ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Saturday, August 27, 2011

စိတ်မုန်တိုင်း ဝရဇိန်



   ဆီးရီးယားမှာ စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက လက်နက်မဲ့ ဆန္ဒပြနေသူတွေကို မတန်တဆ
လက်နက်နဲ့ နည်းမျိုးစုံးသုံးပြီး နှိပ်ကွပ်နေတယ် ။ အမိန့်မနာခံတဲ့ စစ်သားတွေကို သတ်ဖြတ်ပြီး
ဆန္ဒပြသူတွေအပေါ် အပြစ်ပုံချခံနေရတယ် ။

   ဘယ်လိုမှ သည်းမခံနိုင်တော့တဲ့ စစ်သားအချို့နဲ့ အရာရှိငယ်အချို့က ပြည်သူတွေဖက်က ရပ်
တည်ဖို့ဆုံးဖြတ်လိုက်ကြလို့ အင်အားသုံးတောနင်းတဲ့ပုံစံတွေနဲ့ ခြေမှုန်းခံနေကြရတယ် ။ နိုင်ငံရဲ့
တည်နေရာနဲ့ ဆက်စပ်ပါတ်သက်မှုတွေက တည်ငြိမ်မှုပျက်ပြားမှုတွေကို လိုလားသှုနည်းစေတာ
ကြောင့် စွက်ဖက်ချင်သူမရှိလှပဲ နှိပ်ကွပ်ခံနေရသူတွေမှာတော့ အားကိုးရာမဲ့ပြီး ဒုက္ခတွေကို ခါး
စည်းခံနေကြရတယ် ။

   လစ်ဗျားမှာ ပြည်တွင်းစစ်ဖြစ်နေတာ ၆ လထဲ ရောက်နေခဲ့ပြီ ။
   အရှူံးဖက် တာစူနေပေမယ့် ရန်သူကို အမြစ်မကျန်ခြေမှုန်းမယ်လို့ ကြွေးကြော်နေတဲ့ ကဒါဖီနဲ့
ဟန်ချက်ညီညီ ဦးဆောင်မှုနည်းပါးနေသေးတဲ့ သူပုန်တပ်တွေရဲ့အကြား ဆီးဆောစီးသလို သူတစ်
ပြန် ကိုယ်တစ်ပြန် ဖြစ်နေကြရာက မကြာခင်တုန်းကပဲ မြို့တော်ထရီပိုလီဟာ ကျဆုံးသလောက်
ဖြစ်သွားခဲ့ရပြီ ။

   သူပုန်တွေရဲ့ကျောရိုးကို ရိုက်ချိုးနိုင်ခဲ့တယ်လို့လေထွားခဲတဲ့ ကဒါဖီရဲ့ ဒုတိယသားကြီး Saif al-Islam
တယောက် အောင်မြင်မှုသင်္ကေတတွေနဲ့ ရုပ်လုံးပြ သတင်းတိုက်စစ်ပြန်ဆင်ခဲ့ပေမယ့် ၊ အမြဲတမ်း
ကုတ်အင်္ကျီဝတ်ပြီး စမတ်ကျခဲ့တဲ့ သူ့လိုလူတစ်ယောက်အနေနဲ့ ၊ ပါးသိုင်းမွှေးတောင် မရိတ်နိုင်ပဲ
စွတ်ကျယ်လက်တိုကလေးနဲ့ ပြန်ပေါ်လာခဲ့တာဟာ အခြေယိုင်ညွှန်ကိန်းကိုသာ ပြဆိုနေပါတယ် ။

