ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Thursday, March 14, 2013

ဦးပွား စကား ၊ စောမျိုးချစ် ၊ တစ်ကြောင်းရေး မှတ်ချက်


မပြောချင်သော်လည်း မသိသူတွေ သိအောင်တော့ ပြောသင့်တယ် ထင်တာပဲ ။

ခရစ်ယာန် ဘာသာထဲက ဂိုဏ်းတစ်ခုရဲ့ သွန်သင်မှုပါ ။
မာန်နတ်(Satan) ရဲ့ သင်္ကေတဟာ '၉၉၉' ပါတဲ့ ။
မူကွဲတစ်ခုကျပြန်တော့ - ပြောင်းပြန်ဖြစ်တဲ့ '၆၆၆' ဟာလည်း အဓိပ္ပါယ် အတူတူပါပဲတဲ့ ။

ထိုင်းနိုင်ငံမှာတော့ ဘတ်စ်ကား ကုပ္မဏီတစ်ခုကို '999' လို့ နာမည်ပေးထားတာ တွေ့ဖူးတယ် ။

ခုနေ မြန်မာပြည်သူ ပြည်သားတွေကြားမှာ '၉၆၉' ဆိုပြီး ဘာသာရေး မီးစတစ်ခု အနေနဲ့ စကစားလာကြတာ တွေ့နေရတယ် ။

လောကမှာ နီးစပ် တိုက်ဆိုင်မှုတွေ အများကြီး ရှိနိုင်ပါတယ် ။
ရှောင်ဖို့ရာလည်း မလွယ်ပါဘူး ။
သို့သော် လောကကြီးရဲ့ အခြားအစိတ်ပိုင်းတွေမှာ တကယ်ရှိနေ ဖြစ်နေတာလေးတွေ အချို့ကို

ပိုသိထားနိုင်ကြရင် ကောင်းမယ်ထင်လို့ မျှတာပါ ။

စိတ်ကောင်းရင် ..
အလုပ်ကောင်းရင် ..
ကံကောင်းမယ်လို့ ဆိုကြတယ် ။

ကိုယ် .. စိတ်ကောင်းသလား ၊
ကိုယ့်အလုပ် .. ကောင်းသလား ဆိုတာကတော့ ..

ကိုယ့် "အထင်" ရှိသလို ..
သူတစ်ပါးတွေရဲ့ "အမြင်" လည်း ရှိတယ်လေ ။

၀၇ ၊ ၀၃ ၊ ၂၀၁၃
===============================


* ဘာမှမဆိုင်တဲ့ အမွှာပူးတွေ *
(၁)
ကမ္ဘာကျော်မင်းသား ရစ်ချပ်ဂီရီက ဗုဒ္ဓဘာသာကွ ၊
တရုတ် ၊ ဟောင်ကောင်က နာမည်ကျော်သူတွေ ကြည့်ဦးမလား ၊
အခြား ဟောလိဝုဒ်နဲ့ လူသိများတဲ့ မရေတွက် နိုင်လောက်အောင်တဲ့သူတွေဟာလည်း
ဗုဒ္ဓဘာသာဝင်တွေပါပဲ .... ။

ဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗန်စံပြီးနောက် နှစ်ပေါင်း ၅၀၀ လောက် စာပေအက္ခရာ မတင်ခဲ့ပဲ ၊
အံ့သြစရာကောင်းလောက်အောင် သံဃာတွေကနေ နှုတ်အာဂုံဆောင် လက်ဆင့်ကမ်းခဲ့
ကြပြီး ၊ သာသနာ သန့်ရှင်းအောင် ဆဌမ သင်္ဂယနာအထိ တင်နိုင်ခဲ့တဲ့ ထေရဝါဒ ဗုဒ္ဓဘာ
သာဟာ မှန်ကန်ပြီး ၊ သင်္ဘောကြီးလို့ တင်စားခေါ်ဝေါ်ကြတဲ့ အမျိုးမျိုး အဖုံဖုံ ကွဲပြားမှုတွေ
နဲ့ မဟာယန ဝါဒကတော့ လမ်းလွဲသွားတဲ့ အယူအဆ တစ်ခုဖြစ်တယ် ။

[ဒုက္ခ ဒုက္ခ ၊ အပေါ်က ဂုဏ်ယူပြီး ပြောခဲ့သူတွေဟာ မဟာယန ကိုးကွယ်သူတွေချည်းလို
လို ဖြစ်နေတာ ၊ မသိသလိုလုပ်ပြီး မျက်စေ့မှိတ်ထားမှပဲ ။ တော်ကြာ "တရား" နဲ့ "ကြွား"
နှစ်ခုထဲက တစ်ခုထဲရွေးကွာလို့ အပြောခံရရင် ခက်ရချည့် :-) ] ။
================================
(၂)
ဗမာတွေဟာလည်း တိုင်းရင်းသားတွေလိုပါပဲ ၊ အာဏာရှင်တွေရဲ့ဒဏ်ကို အတူခါးစည်းပြီး
ခံခဲ့ကြရတာပါ ။

