခဲ့မယ်ဆိုရင် နယ်စပ်မှာ စာရင်းဌာနတစ်ခု
လောက် ဖွင့်လို့ရနိုင်မယ့် ပမာဏတွေ ရှိနေခဲ့တယ် ။

   သတိပြုစရာတစ်ခုကတော့ ၊ အဲဒီလို ဒုက္ခပေးခဲ့သူ အများစုဟာ ဒီကနေ့အထိ လွတ်လွတ်လပ်လပ်
ရှိနေကြဆဲပါ ။ အချို့ဆို အာဏာရှိသူ ဓနဥစ္စာကြွယ်ဝသူတွေ သြဇာရှိသူတွေတောင် ဖြစ်နေကြပါပြီ ။

   ဒီတော့ ဝမ်းမနည်းဘူးလား ၊ စာနာယိုင်းပင်း အားပေးကူညီမှုတွေ မလုပ်ချင်ဘူးလားလို့ မေးစရာ
တွေ ဖြစ်လာမယ် ။ ခုနေခါမှာ လမ်းခရီးမှာ ဖြစ်တတ်တဲ့ ဒါလိုအခြေနေမျိုးတွေ အများကြီး နည်းပါး
သွားပြီဖြစ်ပေမယ့် ငွေကြေးနဲ့ စာရွက်စာတန်း အခက်ခဲတွေကြောင့် ပပျောက်သွားဖို့တော့ အဝေးကြီး
လိုနေပါသေးတယ် ။ ထိုင်းနိုင်ငံ ပြည်မအတွင်းမှာလည်း ၊ အိမ်အကူအလုပ်ကို ပင်တိုင်ထား လုပ်ကိုင်
နေကြရတုန်းဖြစ်တဲ့ မြန်မာပြည်သူတွေအတွက် မတူတဲ့ ဖိနှိပ်ညှဉ်းပန်းမှုတွေ ဒုက္ခဆင်းရဲတွေ ရှိနေဆဲ
ပါ ။ စိတ်ဒဏ်ဟောင်းတွေကတော့ လှိုက်စားနေဆဲပါ ။ မကြာသေးခင်က ကယ်တင်ခံခဲ့ရတဲ့ ၁၂ နှစ်
အရွယ် ကလေးမလေးအဖြစ်က ဒါတွေကို သတိပေးနေပါတယ် ။ စာနာယိုင်းပင်းလိုတယ် ဆိုရင် သိ
နိုင်အောင်လို့ တစ်ပိုင်တစ်နိုင်စာ လက်ဆင့်ကမ်းပေးလိုက်ပါတယ် ။ တွေးဆ ဆုံးဖြတ်ကြပါ ။

   အဲ သို့သော် ၊ တစ်ခုတော့ ထပ်ဖြည့်ချင်ပါတယ် ။ ဖတ်နေတဲ့သူ ဖီလင်များ ငုပ်သွားရင်လည်း
တောင်းပန်ပါတယ် ။ အဲဒါကတော့ အပေါ်က ဆိုခဲ့တဲ့ သားကောင်အများစုဟာ ကရင်တွေ ဖြစ်ကြ
ပါတယ် ။ မလေးရှားလောက် အကြင်နာမိုးတွေ ရွာသွန်းမဖြိုးနိုင်သူတွေအတွက် မသိပဲနဲ့ ကူညီ
လိုက်ရတယ်ဆိုပြီး ဖြစ်နေမှာစိုးလို့ပါ ။

 ဒုတိယတစ်ခု ၊
   ထိုင်းနိုင်ငံမှာ စူနာမီဒဏ် ခံခဲ့ကြရစဉ်က ‘ဖန်င’ဒေသလိုတွေဖက်မှာ မြန်မာပြည်သူပြည်သားတွေ
လည်း သေဆုံးမှုတွေရှိခဲ့ပြီး ပိုင်ရှင်မဲ့ ရုပ်အလောင်းတွေလည်း အများကြီး ရှိခဲ့ဖူးတာ အတော်များများ
က သိကြပါလိမ့်မယ် ။