*          *          *

   ဆီးရီးယားအတွက် ကြေကွဲရမလိုလို ၊ လစ်ဗျားအတွက်ပဲ ဝမ်းသာရတော့မလိုလို ဖြစ်နေကြပေမယ့် ၊
တကယ်တန်း မြန်မာပြည်သူ ပြည်သားတွေအတွက် ဟာကနဲ ၊ ဟင်ကနဲ ၊ အိုကနဲ ဖြစ်စေခဲ့တာကတော့
(ဗိုလ်ချုပ်) ဦးသိန်းစိန်ဦးဆောင်တဲ့ မိန့်ခွန်း ၊ ကမ်းလှမ်းချက်နဲ့ သတင်းထုတ်ပြန်ချက်တွေပါ ။ ခန္ဓာကိုယ်
လွတ်မြောက်နေပေမယ့် စိတ်နှလုံးကိုတော့ ဓားစာခံအလုပ်ခံထားကြရသူတွေအတွက် ခါဆင်းသွား
အောင် ပစ်ချလိုက်တဲ့ စိတ်မုန်တိုင်း ဝရဇိန်လက်နက်ပစ်ချက်လို့ ခေါ်ရင်လွန်မလား ။

   အတိုက်အခံအဖွဲ့အစည်းတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ ခုလိုအခြေအနေမျိုးကို လုံးဝ
နီးပါး မမျှော်လင့် ပြင်ဆင်မထားခဲ့ကြဖူးလို့ ပြောရပါမယ် ။ ချွင်းချက်အနေနဲ့ ပြင်ဆင်မှုအချို့ရှိခဲ့နိုင်ပေ
မယ့် လက်ရှိအနေအထားမှာ မဟာဗျူဟာမြောက် ထိထိရောက်ရောက် တည်တည်ငြိမ်ငြိမ် တုန့်ပြန်
နိုင်တာမျိုးတွေ နည်းနေတယ်လို့ မြင်မိတယ် ။ လူမှုဆက်ဆံရေး တိုက်စစ်တစ်ခုဆင်လိုက်တာလို့
သဘောထားရင်တော့ ၊ အတိုက်အခံတွေဖက်က အငိုက်မိပြီး ဆုံးရှူံးမှုအတော်များသွားတယ်လို့
ပြောရလိမ့်မယ် ။

   တဖက်ကကြည့်ပြန်ရင် ဦးသိန်းစိန်ရဲ့ ပြောဆိုလုပ်ကိုင်ချက်တွေကို ရိုးရိုးရှင်းရှင်း တွက်လို့မရနိုင်ပြန်
ပြန်ဘူး ။ အနည်းဆုံးတော့ -

*  အချို့ပြောနေကြသလို အာဏာပိုင်တွေကြားမှာ သဘောထားပျော့ပြောင်းသူနဲ့ တင်းမာသူတွေဆိုပြီး
အမှန်ပဲ ကွဲနေသလား ၊
*  နိုင်ငံလိုငွေပြမှု ၊ အာဆီယံဥက္ကဌဖြစ်ရေးနဲ့ အရှေ့တောင်အာရှ အားကစားပွဲကျင်းပခွင့်ရရေးအပါအဝင်
စီးပွားရေး ၊ နိုင်ငံရေး ၊ လူမှုရေးအကျိုးအမြတ်နဲ့ ထွက်ပေါက်တွေအတွက် သင်္ကြန်အမြောက် ပစ်ထုတ်
လိုက်တာလား ၊
*  ဦးသိန်းစိန်ကနေဦးဆောင်ပြီး အာဏာပိုင်တစ်စိတ်တစ်ပိုင်းက တကယ်ပဲစေတနာအစစ်အမှန်နဲ့ စွန့်
စားမှုတွေ လုပ်လိုက်တာလား ၊
*  ကြိုတင်စီစဉ်ပြီးဖြစ်ဖြစ် ၊ သဘောထားတင်းမာသူတွေကဖြစ်ဖြစ် အာဏာသိမ်းဖို့ ရှိလာမလား ... ဆို
တာတွေကနေစပြီး မေးခွန်းပေါင်းများစွာ ၊ တွက်ချက်စရာနဲ့ ဆင့်ပွားတွေးတောစရာတွေကတော့ သိ
ထားတဲ့အချက်အလက်နဲ့ တွေးခေါ်နိုင်မှုအပေါ်တွေမှာမူတည်ပြီး ကျယ်ကျယ်ပြန့်ပြန့် ချဲ့ကားသုံးသပ်
ကြည့်ရင် အဆုံးဆိုတာ မမြင်ရလောက်အောင် ရှည်လျားမှာပါ ။

