ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Wednesday, November 6, 2013

အန်တီ ဒေါ်အောင်ဆန်းစုကြည် .. သို့ …



အန်တီရေ ၊ မကြာခင်မှာ သြစတြေးလျကိုရောက်လာခဲ့မယ့်အပြင် ကျနော်နေထိုင်တဲ့ မဲလ်ဘုန်းမြို့အထိ
တောင် ရောက်လာမယ်ဆိုလို့ ဝမ်းသာရသလို ၊ ပြောချင်တာလေးတွေလည်း အနည်းအကျဉ်းရှိတာကြောင့်
လူမသိသူမသိ အညတရကျနော်ကနေ စာလေးတစ်စောင် ရေးလိုက်ပါတယ် ။ ဖတ်မိသော်ရှိ မဖတ်မိသော်
ရှိ ၊ တစ်နေ့နေ့ တစ်ယောက်ယောက်ကတော့ အန်တီ့နားပေါက်အောင် ပြောပြမယ်လို့ ယုံကြည်မိတယ်လေ။

အဦးဆုံးအနေနဲ့ အန်တီ့ကို ပုဂ္ဂိုလ်ရေးအရ လေးစားပါတယ်ဆိုတာတော့ စကားဦးလေး သန်းထားချင်ပါ
တယ် ။ အန်တီဖြတ်သန်းလာခဲ့ရတာတွေဟာ ကိုယ်ပိုင်ရွေးချယ်မှုတွေ ဖြစ်ခဲ့ပေမယ့် ၊ မြန်မာပြည်သူပြည်
သား အများစုအတွက်တော့ မီးရှူးတန်ဆောင်ကြီးလို တစ်ခုတည်းသောမျှော်လင့်ချက်အနေနဲ့ လမ်းပြနိုင်ခဲ့
တာဟာ ငြင်းလို့မရတဲ့ သမိုင်းမှတ်တမ်းပါ ။ အန်တီ့ဖေဖေဟာလည်း မြန်မာပြည် လွတ်လပ်ရေးရဖို့ရာ ဦး
ဆောင်ခဲ့သူတစ်ဦးအနေနဲ့ အမှန်တကယ် လေးစားအားကျစရာ ပုဂ္ဂိုလ်ဆိုတာ ယုံမှားသံသယ ရှိစရာမလို
လောက်အောင်ပါပဲ ။

သို့သော် သို့သော်ပေါ့ အန်တီရယ် ၊ ဆက်ပြောမှာတွေကတော့ ကျနော့်တစ်ယောက်ထဲရဲ့ ၊ အတိုင်းတာတစ်
ခုသော သိမှီတာလေးတွေနဲ့ ကိုယ်ပိုင်အမြင်တွေဖြစ်ပြီး တိကျမှုနဲ့ အများကြိုက်မှု မကြိုက်မှုဖက်မှာတော့
အားနည်းချက်တွေ ရှိကောင်းရှိပါလိမ့်မယ် ။ လွန်တာရှိရင်လည်း ဝန္တာမိပါလို့ စကားပလ္လင်ခံချင်ပါတယ် ။

ကျနော့်အနေနဲ့ ပထမဆုံး ဆက်စပ်ပြောချင်တဲ့အပိုင်းကတော့ အန်တီ့ဖေဖေ ဦးဆောင်ထူထောင်ခဲ့တဲ့ “မြန်
မာ့တပ်မတော်”အမည်ခံ “စစ်တပ်”နဲ့ပတ်သက်လို့ပါ ။ (ချစ်လို့မုန်းလို့မဟုတ်ပဲ ၊ ဘယ်လိုကွဲပြားတဲ့ နာမည်
မျိုးတွေပေးပေး စစ်တပ်ဟာ စစ်တပ်သာဖြစ်လို့ ၊ ‘စစ်တပ်’ရယ်လို့ တမင်သုံးနှုန်းလိုက်တာပါ) ။

စစ်တပ်ရဲ့ သဘာဝကတော့ စစ်တိုက်မှာပါပဲ ၊ ဒါကို ငြင်းစရာရယ်လို့တော့ မမြင်မိပါဘူး ။
ဒီကမှတစ်ဆင့် နိုင်ငံကာကွယ်ဖို့ ၊ ပြည်သူတွေအတွက် ငြိမ်းချမ်းပြီး လုံခြုံစိတ်ချရတဲ့ဘဝတွေ ရရှိကြစေဖို့အ
တွက် လိုအပ်ချက်အရ ဖြစ်တည်ရှိနေရတာဟာလည်း မြို့ပြလူ့ဘောင် စတင်ခဲ့စဉ်ကတည်းကပဲမို့ လက်ခံရ
မှာပါပဲ ။

သို့သော် နိုင်ငံကို ပြင်ပရန်တွေကနေ ကာကွယ်ပေးနေတာ မဟုတ်တော့ပဲ ၊ ရာစုနှစ်တစ်ဝက်ကျော်ကြာ
အရပ်ဖက်အာဏာကိုပါ လက်ဝါးကြီးအုပ်ခဲ့ပြီး ၊ တိုင်းပြည်ချွတ်ခြုံကျအောင် အသေချာ လုပ်ဆောင်ခဲ့ရုံသာ
မကပဲ လူနည်းစုအုပ်စုတွေရဲ့ အသိ ၊ စီးပွား ၊ ယဉ်ကျေးမှု ၊ ဓလေ့နဲ့ ကိုးကွယ်ရာတွေကိုပါ တိမ်ကောကွယ်
ပျောက်အောင် ဦးဆောင်လုပ်ခဲ့တာတွေကို အပြစ်ရယ်လို့သာ သတ်မှတ်မယ်ဆိုရင် ၊ ဆပ်လို့မကုန်နိုင်တဲ့
အကြွေးများတွေလိုတောင် ဖြစ်နေလောက်မယ် ထင်ပါတယ် ။

တစ်လက်စထဲ ခုနေခါမှာ ဖြစ်နေကြတဲ့ ပြည်တွင်းစစ် အနေထားတွေကိုလည်း အန်တီ့အနေနဲ့ မသိပဲမနေ
ဘူးလို့ ယုံကြည်ပါတယ် ။ “လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှမြည်တာ”လို့ အဖြေမစောခင် ၊ လက်ခုပ်တစ်ဖက်
က ကျန်တစ်ဖက်ကို တစ်ဖက်သတ်သွားတီးရင်လည်း မြည်တာပါပဲဆိုတာကို လက်တွေ့ကျကျ ပြောပြထား
ချင်ပါတယ် အန်တီ ။ ဆက်ပြီး ပွင့်ပွင့်လင်းလင်း ဘယ်သူ့မျက်နှာမှမထောက်ပဲပြောရရင် ၊ ခုနေခါမှာ တိုင်း
ရင်းသားတပ်ဖွဲ့တွေဟာ အရှူံးဖက်ကပါ ။ မနိုင်နိုင်တဲ့စစ်ပွဲကို တိုက်နေကြတာလို့ မြင်မိပါတယ် ။ ဒီပဋိပက္ခ
တွေရဲ့ ဖြစ်လာရခြင်းအကြောင်းရင်းခံတွေကတော့ ကြည့်တဲ့ဖက်မူတည်ပြီး မှားတယ်မှန်တယ်ပြောတာမျိုး
က တစ်ကဏ္ဍပါ ။ ကျနော့်အနေနဲ့ စောဒက မတက်လိုပါဘူး ။ ဒါပေမယ့် ဒါတွေကို ရပ်တန်းကရပ်ဖို့နဲ့ ရပ်
နိုင်အောင်လည်း အပေးအယူ ညှိနှိုင်းမှုတွေ လုပ်သင့်ပြီဆိုတာကိုတော့ အငြင်းပွားစရာ မဟုတ်ဘူးလို့ ယုံ
ကြည်ပါတယ် ။