အတော်မှန်တဲ့ စကားပဲ ။
ဒါနဲ့ အပိုဆာဒါလေး တစ်ခုနှစ်ခုလောက် မေးပါရစေ ။
ဆိုကြပါစို့ ၊ ရန်ကုန် စစ်ရုံးချုပ်ကနေ ပတ်ပတ်လည်က နယ်မြေတွေကို ၊ အခါအားလျှော်စွာ
အမြောက်တွေနဲ့ ပတ်ထုသလားဟင် ... ။
................. ။
................. ။
................. ။
ဟိုလေ .. ဟို .. ဆက်မေးရမှာ အားနာလိုက်တာဗျာ .. ၊ ကိုယ့်ဘာသာ ဆက်ဖြည့်လိုက်
တော့နော် ။
==============================
(၃)
  မွတ်ဆလင်တွေဟာ အကြမ်းဖက်သမားတွေ ၊ ဘာသာရေး နယ်ချဲ့သူတွေကွ ။

- ဟာ .. မော်လမြိုင်မှာ မွတ်ဆလင်ကုလားတွေ အရိုက်ခံရတယ်တဲ့ ။
- တောင်ငူမှာ ဝိုင်းလုပ်လို့ မွတ်စ်အချို့ သေသွားတယ်တဲ့ ။
- ဟေ .. ပလီတွေ အဖျက်ခံရတယ်လား ။
- ကုလားဆိုင်ဆို မဝယ်နဲ့ကွ ။
- ဟေ့ .. မြန်မာပြည်မှာနေရင် ဒီယဉ်ကျေးမှုအတိုင်း လိုက်နာရမယ် ။

  ဟို .. ဟို .. မွတ်ဆလင်တွေ အကြမ်းဖက် .. ဘာသာရေး နယ်ချဲ့လို့ ပြောခဲ့တာ .. က ...
  ဟေ့ကောင် မရှည်နဲ့ ၊ အဲဒါ နိုင်ငံခြားမှာကွ ။
    ဒီကောင်တွေက တချို့နေရာမှာ အကြမ်းဖက်တယ် ၊ တချို့နေရာမှာ ဘာသာရေး
    နယ်ချဲ့တယ် ၊ တချို့နေရာမှာ အချင်းချင်း ပြန်အကြမ်းဖက်ကြတယ်ကွ ။ ဘာပဲဖြစ်ဖြစ်
    ၁ + ၁ + ၁ = ၁ ပဲရတယ်ကွ မှတ်ထား ။
  ဟုတ် .. ဟုတ် ... ။

၀၈ ၊ ၀၃ ၊ ၂၀၁၃ ======================================


တွင်း ကွင်းဆင်း မြေပုံရေးဆွဲတာတွေ ၊ နိုင်ငံသားစိစစ်ရေးကဒ် လုပ်တာတွေ အခက်အခဲရှိခဲ့ကြောင်း
သတင်းတစ်ပုဒ်ကို Karen United စာမျက်နှာကတစ်ဆင့် ဖတ်မိလိုက်တယ် ။ ပထမတော့ အော် ..
ဆိုပြီး ကျော်သွားလိုက်တယ် ။ နောက် ပြန်စဉ်းစားကြည့်တော့မှ ကန့်လန့်ကြီး ဖြစ်နေတာကို မြင်လာ
တယ် ။

  အခု ပြည်မအာဏာပိုင်တွေနဲ့ KNU လုပ်ခဲ့တာဟာ အပစ်ခတ် ရပ်စဲရေးနော် ။ လက်နက်ချတာ
မဟုတ်ဘူးနော် ။ ဆွေးနွေးတာတွေက ဘာမှမရေရာနဲ့ အဖြေတွေ ထွက်မလာသေးဘူးနော် ။

  ဒါဆို KNU ထိန်းချုပ်နယ်မြေကို မြေပုံဆွဲဖို့နဲ့ မြို့ပေါ်ကို သွားဖို့လာဖို့တောင်မရှိတဲ့ ရွာကလူတွေကို
အလောသုံးဆယ် ဘာလို့များ စာရင်းတွေ အတိကျလိုချင်နေတာပါလိမ့် ။ ခုလို ဘာမှ ရှင်းရှင်းလင်း
လင်း မရှိသေးခင်မှာ သွားဖို့လာဖို့ကို KNU ကနေ ယာယီလက်မှတ်လောက် ထုတ်ပေးဖို့ရာ မတတ်
နိုင်ဘူး ထင်လို့လား ။ မြေပုံဆွဲပြီးရင်ကော မနက်ဖြန် သန်ဖက်ခါ တံတားတွေ ကျောင်းတွေ လာ
ဆောက်တော့မှာလား ။ မေးစရာတွေက တောင်လိုပုံနေတယ် ။ သို့သော် ၊ ‘မပြောပေမယ့် သိနေ
တယ်နော်’ လို့တော့ နားလည်ထားစေချင်တယ် ။

