ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Sunday, April 1, 2012

ငါ ငါတို့ သည်ကား ...



     မနက်အိပ်ယာထတာနဲ့ နောက်နေ့ပို့ချမယ့် သင်္ခန်းစာတွေနားထောင်ဖို့ရာ စာနည်းနည်း ကြို
ဖတ်ဖြစ်တယ် ။ အမြင်အာရုံကို ဖမ်းစားလိုက်တာက အာဆီယံအဖွဲ့ပါ ။ ဆက်စပ် အတွေးနယ်ချဲ့
မိပြန်တယ် ။

     အာဆီယံ ဘာလုပ်သလဲဆိုတာထက် အဖွဲ့ဖြစ်တည်လာရတဲ့ အကြောင်းရင်းက ခေါင်းထဲဝင်
လာတယ်။ အတိုဆုံး အဖြေကတော့ “ငါတို့” ဆိုတဲ့ စိတ်အမြင်ကို တည်ဆောက်လိုက်တာပဲလို့
မြင်လာတယ် ။

     နိုင်ငံတစ်နိုင်ငံက ဘာကြောင့်များ “ငါတို့” ဆိုပြီး စိတ်ထဲဖြစ်လာရုံတင်လေးအတွက် အလေး
ကြီးနဲ့ အဖွဲ့စည်း ထောင်ရရောလား ၊ မေးစရာရှိလာတယ် ။

     နိုင်ငံအဆင့်မှာတင် ကြည့်ရအောင် ။ ၂၀ ရာစုမှာ ကိုလိုနီတွေပြိုကွဲပြီး နယ်နိမိတ်အတိကျနဲ့
နိုင်ငံတွေ ပေါ်ပေါက်လာခဲ့ကြတယ် ။ ဘာကြောင့်လဲ ။ အတိုချုပ်ကတော့ “ငါတို့” ဆိုတဲ့ ကိုယ်ပိုင်
ဏ္ဍာန် (identity) ၊ ကိုယ့်နဲ့ တစ်သားထဲရှိတယ်လို့ ယုံကြည်ယူဆတဲ့ အဝန်းအဝိုင်းတွေကို စု
စည်း တည်ဆောက်လာခဲ့ကြလို့ပါ ။ ကျနော် ပြောတယ်လို့ မထင်ပါနဲ့ ၊ ပညာရှင်တွေ လေ့လာသူ
တွေစကားကို တစ်ဆင့်ခံပြောတာပါ ။

     ငါ ၊ ငါ့လူမျိုး ၊ ငါ့ယဉ်ကျေးမှု ၊ ငါ့နယ်ပယ် ၊ ငါစိုးမိုးပိုင်ဆိုင်တဲ့ ... စသည်ဖြင့်ကနေ ကိုယ့်တူရာ
တူရာတွေ ဆွဲစုပြီး နိုင်ငံတွေ ဖြစ်လာခဲ့တယ် ဆိုကြပါစို့ ။ ဒါဟာ လူသားတစ်နွယ်လုံး လုပ်နေကြ
တာပါ ၊ တစ်ကမ္ဘာလုံး ဖြစ်နေတာပါ ။ တားဆီးလို့ မရပါဘူး ။ ဒါပေမယ့် ငါတို့မှ ငါတို့ ၊ ငါတို့က ပို
မြတ်ပိုသာတယ် ၊ ရှိသမျှ ငါတို့ပိုင်တယ် ငါတို့ အကုန်ယူမယ် ဆိုတဲ့အခါမတော့ ပြဿနာ ရှိလာ
တတ်ပါတယ် ။ လူတိုင်း ဆက်စပ်တွေးလို့ရတာမို့ အကျယ်မချဲ့တော့ပါ ။

