ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Monday, March 4, 2013

မျက်နှာလွှဲလို့ ခဲကိုပစ်

  •  
    Mahn Koko - တရုတ်နိုင်ငံဟာ တစ်နှစ်တစ်နှစ်ကို လူပေါင်း ထောင်နဲ့ချီပြီး သေဒဏ်
    ချနေတဲ့ နိုင်ငံပါ ။ ပွင့်လင်းမြင်သာမှု မရှိသလို ၊ မေးခွန်းထုတ်စရာ အများကြီးရှိတဲ့ တရားရေး
    စနစ်ကို ကျင့်သုံးနေတယ် ။ ဒါပေမယ့် တပါးသူ နိုင်ငံ့အရေးကို ဝင်စွက်ဖက်လို့ မရသလို ၊ သင့်
    လည်း မသင့်ပါဘူး

    ဒါပေမယ့် "စိုင်းနော်ခမ်း" ကို လုပ်ချင်သလို လုပ်သွားတာ ၊ အချိန်တိုအတွင်းမှာ သေဒဏ်စီရင်
    ချက်ကို အကောင်ထည် ဖေါ်တော့မှာတွေနဲ့ပတ်သက်လို့ ၊ အချုပ်အချာအာဏာ တည်တံ့ခိုင်မြဲ
    ရေးကို တွင်တွင်ပြောနေခဲ့ကြသူတွေဆီက နားကွဲမတတ် တိတ်ဆိတ်နေတာဟာ ၊ ရုပ်ပျက်
    ဆင်းပျက် ဖြစ်ရုံတင်မက ၊ သတ္တိဆိုတဲ့ စကားလုံးကိုပါ နေ့စဉ်သုံး စကားတွေထဲက ဖယ်ထုတ်
    ထားဖို့တောင် သင့်ပါတယ် ။

    ဒီ အလိမ်ညာ ဇာတ်လမ်းကြီးထဲမှာ ၊ မလှုပ်ရဲ မဟရဲ မပြောရဲ မပြောတတ် ပြောရကောင်းမှန်း
    လည်း မသိကြရင်တော့ ... မန္တလေးလိုမြို့တွေမှာ ဟိုလိုအရေးယူတယ် ဒီလိုအရေးယူတယ် ..
    စတဲ့ အပေါ်ယံ မိတ်ကပ်ပေါင်ဒါ ဖို့တာလေးတွေလောက်နဲ့ နွံထဲမှာ နှာခေါင်းမမြုပ်မချင်း မျှော
    လိုက်သွားကြတာပေါ့ဗျာ ။

    (မှတ်ချက် - တရုတ်သင်္ဘောသားတွေကို ထိုင်းစစ်သားတွေက သတ်ဖြတ်ခဲ့တယ်ဆိုတာ 
    တရားခံတွေကိုယ်တိုင် ဝန်ခံထားပြီးသားပါ) ။

    ၀၁ ၊ ၀၃ ၊ ၂၀၁၃
    --------------------------------------------------

    Mahn Koko - အဖမ်းခံရပြီး လွှဲပြောင်းမှုတွေ လုပ်ပြီးချိန်အထိ စိုင်းနော်ခမ်းကို ဒူးထောက်ခိုင်း
    တာ အနည်းဆုံး နှစ်ကြိမ်တွေ့တယ် ။

      ဒါ့ပြင် ပုခုံးကို နှစ်ဖက်ညှပ်ဖိတွန်းပြီး ဦးညွှတ်အောင်လုပ်တာ ၊ လက်ရွေးစင် လုံခြုံရေး တပ်
    သားတွေ ပတ်လည်ဝိုင်းထားတာမို့ ထွက်ပြေးဖို့ မဖြစ်နိုင်တဲ့အပြင် ရုန်းကန်လှုပ်ရှားခြင်းလည်း
    မရှိသူတစ်ယောက်ကို ကြိုးနဲ့တုပ်တာ ၊ ကိုယ့်နိုင်ငံသားတောင် မပြပဲ နိုင်ငံခြားသားကျမှ ရုပ်
    မြင်သံကြားထဲ ထည့်လွှင့်တာတွေဟာ တိုက်ဆိုင်မှုတွေ မဟုတ်ပါဘူး ။ တရားမျှတတဲ့ ဥပ
    ဒေကို ဖေါ်ဆောင်ဖို့ထက် ၊ အာဏာရှင်တွေရဲ့ စရိုက်အတိုင်း လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ
    ကို သေကာနီးအထိ အငုတ်ပါမကျန် ရိုက်ချိုးပစ်တဲ့ အပြုအမူတွေပါ ။ လူသေကောင်တစ်ခု
    အရင်းပြုပြီး နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ လုပ်ဆောင်ချက်တွေပါ ။

