ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Tuesday, May 29, 2012

မှတ်စုတို (၀၅ ၊ ၂၀၁၂)


**  ဒုက္ခများ “စု”ဝေးရာ 

     ဒေါ်စု မဲလခိုလှုံရာစခန်းသွားမယ်ဆိုလို့ ဝမ်းသာရမလိုလို ဝမ်းနည်းရမလိုလို ။
     သစ်ထူးလွင်မှာ ကွန်မန့်တွေတက်လာတော့ ဖတ်ပြီး ဝမ်းနည်းရမလိုလို ဒေါသထွက်ရမလိုလို ။ (လင့်)
     ညီမျှချင်းသုံးချောင်း ပို့ထားတယ်ဆိုတဲ့ အောက်ပို့စ်က ကွန်မန့်လည်း အာရ်အက်ဖ်အေနဲ့ သစ်
ထူးလွင်မှာ ခုထိ တက်မလာတော့ ၊ တစ်ခုခုတော့ တစ်ခုခုပဲလို့ စတွေးရတော့မလိုလို ။
     ကဲ .. ကွန်မန့်လေးတချို့နဲ့ ဈေးဦးဖေါက်လိုက်ရအောင် -

pop said... 
    အဲ့ဒိ ဒုက္ခသည်စခန်းဆိုတာ KNUနဲ့ သူတို့မိသားစုတွေ နေတဲ့နေရာပါ 
    လက်နက်ကိုင်ထားနဲ့KNUနဲ့ အမေရိကန်နဲ့ထိုင်ရဲတွေ အတူတွေ့နိုင်တဲ့နေရာပါ 
    May 27, 2012 6:37 PM

လင်းလင်း said... 
    အမှန်တကယ်ဆိုKNUဟာ ၁၉၄၈ ခုနှစ်နောက်ပိုင်းမှာ အောက်ဗမာပြည်တခြမ်းကို သိမ်းခဲ့ 
    ဘူးပါတယ် က၇င်စစ်တပ်ဟာ ဗမာစစ်တပ်ကိုအပြုတ်တိုက်ပြီး က၇င်လူမျိုးတွေမြန်မာပြည်ကို
    သိမ်းပိုက်ဖို့အထိ ကြံစီခဲ့တာပါ သမိုင်းကသက်သေပြနေပါတယ် မင့်တို့ဟာမင့်တို့ပြည်နယ်ကို 
    ကိုယ်ပိုင်အုပ်ချုပ်ခွင့် ၇ဖို့တစ်ခုတည်း တိုက်ပွဲဝင်နေတာမဟုတ်ပါဘူး မင့်တို့အခု ဒုက္ခသည် 
    စခန်းဆိုတာကလဲဘဲ မင့်တို့ကိုယ်တိုင်ဖန်တီးခဲ့တာပဲလေ အခုကျမှ အပိုတွေပြောမနေပါနှင့်ကွာ
     May 27, 2012 11:48 PM

MYO MYINT said... 
    ဒုက္ခသည်စခန်းမဟုတ်ပါဘူးဗျာ၊ ကေအင်န်ယူမိသားစုတွေနေတဲ့ ဌာနချုပ်ပါ
    May 28, 2012 10:06 AM

အောင် said... 
    မသွားစေချင်ဘူး 
    အမေစုရှိမှ ကျွန်တော်တို့အားရှိမှာ 
    တော်ကြာတခုခုဖြစ်ရင်............
     May 28, 2012 2:36 PM

အနည်းဆုံး အတိုချုပ်ရရင် -
-  လူမျိုးရေး အစွယ်ပြူးပြီး ငြိမ်းချမ်းရေး မလိုချင်တဲ့သူ ၊
-  ဒုက္ခသည်စခန်းဆိုတာ ရန်သူစခန်းလို့ ယူဆသူ ၊
-  ရမ်းမှန်းပြီးပြောသူ စသည်ဖြင့် တွေ့ရတယ် ။ ဒါဟာ အပေါ်ယံရှပ်ရှပ်လေးပါ ။

     ကျနော် ဘာကြောင့် လူမျိုးရေး ၊ လူနည်းစုအရေးနဲ့ တိုင်းရင်းသား လက်နက်ကိုင်အကြောင်း
တွေ ဆက်တိုက်ရေးနေသလဲ ။ အချို့လည်း လူမျိုးရေး ဘက်လိုက်သူ ၊ အစွန်းရောက်သူ ၊ မပြော
သင့်တာတွေကို လိုက်ဖွသူ ၊ သောင်းကျန်းသူလို့ ပြည်မက နာမည်ပေးထားတဲ့ သူပုန်ထောက်ခံသူ
စသည်ဖြင့် အမျိုးမျိုး တွေးကြ ထင်ကြ မြင်ကြမှာ သေချာတယ် ။

     ကျနော်ရေးခဲ့တာတွေကို စိတ်ရှင်းရှင်းထားပြီး ဖတ်မယ်ဆိုရင် ၊ မိုးပေါ်က အပ်တစ်ချောင်းနဲ့
မေကြီးပေါ်က အပ်တစ်ချောင်းတို့ ထိပ်တိုက်တွေ့ရအောင် လုပ်ပေးနေတာကို တွေ့ရမယ်လို့ 
တင်စားပြလိုက်ချင်တယ် ။ ဒီလို ထိပ်တိုက်တွေ့အောင် ဆုတ် ၊ တက် ၊ ကပ် ၊ ဖယ် ၊ ခွာ ၊ ဖြောင့် ၊
လှည့် ၊ နှိမ့် ၊ ဝိုက် နည်းမျိုးစုံနဲ့ ကြိုးစားနေတာပါ ။ ဆုံနိုင် ထိတွေ့နိုင်ကြမှ ဒဏ္ဍာရီဆန်တာတချို့
ပျောက်ကွယ်သွားမယ် ။ အကျိုးဖြစ်မယ်လို့ ယူဆတယ် ။

     အပ်နှစ်ချောင်းက ဘာတွေလဲ ။
     ပထမတစ်ချောင်းက အဓိက ပြည်မက လူတွေကို ကိုယ်စားပြုတယ် ဆိုပါစို့။ အများအားဖြင့်
ကာလရှည်ကြာ အစိုးရကထိန်းချုပ်တဲ့ ပြည်မ မီဒီယာကို စားသုံးသူတွေပေါ့ ။ သတင်းအချက်
လက်သစ်နဲ့ အတွေးမြင်သစ်တွေ ထပ်ဝင်လာလည်း အမြစ်တွယ်နေတဲ့ စိတ်ထားတွေကို ပြောင်း
လဲရခက်နေသူတွေလို့ ယေဘုယျ ပြောလို့ရတယ် ။ အဲဒီထဲမှာ ကိုယ်ချင်းစာစိတ် အသင့်တင့်
ရှိသူတွေက လူနည်းစုတွေ ၊ တိုင်းရင်းသားတွေ နဲ့ပတ်သက်လို့ အနိဋ္ဌာရုံတွေ တွေ့မြင်ကြားရရင်
ဒါမျိုးတွေ မမြင်ချင် မကြားချင်တော့ပါဘူးဗျာ ဆိုပြီး ပြောတတ်ကြပါတယ် ။ ဒါပေမယ့် အမျိုးသား
ရင်ကြားစေ့ရေးဆိုတာဟာ ဘာလဲ ၊ ဘာတွေများ ကွဲပြားနေကြတာလဲ ၊ ဘယ်လို ဖြေရှင်းရမလဲ
စသည်ဖြင့် မေးခွန်းထုတ်လိုက်ရင် အူတူတူ ဖြစ်သွားကြတာ များပါတယ် ။ အပြစ်ပြောဖို့ ခက်ပေ
မယ့် ချန်ထားဖို့လည်း မဖြစ်သူတွေပါ ။