     ဆက်စပ်တွေးရင် ... ငါနဲ့ ငါ့ဆွေမျိုးတွေဆို သွေးစကားပြောတယ်ဆိုပြီး (စိတ်ထဲက ထင်တာ
ဖြစ်ပေမယ့်) စေတနာ အကြင်နာ ပိုတတ်ပါတယ် ။ ငါ့သူငယ်ချင်း ၊ ငါ့လမ်းထဲကလူ ၊ ငါ့ရပ်ကွက်
သားဆိုရင်လည်း အမြင်မကြည်တာတွေ ရှိနိုင်ပေမယ့် စိတ်နေကတော့ နီးတယ်လို့ ထင်တတ်ကြ
ပန်ပါတယ် ။ ငါ့ပေါက်တူးလေး ခဏဌားလိုက်ရမလား ၊ သူ့ဆိုင်က အကွေးလေး နည်းနည်း
လောက် ယူစားလိုက်ရမလား ၊ အိမ်ကပိုနေတဲ့ဟင်းတွေ ဝေမျှစားမလား ... “မလား” ပေါင်းက
တော့ အများကြီးပါ ။

     ဒီတော့ အာဆီယံကကော ။
     သူတို့လည်း အမှန်တော့ အိမ်ချင်းကပ်လျက် တစ်ရပ်ကွက်သားတွေလိုပါပဲ ။ မတူပေမယ့် နီး
ကြပါတယ် ။ နီးစပ်တာကို အခွင့်အလမ်းအဖြစ် ပြောင်းလဲနိုင်ဖို့က “ငါတို့ ၊ ငါတို့အဖွဲ့ဆိုပြီး အ
ကောင်ထည်ဖေါ်လိုက်ရင် အပေါ်က “မလား” ပေါင်းများစွာကို သုံးစွဲလာနိုင်ကြမှာမို့ ဒီအဖွဲ့ဖြစ်
လာပေါ်လာတယ်လို့ ယေဘုယျ ပြောနိုင်တယ် ။ အမှန်ကတော့ ယထာဘူတကျတဲ့ စိတ်ထား ၊
ရိုးသားပွင့်လင်းမှုနဲ့ အပြန်အလှန် အကျိုးတူစေတနာတွေ ထားနိုင်ကြရင် ဘာအဖွဲ့မှ မလိုဘူးလို့
လဲ ပြောလို့ရတယ် ။ ဘယ်လိုဖြစ်ဖြစ် လူ့သဘာဝအရ တစ်လွှာတက်ပြီး အဖွဲ့ဖွဲ့တာကို အပြစ်မြင်
တာ မဟုတ်ပေမယ့် ဖြစ်တတ်တဲ့သဘောကို မြင်သလိုပြောတာပါ ။

     ကဲ အာဆီယံဖြစ်ပြီ ၊ ဗမာလည်း ပါလာပြီ ၊ ဆယ်နှစ်လည်း ကျော်ခဲ့ပြီ ။ ဒါပေမယ့် ဗမာက ခု
ထိ အခြား အာဆီယံအဖွဲ့ဝင်တွေနဲ့ စိတ်နေလည်း မနီး ၊ “ငါတို့” ဆိုတဲ့ အနေထားလည်း ဖြစ်မ
လာ ။ ဘာ မှားနေသလဲ ။

     နိုင်ငံတိုင်းမှာ လူ့အဖွဲ့စည်းအဖြစ် ဖွဲ့စည်းတည်ဆောက်ထားတဲ့ လူမှုအစိတ်အပိုင်းကလေးတွေ
ရှိပါတယ် ။ စစ်တပ်ဟာလည်း တစ်စိတ်တစ်ပိုင်းပါ ။ အဲဒီ တစ်စိတ်တစ်ပိုင်းထဲက အားလုံးကို (အ
စစ်အမှန်မဟုတ်ပဲ) ကိုယ်စားပြုဖို့ ကြိုးစားလေတော့ အခြားနိုင်ငံတွေရဲ့ လူမှုအဖွဲ့စည်းတစ်စုံလုံးကို
အတိုင်းတာတစ်ခုအထိ ကိုယ်စားပြုထားသူတွေနဲ့ အလွမ်းမသင့်တာ သိပ်တော့မဆန်း ။