ယေဘုယျကြည့်လိုက်မယ်ဆိုရင် ၊ ကျနော်တို့တတွေဟာ ၂၁ ရာစုထဲ ရောက်နေခဲ့ကြပါပြီ ။ ယဉ်ကျေးပြီး
တိုးတက်တဲ့ကာလထဲ ရောက်လာကြပြီလို့ ထင်မြင်ယူဆရတဲ့ခေတ်ကိုလည်း ရောက်နေပါပြီ ။ ကွဲပြားမှု ၊
မညီမျှမှု ၊ နောက်ကျကျန်မှုစသည်ဖြင့် လက်တွေ့ဘဝတွေမှာ တစ်ညီတစ်တန်းထဲ ရောက်မလာကြသေးပေ
မယ့် ၊ “အထင်”ဆိုတဲ့ စိတ်အမြင်တွေကတော့ ရှေ့ကို ရောက်နေခဲ့ကြပါပြီ ။ ဒီဟန်ချက်မညီတဲ့ အနေထား
မှာ မှားယွင်းနေတယ်လို့ ခေါ်ဝေါ်လို့ရနိုင်လောက်တဲ့အဖြစ်တွေဟာ ၊ မြန်မာပြည် အနားကွပ်ဒေသတွေမှာ
စိတ်ခြောက်ခြားစရာကောင်းလောက်အောင် ပေါများကြွယ်ဝနေတယ်ဆိုတာကို ပြောပြချင်ပါတယ် အန်တီ ။

မဝေးလှတဲ့အတိတ်ဖက် ပြန်လှည့်ကြည့်လိုက်ရင် ၊ မြန်မာပြည်ကို အန်တီပြန်ရောက်လာပြီး အာဏာရှင်တွေ
ကိုတွန်းလှန်တဲ့ ဦးဆောင်ပြယုဂ်တစ်ခုအဖြစ် ရပ်တည်ပေးခဲ့တာကို ဝမ်းသာပါတယ် ။ ကံကြမ္မာဖန်တယ်ဆို
ဆို တစ်ခေတ်တစ်ယောက်ထွန်းတတ်တဲ့ လူစားမျိုးထဲ အန်တီပါတယ်လို့လည်း လက်ခံပါတယ် ။ အဲသည်
တုန်းက အန်တီ့ကို ကရင်ဝတ်စုံလေးနဲ့မြင်ရတော့ ကရင်တိုင်းရင်းသားတစ်ယောက် အနေနဲ့ကြည့်ပြီး ကြည်
နူးခဲ့မိပါတယ် ၊ အားလည်းကိုးခဲ့မိပါတယ် ၊ မျှော်လည်းမျှော်လင့်ခဲ့မိပါတယ် ။ ဒါ့ပြင် အန်တီ့ရဲ့ ကချင်ဝတ်စုံ
လေးနဲ့ ရိုက်ထားခဲ့တဲ့ပုံကိုလည်း မှတ်မှတ်ရရပါပဲ ။ ဒါတင်မကပါဘူး ၊ အန်တီ့မေမေဟာ မြစ်ဝကျွန်းပေါ်က
ရင်စကားကို ပြောနိုင်တယ်လို့သိရပြီး ၊ သူနာမကျန်းဖြစ်ချိန်မှာ သွားရောက်လည်ပတ် အားပေးနေခဲ့တဲ့ ဓမ္မ
ဆရာနှစ်ဦးကိုလည်း ပုဂ္ဂိုလ်ချင်း သိခဲ့ဖူးတာကြောင့် ၊ တိုင်းရင်းသားတွေနဲ့ လူနည်းစုတွေအပေါ် အန်တီ့ရဲ့
သဘောထားဟာ စာနာမှုတွေနဲ့ နွေးထွေးနူးညံ့လိမ့်မယ်လို့ မျှော်လင့်တကြီး ဖြစ်ခဲ့ရပါတယ် ။

ဒါပေမယ့်ပေါ့ အန်တီရယ် ၊ အန်တီ့အနေနဲ့ တပ်မတော်သားတွေကို ရှေ့တန်းအထိသွားပြီး အားပေးစကား
ပြောပေးချင်ပါတယ်လို့ စစ်ခေါင်းဆောင်တွေကို ကမ်းလှမ်းခဲ့တယ်လို့ သိရတဲ့အခါမှာတော့ ၊ တိုင်းရင်းသား
တွေအတွက် အိပ်မက်လှလှလေးတစ်ခု အကျည်းတန်စပြုလာသလိုပါပဲ ။ ဖြစ်ပုံက အန်တီအားသွားပေးမယ့်
နေရာနဲ့အချိန်က ကရင်ပြည်နယ် ရှေ့တန်းဒေသမှာ စစ်ဆင်နေချိန် ဖြစ်နေတာကိုး ။ ကျနော်ဟာ KNU လို
အဖွဲ့အစည်းနဲ့ ဘာမှမသက်ဆိုင်ပေမယ့် ၊ ကရင်အမျိုးသားတွေအပေါ် ထားရှိတဲ့အန်တီ့ရဲ့ သဘောထားတွေ
ကို စိတ်ထဲနည်းနည်းထင့်သွားခဲ့မိတယ် ။ အဲဒီတုန်းက အသက် ၁၂ နှစ်အရွယ် အမွှာညီအစ်ကိုနှစ်ယောက်
ဦးဆောင်တဲ့ လက်နက်ကိုင်အဖွဲ့ငယ်တစ်ဖွဲ့ ပေါ်ပေါက်လာခဲ့ရလောက်အောင်ကိုပဲ ၊ ကရင်ပြည်သူတွေ ခါး
စည်းခံစားခဲ့ရတဲ့ ဒုက္ခတွေရှိခဲ့တယ်ဆိုတာ အန်တီ့ကို ပြောပြချင်ပါတယ် ။

ဒီလိုနဲ့ပဲ ၂၀၁၀ ရွေးကောက်ပွဲဝင်တဲ့ အခါကျပြန်တော့ ၊ နယ်မြေခံ တိုင်းရင်းသားပါတီတွေနဲ့ ညှိနှိုင်းမှုတွေ မ
တွေ့မိပဲ ၊ NLD ကနေ နေရာတိုင်းဝင်ပြိုင်ခဲ့ပြီး ၊ မတတ်သာလို့သာ ရှူံးသွားတဲ့နေရာတွေ ရှိခဲ့တာကို မြင်ရတဲ့
အခါ ၊ NLD ရဲ့ လက်ဝါးကြီးအုပ်မယ့် အလားအလာတွေကို မြင်နေရသလားလို့လည်း အတွေးတွေဝင်လာမိ
ခဲ့ပါတယ် ။

