ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Sunday, October 27, 2013

ကို့ယို့ကားယား ကရင့်ဇယား



  မကြာမတင်က ဖြစ်သွားတာလေးတစ်ခုကို တည်မှီပြီး ၊ မြင်ရတာ မသက်သာလှလို့ မအားသော်လည်း
စာတစ်လုံးနှစ်လုံး စီလိုက်ပါတယ် ။

   ကိစ္စက ကရင်တွေ အတော်များများသိပါတယ် ။ 
   KNU ဗဟိုကော်မတီဝင်အချို့ကနေ လောလောလတ်လတ် ပေါက်ကွဲနေခဲ့တဲ့ စွမ်းအားနည်းဗုံးတွေနဲ့
ပတ်သက်လို့ ၊ ပြည်မအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်တယ်ဆိုတဲ့ ကိစ္စပါပဲ ။ အဲဒီကမှ တစ်ဆက်
ထဲ သတင်းသမားတွေရှေ့မှာ ပါးစပ်‘အဟ’မတော်သူ လူကြီးတစ်ယောက်တစ်ယောက်ကြောင့် ရွဲ့စောင်း
စောင်း တန်ပြန်ပဲ့တင်သံတွေ တခြိမ်းခြိမ်း ဟိန်းထလာလို့ ဝင်ပြောချင်စရာလေး  နည်းနည်းဖြစ်လာခဲ့
တယ် ဆိုပါစို့ ။

   ဖြစ်စဉ်မှာ - ပထမ သတင်းတွေတက်လာတယ် ၊ ဗုံးတွေပေါက်တယ်ပေါ့ ။
   ဒုတိယ သံသယရှိခံရသူတွေ နာမည်ထွက်လာတယ် ၊ အရှေ့မှာ “စော”ဆိုတဲ့ ဂုဏ်ပုဒ်လေးတွေနဲ့ပါ ။
   ဒီမှာတင် သံသယရှိခံရသူတွေကို သံသယရှိတဲ့ပုံတွေက တကယ့်ကို သံသယရှိစရာတွေ ဖြစ်နေပြန်
တယ် ။

   နည်းနည်း ရှုပ်သွားမယ်ထင်တယ် ။ ဆိုလိုတာက သံသယရှိတဲ့ပုံစံကိုက ပုံမကျပန်းမကျနဲ့မို့ ယုံကြည်
ဖို့ ခက်နေတယ်လို့ ပြောချင်တာပါ ။ ဒီလိုပြောလို့ ကျနော့်ကို မျက်စောင်းတော့ မထိုးပါနဲ့ ၊ ဘက်ပေါင်းစုံ
က လူအတော်များများကကို မယုံကြတာပါ ။ ကျနော်အနေနဲ့ စုစည်းထင်ဟပ်ပြပေးရုံပါ ။

   တတိယအဆင့်မှာ အတိကျ အစွပ်စွဲမခံရသေးတဲ့ KNU ဖက်အခြမ်းက အသံတွေထွက်လာတယ် ။
ထွက်လာတာမှ နည်းနည်းတောင်မဟုတ်ပါ ၊ အဖြစ်မှန်ပေါ်ဖို့ရာ ပြည်မအာဏာပိုင်တွေနဲ့တောင် ပူး
ပေါင်းဆောင်ရွက်မယ်လို့ ဆိုပါတယ် ။ ဒါကို ဘေးပရိတ်သတ်အနေနဲ့ကြည့်ရင် - နိုင်ငံရေးအရ အကွက်
ကြိုမြင်တဲ့ ၊ လိမ္မာပါးနပ်တဲ့ ၊ သိက္ခာထိန်းသိမ်းဖို့ကြိုးစားတဲ့ လုပ်ရပ်တစ်ခုပါ ။ ကြိုဆိုသင့်တဲ့ လမ်း
ကြောင်းတစ်ခုပဲလို့ ယူဆမိတာပါပဲ ။

   ဒီကြားထဲမှာ စိတ်ထဲပေါ်လာတာလေး နှစ်ခုရှိတယ် ။
   မွန်အဖွဲ့ခေါင်းဆောင်တွေရဲ့ “စကား”ပြောလိမ္မာတာနဲ့ ၊ ကချင်ခေါင်းဆောင်တွေရဲ့ “မူ”ကို စွဲကိုင်ပြီး
ပြည်မနဲ့ ရင်ပေါင်တန်း ဆွေးနွေးနိုင်တာလေးတွေကိုပါ ။ ခုလည်း ကရင်တွေ အစွမ်းပြမယ့်အလှည့်
ရောက်လာပြီပေါ့ ။