     ဘယ်နေရာမှာ သတိထားမိနိုင်မလဲဆိုတော့ ... တိုင်းရင်းသားအဖွဲ့တွေနဲ့ ဆွေးနွေးတဲ့အခါ စစ်
တပ်အချင်းချင်းပဲ ဆွေးနွေးဖို့ ကမ်းလှမ်းတာမျိုး ၊ အခြားနိုင်ငံက စစ်အကြီးကဲတွေနဲ့ကျ အတော်
တန် အလွမ်းသင့်တာတွေဟာ “ငါတို့”ဆိုတာနဲ့ မကင်းပါ ။ လက်တစ်ဖက်ထဲနဲ့ “ငါ” တစ်ကိုယ်လုံး
ကို ကိုယ်စားပြုလို့ မရသလို ၊ နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုက “ငါတို့”ဆိုပြီး လုပ်လို့မရတဲ့သဘော
ကို ငါတကောကောခဲ့သူ အတော်များများ လစ်လျူ ရှုခဲ့ကြတာတော့ သေချာပါ ။

     ထားတော့ ။ စစ်အေးခေတ်မှာ ကွန်မြူနစ်နဲ့ အရင်းရှင် ၊ ခုခေတ်မှာ မွတ်ဆလင် အဖွဲ့တွေအ
ပါဝင် အစွန်းရောက်အဖွဲ့တွေကနေ အကြမ်းနည်းနဲ့ လုပ်ကိုင်ပြီး နိုင်ငံတည်ထောင်ဖို့တွေအထိ
ကြိုးစားလာခဲ့ကြတာကို သိကြမှာပါ ။ သူတို့လည်း “ငါတို့” နဲ့ “သူတို့” ဆိုတဲ့ အမြင်တွေကို တည်
ဆောက်သုံးစွဲခဲ့ကြတာကြောင့် ပြဿနာ ဝဲကယက်တွေထဲမှာ တဝဲလည်လည်ပါပဲ ။ ဒါတွေရဲ့ အ
ရင်းခံကတော့ ဘာသာအယူဝါဒတွေကို ဥပဒေပြုတာနဲ့ နိုင်ငံအုပ်ချုပ်ရေးတွေကနေ ခွဲထုတ်ဖို့ကြိုး
စားတဲ့ secularism လှုပ်ရှားမှုကြောင့်လို့ ထောက်ပြကြပါတယ် ။ ဒီဖြစ်စဉ်ကနေ သင်္ခန်းစာယူလို့
ရတာက အရာတိုင်းလိုလိုမှာ တန်ပြန်ဆန့်ကျင်တဲ့ အင်အားစုတွေ ရှိနေတာနဲ့ ၊ တစ်စုတစ်ဖွဲ့က
နေ အားလုံးကို အုပ်စီးဖို့ ကြိုးပမ်းတဲ့ အခါမျိုးတွေမှာ ဆန့်ကျင်မှုတွေ ရှိလာနိုင်ပြီး လုပ်ပုံကိုင်နည်း
လွဲချော်ရင် အားလုံးပဲ နစ်နာနိုင်တယ် ဆိုတာကိုပါ ။

     ဒါနဲ့ယှဉ်ပြီး ပြောရရင် မြန်မာပြည်မှာ ပြည်မ(ဗမာတွေ)ရဲ့ လက်ဝါးကြီးအုပ်ဖို့ ကြိုးပမ်းမှုတွေ
ကြောင့် တိုင်းရင်းသားအများစုရဲ့ တွန်းကန်မှုကို အကျိုးတူ ပြန်ရနေတာဆိုရင် လက်ခံနိုင်ကြမ
လား ။