      ဘယ်လိုပဲဖြစ်စေ စိုင်းနော်ခမ်းရဲ့ တည်ကြည်သန့်ပြန့်တဲ့ ရုပ်လက္ခဏာနဲ့ ဟန်ဆောင်မှုမပါတဲ့
    အပြုံးတွေကတော့ တရုတ်တွေအပါဝင် လူအတော်များများကို မေ့ဖို့မလွယ်အောင် ဖမ်းစား
    ထားဦးမှာပါ ။

    ၀၃ ၊ ၀၃ ၊ ၂၀၁၃
    =====================================

    Mahn Koko - မနေ့ညနေက ကိုယ့်ကလေးနဲ့ ဆက်စပ်ပြီး ဘင်္ဂလားဒေ့ရှ်သား လင်မယား
    အိမ်မှာ ခဏရောက်ခဲ့ရတယ် ။ အခြေနေ ဖန်လာတော့ စကားပါ နည်းနည်းပြောဖြစ်တယ် ။
    စကားဖလှယ်ရင်းနဲ့လည်း နှစ်ဖက်လုံး မသိခဲ့တာတွေနဲ့ အံ့သြစရာတွေလည်း ပါလာတယ် ။

       တွေ့ခဲ့ရတဲ့ လူဟာ ဒါကာမြို့မှာ ဘွဲ့ရခဲ့ပြီး သြစတြေးလျမှာ မဟာဘွဲ့နဲ့ ဒေါက်တာဘွဲ့ပါ
    ရထားပါတယ် ။ သူဟာ မွတ်ဆလင်နောက်ခံက လာပေမယ့် ၊ ဘာသာတရားကို မကျင့်သုံး
    ဘူးလို့ ပြောတယ် ။ ဘုရားကို ယုံပေမယ့် အဓိပ္ပါယ် အမျိုးမျိုးကောက်နေတဲ့ လူတွေကို မယုံ
    ပါဘူးတဲ့ ။ ကလေးလည်း တစ်ယောက်ထဲပဲ ယူပါတယ် ။

       သူ့ပညာရပ် အပြင်ဖက်ကို စိတ်ဝင်စားမှု နည်းသူလို့ သဘောထားကောင်း ထားလို့ရနိုင်
    မယ့် သူ့အပြောအရ - သူနားလည်တာက ဗုဒ္ဓဘာသာဟာ အေးချမ်းပါတယ် ၊ ဒါပေမယ့်
    နယ်စပ်က ရိုဟင်ဂျာဆိုသူတွေကို မြန်မာပြည်က မောင်းထုတ်တဲ့ကိစ္စကို နားမလည်ပါဘူး
    တဲ့ ။

       စကားဆက်ကြပြန်တော့ ၊ မြန်မာပြည်မှာ ရိုဟင်ဂျာအပါဝင် အားလုံးဟာ ဗမာစကားပြော
    တဲ့ ဗမာတွေပဲလို့ သူထင်ခဲ့တာကြောင့် ၊ ကျနော်တို့ဆီမှာ လူမျိုးစု အများကြီးရှိတာ ၊ မြေပိုင်
    ခွင့် အာမခံချက် မရှိတာကစလို့ ဧည့်စာရင်း တိုင်ရတာမျိုးနဲ့ ဗုဒ္ဓဘာသာဝင် အတော်များများ
    ကုလားမုန်းတယ် ဆိုတာမျိုးတွေဟာ သူ့အတွက် ထူးဆန်းတာတွေပါပဲ ။

