ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Saturday, May 21, 2011

မှတ်ချက် ~ ဗမာတွေဆီမှာ ပြဿနာနည်းနည်းလေးရှိနေတယ် ။


     ကိုယ့်ပေါင် ကိုယ်လှန်ထောင်းလာတာလည်း များပြီဗျာ ၊ ကျိန်းများလည်း ကျိန်းနေပြီ ။
     ဒီတော့ ဗမာတွေအကြောင်း နည်းနည်းပြောမယ်ဗျား ၊ ခွင့်လွတ် ။
     ကိုယ့်ဆန်ရင်းတုန်းက နာနာထောင်းလို့ ငါတို့ဖက်တော့ လှည့်ကြိတ်ပြီကွလို့တော့ မထင်လိုက်
ပါနဲ့ဦး ၊ သာသာလေးပါ ...

                                   -------------------------------------

     ငယ်စဉ်ဘဝ ကာလတစ်လျှောက်ကို ပြန်ကြည့်ရင် သူငယ်ချင်းအမျိုးမျိုးတွေထဲမှာ မွတ်
ဆလင်ဘာသာဝင် သူငယ်ချင်းတွေ ရှိခဲ့ဖူးပါတယ် ။ ဒီကနေ့မှာ သူတို့ထဲက အတော်များများဟာ ကိုယ်
ပိုင်လုပ်ငန်းကိုယ်စီနဲ့ ရပ်တည်နေကြပါပြီ ။ ပြဿနာ အင်မတန်နည်းတဲ့သူတွေပါ ။

     တစစ ကြီးလာတာနဲ့အမျှ ကမ္ဘာ့တစ်စိတ်တဒေသ ခြေဆန့်ပြီး ၊ သတင်းနဲ့ ဗဟုသုတတွေနောက်
ရည်ရွယ်ရွယ် မရည်ရွယ်ရွယ် လိုက်လာမိတဲ့အခါမှာတော့ ကိုယ်သိခဲ့တဲသူငယ်ချင်းတွေနဲ့ ဘာသာ
တူပေမယ့် အမူအကျင့် အင်မတန်ခြားနားပြီး ဆိုးရွားတဲ့သာဓကတွေနဲ့ လူတွေကို တွေ့လာမိပါတယ် ။

     ရလဒ်တစ်ခုအနေနဲ့ မနှစ်က အတန်းဖေါ် အာဖရိကန်မွတ်ဆလင်လေးကို စကားတစ်ခွန်း ပြောမိ
ခဲ့ပါတယ် ။ “မင်းတို့ မွတ်ဆလင်တွေဆီမှာ ပြဿနာနည်းနည်းလေးရှိနေတယ်” ။
     အဲဒီကောင်လေး ပြုံးနေခဲ့တယ် ။

                                           ---------------------------------

     ငယ်စဉ်က ကြားဖူးခဲ့တဲ့ စကားပုံတစ်ခုရှိပါတယ် ။
     “ကိုယ်ထင်ရင် ကုတင်ရွှေနန်း” ပါ ။
     ဒါနဲ့ မကသေးပါဘူး ၊ ကျနော်တို့လူငယ်တွေကြားမှာ နောက်ပြောင်ပြီး ပြောဖြစ်တာက “ကိုယ်
ထင်ရင် ကုတင်ခြေလေးချောင်းပဲ” ပါ ။ ဟုတ်ပါတယ် ၊ ကုတင်ဆိုတာ ခြေခြောက်ချောင်း ၊ ရှစ်
ချောင်း စသည်ဖြင့် ကြိုက်သလို ရှိနိုင်တာပဲလေ ။

     ဒီလိုနဲ့ ကြီးပြင်းလာခဲ့တယ် ။
     ပရိဘောဂဆိုင်ကြီးတွေ ရောက်ဖူးလာတယ် ။
     ကုတင်တွေကိုကြည့်တော့ ခြေထောက်တွေမပါဘူး ၊ သေတ္တာကြီးတွေလိုပါပဲ ။

     ကျနော် မှားသွားခဲ့လား ။
     မမှားပါဘူး ၊ ကိုယ်သိသလောက် ဘောင်ထဲက တွေးခဲ့ ပြောခဲ့တာပဲလေ ။
     ရှက်ကော မရှက်ဖူးလား လို့မေးရင်တော့ ..
     ပထမတော့ ရှက်သလိုလိုပါပဲ ၊ နောက်တော့ ဘယ်သူ့မှ မထိခိုက်ခဲ့ဖူးဆိုတာ စဉ်းစားမိလို့ သင်္ခန်းစာ
ယူစရာအနေနဲ့ပဲ အမှတ်ထားခဲ့ပါတော့တယ် ။

                               ===========================

     ဒီရက်ပိုင်းအတွင်းမှာတော့ Aung.info ဘလော့ (ဆိုဒ်) မှာ သွားဖတ်ရင်း မနေနိုင်မထိုင်နိုင်
မပြည့်မစုံ မှတ်ချက်အချို့ကို သွားပေးမိပြန်ပါတယ် ။ ကျိုးကြောင်းမကျတဲ့ ကွန်မန့်ရှည်အချို့
ကြောင့်ပါ ။ တိုင်းရင်းသားတွေအပေါ် အပေါ်လေစီးကြောင်းတွေ စီးဆင်းသွားသလိုပဲလို့ ပြောရ
လောက်ပါတယ် ။