     နောက်ထပ် အပ်တစ်ချောင်းကတော့ တိုင်းရင်းသားအပါဝင် လူနည်းစုလို့ သတ်မှတ်ခံထားရ
သူတွေ ၊ ဘာသာ လူမျိုး ဝါဒအမြင် မတူသူတွေ ပါပါလိမ့်မယ် ။ အထူးသဖြင့် ပြည်မအစိုးရရဲ့ ဝါ
ဒဖြန့်သတင်းတွေ သက်ရောက်မှုမရှိတဲ့ ဒေသကလူတွေကို အထူးပြုပြောချင်တယ် ။ သူတို့မှာ
လည်း ပြည်မကလူတွေနဲ့ အစိုးရကို မုန်းနေသူတွေကနေ ပြောပြ သင်ပြတဲ့အကျိုးကြောင့် အမြင်
မကြည်တာတွေ အများကြီးရှိနေတယ် ။ အဲဒီကမှ စစ်တပ်နဲ့ အာဏာပိုင်တွေရဲ့ လုပ်ပုံကိုင်ပုံတွေက
သူတို့အမြင်တွေကို အတည်ပြု ပေးထားပြန်တယ် ။ သူတို့လို လူတွေဟာ ပြည်မအစိုးရကိုလည်း
မယုံဘူး ၊ ပြည်မက လူတွေကိုလည်း မယုံဘူး ၊ ကုန်ကုန်ပြောတော့ ဒေါ်စုကိုတောင် မမုန်းပေမယ့်
သိပ်မယုံဘူး ။

     ဒီတော့ ဒီအပ်နှစ်ချောင်း ထိတွေ့ဖို့ရာ ၊ ဆုံနိုင်ဖို့ရာ လုပ်မပေးဘူး ၊ လစ်လျူမယ်ဆိုရင် ၊ တစ်
ဖက်နဲ့တစ်ဖက် နားလည်မှု ၊ သည်းခံမှု ၊ ယုံကြည်မှုဆိုတာတွေ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်
ဘူး ။

     ခု ကျနော်လုပ်နေတာတွေကို အေးအေးလူလူနေချင်တဲ့ ကျနော့်မိဘတွေက သဘောမကျပါဘူး ။
     ဗမာလို့ ပြောလို့ရတဲ့ မဒမ်မန်းကိုကိုကလည်း အားကိုးစရာ ပျောက်မှာစိုးလို့ မလုပ်စေချင်ပါဘူး ။
     တစ်ခါခါလည်း အတွေးဝင်တယ် ၊ ရပ်လိုက်ရ ကောင်းမလား ။

     ဒီလိုလုပ်ရာမှာ မုန်းတာ ၊ အထင်လွဲတာ ၊ လက်မခံတာ ၊ အထင်သေးတာ တွေကစလို့ အမျိုး
မျိုး အဖုံဖုံသော ကြုံလာရမှာတွေကို ရင်ဆိုင်ရမှာပါပဲ ။ အပ်နှစ်ဖက်လုံးရဲ့ ဘဝနဲ့ အမြင်တွေကို ကြုံ
တွေ့သိခဲ့ရသူ ကျနော့်အနေနဲ့ ဒါကိုမလုပ်ရင် ဘယ်သူတွေလုပ်မယ်ဆိုတာ မတွေးတတ်ပါ ၊ စိတ်
ဓါတ်ကျစရာ အလုပ်မို့လည်း ရှည်ရှည်ဝေးဝေး ကြိုမတွေးချင်ပါ ။ ဝတ္တရားရှိတယ်လို့ ခံယူထားတာ
တွေကို ဆက်လုပ်သွားတာကပဲ အကောင်းဆုံးလို့ ယူဆတယ် ။



**  ဒေါက်တာနေဝင်းမောင် (လင့်)

     အရင်က ကြားပဲကြားဖူးတယ် ၊ ခုတော့ မိုးမခဝက်ဘ်ဆိုဒ် ကောင်းမှုကြောင့် သူမဆုံးခင် မော်
လမြိုင် စာပေဟောပြောပွဲမှာ ပြောသွားတဲ့ ဗီဒီယိုကို ကြည့်ဖြစ်တယ် ။

     သူ့နဲ့ပတ်သက်လို့ တိုက်ခိုက်ရှုတ်ချတာ အတော်များများကို သတိထားမိသလို ၊ ချီးကျူးသူ
အချို့ကိုလည်း နောက်ပိုင်း တွေ့မိတယ် ။ သူ့ကို အသေချာသိသလားဆိုတော့ မသိဘူး ။ ဒါပေ
မယ့် ခုကြည့်မိတဲ့ ဗီဒီယိုကို မှီပြီး ပြောရရင်တော့ သူ့ကို သဘောကျမိတာတွေ ရှိတယ် ။

     သူပြောသွားတာတွေကို အတိုချုပ်ရရင် -
(၁)  မွန်နယ်သားတွေ သဲလွန်စရှိတောင် ကြပုံမရတဲ့ အခြေခံဥပဒေနဲ့ အာဏာခွဲဝေမှုတွေကို မိတ်
      ဆက်ပေးသွားတယ် ။
(၂)  ပြည်နယ်အစိုးရ တာဝန် ၊ ပြည်နယ်သားတွေရဲ့ အခွင့်အရေး အခွင့်အလမ်းတွေကို မိတ်ဆက်
      ပေးတယ် ။
(၃)  စနစ်ဟောင်းရဲ့ အကျင့်စရိုက်တွေကို ထောက်ပြသွားတယ် ။
(၄)  (အစက တစ်ယောက်ထဲချုပ်ကိုင်တဲ့စနစ် ၊ ခုတော့ အများကိုအခြေခံတဲ့စနစ် စသည်ဖြင့်) ပြော
      လို့ရသမျှ ပွင့်ပွင့်လင်းလင်း ပြောသွားတယ် ။

     နောက်တစ်ပိုင်းအနေနဲ့ အသေးစိတ်ရရင် -
-  သူဟာ စကားပြောကောင်းသူ မဟုတ်ပေမယ့် ၊ သူပြောနေတာ ဘာလဲဆိုတာ ကောင်းကောင်း
   သိသူ ဝေမျှပေးနေသူ တစ်ယောက်ဖြစ်တာ ပေါ်လွင်တယ် ။
-  ပရိသတ်ကိုကြည့်တော့ - ရှုပ်ထွေးတဲ့ နိုင်ငံရေးကိစ္စတွေကို နားလည်ပုံမရပဲ ၊ သူတို့မျက်မုန်းကျိုး
   တဲ့ အာဏာပိုင်တွေကို ထိခိုက် တိုက်ခိုက်တဲ့ ရှင်းရှင်းလင်းလင်း စကားမျိုးတွေကိုပဲ အားပေးဖို့ အ
   သင့်ဖြစ်နေကြတာ တွေ့ရတယ် ။ (မြန်မာပြည် လူထုရဲ့ အနေထားကို ထင်ဟပ်နေတယ်လို့ နား
   လည်မိတယ်) ။
-  သူ့ဘဝမှာ ပညာရေးအပါဝင် ရုန်းကန်လှုပ်ရှားခဲ့ရတာတွေကို အရိပ်အမွက် ပြောသွားတယ် ။
-  လူထုကိုယ်စားလှယ်တွေနဲ့ ပတ်သက်လို့ အမြင်တချို့ ဖွင့်သွားပေးတယ် ။
-  ပညာရေး အရေးကြီးပုံကို ထောက်ပြသွားပြီး စီးပွားရေးတိုးတက်ဖို့လည်း လုပ်ဖို့လိုတာ ဘယ်လို
   လုပ်ရမယ်ဆိုတာ အခြေခံပြောပြသွားတယ် ။
-  စနစ်အပြောင်းလဲမှာ ရှိလာနိုင်တဲ့ အန္တရာယ်တွေကိုလည်း သတိပေးသွားတယ် ။ ကိုယ့်နိုင်ငံတွင်း
   မှာ ကျွန်ပြုခံရမယ့်အဖြစ်ကို ထောက်ပြသွားတယ် ။
-  လက်တွေ့ကျတာ ၊ ပြင်ဆင်စရာရှိတာ ၊ ကြုံလာနိုင်တဲ့ နိုင်ငံနဲ့ လူထုရဲ့ အခက်အခဲ စသည်ဖြင့်
   ထောက်ပြသွားတာ ကောင်းတယ်လို့ မပြောရင် အခြားစကားတွေလည်း မရှာတတ်တော့ဘူး ။