   သို့သော် သို့သော် .. မျှော်လင့်ထားတာနဲ့ တက်တက်စင်အောင်ကို လွဲပါလေတော့တယ် ။
   KNU ကနေ တစ်စိတ်တစ်ပိုင်း တာဝန်ရှိတယ်လို့ အဓိပ္ပါယ်သက်ရောက်တာမျိုး သတင်းစာရှင်းလင်း
ပွဲမှာ ပြူးပြဲပြီးပါလာတယ် ။ ဒါတင်မကပါ ၊ ဘာသာရေး လူမျိုးရေး အနှောင့်သွားမလွှတ်တာတွေကိုပါ
ထည့်ပြောသွားတာကို ကြားလိုက်ရပါသေးတယ် ။ ကရင်တွေအတွက်တော့ တကယ့်ကို မျက်ခုံးလှုပ်
စရာ ။

   ပထမဆုံး ကျနော် ပထမဆုံး တုန့်ပြန်ချက်ကတော့ “ဟမ်..” ဆိုတဲ့ အာမေဋိတ်သံပဲ ဖြစ်ပါတယ် ။
   ဝမ်းနည်းလို့လည်းမဟုတ် ၊ ဝမ်းသာလို့လည်းမဟုတ် ၊ ဘာအထွေထူး ခံစားရလို့မှတော့ မဟုတ်ပါ ။
   အင်မတန်ထူးဆန်းတဲ့စကားတွေကြောင့် အံ့သြသွားတာပါ ။

   ဖြစ်ခဲ့တာတွေကို ပြန်ကြည့်ရအောင် ။
ပထမ - ဗုံးပေါက်တာက နေရာအနှံ့မှာနော် ။

ဒုတိယ - သံသယအရှိခံရသူတွေက မှတ်ပုံတင်အစစ်ကြီးတွေသုံးခရီးသွားပြီး ပေါ်ပေါ်တင်တင် ခွဲခဲ့
တာလား ၊ နောက်တစ်ခါ ဘီးလင်းလိုနေရာမှာ နောက်ကလိုက်ဖမ်းတာကို ဆိုင်ကယ်နဲ့ အလွယ်တကူ
ထွက်မပြေးပဲ ဓါတ်တိုင်တစ်တိုင်စာလောက်လိုက်ရုံနဲ့ အဖမ်းခံခဲ့တယ် ဆိုတာမျိုးတွေကအစ သံသယ
ရှိစရာတွေက အများကြီးဖြစ်နေတယ် ။

တတိယ - ဖမ်းမိတယ်ဆိုတဲ့ သံသယရှိသူကို KNU က တစ်ကြိမ်မေးလိုက်ရုံနဲ့ အဖြေအားလုံး ထွက်
လာရောပဲလား ။ ဖြစ်ရပ်ကြီးတစ်ခုလုံးဟာ ရိုးစင်းလွန်းနေပြီး ဖြေရှင်းပြတာတွေနဲ့စာရင် ၊ သက်သေပြ
ဖို့ ကျန်နေသေးတဲ့ မေးခွန်းတွေက အများကြီးပိုနေတယ်ဆိုတာ ပြောစရာမလိုလောက်အောင်ပါပဲ ။

   ယေဘုယျပဲ ကောက်ချက်ဆွဲကြည့်ပါ့မယ် ။
   တစ်နိုင်ငံလုံးက ယုံရခက်နေတဲ့ကိစ္စကို KNU တစ်ဖွဲ့လုံး (သို့မဟုတ်) အဖွဲ့ထဲက လူတစ်စုက ဓါးစာ
ခံလုပ် လက်ဝင်လျှိုပေးတာလား မေးစရာဖြစ်လာတယ် ။ အပစ်ရပ်ထားတာ မပျက်စေချင်လို့လား ၊ ဒီ
လိုမှမဟုတ်ရင်တော့ အချို့လူတွေ သံသယဖြစ်နေကြ စွပ်စွဲနေကြတဲ့ - အဖွဲ့စည်းကို ရောင်းစားနေ
တယ် ဆိုတာမျိုးတွေက အတည်ဖြစ်လာတော့မယ် ။

