ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Wednesday, May 22, 2013

လျှံကျခဲ့တဲ့ စကားတစ်ချို့


  ပြောမှာတွေက ကိုယ့်ဘာသာတော့ မှန်မယ်လို့ယူဆတဲ့ အမြင်လေးတစ်ချို့ပါပဲ ။ သို့သော် ခေတ်
ကာလက သိပ်မကောင်းလေတော့ စေတနာနဲ့ပြောတာ တုတ်နဲ့ထိုးသလို ဖြစ်လိုဖြစ် ၊ အနာပေါ်
ဆားနဲ့ပက်သလို ထင်လိုထင်ရ ၊ မလုံတဲ့ကြားထဲ ထန်းလက်တွေဈေးကောင်းအောင် လျှပ်စီးတွေ
လက်ပြလိုပြသလို ဖြစ်ကောင်းတော့ ဖြစ်နေမလားပဲ ။ အထွေထူးတော့လည်း မဟုတ်လှပါဘူး ၊
Facebook ထဲက ကြုံသလို ရေးဖြစ်တာလေးတွေကို ပြန်စုစည်းပြီး အနည်းကျဉ်း ပြင်ဆင်တင်ပြ
ထားတာပါ ။ အချို့အမြင်တွေဟာ ကာလရှည်ကြာ ရင့်သန်လာရတာကြောင့် ဖတ်သူအတွက်တော့
အရင်းမရှိ အဖျားမရှိနဲ့ အစွန်းထွက်လိုထွက်လည်း ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ် ။ လက်သင့်ရာ
စားတော်ခေါ်ထားသလို မုန့်လက်သုတ်တွေကို စုချတည်ပေးလိုက်ပါတယ် ၊ ခန္တီတရားကိုသာ
လက်ကိုင်ထားကြပါလေကုန်  :-)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


(၁)  ကရင်ပြည်နယ် ဘားအံမြို့တော်

   လွန်ခဲ့တဲ့ တစ်ပတ်ကျော်လောက်က အပေါ်ကခေါင်းစဉ်နဲ့ Facebook စာမျက်နှာတစ်ခုပေါ်လာလို့
ကြည့်မိရာက မြို့အခြေနေပြောပြတဲ့ ပို့်စ်တစ်ခုအောက်မှာ ရေးဖြစ်ခဲ့တဲ့ မှတ်ချက်တစ်ခုပါ ။

  ဒီနေ့ပဲ ဒီစာမျက်နှာလေးကိုတွေ့ပြီး ကိုယ့်မြို့ရဲ့ ပုံရိပ်လေးတွေ ပြန်မြင်ရတော့
ဝမ်းသာမိတယ် ။ မရောက်ဖြစ်တာ ကြာပြီမို့လည်း သတိရမိတယ် ။ စိတ်လည်း 
ချမ်းသာတယ် ။

  ဒါပေမယ့် ဒီမှာ ပေးထားတဲ့ မှတ်ချက်တွေကိုတွေ့တော့ စိတ်အတော် နောက်

သွားတယ် ။ ငါတို့ ဖါးအံမြို့ဟာ အပြင်ပန်း အသွင်မှာ လှနေပေမယ့် ၊ လူအ
တော်များများရဲ့ စိတ်ထဲမှာတော့ မဲမှောင်နေပါကလားလို့ ဝင်လာတယ် ။

  ငယ်စဉ်ဘဝ တစ်လျှောက်လုံး ကိုယ့်ရဲ့ ဟိန္ဒူ ၊ မွတ်ဆလင် ၊ တရုတ်တွေ အပါ

အဝင် လူမျိုးပေါင်းစုံ သူငယ်ချင်းတွေ ရှိခဲ့ပြီး ၊ ခင်ခင်မင်မင်နဲ့ အတန်းတွေ အ
သက်ရွယ်တွေကို ကျော်ဖြတ်ခဲ့ကြတယ် ။ သူတို့တတွေ အများစုဟာလည်း
အားလုံးနဲ့ တည့်အောင် နေကြတယ် ။ လူနည်းစု ဖြစ်လို့လည်းတစ်ကြောင်း
သည်းခံကြတယ် ၊ သူတို့အနေထား သူတို့နားလည်ပြီး ထိန်းသိမ်းကြတယ် ။