   ဒီနေရာမှာ ကျနော် အဓိကထားချင်တာက ထိုင်းနိုင်ငံတောင်ဖက်ပိုင်းက ငါးဖမ်းလုပ်ငန်းပါ ။
   သိန်းကဏာန်း မရှိရင်တောင် ၊ သောင်းနဲ့ချီတဲ့ မြန်မာပြည်သားတွေဟာ ဒီလုပ်ငန်းထဲမှာ လုပ်ကိုင်
နေကြပါတယ် ။ အလုပ်ကြမ်းတာ အသာထားလို့ မြန်မာပြည်သားတွေ ဒုက္ခရောက်ရတာကိုပဲ ပြောပါ
ရစေ ။

   ရောင်းစားခံရတာ ၊ လစာ မရတာ ၊ ရိုက်နှက်နှိပ်စက်ခံရတာနဲ့ နောက်ဆုံး အသက်ပါ ဆုံးကြရတာ
ဟာ မနည်းပါဘူး ။ စာရင်မရှိ အင်းမရှိနဲ့ သတင်းတွေလည်း ရှောရှောရှူရှူ ထွက်လာတဲ့နေရာမဟုတ်လို့
သတိပြုမိမှု နည်းပါးနေကြတာပါ ။ အခု မလေးရှားမှာ ဖြစ်နေတာနဲ့ မတူရင်သာနေမယ် ၊ သက်သာ
လျော့ပါးတဲ့ အနေအထားမှာ မရှိပါဘူး ။ သနားညှာတာ ကူညီချင်သူတွေအတွက် အင်မတန်ကြီးမားတဲ့
လုပ်ကွက်ကြီးပါပဲ ။

   ဒီနေရာမှာလည်း မပြောမဖြစ် ပြောတော့ ပြောသင့်တယ်ထင်ပါတယ် ။
   အဲဒါကတော့ ၊ အဲဒီဒုက္ခရောက်နေကြရတဲ့ ရေလုပ်သားအများစုဟာ မွန်လူမျိုးတွေ ဖြစ်နေပါတယ် ။
အချို့လူတွေအတွက် ကျနော်မပြောပြလို့ မသိရပဲ မှားယွင်းကူညီမိပြီး နောင်မှ နောင်တတွေ ရနေမှာစိုး
လို့ အသိပေးတာပါ ။

 တတိယကတော့ လူကုန်ကူးခံရသူ ၊ အပျော်အပါးနဲ့ ဖျော်ဖြေမှုလုပ်ငန်းတွေမှာ ရောင်းစားခံရသူတွေ
အပါဝင် အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေကြတွေပါ ။ သူတို့တွေဟာ ထိုင်းနိုင်ငံမှာ အများဆုံးနဲ့ တရုတ်
မလေးနိုင်ငံတွေကအစ ကမ္ဘာအနှံ့ထိအောင်တောင် ပျံ့နှံနေကြတယ်ဆိုတာ အချို့လည်း ယုံချင်မှယုံလိမ့်
မယ် ။ ကျနော်ကတော့ မိတ်ဆွေတစ်ယောက်ရဲ့ကောင်းမှုကြောင့် အစွန်အဖျားလေးလောက် သိခွင့်ရခဲ့
တာမို့ လက်ဆုတ်လက်ကိုင် ပြောရဲတာပါ ။

   ဘယ်လိုပဲဆိုဆို ကူညီမှုနဲ့ ကယ်တင်ဖို့ရာ လိုအပ်နေကြတဲ့ မြန်မာပြည်ရဲ့ သမီးပျိုတွေက အများကြီးမှ
အများကြီးပါ ။ စာနာယိုင်းပင်းမယ့်သူတွေလည်း မနည်းဘူးလို့ ယုံကြည်ပါတယ် ။ သတိထားစရာ တစ်
ခုကတော့ - သူတိုထဲကအချို့ဟာ ဝမ်းရေးအတွက် ရုန်းမထွက်နိုင်သလို ၊ အချို့အတွက်လည်း ဝင်ငွေ
ကြောင့် ဒါကိုပဲ တွယ်တာနေမှုတွေလည်း ရှိနိုင်ပါတယ် ။