  ဘယ်သူမဆို လိုရာဆွဲ တွေးနိုင်ပါတယ် ။ သို့သော် ကျနော်မြင်တာကတော့ - ခုလေးတင် စေ့
စပ်ကြောင်းလမ်း ပြီးသွားတာကို ၊ သူတို့သားလောင်းက ယောက္ခမလောင်းအိမ်ပေါ်တက်ပြီး ၊ အိမ်
ထောင်စုစာရင်းလေး ထုတ်ပြပါဦး ၊ အိမ်ဂရမ်နဲ့ မြူနီစပယ်မှာတင်ထားတဲ့ အိမ်ပုံစုံ ပေးပါဦး ဆိုပြီး
တော့ ၊ သတို့သမီးလောင်းရဲ့ ခြင်ထောင်ထဲပါ အတင်းဝင်တော့မယ့် တကဲကဲ လုပ်နေတာနဲ့တောင်
တူနေပါပြီ ။

၁၂ ၊ ၀၃ ၊ ၂၀၁၃
==================================


    ဒေါသတွေ ဝမ်းနည်းမှုတွေ ရောထွေးနေတဲ့ လမ်းကြောင်းတစ်ခု .... ။
    ကျိန်စာသင့်နေတဲ့ လူမျိုးတစ်မျိုးကို ကျိန်စာသင့်နေတဲ့ မိသားစုထဲက မိန်းမကြီး တစ်ယောက်ကနေ
    ကယ်တင်ဖို့ ကြိုးပမ်းနေတာလား ...... ။

[အဲသည်လိုပြောမှ ငါလည်း ကျောက်ခေတ်ကနေ တက်မလာတော့တဲ့ လူမျိုးထဲ ရောက်နေပြီ :P ]
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~            

    * ဒေါက်တာဆိတ်ဖွား - နာမည်ကြည့်ရုံနဲ့တင် ဒီလိုပုဂ္ဂိုလ်နဲ့ သွားပတ်သက်မိရင် ကြောင်တိ
ကြောင်ကြားလိုလို ဖြစ်မယ်ဆိုတာ လူတွေသိနေကြသလောက် ၊ ဒီလူ့ကိုမှ ရှေ့တန်းတင်ပြီး
အရေးတကြီးနဲ့ ရှာပုံတော်ဖွင့်ကြတဲ့ လွှတ်တော်ကိုကိုမမများအတွက် မျက်နှာပူလှကြောင်းပါ ။

    * ဓါတ်ပုံတွေ တင်ကြတဲ့အခါ ၊ ၉၈%လောက်က ဘာဖြစ်နေတယ်ဆိုတာ အလွယ်တကူ မြင်
ရလျက်သားနဲ့ ၊ ပြောပြချင်တာကို ကွင်းဝိုင်းပြရ မျှားထိုးပြရနဲ့ ၊ သူတို့ပုံကြည့်နေတဲ့ ငါ့ကိုများ အ
တော့်ကို ဒူတယ် ထုံတယ်လို့ ထင်များ ထင်ထားကြသလားပဲ ။

    * Facebook မှာ သူများရဲ့ status တစ်ခုကို share လုပ်တဲ့အခါ ၊ ကိုယ့်ကိုယ်ပိုင် သဘော
ထား မှတ်ချက်တစ်မှ တွဲမပါရင် ၊ ကိုယ့်သဘောထားဟာ အဲဒီ status နဲ့ တစ်ထပ်ထဲလို့ ဆိုလို
ရာ ရောက်တယ်ဆိုတာ ပညာယှိ ကိုကို မမများ မသိကြလေရော့သလား ။

    * လူပြောများတဲ့ ဘန်ကောက်က စာတမ်းဖတ်ပွဲတစ်ခုမှာ ဆရာသမားနှစ်ယောက် ထိပ်တိုက်
တွေ့ကြရာမှာ ၊ တစ်ယောက်ကနေ အင်္ဂလိပ်လို လျှာရှည်ဖို့ ကြိုးစားပြီး ၊ နောက်တစ်ယောက်က
အင်္ဂလိပ်လို ရန်တွေ့ဖို့ ကြိုးစားခဲ့ကြရာက အင်တာနက်ထဲ သူဖက်ကိုယ့်ဖက် ထောက်ခံသူတွေ
ကနေ သူသာတယ် ကိုယ်နိုင်တယ်တွေ ရေးကြတာကိုကြည့်ပြီး ၊ မြန်မာပြည်မှာ ရှားရှားပါးပါး
တွေ့ရခဲတဲ့ win-win situation ဆိုတာ ဒါမျိုးပါလားလို့ အံ့သြတကြီး မှတ်ချက်ချမိလိုက်ရတော့
တယ်  :P

    * ဦးသိန်းစိန် လေယာဉ်ကို ရိုးရိုးတန်းကစီးတာကို ဂုဏ်တော်ဘွဲ့တွေ သီကုံးကြတာတွေ့တော့ ၊
ဦးအောင်မင်းရဲ့ ငြိမ်းချမ်းရေး ခရီးစဉ်တွေကို ကိုယ့်စားရိတ်နဲ့ကိုယ် သွားရတယ်လို့ပြောတာ သတိ
ရပြီး ၊ လေယာဉ်လက်မှတ်ကို ချွေတာရေးလုပ်ပြီး ၊ ရိုးရိုးတန်းလက်မှတ်တောင် ရှိသမျှလေးနဲ့ ခြစ်
ကုတ်ပြီး ဝယ်ခဲ့ရသလားလို့ အတွေးဝင်မိပါကြောင်း ။
 