     တွေ့သမျှအပိုင်းအပေါ်ပဲ မူတည်ပြီးပြောရရင် သူဟာ သူ့ဝတ္တရားကို အတိုင်းတာတစ်ခုအထိ
ကျေလည်အောင် လုပ်ခဲ့ပြီးခဲ့ပြီလို့ ယုံတယ် ။ ခုနေမှာ သူ့ကိုယ်သူ မကာကွယ်နိုင်တော့တာမို့ အ
ပြစ်ရှာဖို့လည်း မသင့်သလို အကျိုးလည်း မရှိနိုင်တော့ဘူး ။ မပြီးသေးတဲ့ ၊ အချိန်နဲ့ အခွင့်ရေး
ရှိနေသေးတဲ့ ကိုယ်တွေသာ သူ့ကောင်းကွက်တွေကို သင်္ခန်းစာယူပြီး လုပ်စရာတွေကို ဆက်လုပ်
သွားသင့်တယ်လို့ ယုံကြည်တယ် ။



**  ဗမာ မွတ်ဆလင်

     ပေါ်လိုက်ပျောက်လိုက် ၊ တက်လိုက်ကျလိုက် ဖြစ်နေတဲ့ နောက်ကိစ္စတစ်ခု ။
     မွတ်ဆလင်တွေကို ဖိနှိပ်တိုက်ခိုက် အမုန်းပွားနေတဲ့ ဖြစ်ရပ်တွေကို ပြောတာပါ ။
     တည့်တည့်ပြောရရင် ဒါဟာ မွတ်ဆလင်တွေကို လူအတော်များများ မလိုချင်တဲ့ ရိုဟင်ဂျာတွေ
နဲ့ ပိုစည်းလုံးသွားအောင် ၊ နီးစပ်သွားအောင် လုပ်နေတာနဲ့ အတူတူပါပဲ ။ အကြောင်းတွေ ဖန်တီး
ပြီး အကျိုးကိုတော့ မလိုချင်သူတွေ များနေသေးတာ သိပ်တော့ ကောင်းလှတယ် မဟုတ် ။

     အချို့က သူတို့ဟာ လူနည်းစုမို့ အားလုံးကို ဖယ်ထုတ်လိုက်ရင်တောင် ဘာမှမဖြစ်ဘူးလို့ အ
ထင်ရောက် အမြင်မှောက်ကြတယ် ။ တကယ်ဟုတ်မဟုတ်တော့ ပြန်တွေးကြည့်ကြဘူး ။ အမှန်
တော့ သူတို့အမြင်ဟာ - လူနည်းစုဆိုတာဟာ ကိုယ်မှာပေါက်နေတဲ့ ကတွတ် ငါးမျက်စေ့တို့လို ၊
မဟုတ်ရင်လည်း တွယ်ကပ်နေတဲ့ ကပ်ပါးကောင်သာသာလောက် ထင်နေကြတယ် ။ အမှန်မှာက
အဲဒီလူနည်းစု အစုတွေဟာ ကတွတ်တွေ ငါးမျက်စေ့တွေလိုမဟုတ်ပဲ ခန္ဒာကိုယ်ရဲ့ အစိတ်အပိုင်း
တွေပဲဆိုတာ မြင်ကြဖို့ လိုတယ် ။

     ကတွတ်က မီးနဲ့တို့ပြီး ဖယ်ထုတ်လိုက်လို့ ရတယ် ။ ဒါတောင် ဘေးကအသားအချို့ကို စွန့်
လွှတ်အဆုံးခံရမယ် ။ ဟုတ်ကဲ့ အဲဒီဘေးက အသားစမှာ ဆဲလ်လေးတွေတစ်ခုစီနဲ့ တည်ဆောက်
ထားတာပါ ။ အဲဒီဆဲလ်ဟာ ကိုယ်သာဆိုရင်တော့ ပျော်စရာ သိပ်ကောင်းမှာမဟုတ်ဘူး ။ ဘေး
ကနေ - ဟာ .. ဒီလောက်လေးများ ပေးဆပ်လိုက်ရတာ မဆန်းပါဘူးလို့ ပြောတာ လွယ်ပါတယ် ။
ကိုယ်တိုင်ခံစားရသူမျိုးနဲ့ မျက်နှာချင်းဆိုင်မိရင် ဒီလိုပဲ ပြောမှာလား ။

     အဲ .. အဲဒါက ကတွတ် ငါးမျက်စေ့လိုဟာကို ပြောတာ ။ တကယ်တန်းမှာ တိုင်းပြည်တစ်ပြည်က
လူနည်းစုတွေဆိုတာ ကတွတ်မဟုတ်ဘူးဗျ ၊ အဲဒါကိုယ့်ခန္ဒာကိုယ် အစိတ်အပိုင်းတွေ ။ ခုတ်ထစ်
ဖြတ်တောက်ထုတ်လိုက်ဖို့ စိတ်ကူးတဲ့သူတွေကတော့ တော်တော်အတွေးမဲ့ ၊ ကိုယ်ချင်းစာစိတ်မဲ့ ၊
အမျှော်မြင် မရှိသူတွေလို့ ကင်ပွန်းတပ်ရတော့မှာပဲ ။ အသုံးမဝင်ဘူးလို့ ထင်ရတဲ့ ကိုယ့်ခြေချောင်း
လက်ချောင်းလေးတွေပဲ ဖြတ်ကြည့်လိုက်ရင် သိသိသာသာ နားလည်လာမှာပါ ။

     ဒီခေတ်မှာ အဲဒီလောက် လုပ်ချင်တိုင်း လုပ်လို့မလွယ်တော့တာလည်း သတိထားရမယ် ။ ဘယ်
သူက ဘာလုပ်လို့ ရမှာလဲ လို့ပြောနိုင်တယ် ။ အဲဒါက စစ်ခေါင်းဆောင်တွေ အဖြစ်နဲ့ သွားတူနိုင်
တယ် ။ ပိတ်ဆို့မှုကို ဒို့မမှုပါ ဆိုသလိုပေါ့ ။ မမှုတာက မမှုတာ ၊ ရေရှည်ကျ ရှက်ရမှန်းသိလာတော့
အမျိုးမျိုး ထွက်ပေါက်ရှာကြပြန်သလိုပေါ့ ။ ရှင်းပြရင်တော့ ရှည်နိုင်တယ် ။