   နမူနာဆင့်ကဲတွေ တွေးကြည့်ရင်ပဲ -

*  အာဏာပိုင်တွေကြား သဘောထားပျော့ပျောင်းသူနဲ့ တင်းမာသူတွေ တကယ်ကွဲပြားနေတာဆိုရင်
တော့ တိုင်းပြည်အကျိုးအတွက် ပျော့ပြောင်းသူတွေကို အထောက်အခံလုပ်ပေးဖို့ လိုလာပါတော့မယ် ။

*  အကြပ်အတည်းတွေကြောင့် အပေါ်ယံမြင်ကောင်းအောင် လုပ်တာဆိုရင်လည်း ၊ လမ်းကြောင်းတွေ
က ပေါ်လာနေပြီမို့ အာဏာပိုင်တွေအနေနဲ့ အနည်းနဲ့အများ ဆက်လျှောက်ရတော့မှာဖြစ်ပြီး နိုင်ငံရေး
အကျဉ်းသားအချို့ လွတ်ပေးတာမျိုးတွေကအစ လုပ်လာရတော့မယ်လို့ ယူဆနိုင်ပါတယ် ။ ထင်သာ
မင်သာတဲ့ ပေါ်လစီအချို့ကိုလည်း မလွဲမသွေ ချပြလာရမှာဖြစ်သလို လက်ရှိမှာလည်း တိုင်းပြည်ရသုံး
ငွေစာရင်း တင်ပြတာမျိုးတွေ တွေ့လာရတာ လက္ခဏာကောင်းတွေလို့ ယူဆပါတယ် ။

*  ဦးသိန်းစိန်နဲ့အပေါင်းအပါတွေက မှန်ကန်တဲ့လမ်းကြောင်းဆီဦးတည်ပြီး တနိုင်တပိုင်ဖွင့်ထုတ်ဖို့ ကြိုး
ပမ်းနေတာသာဆိုရင် ၊ ယုံကြည်ရမှုတွေအပေါ်မူတည်ပြီး ပူပေါင်းဖို့ ပံ့ပိုးနိုင်ဖို့တွေအတွက် ကြိုတင်ပြင်
ဆင် နည်းလမ်းရှာဖွေထားဖို့တွေ လိုပါမယ် ။

*  လက်ဝါးရိုက်ထားပြီးသား ၊ ဒါမှမဟုတ် သဘောထားတင်းမာသူတွေက သူတို့လိုချင်တဲ့လမ်း မရနိုင်
တော့လို့ အာဏာသိမ်းတာမျိုးဖြစ်လာရင်ကော ဘယ်လိုရင်ဆိုင်ကြမလဲ - ဆိုတာကအစ ကြိုတင်တွေး
တောထားကြရပါတော့မယ် ။

   နောက်တဖက်မှာကလည်း ရှေ့ဆက်ရင်ဆိုင်လှုပ်ရှား တိုက်ပွဲဝင်စရာတွေလည်း အများကြီးရှိနေပါ
သေးတယ် ။ အထူးသဖြင့် ဧရာဝတီကိစ္စ ၊ ပြည်တွင်းစစ်ကိစ္စ ၊ အခြေခံဥပဒေကိစ္စတွေကနေစပြီး မဆုံး
နိုင်တဲ့စာရင်းတွေက တန်းစီနေပါတယ် ။