     ခုနေမှာ ဒီမိုကရေစီစနစ်ကို ဦးတည်နေပြီ ၊ မကြာခင်မှာ ဒါမျိုးတွေ မရှိနိုင်တော့ဘူးလို့တော့
စိတ်ကူး မယဉ်စေချင်ပါ ။ ဒီမိုကရေစီစနစ်ဟာ နိုင်ငံရေးအရ ပြေလည်စရာ လမ်းစတွေနဲ့ ပိုနီး
လာစေတာ မှန်ပေမယ့် ၊ နိုင်ငံရေးပြေလည်တာဟာ လူမျိုးရေး ပြေလည်တာလို့ တစ်ဖက်သတ်
ရားသေမှတ်ယူလို့ မရပါဘူး ။ တဆက်ထဲမှာ ဗမာ အများစုနဲ့ မြို့နေ တိုင်းရင်းသားအချို့က
ကွဲပြားခွဲခြားမှုတွေ မခံစားမိဘူး ၊ အားလုံးကို သွေးချင်းတွေလို မှတ်ယူတယ် စသည်ဖြင့် ပြော
နိုင်ကြပါတယ် ။ ဒါကို ဆန့်ကျင်မပြောချင်ပါဘူး ၊ ဒါပေမယ့် လက်တွေ့ဘဝကို ငဲ့ကြည့်ရအောင် ။

     မြစ်ဆုံကိစ္စမှာ ခြိမ့်ခြိမ့်သဲခဲ့သမျှ ကချင်တွေအတွေက် ဘယ်သူတွေ ဘယ်လောက်အထိ ပြော
ကြသလဲ ၊ နှုတ်အားဖြင့် ကိုယ်အားဖြင့် စောင်မမှုတွေ ဘယ်လောက်ရှိခဲ့သလဲ ။ ကိုကျော်သူနဲ့ တစ်
ဖွဲ့ထဲကသာ ဒီကွက်လပ်ကိုဖြည့်ဖို့ ကြိုးစားခဲ့တာ တွေ့နိုင်ပါတယ် ။ မကြာခင်က လောပိတ ဓါတ်
အားတိုင်အောက်မှာ အာဏာပိုင်တွေ ထောင်ထားတဲ့ မိုင်းနင်းမိပြီး ကလေးနှစ်ယောက် သေသွား
တဲ့အဖြစ်ကို ကြည့်လိုက်ရင်လည်း မှတ်ချက်ပေးသူ အများစုရဲ့ “ငါတို့” နဲ့ “သူတို့” ဆိုတဲ့ သဏ္ဍာန်
ခွဲခြားမှုကို အထင်းသား မြင်ကြည့်လို့ ရပါတယ် ။ (လင့်)

     ဆီယိုပေါက်ရှာသလို အသေးစိတ် အပြစ်နာဆာရှာပြီး ပြောတာမျိုးဟာ မှားတာတွေ မဟုတ်ပေ
မယ့် အကျိုးမဖြစ်တာကြာင့် ချန်ထားခဲ့ပါ့မယ် ။ သေချာတာကတော့ သူတို့နဲ့ ငါတို့ဆိုတာမျိုးတွေ ရှိ
နေသမျှ ကာလပတ်လုံး မြန်မာပြည်မှာ လူမျိုးရေးအကြိတ်အခဲတွေ မပြေလည်နိုင်ပါ ။

   အားလုံးကို “ငါတို့”ဆိုပြီး စိတ်ထဲထားနိုင်ကြတဲ့ ကာလမှာမှ အားလုံးချောမွေ့တဲ့
           အကျိုးဖြစ်မယ့် လမ်းတစ်ခုကို အတူလျှောက်နိုင်ကြမှာပါ

     ကျနော်ကတော့ မျှော်လင့်ပါတယ် ။ ဒီလို မျှော်လင့်သူတွေ များလာပြီး လက်တွေ့မှာလည်း
အကောင်ထည်ဖေါ်ဖို့ ကြိုးစားသူတွေ အင်အားကောင်းလာတဲ့ တစ်နေ့မှာတော့ ....