မကြာခင်ကဖြစ်ခဲ့တဲ့ ကချင်စစ်ပွဲမှာတော့ အန်တီရဲ့ နှုတ်ဆိတ်နေခဲ့မှုက အန်တီ့သဘောထားကို နောက်ဆုံး
ပိတ်အတည်ပြုချက် ပေးလိုက်သလိုပါပဲ ။ အဲဒါကတော့ “အန်တီဟာ ကျနော်တို့တိုင်းရင်းသားတွေအတွက်
မျှော်လင့်ချက်တစ်ခု မဟုတ်ဘူး” ဆိုတာပါပဲ ။ လက်ခံဖို့ရာ ခါးသက်တဲ့ အရာတစ်ခုလို ဖြစ်နေပေမယ့် ၊ သေ
ချာသလောက် ရှိနေပြီမို့ စိတ်တုံးတုံးချရတော့မလို ဖြစ်နေပါတယ် ။

အန်တီ့ကို ကျနော်သိတာလေး တစ်ခုနှစ်ခုလောက် ဝေမျှချင်ပါတယ် ။
ကချင်တွေအနေနဲ့ ဘယ်လိုဒုက္ခသုက္ခတွေ ခါးစည်းခံခဲ့ရသလဲဆိုတာ မှတ်မှတ်ရရလေးတစ်ခုပါ ။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်ဝန်းကျင်က စစ်တပ်ထဲက တပ်ကြပ်တစ်ယောက်ကနေ သူတို့ဟာ တောထဲ
မှာ ကချင်အမျိုးသမီးတွေကိုတွေ့တိုင်း မုဒိမ်းကျင့်ဖို့ ကြိုးစားခဲ့တယ် ၊ အောင်မြင်မှုတွေလည်း အများကြီးရှိ
ခဲ့တယ်ဆိုတာ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြောပြခဲ့တာကို သေသေချာချာ ကြားဖူး မှတ်သားခဲ့ရပါတယ် ။ ဒီဖက်
နောက်ထပ်နှစ်ပေါင်း ၃၀ ကျော်မှာ ဘာတွေဘယ်လိုဘယ်လောက်တောင် ထပ်ဖြစ်ခဲ့သလဲဆိုတာကတော့
ဘုရားသိကြားပဲ သိနိုင်ပါလိမ့်မယ် အန်တီ ။ ဘာသာရေး အဆောက်ဦတွေ အပါအဝင် ထောင်နဲ့ချီတဲ့ရွာတွေ
ရွေ့ပြောင်း ၊ ဖျက်ဆီး ၊ မီးရှို့ခံခဲ့ရတာတွေနဲ့ အဓိပ္ပါယ်မဲ့ အလဟဿ ဆုံးရှူံးခဲ့ရတဲ့ အသက်တွေကိုတော့
အန်တီ့အနေနဲ့ မမြင်ရင်တောင်မှ ကြားဖူးနားဝလောက်တော့ ရှိလိမ့်မယ်လို့ ယုံကြည်ယူဆပါတယ် ။ အင်
မတန် အကျည်းတန်တာတွေမို့ အသေးစိတ်တော့ မပြောတော့ပါဘူး အန်တီ ။

ကျနော့်အနေနဲ့ ဇာတ်နာအောင် ပြောနေတယ်လို့ ယူဆချင်ရင် ယူဆနိုင်ပါတယ် ။
ဘယ်လိုပြောပြော အန်တီရော ကျနော်ပါ ပြီးခဲ့တာ ဆုံးရှူံးခဲ့တာတွေကို ဘာမှ မတတ်နိုင်တော့ပါဘူး ။ အစား
ထိုးပေးလို့ မရနိုင်သလို ၊ နှစ်သိမ့်ပေးဖို့ရာလည်း အင်မတန်မှခက်ခဲလိမ့်မယ်ဆိုတာ လက်ခံမယ်လို့ ယူဆပါ
တယ် ။ ဒါတွေကို ကျနော့်အနေနဲ့လူ့အခွင့်ရေးဆိုတာကြီးနဲ့ မကိုင်ပေါက်ချင်သလို ၊ အန်တီ့အနေနဲ့လည်း တ
ရားဥပဒေ စိုးမိုးရေးဆိုတာတစ်ခုထဲအပေါ် ပုံချလို့မရဘူးဆိုတာ လက်ခံနိုင်မယ် ထင်ပါတယ် ။

လိုရင်းအနေနဲ့ ကျနော်တို့တတွေ တကယ်လိုချင် လိုအပ်နေတာဟာ အေးချမ်းလုံခြုံပြီး လူသားတစ်ဦးစီအနေ
နဲ့ ဂုဏ်သိက္ခာရှိရှိရပ်တည်နိုင်မယ့် ၊ အခြားသူတွေနဲ့ တူညီတဲ့ အခွင့်အလမ်းကိုယ်စီရှိမယ့် ၊ နောက်ကျနေတာ
တွေရှိရင်လည်း လက်တွဲခေါ်ပြီး တစ်ပြေးညီ ရင်ပေါင်တန်း လျှောက်လှမ်းကြမယ့် လူ့အသိုင်းဝိုင်းတစ်ခုကို
တည်ဆောက်ရရှိ နေထိုင်နိုင်ကြဖို့ပါပဲ ။ သို့သော် မျှော်လင့်အားထားလို့ရနိုင်မယ့် အန်တီ့လိုပုဂ္ဂိုလ်ဆီက
တောင် မျှော်လင့်ဖို့မလွယ်တဲ့ ကျနော်တို့လို တိုင်းရင်းသားနဲ့ လူနည်းစုတွေအနေနဲ့ကတော့ ရွှေပြည်တော်
မျှော်တိုင်းဝေးပါ အန်တီ ။

ဒီစာဟာ အန်တီမမျှော်လင့်ထားတဲ့ စာမျိုးလည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ် ။ တစ်ဖက်မှာလည်း အန်တီ့ကို ချစ်
ခင်လေးစား အားထားနေသူတွေအတွက်လည်း မျက်စေ့ထဲဝင်လာတဲ့ ဆူးတစ်စင်း သဲတစ်မှုန်လို ဖြစ်နေနိုင်
ပါတယ် ။ ဘယ်လိုဖြစ်စေ စာနာနားလည်မှု ပေးနိုင်တဲ့ဘက်တွေမှာ အားနည်းနေသေးတဲ့ လူမှုအသိုင်းဝိုင်း
တွေဆီကနေ ကျနော့်အနေနဲ့ သိပ်များများစားစားတော့ မျှော်လင့်မထားပါဘူး ။
                                                                                                                       
ကျနော်ရဲ့စာဟာ လူအများ အာရုံစိုက်လာတာကိုလိုချင်လို့ ရေးတာမဟုတ်ပါဘူး ။ ရွေးချယ်မှုကြောင့်မဟုတ်
ပဲ မြန်မာပြည်သူပြည်သားတွေ လာဖြစ်နေကြရပြီး ၊ ကိုယ်ချင်းစာနာမှု နည်းပါးစွာ ခံယူရရှိနေရတဲ့ တိုင်းရင်း
သူတိုင်းရင်းသားနဲ့ လူနည်းစုတွေကို ကိုယ်စားပြုတယ်လို့လည်း တစ်ထစ်ချ မပြောချင်ပါဘူး ။ သို့သော် သင့်
တင့်တဲ့အချိန်နဲ့ ရေးသင့်တဲ့ အနေထားတစ်ခုကို ရောက်လာနေခဲ့ပြီလို့ယုံကြည်ပြီး ၊ တိုင်းရင်းသားတစ်
ယောက်အနေနဲ့ ကိုယ့်အမြင်ကို အသိပေးသင့်တယ်ယူဆမိတာကြောင့် ဒီစာရေးလိုက်ရခြင်းသာ ဖြစ်ပါ
တယ် ။