     ဒါပေမယ့် လုပ်ကိုလုပ်ချင်နေသူတွေလည်း အများကြီးရှိနေတုန်း ။ ဒီတော့ အမုန်းစက်ရုံ တည်
ထားတာနဲ့ အတူတူပဲလို့ မြင်တယ် ။ လူကို သတ်လို့ရမယ် ၊ သူပိုင်ဆိုင်တာကို လုယူလို့ရမယ် ၊
ဒုက္ခပင်လယ်ဝေအောင် လုပ်လို့ရမယ် ။ ဒါပေမယ့် သူ့ရင်ထဲက အမုန်းတရားကို နင်းချေလို့လည်း
မရဘူး ၊ မန်းမှုတ်ပြီးလည်း မဖျောက်နိုင်ဘူး ၊ ငွေပေးပြီးလည်း သင်ပုန်းမချေနိုင်ဘူးဆိုတာ သိထား
ဖို့ လိုကြမယ် ။

     တစ်ချိန်မှာ နောက်မျိုးဆက်တစ်ခုရဲ့ ပညာမြင့်မားလာတဲ့ခေတ်ကို ရောက်လာပါဦးမယ် ။
အဲဒီကျရင် ကိုယ့်သားသမီးတွေကနေ အဖေအမေတို့ဟာ လူမျိုးရေး ဘာသာရေး လူမှုရေး ခွဲခြား
သူတွေပဲ ၊ ကျောင်းမှာသင်ရသမျှ နားလည်ရသမျှအရ ဒါတွေဟာ ချေးတွေထက်တောင် ရွံစရာ
ကောင်းတယ်လို့ ပြန်ပြောကြမယ့် အချိန်တိုင်းတာကို ရောက်လာလိမ့်မယ် ။

     ခုနေမှာတော့ လက်သီးလက်မောင်းတန်းထားကြလို့ ရတယ် ။ ဒီတော့ အစ်နေ့မှာ အလကား
ရမယ့် အမဲသားမျှော်မယ် ၊ ပလီပေါ်က ဝတ်ပြုခေါ်သံကြားရင် နှာခေါင်းရှုံ့မယ် ၊  တတိယတန်း
နိုင်ငံသားတွေလို သဘောထားကြရင်း ကြေနပ်နေလို့ ရနိုင်သေးတယ် ။ ကျနော်ပြောတဲ့အချိန်
ရောက်တဲ့အခါ ကျနော် မြန်မာပြည်တွင်းမှာ ရှိနေမှာပါ ။ ပြုံးပြုံးကြီး ကြည့်နေမယ့် ကျနော့်ကို မျှော်
လင့်ထားကြရဖို့တော့ သေချာတယ် ။ 

၂၈ ၊ ၀၅ ၊ ၂၀၁၂
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~



(၄) ဂျူဂျစ်ဆ

     ဂျပန်ကိုယ်ခံပညာ Jujitsu အကြောင်း ပြောမလို့ မဟုတ်ပါဘူးဗျာ ၊ ပြီးတော့ တတ်လည်း မတတ်
ပါဘူး ၊ တတ်တဲ့တစ်နေ့ အိမ်ကမိန်းမကို အရင်စမ်းကြည့်မှာပါ  :-)

     တစ်ရက် ဒေါက်တာ(ကို)ဇာနည်ရေးတာ ဖတ်လိုက်ရတယ် ။ မြန်မာပြည် လမ်းပွင့်တာနဲ့ ဒေါ်လာ
သန်းပေါင်း ထောင်သောင်းချီပြီး ဝင်လာဖို့ရှိတယ် ။ ရင်းနှီးမြှုပ်နှံဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်တွေ
သုံးပြီး တိုင်းရင်းသားဒေသတွေကို နောက်ပြန်လှည့်လို့ မရတော့တဲ့ အသုံးချဖျက်ဆီးမှုတွေ လုပ်ဖို့
တာစူနေပြီ ။ ဒီလောက်ကြီးမားတဲ့ ငွေအားနောက်မှာ အာဏာ ၊ လူ ၊ စွမ်းအားပေါင်းစုံတွေ တစ်ပါ
တည်းပါလာပြီး ၊ ဒေသခံတွေကနေ တောင့်ခံတွန်းလှန်ကြဖို့ရာ မဖြစ်နိုင်သလောက်ပဲလို့ နားလည်
ရတယ် ။

     ဒီနေရာမှာ ခုနေ အပစ်ခတ်ရပ်စဲလိုက်တဲ့ အဖွဲ့တွေကို ပြေးမြင်မိတယ် ။
     ဒီစီးပွားရေး စူနာမီကို ခံနိုင်ကြပါ့မလား လို့ပါ ။
     နောက်ပြီး အပစ်ရပ်တော့ မြို့ပေါ် တစ်ဝက်တစ်ပျက် တက်ရမယ် ၊ နိုင်ငံရေးပိုင်း ပါလာမယ် ၊
စစ်ရေးမှာလည်း နယ်မြေထိန်းချုပ်ရေးကအစ လက်ရှိအဖွဲ့ကို အင်အားနဲ့ စိတ်ဓါတ်ထိန်းထားနိုင်ဖို့
လိုလာမယ် ။ မနပ်ရင် ၊ သတိလျော့ရင် ၊ အနေမတတ်ရင် ၊ ဦးတည်ချက်ပျောက်ရင် ၊ စီးပွားရေးမှာ
နစ်မူးရင် ၊ ပြည်သူတွေကို ဝန်ဆောင်မှုပေးတာကအစ ပြည်မအစိုးရထက် သာလွန်အောင် စီမံခန့်
ခွဲမှုတွေ မလုပ်နိုင်ရင် လုံးပါးပါးကြဖို့ ရှိတယ် ။

     ဒီနေရာမှာ ကိုယ့်နဲ့ယှဉ်ပြိုင်သူရဲ့အားနဲ့ တန်ပြန်တိုက်ခိုက်ရတဲ့ ဂျပန်ကိုယ်ခံပညာ ဂျူဂျစ်ဆုက
ဝင်လာတယ် ။ နိုင်ငံရေး Jujitsu, စီးပွားရေး Jujitsu နဲ့ စစ်ရေး Jujitsu တွေသာ လုပ်တတ်ကိုင်
တတ်မယ်ဆိုရင် အပစ်ရပ်အဖွဲ့တွေ ရေရှည်ရပ်တည်ဖို့နဲ့ ပန်းတိုင်အချို့ကို ပြည့်အောင်ဖြည့်ဆည်း
နိုင်မယ် ။ အရှူံး အနိုင်နဲ့ သရေ (၃) မျိုးပဲရှိ တယ် ။ မလုပ်တတ်ရင် လုပ်တတ်အောင်သင် ၊ လေ့
လာလို့ပဲ ပြောရတော့မယ် ။ မဟုတ်ရင်တော့ အမျိုခံပေါ့ ။

     ဘယ်လိုလုပ်ရမလဲ ဆိုတာတော့ အပေါ်ကပြောခဲ့တဲ့ ဒေါ်လာသန်းပေါင်း ထောင်သောင်းချီတဲ့
ရင်းနှီးမြှုပ်နှံမှု ဆိုတာတွေနဲ့ ဆက်စပ်နေတာတော့ သေချာပါတယ် ။ နောက်တော့ နိုင်ငံရေးနဲ့ စစ်
ရေး ။ ဆိုင်ရာဆိုင်ရာလူ တွေ ဆက်တွေးကြပေါ့နော ၊ တော်ကြာ ကျနော်လည်း မြင်းထိန်းငတာက
စလေဦးပုညပုံဖမ်းသလို ဖြစ်နေပါ့မယ် ။