  သူတို့ဟာ ဒီမြို့မှာ ကြီးပြင်းလာကြသလို ၊ အရွယ်ရောက်တော့လည်း ဝန်ထမ်း

လုပ်ဖို့ အခွင့်လမ်း မရှိကြတာ များတာကြောင့် ကိုယ့်ခြေပေါ်ကိုယ် ကြိုးစားရပ်
တည်ကြတယ် ။ သူတစ်ပါးကို အာဏာနဲ့လည်း ဒုက္ခမပေး မညှဉ်းပန်းခဲ့ကြဘူး ။
ဒီမြို့ဟာ သူတို့ရဲ့ ဘဝပဲ ။

 ဆေးရုံမှာ ကြည့်မလား ၊ သူတို့ကြောင့် ဒဏ်ရာရပြီး ဆေးကုနေရသူ ဘယ်နှစ်

ယောက် ရှိသလဲ ။
  ရဲစခန်းမှာ ကြည့်မလား ၊ ရာဇဝတ်မှုနဲ့ အချုပ်ခံနေကြရတာ ဘာလူမျိုး ဘာဘာ

သာတွေလဲ ။
  ရုံးကနားနဲ့ ဂိတ်တွေမှာ ကြည့်မလား ၊ ခြိမ်းခြောက် ဟိန်းဟောက်ပြီး သူတစ်ပါး

မျက်ရည်နဲ့ ရင်းနှီးထားတဲ့ ငွေကြေးတွေကို ညှစ်ယူနေတာဟာလည်း သူတို့ မ
ဟုတ်ဘူး ။

  တစ်ခုတော့ ရှိတယ် ။
  ဘယ်လူမျိုး ၊ ဘယ်ဘာသာ ၊ ဘယ်လို နောက်ခံမျိုးရှိရှိ ၊ ခြောက်ပြစ် ကင်းစင်

တော့ မရှိနိုင်ဘူး ။ သူ့အချိုးကျတော့ ရှိနေမှာပဲ ။

  ဖါးအံသူ ဖါးအံသား တစ်ယောက်အနေနဲ့ မွတ်ဆလင်တွေ ၊ ဟိန္ဒူအပါဝင် အ

သားမဲသူတွေကိုမုန်းပြီး -

  - ဂုဏ် တက်မလာနိုင်ဘူး ၊
  - စီးပွား ဖြစ်မလာနိုင်ဘူး ၊
  - ပညာ ပိုတတ်မလာနိုင်ဘူး ၊
  - ဗဟုသုတလည်း ပိုကြွယ်မလာနိုင်ပါဘူး ။

  ဆင်ခြင်သတိ ထားကြပါလို့ တရားတော်တွေ ၊ လူသား ကျင့်ဝတ်တွေနဲ့အညီ

ပြောပါရစေ ။

  ဖါးအံမြို့နဲ့တကွ နေထိုင်သူတွေအားလုံး ၊ ဆက်စပ် ပတ်သက်နေတဲ့ အရာနဲ့

သက်ရှိတွေအားလုံး အေးချမ်းတိုးတက်စေဖို့ ဆန္ဒပြုလိုက်ပါတယ် ။  ။  ။
          ၀၉ ၊ ၀၅ ၊ ၂၀၁၃