     အင်အားကြီးတဲ့ဘက် ၊ အသာရနေတဲ့ဘက်က အပေါ်လေရိုက်တာ မဆန်းပါဘူး ၊ လူ့သဘာ
ဝပါ ။ မှားတယ်တို့ ၊ စော်ကားတယ်တို့လို့တော့ မပြောလိုပါဘူး ။ ဒါပေမယ့် ဒီလိုသဘောထားတွေ
ရဲ့ ဆန့်ကျင်တဲ့အနေအထားဖက်မှာ အချို့တိုင်းရင်းသားတွေကနေ “မဟာဗမာ” တွေလို့ သုံးနှုန်း
တဲ့အခါမျိုးမှာ ဘာဖြစ်လို့များပါလိမ့်လို့ အံသြနေရင်တော့ မှန်ထဲကြည့်ပြီး မြင်ချင်တာကိုပဲ မြင်တဲ့
သူနဲ့ တူနေပါလိမ့်မယ်လို့ လက်တို့ထားပါရစေ ။

     ဒါနဲ့ပတ်သက်လို့ အထင်ကြီးအောင် ပြောချင်ရင် အင်္ဂလိပ်လို the law of reciprocity လို့
သုံးတတ်ကြပါတယ် ။ ဗမာလိုတော့ “အညမည” သဘောပါတဲ့ ။ အမှန်က ဘာမှမဟုတ်ပါဘူး ၊
အလွယ်ပြောတော့ တူညီတဲ့ တန်ပြန်အကျိုးပါပဲ ။

     ဒါနဲ့ မပြီးပါဘူး ။
     ဒီလိုရေးထားတဲ့မှတ်ချက်ကို (like/dislike) နဲ့ ထောက်ခံလိုက်ကြတာများ ပြစ်မျိုးမှဲ့မထင်ဆို
ရလောက်အောင် တဖက်သတ် အုံလိုက်ကျင်းလိုက်ပါ ။ ဒါကိုက ဗမာတွေရဲ့ ယေဘုယျသဘောကို
ထင်ဟပ်ပြတယ်လို့ ကျနော်ကတော့ သွားမြင်တယ် ။ ဒါပေမယ့် ယေဘုယျအားဖြင့် ဖတ်ပြီး အကြမ်း
ဖျင်းထောက်ခံကြတာလို့တော့ သံသယရဲ့အကျိုးအနေနဲ့ အကောင်းဖက်က မြင်ပေးတာက ပိုကောင်း
မလားလို့တော့ တွေးမိပါတယ် ။ (အာပေါင်အာရင်းသန်သန်ပြောသွားသူနဲ့ မဆင်မခြင်ထောက်ခံမိ
သူတွေ အသင့်အတင့်များတာမို့ “ဘုန်းကြီးရူးနဲ့ လှေအလူး” လို့ နာမည်တပ်ရမှာကလည်း အန္တရာယ်
ကြီးလွန်းမယ် ထင်ပါတယ်) ။

     ဒီနေရာမှာ သတိရမိတာက “မတရားမှုကို လက်ပိုက်ကြည့်နေရင် ၊ မတရားမှုကို အားပေးတာနဲ့
အတူတူပဲ” ဆိုလား ပြောကြပါတယ် ။ မလုပ် ၊ မရှုပ် ၊ မပြုတ် ဆိုတဲ့ အပြုအမူကို တခါတရံ ကျင့်သုံး
တတ်တဲ့ကျနော်ကတော့ ဒီစကားနဲ့ပတ်သက်ပြီး မေးလာရင် ၊ မဖြေချင်ပေမယ့် သဘောတူ လက်
ခံတဲ့ဖက်က နေရတော့တာပါပဲ ။ မှန်တာကို လက်ခံသင့်တယ်လို့လည်း ယုံကြည်ယူဆပါတယ် ။
တစ်လက်စထဲဆက်စပ်ပြီး အတွေးပေါက်တာက ကျနော်တို့ တစ်လှေထဲစီး တစ်ခရီးထဲ သွားနေကြ
ရသူတွေအဖို့ ၊ လူတစ်ဝက်ပဲ လိုရာခရီးရောက်သွားကြတယ် ဆိုတဲ့အဖြစ်မျိုး မဖြစ်နိုင်ဘူးလို့ တွေး
မိပါတယ် ။

     ဒီတော့ ဘယ်လိုပဲဖြစ်ဖြစ်ဗျာ ၊ ခင်ဗျား ဆိုင်တယ်ထင်ထင် ၊ မဆိုင်ဘူးထင်ထင် အချုပ်အားဖြင့်
စကားလေးတစ်ခွန်းတော့ မိတ်ဆွေတစ်ယောက်အနေနဲ့ ပြောပါရစေ ...