မတရားနယ်ချဲ့ပြီး ဂုတ်သွေးစုပ်ခဲ့တယ်လို့ဆိုသူတွေ အုပ်ချုပ်စဉ်ကတောင် အနေထိုင်လွတ်လပ်ပြီး တိုးတက်
မှုနဲ့ အခွင့်အလမ်းတွေ ပွင့်နေခဲ့ရာက ၊ တစ်မြေထဲနေ တစ်ရေထဲသောက်တဲ့ ညီအစ်ကိုဆိုသူတွေလက်ထဲ
ပြန်ရောက်ကာမှ ဂုတ်သွေးစုပ်ရုံတင်မကပဲ ဂုတ်ပါအချိုးခံနေကြရပြီး အဓိပ္ပါယ်မရှိတဲ့ လွတ်လပ်ရေးဆိုတာ
ကြီးနဲ့ ကြုံတွေ့နေကြရတယ် ဆိုတာကို ၊ အန်တီနဲ့ ပြည်မက အခြားသောနိုင်ငံရေးသမားတွေဆီ သတင်းစ
ကား ပါးလိုက်နိုင်တယ်ဆိုရင်ပဲ ကျနော့်ရဲ့ ဦးတည်ရည်ရွယ်ချက် ပထမတစ်ဆင့် ပြည့်မြောက်ပါပြီ ။

အန်တီ မဲလ်ဘုန်းမြို့ကိုရောက်လာခဲ့ရင် ဝမ်းသာကြမယ့်သူတွေ ၊ ကြိုဆိုကြမယ့်သူတွေက ဒုနဲ့ဒေးပါ ။
ဧည့်ဝတ်ကျေကြမှာလည်း ပူစရာမလိုလောက်ပါဘူး ။ မထူးခြားသော်လည်း သဲတစ်ပွင့်စာအနေနဲ့ ဗမာလူ
မျိုးဖြစ်တဲ့အပြင် စစ်တပ်မိသားစုဝင်ဟောင်းဖြစ်တဲ့ ကျနော့်အမျိုးသမီးလည်း အန်တီလာတဲ့ပွဲကို လာအား
ပေးမှာပါ ။ လူမျိုး ဘာသာ ဘယ်လိုကွဲပြားမှုမျိုးကိုမှ မခွဲခြားပဲ ၊ လက်လှမ်းမီသမျှ တစ်ဖက်တစ်လမ်း ကူညီ
ဖို့ ပိုင်းဖြတ်ထားတဲ့ ၊ (အမျိုးသားရေးဝါဒီမဟုတ်ပဲ လူသားဝါဒီတစ်ဦးသာဖြစ်တဲ့) ကျနော့်အနေနဲ့ကတော့
အန်တီလာတဲ့နေ့မှာ လိုအပ်မှုအရ အိမ်မှုကိစ္စတွေ ထိန်းသိမ်းရင်း အဝေးကနေပဲ နှုတ်ခွန်းဆက်လိုက်ပါရစေ
အန်တီ ။

အော့ဆွန့်လားဆိုင်(ဒ်) ၊ ကျန်းမာပါစေ အန်တီရေ ။

မန်းကိုကို
၀၆ ၊ ၁၁ ၊ ၂၀၁၃

8 comments:

  1. Facebook ထဲက မှတ်ချက်တွေကို ကူးထည့်ထားလိုက်ပါတယ် ။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

    Kaung Kin Ko - နေခြည်ကို ဖတ်ခိုင်းလိုက်ဦးမယ်။ Nay Chi
    November 7 at 12:16am · Like · 1

    စိုင်း ခမ်း ထွန်း - ဖတ်မိစေချင်လို့ NLD Page မှာ Share လိုက်တယ်
    November 7 at 12:18am · Like · 3

    Kaung Kin Ko - ကိုစိုင်းခမ်းထွန်း NLD ကို ဆေးထိုးပြီ
    November 7 at 12:18am · Like

    စိုင်း ခမ်း ထွန်း - စာလေးက ကောင်းလို့ပါ ကိုကောင်းရယ်
    November 7 at 12:20am · Like · 2

    Mahn Koko - ဟား .. ဆရာ'တို့ 'နဲ့ ဆရာ'ချွန်'တို့ပါလား ၊
    ခုလို ဝိုင်းတို့ ဝိုင်းချွန်ကြတာ ဝမ်းသာတယ်ဗျာ
    November 7 at 12:20am · Like · 6

    Mauntmupaingshin Baybayzitajones · သူတို့ပေ့ခ်ျမှာ ၇ှယ်လျှင် ဖျက်ပစ်တတ်တယ်....
    November 7 at 12:27am · Like · 2

    Nay Chi - ကျနော့်အမေစုလေးကို ဘာတွေပြောမလို့လဲ...။ ဖတ်ရမှာတောင် ရင်ထိတ်လာပြီ..။
    November 7 at 12:34am · Like · 2

    Nay Chi - Google Chrome has blocked access to this page on mahnkoko.blogspot.sg. တဲ့..။ ဖတ်လို့လဲ မရဘူး..။
    November 7 at 12:36am · Like

    Kaung Kin Ko - ရပါတယ်။ တခြား browser နဲ့ ပြောင်းဖတ်ကြည့်လေ။ ဟုတ်တယ်။ တခါတလေကျ malware ကပ်နေတယ် ဆိုပြီး တချို့ page တွေ ဖတ်လို့ မရဘူး။ Firefox နဲ့ ဖတ်ကြည့်။ ဒါမှမဟုတ်လည်း ကော်ပီကူးပြ ပေးရမလား
    November 7 at 12:37am · Like · 2

    စိုင်း ခမ်း ထွန်း - သူ့ Chat Box ထဲ Copy & Paste လုပ်ပေးလိုက်တယ်
    November 7 at 12:38am · Like · 2

    Nay Chi ဟုတ် ဒါဆို မော်ဇီလာနဲ့ ပြောင်းဖတ်ကြည့်ဦးမယ်..။
    November 7 at 12:38am · Like

    Nay Chi အရောက်ပို့တယ်ဆိုတာ ဒါမျိုး..။
    November 7 at 12:39am · Like · 1

    Aldo Sawaldo - အားရတယ်ဗျာ.. တိုင်းရင်းသားတွေဖြစ်ပြီး တိုင်းရင်းသားအရေးကို ရှောင်ဖယ်ရှောင်ဖယ်လုပ်နေတဲ့ သူတွေအများကြီးရှိတယ်.. ဒီလိုပဲ မိးမှောင်းထိုး ဥိးဆောင်တဲ့ လူတွေလည်း ရှိတယ်.. စာကောင်းပေကောင်း တစ်ပုဒ်ပါ.. ရှဲပါမယ်..
    November 7 at 2:15am · Like · 1