    * ဒေါ်စုအတွက် တစ်ချိန်ကျရင် ခုနေခါလို ကုန်းဆင်းဘူတာကို ရောက်လာမှာ သိပေမယ့် ၊  သူ
ဟာ အစားထိုးလို့ မရတာရယ် ၊ သူ့အနေနဲ့ ရှည့်လည်းလျှောက်သာ ပျားလည်းစွဲသာအောင် ခေါင်း
ခံကြိုးစားခဲ့တာရယ် ၊ လုံလောက်တဲ့ ဆွေးနွေးပြောဆိုမှုတွေ မရခဲ့တဲ့ နစ်နာသူတွေရယ် ၊ နိုင်ငံရဲ့ အ
နာဂါတ် စီးပွားရေး လမ်းကြောင်းရယ် ၊ ဖြောင့်တန်းဖို့ မျှော်လင့်ချက် နည်းနေတဲ့ ကောက်ကွေးရှုပ်
ထွေးနေတဲ့ အခြေနေဆီရောက်အောင် လျှောက်ခဲ့ပြီး ဆက်လည်းလျှောက်ချင်သေးတဲ့ ဝမ်ပေါင် ဦး
ပိုင်နဲ့ တစ်ဘို့ကိုကို မျှော့တွေရယ် ၊ ပွင့်လင်းမြင်သာမှုကို ရှေ့တန်းတင်ပြီး ပြည်သူအများစုကြား
အလျှော့အတင်းတွေနဲ့ ညှိနှိုင်းဖလှယ်ပေးမယ့် အနေထားတစ်ရပ်ဆီ မရောက်နိုင်သေးတာရယ်နဲ့
လတ်တလော သွေးပူနေတဲ့ ခံစားချက်တွေကြားမှာ .. ကျနော်ဟာ ဘက်တစ်ဘက်ကို ပြတ်ပြတ်
သားသား ရပ်တည်လိုက်ဖို့ ချီတုံချတုံပါ ။

၁၄ ၊ ၀၃ ၊ ၂၀၁၃

6 comments:

  1. ဟဲဟဲ
    အဲဒါတွေကတော့ ဟုတ်တန်သလောက်ဟုတ်ပါရဲ့ 
    သို့ သော် ကိုမန်းရေ
    တခုတော့ သတိထားသင့်သဗျ
    ကလေးတွေ ကျောင်းတက်တော့ နာုစရီခေါ်တဲ့ ကလေးတန်းတွေ သွားကြည့်ရင် အကုန်နှပ်ချေးတွဲလောင်း အော်တဲ့  ကလေးက အော် ငိုတဲ့ သူကငိုဘဲဗျ
    သို့ သော် GCSE လောက်ကျတော့ ကျောင်းကောင်းကလေးနဲ့  ကျောင်းညံ့ ကလေးက ကွာတာ တွေ့ မဗျ
    အဲသဘောလေးကိုတော့ သတိထားပါဗျာ
    ဗုဒ္ဓဘာသာထဲမှာ နာ့စာရီကလေးတွေ နှပ်ချီးတွဲလောင်းနေတာနဲ့ 
    ပီအိပ်ခ်ျဒီတန်းမရှိနိုင်ဘူးလို့ တော့ မတွေးမိပါစေနဲ့ ပေါ့ဗျာ

    ReplyDelete
    Replies
    1. ဆရာတင့် ဘာကို ဆိုလိုသလဲကို ကျနော် နားလည်တယ်လို့တော့ ထင်တာပါပဲ ။
      သတိပေးတော့လည်း ပြန်ရှင်းပြခွင့်ရပြီး၊ ပိုကောင်းတာပေါ့ဗျာ :-)

      အပိုင်းလေးတွေ ခွဲရရင်တော့ -
      ပထမတစ်ပိုင်းမှာ ကျနော်ကလည်း ကလေးတန်းအတွက် အခြေခံကျကျပဲ ရည်ရွယ်ပြီး ပြောသွားတာပါ ။ ကလေးတန်းတွေကပဲ ဆူညံ ပွတ်လောရိုက်နေတာကိုး ။ ဒီကြားထဲမှာ အပိုဆု ပြဿနာက ၊ မကြီးမငယ်နဲ့ ကလေးတန်းဆင်းပြီး တဗြူးဗြူး တဗြဲဗြဲ လုပ်နေကြသူတွေ အများကြီး ရှိတာကြောင့် ခုလို ရေးဖြစ်ရခြင်းပါ ဆရာရယ် ။