                      “ဗမာတွေဆီမှာ ပြဿနာနည်းနည်းလေးရှိနေတယ် ” ။


မန်းကိုကို
၁၂၊ ၀၅၊ ၂၀၁၁


- မှတ်ချက် အကျယ်ကို ဖတ်ဖို့ http://www.aung.info/?p=1979 မှာ အရောက်သွားဖို့ လိုပါမယ် ။
- ကျနော် သွားပေးမိတဲ့ မှတ်ချက်တွေကိုတော့ အောက်မှာ ပြန်ထည့်ထားပေးပါ့မယ် ။
- ထပ်ဆင့် ဆွေးနွေးချက် အချို့ကို အောက်မှာပဲ (ကိုယ့်ဘလော့နဲ့ကိုယ်) စိတ်လက်ချမ်းသာ ဆွေးနွေး
  ပေးသွားပါ့မယ် ... :-)

11 comments:

  1. Not a little. Too Much.

    ReplyDelete
  2. ကိုမန်ရေးကျနော်ကိုမန်စီအလည်လားရင်အမှတ်မထင်မောင်အောင်စီရောက်သွားတယ်ကျနော်ကွန်မတ်၂ခုရေးတခုကိုဖြတ်တောက်ပြီတင်ပေးပါတယ်ကျန်းတခုကတောတင်ကိုမတင်ပေးပါဘူးဒီအတိုင်ဆိုရင်တောကျနော်တိုတိုင်းရင်းသားတွေနဲဒီလူတွေနဲတောရှေဆက်ဖိုသိမ်ကိုမလွယ်သေးဘူးလိုကျနော်ထင်တယ်

    ReplyDelete
  3. ကွန်မန့် သွားပေးတာ တွေ့မိပါတယ် ။

    ဘယ်လို ကြုံရသလဲ ၊ ခံစားလာရသလဲ ဆိုတာမျိုးတွေကို နားလည်ပေးလို့ ရပါတယ် ။ ဒါပေမယ့် တဖက်မှာလည်း ဘလော့ပိုင်ရှင်ဖက်က မြင်ကြည့်ဖို့ လိုကောင်း လိုပါမယ် ။ အဲဒီကမှ နောက်တစ်ဆင့်ကတော့ ကိုယ်ဘာထင်ထင် ဘာပြောပြော သူတပါး အလွယ်တကူ လက်ခံမယ် ၊ လက်ခံရမယ်လို့ တထစ်ချ ယူဆထား ၊ မျှော်လင့်ထားလို့ မရဘူးဆိုတာကို စိတ်ထဲထားနိုင်ရင် ထားထားဖို့ပါ ။

    မြင်မိတာကတော့ အဲဒီဘလော့ ပိုင်ရှင်မှာ ထောက်ပြစရာ သိပ်မရှိလှပါဘူး ။ ဖြစ်နေတာက pyae phyo kyaw ဆိုတဲ့ အင်္ဂလန်က ကွန်မန့်လာရေးတဲ့ သူတစ်ယောက်ကြောင့်ပါ ။ ဒီပို့စ်မှာ ရည်ရွယ်တာလည်း သူ့ကိုပဲ ရည်ရွယ်ပါတယ် ။ အောက်မှာလည်း ကွန်မန့်အချို့ ရွေးထုတ်ပြ ထားပါဦးမယ် ။

    နောက်တစ်ခုက မြန်မာပြည်မှာ ဗမာအပါအဝင် တိုင်းရင်းသား အားလုံးဟာ ၊ အတူ ဆက်နေသွားကြရဖို့ပဲ ရှိပါတယ် ။ ဒါကြောင့် သင့်တင့်အောင် ပြောဆိုဆွေးနွေး ထောက်ပြ ညှိနှိုင်းသွားဖို့သာ တစ်ခုတည်းသော အကောင်းဆုံး နည်းလမ်းလို့ ယူဆပါတယ် ။ အခြားနည်းလမ်းတွေက ဘေးကနေ ရံပေးရမယ့် အရာတွေပါ ။

    ဒီတော့ ပြောချင်တာက ၊ ဒီဘလော့ဟာ အားလုံးအတွက် ပေါင်းကူးတံတား တစ်ခုလို တစ်ဖက်တစ်လမ်းက လုပ်ပေးနေတာပါ ။ အခွင့်အလမ်းတွေ ဖြစ်လာအောင် ဖေါ်ထုတ်ပေးသွားဖို့ ရည်ရွယ်ပြီး ပြဿနာဖြစ်လာ ကြီးလာအောင် မရည်ရွယ်ပါဘူး ။ ဒါကြောင့်လည်း ပြောချင်တာ ၊ သိစေချင်တာတွေကို သွယ်ဝိုက်ပြီးဖြစ်စေ ၊ အရိပ်အမွက်လောက်ဖြစ်စေ ၊ ယဉ်ယဉ်ကျေးကျေးဖြစ်စေ အားလုံး ပေါင်းဆုံစုံလင်အောင် တွေးရ ရေးရ ပြောရပါတယ် ။ ဒါကို နားလည်ပေးနိုင်ကြဖို့ အပြည့်အဝ မမျှော်လင့်ပေမယ့် ၊ အတိုင်းအတာ တစ်ခုအထိ နားလည်ကြဖို့ ပြောချင်ပါတယ် ။