 (၅) KNU နဲ့ DKBA 

     ပြောမလို့ကကြာပြီ ၊ ဧရာဝတီဝက်ဘ်ဆိုဒ်က နော်မေဦးရဲ့ အင်တာဗျူးနဲ့ ပတ်သက်ပြီးတော့ပါ ။ (လင့်)

     တည့်တည့်ပြောရရင် သဘောကျတယ် ၊ KNU ဖက်က အင်တာဗျူးလာသမျှထဲ အကြိုက်ဆုံးတွေထဲ
တစ်ခုအပါဝင်ပဲ ။ သံတမန်ဆန်တယ် ၊ ချိန်ဆပြောထားတယ် ၊ တတ်နိုင်သလောက် ပွင့်လင်းပြတယ် ၊
အတော် ပြည့်ပြည့်စုံစုံ ဖြေထားတယ်လို့လည်း မြင်တယ် ။ ဒီလိုလူမျိုး များပြား ပွားများလာရင်တော့
ပြည်မအာဏာပိုင်တွေ မျက်ခုံးလှုပ်မှာ သေချာတယ် ။ 

     DKBA  နဲ့ပတ်သက်လို့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့ ဗိုလ်မှူးချုပ်စောလားပွယ် ဓါးစာခံဖြစ်ရတဲ့
ဆောင်းပါးလေးက ကောင်းပါတယ် ။ (လင့်)

     သူဟာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တယ်ဆိုပြီး တိကျ ကွင်းဆက်မိတဲ့ သက်သေပြမှုတွေ ဘယ်
သူမှ မလုပ်နိုင်တာကို လူများစုက သိထားပြီး ၊ လက်ခံထားပြီးသားပါ ။ တွက်စရာကတော့ ထိုင်းနိုင်
ငံနဲ့ DKBA ဆက်ဆံရေး နောက်ခံ ၊ စီးပွားရေးအပါဝင် မြန်မာပြည်နဲ့ ဆက်ဆံရေး ရှေ့အလားအလာ ၊
စွပ်စွဲတဲ့ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်ရဲ့ နောက်ခံတွေ ပါပါတယ် ။

     ဆက်ဆံရေး အားရစရာ မရှိတာ ၊ စီးပွားရေးအရ ကမ္ဘာမီးလောင် သားကောင်ချနင်း ပုံစံမျိုးလုပ်
မှာ ၊ ဒုဝန်ကြီးချုပ်ရဲ့ ရဲတစ်ယောက်သတ်မှုနဲ့ ကမ္ဘောဒီးယား ထွက်ပြေးခဲ့ဖူးတဲ့ သူ့သားတစ်ယောက်
ကိစ္စ အပါအဝင် သူ့ရဲ့ ဘန်ကောက်မြို့တော်ဝန်ဘဝနဲ့ အိမ်နိမ့်စံဘဝကနေ နိုင်ငံပြင်ပ တိမ်းရှောင်
နေရတဲ့ ဝန်ကြီးချုပ်ဟောင်းတပ်ဆင်ရဲ့ လက်ရုံးတစ်ယောက်အဖြစ် အသုံးခံပြီး လက်ရှိရာထူးအထိ
ကျားကုတ်ကျားခဲ ပြန်တက်ခဲ့တဲ့ နောက်ကြောင်းတွေဟာ အင်မတန် သတိထားရမယ့်လူဆိုတာ
သိထားရပါမယ် ။

     ဘယ်လိုပဲဖြစ်ဖြစ် ဖြစ်စရာရှိတာတွေ ဖြစ်လာပြန်တော့ DKBA နဲ့ပတ်သက်လို့ ပြောချင်လျက်
ယားကျိယားကျိ ဖြစ်နေခဲ့တာ တစ်ခုရှိပါတယ် ။ နယ်စပ်ဂိတ်တွေ ပိတ်တာနဲ့ပတ်သက်လို့ပါ ။

     ခုခေတ်ဟာ အရင်မြန်မာအစိုးရတွေလို ကလေးတွေစိတ်ဆိုးတိုင်း အမေနဲ့တိုင်ပြောတဲ့အထာနဲ့
ချစ်ကြည်ရေးတံတားကို ရမယ်ရှာပြိး ပိတ်ပစ်တဲ့ခေတ် မဟုတ်တော့ပါဘူး ။ စီးပွားရေး ဦးထိပ်ထား
တဲ့ ထိုင်းတွေကနေ မနေနိုင်ပဲ ပြန်ဖွင့်ပေးဖို့ တောင်းပန်လာလိမ့်မယ်လို့ မျှော်လင့်သင့်တဲ့ ကာလ
လည်း မဟုတ်တော့ပါဘူး ။ စီးပွားရေး ၊ နိုင်ငံရေးနဲ့ စစ်ရေးကို တရုတ်သိုင်းကားထဲက သုံးချောင်းပူး
ဆံချပ်ကူလို ကစားရမယ့်အချိန်ကို ရောက်ပြီမို့ စစ်ရေးမှာကောင်းတဲ့ DKBA အတွက် သတိထားစရာ
ပါ ။ ဒါပေမယ့် ဂိတ်တွေပိတ်တာဟာ ကျနော် ဥာဏ်မမှီလိုက်တဲ့ ကျားတစ်ကွက်ရွှေ့လိုက်တဲ့ လုပ်
ရပ်မျိုးဆိုရင်တော့ မပြောတတ်ဘူးပေါ့ ။

၂၄ ၊ ၀၅ ၊ ၂၀၁၂

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~





(၁)  မီး မဲ မှောင် ဂွမ်း

     မီးမလာတာများ အဆန်းလုပ်နေရသေးတယ်ဗျာ ၊ အပေါ်က ပုံကိုသာကြည့် ၊ မဒမ်မန်းကိုကိုနဲ့
ကလေးနှစ်ယောက် ဖယောင်းတိုင်နှစ်တိုင်နဲ့ အဆင်ပြေနေပုံများ ဘယ်လောက် အနုပညာဆန်
လိုက်သလဲ  ဟဲ ဟဲ ။

     ကြွားတယ်တော့ သဘောမထားနဲ့ပေါ့ဗျာ ၊ တစ်သက်မှာ ပထမဦးဆုံး ဝယ်ဖြစ်တဲ့ ကင်မရာလေး
ကို လက်တည့်စမ်းရင်း မဲလခိုလှုံရာစခန်းမှာ ၂၀၀၇ ခုနှစ်လောက်က မှတ်တမ်းတင်ထားတာပါ ။
ဖယောင်းတိုင်ကြီး နှစ်တိုင်တောင် တစ်ပြိုင်ထဲထွန်းနိုင်တဲ့ မိသားစုမို့ ငွေရေးကြေးရေးမှာ အိမ်နီးချင်း
အတော်များများတွေထက် နှာတစ်ဖျားသာတယ်လို့လည်း အဓိပ္ပါယ်ထွက်ပါတယ် ညှင်း ညှင်း ။

     မြန်မာပြည်မှာတော့ မီးမလာတာကို အကြောင်းပြုပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒတွေ ပြနေကြပြီပဲ ။
မန္တလေး မုံရွာတွေမှာ စနေပြီး ကူးစက်ပြန့်ပွားဖို့လည်း ခန့်မှန်းမိတယ် ။ ရန်ကုန်ဆူးလေမှာ ဒီညပြ
မယ်လို့ သတင်းတွေ ထွက်နေပြီ ။