       စာရင်းချုပ်ရင်တော့ တစ်ယောက်နဲ့တစ်ယောက် ဖလှယ်ခွင့် ရခဲ့တာဟာပဲ နှစ်ဖက်လုံးအ
    တွက် အကျိုးရှိတယ်လို့ ခံယူပါတယ် ။ တစ်ခု တွေးမိတာကလည်း ၊ ဗုဒ္ဓဘာသာဝင် အများ
    စုကနေ အေးချမ်းမှုကို ဖေါ်ဆောင်ကိုယ်စားပြုပြနိုင်ခဲ့လို့ ဘေးလူတွေကနေ အေးချမ်းတဲ့
    ဘာသာလို့ မြင်နေကြတာပါ ။ ဒါပေမယ့် ဘယ်ဘာသာမဆို အစွန်းရောက်သူတွေကနေ
    အတိုင်းတာတစ်ခုထိ နေရာရပြီး ၊ ကြမ်းတမ်းခက်ထန်မှုတွေကို ထုတ်ဖေါ်ပြလာတဲ့ တစ်
    နေ့ကျရင်တော့ ၊ အရင်က ဘယ်လောက် ကောင်းခဲ့ကောင်းခဲ့ အလဟဿ ဖြစ်သွားမှာပါ
    ပဲ ။

       ဘယ်သူ့ကိုမှ ဘာမှတော့ မတိုက်တွန်းလိုပါ ။ ဒါပေမယ့် နှုတ်ဆိတ်နေခြင်းအားဖြင့် အစွန်း
    ရောက်သူတွေရဲ့ အသံတွေဟာ ၊ အားလုံးကို ကိုယ်စားပြုသယောင် ဖြစ်သွားနိုင်တဲ့ “ချောက်”
    ကိုတော့ သတိရှိဖို့ ပြောပြချင်တယ် ။
    ၀၂ ၊ ၀၃ ၊ ၂၀၁၃
    ==================================


      စောမျိုးချစ် ။
      မင်းရေးလိုက်တဲ့စာကို ငါရတယ် ။
      မင်းရဲ့ ခံစားချက်ပေါက်ကွဲသံတွေကိုလည်း ငါကြားရတယ် ။
      သတင်းစာမျက်နှာတွေ ၊ ဘလော့နဲ့ ဖေ့ဘွတ်ခ်တွေကအစ မင်းရဲ့ အားမလိုအားမရ ရေး
    ထားတာတွေကိုလည်း ငါဖတ်ရတယ် ။

      မင်းကို စာရှည်ရှည် ပြန်ရေးအုံးမှာပါ ။ ဒါပေမယ့် ခုနေတော့ တစ်ခုပဲ ပြောထားချင်သေး
    တယ်ကွာ ။ အပေါ်မှာ စိုင်းနော်ခမ်းရဲ့ ကံကြမ္မာကို မင်းတွေ့တယ် မဟုတ်လား ။ အဲဒါကိုပဲ
    အခြေခံပြီး ငါပြောပြမယ် ။

      Middle Kingdom လို့ ကိုယ့်ကိုယ်ကို နာမည်တပ်ထားတဲ့ စိနလို့ခေါ်တဲ့ တရုတ်တွေဟာ ၊
    နဂါးကြီး နိုးထလာသလို နှာမှုတ်သံပြင်းပြင်းနဲ့ ပတ်ပတ်လည်ကို မျက်စောင်းထိုးလာပြီ ။ အ
    မြီးတယမ်းယမ်းနဲ့ သူ့ခံတွင်းမှာလည်း မီးလျှံတွေ မြင်လာရပြီ ။

      သူတို့ရဲ့ တိဘက်နဲ့ အနောက်မြောက်က ဒေသခံတွေကို ဝါးမျိုနေတဲ့အကြောင်းတွေ ငါ အ
    ကျယ်မချဲ့ချင်သလို ၊ တောင်တရုတ်ပင်လယ်ထဲ အင်အားပြပြီး အသာစီးယူဖို့ လုပ်နေတာနဲ့
    အိန္ဒိယလို နိုင်ငံကြီးကိုတောင် ဂရုမစိုက်တာတွေ ၊ မိုက်မိုက်ကန်းကန်း လုပ်တတ်တဲ့ ရုရှကို
    လည်း လူဦးရေ တဖြည်းဖြည်း နည်းလာတယ်ဆိုတာ သိလို့ ရေရှည်တွက်ပြီး အရေးမလုပ်
    တာတွေကို အကျယ်ချဲ့ မပြောချင်တော့ဘူး ။