မန်းကိုကို
၀၁ ၊ ၀၄ ၊ ၂၀၁၂

3 comments:

  1. စာလာဖတ်သူများ မပျင်းစေရေး .... တို့အရေး :-)
    (ကိုဝတုတ်ရဲ့ ဖေ့ဘွတ်က ကူးလာတယ်ဗျို့) ။


    Ko Watote

    အမျိုးသားရေးဝါဒဟာ အလောက်မဆိုးကြောင်းနဲ့ အမျိုးသားရေး ကိုကာကွယ်ပေးကြောင်းဝါဒပြန်ဖြန့်​တယ်။ အဒီမှာ ဟိုလိုကောက် ကိုငြင်းတဲ့စာပေ နာဇီဝါဒကို ကာကွယ်တဲ့အတွေးအခေါ်ထွက်လာတယ်။
    အကယ်၍ဝါဒ ၁ ခုက လူ တွေကိုသေစေတယ် ဆိုရင် စတာလင် ၊ မော်စီတုံး နဲ့ ခမာနီ လောက်ပြောယုံ နဲ့မလုံလောက်ဘူး ။ ၁၉၁၈ က ၂၀၁၂ အထိ အရင်းရှင်ဝါဒကြောင့် စကန့် တိုင်း စားစရာမရှိလို့ လူမသိပဲ သေနေသူတွေ ဘယ်လောက်ရှိလဲ ဆိုတာကို လဲ ပြောသင့်တယ် ။


    Amara Thiha

    နိုင်ငံတခုမှာ ကွန်မြူနစ်ပါတီ ရဲ့လှုပ်ရှားမှူ့မရှိပဲ အနီကြောက်ေ​ရာဂါရှိနေတာ အဒီနိုင်ငံမှာရှိတဲ့ အခြေခံလူတန်းစား ရဲ့ ဘဝအခြေအနေကို တိုက်ရိုက်ထင်ဟတ်နေ​တယ်။ အခြေခံလူတန်းစားဟာ အရမ်းနိမ့်ကျနေတဲ့အတွက် အုပ်ချုပ်သူ နဲ့ လူနဲစုအပေါင်းအပါတစုဟာ အခြေခံလူတန်းစား ထကြွမှာကိုကြောက်တဲ့အတွက် ဖြစ်တယ် ။ အခြေခံလူတန်းစားရဲ ဘဝ အခြေအနေကိုကောင်းအောင်မလုပ်ပဲ အမျိုးသားရေးဝါဒကို လမ်းကြောင်းပေးတယ် ။ ပြီးတို့အမျိုးသားရေးဝါဒဟာ အလောက်မဆိုးကြောင်းနဲ့ အမျိုးသားရေး ကိုကာကွယ်ပေးကြောင်းဝါဒပြန်ဖြန့်​တယ်။ အဒီမှာ ဟိုလိုကောက် ကိုငြင်းတဲ့စာပေ နာဇီဝါဒကို ကာကွယ်တဲ့အတွေးအခေါ်ထွက်လာတယ်။
    အကယ်၍ဝါဒ ၁ ခုက လူ တွေကိုသေစေတယ် ဆိုရင် စတာလင် ၊ မော်စီတုံး နဲ့ ခမာနီ လောက်ပြောယုံ နဲ့မလုံလောက်ဘူး ။ ၁၉၁၈ က ၂၀၁၂ အထိ အရင်းရှင်ဝါဒကြောင့် စကန့် တိုင်း စားစရာမရှိလို့ လူမသိပဲ သေနေသူတွေ ဘယ်လောက်ရှိလဲ ဆိုတာကို လဲ ပြောသင့်တယ် ။ စပိန် ၊ ပေါတူဂီ ၊ ချီလီ ၊ အဖရိကအရင်းရှင်နိုင်ငံတွေနဲ့ အာရှအရင်းရှင်နိုင်ငံတွေ ၊ အရှေအလယ်ပိုင်း အမျိုးသား နိုင်ငံတွေအကြောင်းမပြောတာ မရိုးသားတာပေါ့ ။ အခုရေးနေသူတွေက မော်ဒန်မြင့်ဝါဒ နဲ့ တခြားနိုင်ငံရေးဝါဒကို ရောချနေတာပဲ ။လူထုကိုမျက်ကွယ်ပြုတဲ့ မော်ဒန်မြင့်ဝါဒ ကိုအခြေခံတဲ့ ဘယ်နိုင်ငံရေးမှ လက်ခံစရာမရှိဘူး​ ။ လက်ရှိ နီယိုလစ်ဘရယ်က တတ်ကနိုအရတ်ကို အခြေခံတဲ့ မော်ဒန်မြင့်ဝါဒဆိုတာလဲ မမေ့သင့်​ဘူး ။

