ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Friday, April 26, 2013

အမှန်တရား ခါးသက်လေရဲ့




   အားလုံးကို နှုတ်ခွန်းဆက်သပါတယ် ။
   ဒါပေမယ့် ဆက်ရေးသွားမှာတွေက အမှန်တရားဖြစ်သော်လည်း ခါးသက်နိုင်တာကြောင့် အား
လည်း နာပါတယ် ။ ဒီကိုရောက်လာမှတော့ ဆက်ဖတ်သွားတော့မယ်ဆိုတာ သေချာသလောက်
မို့ ပိုအားနာပါတယ် ။

     ဒီနေရာမယ် ကျနော့်အတွက် အခက်အခဲက -
(၁) အမှန်ကို ပြောသင့်သလား ၊
(၂) သက်ဆိုင်သူတွေ ခံသာအောင် စာဖွဲ့နိုင်ပါ့မလား ၊ နဲ့
(၃) ရေးသမျှတွေဟာ တိုက်ခိုက်ဖို့မဟုတ်တာနဲ့ သင့်တင့်တဲ့ ထွက်ပေါက် (သို့မဟုတ်) လက်ခံနိုင်
လောက်မယ့် အဖြေတချို့ကို ချပြနိုင်ပါ့မလား ဆိုတာတွေပါ ။

  ۩နောက်ပိတ် သံမှိုတစ်ချောင်း

   လူတိုင်း သိမှာပါ ၊ ဘော့စတွန် ဗုံးခွဲမှုပါ ။
   အိုဘားမားမိန်းမ ၊ သူ့ပြိုင်ဖက်ဟောင်းတွေပါ တက်ရောက်ခဲ့ပြီး ၊ မထင်မှတ်တဲ့ အားကစားပွဲ
မှာ ဗုံးပေါက်ခဲ့တာကြောင့် သွယ်ဝိုက်ဦးတည်ချက်က ကြီးတယ် ။ လုပ်သူကလည်း ထူးထူးဆန်း
ဆန်း ချက်ခ်ျညာ (Chechnya) နောက်ခံ ဖြစ်နေတယ် ။ ရုရှတွေရဲ့ ရက်စက်မှုဒဏ်ကို ၁၉ ရာစု
လောက်ကတည်းက အကြီးကျယ်ခံခဲ့ရတဲ့ ဒီဒေသနဲ့ အမေရိကန်ရဲ့ ဆက်စပ်မှုက အတော်လေး
ဝေးတယ်လို့ ပြောလို့ရတယ် ။ ဒါ့ပြင် ဒီကိစ္စကြီးမှာ သံသယဖြစ်စရာ အမျိုးမျိုးနဲ့ သဲလွန်စတွေ စု
စည်းဆဲမို့ အဆုံးသတ်ကောက်ချက်ဆွဲဖို့ အချိန်တော့ ယူရပါဦးမယ် ။

   သို့သော် မိတ္ထီလာကိစ္စကို ဗကပ သြဇာခံတွေလက်ချက်ဆိုပြီး အတိအလင်း ယိုးစွပ်လိုက်တဲ့ ဦးအောင်သောင်းရဲ့ လုပ်နည်းလုပ်ဟန်လိုပဲ ၊ စွပ်စွဲချက်တွေ တစ်သီကြီးနဲ့အတူ တစ်ကမ္ဘာလုံးက အကြမ်းဖက်မှုတွေအတွက် မြန်မာပြည်က မွတ်ဆလင်ငထွားတွေကို ခါးနာခိုင်းသူတွေက အပုံ
ကြီး ထွက်လာတာကို အင်တာနက်ပေါ်မယ် မကြာမတင် တွေ့လိုက်ရတော့တယ် ။

   ဒီလမ်းကြောင်း ခုထက် ပိုဆိုးမလာခင် ၊ တစ်ကမ္ဘာလုံးက နာဇီလက်သစ်တွေ ဆိုတဲ့ အသုံးနှုန်း
တွေ ပဲ့တင်ထပ်နေမယ့် အခါသမယဆီ မတက်လှမ်းသေးခင် ၊ ဆက်စပ်ယူလို့ရတဲ့ ပိုကျယ်ပြန့်တဲ့
အမှန်တရား အနေထားတစ်ခုကို တင်ပြပြီး အဖြေရှာ ထွက်ပေါက်ရနိုင်ဖို့ ဒီစာကို ချရေးရခြင်းပါ ။

  ۩မြန်မာမွတ်ဆလင် ငထွား

   အင်တာနက် ၊ အထူးသဖြင့် ဖေ့ဘွတ်လို နေရာမျိုးမှာ ကြည့်လိုက်ရင် - တစ်ကမ္ဘာလုံးက မွတ်
ဆလင် အစွန်းရောက်တွေရဲ့ လုပ်ကိုင်သမျှတွေ ၊ ရက်စက်မှု မှားယွင်းမှု မှန်သမျှကို မြန်မာပြည်
က မွတ်ဆလင်တွေအပေါ် အားပါးတရ ပုံချနေကြတာ မတွေ့ချင်မှ အဆုံးပါ ။ ဒီကြားထဲမှာ ပလီ
ကနေ အသံချဲ့စက်နဲ့ အော်နေတာဟာ ဟောဒီလိုပါဆိုပြီး ၊ လိုချင်သလို အဓိပ္ပါယ်ပြန်ထားတဲ့
စာတွေကို ပုံနှိပ်စာအုပ်အဖြစ်တောင်ထုတ်ပြီး အင်တာနက်ပေါ်မှာလည်း အလုအယက် ဖြန့်ဝေ
ကြ ဝေဖန်ဆဲဆို နေကြတာများ မြင်ရတာ စိတ်များတောင် နောက်ရလောက်အောင်ပါပဲ ။

   ဘာသာရေးနဲ့ သက်ဆိုင်ရာ ကျမ်းတွေကို တို့ရထိရတာ သိပ်ကောင်းလှတယ် မဟုတ်ပါ ။
   ဒါကြောင့် အရှည်ကြီး မရေးပဲ အတိုဆုံး တစ်ကြောင်းထဲနဲ့ အနှစ်ချုပ် ထုတ်နှုတ်ချင်ပါတယ် ။
   အဲဒါကတော့ “ဘာသာရေးမှာ ကိုယ့်ဘောင်ထက်ကျော်ပြီး သူများအရေးကို နားလည်ပါတယ်”
ဆိုတာဟာ ၊ “သဘာဝမကျဘူး” ဆိုတာပါပဲ ။