      ငါ လိုရင်းကို မပြောခင် မင်းကို စကားခံထားချင်တာလေးတွေ ရှိတယ် ။
      တရုတ်ကိုကြည့် ၊ ပြီးရင် မင်း ကိုယ့်လူမျိုးကို ကိုယ်ပြန်ကြည့် ၊ ဘယ်လို မြင်သလဲ ။
      ငါကတော့ ချိနဲ့နေတဲ့ လူစုသေးသေးလေး တစ်စုအနေနဲ့ပဲ မြင်တယ် ။ ခေတ် ၊ စနစ် ၊ အ
    ချိန်အခါနဲ့ အနေအထားတွေအောက်မှာ အာမခံချက်မဲ့တဲ့ မြူမှုန်တစ်မှုန်လိုပဲ လုံးပါးပါးသွား
    နိုင်တဲ့ မတည်မြဲတဲ့ သက်ရှိ အသိုင်းဝိုင်းလေး တစ်ခုသာသာပါ ။ ပျောက်ကွယ်သွားလို့လဲ ၊
    ယူကြုံးမရ ဖြစ်နေကြမယ့် သက်ကြီးရွတ်တွ တစ်စုလောက်ကလွဲရင် ၊ ဘယ်သူမှလည်း လာ
    ပြီး ဝမ်းနည်းပူဆွေးပေးနေမှာ မဟုတ်ဘူး ။

      နောက်တစ်ဆင့် ၊ မင်းအပါဝင် အချို့လူတွေ ပြောနေကြတာတွေကို ငါပြန်ရေးပြမယ် ။
      စည်းလုံးကြပါ ၊ ညီညွတ်ကြပါ ၊ လူမျိုးနဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းကြပါတို့ ၊  လယ်ယာ
    တောင်ယာလုပ် မုဆိုးပစ် ငါးဖမ်းနဲ့ အေးအေးချမ်းချမ်းပဲ နေချင်တယ်တို့ ၊ နောက်ပြီး နှစ်
    ၆၀ လောက်က ဆောင်ပုဒ်တွေကို မြဲမြဲကိုင်ပြီး လက်သီးလက်မောင်း တန်းနေတာ တို့တွေ
    ပေါ့ကွာ ။

      တစ်ခါ ၊ မင်းကို မေးချင်တာလေးတွေ ရှိပြန်သေးတယ် ။
      ပထမ မင်းတို့လုပ်ချင်တဲ့ ယဉ်ကျေးမှု ထိန်းသိမ်းဖို့ ၊
      ဒုတိယ မင်းလိုချင်တဲ့ ညီညွတ်ရေးတို့ ၊
      နောက်ဆုံး ကုန်ကုန်ပြောရင် တော်လှန်ရေး ဆိုတာတို့ … ဘာပဲပြောပြော မင်းလိုလူဆီ
    မှာ ဘာလိုနေလဲ ။

      ငွေလိုနေတယ် မဟုတ်လား ။ မင်းဘာသာမင်း ယဉ်ကျေးမှု ၊ ဖွံ့ဖြိုးရေး ၊ တော်လှန်ရေး စ
    သည်ဖြင့် ဘာပဲလုပ်လုပ် စိတ်သွားတိုင်း ကိုယ်ပါဖို့ ဒါက အရေးပါတယ် မဟုတ်လား ။  အဲ
    သည်ငွေတွေကို မင်းဘယ်သူ့ဆီက လက်ဖြန့်တောင်းမလဲ ။ မင်းနဲ့ ဆက်စပ်နေတဲ့ အဖွဲ့
    စည်းကြီးဆီမှာ ကုန်သွယ်ကူးသန်း စီးပွားရေးတွေအတွက် သတ်သတ်မှတ်မှတ် ဌာနတစ်ခု
    အဖြစ် စနစ်တကျ လုပ်ထားတာ မရှိတာကို ထိုင်အပြစ်တင်နေလို့ ဘာမှ ထူးလာမှာမဟုတ်
    သလို ၊ ဖြတ်လမ်းနဲ့ ချမ်းသာအောင် လုပ်သွားခဲ့တဲ့ အခြားအဖွဲ့ကြီး တစ်ဖွဲ့ကိုလည်း မင်းအ
    နေနဲ့ အတုယူဖို့ အားမပေးချင်ဘူး ။

      ဒီတော့ စောမျိုးချစ် … ငါ့မှာ ပြောစရာ တစ်ခုရှိလာတယ် ။
      ဒါဟာ ဖန်တရာတေနေတဲ့ စည်းလုံးရေးလည်း မဟုတ်ဘူး ။
      ဘာထိန်းသိမ်းရေး ကာကွယ်စောင့်ရှောက်ရေးမှလည်း မဟုတ်ဘူး ။
      အဲဒါကတော့ -
    - မင်းအပါဝင် မင်းတို့ရဲ့ စိတ်ထားတွေကို အခြေခံကစပြီး ပြောင်းလဲပစ်လိုက်ဖို့ပဲ
      အဲဒီအထဲမှာမှ -
    "စီးပွားရေးအမြင် ၊ စီးပွားရှာချင် ဥစ္စာဓန တည်ဆောက်ချင်တဲ့စိတ်တွေကို ပျိုးထောင်ကြဖို့ပဲ"