    ReplyDelete
    Replies
    1. Mahn Koko

      မော်ဒန်မြင့် ဆိုတာကို ခေတ်လွန်လို့ ဘာသာပြန်လို့ရမယ် ထင်ပါတယ် ။

      ကိုယ်ပဲ နားမလည်သေးလို့လား မပြောတတ်ဘူး အရင်းရှင် ၊ လစ်ဘရယ်နဲ့ ရှေးရိုးစွဲဝါဒတွေကို သီးခြားခွဲ မမြင်တတ်သေးဘူး ။ ရှေးရိုးစွဲဝါဒဟာ တကယ်တော့ ဝါဒတစ်ခု မဟုတ်ပဲ အခြားစနစ်တွေနဲ့ တွဲကပ်နေတတ်တဲ့ သဘာဝရှိတယ်လို့လည်း ဆိုကြတယ် ။ အဲဒီ ရှေးရိုးစွဲဝါဒရဲ့ အခြေခံ တစ်ချက်ကတော့ အောက်ခြေလူတန်းစားအတွက် လုံလောက်တဲ့ စားဝတ်နေရေး ဖူလုံနေစေဖို့ ဖြစ်ပါသတဲ့ ။

      အရင်းရှင်စနစ်ရဲ့ အားသာချက်က ကြုံလာတဲ့ အနေထားအပေါ် အလိုက်သင့် ပြောင်းလဲမှုတွေ မွေးမြူညှိနှိုင်း သုံးစွဲနိုင်တာလို့ မြင်ပါတယ် ။ ၂၀ ရာစု ပထမပိုင်း အထိတော့ အရင်းရှင် စနစ်ရဲ့ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး လုပ်ရပ်တွေက အိန္ဒိယ ငတ်မွတ်ခေါင်းပါးမှုလို ၊ ၁၉၃၀ ကာလ ကမ္ဘာ့ စီးပွားပျက်ကပ်တွေလို မဖြစ်သင့်တာတွေရဲ့ အကြောင်းရင်းခံတွေပါ ။

      ကွန်မြူနစ်/ဆိုရှယ်လစ်မှာ ဆုတ်သာ တက်သာနဲ့ အလိုက်သင့် ညှိနှိုင်းမှုတွေ နည်းပါးခဲ့တာကြောင့် ကျဆုံးသွားတယ်လို့ ယေဘုယျ ပြောလို့ ရမယ်ထင်ပါတယ် ။ ဒါပေမယ့် အလိုက်သင့် ပုံဖေါ်ဖို့ ကြိုးစားခဲ့တာတွေထဲ ဆိုရှယ်ဒီမိုကရေစီ စနစ်ဆိုရင် အလယ်လတ် လစ်ဘရယ်နဲ့က လမ်းတစ်လမ်းထဲက လမ်းကြောင်းနှစ်ကြောင်းမှာ အတူသွားနေ ကြသလိုပါပဲ ။ သြစတြေးလျမှာလို အလုပ်သမားပါတီနဲ့ လစ်ဘရယ်ပါတီ ဘာကွာသလဲမေးရင် ကုလားကြီးနဲ့ အရာကြီးလောက်တင် ကွာတာပါ ။ (ကွန်မြူနစ် ခေတ်ပြောင်း တော်လှန်ရေး ဆင်နွဲမှ ရမယ်ဆိုတဲ့ လူနည်းစုလည်း ရှိတော့ ရှိနေပါသေးတယ် ) ။