   နောက်တစ်ခုက “မင်းမဟုတ်ရင် မင်းအဖေပဲ”ဆိုတတဲ့ အရေးသား အပြောဆိုမျိုးတွေကလည်း
ရေတွက်မကုန်လောက်အောင်ပါပဲ ။ ဘယ်နေရာမှာ မွတ်ဆလင်တွေက ဘာ ဘယ်လိုလုပ်လိုက်
တာ ဆိုတဲ့ မခိုင်လုံတဲ့ စွပ်စွဲချက်တွေကလည်း မီးလောင်ရာလေပင့်နေပါတယ် ။ လက်တွေ့ဘဝ
မှာတော့ မြန်မာပြည်မှာ မွတ်ဆလင်တွေဖက်က အခံရချည်း များတယ်ဆိုတာ ပကတိ မြင်နေရ
တယ် ။

   ကမ္ဘာ့သတင်းတွေကနေတစ်ဆင့် ကိုယ့်ကို နာဇီလက်သစ်တွေလိုတောင် သရုပ်ဖေါ်ပြနေတာ
တွေကို ပြန်မြင်ရချိန်မှာ အရှိန်လျှော့ဖို့ထက် ၊ တစ်ကမ္ဘာလုံးမှာ ဥာဏ်ရည်နိမ့်ပါးသူတွေ ကိုယ့်ဆီ
မှာထက် ပိုများမယ်လို့ ယုံကြည်ပုံရတဲ့ ပွင့်အန်ကျလာတဲ့ စာနဲ့ စကားတွေဟာလည်း ခုထက်ထိ
အတောမသတ်သေးပါ ။

   ဒီနေရာမှာ - တစ်ကမ္ဘာလုံးမယ် မွတ်ဆလင်တွေ ဘယ်လိုဖြစ် ဘာတွေလုပ်နေကြသလဲ မမြင်
ဘူးလားလို့ စောဒက တက်ချင်သူတွေလည်း ရှိမှာပါ ။ အဖြေက ရှင်းပါတယ် ၊ ကျနော် မျက်လုံး
မကန်းပါ ၊ အကုန်မြင်ပါတယ် ။ ဒါတင်မက မွတ်ဆလင်အပြင် ခရစ်ယာန် ၊ ဟိန္ဒူ ၊ ဗုဒ္ဓဘာသာနဲ့
ဘာသာမဲ့တွေကအစ အားလုံးရဲ့ လုပ်ကိုင် ဖြစ်ပျက်နေတာတွေကို မြင်ပါတယ် ၊ သိပါတယ် ၊ ဆန်း
စစ်ပါတယ် ၊ အကြောင်းရင်းခံနဲ့ အကျိုးဆက်တွေကိုလည်း ကြည့်နေပါတယ် ။ ဒါကြောင့်လည်း
ခုလို ရေးဖြစ်တာပါ ။

  ۩အန္တိမ ပန်းတိုင် ဘယ်ဂနိုင်မှာ ဆုံးမလဲ

   ပြောရရင်တော့ အပျက်သဘောဆန်မယ် ။ လူကြီးသူမ အတော်များများလည်း နားလည်ပြီးသား
ပါ ။ လက်ရှိ မီးထိုးပေးသူတွေရဲ့ အရှိန်အဟုန်နဲ့ ရှိပြီးသား အရင်းခံတွေ ကောင်းကောင်း ပေါင်းစပ်မိ
ရင် ၊ ဒီဇာတ်လမ်းက လွယ်လွယ်မဆုံးပါ ။ “မဆုံးပါ” ဆိုတာနဲ့ပဲ အကျယ်ပြန့်ဆုံး ခြုံငုံပြောပါရစေ ။
နောက်တစ်နည်း ပြောရရင် ၊ ပင့်ကူကွန်ယက်ဆန်ဆန် မဆုံးနိုင်တဲ့ ကွင်းဆက်ပြဿနာတွေ ပေါ်
လာနိုင်ပါတယ် ။ အစဦးပိုင်းမှာ လက်သီးလက်မောင်း တန်းခဲ့သူတွေထဲကတောင် အသားရေ ကြန်
အင်လက္ခဏာတွေအရ ကိုယ်တိုင်ကိုက မတော်တဆ ပစ်မှတ်တွေ ပြန်ဖြစ်လာနိုင်ပါတယ် ။ နေရာ
တိုင်းမှာ အက်ကွဲကြောင်းတွေ ပေါ်လာဖို့ ရှိပါတယ် ။ (“ဒီလိုဖြစ်မယ်လို့ မမျှော်လင့်ခဲ့မိဘူး” ဆိုတဲ့
စကားမျိုးဟာ သမိုင်းမှာ မရေတွက်နိုင်အောင် ထပ်ခါထပ်ခါ ပြောခဲ့ကြတဲ့ စကားတွေပါ ။ ကိုယ်တိုင်
မကြုံရရင်တော့ အကောင်းဆုံးပေါ့ ။ ကျေးဇူးပြုပြီး ကြုံလည်း မကြုံချင်ကြပါနဲ့) ။

   ဒီလမ်းကြောင်းရဲ့ တစ်ခုသောနေရာနဲ့ အချိန်ရောက်ရင်လည်း - စစ်အုပ်ချုပ်ရေး (သို့မဟုတ်) အင်
အားကြီးပြီး ရက်စက်တဲ့ အာဏာရှင်စနစ် တစ်ဖြစ်လဲ အနေထားဆီ ပြန်ရောက်ရပြန်ပါဦးမှာပါ ။ အဲ
ဒီအခါကျ တစ်တိုင်းပြည်လုံးအတွက် အနည်းဆုံး နောက်ထပ် မျိုးဆက်တစ်ခုစာလောက် အချိန်
တွေကို  ထပ်ဆုံးရှူံးရပြန်ပါဦးမယ် ။ စစ်တပ်ကိုစွပ်စွဲနေတာတော့ မဟုတ်ပါ ။ တစ်ဖက်မှာလည်း
အာဏာလက်ရှိထဲက တစ်ချို့ရဲ့ စနက်တွေ မပါဘူးလို့ တစ်ထစ်ချ ပြောဖို့ရာ မဖြစ်နိုင်ပြန်ပါဘူး ။
ဖစ်လာတတ်တဲ့ သိထားကြပြီးသား သဘာဝလမ်းကြောင်းကို သတိမမေ့အောင်သတိပေးရုံပါ ။

   ဒီပွဲမယ် မကောင်းမကောင်းတွေချည်းမို့ ဘယ်သူ အနိုင်ရမလဲလို့တောင် မေးစရာ မလိုပါ ။ အားလုံး
ရှူံးမှာပါ  ။ နိုင်တယ်လို့ ထင်သူဟာလည်း အမိုက်မှောင်ဖုံးနေတဲ့ သမိုင်းတရားခံတွေသာ ဖြစ်ပါလိမ့်
မယ် ။