      မင်းအနေနဲ့ ငါ့ပြောတာကို သဘောတူချင်မှတူမယ် ။
      ဒါပေမယ့် အမှောင်ထဲမှာ မီးခွက်တောင်မပါပဲ စမ်းတဝါးဝါးနဲ့ စိတ်တင်းပြီး လျှောက်နေ
    တာမျိုး ၊ စစ်ပြေပြင်ကို မြေစာခဲကိုင်ပြီး မိုက်ရူးရဲ ပြေးတက်တာမျိုးတွေနဲ့စာရင် ၊ တစ်နည်း
    အားဖြင့် သွေးထွက်ဖို့နဲ့စာရင် ချွေးထွက်မယ့်လမ်း ၊ သေဆုံးတိမ်မြုပ်ရဖို့နဲ့စာရင် စိတ်ပင်
    ပန်း လူဆင်းရဲခံရမယ့် လမ်းကို ရွေးဖို့ရာတော့ မင်းအနေနဲ့ ငြင်းဆန်ဖို့ လုံလောက်တဲ့ အ
    ကြောင်းပြချက် ရှိမယ်လို့ ငါမထင်ဘူး ။ ကျန်တာတွေကိုတော့ နောက်မှ စာရှည်ရှည် ရေး
    အုန်းမယ်ဟေ့ ။

      တစ်ခုတော့ ဖြည့်ချင်သေးတယ်ကွာ ။ ငါစိတ်နောက်ကျိနေတဲ့ မနေ့ကတည်းကသာ ဒီ
    စာကို ရေးဖြစ်ခဲ့မယ်ဆိုရင် ဆဲတဲ့စကားတွေနဲ့ မိုးမွန်နေမှာ သေချာတယ် ။ ခုနေခါ စိတ်
    အေးလာမှ နားဝင်အောင် ပြောဖြစ်တာဟာ မှန်သလား ၊ မဟုတ်ရင်လည်း ထိရောက်မှု
    အများကြီးပိုတဲ့ ဆဲစကားတွေနဲ့ မရေးဖြစ်တာကပဲ မှားသွားသလား ငါလည်း သိပ်တော့
    မဝေခွဲတတ်သေးဘူး ။ ဘာပဲဖြစ်ဖြစ် ဒီစာကို မင်းဖတ်ဖြစ်လိမ့်မယ်လို့တော့ မျှော်လင့်ပါ
    တယ် ။ မင်းဆီတိုက်ရိုက်မရေးပဲ ၊ အများဖတ်နိုင်အောင် ရေးလိုက်တာကို မင်းနားလည်
    နိုင်မှာပါ ။

    ၀၄ ၊ ၀၃ ၊ ၂၀၁၃
    ==========================


3 comments:

  1. အားပါး
    ကိုမန်းကို ပါချီပါချက်ထင်နေတာ ခုမှ သိတော့တယ် ဆရာချစ်ဦးညိုအနွယ်ကိုးဗျ
    လုံးချင်းအထူကြီးထုတ်ရတဲ့ ထိ ဆက်ရေးပါဗျာ ဟိုက လင်္ကာဒီပချစ်သူဆိုတော့ ကိုမန်းလဲ အာဖျံဂီရိချစ်သူပေါ့ဗျာ
    ဒါမှ အချစ်ရှုံးသမား ဒဿဂိရိ ( အဲ ) စိုင်းစိုင်းနော်ခမ်း တို့ 
    နော်ခမ်းလိုမိန်းမ ( မေဆွိလို စွာကျယ်ကျယ်အသံရှိတဲ့ နောက်ပေါက်အဆိုရှော်လေးတယောက်ယောက်အသံနဲ့  ) ဆီးသီးထုတ်စားရအောင်လို့ 