   နောက်တစ်ခုက သံသယရှိခံရသူကို တစ်ကြိမ်သွားမေးရုံနဲ့ ပေါက်ကွဲမှုပေါင်းအများကြီးကို တစ်ပြိုင်
ထဲ ဖြေရှင်းလိုက်နိုင်တယ်လား ။ ကျနော်သိသမျှတော့ တရားခံတစ်ယောက်ကို အနည်းဆုံး မတူတဲ့
တရားရေးကဏ္ဍတွေကနေ အပြန်ပြန်အလှန်လှန် (cross examination) စစ်ဆေးပြီးမှ ၊ သက်သေတွေ
ခိုင်လုံအောင် ပြင်ဆင်ပြီးမှ ၊ အပြန်လှန်ဆွေးနွေးငြင်းခံပြီး တရားသူကြီးက ဆုံးဖြတ်ရတာ မဟုတ်ဘူး
လား ။ ခုတော့ ဈေးပေါပေါနဲ့ရိုက်တဲ့ ဗီဒီယိုဇာတ်ကားလို ယုတ္တိလည်းမရှိ ၊ ကြည့်လို့လည်းမကောင်း ၊
ဘာအနှစ်သာရမှလည်း မပေး ၊ အရှူံးလည်းပေါ်သလိုပဲ ၊ နကိုကတည်းက “ထိုင်နေကောင်းသား ထ
သွားမှကျိုး”နေတော့တဲ့ အဖြစ်မျိုးနဲ့ လာတိုးသလိုပါပဲ ။

   ဒီတော့ ပြီးရောလား ။
   ဘယ်ပြီးမလဲ နောက်ဆက်တွဲတူညံသံတွေက ဥပမာနှိုင်းပြရရင် - မုန်တိုင်းထန်တဲ့ ချီးအိုင်ကြီးပေါ်
ကနေ ဖြတ်နေရသလိုပါပဲ ။

   အရင်ဆုံး မြင်မိတဲ့ တုန့်ပြန်မှုအချို့ကို ပြောချင်တယ် ။
   နေရာအတော်များများမှာ တွေ့လိုက်မိတာက - “ဖဒိုမန်းငြိမ်းမောင် အင်တာဗျူးဖြေသွားတာကို အ
ကြိုက်ဆုံးပဲ”တဲ့ ၊ ။ အချို့လည်း ရိုးရိုးသားသားပြောတာ ဖြစ်နိုင်ပါတယ် ။ အခြားတစ်ဖက်ကကြည့်
ရင် -  ‘အကြမ်းဖက်အဖွဲ့ပါလို့ ဝန်ခံပေးတဲ့အတွက် အရမ်းကြိုက်တာပဲ’ဆိုပြီး အချွန်နဲ့ ဝိုင်း‘မ’တာလား
ဆိုတာတော့ တွေးစရာလေး ဖြစ်နေပြန်တယ် ။

   သတိမထားမိသူတွေကို ကြုံတုန်း တစ်ခုလောက် ပြောပြချင်တယ် ။
   တိုင်းရင်းသားတွေနဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ပတ်သက်ပြီး မသိမသာတစ်မျိုး ၊ သိသိသာသာတစ်မျိုး ‘အင်’ထည့်နေတဲ့ (တစ်နည်းအားဖြင့်) မီဒီယာအဆိပ်ကျွေးနေတဲ့ သတင်းရပ်ဝန်းတွေ ရှိကြပါတယ် ။ ဝါ
ဒဖြန့်နဲ့ ပုတ်ခတ်မှုတွေလုပ်နေတဲ့ဆိုဒ်တွေကိုတော့ ကြော်ငြာပေးသလိုမဖြစ်အောင် ထည့်မပြောတော့ပါ ။
အထူးသဖြင့် သတင်းနဲ့စာနယ်ဇင်း ပင်မရေစီးကြောင်းထဲကလို့ ပြောလို့ရမယ့် “The Hot News” ကို
တော့ဖြင့် သတိထားမိတယ် ။

   လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းက KNU ခွဲထွက်အဖွဲ့ဖြစ်တဲ့ ဗိုလ်ချုပ်ထိန်မောင်တို့အဖွဲ့ကလူတွေနဲ့ အင်
တာဗျူးလုပ်သွားပေးတာ တွေ့လိုက်မိပါတယ် ။ အင်တာဗျူးတာ ဘာပြဿနာရှိသလဲမေးရင် ၊ မရှိပါ
ဘူးခင်ဗျ ၊ သို့သော် ဗိုလ်ချုပ်ထိန်မောင်ဟာ အသက်ကြီးပြီး သူငယ်ပြန်နေပြီဆိုတာ ကရင့်အသိုင်းဝိုင်း
တစ်ခုလုံးလိုလိုက သိကြပါတယ် ။ ဒီတော့ သူ့နဲ့အင်တာဗျူးဟာ ရိုးသားမှုရှိရဲ့လားဆိုတာ မေးခွန်းထုတ်
စရာ ဖြစ်လာတယ်လို့မြင်ပါတယ် ။ (လင့်)

   ဒါတင်လားဆိုတော့ မဟုတ်ပါ ။
   လွန်ခဲ့တဲ့ လပိုင်းကလည်း မြဝတီမှာ KNU ဆက်ဆံရေးရုံးတာဝန်ခံကို ကုလားတွေနဲ့ပတ်သက်တယ်
ဆိုတဲ့ စွပ်စွဲမှုမျိုးသာမက ၊ တရားဝင်ဖွင့်ထားတဲ့ KNU ဆက်ဆံရေးရုံးနဲ့ တာဝန်ခံအရာရှိကို ဥပဒေချိုး
ဖေါက်တဲ့ သူခိုးဓါးပြသာသာသဘောမျိုး သတင်းရေးတင်သွားတာကို ဖတ်မိခဲ့ပါသေးတယ် ။
[ဒီမြဝတီမှာ အပုတ်ချချင်ရင် (အာဏာပိုင်တွေအပါဝင်) ဘယ်အဖွဲ့မှ မလွှတ်ပါ ၊ ကျနော်လည်း ဒါမျိုး
မလုပ်ချင်ပါ ၊ ဒါပေမယ့် ဒီသတင်းစာစောင်ကနေ လိုချင်တာကိုပဲဆွဲထုတ်ပြီး ချိုးဖဲ့ဖို့လုပ်ခဲ့တယ်ဆိုတာ
ကို သိစေချင်ရုံပါ ။]

   ဒိထက်အရင်ကလည်း မကြာမကြာတစ်ခါဆိုသလို သူတို့တွေ ဒီလိုလုပ်နေခဲ့တာ သတိထားမိတာ 
ကြာပါပြီ ။ ဒီသတင်းဌာနနဲ့ပတ်သက်လို့ ဘယ်သူနဲ့ပတ်သက်နေတယ် ၊ ဘယ်သူတွေကထောင်ထားတဲ့
သတင်းဌာနပဲဆိုပြီး လက်ညှိုးထိုးနေကြ ပုဂ္ဂိုလ်ရေးတိုက်ခိုက်နေကြတာကိုလည်း သတိထားမိပါတယ် ။
ဒါပေမယ့် ကျနော်ကတော့ မီဒီယာကျင့်ဝတ်နဲ့ ရိုးသားမှုတွေကိုပဲ အခြေခံကြည့်ပြီး ပြောနေတာပါ ။ ဒိ
ထက် မပိုပါ ။ သတိရှိစေချင်လို့သာ ပြောနေတာပါ ။

   ထားတော့ ၊ ဒါဆိုပြီပြီလားဆိုရင် ၊ မပြီးသေးပါ ၊ ကရင်မီဒီယာတွေကိုလည်း ပြောစရာဖြစ်လာပြန်ပါ
တယ် ။ မီဒီယာဆိုလို့ အချို့သတင်းဌာနတွေ အောင်မြင်တဲ့ဘလော့တွေနဲ့စာရင် ပိစိကွေးတွေပါ ၊ သို့
သော် ပရိတ်သတ် အသင့်အတင့်လေးရှိပြီး ၊ ထောက်လှမ်းရေးဖက်ကလည်း မျက်ခြည်မပြတ် စောင့်
ကြည့်နေတဲ့ ဆိုဒ်လေးတွေပေါ့ ။

   အပေါ်ကပြောခဲ့တဲ့ KNU ကိုယ်စားလှယ်အချို့ရဲ့ ကချွတ်ကချော် ဖြေရှင်းမှုနဲ့ မရှေးမနှောင်းမှာပဲ ၊ အဲ
ဒီဖြေရှင်းမှုမှာ တာဝန်ရှိသူတွေကိုတိုက်ခိုက်တဲ့စာတွေ ထွက်လာပါတယ် ။ ဒါက သဘာဝပါပဲ ၊ ပြောစရာ
မရှိလှပါ ။