   ခုပြောခဲ့တာတွေက လူနည်းစု မွတ်ဆလင်တွေအပေါ် အခြေပြုပြီး ပြောခဲ့တာတွေပါ ။ နောက်တစ်
ဆင့် ပိုကျယ်ပြန့်တဲ့ တိုင်းရင်းသားနဲ့ အခြားလူနည်းစုတွေကိုပါ ထည့်တွက်ကြည့်ကြရအောင် ။

  ۩ဒေါ်စုချပေးတဲ့ လမ်း

   တလောက ဒေါ်စု ဂျပန်မှာ ပြောသွားတာလေးက -
“မြန်မာ”ဆိုတာ “ဗမာ”ကို စာပေသဘောတရားအရ “မြန်မာ”လို့ရေးတာပါ ။
ဒီလိုမှန်ကန်တဲ့ အကြောင်းပြချက်ကို တချို့က မကြိုက်ဘူး - လို့ ဆိုပါတယ် ။
   ဒါနဲ့ပတ်သက်ပြီး ကျနော့်တစ်ကိုယ်စာ ပြောရရင် - ဒေါ်စုအနေနဲ့ ဘယ်ပြန်ညာပြန် ကပ်ရှုပ်နေတဲ့
ကိစ္စတစ်ခုကို မြန်မာပြည်သူ ပြည်သားတွေအတွက် အရှိ အမှန်အတိုင်း ချပြပြီး ပြင်ဆင်သင့်တာ
တွေအတွက် အခွင့်လမ်းတစ်ရပ်ကို အစပြု ဖွင့်ပေးခဲ့တာလို့ မြင်ပါတယ် ။

   ဆင်တူယိုးမှား အနေထားမှာရှိတဲ့ - ထာဝရငြိမ်းချမ်းရေး ၊ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်ခြင်း ၊
ဆက်ကြေး ၊ သောင်းကျန်းသူ စတဲ့ စကားလုံးတွေဟာလည်း ဖတ်မိသူရဲ့စိတ်ကို လမ်းကြောင်းပေးဖို့
ရည်ရွယ်တဲ့ မရိုးသားတဲ့ စကားလုံးတွေပါပဲ ။ အများအကျိုးဖြစ်မယ့် သင့်တင့်တဲ့ အသုံးနှုန်းတွေကို
တွေးတော အစားထိုးဖို့လိုနေပါပြီ ။

  ۩ငြင်းလို့မရတဲ့ အရှိတရား

   ဒေါ်စုချပေးတဲ့ အမှန် ပကတိအတိုင်း ပြောဆိုခြင်းကို မူတည်ပြီး ၊ ပထမဆုံး မေးခွန်းအပိုင်းလေး
တစ်ချို့ကို ထုတ်ပြပါမယ် ။

(၁)  အဦးဆုံးအနေနဲ့ ‘မန်းကိုကို ဘာစာနဲ့ ဒီပို့စ်ကို ရေးနေပါသလဲ’ ၊ ‘ဘာကြောင့်လဲ’ ၊ ‘သူ့ဘဝတစ်
လျှောက် ဘယ်လို လမ်းကြောင်းပေးတာ ခံခဲ့ရသလဲ’ - ဆိုတာတွေပါ ။ အတိုဆုံး အဖြေက - ဗမာ့
ယဉ်ကျေးမှု စာပေနဲ့ သမိုင်းတွေကို ဗမာတစ်ယောက်လို သင်ယူမှတ်သားပြီး (ကိုယ့်ခြေထောက်နဲ့
သူတစ်ပါး ဖိနပ်စီးပြီး) ကြီးပြင်းခဲ့ရတယ် ။ ဒါက တစ်ကိုယ်စာ ။

(၂)  နောက်တစ်ဆင့်အနေနဲ့ - လူအတော်များများ လက်လှမ်းမီကြတဲ့ လွန်ခဲ့တဲ့ မျိုးဆက် ၃ ခုအတွင်း
တိုင်းရင်းသားတွေရဲ့ စာပေ ၊ ယဉ်ကျေးမှု ၊ သမိုင်း ၊ ဒေသခံတွေအတွက် နှောင်ကြိုးမပါတဲ့ ဖွံ့ဖြိုးရေး
လုပ်ငန်းတွေ ဘယ်အနေထားမှာ ရှိခဲ့ပါသလဲ ။ ဘာတွေကို အခြေပြုပါသလဲ ။ ဒါက တစ်နိုင်ငံလုံးစာ ။
(‘အခုလုပ်နေပြီလေ’ ဆိုတဲ့ ဆင်ဝှေ့ရန်ရှောင် စကားမျိုးကတော့ ၊ ခုတင်ပြတာနဲ့ တိုက်ရိုက်မဆိုင်ပါ) ။

(၃)  အထူးသဖြင့် ရခိုင် ၊ ကချင် ၊ ကရင်လို ဒေသတွေမှာ ‘စံပြကျေးရွာ’ဆိုပြီး ပြည်မက ဗမာလူမျိုး
ဗုဒ္ဓဘာသာဝင်တွေကို ဘာကြောင့် နေရာချပေးနေတာပါလဲ ။ စစ်ဘေးကြောင့် ပြောင်းရွှေ့ပြေးရသူ
တွေရဲ့ နယ်မြေတွေမှာ ပြည်မက အသစ်အခြေချသူတွေ နေရာယူလာကြတာ ဘာကြောင့်လဲ ။ တစ်
ချိန် မူလနေထိုင်သူ ပိုင်ရှင်တွေ ပြန်ရောက်လာရင် ဘယ်လိုဖြေရှင်းမလဲ ။ (လက်ရှိမှာတော့ ဆုံးရှူံး
ခဲ့ရသူတွေအတွက် တစ်စိုးတစ်စိမှ ပြန်ရလမ်း မမြင်ပါ) ။

(၄)  ပြည်တွင်းစစ်မှာ ဘာကြောင့် ဘယ်တော့မှ မညှိနှိုင်းပဲ တစ်လမ်းမောင်း သွားရတာလဲ ။ (အကြွင်း
မဲ့ လက်နက်ချဖို့ ခေါ်ပြောတာကို ညှိနှိုင်းတယ်လို့ ထင်သူများလည်း ရှိနိုင်တယ် ။ အကျုံးမဝင်တဲ့ အ
ထင်မှားတွေသာ ဖြစ်ပါတယ်) ။

(၅)  အုပ်ချုပ်ရေး စနစ်မှာလည်း တိုင်းရင်းသား ဌာနေတွေမှာ ဘာကြောင့် ဗမာတွေချည်း လက်ဝါးကြီး
အုပ်ထားတာလဲ ။ ဒီအပိုင်းမှာလည်း တိုင်းရင်းသား‘ပြာတာ’တွေ အများကြီး ခန့်ထားပေးပါတယ်ဆိုတဲ့
ထန်းလက်နဲ့တော့ ကျေးဇူးပြုပြီး မကာကြပါနဲ့ ။