   သူတို့နဲ့ပတ်သက်လို့ ထပ်ကွန့်စရာတစ်ခုက ဒီကဏ္ဍမှာ ကျင်လည်နေရသူ အများစုဟာ ရှမ်းနဲ့ ရှမ်းတ
ရုတ် အမျိုးသမီးတွေ ဖြစ်နေပါတယ် ။ ဒီလူတွေဟာ သိပ်အရေးမကြီးလှဘူးလို့ ယူဆသူတွေ ကူညီစရာ
ရွေးချယ်ရာမှာ အထောက်ကူဖြစ်အောင်လို့ ပြောပြတာပါ ။

   တစ်ခါ ၊ အပေါ်ကကိစ္စ (၃) ခုစလုံးမှာ တူညီတဲ့ အနေထားလေးတစ်ခုကိုလည်း ပြောပြထားချင်ပါ
တယ် ။ အဲဒါကတော့ အကူညီမတော် မတတ်လို့ ၊ ကံမကောင်း အကြောင်းမလှရင် ကိုယ်ပါ ဓါးစာ
ခံဖြစ်သွားတတ်တာကိုပါ ။ ဘယ်လိုတွေ အခက်ခဲရှိရှိ ကူညီမယ့်သူတွေတော့ ရှိလာဦးမယ်လို့ ယုံ
ကြည်ပါတယ် ။

   ဒါ့ပြင် တကယ်တန်း ကူညီချင်တယ်ဆိုရင် အများကြီး ရှိပါသေးတယ် ။
   ကရင်နဲ့ရှမ်းမှာ တစ်သိန်းကျော် ၊ ကချင်မှာ ၈ သောင်း ၊ ရခိုင်မှာ .. အဲ ခင်ဗျားထင်တဲ့ အရေတွက်
အတိုင်းပါပဲ ။ ဘယ်သူတွေလည်း ခင်ဗျားလည်း သိပြီးသားပါ ။ နောက်ပြီး ပြည်တွင်းမှာတင် မိုင်းတွေ ၊
မိုးလေ လျိုမြှောင်တွေကြားမှာ ပုန်းအောင်းရှောင်တိမ်းနေကြရတဲ့ လူအနေတွက်ဟာလည်း သောင်းက
ဏန်းကို ရှိနေတာပါ ။ ဒုက္ခရောက်မရောက်ဆိုတာထက် တဖြုတ်ဖြုတ်ကို သေကြေနေကြရတာပါ ။

သူတို့တွေထဲ အကူညီဆိုတာ ဝေလာဝေး မတွေ့ဖူးသူတွေတောင်ရှိသလို ၊ အကူညီတွေနဲ့ ထိတွေ့နေ
ရသူတွေမှာလည်း ဘဝအခွင့်အလမ်းနဲ့ မျှော်လင့်ချက် မဲ့နေတာတွေက တကယ့်စိန်ခေါ်မှုကြီးတွေပါ ။
ခုတလော ပြောနေကြတဲ့ မလေးရှားအတွက် ဒေါ်လာတစ်သိန်းလောက် လှူတယ်ဆိုတာမျိုးဟာ ဒီလူ
တွေအတွက် ဆင့်ပါးစပ် နှမ်းပက်တဲ့ ပမာဏလောက်သာပါ ။

  ပြည်တွင်းကလူတွေ သတိမထားမိပေမယ့် ၊ နိုင်ငံတကာက ကူညီနေခဲ့တာ နှစ်ပေါင်း ၂၀-၃၀ ကြာခဲ့
ပါပြီ ။ ပြည်တွင်းမှာ မသိတာလား ၊ မသိချင်တာလား ၊ စိတ်မဝင်စားတာလား ၊ ဒါမှမဟုတ် တန်ဖိုးနည်း
ကုန်ပစ္စည်းတွေလို သဘောထားကြသလားတော့ ကျနော်လည်း သိပ်မသဲကွဲမိပါ ။