     ဆန္ဒပြတာကို အားပေးသလို ၊ ဖယောင်းတိုင်နဲ့ ဆန္ဒဖေါ်ထုတ်ပြတဲ့ စိတ်ကူးကိုလည်း သဘော
ကျတယ် ။ ဆန္ဒဖေါ်ထုတ်ခွင့်ဥပဒေ အသေးစိတ် မထုတ်ပြန်ရသေးတာကို အကြောင်းပြသူတွေ ရှိ
ပေမယ့် ၊ ဖြစ်စရာရှိတာကို တားလို့မရတာတော့ အမှန်ပဲ ။ ဒါကို အာဏာပိုင်တွေကလည်း မျှော်
လင့်မထားမှာ သေချာပါတယ် ။ ဦးသိန်းစိန်တို့အတွက်လည်း ပထမဆုံး သွေးတိုးစမ်းတဲ့ ဖြစ်ရပ်ဆို
တော့ စိတ်ဝင်စားစရာလည်း အရမ်းကောင်းနေတယ် ။

     အာဏာပိုင်တွေထဲမှာ ငါတို့ ဒီလောက်သည်းညည်းခံနေတာပဲ ကျေးဇူးတင်ဦး ဆိုသူမျိုးတွေ ၊
အရိုးစွဲသမားတွေလည်း အများကြီး ရှိနေတုန်းပဲ ။ သူတို့ထဲက အတော်များများဟာ ဒါမျိုးတွေနဲ့
ရင်ဆိုင်ဖို့ကို အဆင်သင့် မဖြစ်ကြသေးဘူး ။ သူတို့ကို အလုပ်က သင်သွားမှာမှန်ပေမယ့် ၊ လက်
ရှိမှာ အကိုင်တွယ်မတတ်ရင် အင်ပြည့်အားပြည့် ပေါက်ကွဲတဲ့အဆင့်ကို အချိန်မရွေးရောက်သွား
နိုင်တယ် ။

     ဒါမျိုးက ရှေ့မှာ နမူနာတွေ အများကြီးရှိပြီးသား ။ အာဏာရှင်တွေ တင်းကြပ်လာခဲ့သမျှ နည်း
နည်းလေး ကြိုးလျှော့ပေးလိုက်တာနဲ့ ပြည်သူတွေကလည်း အာရပ်ကုလားအုပ်ပုံပြင်လို တစ်ဆင့်
ချင်း တစ်ကောင်လုံးဝင်ဖို့ ကြိုးစားလာတတ်ကြတယ် ။ ဒါ လူ့သဘာဝပဲ ၊ တရားလည်း တရားတာ
မို့ မွေအလိမ္မယ်ဆရာ သတိကြီးရသလိုပဲ အာဏာပိုင်တွေလည်း အင်မတန် သတိကြီးပြီး အကိုင်
တွယ်မှန်ပါမှ ကူးပြောင်းမှုတွေ အဆင်ချောလေ့ရှိတယ် ။ များစွာသော ကံမကောင်းသူ အာဏာ
ရှင်သိုက်တွေကတော့ ပဒူအုံကို တုတ်နဲ့ထိုးမိတတ်တာ များတာကြောင့် ညှိညှိနှိုင်းနှိုင်း လုပ်ကြမယ်
လို့ မျှော်လင့်ပါတယ် ။
 ~~~~~~~~~~~~~~~~~~~~~~~~


 (၂)  ဒေါ်စု

     ဟုတ်ကဲ့ နာမည်နဲ့လိုက်အောင် ပြောစရာရှိတာတွေကို စုထားသလား မပြောတတ်ဘူး ၊ ခုထိတော့
ကချင်ကိစ္စနဲ့ တိုင်းရင်းသားတွေကိစ္စကို လေသံကျယ်ကျယ်"ဟ"တာ မတွေ့မိသေးဘူး ။

     စောင့်စည်းနေတယ် ၊ ထိန်းသိမ်းစရာတွေ ရှိနေတယ် စသည်ဖြင့် နားလည်ပေးပါတယ် ။
     သို့သော် သို့သော် ကချင်မှာ လူတွေကို မနက်ဖြန်မှသေနော် ၊ ကရင်ဖက် တောထဲမှာပုန်းနေရ
ဆဲ IDP တွေကို မနက်ဖြန်မှ နေမကောင်းဖြစ်နော် ၊ ရှမ်းပြည်နယ်က ဒုက္ခရောက်နေခဲ့ကြသူတွေကို
နောက်တစ်နေ့မှ ဆက်ဝမ်းနည်းကြတော့နော်လို့ ရွှေ့လို့ မရဘူးလေ ။

     ကျနော် နားလည်ပေးပေမဲ့ မိတ်ဆွေတွေလည်း ပြောနေကြပြီ ၊ မြန်မာပြည်အကြောင်း စိတ်ဝင်
စားသူများကလည်း ပြောလာကြပြီ ။ ဒေါ်စု တိုင်းရင်းသားတွေကိစ္စ ဘာကြောင့် မပြောရတာလဲ ၊
အချိန်မကျသေးလို့လား ၊ အိမ်စာ အကွေးတွေများလာရင် ဖင်မနိုင် ခေါင်းမနိုင်ဖြစ်လာမှာ တွက်မိ
သလား ၊ ပြည်မမှာ ဘယ်သူတွေ ဘယ်လိုကိုးကွယ်ကိုးကွယ် နယ်တွေဖက်မှာ သံသယတွေ မယုံ
ကြည်တာတွေ ရှိနေတယ်ဆိုတာ သိသလား ၊ ဒီမိုကရေစီ ခရီးကို ချီတက်ကြရာမှာ ဗမာ့ဒီမိုကရေစီ
ပုံစံမျိုး ဖြစ်လာတော့မှာလား ၊ လားပေါင်းများစွာဟာ တစ်စတစ်စ တိုးပွားလာနေတယ် ။

     ဟုတ်ကဲ့ ၊ အကောင်းဆုံးကို မျှော်လင့်ပါတယ် ၊ မိုးလုံးပြည့် ထောက်ခံသူတွေနဲ့လည်း မဆန့်
ကျင်ရဲပါ ။ ဒါပေမယ့် လက်တွေ့ဘဝကို လစ်လျူရင် ၊ လစ်လျူခံရသူတွေရဲ့ တူညီတဲ့ တုန့်ပြန်မှုကို
မျှော်လင့်ထားရပါမယ် ။ မန်းကိုကိုလို နေရာတကာမှာလိုက်ပြီး နားလည်ပေးကြလိမ့်မယ်လို့ မျှော်
လင့်ရင်တော့ ၊ မျက်နှာသစ်ဖို့ လိုနေပြီလို့ နှစ်ကိုယ်ကြား လေသွေးလိုက်ပါရစေ ။

~~~~~~~~~~~~~~~~~~~~~~~~~~
 
(၃)  ကိုဖြိုးဝေအောင် အသည်းကင်ဆာ နောက်ဆုံးအဆင့်ရောက်  (သတင်းလင့်)