  ۩အရမ်းခါးတဲ့ အမှန်စကား

   မေးစရာ တစ်ခုရှိလာနိုင်တယ် ။
   အပေါ်မှာ ရေးထားတာဟာ ကျနော် ခြေရာခံပြတာလား ။
   မဟုတ်ပါဘူး ခင်ဗျာ ၊ ဆင်ကောင်ကြီး တစ်ကောင်လုံးကိုပြပြီးမှ ခြေရာလမ်းကြောင်းကို ပြန်ညွှန်
ပြနေတာပါ ။ ဒါပေမယ့် - သဘောတူတယ် ၊ လက်ခံတယ် ၊ ငြင်းပယ်မယ် - စတာတွေက ဖတ်သူရဲ့
အပိုင်းပါ ။

   ဒါတွေအားလုံးကို ခြုံငုံပြီး လက်ရှိ ဘာသာရေးဆိုင်ရာ တင်းမာမှုတွေနဲ့ စပ်ဟပ် ကောက်ချက်ဆွဲ
ရရင် -
ဖြစ်ခဲ့သမျှတွေဟာ ဘာသာရေးချည်း မဟုတ်ပါဘူး ။ လူမျိုးရေးလည်း
ပါပါတယ် ။ ဗမာတွေဟာ တစ်နိုင်ငံလုံးက တိုင်းရင်းသားနဲ့ လူနည်းစု
တွေကို လူမျိုးရေး ၊ ဘာသာရေး ၊ လူမှုရေး ၊ စီးပွားရေးအရ ဝါးမြိုအုပ်
စီးမိဖို့ ကာလရှည်ကြာ ကြိုးစားလုပ်ကိုင် နေခဲ့ကြပါတယ် ။

တစ်ဆက်ထဲမှာပဲ ဗမာဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ရုပ်ရည်ခွဲခြားရ
လွယ်ပြီး ထိုးဖေါက်အုပ်စီးဖို့ မဖြစ်နိုင်တဲ့ မွတ်ဆလင်တွေအပေါ် စိုး
ရိမ်စိတ်တွေနဲ့ ပြုမူဆက်ဆံနေတာလို့ ပြောလို့ရပါတယ် ။
   (အခြားတစ်နည်းနဲ့ နားလည်လွယ်အောင် ပြောရရင် - ကိုယ်လုပ်ခဲ့သလို ကိုယ်တွေ ပြန်ခံရမှာကို
စိုးရွံ့နေကြတယ် - လို့လည်း တစ်စိတ်တစ်ပိုင်း ဆိုနိုင်ပါတယ်) ။

   ဒါတွေကို မြန်မာပြည်ထဲမှာရှိတဲ့ လူနည်းစုဝင်တွေထဲက အတွေ့ကြုံရင်ပြီး တွေးခေါ်တတ်သူတွေ
အားလုံးလိုလို သိကြပါတယ် ။ မသင့်တော်လို့ ၊ မှန်ပေမယ့် ခါးသက်လွန်းတယ်ဆိုတာ သိကြလို့
ထုတ်မပြောကြတာပါ ။ ဒါဆို ဗမာတွေဖက်ကကော ၊မသိကြဘူးလား ။ အမှန်တော့ အတော်များ
များက - သိလျက်နဲ့ အသာမှိန်းနေကြတာပါလို့ အတိအလင်း ပြောချင်ပါတယ် ။

   ဒီနေရာမှာ ဆင်ခြေလို့ ခေါ်နိုင်တဲ့ မြင်နေကျ အကြောင်းပြချက်တွေ ရှိပါတယ် ။ အထူးသဖြင့် "စစ်
အာဏာရှင်စနစ်" ကြောင့်ပါ ဆိုတာမျိုးပါ ။ ဒါအတွက် 'ဒီပုတ်ထဲက ဒီပဲ' ဆိုတဲ့ စကားပုံကတော့ သိပ်
ရိုင်းသွားမယ် ထင်ပါတယ် ။ 'နဂိုလ်ရှိမှ နဂိုင်းထွက်' ဆိုတာနဲ့သာ ယှဉ်ထိုးပြချင်ပါတယ် ။ ဒီနေရာမယ်
ဗမာတိုင်း မဟုတ်ပါဘူးလို့ ပြောလို့ရပါတယ် ။ သို့သော် အုပ်ချုပ်မှုအာဏာကို ရယူထားခဲ့သူတွေ အ
ဆက်ဆက်ကနေ သူတို့လူမှုအသိုင်းဝိုင်းရဲ့ အမြင်နဲ့စိတ်နေစိတ်ထားတွေကို ထင်ဟပ်ပြီး အကောင်
ထည် ဖေါ်ခဲ့တာပါလို့တော့ ပြောလို့ ရပါတယ် ။

  ۩အလွယ်ဆုံး ထွက်ပေါက်

   အမှန်က အလွယ်ဆုံး ထွက်ပေါက်ဆိုတာဟာ အခက်တကာ့အခက်ဆုံး ထွက်ပေါက်လည်း ဖြစ်ပါ
တယ် ။
အဲဒါက “ရိုးသားဖို့”ပါပဲ ။
   အဲဒီကမှတစ်ဆင့် စာနာဖို့ ၊ နောက်ပြီး လောဘ ဒေါသ မောဟတွေ လျှော့ချပြီး လူသားဆန်တဲ့
လောကပါလတရားတွေနဲ့ လိုက်လျောညီထွေတဲ့ လူ့အသိုင်းဝိုင်းကို တည်ဆောက်ဖို့ပါ ။

   ပြောခဲ့သလို ဒါတွေဟာ လူများစုဖြစ်နေတဲ့ ဗမာတွေအတွက် အင်မတန် ခက်နေပါတယ် ။ ခေတ်
အဆက်ဆက် အကောင်ထည် ပေါ်မလာခဲ့တာကလည်း သက်သေပါ ။ သို့သော် အသေခံဗုံးခွဲမှုမျိုး
လို မရှိသေးတဲ့ မြန်မာပြည်က မွတ်ဆလင်တွေကို အဆုံးစွန်ရောက်အောင် တွန်းပို့တာမျိုး ၊ ရိုဟင်
ဂျာလိုအပါဝင် တစ်နိုင်ငံလုံးက တစ်ဖက်သတ် စစ်ပွဲနဲ့ ဒုက္ခရောက်နေကြတဲ့ သိန်းကဏာန်းရှိတဲ့
တိုင်းရင်းသူ တိုင်းရင်းသားတွေကို လက်တွေ့ဘဝမှာ မရှိသယောင် လစ်လျူတာ ၊ ဒီလူတွေကို
မောင်းထုတ်ဖို့ သတ်ဖြတ်ဖို့ စိတ်အား နှုတ်အား ကိုယ်အားဖြင့် အားပေးကူညီ တွန်းပို့တာတွေဟာ
ရှိပြီးသား အခက်ခဲပြဿနာတွေကို ပြေလည်ဖို့ထက် ဆိုးရွားသွားဖို့ ဦးတည်စေပါတယ် ။ ရှောင်ရှား
လျော့ချဖို့ ကြိုးစားပြီး ဒဏ်ရာတွေကို ကုစားဖို့ရာ ချက်ချင်းလက်ငင်းကို စလုပ်သင့်ပါတယ် ။