    Virgo Aug Spring · ဘာဖြစ်လို့ မြန်မာပြည်ရဲ့ လက်၇ှိသမ္မတ အကြောင်းကို မေ၇းတာလဲ။ လက်၇ှိ မြန်မာပြည်၇ဲ့ သမ္မတက အမေစုလား၊ ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်လား? အမေစု ၇ဲ့ ၇ာထူးက အမတ်၇ာထူးဘဲ၇ှိတာပါ။ သူလုပ်ပေးနိုင်သလောက်ဘဲလုပ်ပေးမှာပေါ့ဗျာ။ သမ္မတ ကသူ့ထက် အများကြီး power ပို၇ှိပါတယ်။ သေချာစဉ်းစားကြည့်ပါဗျာ။
    November 7 at 3:25pm · Like

    ReplyDelete
  2. Mahn Koko - တစ်ခါတစ်ရံမှာ အသင့်တင့် ဖတ်ရှုရအဆင်ပြေတဲ့ စာတိုပိုင်းစလေးတွေ ဖန်တီးဖြစ်တယ် ။
    တကယ်တော့ နှုတ်ဆိတ်နေခဲ့တဲ့ ဆယ်စုနှစ် ၃-၄ ခုစာကို ၊ လျှံကျလာတဲ့ နှလုံးသွေးတွေနဲ့ ပုံဖေါ်လိုက်တာမို့ ၊ တကယ့်သွေးတွေလိုပဲ ပီပြင်လှပါလားလို့ပြောလာရင် ၊ ပြန်ပြောရလည်း ခပ်ခက်ခက်ပါ ။ ဒါက တင်စားတဲ့ အပိုင်း ။

    လက်တွေ့ပိုင်းမှာ - စိတ်ကူးပေါ်ချိန်မှာ ကြားရတဲ့သတင်းကြောင့် ၊ ရေးသင့်တယ်ထင်တာတစ်ခုကို ချရေးလိုက်တယ် ။
    စာရွက်ကြမ်းပေါ် လက်နဲ့ချရေး ၊ ကွန်ပြူတာထဲရိုက် ၊ ရိုက်ရင်း ချဲ့သွား ပြင်သွား ၊ ပြီး ပြန်ဖတ် ၊ ပြင် ဖျက် ပြောင်း တိုးလျော့လုပ် ။ ကွန်ပြူတာပေါ် ဖတ်ရအားမရလို့ ခြစ်ချုပ်သုံးနေရတဲ့ printer နဲ့ ရိုက်ထုတ် ၊ ကလေးတွေအိပ်ချိန် ကျောင်းတက်ချိန်မှာ ဖတ် ပြင် ဖိုင်ထဲပြန်ရိုက် ၊ ထပ်ဖတ် ၊ printer နဲ့ ထပ်ထုတ် ။ အိမ်ကမိန်းမကို ပေးဖတ် ၊ ပြန်ပြင်ပြီးတဲ့နောက်မတော့ အချိန်က ၂ ရက်ကြာသွားခဲ့ပြီ ။

    ပိုချောအောင် နောက် ၃-၄ ခါလောက်ထပ်ဖတ်ရင် ထပ်ထပ်ဖြည့်မိပြီး လူတွေအာရုံထားနိုင်တဲ့ အတိုင်းတာကျော်သွားနိုင်လို့ ၊ စိတ်ဖြတ်ပြီး ဘလော့ပေါ် တင်ပစ်လိုက်တယ် ။ ဖတ်ခိုင်းမိတဲ့မိန်းမကတော့ ဒေါ်စုပွဲကို သွားမတက်ရဲတော့ပါဘူးလို့တောင် ဖြစ်သွားခဲ့ပြီ ။

    နောက်တစ်ပိုင်းက လူမှုအသိုင်းဝိုင်း ။
    ကြာကြာတစ်ခါ လူကြီးသူမတွေနဲ့ တွေ့ဖြစ်တယ် ။
    ဒီထဲက ဆိုင်တာလေးတစ်ခု ထုတ်နှုတ်ပြောရရင် - လက်ရှိမြန်မာပြည် ဦးတည်နေတာဟာ “မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီ”ဆိုတာကို သူတို့တတွေ သိကြပါတယ် ။ (စစ်တပ်ကလည်း စစ်တပ်နည်းစစ်တပ်ဟန် ၊ ပြည်မက လူသာမန်တွေကလည်း သူတို့နည်းသူတို့ဟန် ပေါ့ ။ ဆိုချင်တာက တိုင်းရင်းသားနဲ့ လူနည်းစုတွေကို ထည့်တွက်မှုနည်းတဲ့ ဒီမိုကရေစီဟန်ပန်နဲ့ ဦးတည်ရာမျိုးတွေ ဖြစ်နေတာကို ပြောတာပါ) ။

    သူတို့တွေ ဒီလိုသိကြတယ်ဆိုတော့ - သိပ်ညံ့ကြတယ်တော့ မဟုတ်ဘူးလို့ ပြောရမှာပေါ့ ။
    ပြဿနာက သူတို့သိတာကို လူငယ်တွေဆီ လက်ဆင့်ကမ်းပေးဖို့ အပိုင်းမှာကျ ခါးပြတ်နေတဲ့ကိစ္စပဲ ။
    လူငယ်တွေက လွဲချော်နေသလား ၊ လူကြီးတွေ မလှုပ်တာလား ၊ မီဒီယာလုပ်နေသူတွေပဲ ညံ့သလားတော့ မပြောတတ်ပါ ။

    နောက်တစ်ခါ ရေးမယ့်သူ ရွေးချယ်တဲ့အပိုင်း ။
    ရေးမယ်ဆိုတော့ ဘယ်သူ့ရေးရ ကောင်းမလဲ ။
    စာဖတ်နေသူ ၊ ငွေထုပ်ပိုက်ထားသူ ၊ သစ်တောပြောင်မှ မှားခဲ့တယ်ပြောသူ ၊ လယ်သိမ်းသူ ၊ ပန်းစိုက်နေသူ ၊ ဂျာနယ်တိုက်ဝင်စီးတာ မပါသူ (အပြင်ကသာ စောင့်သူ) စသည်ဖြင့် လူတွေကလည်း အများသား ။ ဒီကြားထဲ ခုလှေစီး ခဏနေရေထဲဆင်းလျှောက်သူနဲ့ ပြည်သူတွေ တခဲနက်ထောက်ခံခဲ့တယ်ဆိုတဲ့ အခြေခံဥပဒေကြီးကို အသေချာ မဖတ်မိသေးတဲ့ အာဏာလက်ဝါးကြီးအုပ် ပါတီကြီးတစ်ခုမှာ ခေါင်းဆောင်ပိုင်း လုပ်နေသူမျိုးတွေအပါဝင် အများကြီးပေါ့ ။
    November 7 at 11:42pm · Like · 2

    ReplyDelete
  3. Mahn Koko - အားလုံးထဲမှာ ထိပ်ဆုံးက မိန့်မိန့်ကြီး နေရာယူထားသူ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ကတော့ ဦးတည်ရေးချင်စရာ အကောင်းဆုံးပါ ။
    သို့သော် သူဟာ ခုမှစပြီး သူ့ရဲ့တန်ဖိုးကို သက်သေပြနေဆဲ လမ်းခုလတ်မှာပဲ ရှိနေပါသေးတယ် ။ အချိန်မရွေး ခြေခေါက်ပြီး အမှိုက်ပုံးထဲ ရောက်သွားနိုင်ခြေ ရှိနေတုန်းပါ ။ သူ့ကို တိုင်းပြည်ချွတ်ချုံကျအောင် လုပ်ခဲ့သူတစ်ယောက်လို့ မပြောချင်ရင်တောင် ၊ အသာမျှောလိုက်ခဲ့တဲ့ ကြံရာပါတစ်ယောက်လို့ ပြောလို့ရတယ် ။ တာဝန်ယူမှုဆိုတာကို နားလည်မှုနည်းပါးတဲ့ စစ်တပ်ကလာတဲ့ ဗိုလ်ချုပ်ကြီးဟောင်းတစ်ယောက်လည်း ဖြစ်တယ် ။ ဒါတွေဟာ ဘယ်လို သကာလောင်းလောင်း ၊ မပျောက်မပျက်တဲ့ အရှိတရားတွေပါ ။