   တစ်လက်စထဲ အမြင်တစ်ခုကို ပြောပြချင်တယ် ။
   ဆိုကြပါစို့ ၊ မြန်မာပြည်မှာ ၄% ရှိတယ်ဆိုတဲ့ မွတ်ဆလင်တွေရဲ့ စီးပွားတွေ ပျက်ပြီး ဗုဒ္ဓဘာသာ
ဝင်တွေလက်ထဲ ရောက်လာပြီ ဆိုရင် ဘယ်လောက် အကျိုးခံစားကြရမလဲ ။ ၄% ရဲ့ ဥစ္စာဓနကို
၈၀% လောက်သောလူတွေက ခွဲယူကြရင်တောင် ဆင့်ပါးစပ်နှမ်းပက်သလို ဖြစ်မနေဘူးလား ။

   သင်္ခန်းစာယူချင်ရင် ဆင်တူယိုးမှား တစ်ခုရှိပါတယ် ။ ၁၉၆၂ နောက်ပိုင်း တစ်နိုင်ငံလုံးအတိုင်း
အတာနဲ့ ဓါးပြတိုက် အဲလေ ပြည်သူပိုင်သိမ်းခဲ့တာကို ကြည့်ပါ ။ ဘယ်သူတွေ ဘယ်လောက် နစ်
နာခဲ့သလဲ အသာထားလို့ ၊ အဲဒီ သိမ်းဆည်းလို့ရခဲ့တဲ့ အမွေအနှစ် အခွံကလေးများတောင် အကျိုး
ကျေးဇူးတွေ ကျန်နေခဲ့သလား ၊ မြင်နေရသေးလား ။

   အချို့က ဒါကို ၊ စနစ်တို့ စီမံခန့်ခွဲမှု ညံ့တာတို့ကို လက်ညှိုးထိုးကောင်းထိုးမယ် ။
   အဲဒါမျိုးကိုတော့ စစ်အာဏာရှင် လိုလားသူလေးအချို့ ရေးတာတွေကို သွားသတိရတယ် ။ "အ
ခုပြောင်းနေပြီလေ ၊ အရင်အဖွဲ့နဲ့ အခုအဖွဲ့နဲ့ ဘာမှ မဆိုင်တော့ဘူးလေ" စသည်ဖြင့်ပေါ့ ။

  ဒါကို ကျနော့်အနေနဲ့ ဇဝေဇဝါ မဖြစ်ပါဘူး ။ "မသာ" နဲ့ "အသုဘ"ကို ခွဲခြားဖို့ ကြိုးစားနေတာလို့
ပဲ မြင်ပါတယ် ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


(၂)  မမြင် မယုံ ၊ မကြုံ မသိ

  အောက်က မှတ်ချက်ကိုတော့ မနှစ်ကတည်းက ပေးဖြစ်ခဲ့တာပါ ။
   နာမည်မဖေါ်ရဲသူ တစ်ယောက်ကနေ ကချင်တွေ ကမ္ဘာအနှံ့ ဆန္ဒပြကြတာကို ဝေဖန်တိုက်ခိုက်
ထားလို့ ရေးဖြစ်ပါတယ် ။ ‘ကဗျာဆန်ဆန် လုပ်မနေနဲ့လို့’ ပြန်ပက်ခဲ့တဲ့ အဲဒီသူဟာ မကြာခင်က
တော့ ကဗျာတွေ စာတွေကို အနုပညာတွေကို လေးစားတန်ဖိုးထားပါကြောင်း တွေလုပ်နေလို့ မျက်
စေ့တောင် လည်ရမလိုပါပဲ ။

 မိန်းမတစ်ယောက်ကို အဆမတန်အားသာတဲ့ ယောက်ျားကြီးတစ်ယောက်က
   စောင်နဲ့အုပ်ပြီး လမ်းဘေးမှာ မုဒိမ်းကျင့်နေတယ် ။

  အဲဒီမိန်းမက တွန်းထိုးကန်ကျောက်ရုန်းကန်သလို ရှိသမျှအားနဲ့လည်း အော်ဟစ်
ဖို့ ကြိုးစားတယ် ။