    ဒီလိုပဲ တစ်ဖက်မှာလည်း ဖြစ်နိုင်ရင် ကိုယ်ပိုင် ဘလော့ ၊ ဝက်ဘ်ဆိုဒ် စတာတွေ တစ်ခုခုကို ထောင်ပြီး လုပ်ကိုင်ကြည့် ၊ လှုပ်ရှားကြည့်ပါ ။ လူများများနဲ့ တွေ့ ၊ ကြုံ ၊ ဆုံပြီး ပြောဆို ၊ ဆွေးနွေးတာတွေ လုပ်မိလာတာနဲ့အမျှ ကိုယ်ပိုင် အတွေးအမြင် အသိတွေဟာလည်း ပြောင်းလဲလာတတ်ပါတယ် ။ နောက်ဆုံး ဆဲဆို ရန်ဖြစ်ချင်တယ်ဆိုလည်း ကိုယ့်ဆိုဒ်မှာ ကြိုက်သလို လုပ်လိုက်ပါ ၊ အနည်းဆုံးတော့ စိတ်ပေါ့သွားပါလိမ့်မယ် ။ နောက်တော့မှ ရလာတဲ့ အတွေ့အကြုံ အသိတွေနဲ့ အကောင်းဆုံး ထင်တဲ့လမ်းကိုရွေးပြီး လျှောက်လိုက်ဖို့ အကြံပေးချင်ပါတယ် ။

    ReplyDelete
  4. အောက်မှာက ပထမ သွားပေးထားမိတဲ့ ကွန်မန့်ပါ ။
    ---------------------------------------------------

    #20 written by မန်းကိုကို
    about 2 day ago


    pyae phyo kyaw အတွက် ..

    ကွန်မန့်ရေးဖို့ စိတ်ကူးမရှိပေမယ့် အပေါ်ကကွန်မန့် အရှည်ကြီးကိုဖတ်ရင်း အတော်လေး ချွန်ထွက်နေတဲ့ စာကြောင်းလေး အချို့ကို တွေ့မိလို့ ရွေးထုတ်ကြည့်လိုက် ပါတယ် ။ ဘလော့ပိုင်ရှင်ကတော့ တင်ပေးကောင်းပါရဲ့ ။

    လိုရင်းကတော့ ..

    - စစ်ဖြစ်ပါပြီ ဆိုမှတော့ ရန်သူ ရှိတယ် ထင်တဲ့နေရာကို ကြိုက်တဲ့ လက်နက်နဲ့ ကြိုက်သလို ပြစ်ခွင့်ရှိတာပဲ။

    - တိုင်းရင်းသား တပ်ပေါင်းစုကို ခေါင်းဆောင်မဲ့ သူကလဲ ဗုဒ္ဓဘာသာ ဗမာ လူမျိုး ဖြစ်မှရမယ်။

    - မြန်မာလူမျိုးတွေက မင်းလောင်းမျှော်တဲ့ အကျင့် အတိုင်း ကျနော်လဲ ကျနော်တွေးသလို ခေါင်းဆောင်နိုင်မဲ့ ခေါင်းေ ဆာင်မြန်မြန်ပေါ်ပါစေလို့သာ ဆုတောင်းနေရပါ တော့သည်။

    စာတစ်ပိုဒ်မှာ မော်တော်ကား မက္ကနစ်လို ၊ တစ်စစီ ဆွဲဖြုတ် ပိုင်းခြားကြည့်လို့တော့ ရပါတယ် ။ ဒါပေမယ့် ဒီနေရာမှာတော့ ဘာမှ ဝေဖန်ချက် မပေးလိုပါဘူး ။ အခြား စိတ်ပါဝင်စားပြီး ထင်မြင်ချက် ပေးချင်သူတွေ ရှိရင်သာ ပေးနိုင်ဖို့ ရွေး ထုတ်ပြထား တာပါ ။ စကားပလ္လင် တစ်ခုပဲ ခံချင်ပါတယ် ။ အခု ဒီမှတ်ချက်ဟာ လူမျိုးရေးနဲ့ မဆိုင်ပါဘူး ။ အားလုံး အတွက်ပါ ။

    This comment comes from: Australia
    Like 1 Dislike: 4.
    -------------------------------------------

    သတိပြုစရာက ဒီကွန်မန့်ဟာ ဆိုဒ်ပိုင်ရှင်ကို ပြောထားတာ မဟုတ်ပဲ အဲဒီပို့စ် (http://www.aung.info/?p=1979 ) အောက်မှာ pyae phyo kyaw ဆိုတဲ့ နာမည်နဲ့ ကွန်မန့်ရှည် လာရေးသွားသူကို ဦးတည်ထားတာပါ ။

    ReplyDelete
  5. ဒါ့ပြင် ကိုယ့်ဘာသာ အားမရတာနဲ့ အခြားသူတွေရဲ့ တုံ့ပြန်မှုတွေကို ကြည့်မိပြီး နောက်ထပ် ပေးမိတဲ့ကွန်မန့်ကတော့ အောက်ကအတိုင်းပါ ။
    -----------------------------

    #24 written by မန်းကိုကို
    about 2 day ago

    ဘလော့ရှင်ကနေ ဆွဲထုတ်ထားပေးတဲ့ ပထမစာကြောင်းရဲ့ တဝက်ကို ထင်မြင်ချက်ပေးသွားတာ ဝမ်းသာပါတယ် ။