   နောက်ဆုံးလိုရင်း မလေးရှားဖက် ပြန်လှည့်ရအောင် ။
   ကျနော့်သဘောကတော့ အစပိုင်းမှာ ပြောခဲ့သလိုပဲ ၊ ဝိုင်းဝန်းကူညီကြတယ်ဆိုတာ အင်မတန် ကောင်း
ပါတယ် ။ သို့သော် လက်တွေ့ဘဝကို နည်းနည်းကြည့်ရအောင်ပါ ။

 မလေးရှားမှာ ရာဇဝတ်မှု ပေါများတယ်ဆိုတာ ကျနော် အစဉ်တစိုက် ပြောနေခဲ့တဲ့ကိစ္စပါ ။
   တလောက နာမည်ကြီးသွားတဲ့ စလာရန်း (Selayang) မြို့နယ်ဟာလည်း ဒုစရိုက်မှုတွေ များလာ
တယ်ဆိုတာ ၂၀၀၆ ခုနှစ် သတင်းစာမှာတောင် ပါလာဖူးပါတယ် ။ ခုတလော ဒီမြို့နယ်အတွင်း သေ
နတ်ပစ်မှု၎ မှုဆက်တိုက်ဖြစ်ပြီး လူအချို့သေတာနဲ့ အချုပ်ခန်းထဲ လူ ၃ ယောက် ဆက်တိုက်သေပြီး
ဂျပန်လူမျိုးတစ်ယောက်ပါ ပါပါတဲ့ ဖြစ်ရပ်တွေလည်း ရှိနေပါတယ် ။ အဲဒီဖြစ်ရပ်တွေထဲ မြန်မာပြည်
သား တစ်ယောက်မှ မပါပါဘူး ။ ဒါဟာ ၂ ပတ်အတွင်း အလွယ်တကူရှာလို့ရတဲ့ သတင်းစာမှာ ပါခဲ့
တာတွေပဲ ရှိပါသေးတယ် ။ အခြေနေကို နှိုင်းယှဉ် ဆင်ခြင်နိုင်အောင် ပြောပြတာပါ ။

 ကွာလာလန်ပူမြို့ ကပုန်း (Kepong) မြန်မာဘုန်းကြီးကျောင်းမှာ လူအချို့ ခိုလှုံနေကြတဲ့သတင်းကို
ကြားမိပါတယ် ။ ဓါတ်ပုံနဲ့လည်း တွေ့မိပါတယ် ။ လူ ၁၀ ယောက်လောက် ထ္မင်းစားသောက်နေကြတဲ့
ပုံတစ်ပုံနဲ့အတူပါ ။ ကျနော့်အမြင်ကတော့ ဒါဟာ မှန်ကန်နိုင်ခြေ ရှိပါတယ် ။ ကူညီဖို့လည်း ကြိုးပမ်းတာ
လုပ်သင့်ပါတယ် ။ သို့သော် တစ်ခုတော့ ယှဉ်ထိုးပြချင်ပါသေးတယ် ။

   အဲဒါက အခြားတော့ မဟုတ်ပါ ၊ ပီနန်းဘုန်းတော်ကြီးကျောင်းမှာ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က
တည်းက အချိန်မရွေး ကြည့်လိုက်ရင် လူ ၁၀ ယောက်လောက်တော့ အမြဲလိုလို ရောက်ရှိမှီခို နေခဲ့ကြ
တယ်ဆိုတာပါပဲ ။ အများစုက အလုပ်မရခင် စပ်ကြားကာလမှာ လာရောက်ခိုလှုံနေကြတာဖြစ်သလို ၊
အခြား အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိခဲ့ကြသူတွေလည်း ရှိပါတယ် ။ အနှစ် ၂၀ ကျော်ကာလအတွင်း
ဘယ်ကမှ ကယ်သူကူသူ ပေါ်မလာခဲ့ဖူးတာကတော့ ကံပဲလို့ ဆိုချင်ဆိုပေါ့ဗျာ ။ ကျနော်ကတော့ သ
ဘောထား မပေးချင်ပါဘူး ။