  ۩ဖြစ်နိုင်ခြေ ဆိုးကျိုးတချို့

  ပထမဆုံးတစ်ချက်က ၊ မြန်မာပြည်က ရိုဟင်ဂျာတွေကို မောင်းထုတ်ဖို့ ကြိုးစားရင်း ၊ ဘင်္ဂလား
ဒေ့ရှ်က ဗုဒ္ဓဘာသာတွေကို ဒုက္ခရောက်အောင် မောင်းထုတ်ခံရအောင် တွန်းအားပေးမိသလို ဖြစ်
သွားနိုင်တယ်လို့ သတိပေးချင်ပါတယ် ။

   ၂၀ ရာစုအတွင်း ၊ အထူးသဖြင့် အစောပိုင်းကာလတွေမှာ လူတွေ အစုလိုက်အပြုံလိုက် ပြောင်း
ရွှေ့ရတာတွေ ရှိခဲ့ဖူးပါတယ် ။ လွယ်ကူပြီး ပျော်ရွှင်စရာ အတွေ့ကြုံတွေ မဟုတ်ဘူးဆိုတာကို အ
လေးနက်ထား ပြောချင်ပါတယ် ။

  ဒုတိယတစ်ချက် ၊ ကမ္ဘာ့အနှံ့ ရောက်ရှိပြီး အလုပ်လုပ်နေကြသူ မြန်မာပြည်သူပြည်သား ၅ သန်း
လောက် ရှိတယ်လို့ ဆိုပါတယ် ။ ထိုင်းနိုင်ငံမှာ ၂ သန်းကနေ ၄ သန်းအထိ ရှိနိုင်လို့ ဆိုတာကြောင့် ၊
ဖြစ်နိုင်ပါတယ် ။ ဒါဆို တစ်နိုင်ငံလုံးရဲ့ ၁၀% ဝန်းကျင်လောက်တောင် ရှိပါတယ် ။ သူတို့ထဲက တစ်
ဝက် ၂.၅ သန်းလောက်ကပဲ တစ်လကို အမေရိကန်ဒေါ်လာ ၁၀၀ နှုန်းနဲ့ မြန်မာပြည်ကို ပြန်ပို့နေ
တယ်လို့ တွက်ရင် ၊ အညိုရောင် စီးပွားရေးလို့ တင်စားရမယ့် ဒီဝင်ငွေရဲ့ ပမာဏကို ခန့်မှန်းကြည့်
လို့ ရပါတယ် ။

   ဒီငွေတွေဟာ မြန်မာပြည်တွင်းမှာ အလှူငွေ ၊ ဝန်ထမ်းတွေအတွက် လာဟ်လာဘ ၊ ရပ်ကွက် မြို့
နယ်တွေရဲ့ ဘာကြေးညာကြေး ပေါ်တာကြေးတွေကအစ လူမှုရေး စီးပွားရေး အရာရာမှာ နက်နက်
ရှိုင်းရှိုင်း ပတ်သက်နေပါတယ် ။ ဒီငွေတွေသာ အကြီးအကျယ် လျော့ကျသွားရင် (တစ်နည်းအား
ဖြင့်) လူ ၅ သန်းထဲက အတော်များများ ဖိအားအမျိုးမျိုးကြောင့် မြန်မာပြည်ပြန်ကြရရင် ဖြစ်လာမယ့်
သက်ရောက်မှုက မသေးလှပါ ။

  နောက်တစ်ခုက ရင်းနှီးမြုပ်နှံမှုနဲ့ ကုန်သွယ်စီးပွားတွေပါ ။
   ၂၁ ရာစု globalization ခေတ်မှာ ရင်းနှီးမြုပ်နှံမှုနဲ့ ကုန်သွယ်စီးပွားတွေဟာ တိုင်းပြည်တစ်ပြည်ရဲ့
အဓိက အသက်သွေးကြောတွေပါ ။ ကျီးခြောက် ကြွက်ခြောက်သလို မလုပ်မိဖို့ အရေးကြီးပါတယ် ။
သွေးအသွားအလာ နည်းပါးတာနဲ့အမျှ လူကိုယ်ကလည်း အားနည်း ချိနဲ့လာမှာပါ ။ အဲဒီအခါကျ
‘ပီတိကိုစား အားရှိပါ၏’ တို့ ၊ ‘အမျိုးသားရေးစိတ်နဲ့ ထာဝစဉ် လန်းဆန်းတက်ကြွနေမယ်’ ဆိုတာ
တွေဟာ ဒဏ္ဍာရီဆန်တဲ့ အားပေးစကားတွေဖြစ်တာ ထင်ရှားလာပါလိမ့်မယ် ။

(တစ်ချိန်ထဲမှာလည်း အရင် ရေဒီယို ၊ ရုပ်မြင်သံကြားနဲ့ သတင်းစာတွေမှာ တွေ့နေခဲ့ရတဲ့ “စီးပွား
ရေးပိတ်ဆို့မှုကို တို့မမှုပါ”ဆိုတဲ့ သီချင်းစာသားမျိုးကို ပြေးသတိရတယ် ။ အိပ်မက်တောင် မမက်
ကောင်းတဲ့ မိုက်မဲမှုတစ်ခုပါ) ။

  နောက်ဆုံးတစ်ခုက ပြည်ပ ရောက်နေသူတွေအတွက် အန္တရယ်ပါ ။
   မသိသေးသူများအတွက် ပြောပြချင်တာက မဲဆောက်တစ်မြို့ထဲတင် မြန်မာပြည်သား လူသေ
နှုန်းက တစ်နှစ်ကို ၁၀၀ ဝန်းကျင်ရှိပါတယ် ။ အများစုက ရာဇဝတ်မှုတွေမှာ အသက်ဆုံးရတာပါ ။
ခုနောက်ပိုင်း နည်းသွားနိုင်ပေမယ့် စံနမူနာတစ်ခုအဖြစ် ပြောပြတာပါ ။ ဒါနဲ့ဆက်စပ်တွေးစရာတွေ
အများကြီးရှိပါတယ် ။ ပြည်ပမှာ တရားဥပဒေဆိုင်ရာ အကူညီနဲ့ နိုင်ငံသူနိုင်ငံသားတွေရဲ့ ဘဝလုံခြုံ
ရေးအတွက် ဘာအကာကွယ်တွေ ရှိပါသလဲ ။ ဖြစ်ပြီးတာတွေကို မပြောလိုပေမယ့် ၊ ရှေ့ဆက်ပြီး
မြန်မာပြည်ကနေ ပြင်ပထွက်အလုပ်လုပ်သူတွေ ဘယ်လိုကြုံဆုံရမလဲဆိုတာ မသိနိုင်သလို မည်
သူမပြု မိမိမှုဖြစ်ပြီး အဆိုးဖက် တွန်းပို့မိတာမျိုး မဖြစ်အောင်လည်း ထိန်းသိမ်းမှုတွေ ရှိသင့်တယ်ဆို
တာ ထင်ရှားပါတယ် ။ လုပ်ရပ်တစ်ခုဟာ ဒီမှာလုပ် ဒီမှာပြီးတယ်လို့ အလွယ်မထင်စေချင်ပါဘူး ။