    အဲသည်လူတွေထဲမှာ ဘယ်ငစွေက ဘယ်ငကန်းထက်ကောင်းကြောင်းကို ရေးဖို့ထက်စာရင် - ပြည်သူတွေရဲ့ခေါင်းဆောင် ၊ တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတဲ့ ဒီမိုကရေစီပြယုဂ် ၊ ပညာမြင့်မားပြီး စာနာထောက်ထားမှုအကြောင်းကို နားလည်သူတစ်ယောက်အနေနဲ့ ၊ တဖြည်းဖြည်း ပြည်မပဓါန လူများစုအဓိက လမ်းကြောင်းဖက်ဆီ ဦးတည်လာတာ ၊ ရေရှည်မှာကောင်းဖို့ ရှိနိုင်ပေမယ့် ရေတိုမှာတော့ တိုင်းရင်းသားတွေကို စတေးသင့်ရင်စတေးမယ့် အနေထားတွေ ရုပ်လုံးပေါ်လာတာတွေကို ၊ မြင်မိတဲ့အတိုင်း ခံသာလောက်မယ့် စကားလုံးတွေရွေးပြီး အသိပေးတာဟာ ၊ မှားယွင်းတဲ့ ရွေးချယ်မှုလို့တော့ မထင်ပါဘူး ။

    နောက်ဆုံးတစ်ပိုင်းကတော့ စာဖတ်သူတွေအပိုင်းပါ ။
    အားပေးသူလည်းရှိမယ် ၊ သဘောမျှပြီး ထပ်ဆင့်ပေးဝေသူလည်းရှိမယ် ၊ မဆိုင်သလိုမို့ ဖတ်ပြီး အသာလျိုသွားသူလည်း ရှိမယ် ၊ ရှင်းရှင်းကို မကြိုက်သူတွေလည်း ရှိမယ် ၊ နောက်ဆုံး စိတ်ထဲခုလုခုလုဖြစ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မျိုသိပ်နှုတ်ဆိတ် နေသူလည်း ရှိနိုင်တယ် ။

    ဘယ်လိုပဲဆိုစေ အဓိက အနှစ်အနေနဲ့ - ကျနော်တို့တတွေဟာ အပြန်အလှန် ပြောဆိုရင်း စကြနောက်ကြရင်း တွန်းတိုက်ဖလှယ်ရင်း ၊ အများစုသော အခါတွေမှာ အရင်က သတိမထားမိခဲ့တာတွေနဲ့ပတ်သက်ပြီး အသိဝင်လာတာမျိုး အကောင်းဖက် ဦးတည်သွားတာမျိုးတွေ ဖြစ်လာတတ်လေ့ ရှိပါတယ် ။ အနည်းဆုံးတော့ ကျနော့်တစ်ယောက်စာ အတွက်ပေါ့လေ ။

    ဒါကြောင့် လာခဲ့ပြီးသော ၊ ဖတ်နေသော ၊ နောင်လာလတ္တံ့သော လူတွေအားလုံးအတွက် ၊ ရစရာ ယူစရာ သိမြင်စရာ ဖလှယ်စရာ သင်္ခန်းစာယူစရာတွေ ဖြစ်နိုင်ပါစေကြောင်း ဆန္ဒပြုလိုက်ရပါသဗျာ ။
    November 7 at 11:42pm · Like · 4

    Mahn Koko - အားလုံးငြိမ်သွားပြီဆိုရင် ဘလော့ထဲ ဒီကမှတ်ချက်တွေကို ကူးထည့်မှာမို့ သဘောမတူသူများ ကြိုတင်တားဆီးနိုင်ပါတယ်
    November 7 at 11:44pm · Like

    Kaung Kin Ko - ကောင်းပါတယ်။ ဒါမျိုးလည်း ရှိဦးမှပဲ။ ဆရာမန်းက အသုံးအနှုန်းက အစ မကြမ်းဘဲ သွေးအေးအေးနဲ့ ရေးတာပဲဟာ။ အသုံးအနှုန်း ကြမ်းလိုက်မယ်ရင်တော့ ပိုပြီး နားဝင်ဖို့ ခဲယဉ်းတာပေါ့။ တကယ်ကဗျာ.. အသုံးအနှုန်းကြမ်းရင်တောင် ပုဂ္ဂိုလ်ပေါ် မူတည်ပြီး လူတွေက ခွဲခြားပြီး ခံစားကြသေးတာ။ ဗိုလ်ချုပ်အောင်ဆန်းတို့ ဒေါ်စုတို့ ပြောရင် တမျိုး၊ သာမန်လူတွေပြောရင်တမျိုး။ တကယ်တော အဲဒါမျိုးက double standard ဖြစ်နေရော။ ဘာပဲဖြစ်ဖြစ် ပြောချင်တဲ့ အချက်တွေ ပါအောင် ရေးပြီး၊ အသုံးအနှုန်းမကြမ်းတာကို သဘောကျတယ်။
    November 7 at 11:56pm · Edited · Like · 2

    Aldo Sawaldo - ဆ၇ာ.. မန်းကိုကိုက ဒေါ်စုကို အပုတ်ချလိုတဲ့ သဘောနဲ့ ရေးတာမဟုတ်ပါဘူး.. ဒေါ်စုကို ခုလက်ရှိထက် တိုင်းရင်းသားးအေ၇းကို အလေးထားဖို့ မီးမောင်းထိုးပြတဲ့ သဘောလို့ပဲ နားလည်ပါတယ်..
    November 8 at 12:07am · Like

    ReplyDelete
  4. အသာလေးသျှိုပြီး ပြန်သွားတဲ့စာရင်းထဲသွင်းမှာစိုးလို့ ရေးသွားပါတယ် ကိုမန်း။
    စိတ်ထဲခိုးလိုးခုလု ဖြစ်မိတာတော့အမှန်ပဲ၊ ဒေါ်စုက တိုင်းရင်းသားတွေကို စတေးသင့်ရင် စတေးမယ်ဆိုတဲ့ ခေါင်းဆောင်မျိုး မဟုတ်ဘူးလို့ ယုံကြည်ပါတယ်။
    ဒေါ်စုတစ်ယောက်ထဲ ဘာမှလုပ်လို့မရဘူး၊ ဒေါ်စုကို ၀န်းရံကြတဲ့ လူတွေအပေါ်မူတည်ပါတယ်။

    ReplyDelete
    Replies
    1. ခုလို သဘောထားပေးသွားတာကို ဝမ်းသာပါတယ် ညီမရေ ။
      စာတစ်စောင် ရေးတယ်ဆိုတာက ခြုံငုံမှုသာဖြစ်ပြီး ၊ မှတ်ချက်တွေဆိုတာက ပိုအသေးစိတ်တဲ့ သဘောထားတွေကို ထင်ဟပ်ဖလှယ်နိုင်တာမို့ ကြိုဆိုရမှာပါပဲ ။