  စပ်ဟပ်ပြီး ကျိုးကြောင်းကျတစ်ခုလောက်လည်း စဉ်းစားလို့ရတာ ရှိပါသေးတယ် ။
   ဆိုပါတော့ ၊ မလေးရှားမှာ တကယ်တန်းကို ပြဿနာတွေက ထိန်းမနိုင်သိမ်းမရ ဖြစ်နေပြီဆိုပါစို့ ။
မြန်မာပြည်သူပြည်သား ၄-၅ သိန်းလောက် ရှိနေတဲ့အထဲက အနည်းဆုံးတော့ ထောင်သောင်းမက
ပြန်လာကြရဖို့ ရှိရပါလိမ့်မယ် ။ ဒါဆိုရင် အခု ဝိုင်းဝန်းကူညီနေကြတာနဲ့ အင်မတန် အခန့်သင့်ပါတယ် ။
ဝမ်းသာစရာပါ ။

   သို့သော် ၊ ဒီလိုမှမဟုတ်ပဲ ပြန်လိုသူက ဆယ်ကဏန်း ရာကဏန်းလောက်ပဲ ရှိမယ်ဆိုရင်တော့ ၊ ပြန်
တွေးဖို့ လိုနိုင်ပါတယ် ။ အပန်းဖြေခရီး ရောက်နေကြတာမဟုတ်တဲ့ မလေးရှားကနေ ၊ အကြောင်းအမျိုး
မျိုးနဲ့ မဖြစ်မနေ ပြန်ကြရမယ့် အရေအတွက်က ဒီလောက်တော့ ရှိနိုင်တာပါပဲ ။ ကျနော်ကိုယ်တိုင် ဒီ
လမ်းမျိုးကို (၂) ကြိမ် ကျော်ဖြတ်ခဲ့ဖူးပါတယ် ။ နေ့စဉ် မလေးရှားကနေ ပြန်ထွက်ခွာသူတွေ ရှိနေတာ
ပါ ။ ထိုင်းနိုင်ငံ နယ်စပ်မြို့တွေမှာ နေထိုင်ဖူးသူတွေဆို ဒီသဘောတရားကို အများကြီး အတွေ့အကြုံ
ရှိကြပါတယ် ။ လက်ရှိအခက်အခဲက - စာရွက်စာတန်း တရားဝင် မရှိသူတွေအနေနဲ့ အရင်ကလို ကား
လမ်းနဲ့ ပြန်မထွက်ရဲတာတွေ ရှိနိုင်ပါတယ် ။ ဆိုလိုရင်းကတော့ - အချို့နေရာတွေမှာ လုံခြုံရေးအခြေ
နေ ယိုယွင်းလာတာတွေ ရှိနိုင်ပေမယ့် ၊ တစ်နိုင်ငံလုံး အတိုင်းအတာမှာတော့ မသိသာပဲ ၊ အဝေးက
မြန်မာပြည်သူပြည်သားတွေကသာ အစိုးရိမ်လွန်သလို ဖြစ်နေနိုင်တာကို ပြောချင်တာပါ ။