   ဧရာဝတီနဲ့ပတ်သက်လို့ပြောရရင် အင်မတန်ရှည်မှာပါ ။ ဦးကျော်ဆန်းငိုပြတဲ့ သတင်းစာရှင်းလင်းပွဲ
မှာပဲ ဒုညွှန်ကြားရေးမှူးတစ်ယောက်ရဲ့ ဧရာဝတီမြစ်အောက်ပိုင်းနဲ့ပတ်သက်တဲ့ အကျိုးသက်ရောက်မှု
တွေကို သုတေသနလုပ်နေဆဲလို့ ဆိုထားတာကြောင့် အာဏာပိုင်တွေရဲ့ ထင်ရာကို မစူးမစမ်း လက်
လွတ်စပယ်လုပ်တတ်တဲ့အလေ့ကတော့ ထင်ရှားနေပါတယ် ။ ကမ္ဘာပေါ်မှာ ဆည်ဆောက်လို့ ဆိုးကျိုး
သက်ရောက်မှုဖြစ်ခဲ့တာတွေကို အသေးစိတ်ရှာဖွေနှိုင်းယှဉ်ပြရရင် အင်မတန်ရှည်ပြီး အသက်ရှူပါကြပ်
သွားနိုင်ပါတယ် ။ အလွယ်ဆိုရင်တော့ အားနည်းတဲ့ရောဂါဖြစ်နေတာကို တရုတ်သိုင်းသမားအကူညီ
နဲ့ သွေးကြောပိတ်ကုသတဲ့ ပုံစံဖြစ်နေတယ်လို့ ပြောလို့ရနိုင်မလားပဲ ။ သွေးအလျှောက်နည်းလို့ မျက်
လုံးပြာခေါင်းမူးလာတဲ့အခါမှာ ခန္ဓာအစိတ်အပိုင်းတစ်ခုထဲ ထိခိုက်မှာမဟုတ်ပဲ တစ်ကိုယ်လုံး (တစ်နိုင်
ငံလုံး) အတိုင်းအတာနဲ့ မျှဝေခံစားကြရမှာဖြစ်သလို ၊ ကံကောင်းပါစေလို့ ဆုမွန်ကောင်းတောင်းရုံနဲ့
ပြီးတဲ့အရာလည်းမဟုတ်တာကြောင့် အရေးပေါ်လက်တွေ့ရင်ဆိုင်ကြရမယ့် စိန်ခေါ်မှုတစ်ခုပါပဲ ။

   အခြေခံဥပဒေ ၊ မူဝါဒ စတာတွေမှာတော့ အတိုက်အခံတွေအနေနဲ့ အာဏာပိုင်တွေရဲ့ ချမှတ်လက်ခံ
လုပ်ကိုင်နေတာတွေနဲ့ မတူပေမယ့် ၊ ဖြစ်နိုင်ခြေရှိတဲ့  လက်ခံနိုင်ခြေရှိတဲ့ ၊ ပြည်သူအများအကျိုး ရှိမှာ တွေကို ကြိုတင်တွေးတော ချမှတ်ပြင်ဆင်မှုတွေ လုပ်ထားသင့်ပါတယ် ။ ဒါတွေဟာ အာဏာလွဲပြောင်း
ရယူဖို့မဟုတ်ရင်တောင် နိုင်ငံအုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲရေးပိုင်းတွေအတွက် အသင့်ဖြစ်နေစေဖို့ ၊ ပြည်သူ
တွေရဲ့ လိုအပ်ချက်ကွက်လပ်တွေကိုဖြည့်ပေးနိုင်ဖို့ အသင့်ပြင်ဆင်ပြီးဖြစ်စေဖို့ပါ ။ E-grass လိုအဖွဲ့က
တောင် ပေါ်လစီအကြံပေးချက်တွေ လှိုင်လှိုင်သွင်းနေနိုင်ချိန်မှာ အတိုက်အခံလုပ်နေသူတွေအနေနဲ့
လက်ဗလာဖြစ်နေဖို့ မသင့်တာသေချာပါတယ် ။

   တဆက်ထဲမှာပဲ ပြည်တွင်းစစ်အပါအဝင် တိုက်ပွဲတွေ ၊ အင်မတန်ရုပ်ဆိုးတဲ့ဖြစ်ရပ်တွေကလည်း
ဆက်ဖြစ်နေဦးမှာ သေချာပါတယ် ။ နိုင်ငံအနှံ ဆည်တွေဆက်ဆောက်နေတာမျိုး ၊ မတရားထောင်
ဒဏ် ဆက်ချနေတာမျိုးတွေကစပြီး စနစ်ဟောင်းရဲ့ အမွေအနှစ်တွေကတော့ အချိန်အတိုင်းအတာ
တစ်ခုအထိ ကသောင်းကနင်း ဆက်ရှင်သန်နေဦးမှာပါ ။ ဆိုချင်တာက မှန်ကန်တဲ့ပြောင်းလဲမှုတွေ
ဖြစ်လာရင်တောင် ၊ အားလုံးချက်ချင်းပြောင်းသွားနိုင်မှာ မဟုတ်တာကြောင့် ဖြစ်လာတဲ့အနေအထား
နဲ့အညီ လိုက်လျောညီထွေလိုက်လျှောက်နိုင်အောင် ကြိုးစားသွားကြဖို့ပါ ။