      ပထမဆုံး ပေးရမယ့်မှတ်ချက်က - ညီမရဲ့အမြင်ကို မှားနေတယ်လို့ အကို့အနေနဲ့ ပြောလို့မရပါဘူး ။ ပြောမိရင် ကိုယ့်အမြင်ဟာလည်း မှားနေတယ်ဆိုတဲ့ အစွန်းတစ်ဖက်ကနေမြင်အောင် တွန်းပို့မိသလို ဖြစ်နိုင်တာကြောင့်ပါ ။

      ညီမမှတ်ချက်မှာ အဓိက (၂) ပိုင်းတွေ့မိတယ် ။
      ပထမက ဒေါ်စုကနေ တိုင်းရင်းသားတွေကို မစတေးဘူးလို့ ဆိုတဲ့ ညီမရဲ့အမြင်ပါ ။
      နောက်တစ်ခုကတော့ ဒေါ်စုတစ်ယောက်ထဲမဟုတ်ပဲ ဘေးကဝန်းရံကြတဲ့လူတွေအပေါ် မူတည်တယ်ဆိုတဲ့ ယူဆချက်ပါ ။

      ပထမအမြင်ကို မှတ်ချက်ပေးရရင် - ဒါဟာ မြန်မာပြည်က ဒေါ်စုကို လေးစားကြည်ညိုကြတဲ့ လူများစုရဲ့အမြင်နဲ့ ကွာခြားမှု မရှိလှပါဘူး ။ မှားသလားမေးရင် - အဲသည်မြင်ကွင်းဖက်ကကြည့်ရင် မမှားပါဘူး ၊ ဒါပေမယ့် တောထဲတောင်ထဲ မညှာတာတဲ့ ရာသီဥတုကြားထဲ စားသောက်ဖို့အသာထားလို့ ရေတစ်ပေါက်သောက်ဖို့တောင် မိုင်းနင်းမိမလား စိုးရိမ်စိတ်တွေနဲ့ ဘယ်သစ်ပင်နောက်က ကျည်ဆန်တွေထွက်လာမလဲ သတိထားနေရတဲ့လူတွေနဲ့ သူတို့နဲ့ ဆက်စပ်ပတ်သက်နေသူတွေအဖို့တော့ - ဒေါ်စု ငါတို့ကို မမေ့နေလောက်ပါဘူးလို့ ထင်မြင်ယူဆနိုင်မလား စာနာကြည့်ရင်တော့ ဆန့်ကျင်ဖက်ဖြစ်နေနိုင်တာပေါ့ ညီမရယ် ။

      မတရားမှုကို နှုတ်ဆိတ်နေတာဟာ အဲဒီမတရားမှုကို အားပေးတာနဲ့အတူတူပဲ ဆိုတဲ့စကားကို ညီမလည်း ကြားဖူးမှာပါ ။ သို့သော် ဒီစကားဟာ အစွန်းရောက်မှု အတိုင်းအတာတစ်ခုရှိတယ်လို့ ယူဆမိတယ် ။ မိတ်ဆွေမဟုတ်ရင် ရန်သူပဲဆိုတဲ့ အတွေးအမြင်မျိုးလိုပဲလို့ ပြောနိုင်လိမ့်မယ်ထင်တယ် ။ အခု အကိုပြောနေတာဟာ စိတ်နာနာနဲ့ ပြောနေတာမဟုတ်ပါဘူး ။ လူပြောနည်းတဲ့ ၊ လူအတော်များများ မမြင်နိုင် မသိချင်ကြတဲ့အပိုင်းကို ဒေါ်စုစိတ်ထဲ တစ်စက္ကန့်လောက်ဖြစ်ဖြစ် ဖြတ်သန်းသွားမိအောင် ၊ မပြောနိုင် မပြောတတ် မပြောချင် ပြောဖို့မသိသူတွေအတွက် ကြားကနေ ဝင်ပြောပေးတဲ့ သဘောသာသာပါ ။

      ခံစားနေရတဲ့ သူတွေအတွက်ကတော့ - ဒေါ်စုဟာ လက်ရှိအနေထားမှာ သူတို့ကို စတေးနေတာပါပဲ ။
      ဒေါ်စုဖက်ကကြည့်တော့ - တစ်နိုင်ငံလုံးအတွက်ကြည့်ရင် အချို့လူတွေအနေနဲ့ သူတို့ခံစားနေရတာတွေကို သည်းခံနေဖို့လိုတယ်လို့ မြင်ကောင်းမြင်ပါလိမ့်မယ် ။ အာဏာကို မလွှတ်တမ်းစွဲကိုင်ထားချင်သူတွေနဲ့ အတိုင်းတာတစ်ခုအထိ အပေးအယူလုပ်ပြီး ၊ အချို့ကိစ္စတွေမှာ မသိကျိုးကျွံသော်၎င်း မစွက်ဖက်မိဖို့ ရှောင်ရှားနေတာသော်၎င်း လုပ်ဖို့လိုတယ်လို့ ယူဆလုပ်ကိုင်နေနိုင်ပါတယ် ။

      ဒါကို စီမံခန့်ခွဲရေးအမြင် ၊ နိုင်ငံရေးအမြင်ဖြစ်စေ ၊ common sense အရကြည့်ပြီး ဒေါ်စုဖက်ကို ညှာညှာတာတာ သာသာထိုးထိုးလေး တွေးပေးလို့ရပါတယ် ။ သို့သော် ဒီလို မတွေးနိုင်တဲ့ လူတွေကတော့ ထောင်နဲ့သောင်းနဲ့ သိန်းနဲ့ချီတဲ့ နင်းပြားတွေပါ ညီမရေ ။ အကို့အနေနဲ့က အဲသည်လူတွေကိုလျစ်လျူပြီး စိတ်ထဲ အပြစ်ရှိနေတဲ့ ဘဝနဲ့တော့ နေမသွားချင်တဲ့ဆန္ဒနဲ့ ရေးဖြစ်တာပါ ။

      ညီမ ဒုတိယတစ်ချက်မှာ ရေးထားသလိုပါပဲ ၊ ဘေးကဝန်းရံနေတဲ့ သူတွေအပေါ်လည်း မူတည်တာကြောင့် ၊ စာထဲမှာ “အန်တီနဲ့ ပြည်မက အခြားသောနိုင်ငံရေးသမားတွေဆီ” လို့ မမေ့မလျော့ ထည့်ရေးခဲ့တာပါ ။ ဒီစာဟာ ဒေါ်စုကို တိုင်တည်တယ်ဆိုပေမယ့် ပိုကျယ်ပြန့်တဲ့ အနေထားတစ်ခုကို ဦးတည်ပြောထားတယ်ဆိုတာကို ရှင်းပြပါရစေ ။