 နောက်တစ်ချက်ကတော့ အွန်လိုင်းပေါ်မှာ စေတနာလား ဝေဒနာလား သိပ်မသဲကွဲတဲ့ လုပ်ရပ်တွေပါ ။
    ကောက်သင်းကောက်ရင် ကုန်မှာမဟုတ်လို့ ၊ တစ်ချက်နှစ်ချက်လောက်ပဲ ပြောချင်ပါတယ် ။
   ဆိုကြပါစို့ ၊ မလေးရှားမှာ Melaka/ Malacca မြို့ဆိုတာ ရှိပါတယ် ။ ပေါ်တူဂီတွေ အခြေစိုက်ခဲ့ပြီး
ကပြားတွေတောင် ကနေ့အထိရှိပါတယ် ။ သီးနှံစိုက်ပျိုးခြံကြီးတွေလည်း ရှိပါတယ် ။ ထားပါတော့ ၊ ဒီ
မြို့ကို မြန်မာပြည် ခေတ်အဆက်ဆက် ‘မလက္ကာ’လို့ ခေါ်ကြပါတယ် ။ မလေးရှား ရောက်နေသူတွေထဲ
မှာလည်း သူ့နည်းသူ့ဟန်နဲ့ မာလာကာ ၊ မလက်ကာ ၊ မလာကာ စသည်ဖြင့် အမျိုးမျိုး ခေါ်နိုင်ကြပါ
တယ် ။ ဒါပေမယ့် လူတစ်ယောက်ကနေ - ကျနော် မလေးရှားကပါ ၊ ဒီမှာ ကျနော်တို့ အရိုက်ခံနေရပါ
တယ် ၊ ပြေးစရာမြေ မရှိတော့ပါဘူး ဆိုတာတွေနဲ့ အစချီပြီး ၊ အခြားမြို့တွေကိုပါ ဆွဲထည့်ပြရာကနေ ‘မလက္ကာ’ကို ‘မာတက်တာ’ ဆိုပြီး နာမည်တပ်ရေးတာမျိုးကျတော့ သိသာထင်ရှားနေပါတယ် ။ အခြား
တလွဲတွေလည်း အများကြီးတွေ့ပေမယ့် အကျယ်မချဲ့တော့ပါဘူး ။ ဒါပေမယ့် မလေးရှားက တကယ်
ရေးနေတာလား အပြင်ကနေ ချောက်တွန်းနေသလားဆိုတာ သံသယဝင်စရာတွေ ရှိလာပါတယ် ။

   တစ်ဆက်ထဲ ယှဉ်တွဲပြောလို့ရတာတစ်ခုက အချို့လူတွေရဲ့ ရိုဟင်ဂျာ ၊ ဘင်္ဂလီနဲ့ မွတ်ဆလင်ဆိုတာ
တွေကို လေလုံးမကွဲပဲ ရောချတိုက်ခိုက်နေတာမျိုးတွေပါ ။ ပြဿနာတွေ ဖြစ်လာပြီးနောက် မြန်မာပြည်
က မွတ်ဆလင်ခရိုနီတွေ မလေးရှားကို လေယာဉ်နဲ့ထွက်ပြီး ၊ ဟိုကမွတ်ဆလင်တွေနဲ့ ပင်းပြီး လုပ်နေ
ကြတယ်လို့ အခြေမြစ်မရှိ စွပ်စွဲတိုက်ခိုက်မှုတွေကို ဖြန့်ဝေသူတွေလည်း အများကြီးဖြစ်နေတာ စိတ်မ
ကောင်းစရာ တွေ့နေရပါတယ် ။ ထိုင်း ၊ မလေး ၊ စင်္ကာပူနိုင်ငံတွေမှာ မြန်မာပြည်က မွတ်ဆလင်တွေ
အပါဝင် စီးပွားရေးလာလုပ်သူ ၊ ဆိုင်ကန္နား လာဖွင့်သူ မြန်မာပြည်သားတွေ အများကြီးဆိုတာ လူအ
များစု အသိပါ ။ ဒါပေမယ့် ဒီလူတွေဟာ ဘယ်တုန်းကမှ အဲဒီနိုင်ငံတွေရဲ့ ပြည်တွင်းရေးမှာ ပါလာတယ်
လို့ မကြားဖူးသလို ၊ ဘယ်သတင်းမှာမှလည်း မရေးဖူးကြပါ ။ ထိန်ချန်တယ်လို့ အသားလွှတ်စွပ်စွဲရင်
တော့ မတတ်နိုင်ဘူးပေါ့ ။