    အခု ဒုတိယအကြိမ် ကွန်မန့်ထပ်ပေးရတာက ကျနော် ထုတ်ပေးထားခဲ့တဲ့ စာကြောင်းတွေဟာ raw data တွေလိုဖြစ်ပြီး လိုရာဆွဲ အဓိပ္ပါယ်ကောက်လို့ ရနိုင်တဲ့ အနေအထားမျိုးနဲ့ ချန်ထားရစ်ခဲ့သလို ဖြစ်နေရင် တာဝန်မကင်းမှာ စိုးလို့ပါ ။

    ကျနော့် တစ်ယောက်ထဲအမြင်နဲ့ စကားလုံးတွေကို ခွဲထုတ်ကြည့်ပါမယ် ။

    ** ပထမစာကြောင်းမှာ ပထမအဆင့် အနေနဲ့ အနည်းဆုံး –

    - “ရန်သူ ရှိတယ် ထင်တဲ့နေရာ” နဲ့
    - “ကြိုက်တဲ့ လက်နက်နဲ့ ကြိုက်သလို ပြစ်ခွင့်” ဆိုပြီး စကားနှစ်စု ခွဲမြင်မိပါတယ် ။

    ဒါတွေနဲ့ တွဲဖက်စဉ်းစားရာမှာ
    - “လူ့ကျင့်ဝတ်” နဲ့ “ထိန်းချုပ်ထားတဲ့ ဥပဒေ” တွေ ရှိသလား ၊ ထိန်းသိမ်းသင့်သလား ၊ ဘယ်သူတွေ ထိန်းသိမ်းသလဲ ၊ စာဖတ်တဲ့သူရဲ့ ပင်ကိုယ်သဘောထား ဆိုတာတွေ ပေါ်လာနိုင်ပါတယ် ။

    ** ဒုတိယစာကြောင်းမှာတော့ -

    - “တိုင်းရင်းသား တပ်ပေါင်းစု” နဲ့
    - “ဗုဒ္ဓဘာသာ ဗမာ လူမျိုး ခေါင်းဆောင်” ဆိုပြီး ခွဲခြား မြင်မိပါတယ် ။
    ဒီစာကြောင်းအတွက် ဘာမှ ဆွဲထုတ်မပြချင်ပါဘူး ။ ဒါပေမယ့် စိတ်ဆန္ဒ ရှိရင်တော့ “တိုင်းရင်းသား” ဆိုတဲ့ စကားလုံးကိုပဲ အဓိပ္ပါယ်ဖွင့် သုံးသပ်ကြဖို့ အဆိုပြုချင်ပါတယ် ။

    ** တတိယ စာကြောင်းဟာ မှတ်ချက်ပေးသူရဲ့ ခြုံငုံပြောဆိုချက် တစ်ချက်လို့ ပြောနိုင်ပါတယ် ။ ဘလော့ပိုင်ရှင်လိုပဲ ကျနော်လည်း ထင်မြင်ချက် မပေးချင်ပါဘူး ။

    တစ်ခုပဲရှိတာက ဖတ်တဲ့သူ ၊ ကြည့်တဲ့ရှုထောင့်နဲ့ အတွေးအလွှာအပေါ် မူတည်ပြီး အဓိပ္ပါယ်နဲ့ ကောက်ချက် အတော်များများ ဆွဲလို့ရတယ်လို့ပဲ မှတ်ချက်ပြုလိုပါတယ် ။

    ** ဒီမှတ်ချက်မှာ တစ်ခုတိုးပြီးပြောစရာ ရှိလာပါတယ် ။

    “အပြည်ပြည် ဆိုင်ရာ စစ်ဥပဒေ အရ တားမြစ်ထားတဲ့ လက်နက်တွေလဲ စစ်တပ်မှာမရှိ သေးပါဘူးဗျာ။” ဆိုတဲ့ မှတ်ချက်ပါ ။

    လူတစ်ယောက် ကားတိုက်ခံရတာကို တွေ့လိုက်တဲ့ လူတွေကို မေးမြန်းစုံစမ်းတဲ့အခါ ၃ ယောက်က ၃ မျိုး ပြောတာမျိုး ဖြစ်တတ်ပါတယ် ။ ကြည့်တဲ့နေရာ ၊ မြင်ရတဲ့မြင်ကွင်း ၊ ယာဉ်စည်းကမ်း နားလည်မှု စတာတွေအပေါ် မူတည်ပြီး ကိုယ့်ထင်မြင်ချက်တွေပါ ထည့်လာကြတဲ့အခါမှာ ကွဲပြား သွားတတ်တာမျိုးပါ ။ တစ်ဆင့်ခံ ၊ နှစ်ဆင့်ခံ ကြားရတဲ့ သူတွေဆီမှာ ဘယ်လို ကွဲပြားလာမယ်ဆိုတာ ကိုယ့်စီအတွေ့အကြုံနဲ့ နှိုင်းချိန်ကြည့်ကြလို့ ရနိုင်ပါတယ် ။