   သို့သော် မျက်နှာလွှဲရခက်တာတွေ ဖြစ်လာခဲ့ပါတယ် ။
   အဲဒါက ပုံမှန် မကြိုက်ကြောင်းပြောတာ ၊ အချက်အလက်တွေနဲ့ ဆန့်ကျင်တာမျိုးထက်ကျော်ပြီး ၊ ခါး
အောက်ပိုင်းကို လက်သီးနဲ့ထိုးသလို ကျင့်ဝတ်စောင့်ထိန်းမှုမရှိတဲ့ အပြုအမူတွေနဲ့ ရေးလာခဲ့ကြတာတွေ
ပါပဲ ။ ဒီလို ပေါ်လာတယ်ဆိုတာကလည်း သဘောမျှပြီး သတင်းတင်သူတွေကလည်း ရှိနေတာကိုး ။
ကျနော်လည်း ဘာမှတော့ မပြောသာပါ ၊ “သြော်” လို့ပဲ အံ့သြရင်မောရပါတော့တယ် ။
မကျေနပ်တာ ၊ သဘောမတူတာတွေကို တစ်ဖက်သားသိအောင်နဲ့ ဖိအားပေးလို့ရတဲ့နည်းလမ်းတွေ
အများကြီးရှိတဲ့ကြားထဲက ဒီလိုလမ်းမျိုးကိုရွေးကြတော့လည်း ဘေးကကြည့်နေရုံပေါ့ ။

   တလောကပဲ ကရင်မီဒီယာတွေအကြား အတင်းအဖျင်းဆန်တဲ့ စာတချို့ ထွက်လာအပြီးမှာ ၊ အချင်း
ချင်း ပျော်ပျော်ကြီး ထုထောင်းနှက်ကြရင်း ၊ “ကြားကား”တွေပါ (မှတ်ချက်/comment) တွေအနေနဲ့
ဝင်လာပြီး အဆင်းဘီးတပ် အချွန်နဲ့‘မ’ ၊‘ဆွ’ပေးသွားတဲ့အခါမျိုးကျတော့ သတိမထားမိကြတော့ပဲ ၊ မဆီ
မဆိုင်ကြားလူတွေကနေ ဝင်ထောက်ပေးမှ “သူခိုးမိ”ခဲ့တာမျိုးတွေကလည်း မြင်နေကြည့်နေရသူမျိုးအဖို့
စိတ်ပိန်စရာတွေပါ ။ (လင့် ၁) (လင့် ၂)

   တစ်ခါခါလည်း ကရင်တွေအကြောင်း စဉ်းစားမိပါတယ် ။
   အချို့အချို့သော်သူတွေကို ‘နေရစ်တော့ သေရစ်တော့’လို့ ပြောပြီး ချန်ခဲ့လိုက်ရ ကောင်းမလားရယ်
လို့ပါ ။ အခြားတစ်ဖက်ကလည်း - လူတွေအပေါ် စေတနာကို ကွက်ကြားမိုးလို မရွာသင့်ဘူးဆိုတဲ့အ
တွေးကလည်း ပေါ်လာပြန်တယ် ။

   အချို့လူတွေဟာ စိတ်ထားတက်ကြွမှုရှိတယ် ၊ လုပ်ချင်ကိုင်ချင်တယ် ၊ လက်ရှိနိမ့်ကျတဲ့ဘဝက လွှတ်
မြောက်ချင်ကြတယ် ။ အချို့လည်း ‘ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရချင်တယ်’လို့ ဆိုသူတွေလည်း ဆို
ကြတယ် ။ အမျိုးမျိုး အဖုံဖုံပါပဲ ။ အချို့ကို ‘ဖေးမ’ပေးဖို့ဖြစ်နိုင်သလို ၊ အချို့ကိုလည်း မသိသလို မျက်နှာ
လွဲပေးထားရတာမျိုးတွေ ရှိပါတယ် ။ မြန်မာပြည်က အခြားဒေသတွေအကြောင်းမျိုးပြောရင် မသိဖူးကြ
တာကြောင့် ဗဟုသုတဝေငှပေးနိုင်တာမျိုး ရှိသလို ၊ မြန်မာပြည်စစ်တပ်ဟာ တစ်နှစ်မှာ ထောင်ကဏန်း
ရှိတဲ့ စစ်ဗိုလ်တွေ လေ့ကျင့်မွေးထုတ်ပေးနေတယ်ဆိုတာမျိုးကို ရိုးရိုးသားသား မကြားဖူးပဲ အံ့သြနေကြ
တဲ့ ကရင်လူငယ်မျိုးတွေလည်း ကြုံဖူးတယ် ။ တစ်လက်စထဲလည်း “legal floodgates” လို့ခေါ်တဲ့ အစ
တစ်ခုဖေါ်လိုက်ရင် (ရှင်းဖို့မလွယ်တဲ့) အုံလိုက်ကျင်းလိုက်နောက်ဆက်တွဲတွေ ဖြစ်လာတတ်တဲ့ ဥပဒေ
ဆိုင်ရာ သဘောသဘာဝမျိုးကို မသိ မစဉ်းစားမိဖူးသူတွေလည်း အများကြီးရှိတယ်လို့ နားလည်မိတယ် ။