  ۩ဘာသာရေး နားလည်ပေးနိုင်မှု

   ဘော်စတွန်တက္ကသိုလ် (Boston University) ရဲ့ ဘာသာရေးဌာန ဌာနမှူး Stephen Prothero
ရေးပြီး ၊ ရောင်းအကောင်းဆုံး စာအုပ်စာရင်းဝင် God Is Not One ဆိုတဲ့ စာအုပ်ထဲက ၊ ဘာသာ
ကြီးတွေအပေါ် အနှစ်ချုပ် ရည်ညွှန်းပုံလေးတွေကို သဘောကျမိတာကြောင့် အောက်မှာ ကူးထည့်
ပေးလိုက်ပါတယ် ။ နောင် အခန့်သင့်လို့ အတိုချုံးဘာသာပြန် မိတ်ဆက်ပေးတဲ့ အခါမှသာ ပိုပြီး
ကျယ်ပြန့်တာတွေကို ဝေဌပေးပါရစေ ။

   သို့ပေမယ့် ဒါတွေကို လက်ကိုင်ထားပြီး ရွှေပြည်အေးတရား ဟောနေတယ်လို့ မယူဆစေချင်ပါ ။
သာသနာ ပြုနေတာလည်း မဟုတ်ပါ ။ လူသား တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေ ပိုကျယ်ပြန့်လာဖို့
ရာ မသိသေးသူ အချို့အတွက် လက်လှမ်းမီသလောက် ထိတွေ့နိုင်အောင် အထောက်ကူပေးဖို့
မျိုးစေ့တစ်စေ့ ဖြစ်တန်ကောင်းရဲ့လို့ အတွေးနဲ့သာပါ ။
Daoism: The Way of Flourishing
Confucianism: The Way of Propriety
Yoruba Religion: The Way of Connection
Judaism: The Way of Exile and Return
Buddhism: The Way of Awakening
Hinduism: The Way of Devotion
Christianity: The Way of Salvation
Islam: The Way of Submission

  ۩နိဂုံးချုပ်သော် ..

   ဘယ်လိုမှ ဖျောင်းဖျလို့ကို မရပါဘူး ဆိုသူတွေလည်း အများကြီးရှိမှာပါ ။
   ကျနော် မဖျောင်းဖျပါ ။ အရှိတရားတွေကို ချပြပြီး ၊ အဲဒါတွေကြောင့် ဖြစ်နေခဲ့ ဖြစ်လာမယ့် ဆိုး
ကျိုးအပြစ် (သို့မဟုတ်) ရလာမယ့် ဆုံးရှူံးမှုတွေကို ထောက်ပြနေတာပါ ။ ထွက်ပေါက်နဲ့ အဖြေ
အတွက် နည်းလမ်းရှာကြံနေတာပါ ။

   ဒီကြားထဲ မွတ်ဆလင်ဘက် လိုက်တယ် ၊ တိုင်းရင်းသားဆိုတဲ့ အရိပ်အောက်ခိုပြီး အကာကွယ်
ယူတာလို့ စွပ်စွဲချင်သူတွေလည်း ရှိမယ် ။ ကျနော် ဘက်မလိုက်မိဖို့ သတိထားပါတယ် ။ သိက္ခာ
ရှိချင်နေသူတွေ ၊ အမျိုးသား အကျိုးစီးပွားကို ဦးတည်လုပ်နေတယ် ဆိုသူတွေ ၊ တဒင်္ဂ အနိုင်ရ
လိုမှုအတွက် လူမှုကျင့်ဝတ်အပါဝင် အရာများစွာမှာ ချွတ်ချော်တာတွေကို သတိပေးနေတာပါ ။
ကျနော်အပါဝင် မြန်မာပြည်သူပြည်သားတွေ အားလုံးနဲ့ဆိုင်တဲ့ အနာဂါတ်ကို ပုံဖေါ်မမှားအောင်
မြင်သမျှ သိသမျှ နားလည်သမျှ ပြောပြဝေမျှနေတာပါ ။

   ဒါကို အမြင်ကျဉ်းတယ် ၊ တစ်ဖက်သတ်ပြောတယ် ၊ မပြည့်စုံဘူး စသည်ဖြင့် ပြောချင်သူတွေ
ရှိရင်လည်း ၊ ကိုယ့်ရဲ့ ကျဉ်းမြောင်းတဲ့ အမြင်တွေကို အရင်ခွာချဖို့ ပြောချင်ပါတယ် ။ အားလုံးအ
ကျိုးအတွက်ပါ ။


မန်းကိုကို
၂၇ ၊ ၀၄ ၊ ၂၀၁၃

Note
(၁)  ဗမာလို့ သုံးစွဲပြောဆိုရာမှာ ၊ အပေါ်က ပြောခဲ့တာတွေနဲ့ အကျုံးမဝင်တဲ့ ရိုးသားသူ ၊ စာနာ
      တတ်သူ ၊ လူနည်းစုနဲ့ အားနည်းသူတွေကို ဖေးမတတ်သူ ဗမာအချို့လည်း ရှိတယ်ဆိုတာ
ကို သိနားလည် လက်ခံပါတယ် ။ ကျနော့်ရဲ့စာဟာ အချို့နေရာတွေမှာ ယေဘုယျဆန်တယ် ဆို
တာကိုလည်း လက်ခံပါတယ် ။ အဲသည်လို ဗမာတွေကိုတော့ အများနဲ့ခြုံပြီး ပြောရာမှာ ထိခိုက်
နာကျင်စရာ တစ်စုံတစ်ခု ဖြစ်စေခဲ့မယ်ဆိုရင် ဒီကနေ တောင်းပန်လိုက်ပါတယ် ။ လူတစ်ဦးတစ်
ယောက်ချင်းစီနဲ့ ဆက်ဆံဖို့ရာ အခြေနေပေးတဲ့ အခါမျိုးတွေမှာတော့ ၊ အပေါ်က စာစုလို မလွှတ်
မကင်းတွေ ပြောစရာမလိုပဲ ၊ သင့်တော်တဲ့ အနေထားမျိုးတွေနဲ့ ပြောဆိုဆက်ဆံလုပ်ကိုင်ခြင်း
အားဖြင့် သက်သေပြနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ် ။