      နောက်တစ်ပိုင်းက ဆရာတင့်ပြောသလိုပဲ GCSE နဲ့အထက်က MA, PhD. တွေလို အဆင့်တွေမှာတော့ စိန်ကောင်းကျောက်ကောင်း ရောင်းဝယ်ကြတာ များတာတစ်ကြောင်း ၊ ကိုယ်လည်း မမှီတာတွေက များတာတစ်ကြောင်းကြောင့် ဆေးရိုးသည်တော့ ဝင်မလုပ်ရဲပါဘူး ။

      သို့သော် ပြောခဲ့မိသလို ၊ "တရား" ကို ပဓါနမထားပဲ ၊ လောကီလူသား သဘာဝ "ဂုဏ်" ကို ရှေ့တန်းတင်ပြီး "အကြွား" ကို မရမက ဆွဲကပ်ဖို့ ကြိုးစားလာတဲ့အခါ ၊ အမြင်မတော် ဆင်တော်ကခလောက်ကို လက်ညှိုးထိုးပြမိတာပါဗျာ ။

      တစ်ဆက်ထဲ "ဂုဏ်" ဆိုတာဟာလည်း လောကီသားတွေရဲ့ သဘာဝထဲက အစိတ်ပိုင်းလေး တစ်ခုပါ ။ ကျွတ်လွှတ်စရာ လမ်းမမြင်တဲ့ သူသူကိုယ်ကိုယ် လူတွေကို ၊ ဒါတွေကနေ ကင်းလွှတ်ရမယ်လို့ တောင်းဆိုဖို့လည်း တရားမယ် မထင်ပါ ။ ဒါပေမယ့် မတူတဲ့ အဝိုင်းနဲ့ လေးထောင့်ကို မရမက ပေါင်းစပ်ဖို့ ကြိုးစားရာက ၊ အကျိုးဆက်အနေနဲ့ တရားဟာလည်း တရားမမည်တော့ပဲ ၊ လိုချင်တဲ့ ဂုဏ်လည်း မမြောက်နိုင် ၊ အခြား ရှုထောင့်တွေ ဖက်ကနေကြည့်ရင် သိက္ခာကျစရာတွေပဲ ဖြစ်လာနိုင်တာကို သတိပေးချင်တာပါ ဆရာတင့်ရယ် ။
      -------------------------

      နောက်တစ်ခုက ၉၆၉ ပါ ။
      ကျနော့်အနေနဲ့ တစ်စုံတစ်ခု ပေါ်ထွန်းလာတာကို ဆီးတားဖို့ စိတ်ထားတော့ မရှိပါဘူး ။
      တစ်ဖက်မှာကလည်း ပိုက်လုံးကြီးတစ်ခုမှာ အပေါက်တစ်ပေါက်ကို ပိတ်လိုက်ရင် ၊ အခြားအပေါက်တစ်ခုက ရေတွေ အလျှံပယ် ကျလာလိမ့်မယ်ဆိုတဲ့ အတွေးတိမ်တိမ် အလုပ်ကြမ်းကြမ်းတွေနဲ့ အကောင်ထည် ဖေါ်တာတွေကိုတော့ လက်ခံဖို့ မလွယ်တာနဲ့ အကျိုးဆက် မကောင်းနိုင်တာကို သတိပေးချင်တာပါ ။

      Delete
  2. ၉၆၉ သပိတ်မျိုးနဲ့ တူတာပြောပြချင်တယ်..
    ပက်ပစီရဲ့ ရင်းနှီးမြှုပ်နှံမှု အမြတ်အစွန်းဟာ စစ်အာဏာရှင်တွေရဲ့ ကျည်ဆံတွေ ဖြစ်လာပြီး ပြည်သူကို ဒုက္ခရောက်စေတယ်ဆိုတဲ့ ယူဆချက်ကြောင့် ပက်ပစီကို အမေရိကန်တက္ကသိုလ်ကစပြီး သပိတ်မှောက်ခဲ့ကြတယ်။ အဲဒီအချိန်မှာဘဲ ကရင်ပြည်နယ် ပြည်တွင်းစစ်ဖြစ်ပွါးနေတဲ့နေရာတခုမှာ ခရစ်ယာန်ဘာသာနဲ့ ၀တ်ပြုဆုတောင်းမှုတစ်ခုမှာ စစ်ဘေးအန္တရာယ်ကလွတ်ငြိမ်းနိုင်ဖို့ ဆုတောင်းဝတ်ပြုကြအပြီး ပက်ပစီပုလင်းတွေနဲ့ ဧည့်ခံကြတယ်။ အကျိုးအကြောင်းမသိခဲ့ကြလို့ သော်လည်းကောင်း၊ ပူးပေါင်းဆောင်ရွက်မှု အားနည်းချက်ကြောင့်သော်လည်းကောင်း ဖြစ်ခဲ့ပါလိမ့်မယ်။

    အလားတူ ဒေ၀ူးကို သပိတ်မှောက်ကြတဲ့အချိန်မှာ ကရင်တော်လှန်ရေးရုံးမှာ ဒေ၀ူးတံဆိပ် ဖိုင်ကက်ဘိနက်ကြီး အခန့်သားကြီးရှိနေတာလည်း တစ်မျိုးအံ့အားသင့်စရာပါ။