      အပေါ်ကတစ်ယောက် ပြောသလို လူမကောင်းလို့ဆိုတာ ဟုတ်လည်းဟုတ်သလို ဘယ်ဝါဒမဆို သတိထားရတဲ့ အချက်ပါ ။ တစ်ဖက်မှာလည်း ဘယ်စနစ်မဆို လူမကောင်းတာချည်း အပြစ်တင်နေရင်လည်း ကောင်းတာတွေ အလိုလို ဖြစ်လာနိုင်စရာ မရှိတာကြောင့် လက်တွေ့ တစ်ခုခုလုပ်မှ ရပါမယ် ။ ဒါက လူသားတွေရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ စိတ်အခြေခံကို လစ်လျူရှုလို့ မရပါဘူး ။ လစ်လျူခဲ့တဲ့ ကွန်မြူနစ်စနစ် ကျဆုံးပြီးခဲ့ပြီ ။ ခုလည်း လောင်းကစား တစ်မျိုးဖြစ်တဲ့ Wall Street လို ကိစ္စမျိုးတွေ ဖြစ်နေတုန်းပဲ ။ အခြေခံ အကျဆုံး လူ့လောဘကို ထိန်းကွပ်ဖို့ လိုနေပါတယ် ။

      အထိန်းကွပ်မဲ့ ဈေးကွက်စီးပွားရေး စနစ်ကို ယုံကြည်ခဲ့တဲ့ အမေရိကန် သူဋ္ဌေးကြီး ပေါလ်ဆန်တစ်ယောက် ကိုယ်တိုင် ဘဏ္ဍရေးဝန်ကြီးဖြစ်ပြီး ၂၀၀၈ အမေရိကန် စီးပွားပျက်လုလုကို ကြုံလိုက်ရမှ သူ့စိတ်ထားတွေကို ပြူတင်းပေါက်ကနေ လွင့်ပစ်ထုတ်ခဲ့ရတယ် ။ သူ့လို ဘဏ်လုပ်ငန်းရှင်တွေကို ဟောဒီမှာ ခင်ဗျားတို့ လိုက်နာရမယ့် အချက်တွေပဲ ၊ လက်မှတ်ထိုး ဆိုပြီး လုပ်ခဲ့ရတယ် ။

      ဒါကြောင့် "ဝေါစတရိကိုသိမ်းကြ" ဆိုတဲ့ လှုပ်ရှားမှုဟာ အကြောင်းမဲ့တော့ မဟုတ်ပါဘူး ။ လုပ်သင့်တဲ့ အစိတ်ပိုင်း တစ်ရပ်ပါ ။

      အခြား အကြောင်းရင်းခံနဲ့ အခြေနေတွေကို ခုန်ကျော်ပြောရရင် (မြန်မာရော ကမ္ဘာ အတွက်ပါ) ပညာရေးဟာ အဖြေ တစ်စိတ်တစ်ပိုင်းလို့ ယုံကြည်မိတယ် ။

      အဲ ... ဒီလောက်ပါပဲ ၊ အိမ်မှာ ဘူးသီးကြော် ကြော်စားဖို့ လူတွေလည်း လာနေကြပြီမို့ အာရုံလည်း ပျက်သွားပြီ ။ သိပြီးသားတွေကိုများ ဆရာလာလုပ် နေသေးတယ်ဆိုပြီး ဝိုင်းသာထုကြပါ .... :-)

      Delete
    2. Amara Thiha

      မော်ဒန်မြင့်က High Modernism ဆိုလိုတာပါ



      Mahn Koko

      Pot Modernism နဲ့ အယူမှားသွားတာပါ ။ ခေတ်မြင့် ဆိုပြီး ခပ်တည်တည် ထပ်ရွှီးရင် ကောင်းမယ်ထင်တယ် ။ ဘုမသိ ဘမသိ ဝင်လာတဲ့ ခေတ်ဆွေး အဖိုးကြီးကို ခွင့်လွှတ်ကြပါ :-)

      Delete