   ပေါတာကြီး ၊ စောက်ရူးတွေ ၊ ငါက ရန်ငါစည်းပြတ်တဲ့ ရဲရဲတောက်ကွ ဆိုပြီး ပါးစပ်အရသာရှိရုံရှိပြီး ၊
ဘာမှဖြစ်မလာပဲ ကိုယ်နဲ့မတူသူတွေကို သွားဆွပေးနေသလိုသာ ဖြစ်တာမျိုးကိုဘေးဖယ်ပြီး လေးနက်
အကျိုးဖြစ်မယ့် ပြောဆိုလှုပ်ရှားလုပ်ကိုင်တာတွေနဲ့ အဖြေရှာဆွေးနွေးချိန်ကို ရောက်နေပြီဆိုတာ သတိ
ရှိနိုင်ကြပါမှ အကောင်းဖက်ကို ဦးတည်နိုင်ပါလိမ့်မယ် ။ ဒီလိုဆိုလို့လည်း မဟုတ်မမှန် မကောင်းတာ
တွေကို အပြုသဘောနဲ့ ထောက်ပြတာမျိုးတွေကို ရပ်လိုက်ဖို့တော့ မဟုတ်ပါဘူး ။

   ဒီလိုပဲ အာဏာပိုင်တွေဖက်က ရဲရဲတောက်ရပ်တည်ပြီး “ဒီမိုကရေစီလိုလားသူ ဒို့ရန်သူ”ဆိုပြီး လုပ်
လာနေခဲ့ကြသူတွေ အနေနဲ့လည်း သတိဝင်ဖို့အချိန်ကို ရောက်လာပါပြီ ။ ကိုယ်ထောက်ခံတဲ့ ၊ အား
ကိုးအားထားနဲ့ မှီတင်းနေခဲ့တဲ့ အဖွဲ့အစည်းအနေအထားနဲ့ခေတ်ကြီးဟာ ကုန်ဆုံးတတ်တဲ့သဘော
ရှိတယ်ဆိုတာ မြင်ကြရပါတော့မယ် ။ အထူးသဖြင့်ဝန်ထမ်းတွေဆိုရင် ကိုယ့်ဘဝဟာ ကမ်းနားသစ်ပင်
တွေလိုပဲဆိုတာ မမေ့ဖို့လိုပါ တယ် ။ မနေ့က ရန်သူလို့မြင်နေသူနဲ့ မနက်ဖြန်မှာ တစ်စားပွဲထဲထိုင်ပြီး
အလုပ်အတူလုပ်နေရတာမျိုးကို အချိန်မရွေး ကြုံလာနိုင်ပါတယ် ။ နေ့ချင်းညချင်းပဲ မှိုချိုးမျှစ်ချိုးပြောခဲ့
ကြတဲ့ ဒေါ်စုလိုပုဂ္ဂိုလ်မျိုးရဲ့ အုပ်ချုပ်မှုအောက်မှာ အလုပ်လုပ်နေမိလျက်သား ဖြစ်သွားနိုင်ပါတယ် ။
အဲဒီအခါကျ - မလုပ်ချင်ဘူး ၊ ညွှန်ကြားချက်တွေ မလိုက်နာချင်ဘူးဆိုပြီး အလုပ်ထွက်ကြရင်လည်း
နွေခေါင်ခေါင်မှာ ကတ္တရာလမ်းပေါ်ကျတဲ့ မိုးစက်တွေလိုပဲ ၊ လူမသိသူမသိ အငွေ့ပျံပျောက် ကွယ်သွား
ရုံပါ ။