   အခြား နမူနာတွေလည်း ရှိပါသေးတယ် ။ ဒါပေမယ့် ကျနော် အဓိက ပြောချင်တာက - မလေးရှား
ကိစ္စကို အဝေးကနေ ပုံကြီးချဲ့ ပြဿနာကြီးအောင် လုပ်နေတဲ့လူတွေ ရှိနေသလားဆိုတာပါ ။ ဒီလို
ဗိုက်အောက်ပိုင်း ပစ်သွင်းတဲ့ ထိုးနှက်ချက်တွေဟာ မြန်မာအသိုင်းဝိုင်းကြားမှာ မရေတွက်နိုင်လောက်
အောင် ဖြစ်နေခဲ့တာမို့ အင်မတန် ရင်လေးစရာကောင်းသလို ၊ နောက်ကွယ်မှာ အာဏာရှိသူတွေ ပါ
ဝင်နေတာနဲ့ ဗမာဗုဒ္ဓဘာသာ လူမှုအသိုင်းအဝိုင်းရဲ့ အမှောင်ခြမ်းကို ကမ္ဘာပေါ်မယ် ပုံပေါ်သထက်ပေါ်
အောင် လုပ်သလို ဖြစ်နေတာတွေဟာ ဝမ်းသာကြိုဆိုချင်စရာ အနေထားတစ်ခုမဟုတ်ပါဘူး ။ ဒါကိုမှ
ဂုဏ်ယူစရာ (batch of honors) လို့ ယူဆနေသူတွေလည်း ရှိတယ်ဆိုတာ နားလည်ပါတယ် ။ ဒါမျိုး
တွေကို အန္တရာယ်ကြီးတဲ့  ရူးနှမ်းမှုတွေထဲက အမျိုးအစားတစ်ခုလို့ နားလည်ပြီး တားဆီးဖို့ကြိုးစားသူ
တွေ များလာစေဖို့ပဲ ဆန္ဒပြုလို့ ရပါတော့မယ် ။ မြန်မာပြည်တွင်းက ဘာသာ လူမျိုး လူနည်းစုဝင်တွေ
ကနေလည်း အခြေနေကို မျက်ခြေမပြတ် စောင့်ကြည့်နေကြတယ်ဆိုတာ နားလည်ကြဖို့လည်း လိုပါ
တယ် ။ လူများစုကနေ လူနည်းစုအချို့ကို စတေးပစ်လိမ့်မယ်လို့ ယုံကြည်ယူဆသွားတဲ့အချိန်မတော့
၊ မြန်မာပြည်အတွက် ရှေ့ကာလအတိုင်းတာတစ်ခုအထိ အပေါင်းလက္ခဏာဖက် ရောက်နိုင်ခြေ မရှိ
တော့ဘူးဆိုတာလည်း တွက်ဆထားဖို့ လိုပါမယ် ။

   ဆက်ပြီး ပြောလို့ရတာတွေလည်း ရှိပါသေးတယ် ။
   အထူးသဖြင့် အရှေ့နောက်တောင်မြောက်မတွေးပဲ ၊ “နေလို့မရရင် ပြန်လာကြ”လို့ မျက်နှာလွှဲခဲပစ်
ကြတဲ့ လူအချို့နဲ့ ၊ ကူညီမှုကို အသိမှတ်ပြုသင့်ပေမယ့် ခါတော်မီ ရောယောင်လာတဲ့ ဗီလိန်ဟောင်းကြီး
တစ်ချို့တို့ရဲ့ လုပ်ရပ်တွေပါ ။ ကွက်ကျော်မြင်တတ်တဲ့ စီးပွားရေးသမားတွေရဲ့ လုပ်ကွက်တွေကို သင်္ခန်း
စာယူစရာဖြစ်သလို ၊ ပြည်ပထွက် အလုပ်လုပ်ကြတယ်ဆိုတာဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ရှောင်လွှဲလို့မရ
တဲ့ လမ်းကြောင်းကြီးတစ်ခုဆိုတာ အရှည်မတွေးပဲ စိတ်အလိုလိုက်ပြီး လူမှုအသိုင်းဝိုင်းတစ်ခုလုံးကို
နောက်ပြန်ဆွဲချ နေကြတာတွေဟာလည်း သတိထားစရာပါ ။