(၂)  လတ်တလော သတိပြုမိတဲ့ ဆောင်းပါးတစ်ပုဒ်ရဲ့လင့်ကိုလည်း ထည့်ထားပေးပါတယ် ။ ဖတ်
ပြီး အကျိုးမယုတ်လောက်ဘူးလို့ ယူဆပါတယ် ။ "ဘာစွမ်းရည်တွေကို မြှင့်မှာလဲ (ဇော်မင်း)"

4 comments:

  1. အပေါ်က စာစုကို ဖတ်မိလိုက်တဲ့အချိန်မှာ ၊ အထူးသဖြင့် ဗမာတွေအနေနဲ့ အတော်သင့် နေရထိုင်ရ ကြပ်သလိုလို ၊ စိတ်ထဲ စနိုးစနောင့် ဖြစ်သလိုလို ၊ တစ်ဖက်သတ် လိုတာထက်ပိုပြီး စွဲချက်တင် ပြောဆိုလိုက်သလိုလို ဖြစ်မိကြသူတွေ အများကြီး ရှိနိုင်ပါတယ် ။ ဒါတင်မက အရင်ကတည်းက သိပြီးသားလူ ၊ စိတ်ဝင်စားလို့ စာလာဖတ်နေကျ လူတွေထဲမှာလည်း ဟာ .. ဒီလူရဲ့ ပင်ကိုယ် အမြင်ကျဉ်းတာတွေ ပေါ်လာပြီ .. တို့ ၊ ငါ့ကိုများ စောင်းပြောနေတာလား မသိဘူး .. တို့ ၊ ဒီလူ တဖြည်းဖြည်းနဲ့ မျှတတဲ့အမြင်တွေကို ခြေရာပျောက်ကုန်ပြီ တို့ စသည်ဖြင့် ရှိနိုင်တာပါပဲ ။

    တစ်ခါ ဗမာဆိုရာမှာလည်း ဆိုးသွမ်းသောင်းကျန်းသူကအစ ရှစ်ပါးသီလ လုံခြုံဖို့ ကြိုးစားနေသူတွေ ၊ သူတစ်ပါးကို အပေါ်စီးကနေပြီး ဖိနှိပ် နှိပ်စက်ရမှ စားဝင်အိပ်ပျော်သူတွေနဲ့ ဒုက္ခရောက်နေသူတွေကို ကူညီကယ်တင်ချင်သူတွေ ၊ အမြင်တိုသူ ကိုယ့်လိုဘသာ အဓိကထားသူတွေနဲ့ အမျှော်အမြင်ရှိသူတွေ ကွဲပြားနိုင်တာလည်း သဘောပေါက်ပါတယ် ။

    ဒါ့ပြင် အခြား တိုင်းရင်းသားတွေအပါဝင် လူနည်းစုတွေကို ပင်ကိုယ်ကိုက မုန်းတီးနေသူတွေအစ ၊ မသိလို့ အထင်မြင် လွဲနေသူတွေအလယ် ၊ မတရားမှု မသင့်မတော်မှု အရှုပ်အထွေးတွေကို သိသော်လည်း အေးရာအေးကြောင်း ကိုယ့်ဘဝနဲ့ကိုယ်သာ နေလိုသူတွေအဆုံး ရှိကြတာကိုလည်း နားလည်ပါတယ် ။

    ဒီနေရာမှာ ပြဿနာတစ်ခုက လက်ရုံးအားကိုးသူ ၊ ရိုင်းစိုင်းယုတ်မာသူ ၊ လောဘကြီးသူ ၊ သူတစ်ပါးကို ချနင်းပြီး ကိုယ့်အောင်မြင်မှု တည်ဆောက်တတ်သူ ၊ (ကိုယ့်အပြစ်တွေ သံသရာလည်မှာ ကြောက်ရွံ့သူတွေ အပါအဝင်) အကြောက်ကြီးသူ စတာမျိုးတွေဟာ တစ်ချိန်ချိန်မှာ ထိန်းကွပ်မှုနည်းပါးပြီး အခွင့်အလမ်းတွေ ရလာမယ်ဆိုရင် လူမှုအသိုင်းဝိုင်းတစ်ခုကို ထိန်းချုပ်တဲ့ ထိပ်ပိုင်းလူနည်းစုနေရာကို ရယူလာတတ်ကြပါတယ် ။ ဒါ သဘာဝပါ ။ ဒီလို ဖြစ်လာရာမှာနဲ့ နောက်ဆက်တွဲ ဖြစ်စဉ်တွေမှာ ဒီလူမှုအသိုင်းဝိုင်းတွင်း ထိပ်ပိုင်းနဲ့ အောက်ပိုင်း ၊ ဒီသိုင်းဝိုင်းနဲ့ အခြားလူမှုအသိုင်းဝိုင်းတွေကြားမှာ အညမည (အပြန်အလှန်) ထပ်ဟပ်တာ ၊ ကူးလူးတာ ၊ အကြောင်းတရား အကျိုးတရားတွေ ဖြစ်လာလေ့ရှိပါတယ် ။ ဒါကြောင့်လည်း ကျနော့်ရဲ့စာစုမှာ ဗမာခေါင်းဆောင်တွေရဲ့ လုပ်ရပ်တွေဟာ ဗမာ့အသိုင်းဝိုင်းရဲ့ စိတ်ဓါတ်ကို ထင်ဟပ်ပြတယ်လို့ ပြောထားတာပါ ။ တစ်နည်းအားဖြင့် ယေဘုယျ သဘာဝကို ဆွဲယူသုံးစွဲထားတာပါ ။ “ဒါဟာ လိုရာဆွဲပြောထားတာ ၊ ငါ့ကိုသာကြည့် ၊ တစ်ခုမှ မဟုတ်ဘူး ၊ ဒါကြောင့် ဒီလူပြောတာတွေဟာ မှားတယ်”ဆိုပြီး တစ်ကိုယ်စာ ထောက်ပြောချင်သူတွေ အတွက်တော့ (ဟုတ်လို့ မခံနိုင်သူတွေကလွဲရင်) ကျနော့်အဆိုဟာ မှားနေနိုင်ပါတယ် ။ ဒီလို ချွင်းချက်တွေ ရှိနေတာကြောင့်လည်း ကျနော့်ရဲ့စာတွေမှာ စကားပလ္လင်တွေ အမြဲတမ်း ခံထားတာပါ ။