     ပြောစရာစကား ရှာမရလောက်အောင်ပါပဲ ။
     နိုင်ငံရေးကစလို့ အပြောင်းအလဲတွေဟာ အချိန်ယူရတာ နားလည်ပါတယ် ။
     ဒါပေမယ့် အိုခြင်း ၊ နာခြင်း ၊ သေခြင်းတွေကတော့ ဒါတွေကို အသိမှတ် မပြုပါဘူး ။
     တရားရေးမှာ ခုလို ထင်သာမြင်သာမရှိပဲ ပေးဆပ်လိုက်ရမယ့်သူတွေ ဘယ်လောက်များ ရှိဦးမလဲ ။
     ဒေါ်စုကိုပဲ တိုးလျိုးတောင်းပန်ရမလား ၊ ဦးသိန်းစိန်ကိုပဲ ပြေးပြီး ဒူးဖက်ရတော့မလား ၊ ဗိုလ်ချုပ်ကြီး
မင်းအောင်လှိုင်ရှေ့ပဲ ဒူးထောက် လက်အုပ်သွားချီရတော့မလား ။ ဆောက်တည်ရာမရဖြစ်မယ့် သူတွေ
အတွက် တွေးပြတာပါ ။ မျက်ရည်တွေကျမှ သုတ်ရတာထက် ၊ အရင်ကတည်းက ကျစရာမလိုအောင်
လုပ်လို့ရတာ အများကြီးရှိပါတယ် ။ လုပ်ရမလား ၊ မလုပ်ရဘူးလားဆိုပြီး ရှိတ်စပီးယားလို ပြဇာတ်ရေး
တာလည်းမဟုတ် ၊ ဒါက လက်တွေ့ဘဝ ။ ဘယ်သူ့တာဝန်လဲ ၊ အပေါ်ကို လက်ညှိုးထိုးပြီး သကြား
မင်းဖင် ထိုးမိလောက်အောင် လက်လွဲခဲပစ် လုပ်နေကြဦးမှာလား ။


၂၂ ၊ ၀၅ ၊ ၂၀၁၂

6 comments:

  1. - မန္တလေးတိုင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးက လိုက်လျောလာတာ နှစ်ရက်ရှိပြီမို့ ဥပဒေနဲ့ မညီညွတ်လို့ အရေးယူတော့မယ်လို့ ဆိုတယ် ။ လုပ်ပိုင်ခွင့်အာဏာကို အမွေရထားသလို အထင်ရောက်နေတဲ့ လူစွမ်းကောင်းတစ်ယောက်တော့ စပေါ်လာပြီ ။ ပွဲကတော့ မကြာခင် စလာနိုင်တယ် ။

    - နေပြည်တော် အရေးပေါ် အစည်းဝေးမှာ ဗိုလ်ချုပ်မင်းအောင်လှိုင်က ညင်ညင်သာသာ ကိုင်ချင်ပြီး ပြည်ခိုင်ဖြိုး ဆရာကြီးများကတော့ ကချင်အပေါ် လွဲချချင်ပါသတဲ့ ၊ အင်း .. တပ် မတော်သား ဟောင်းကြီးများ .. :-)

    - ဖေ့ဘွတ်မှာတွေ့တယ် ၊ အစိုးရကို မိဘလို တင်စားသူတစ်ယောက် ။
    ခေတ်ဟောင်းဝါဒတွေ စွဲနေသေးတုန်းဆိုတာ ပြယုဂ်တစ်ခုလို့ မြင်တယ် ။

    - ဆန္ဒမပြဖို့ ၊ မိုးပြန်ရွာရင် လျှပ်စစ်မီးတွေ ရလာမှာပါဆိုတဲ့ အလံရှူးများလည်း ရှိသေးတယ် ။ မှတ်တမ်းတွေအရတော့ မထင် မထင် လို့ပြောရမယ် ။

    - အော်ဖို့ပဲသိတယ် တို့ ၊ သတင်းစာရှင်းပွဲလုပ်ပြီး ရှင်းပြထားပြီးသားပဲ တို့ ၊ ဆူဆူပူပူဖြစ်အောင် လုပ်နေကြပြီ တို့တတွေလည်း ရှိသပေါ့ ။ ကိုယ့်အကျိုးစီးပွား ထိခိုက်တော့မှာမို့ ပြောကြသူတွေလား ၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို မိဘတွေလို့ ခံယူထားသူတွေနားမှာ ကပ်နေကြသူတွေလား မပြောတတ်ပါ ။ သေချာတာက မပြောပဲ သိရင် ၊ လုပ်ပေးရင်တော့ အကောင်းဆုံးပေါ့ ။

    ReplyDelete
  2. ၂၅ ၊ ၀၅ ၊ ၂၀၁၂ -(ဖေ့ဘုတ်ပေါ် ဒီနေ့ ရေးတင်မိတာလေး ကူးထည့်လိုက်တယ်) ။


    ပြည်မြို့ကို ရောက်လာတယ်ဆိုတဲ့ မီးစက်တွေက အတော်ကောင်းမလားတော့ မပြောတတ်ဘူး ၊ အမြင်အရတော့ ကိုယ်လုပ်ခဲ့ဖူးတဲ့ စက်ရုံက မီးစက်ထက်တောင် သေးနေသေးတယ် ... :)

    * အသွားအလာတွေ ကြည့်ရတာ မီးပြဿနာကို မငြိမ်သက်မှု မောင်းခလုပ်တစ်ခု မဖြစ်ရအောင် -

    (၁) တတ်နိုင်သမျှ ညင်သာအောင် ကိုင်တွယ်နေပုံပဲ ၊ (လူထုကို မေတ္တာရပ်ခံတယ် ဆိုတာမျိုးကတော့ ကြိုဆိုရမယ့် လုပ်ရပ်ပါ) ၊

    (၂) ပြဿနာ မထွားကျိုင်းလာရအောင် လက်ပူတိုက် မီးစက်တွေလည်း အမြန် သွင်းနေပုံရတယ် ။
    ~~~~~~~~~~~~~~

    - ငွေကြေးတွေကို မရရတဲ့နည်းနဲ့ ရှာကြံပြီး အလုပ်ဖြစ်အောင် လုပ်ပြတာကြောင့် အကျိုးဆက် သက်ရောက်မှု တစ်ချို့နေရာတွေမှာ ရှိနိုင်တယ် ။ (တစ်ခုဖောင်းတော့ တစ်ခုပိန်ရတဲ့ ဓမ္မတာပေါ့) ။ သတင်း မထွက်ရင်တော့ ကံကောင်းနိုင်ပါတယ် ၊ မဟုတ်ရင်လည်း လူထုရဲ့အကျိုး သိပ်မထိခိုက်တဲ့ နေရာမှာ လျော့သွားတာလို့ သတင်းထွက်ရင်လည်း သိပ်တော့ အခြေနေ မဆိုးလှဘူး ။

    - မီးစက်က အသေးစားတွေ ဖြစ်တာကြောင့် လည်ပတ်ရာမှာ စက်ကြီးတွေနဲ့စာရင် စရိတ် ပိုကုန်မယ် ။ ဒါကို ဘယ်လို စီမံခန့်ခွဲမလဲ စောင့်ကြည့်ရမယ် ။ မီတာခမှာ မြှင့်မလား ၊ အခွန်အတုတ်ဖက် တစ်ဖက်လှည့်နဲ့ မြှင့်မလား ၊ နာမည်တစ်မျိုးနဲ့ စရိတ်ကာမိအောင် လုပ်မလားပဲ ။

    - မီးစက်ကြီးတွေ ပြီးသွားတဲ့အခါ ဒီစက်အသေးတွေက ဘေးရောက်သွားတော့မယ် ။ အသုံးတည့်အောင် ၊ အံဝင်မယ့် နေရာတွေဆီ စနစ်တကျရောက်အောင် စီမံခန့်ခွဲမှု အားနည်းရင်တော့ အလေလွင့်တွေ အများကြီး ဖြစ်လာနိုင်သေးတယ် ။