    ဂရိတ်ဝေါပရုပ်ဆီ ပိုင်ရှင်သူဌေး အရွယ်မရောက်သေးတဲ့ မိန်းကလေးကို ပိုက်ဆံအများကြီးပေးပြီး ပက်ကင်ဖေါက်တာ သိရပြီးတဲ့နောက်မှာ ဂရိတ်ဝေါပရုပ်ဆီကို ၀ယ်မလူးရဲတော့ပါဘူး။

    ကိုယ့်အတွက် အန္တရာယ်ဖြစ်စေမှာတွေကို ကိုယ်မသိသေးတာတွေ အများကြီးရှိသေးတယ်ဆိုတာ တွေးမိပြီး ကျောချမ်းမိပါတယ်။

    ReplyDelete
    Replies
    1. Anonymous ရဲ့မှတ်ချက်ဟာ ၊ အပြောနဲ့အလုပ်မညီတဲ့ သဘောသဘာဝတွေကို အတွေ့ကြုံနဲ့ယှဉ်ပြီး ပြောပြဝေဌတာလို့ နားလည်မိပါတယ် ။

      သတိထားစရာကတော့ - လူမျိုး ဘာသာ ဒေသချင်း တူတာတောင်မှ အသိ မတူကြတာ ၊ နားလည် လက်ခံပုံချင်း မတူညီနိုင်တာနဲ့ သတိ နည်းပါးတတ်တဲ့ အလေ့တွေကို ထည့်တွက်ဖို့တော့ လိုမယ်ထင်ပါတယ် ။

      ကျနော့် တစ်ကိုယ်စာကတော့ - ကိုယ်တွေ့ကြုံလာတဲ့ ကိစ္စအများစုမှာ လက်တွေ့ဆန်တဲ့ စဉ်းစားဆုံးဖြတ်မှုတွေအပေါ် အဓိကအားထားပြီး ၊ အပိုစိုးရိမ်မှုတွေကို အတတ်နိုင်ဆုံး စိတ်ထဲ မထည့်မိအောင် ဆင်ခြင်ပါတယ် ။ လူသားတစ်ယောက်မို့ မပြည့်စုံပေမယ့် ၊ မလိုအပ်တဲ့ ဝန်တွေကို မထမ်းမိရင် ၊ အာရုံစိုက်သင့်တဲ့ဖက်တွေမှာ ပိုအကျိုးများမယ်လို့ ယူဆပါတယ် ။

      ပြောခဲ့တဲ့ ၉၆၉ သပိတ်ကတော့ ၊ ဘာသာရေး လူမျိုးရေး ခွဲခြားဆက်ဆံမှုအပေါ် အခြေခံဖို့ ကြိုးစားနေတာတွေ မြင်နေရပါတယ် ။ ခေတ်အဆက်ဆက် အတူနေခဲ့သူတွေကြားမှာ ရှိပြီးသား လိုက်လျောညီထွေ အခြေနေတွေကို ပျက်စီးစေမယ့် အလားလာတွေ အများကြီးရှိတာကြောင့် Anonymous ပြောခဲ့တာတွေနဲ့ ခြားနားတယ်လို့ မြင်ပါတယ် ။

      ခန္ဓာကိုယ်ထဲမှာ နှစ်ရှည်လများ ရှိနေခဲ့တဲ့ ကျဉ်ဆံတို့ ဗုံးအစအနတို့တောင် ၊ ဆေးပညာ ကျွမ်းကျင်သူနဲ့ ပစ္စည်းကရိယာ အစုံအလင် ထောက်ပံ့မှုမရှိပဲ ခွဲထုတ်ဖို့ကြိုးစားရင် ၊ ထိုင်နေကောင်းသား လုပ်ကာမှ အသက်ပါ ဆုံးတတ်သလို ၊ တစ်သားထဲ အတူနေသူတွေကို ခွဲခြားဖို့ လုပ်နေတာတွေဟာ ၊ ကိုယ့်ကျရှူံးခန်းကို ကိုယ်ဖန်တီးတာနဲ့ တူပါတယ် ။

      အချို့ကလည်း လုံးဝဥဿုံ အနိုင်ရနိုင်တာမျိုးတွေကို မျှော်လင့်တတ်ကြတယ် ။
      ကျနော်ကတော့ - သူများမျက်လုံး နှစ်လုံးလုံးကို ကန်းစေချင်တဲ့ စိတ်စေတနာနဲ့ ကိုယ့်မျက်လုံး တစ်လုံးကန်းဖို့ ဆုပန်တဲ့ ပုံပြင်ကိုပဲ သတိရလေ့ ရှိပါတယ် ။ ကိုယ့်မျက်လုံး တစ်လုံးအကန်းခံပြီး သူများ ပိုဒုက္ခရောက်သွားတာ ကျေနပ်ပျော်မွေ့နိုင်သူတွေရဲ့ စိတ်ထားမျိုးဟာ ၊ ကျနော့်အနေနဲ့ ဘယ်လိုမှ မအပ်စပ် မနီးကပ်ချင်ပါဘူး ။