   အတိုဆုံးအနှစ်ချုပ်ကတော့ ကိုယ့်အလုပ်ကိုယ်လုပ် ၊ ကိုယ့်လမ်းကိုယ်သွားရင်း ၊ ဖြစ်နေတာတွေ
ကို ခေါင်းထဲထည့်ပြီး အကောင်းဆုံးရင်ဆိုင်သွားနိုင်အောင် ပြင်ဆင်သွားကြဖို့ပါပဲ ။


မန်းကိုကို
၂၇ ၊ ၀၈ ၊ ၂၀၁၁

3 comments:

  1. အင်္ဂါဟူးAugust 28, 2011 at 2:49 AM

    အဲဒီအဖြစ်အပျက်တွေကို သေချာနားမလည်သူမို့...စိတ်ဝင်တစား ဖတ်မှတ်သွားပါတယ်...

    အကောင်းဆုံးကို ရင်ဆိုင်ဖို့ပဲ ပြင်ထားရမှာပေါ့ အစ်ကိုရေ။

    ReplyDelete
  2. စိတ်ဝင်စားတာကောင်းသလို ပြင်ဆင်ပြီးတော့ လိုအပ်ရင်လည်း ယုံကြည်ရာအတွက် လှုပ်ရှားသင့်ရင်လည်း လှုပ်ရှားဖို့ အားပေးချင်ပါတယ်ကွာ ။

    အထူးသဖြင့် ဧရာဝတီလိုကိစ္စမျိုးမှာ ထိခိုက်မှာက လူမျိုး ၊ ဘာသာ ၊ ယုံကြည်ချက်ဘောင်တွေကို ကျော်ပြီးထိမှာပါ ။ အများနဲ့ဆိုင်တာကို ဘာမှမယ်မယ်ရရ အကြောင်းအကျိုး တိတိကျကျ တင်ပြတာ ၊ သဘောတူတာ ၊ တာဝန်ယူတာတွေ မရှိပဲနဲ့ စမလုပ်သင့်ဘူးလို့ ငါကတော့ မြင်တယ် ။

    တဖက်မှာကလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဖက်မှာ နာမည်ပျက်ရှိထားတဲ့ ၊ တရုတ်ရဲ့ အရည်အသွေး သံသယရှိစရာကောင်းတဲ့ နည်းပညာတွေသုံးပြီး လုပ်သွားမယ့်အလုပ်တွေကို ၊ ယုံကြည်ပုံအပ်ရမယ့် ကိစ္စတွေကိုလည်း နှစ်ခါ သုံးခါပြန် စဉ်းစားစရာပါ ။

    ReplyDelete
  3. တရုတ်ရဲ့ အနေအထားကိုတော့ အရင်က အကျဉ်းချုံးရေးထားတာ နည်းနည်းရှိပြီးသားပါ ။ “လူသားနှင့် သဘာဝပတ်ဝန်းကျင် - တရုတ်နိုင်ငံ (၁) + (၂)” (http://mahnkoko.blogspot.com/2011/04/blog-post_20.html & http://mahnkoko.blogspot.com/2011/04/blog-post_22.html) မှာ ရှိပါတယ် ။

    မကြာခင်ကလည်း တရုတ်နိုင်ငံရဲ့ အရင်က ဆတ်ဆတ်အထိမခံခဲ့တဲ့ Three George Dam ရေကာတာနဲ့ပတ်သက်လို့ ဆိုးကျိုးအချို့ရှိပါတယ်ဆိုပြီး အာဏာပိုင်တွေက တရားဝင် အသိအမှတ်ပြုတာမျိုး ရှိလာခဲ့ပါပြီ ။ အတိုချုပ်ပြောရရင် ခုနေမှာ တရုပ်ဟာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေကို ပြည်ပပို့ကုန်လုပ်နေတယ်လို့ ပြောလို့ရပါတယ် ။

    ထားဝယ်ဖက်ကလို စီးပွားရေးအထူးဇုံ ၊ စက်မှုဇုံတွေတည်တာတွေရဲ့ ကောင်းကျိုးဆိုးပြစ်တွေလည်း ပြောစရာတွေမို့ နောက်အားမှ စုရေးပါအုံးမယ် ။

    ReplyDelete