    အဲဒီမှတ်ချက်ကို မှန်တယ် ၊ မှားတယ် မပြောလိုပေမယ့် ၊ ပြည်မ နေသူ ၊ ပြည်နယ် နေသူ ၊ နယ်စပ်နေသူ ၊ စစ်မျက်နှာပြင်မှာ တိုက်နေကြသူ ၊ နားထောင်တဲ့ သတင်းဋ္ဌာန ၊ ကြားရတဲ့ (first hand or secondary) စကား ၊ ကိုယ်မှီတင်း ရှင်သန်နေတဲ့ အသိုင်းအဝိုင်း ပတ်ဝန်းကျင်အပေါ် မူတည်ပြီး အဆိုတစ်ခုကို လက်ခံတယ် ၊ လက်မခံဖူးဆိုပြီး ကွာခြားတတ်တာကိုတော့ လက်နည်းနည်း တို့လိုပါတယ် ။

    ဒါနဲ့ ဘာကြောင့် ဒီလောက် အရှည်ကြီး လျှောက်ပြောနေတာလဲ ဆိုပြီး ပြောစရာ ဖြစ်လာနိုင်ပါတယ် ။

    ကျနော့်အမြင်မှာတော့ ခုလို ငြိမ်သက်နေတဲ့ အချိန်မှာ ကျိုးကြောင်းကျတဲ့ စကားတွေဟာ သက်ရောက်မှု ရှိပါတယ် ။ လူတွေအတွက် စကားတွေနဲ့ ပတ်သက် ဆက်နွယ်နေတာတွေကို ဝေဖန်ပိုင်းခြား လက်ခံဖို့ အချိန်ပေးနိုင်ကြပါတယ် ။

    ဒီတော့ ဒီလိုအချိန်မှာ ပြောဆိုတာဟာ အသင့်တော်ဆုံးလို့ ယူဆလို့ ပြောပြကြည့်တာပါ ။ တိုင်းရေးပြည်ရေး မငြိမ်သက်တဲ့ အခါမျိုးတွေကျမှ ဘာစကားမှ သွားပြောလို့ မတိုးနိုင်တော့ပါဘူး ။ အချိန်ရတုန်းက တွေးခဲ့တာတွေသာ အုတ်မြစ်အဖြစ် အမြစ်တွယ်ပြီး လှုပ်ရှား လုပ်ကိုင်သမျှကို လမ်းညွှန်သွားနိုင် ပါတော့မယ် ။

    နောက်ဆုံး မှတ်ချက်ပြုချင်တာလေး အချို့ကတော့ လူမျိုးရေး ၊ ဘာသာရေးတွေမှာ ထိပ်တိုက်ရင်ဆိုင်ကြတာ ဘယ်သူ့ကိုမှ အကျိုးအမြတ် မပေးနိုင်ပါဘူး ။ ဒါ့ပြင် အပေါ်မှာ like / dislike တွေရဲ့ pattern တွေကို ကြည့်ပြီးတော့လည်း ၊ အများစုဟာ average အားဖြင့်သာ တွေးတောပြီး ရွေးချယ်ထားကြတယ်လို့ ယုံကြည်ပါတယ် ။

    လူတစ်ယောက်အတွက် critical thinker, semiologist ဖြစ်စရာ မလိုပါဘူး ၊ ကုလားထိုင်မှာ ကျောလေးမှီထိုင်ပြီး စိတ်အေးလက်အေး တွေးလိုက်ရုံနဲ့ ပိုပြီးတိကျ ရှင်းလင်းတာတွေကို မြင်လာနိုင်ပါတယ် ။ နောက်တစ်ဆင့်အနေနဲ့ လက်ခံဖို့နဲ့ ကျင့်သုံးဖို့ပဲ ကျန်ပါတော့မယ် ။

    ချမ်းသာ ကိုယ်စိတ် မြဲနိုင်ကြပါစေဗျာ ။

    This comment comes from: Australia
    Like 1 Dislike: 1.
    ------------------------------------------

    ** သူများ ဆိုဒ်မှာ သွားဆွေးနွေးထားတာမို့လို့ ထိန်းထိန်းသိမ်းသိမ်း ရေးထားခဲ့တာပါ ။
    ပြောသင့်တာအချို့ကို အောက်မှာ ဆက်ဆွေးနွေးသွားပါဦးမယ် ။

    တစ်ခုရှိတာက ကျနော် ရည်ရွယ်ပြီး ပြောနေတဲ့လူ(ငယ်)ဟာ အမြဲတမ်း တသမတ်တည်း ဖြစ်သွားလိမ့်မယ်လို့လည်း မယူဆပါဘူး ။ သူ့အသိအမြင်တွေဟာ အတွေ့အကြုံတွေ ရလာတာနဲ့အမျှ ပြောင်းလဲသွားနိုင်ခြေ ရှိတယ်လို့လည်း နားလည်ထားပါတယ် ။