~ ဘေးကမြင်သူတွေထဲ အချို့က - ‘မမြင်ရတဲ့စောင်အောက်မှာ မုဒိမ်းကျင့်နေတယ်
   ဆိုတာ မဖြစ်နိုင်ပါဘူး’ တဲ့ ၊
~ နောက်တစ်ယောက်က - ‘သံဝါသပြုတယ်ဆိုတာ အင်မတန်ကောင်းတဲ့အလုပ်ပါ ၊
   လုပ်သာလုပ်ပါ’ တဲ့ ၊
~ အသံကြားမိတဲ့ လူတစ်ယောက်ကလည်း - ‘ဒီကောင်မ တော်တော်အာပြဲတာပဲ ၊
   ဖြစ်တာကနည်းနည်း အော်တာကများများ ၊ တော်တော်ယုတ်နိမ့်တဲ့ဟာပဲ’ တဲ့ ၊
~ ဒီထဲမှာ လူတစ်ယောက်ကတော့ - ‘အော် .. သူ့ခမျာ သနားပါတယ်’ ဆိုပြီး သူ့
   လမ်းသူ ဆက်သွားနေသတဲ့ ၊
~ တစ်ယောက်ကျပြန်တော့ - မသိသလို ဖြတ်လျှောက်သွားရင်း ၊ ‘အင်း .. ငါ့ကို မ
   လုပ်ရင် တော်ပါပြီကွာ ၊ ယောက်ျားအချင်းချင်း အဲဒီလိုအလုပ်ခံရမှာ ကျောတော့
   အချမ်းသား’ လို့ တွေးနေသတဲ့ ၊
~ ဒီအထဲမှာ လူတစ်ယောက်ကတစ်ခါ - ‘ဟေ့ ဟေ့ သူ့ဘာသာသူ လွှတ်အောင်
   ရုန်းပါစေ .. ဘယ်သူမှ ဝင်မရှုပ်နဲ့နော်’ .. တဲ့ ၊

ကျနော်တို့ရဲ့ လူမှုအသိုင်းဝိုင်းမှာ ဘာတွေများ မှားနေပြီလဲ ။
----------------------------------

~ လောကမှာ ကိုယ့်အမြင် အမြီးမောက်တည့်ပေမယ့် ဒါကို လှောင်ပြောင်ခံရရင်
   တော့ မချိမခံသာတာ သဘာဝ ၊
~ အချို့လူတွေရဲ့ ဝင်္ကဝုတ္တိအလင်္ကာ ၊ ဥပမာအလင်္ကာတွေကို မခံစားတတ်တာ
   လည်း အပြစ်တော့မဟုတ် ၊
~ အသက်သာကြီးပြီး လူတိုင်းနားလည်လောက်မယ့် ရှင်းလင်းတဲ့ ဆက်သွယ်ရှင်း
   ပြချက်တွေ မလုပ်တတ်သူ ကိုယ်သာ အပြစ်ရှိပါတယ် ။

   အမှန်တော့ ရေးလိုက်တဲ့ စာလုံးတွေဟာ နည်းနည်းပြင်းပြီး အချို့လူနဲ့ အဖွဲ့စည်းတွေကိုလည်း
သွယ်ဝိုက်စွပ်စွဲရာ ရောက်နေတာသိပေမယ့် ၊ သည်းမခံနိုင်တော့လို့ ရေးဖြစ်သွားတာပါ ။