      ဒီလိုပြောတာဟာ ၊ ကိုယ့်အသက်အတွက် သူသေကိုယ်သေ ခုခံတွန်းလှန်ရတာမျိုးတွေကို မဆိုလိုပါဘူး ။ တခြားစီပဲလို့ မြင်ပါတယ် ။

      Delete
  3. Facebook က မှတ်ချက်တချို့ကို စုစည်းထားလိုက်တယ် ။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    (၁)
    (မိတ္ထီလာ ရုန်းရင်းဆန်ခတ်မှုအတွက်)

    ၂၀၀၇ တုန်းက မြင်ကွင်းတချို့ကို ပြန်သတိရတယ် ။
    အဲဒိထက် ရှေ့ကျတဲ့ ခပ်ရေးရေး ပုံရိပ်တွေကိုလည်း မမေ့ပါဘူး ။
    ဂုဏ်ယူစရာ မဟုတ်တာတော့ သေချာတယ် ။

    မျှတတယ်လို့ ယူဆတဲ့အမြင်တွေ ၊ ပြောစရာစကားတွေ စိတ်ထဲမှာ ရှိခဲ့တယ် ။
    ခုလည်းရှိတယ် ။
    ဒါပေမယ့် ပြောဖြစ်မယ်တော့ မထင်ဘူး ။

    အမုန်းမြစ်ကို လက်ပစ်ကူးဖို့ဆိုတာ ကိုယ့်ထက် အဆမတန် ပါရမီကြီးသူတွေတောင် လုပ်လို့ရကောင်းတာတွေ မဟုတ်ဘူးလေ ။
    ~~~~~~~~~~~~~~~~~~~~~~~~

    အချို့လည်း အိပ်မက်မက်တယ် ။
    တမတ်သားကို ထုတ်ပစ်ရမယ် ဆိုတာမျိုးကနေစပြီး လက်တွေ့နဲ့ အင်မတန် ဝေးကွာတာတွေကို စိတ်ကူးယဉ်ကြတယ် ။

    စိတ်ကူးယဉ်တယ်ဆိုတာဟာ အသုံးချတတ်ရင် စွမ်းအားတွေ ရှိတယ် ။
    သို့သော် တက်တက်စင်မယ့် စိတ်ကူးတွေ ယဉ်နေသူတွေ ရှိတယ် ။
    ငတုံး ငအ အလကားလူလို့ ပယ်ပယ်နယ်နယ် အပြောခံနေခဲ့ရတဲ့ လူတွေထဲမယ် အပွေးမြင် အပင်သိတဲ့သူတွေ အများကြီးပါတယ် ။
    အချင်းချင်းတွေကို ပိုလို့တောင် သိသေး ။

    စာရင်းချုပ်တော့ ငါးမျှားကြိုး အလျော့အတင်း ကစားပေးသလို အကွက်ထဲမယ် တဝဲလည်လည် ။
    ဒီမိုးဒီလေထဲမယ် အဲသည်ဆရာကြီးတွေက .. ရော့ အင့်လို့ အလွယ်တကူ ပေးလိုက်မယ် ထင်သလား ။
    ရော့ အင့် .. ပြီးတာနဲ့ ဘယ်လို "ကား"သွားနိုင်မယ်ဆိုတာ ကြိုတွေးပြီးသား ။
    နယ်ရုပ်လေး တစ်ကောင်နှစ်ကောင် ချကျွေးပြီး ချွေးသိပ်ပေးတာနဲ့ အချိန်တွေကုန်မယ့် ဆယ်စုနှစ်တွေကို မြင်မြင်ယောင်သေး ။
    ====================================

    (၂)
    မြန်မာပြည်က ငွေစက္ကူအတု ပြဿနာ ။
    ဒီပြဿနာမှာ အပိုင်းလေးတွေ ခွဲလို့ရတယ် ။

    ပထမ ပေါချောင်ကောင်း ငွေစက္ကူကိုယ်၌က ပြဿနာ ။
    - စုတ်ပြတ် ပြဲ မှိုတက်လွယ်တာက တစ်ခု ၊
    - "ချက်"သိရင် အလွယ်တကူ တုပလို့ရတာကတစ်ခု ၊
    တစ်ဆက်ထဲ တန်ဖိုးရှိပုံမပေါ်ရင် တန်ဖိုးအထားမခံရတာ သဘာဝပဲ ။

    ဒုတိယ ထုတ်လုပ်သူရဲ့ စီမံခန့်ခွဲမှု ။
    - ငွေမရှိလို့ ငွေစက္ကူကောင်းကောင်း မထုတ်နိုင် ၊
    - ငွေစက္ကူတန်ဖိုးကို အာမခံချက်နဲ့ ယုံကြည်မှု မပေးနိုင် ၊
    - ကျယ်ပြန့် လွတ်လပ်တဲ့ ပြည်တွင်းကုန်သွယ်မှုကို မဖန်တီးပေးနိုင် ၊
    - နိုင်ငံတကာနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ လွတ်လပ်ပွင့်လင်း ချောမွေ့တဲ့ ကုန်သွယ်မှုတွေကို လွန်လွန်ကဲကဲ ထိန်းချုပ်ချင် ၊
    - ပြည်ပက ထိရောက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မရှိ ၊
    - အဲသည်ကနေ အကျိုးဆက်က ငွေများများ လည်ပတ်စရာမလို ၊ မလိုတဲ့အတိုင်း စီးပွားလောက်လောက်လားလား မရှိ ၊ မရှိတော့ ငွေစက္ကူကောင်းကောင်း မထုတ် ၊ မထုတ်တော့ ကြားကား 'အတု'က ပေါ်လာတာ သိပ်တော့မဆန်း ။