      ဒေါ်စုကို ဝန်းရံနေသူတွေလို့ ပြောတဲ့အခါမှာလည်း - သူတို့တွေက ဘယ်သူတွေလဲ ၊ ဘာနောက်ခံတွေရှိလဲ ၊ ဘယ်လိုစိတ်ထားတွေရှိသလဲ ၊ သူတို့ဒေါ်စုအပေါ် ဘယ်လောက်အထိ သက်ရောက်မှုရှိသလဲ ဆိုတာတွေကလည်း စဉ်းစားစရာ လိုလာပြန်ပါတယ် ။ ဒါကတော့ ပိုကျယ်ပြန့်ပြီး အချို့လူတွေအတွက်လည်း နာကျင်စရာတွေ ဖြစ်လာနိုင်တာကြောင့် ၊ သိပ်လည်းမသိတာကြောင့် မရေးမိအောင်နေတာက ပိုကောင်းနိုင်ပါတယ် ။ ဒါ့ပြင် ဒေါ်စုဟာ လူအများနဲ့သူ့ပါတီရဲ့ ဆုံမှတ်ဖြစ်သလို ၊ ထိန်းသိမ်းပြောဆိုမှုတွေရှိတာမှန်ပါတယ် ။ သို့သော် သေချာတာတစ်ခုက - ဘယ်သူ ဘယ်အဖွဲ့အစည်းကမှ ဒေါ်စုကို အလုံးစုံ ကန့်သတ်ချည်နှောင်ထားလို့ မရဘူးဆိုတာပါပဲ ။ အထူးသဖြင့် ပြည်ပထွက်တဲ့အချိန် မီဒီယာတွေနဲ့ထိတွေ့တဲ့အခါ ပြည်တွင်းမှာတုန်းကထက် အသံပိုထွက် ပိုပြောတယ်လို့ မြင်နေရပါတယ် ။

      အဆုံးသတ်ကတော့ ညီမရေ ၊ ဒေါ်စုကိုမဏ္ဍိုင်တည်ပြီး ပိုကျယ်ပြန့်တဲ့ ပရိတ်သတ်ဆီ အတွေးကိုယ်စီထဲ ဝင်စေချင်တဲ့ သတင်းစကားလေးတွေ ပါးလိုက်ချင်တာပါပဲ ။ မတူတဲ့ ထောင့်တွေကနေ မြင်ကြတာကတော့ ကိုယ်ပိုင်အခွင့်အရေးတွေပါ ။ ဖလှယ်ခွင့်ရတာလဲ ဝမ်းသာပါတယ် ။

      Delete
    2. တစ်ခုတော့ ထပ်ဖြည့်ချင်တယ် ညီမရေ ။
      ရွေးကောက်ပွဲဖြစ်စေ ၊ အခု အခြေခံဥပဒေ ပြင်ဖို့ အသစ်ရေးဖို့ဖြစ်စေ ၊ နေရာအတော်များများမှာတော့ ပြည်သူအစစ်အမှန်တွေအတွက် ရွေးစရာမရှိလှပါဘူး ။ ဒေါ်စုကို ထောက်ခံဖို့ကလွဲရင် အခြားနည်းလမ်းမရှိတဲ့နေရာတွေ အများကြီးရှိပါတယ် ။ ဒါကတော့ ငြင်းစရာမလိုလောက်တဲ့ကိစ္စပါ ။

      အခြားရွေးစရာလူတွေ ရှိကောင်းတော့ ရှိနိုင်ပါတယ် ။
      အဲဒါတွေကတော့ - သူ့နယ်နဲ့သူရှိတဲ့ ပြည်သူကို တကယ့်ကိုယ်စားပြုသူမျိုးက တစ်မျိုး ၊ မကောင်းဆိုးဝါးငယ်တွေကို ကျော်လွှားနိုင်ဖို့ မကောင်းဆိုးဝါးကြီးကို မဖြစ်မနေ ရွေးချယ်ရတာ ထောက်ခံရတာမျိုးတွေပေါ့ ။

      ဒါတွေကတော့ အကြမ်းဖျင်းတွေပါ ညီမရေ ။ အသေးစိတ်တွေကတော့ သူ့နေရာနဲ့သူမို့ ကြုံလာဆုံလာမှပဲ ပြောနိုင်ကောင်းပြောနိုင်ပါလိမ့်မယ် ။

      Delete
  5. ဟုတ်တယ်ဗျာ၊ မျှော်လင့်မထားတဲ့ စာတပုဒ် ဖြစ်နေပြီ။ အထက်က မစံပယ်ဖြူ မဲန့်သွားတဲ့ အတိုင်း ခံစားနေရလို့ပါ ကိုမန်းရေ။ လုပ်ပိုင်ခွင့်နဲ့ လုပ်နိုင်ခွင့်ကိုလည်း ထည့်စဉ်းစားပေးဖို့၊ ရချင်တာနဲ့ ရနေသလောက်ကိုလည်း နားလည်ပေးဖို့ ဆန္ဒပြုချင်တယ်။

    တတိုင်းပြည်လုံးအတွက် ဒီတယောက်တော့ အသင့်တော်ဆုံးလို့ မျှော်လင့်ချက်တခု အဖြစ် ကျနော် လက်ခံထားပါတယ်။ လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့်ပြုပါ။
    အနီးဆုံးလူဖြစ်တဲ့ မဟေသီ့ကိုပဲ ဆန္ဒခံယူ ကြည့်ပါအုံးလို့ ကလိထိုးကြည့် ပါရစေအုံး။

    ReplyDelete
    Replies
    1. လွတ်လပ်စွာ သဘောကွဲခွင့် ရှိပါတယ်ဗျာ ။
      တစ်ခုရှိတာက ၊ ကျနော်တို့တွေ သဘောကွဲနေတာဟာ တောင်နဲ့မြောက် ဆိုတာမျိုးလောက်တော့ ကွာခြားမှု မရှိဘူးလို့ ယူဆပါတယ် ။

      အပေါ်ကစာစုမှာ ကျနော်သုံးနှုန်းသွားတဲ့ စကားလုံးအချို့ဟာ ၊ နည်းနည်းလေး ပြတ်သားပြီး ကြမ်းရှရှဖက်ကိုယိမ်းတဲ့ အသုံးနှုန်းမျိုးလေးဖြစ်အောင် တမင်ကို ထည့်သုံးခဲ့တာပါ ။
      ထိရောက်မှု ရှိစေချင်တဲ့ ဆန္ဒနဲ့ပါ ။

      အချို့သူတွေအတွက် စိတ်မသက်မသာဖြစ်မှာ သဘောပေါက်ပါတယ် ။
      သို့သော် ၊ စိတ်ထဲ ဇဝေဇဝါ ဖြစ်နေသူအချို့နဲ့ သတင်းစကားပါးဖို့ လိုအပ်သူတွေအချို့အတွက် ၊ မဖြစ်မနေ ကွက်လပ်ဖြည့်ပေးဖို့ လိုတယ်လို့လည်း ယူဆလို့ပါ ။

      ကျနော်တို့လို ကွန်ပြူတာခုံရှေ့ အေးအေးသာသာ ထိုင်ခွင့်ရနေသူတွေ ရှိသလို ၊ ကွန်ပြူတာဆိုတာ အသာထားလို့ မတ်တပ်ရပ်နေရင်း ရူးမသွားအောင် အချိန်ရှိရှိသမျှ ဒုက္ခတွေကို ခါးစည်းခံပြီး ချုပ်တည်းနေကြရတဲ့ လူတွေလည်းရှိတာကြောင့် ၊ လိုအပ်နေတဲ့ ကွင်းဆက်လေးတစ်ခုကို ဝိုင်းဖြည့်ပေးတယ်လို့သာ ၊ သဘောထားပေးနိုင်ဖို့ မျှော်လင့်ပါတယ် ။

      Delete