    ReplyDelete
    Replies
    1. အေးဗျာ ဆရာတင့်ပေးတဲ့ “ချစ်ဦးကိုကိုညို”ဘွဲ့လိုဟာမျိုးက လှတော့ လှပါတယ်ဗျာ ၊ သို့သော် မရှိမဲ့စုမဲ့ သိက္ခာလေးတွေကို စွန့်ပစ်ပြီး သမိုင်းပြောင်းပြန်ဆရာအဖြစ်နဲ့တော့ လက်မခံပါရစေနဲ့ ။ မပြည်စုံတဲ့ အပေါ်က အရေးအသားကိုသာ ဇာတ်ရည်လည်အောင် အရင်တော့ ရှင်းပြပါရစေဦးဗျာ ။

      ပထမဆုံး အနေနဲ့ ဖေ့ဘွတ်တစ်နေရာမှာ ပေးဖြစ်ခဲ့တဲ့ မှတ်ချက်တစ်ပိုင်းက အောက်ကအတိုင်းပါ -
      “စိုင်းနော်ခမ်းဟာ သူတော်စင် မဟုတ်ပါ ။ သူအပြစ် မရှိဘူးလို့လည်း တရားလွှတ် ပြောလို့မရပါ ။ သို့သော် ဖြစ်ခဲ့တာတွေဟာ နှုတ်ပိတ်တဲ့ ၊ နယ်လုတဲ့ ၊ ဒါးပြကြီးတွေက တရားဥပဒေ နာမည်ခံပြီး အချုပ်ချာ အာဏာနဲ့ အခြားလူတွေရဲ့ သိက္ခာကို စော်ကားမော်ကားလုပ်ပြီး ဒါးပြလေးကို ရှင်းထုတ်တဲ့ ပုံစံမျိုးဖြစ်နေလို့ ပြောနေတာပါ ။”

      တခါ ဖတ်ခဲ့ရတဲ့ သတင်းတွေကို ခြုံငုံစဉ်းစားရင် ဟာကွက်တွေ အများကြီး ဖြစ်နေပါတယ် ။
      ယေဘုယျအားဖြင့် အပေါ်မှာ ကျနော်ပြောခဲ့သလို ၊ တပါးသူ နိုင်ငံ့အရေးကို ဝင်စွက်ဖက်လို့ မရသလို ၊ သင့်
      လည်း မသင့်ပါဘူး - ဆိုပေမယ့် ၊ သူတို့ရဲ့ နိုင်ငံရေး တရားရေးတွေနဲ့ ပတ်သက်တဲ့ ဦးတည်ချက်တွေ လုပ်ငန်းစဉ်တွေကိုတော့ သုံးသပ်နိုင်ခွင့် ဖေါ်ထုတ်နိုင်ခွင့် မေးခွန်းထုတ်ပိုင်ခွင့် ရှိတယ်လို့ ယူဆပါတယ် ။

      အဦးဆုံး သင်္ဘောသား ၁၃ ယောက် အသတ်ခံခဲ့ရတဲ့ ကိစ္စကိုပဲကြည့်ရင် - ခေါင်းဆောင်လုပ်သူဟာ လက်အောက်ငယ်သားတွေရဲ့ လုပ်ဆောင်ချက်တွေကို တာဝန်ယူရတယ် ဆိုတဲ့ တစ်ချက်ထဲနဲ့တင် မီးခိုးကြွက်လျောက် ထောက်ပြနှိုင်းယှဉ်ကြည့်စရာတွေ အများကြီး ဖြစ်လာနေပါပြီ ။ စိုင်းနော်ခမ်းကနေ တရားရုံးမှာ တရားဝင် ဝန်မခံခဲ့တာ ၊ အခင်းဖြစ်တဲ့ သင်္ဘောပေါ်မှာ စိတ်ကြွဆေး သိန်းနဲ့ချီပြီး တွေ့ခဲ့တာ ၊ စိုင်းနော်ခမ်းဟာ မူးယစ်ဆေးဝါး ကိစ္စတွေမှာ ရှမ်းလူမျိုးထဲက တစ်ဦးတည်းသော ထင်ရှားသူဖြစ်ပြီး စူပါ့စူပါတွေ အများကြီး ရှိနေတဲ့အထဲက လက်ပူးလက်ကြပ်မိတာတောင် ဗြောင်လွှတ်ပေးခဲ့တာတွေ ၊ စိုင်းနော်ခမ်းကို လာအိုမှာမိစဉ်က ရခဲ့တဲ့ငွေသားနဲ့ မူးယစ်ဆေးတွေကို ဖြောင်ပစ်တာ ၊ သေသွားတဲ့ သင်္ဘောသားတွေကို စိုင်းနော်ခမ်းက ငွေကြေးတွေ ထောက်ပံ့ခဲ့တယ်ဆိုတာက ဘယ်လိုပုံလဲ ဘာကြောင့်လဲ ဒါဟာ တရားဝင်လမ်းကြောင်းတွေလား စသည်ဖြင့် ထည့်တွက်စရာနဲ့ မေးခွန်းတွေက ဘယ်တော့မှ လိပ်ပတ်လည်လာမယ့် အရာတွေမဟုတ်ပါဘူး ။