    ထိုင်းနိုင်ငံ သတင်းမှာ ဖတ်ဖူးတယ် ။
    ငွေတုလုပ်သူတစ်ယောက် ဖမ်းမိတဲ့အကြောင်း ။
    အဲသည်လူဟာ အဆင့်မြင့် နည်းပညာသုံး စာပုံနှိပ်စက်တွေမှာ နှစ်ပေါင်းအများကြီး လုပ်ခဲ့ဖူးတယ် ။
    ဒီတော့ မြန်မာပြည်ငွေစက္ကူထက်သာတဲ့ ထိုင်းငွေကိုတောင် အတုထုတ်နိုင်ခဲ့တယ် ။

    ဒါတွေကြည့်ရင် -
    - နည်းပညာ ၊
    - လိုအပ်တဲ့ အခြေခံကုန်ကြမ်း အလွယ်တကူ ဝယ်ယူရရှိနိုင်မှုတွေအပေါ် အများကြီး တည်မှီနေတာ တွေ့ရမယ် ။

    ၂၀၁၅ မတိုင်မီ လခတွေ ၂ ကြိမ် ၃ ကြိမ်လောက် တိုးပေးရမယ်ဆိုတာ ကျနော် ခန့်မှန်းပြီး ပြောခဲ့ဖူးပြီ ။
    ခု ဒီတန်ဘိုးနဲ့ ယုံကြည်မှု နည်းပါးနေတဲ့ ငွေစက္ကူတွေကိုသုံးပြီး လစာတွေ တိုးပေးဦးမယ် ။
    ဒါကို အူကြောင်ကြားလုပ်ပြီး ကုန်ဈေးနှုန်း မတက်ဘူးဆိုပြီး အာလူးကျွေးသူတွေလည်း ရှိသေးတယ် ။

    ခုလည်း (ငွေကြေးအပါဝင်) စီးပွားရေးဆိုတာ 'ယုံကြည်မှု'အပေါ် အခြေခံတယ်ဆိုတာ ထပ်ပြောရဦးမယ် ။ ယုံကြည်မှု တည်ဆောက်တဲ့ ၊ ဘက်စုံ'အလုပ်'တွေနဲ့ သက်သေပြနိုင်မှ ငွေကြေးရော စီးပွားပါ တည်ငြိမ်လာလိမ့်မယ် ။ ဒါတောင် နှစ်စဉ် ငွေကြေးဖေါင်းပွမှု သာမန်စံနှုန်းဖြစ်တဲ့ ၃-၄% ရှိနေဦးမှာ ။

    အဲဒီမတိုင်ခင်တော့ ကမောက်ကမ ဆက်သွားကြတာပေါ့ ။
    =====================================

    (၃)
    ဘာသာအားလုံးလိုလိုမှာ မေတ္တာတရားထားဖို့ ဟောကြားထားတယ် ။
    ဒါဆို ကျုပ်တို့ ဘာလုပ်ရမလဲ ။
    မေတ္တာထားရမှာပေါ့ နော ။
    မေတ္တာ မထားနိုင်ရင် ၊ ဆန့်ကျင်ဖက် မဟုတ်တာတွေလုပ်ရင် ဘာဖြစ်မလဲ ။
    နားလည်သမျှတော့ ငရဲကျနိုင်တာပဲ ။

    ခက်တာက မေတ္တာကလည်း မထားနိုင်ဘူး ။
    ဆန့်ကျင်ဖက် မကောင်းမှုတွေမှာလည်း မွေ့လျှော်တယ် ။
    ဒါဆို ငရဲကျဖို့က များနေပြီ ။
    ငရဲကျမယ်ဆိုရင် ဒီဘာသာကို ဆက်ကိုးကွယ်နေလို့လည်း ထူးဦးမှာလား ။

    ဒါပေမယ့် လူတွေဟာ သူတို့ရဲ့ဘာသာကို မစွန့်လွှတ်ကြဘူး ။
    အဲဒီဘာသာရဲ့ နာမည်ကိုခံပြီး မဟုတ်တာတွေ ဆက်လုပ်ကြတယ် ။
    ဒါဆို … “မဟုတ်တာလုပ်ရင် ငရဲကျမယ်”လို့ဟောတဲ့ ဘာသာတရားကို ၊ လက်စားခြေတဲ့အနေနဲ့ နာမည်ပျက်အောင် မဟုတ်တာတွေ လုပ်နေကြတာလား :-)
    ========================================

    ReplyDelete