    ReplyDelete
  6. ကိုမန်းရေ... ကျနော့် အတင်း ပြောနေသံကြားလို့ ဝင်လာတာ (ဟဲဟဲ နောက်တာပါ) ပထမ တစ်ခုက James ဆိုတဲ့ ကွန်မင့်ကို မတင် ပေးဖူးဆိုတာ မဟုတ်ပါဖူး၊ အကုန်တင်ပေးပါတယ်။ ရောက်မလာတာ ဖြစ်မယ် ထင်တယ်။ တစ်ခုကတော့ ဖြတ်တောက်တာ ဟုတ်ပါတယ် ဘဲ့နယ် ကြက်ဖင်-ကြက်ေxာက်ပတ် အဲသည်လို ဥပမာ သုံးလို့ မရဖူးလေ (ခုတော့ သူများ ဆိုဒ်မို့လို့ ဝင်သုံးတာ) နောက်တစ်ခုက ခလေးတွေ (အသက် ၂၀ ဝန်းကျင် လူငယ်များ) ဆိုတာ ခုမှ လူရာဝင်ခါစ တွေ ဖြစ်တော့ ကျနော်တို့ ငယ်ငယ် ကလိုပါဘဲ၊ သူတို့မှာ သန်မာတဲ့ တွေးခေါ်အားတော့ နည်းပါတယ်။ သို့သော် ထိုးဖောက်တဲ့ တွေးခေါ်အား ကောင်းတာတော့ တွေ့ရပါတယ်။

    ReplyDelete
  7. အပေါ်က ကွန်မင့်က ခလေးတွေ အသက် ၂၀ ကျော် ဝန်းကျင် ဆိုတာ PPKyaw ကို ကိုမန်း ပြောထားတာကို ပြောပြတာပါ။

    ReplyDelete
  8. အဲ... နောက်တစ်ခုလဲ ပြောချင်သေးတယ် ဗမာတွေဆီမှာ ပြဿနာနည်းနည်းလေးရှိနေတယ် ဆိုတာ အားနာပါးနာ ပြောတာ ထင်တယ် :)
    ဗမာတွေဆီမှာ အန္တရာယ် ကြီးလောက်အောင် ပြဿနာကြီး အကြီးကြီး ရှိနေတာလို့ ကျနော် မြင်ပါတယ်။ အဲဒီထဲမှာ ခင်ဗျားတို့လို တိုင်းရင်းသားတွေ ကို မြင်တဲ့ အမြင်ကိုက တော်တော့်ကို အမှားကြီး ဖြစ်နေတာပါ။ ပြည်ထောင်စုနေ့မှာ တိုင်းရင်းသားတွေ ဝင်ပြီး မကျင်းပ သင့်ဖူး ကျနော် ပြောမလို့။ အဲဒီနေ့က ဗမာတွေက တိုင်းရင်းသားတွေကို ညာလိုက်တဲ့ နေ့ဘဲလို့ (ဒါမျိုး ရေးဦးမှာဗျို့- ပြည်ထောင်စုနေ့ စောင့်နေတာ)

    ReplyDelete
  9. “ဆြာကြီးကိုအောင်” လာလည်တာ ဝမ်းသာပါတယ်ဗျာ ။

    လူအတော်များများနဲ့ မတူတဲ့ အတွေ့အကြုံနဲ့ တွေးခေါ်တင်ပြပုံ ၊ အောင်မြင်တဲ့ စီးပွားရေးနဲ့ ဘလော့ဂါ ၊ ကျနော်ထက် အသက် နည်းနည်းကြီးမယ်လို့ ထင်ရတာတွေကြောင့် ဒီနာမည် တပ်လိုက်တာပါ ... အမလေး .. ရှင်းပြတာနဲ့တင် မောလည်းမော ၊ အချိန်လည်း တယ်ကုန်ပါလား ၊ စာမေးပွဲက ဖင်နားကပ်နေတာတောင် ပြန်ရေးနေမိပြီ .. :-)

    ကွန်မန့်ကိစ္စကတော့ ဖြစ်တတ်တာတွေကို သဘောပေါက်ပါတယ် ၊ အထင်လွဲတာတွေ ခဏခဏလည်း ဖြစ်တတ်ပါတယ် ။ ဒီမှာ လာဆဲပြတာလည်း ရပါတယ် ။ ပြီးတော့ ကျနော် သွားရှင်းပြခဲ့သလိုပဲ ဒီကတစ်ဆင့် သွားကြသူတွေကို အသင့်အတင့် နားလည်ပေးတယ်လို့ ယူဆမိလို့ ကျေးဇူးလည်း တင်ပါတယ် ။ သူတို့မှာလည်း ဘာသာစကား တံတိုင်းကြောင့် တစ်ခါတစ်လေ ဆဲချင်တာတောင် မနည်းကြီးကို ကြိုးစားပြီး “ဆဲ” ထားကြရတာပါ ... :-)

    နောက်ပြီး PPKyaw လို ကောင်လေးတွေနဲ့ ပတ်သက်လို့ ၊ ကိုအောင်နဲ့ ကျနော် သဘောတူပါတယ် ။ သူပြောသွားတဲ့အထဲ သင့်တော်တာတွေ အများကြီးပါပါတယ် ။ ဒါပေမယ့် သူ့ဘာသာ သတိမထားမိပဲ ပစ်ထဲ့ထားမိတဲ့ “သဲတစ်ဆုပ်” ထဲက တစ်ဝက်တစ်ပျက်လောက်ကို ကောင်းကျိုးရှိကောင်းရဲ့ဆိုပြီး မျှော်လင့်ချက်နဲ့ ထုတ်ပြခဲ့တာပါ ။ ဒီအထဲက သဲရောတဲ့ (ပေါ်ဆန်းမွှေး)ထ္မင်းကို ကောင်းတယ်ဆိုပြီး ဝင်စားသွားသူတွေ အရေအတွက်ကလည်း ထောက်ပြချင်စရာ ဖြစ်နေတာမို့ပါ ။