      နောက်တစ်ခါ လူသတ်မှုမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့တယ်ဆိုတဲ့ ထိုင်းစစ်သားတွေကိုတောင် စစ်ဆေး ဖေါ်ထုတ်လို့မပြီးသေးပဲ ၊ တာဝန်ရှိတယ်လို့ စွတ်စွဲခံရသူကို အပြစ်ဒဏ်ချမှတ်လိုက်တဲ့အပြင် ပြစ်ဒဏ်ကို အလောသုံးဆယ် အကောင်ထည် ဖေါ်ခဲ့တာတွေဟာ - မှားတာရှိရင် နောင်လာနောင်ခါဈေး ၊ ခုလိုနေတာက နှုတ်ပိတ်ဖို့နဲ့ နိုင်ငံရေး အမြတ်အစွန်းရဖို့ ဆိုသလို ဖြစ်နေတယ်လို့ ကျနော်ယူဆတယ် ။

      ခုနောက်ဆုံး စိုင်းနော်ခမ်းနဲ့ ဆက်စပ်တဲ့ အရှုပ်တော်ပုံအကြောင်း ရေးထားတဲ့ သတင်းတစ်ပုဒ်က ဒီမှာပါ - http://www.atimes.com/atimes/China/CHIN-01-080313.html
      အချိန်ရှိရင်တော့ ဖတ်ကြည့်ပါဦး ။

      အဆုံးသတ်ကတော့ - ကျနော့်အနေနဲ့ တရုတ်မုန်းတီးရေးတရား လမ်းကြောင်းချပေးတာ မဟုတ်သလို ၊ ကြွယ်ဝမှုကို လက်နက်ကိုင်ပြီး မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်ရှာဖွေတာကို ထောက်ခံအားပေးတာလည်း မဟုတ်ပါဘူး ။ စိုင်းနော်ခမ်း မရှိတော့တာဟာလည်း အဆိုးနဲ့ အကောင်း သက်ရောက်မှုတွေ ရှိလာမှာပါ ။ အကောင်းဖက်ကို မျှော်လင့်ပေမယ့် ၊ လတ်တလောတော့ အဆိုးဖက် ပိုပြီးလည်း များလာကောင်း များလာနိုင်ပါတယ် ။

      ဘယ်လိုပဲဖြစ်ဖြစ် ကျနော့်ရဲ့ အဓိက ဦးတည်ချက်ကတော့ ဒီဖြစ်စဉ်မှာ လစ်ဟာနေတဲ့ အချက်တွေကို ထောက်ပြပြီး ၊ ရူးချင်ယောင်ဆောင် နေသူတွေကို ရောင်ပြန်ဟပ်ပြဖို့ ကြိုးပမ်းချက် တစ်ခုသာပါဗျာ ။

      Delete
  2. ဖူ့တာမိုက်ဘလော့မှာ "ဠင်းတနဲ့ အလှချင်းပြိုင်မလို့လား" ဆိုတဲ့ပို့စ်လေး ဖတ်မိတယ် ။
    အဆုံးသတ်မှာ သူ့ရဲ့အမြင်က ဒီလိုပါ -
    "ဘယ်လိုအလုပ်မျိုးမဆို ငွေလိုအပ်တာမှန်ပေမယ့် အလုပ်နဲ့ပတ်သက်တဲ့ ခိုင်မာတဲ့ စိတ်ဓါတ်ဆိုတာမရှိလျင် အဲဒီငွေဟာ လူကို အဆိပ်အတောက် ဖြစ်စေတတ်ပါတယ်။"

    အင်မတန်ကောင်းတဲ့ စကားပါ ။ သို့သော် မှတ်ချက်ပေးဖို့က နေရာမရှိတာနဲ့ ၊ ခုမြင် နောက်ပျောက်သွားတတ်တဲ့ စီဘောက်ထဲလည်း မရေးချင်တာ တစ်ကြောင်းကြောင့် ကိုယ့်ပို့စ်အောက်ကနေပဲ စာပြန်ရေးလိုက်ရတော့တယ် ။