    - ရေရှည် အဖြေထုတ်ဖို့ - စီမံချက် အတိကျတွေ ချပြတာ မတွေ့ရသေးဘူး ၊ လျှပ်စစ်ကို ဘယ်လို စနစ်တကျ စီမံခန့်ခွဲဖို့ဆိုတာ နေနေသာသာ အစိုးရဆီမှာ ခြုံငုံမိတဲ့ အသေးစိတ် လုပ်ငန်းစဉ်တွေ ရှိသေးပုံမရဘူး ။ ရေရှည် အလေလွင့်နည်းအောင် ဓါတ်အားပေးစနစ် လဲလှယ်ဖို့တွေ ဘာမှ ပြောသံ မကြားသေးဘူး ။ (ဆက်သွယ်ရေးလည်း အတူတူပဲ ၊ အင်္ဂလိပ် ခေတ်ကတည်းက မြေအောက်လိုင်းတွေ လဲလှယ်မယ် မကြားမိသေးဘူး ၊ မျှော်လင့်ဖို့လည်း သိပ်တော့ သင့်တော်ချင်မှ သင့်တော်ပါဦးမယ်) ။
    ~~~~~~~~~~~~~~

    # ပြောမှသိ ထိမှနာသူတွေ များနေသေးတဲ့ အာဏာပိုင် လူတန်းစားကို ဆန္ဒဖေါ်ထုတ်ပြတာ လုပ်သင့်တဲ့ အလုပ်တစ်ခုပဲ ။

    # နားလည်ပေးနိုင်တာတွေ လူထုမှာ အသင့်တင့်ရှိတာကြောင့် ဖယောင်းတိုင်ထွန်း ဆန္ဒဖေါ်ထုတ်တာဟာ ရုန်းရင်းဆန်ခတ် အဆင့်အထိ ရောက်လာဖို့ သိပ်မရှိဘူး ။ (ချည်တိုင်က မလွတ်ပေးသင့်တဲ့ ကောင်ကောင်တစ်ချို့ လွတ်မလာရင်ပေါ့ ၊ ဒါကို ဦးသိန်းစိန် ကောင်းကောင်း သဘောပေါက်မှာပါ) ။

    # မီးပျက်တာကို တာဝါတိုင် မိုင်းခွဲခံရတယ် ဆိုတာကစပြီး တစ်ချက်ခုတ် နှစ်ချက်ပြတ် အပြစ်ပုံချပြီး ၊ နိုင်ငံရေးအမြတ် ထုတ်နေပုံရတယ် ။ သိပ်မရိုးသားတဲ့ အသွားအလာ အချို့ကို တွေ့နေရတယ် ။

    # ကိုယ်နဲ့ သဘော မတိုက်ဆိုင်သူတွေကို သတ်ဖြတ်ဖို့လောက်အထိ လက်နှစ်သစ်လောက် အတွေးတွေနဲ့ ပြောဆိုသူလေးတွေ တွေ့တော့လည်း ၊ စနစ်ဟောင်းကိုပဲ အပြစ်တင်ရမလား ၊ လစ်လျူစိတ်ထား ရှိတဲ့ မျိုးဆက်သစ်တွေကိုပဲ ချိန်ရွယ်ပြောရမလား ၊ ဒလံတွေကိုပဲ စွပ်စွဲရမလား သိပ်မသေချာပေမယ့် သိပ်ကောင်းလှတယ်တော့ မဟုတ် ။

    - တော်ပြီ ၊ အိပ်ငိုက်ပြီ ၊ ဆက်ရေးရင် အပြည့်စုံ လွန်သွားဦးမယ် ၊ ဆက်မတွေးတော့ဘူး ... :)

    ReplyDelete
  3. သစ်ထူးလွင်မှာ ပေးထားမိတဲ့ မှတ်ချက်ကို ပြန်လာစုစည်းထားတာပါ ။
    (http://www.thithtoolwin.com/2012/05/bangkok-post.html)

    မန်းကိုကို said...

    ဒေါ်စုတစ်ယောက် လုပ်စရာ အကြွေးတွေ အများကြီးထဲက ဒီတစ်ခုကို လုပ်ဖြစ်အောင် လုပ်စေချင်တယ် ။ ဒါဟာ ကျနော့်ဆန္ဒဖြစ်သလို ပကတိ လိုအပ်ချက်လည်း ဖြစ်တယ် ။

    @ လူတွေ စောင့်နေကြတယ် ဆိုတာထက် ၊ လုပ်သင့်တဲ့ စိန်ခေါ်မှုတွေ စောင့်နေတယ်ဆိုတာ သိစေချင်တယ် ။

    @ ဒေါ်စု သူတို့အတွက် တစ်ခုခု လုပ်ပေးနိုင်တယ် ဆိုတာထက် ၊ လောကကြီးမှာ သူတို့လေးတွေ ရှိနေသေးပါလားဆိုတာ သိမြင်လာနိုင်ကြဖို့ လိုနေတယ်ဆိုတာ ပြောပြချင်တယ် ။

    @ တစ်ရက် နောက်ကျသွားရုံနဲ့ ထိခိုက် နာကျင် လွင့်ပါးရတဲ့ အသည်းနှလုံးတွေက အများကြီးပါဆိုတာ သိကြားစေချင်တယ် ။
    -----------------------------

    မျက်နှာကြီးရာ ဟင်းဖတ်ပါတတ်တာ ထုံးစံပဲမို့ ဒေါ်စုကို အရောက်သွားစေချင်တာပါပဲ ။
    -----------------------------

    ** အပေါ်ဆုံးက စေတီတွေပုံကတော့ မဲလ ခိုလှုံရာစခန်းရဲ့ တောင်စောင်းပေါ်မှာ တက်ရိုက်ထားတာပါ ။ အဓိကစေတီအပြင် ဘေးက စေတီငယ်နှစ်ဆူကတော့ အရိုးစေတီတွေ ဖြစ်နိုင်ကောင်းပါတယ် ။ မေးစရာ ဘယ်သူမှ မတွေ့ခဲ့လို့ မမေးဖြစ်ခဲ့ပါဘူး ။

    ဒီပုံကို တမင်ရွေးပြီး ထည့်ထားတာပါ ။
    ဒီလို နေရာမျိုးကို ဒေါ်စုတစ်ယောက် မဲလစခန်း ရောက်ခဲ့ရင်တောင် ဖူးဖြစ်မှာ မဟုတ်တဲ့ ဘုရားဖြစ်သလို ၊ အခု ဖတ်မိတဲ့သူတွေထဲက ဒီစခန်းရောက်ခဲ့ရင်လည်း သိတောင် သိဖြစ်မှာ မဟုတ်တဲ့ အဝေးက အညတရ နေရာလေးတစ်ခု ရှိတယ်ဆိုတာ ပုံပမာလေး ထည့်ပေးတာပါ ။

    ---------------------------

    (အဲဒီဘုရားက ဆက်သွားရင်တော့ တောရကျောင်းတစ်ကျောင်းနဲ့ ကျောက်တုံးပေါ် တည်ထားတဲ့ ဘုရားတစ်ဆူ ရှိပါတယ် ၊ တောင်ပေါ် ဆက်တက်ရင်တော့ တောင်ခါးပန်းမှာ ကပ္ပိယတွေရှိတဲ့ စေတီငယ်တွေနဲ့ အခြားပုံတော်တွေ ရှိပါသေးတယ် ။ နောက်တစ်ခုက မတ်စောက်တဲ့ တောင်အလယ်လောက်မှာရှိတဲ့ ဂူပေါက်ပါ ၊ တရားတက်ထိုင်သူများလည်း တချို့ရှိပါတယ် ။ စခန်း အလယ်ဖက်မှာတော့ ဘုန်းကြီးကျောင်းနှစ်ကျောင်းနဲ့ စေတီနှစ်ဆူလည်း ရှိပါသေးတယ် ။)

    ReplyDelete
  4. Thank you Mahn ko ko,we need people like you.

    ReplyDelete
  5. I'll right away seize your rss as I can't find your e-mail subscription link or newsletter service.
    Do you've any? Please allow me recognise so that I may subscribe. Thanks.
    My web-site Communications

    ReplyDelete