    ပြဿနာ ကြီးတယ် သေးတယ်ဆိုတာကတော့ ကြည့်တဲ့လူ ၊ မြင်တဲ့အမြင် ၊ ရှိတဲ့ နေတဲ့ အနေအထား အမျိုးမျိုးက လွမ်းမိုးပါလိမ့်မယ် ။ ပြည်ထောင်စုနေ့ကို ဝင်ပါတဲ့ကိစ္စကို (ကရင်တွေကို ကိုယ်စားမပြုပေမယ့်) ပြောရရင်တော့ (က) မလုပ် မနေရ ၊ အခိုင်းခံရလို့ မလွန်ဆန်နိုင်သူ (ခ) အိယောင်ဝါး မျိုးကွဲများစွာ နဲ့ (င) ရေရှည်အတွက်ကို အမြင်ကျယ်သူ တွေလို့ အနည်းဆုံးတော့ ခွဲခြားလို့ ရမယ်ထင်ပါတယ် ။

    သေချာတာကတော့ ကျနော်လည်း တစ်ခါတစ်ရံမှာ politically correct အသုံးအနှုန်းတွေ ၊ diplomacy အသုံးအနှုန်းတွေသုံးပြီး တစ်ဖက်သား (အထူးသဖြင့် လူငယ်တွေ) ပြန်မလှန်နိုင်လောက်အောင် ကွက်စေ့ ရေးမိတာတွေကိုပဲ စိတ်ထဲ သိပ်မလုံမိသလိုပါပဲ ။ ကိုယ့်အတွက်ကျတော့ ထွက်ပေါက်ရှိအောင် “အစ”တွေ ဖေါ်ထားပြီး ၊ သူများကျတော့ ယှဉ်ဖို့ခက်အောင် “အပိတ်”သဘော ပြန်ရေးမိတာတွေဟာ အပြစ်ရှိ သလိုပါပဲ ။

    ထားပါတော့ဗျာ ၊ ကျနော်လည်း အခု စီးပွားရေးနဲ့ ပတ်သက်ပြီး ကလေးတန်းက ပြန်စတက်နေပါတယ် ။ နောက်နောင်များလည်း ကြုံကြိုက်ကြဦးမယ် ထင်ပါတယ် ။

    ReplyDelete
  10. ရေးရင်းနဲ့ မေ့သွားလို့ ခင်ဗျ ။
    “အတင်း” ကို အောက်ကလင့်မှာ ပြောထားပါတယ်ဗျာ ၊ သွားဖတ်ပြီးမှသာ စိတ်ဆိုးပါ ။
    http://mahnkoko.blogspot.com/2011/02/blog-post_25.html

    ReplyDelete
  11. အပြန်အလှန် ding-dong ဆွေးနွေး/ဆော်ပလော်တီး ကြပြီးတဲ့နောက်မှာ ၊ (ဒီပို့စ်ရဲ့ အဓိက ဦးတည်ထားခဲ့တဲ့) မဆင်မခြင် မှတ်ချက်ပေးခဲ့မိတဲ့သူက မှားသွားကြောင်း ဝန်ခံလိုက်တဲ့အတွက် ဇာတ်လမ်းက နတ်သမီးပုံပြင် (fairytale) လို အဆုံးသတ်သွား ပါပြီဆိုတာ မှတ်တမ်းတင်ပါတယ် ခင်ဗျား :-)

    အဲဒီ ကာယကံရှင်ရော ၊ သူ့ကို အဲဒီလိုရေးဖို့ ဆွပေးခဲ့သူရော ၊ တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေပါ ဒီအတုကိုယူပြီး တစုံတခု မလုပ်ခင် ဆင်ခြင်ကြဖို့လည်း ဆန္ဒပြုမိပါတယ် ။

    တွေ့ကြုံလာရတဲ့ စိန်ခေါ်မှု (ပြဿနာ)တွေကို အကြိတ်အနယ် ကျိုးကြောင်းကျ ဆွေးနွေးတာ ၊ သူတစ်ပါးကို ပြောဖို့ထက် ကိုယ့်ကိုယ်ကို ဆင်ခြင်တာ ၊ အပြစ်မြင်တာထက် ကောင်းကွက်လေးတွေ ရှာပြောတာ ၊ အခက်အခဲ ဒုက္ခတွေကို ကျော်လွှားနိုင်ဖို့ သူများကို ပုံချတာထက် ကိုယ့်ဘာသာ ကြိုးစားတာ စတာတွေက အကျိုးပိုရှိမယ်လို့ ထင်ပါတယ် ။

    ဘယ်သူမှ မပြည့်စုံတာမို့ တစ်ယောက်နဲ့တစ်ယောက် သတိပေး ၊ ထောက်ပြ ၊ လမ်းညွှန် ၊ ကူညီ လက်တွဲသွားပေး နိုင်ကြရင်တော့ ကောင်းမှာပါပဲ ။ ရဖို့မလွယ်တဲ့ အရာပါ ၊ ဒါပေမယ့် ကျနော်ကတော့ ဒါကို အိပ်မက်မက်နေတုန်းပါပဲ ။

    ReplyDelete