    ပထမတစ်ချက် - ကျနော်ရေးတာကို ဖူ့တာမိုက်တစ်ယောက် လိပ်ပတ်မလည်သေးလို့ အမြင်စောင်းသွားတယ် ထင်ပါတယ် ။

    အရင်ကလည်း ကျနော်ပြောဖူးပါတယ် ။ ညီအစ်ကို အရင်းတွေတောင် တစ်ယောက်နဲ့တစ်ယောက် ၆ လလောက်မတွေ့ပဲနေရင် ကြားစကားနားထောင်ပြီး ၊ ပြန်တွေ့တာနဲ့ ပြေးမဖက်ပဲ ပြေးထိုးကြတာမျိုးက ဖြစ်တတ်ပါတယ် ။ ဒါကြောင့် တွေ့ဆုံ ဆွေးနွေးကြဖို့ ၊ ဝေမျှဖလှယ်ကြဖို့ လိုတယ်လို့ ပြောခဲ့ဖူးပါတယ် ။ နောင်လည်း ဆက်ပြောသွားဦးမှာပါ ။

    (မဆိုင်ဘူး ထင်ချင်ထင်လို့ရပေမယ့် တွေးမိတာတစ်ခုက ၊ ကရင်တွေထဲမှာ ကိုယ်တွေလို လူကြီးတွေတောင် ဒီလို အလွယ်တကူ အထင်လွဲတတ်ကြရင် ၊ အောက်ခြေက လူငယ်တွေဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက် သတ်ကြဖြတ်ကြအထိ ဖြစ်မယ်ဆိုရင် မထူးဆန်းဘူးလို့တောင် ပြောလို့ရနိုင်မယ် လို့ပါ ။ တွေးကြည့်တာပါ ၊ ဖူ့တာမိုက်ကို အပြစ်တင်နေတာတော့ မဟုတ်ပါ) ။

    နောက်တစ်ခုက - ကျနော်ကနေ "စိတ်ထားတွေ အခြေကနေစပြီး ပြောင်းပစ်ဖို့"လို့ ဆိုခဲ့ရာမှာ ၊ ရှိပြီးသားတွေကို စွန့်ပယ်လိုက်ဖို့ မပြောခဲ့ပါဘူး ။

    အိမ်ရှင်ကနေ "ကလေးရေချိုးပေးပြီးရင် ဇလုံကို သွန်ပစ်လိုက်" လို့ပြောတာနဲ့ ၊ ရေချိုးပေးပြီးတဲ့အခါ ဇလုံထဲက ရေကော ကလေးကိုပါ သွန်ပြစ်လိုက်တဲ့ ကလေးထိန်းလို လိုက်လုပ်ဖို့လောက် အထိတော့ ကျနော်လည်း မမိုက်မဲပါဘူး ခင်ဗျား ။

    ဒီတော့ စာရင်းချုပ်ရင် ၊ ကျနော်ရေးခဲ့တာတွေရဲ့ ဆိုလိုရင်းက - အားအင်ချိနဲ့နေတဲ့ ဖိုးသူတော်အတွက် တောင်ဝှေးလိုတယ် ၊ ရှာဖွေအသုံးပြုသင့်တယ် ဆိုတာပါပဲ ။ အကူဖြစ်မယ့် တောင်ဝှေးကို လမ်းလျှောက်ခိုင်းပြီး ၊ အဓိကဇာတ်ဆောင် ဖိုးသူတော်ကို လမ်းဘေးကို လွှင့်ပစ်ဖို့ အကြံပေးတာ မဟုတ်ပါဘူး ။

    နောက်ဆုံးအနေနဲ့ ပြောရရင် ၊ ကျနော်မြင်သမျှကို စက်နဲ့လှိမ့်ထုတ်သလို အန်ထွက်လာသလို ရေးချလို့ ရပါတယ် ။ သို့သော် လူသားကျနော့်အနေနဲ့ စိတ်အခြေနေပေါ် မူတည်သလို ၊ အခြား ထည့်တွက်တာတွေလည်း ဟိုဟိုသည်သည် ရှိတာကြောင့် မရေးဖြစ်သေးတာပါလို့ ဖြေရှင်းရင်း ...... ။

    ReplyDelete