    ReplyDelete
  2. နောက်ပြီး ဗမာအမျိုးသမီးတစ်ယောက်နဲ့ အိမ်ထောင်ကျမိလျက်သား ဖြစ်နေတဲ့ ကျနော်ကနေ ပြောဆို ရေးသားတဲ့နေရာမှာ မျှတမှုမရှိဘူး ထင်တာတို့ ၊ တင်ပြတဲ့ အချို့အချက်လက်တွေဟာလည်း ခိုင်မာမှု မရှိဘူး သက်သေမရှိဘူးတို့ ဆိုပြီး ထင်မြင်သူတွေလည်း ရှိနိုင်ပါသေးတယ် ။ ဒါနဲ့ပတ်သက်လို့ ဝန်ခံစရာက အချို့သော ထည့်ရေးထားတဲ့ အချက်တွေဟာ ကိုယ်တွေ့နဲ့ ရင်းနှီးသူတွေရဲ့ ဘဝအတွေ့ကြုံတွေဖြစ်တာကြောင့် လက်တွေ့ချပြတဲ့အခါ မယုံကြည်သူတွေကို အပြစ်ပြောဖို့ရာလည်း သိပ်မလွယ်ပါ ။ သို့သော် အချို့နေရာတွေမှာ ဘယ်သူဘယ်ဝါ စသည်ဖြင့် အတိကျပြောပြီး သက်သေပြဖို့ရာကျတော့ ကျင့်ဝတ်စောင့်ထိန်းရတာတွေ ၊ ငဲ့ညှာရတာတွေ ရှိလာတာကြောင့် လတ်တလော အပွင့်လင်းဆုံး အနေထားထိ ချမရေးနိုင်တာတွေ စတဲ့ အကန့်သတ်လည်း ရှိနေပြန်ပါတယ် ။

    ဆိုကြပါစို့ ၊ သက်ရှိသမိုင်း တစ်ပိုင်းတစ်စလို့ ခေါ်လို့ရနိုင်မယ့် ဗမာမျိုးချစ် တစ်ယောက်ကနေ “အေးကွာ ၊ တစ်ခါတစ်ခါ မင်းတို့ကရင်လူမျိုးတွေအကြောင်း စဉ်းစားကြည့်ရင် ၊ တော်တော် သနားစရာကောင်းတယ်ကွ ။ မင်းတို့ ကရင်တွေဟာ သိပ်ရိုးသားလွန်းတယ် ၊ very simple ကွ …” လို့ ကျနော့်ကို ပြောခဲ့ဖူးပါတယ် ။ သူဟာ အရင်က လက်မရွံ့ခဲ့သူ ၊ ကိုယ့်မြင်းကို စစ်ကိုင်းမကလို့ မြစ်ကြီးနားရောက်ရောက် စိုင်းခဲ့တဲ့ သူတစ်ယောက်ပါ ။ သူသစ္စာရှိခဲ့တဲ့ နိုင်ငံတော်ကြီး ဆိုတာကလည်း လူတစ်စုကိုသာ ကိုယ်စားပြုပြီး သူတို့ဘာသာ ဝေမျှစားနေတာနဲ့ သူ့ဖက်တောင် လှည့်မကြည့်နိုင်ပဲ ၊ သူအပါဝင် နိမ့်ပါးသူတွေကိုကျ ဖိနင်းအသုံးချနေတာ သိလာတော့မှ ရင်နာရတဲ့ ဘဝပါ ။ ခုနေချိန်မှာ သူ့နဲ့ တစ်ရပ်ကွက်ထဲနေတဲ့ ကုလားတွေ အရိုက်ခံရတာကို တွေ့မိတာတောင်မှ တစ်ပတ်ကျော်လောက် ထ္မင်းစားလို့ မဝင်တော့တဲ့သူတစ်ယောက် ဖြစ်နေပါပြီ ။ သို့သော် သူ့ရဲ့နောင်တတွေဟာ အနှစ် ၃-၄၀ နောက်ကျခဲ့ပြီ ။ ရန်သူလို့ သတ်မှတ်ထားသူတွေကို စာနာရင်တောင် သစ္စာဖေါက်လို့ သမုတ်ခံရနိုင်ပြီး ၊ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် ဒုက္ခပေးတတ်တဲ့ ဒီလူ့အသိုင်းဝိုင်းနဲ့ အဖွဲ့စည်းတွေကြားမှာ သူ့လိုလူလည်း ခေါင်းမဖေါ်ရဲတာ သဘာဝတော့ ကျပါတယ် ။ တစ်ချိန်မှာတော့ ဒါတွေကို ရေးဖြစ်ကောင်း ရေးဖြစ်မယ် ထင်ပါတယ် ။

    အဆုံးသတ်ကတော့ ဆိုခဲ့ပြီးသလိုပါပဲ ၊ မပြောမပြီး မတီးမမြည်မို့ ပြောရတယ် ၊ တကယ့် လိုရင်း ဦးတည်ချက်ကတော့ ၊ ကျနော်တို့တတွေ ကြုံနေရတဲ့ သံသရာဆိုးတွေကို ရပ်တန့်သွားအောင် အမှန်တွေကို ချပြဆွေးနွေး တင်ပြရင်း အဖြေရှာဖို့ ကြိုးစားနေတာပါဆိုတာ ထပ်လောင်းပြီး ပြောချင်ပါတယ် ။

    ReplyDelete
  3. ဇော်မင်းနဲ့  မန်းကိုကို ရဲ့  အာဘော်တွေဟာ ညှိပြီးပြောထားသလာလို့ တောင် ထင်ရပါရဲ့ ။ သူတို့ စာတွေကို ခြုံငုံကြည့်လိုက်တဲ့အခါ လူမျိုးရေးနဲ့  နိုင်ငံရေး အစာမကြေတဲ့ အနေအထားမှာ ရှိနေတာ ကို တွေ့ ရမှာဖြစ်ပါတယ်။ အဆိုးမြင် အတွေးအခေါ်တွေကများနေတာကိုပဲ တွေ့ ရပါတယ်။

    ReplyDelete
    Replies
    1. ဟုတ်တယ်ဟ အပြင်မှာဒီနှစ်ယောက်က အတူတူပဲလားမသိဘူး
      တကယ်လုပ်ချင်၇င် ကုလားမယားမကောင်းကြောင်း ကုလားဆိုးကြောင်းတွေ သမ်မတ၈ျီးကောင်းကြောင်း တပ်မတော်သာကယ်တင်၇ှင်ဖြစ်ကြောင်းတွေ အများကြီးအများကြီးပြော၇မှာ တော်တော်ထုန်တဲ့ဆိုက်ပိုင်၇ှင်ပဲ ငိငိ
      နယ်ချဲ့အားကိုးပဆိန်၇ိုးအဆိုးမြင်ဝါဒီများအား ဆန်းကျင်ကြ
      နေ့တွက်ကိုက်ပီလစ်မှ ၀ှစ် ဌစ်ဌစ်

      Delete