   နိဂုံးချုပ်ချင်တာက - လက်ရှိ မလေးရှားအခြေအနေဟာ ၊ လူအချို့အတွက် စိတ်ဖြေရာထွက်ပေါက်
ရကောင်းရသွားနိုင်ပါတယ် ။ လက်သီးလက်မောင်းတန်းပြီး ပြောပြီးပြီးရောဆိုပြီး ပြောလိုက်တာမျိုးတွေ
လည်း ရှိနိုင်ပါတယ် ။ ဒါပေမယ့် ခဏာတာ အာသာဖြေမှုနဲ့ ကိစ္စဝိစ္စတွေ ပြီးပြတ်မသွားတာ ၊ အခက်ခဲ
အများကြီးရှိတာ ၊ လုပ်ဆောင်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုတွေရှိတတ်တာ လူများစုအတွက် စိတ်
အေးသွားတဲ့အချိန်မှာ ပြန်တွေးမိ သိနိုင်တဲ့ ကိစ္စတွေပါ ။ ဘယ်လိုပြောရ ကောင်းမလဲ .. ။ သတိ ၊ သ
တိ ၊ သတိ .. လို့ဆိုရင် အဆင်ပြေမလား ။

   ကျနော် ချရေးသွားတာတွေဟာ လက်တွေ့ဘဝမှာ ဘာတွေဖြစ်နေသလဲဆိုတာ အတိုင်းတာတစ်ခု
အထိ မြင်နိုင်အောင်ရယ်လို့ လက်တို့ရုံပါ ။ အချို့လည်း - ကျနော် ကန့်လန့်မြင်တယ် ၊ လူမျိုးရေးတွေ
ပါ ဆွဲထည့်လာတယ် ပြောကောင်းပြောမယ် ။ တကယ်တန်းမှာ လူမျိုးရေး ဘာသာရေးတွေဟာ ကျ
နော့်အတွက် အရေးမကြီးလှပါ ။ ဝမ်းနည်းကြောင်း ပြဖို့အတွက် profile အမဲရောင်ကြီးလည်း တင်ပြ
မနေပါ ။ ဝမ်းနည်းစရာတွေက အပေါ်က ပြောခဲ့တာတွေအပါဝင် များလွန်းလို့ ဘယ်အတွက်ရွေးပြီး
ဝမ်းနည်းရမလဲဆိုတာတောင် မသဲကွဲမိတာ ကြာပါပြီ ။

   အရာရာကို အကောင်းတွေလိုက်ပြောပြီး အခက်ခဲ ပြဿနာတွေကို ပြေလည်အောင် လုပ်လို့မရပါ ။
ဘက်စုံကြည့်ပြီး စီမံခန့်ခွဲရေးအမြင်နဲ့ ဆုံးဖြတ်မှ အသင့်ဆုံး အဖြေတွေ ရနိုင်မှာပါ ။ ဒီအထဲမယ် ထောက်
ပြမိသူကျနော်ဟာ သောနုထိုရ်မုဆိုးနေရာကို လိုလိုချင်ချင်ယူမိတဲ့ ဗီလိန်တစ်ယောက်လို မြင်ကြမယ်ဆို
ရင်လည်း ၊ ကိုယ့်စေတနာနဲ့ ကိုယ့်အပြစ်သာဖြစ်ပါကြောင်း ။


မန်းကိုကို
၁၄ ၊ ၀၆ ၊ ၂၀၁၃

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


No comments:

Post a Comment