   တစ်ချိန်ထဲမှာလည်း သဘာဝတစ်ခုကို စဉ်းစားမိတယ် ။
   ပြေးပွဲတစ်ခုမှာ လူတစ်ယောက် (သို့မဟုတ် တစ်စု) က ကြိုပြေးနှင့်ပြီး ၊ အရှေ့ကို ရောက်နှင့်နေကြတဲ့
အဖြစ်မျိုးတွေ ရှိတတ်ပါတယ် ။ ကြိုပြေးလို့ကြိုရောက်နေတာကို ဘာမှမတတ်နိုင်ပါ ၊ သို့သော် - ရှေ့ကြို
ရောက်နေတဲ့လူ (သို့မဟုတ် အုပ်စု)က နောက်မှာကျန်နေတဲ့လူ (သို့မဟုတ် အုပ်စု)ကို လက်ရှိ ရောက်
နေတဲ့နေရာက‘စ’ပြီး တန်းတူရည်တူပြိုင်ကြမယ်လို့ ဆိုတဲ့အခါမှာတော့ ပြဿနာရှိလာပါတယ် ။ နောက်
ကျန်နေတဲ့လူတွေက ကြာလေကျန်လေဖြစ်ပြီး - ရှေ့ကလူတွေကို ကျိန်ဆဲရုံပဲ တတ်နိုင်ကြသလို ၊ ရှေ့က
လူတွေက ခံလည်းမခံနိုင် တန်းတူဖြစ်အောင်လည်း အခွင့်အလမ်းမပေးချင်ပဲ ရန်စောင်ကြတာမျိုး ဖြစ်လာ
ပါတော့တယ် ။ ဒီကြားထဲ နောက်ကလူကို လက်ကမ်းပေးချင်သူ ၊ ဘေးကနေ ဝိုင်းအော်သူ ၊ အမှီလိုက်
ခံရမှာစိုးလို့ ပြေးလမ်းတစ်လျှောက် ဆူးတွေခင်းသွားသူတွေကအစ အမျိုးမျိုးအဖုံဖုံသော ဖြစ်ရပ်တွေက
ဘေးကကြည့်သူတွေအတွက်တော့ ရင်သပ်ရှုမောဖွယ်ရာတွေပဲပေါ့ ။

   ဒီလိုသာ ဆက်စပ်တွေးမယ် ရေးမယ်ဆိုရင်တော့ ဆုံးမှာမဟုတ်ပါ ။ အစပြုခဲ့တဲ့ကိစ္စတွေကိုပဲ လိုရင်း
ချုပ်ပြောရရင် - ကရင်အမျိုးသားတွေအနေနဲ့ ကိုယ့်ချေးကိုယ်ယို ၊ ကိုယ့်အထုပ်ကိုယ်ပိုက်ပြီး ၊ အချိန်
တန်တော့ ကိုယ့်အထုပ်ကိုယ်ပဲ ပြန်ဖြည်ကြတာမျိုးတွေကို ကြပ်ကြပ်မလုပ်ကြဖို့ လက်ကလေးတို့ချင်
တာပါပဲ ။

  ဘာဖြစ်လို့လဲမေးရင် - ဘာမှတော့ မဖြစ်ပါဘူး ၊ မျက်စေ့လေး နည်းနည်းစပ်လို့ပါဗျာ လို့ပဲ ။


 မန်းကိုကို
၂၆ ၊ ၁၀ ၊ ၂၀၁၃

No comments:

Post a Comment