   တကယ်တန်းမှာ ပြည်မမြို့ပေါ်မှာ ပါးအရိုက်ခံရတာကို တာဝတံသာ ရောက်လုနီးနီး အမှုကြီးတွေ
ဖြစ် အရေးတကြီး ဝိုင်းပြီးအုံခဲကြပေမယ့် ၊ နယ်ဒေသတွေ တိုင်းရင်းသားတွေရှိရာမှာ ပုံဖေါ်ပြလို့ မ
ဖြစ်နိုင်လောက်တဲ့ ရိုင်းစိုင်း ဆိုးရွား ယုတ်မာ လူစိတ်မဲ့တဲ့ ဖြစ်ရပ်တွေအတွက်တော့ ၊ ဝတ်ကြေတန်း
ကြေ အလေးထား ပြောဆိုသူတွေတောင် သိပ်ရှိလှတာ မဟုတ်ပါဘူး ။ ကူညီဖေးမမယ့်သူတွေနဲ့
မျှော်လင့်ချက်တွေဟာလည်း ကင်းမဲ့နေသလောက်ပါပဲ ။ မကြာခင်ကမှ လူသိများတဲ့ (ဦးသန်းရွှေ
ဦးမောင်အေးတို့ကို အနီးကပ် ပြုစုခွင့် ကြုံခဲ့ဖူးပြီး သူတို့စိတ်ထားတွေကို သိသူပါလို့ဆိုတဲ့) Facebook
ပေါ်က အေးချမ်းမွန် စာမျက်နှာပိုင်ရှင်ကလည်း တိုင်းရင်းသားတွေအတွက် ဘာမျှော်လင့်ချက်မှ မ
ရှိဘူးဆိုတာ အတည်ပြုပေးခဲ့ပါသေးတယ် ။

   သည်တော့ ရွေးစရာလမ်းမရှိတဲ့ တိုင်းရင်းသားတစ်ယောက်အနေနဲ့ တကယ်ဖြစ်နေတဲ့ တိုက်ရိုက်
မတရား အကျင့်ခံရတာကိုသာမက ၊ လူထုကို အာဏာသုံးအနိုင်ကျင့်တာနဲ့ နယ်မြေသယံဇာတတွေ
ကို အလွဲသုံးစားလုပ် အနိုင်ကျင့်တာတွေ အားလုံးကို အပေါ်ကလို ခြုံငုံပြီး ၊ အတိုင်းတာ ဘောင်တစ်
ခုအတွင်းက အကန့်အသတ်နဲ့ သွယ်ဝိုက်ညွှန်းပြောတာဟာ တရားမယ်လို့ ယူဆပါတယ် ။

   တစ်ခါ လက်ရှိ ဟိန်းဟိန်းထကြွနေတဲ့ ဘာသာရေး လှုံ့ဆော်မှုတွေကိုလည်း တွဲဖက်တွေးမိပါသေး
တယ် ။ ဘာသာတူသူတွေ စည်းလုံးညီညွတ် လက်တွဲကြဖို့ တိုက်တွန်းနေကြရာမှာ ကရင်သီချင်းပါ
အလွှတ်မပေးပဲ အသုံးချ ဝါဒဖြန့်ဖို့ ကရိယာအဖြစ် ဖြတ်ညှပ်ကပ်ထားတာ သတိထားမိတယ် ။ အထူး
သဖြင့် မွန် ၊ ရှမ်း ၊ ကရင်နဲ့ ရခိုင်တွေကို ဦးတည်ဟန်လည်း တူပါတယ် ။

   ဒါကို လက်ခံတဲ့ ကရင်တွေလည်း ရှိနိုင်ပါတယ် ။ ကျနော့်အနေနဲ့လည်း တားပိုင်ခွင့် မရှိပါ ။
   သို့သော် သေချာတာက ကရင်ဗုဒ္ဓဘာသာဝင်တွေ မုဒိမ်းအကျင့်ခံရကာနီးမှာ ‘ကျမ ဗုဒ္ဓဘာသာပါ’
လို့ အသနားခံလို့ မရခဲ့ပါ ။ ညှင်းပန်းနှိပ်စက်ခံရတဲ့အခါလည်း အထောက်ကူ မရပါ ။ ရွာမီးရှို့ လူတွေ
သေနတ်နဲ့ အပစ်ခံရတဲ့ အချိန်တွေတုန်းကလည်း ခုနပြောခဲ့တဲ့ စည်းလုံးညီညွှတ် လက်တွဲဖို့ ပြောခဲ့
သူတွေ ဘယ်နားနေမှန်းကို မသိရပါ ။ ဒီတော့ ကျနော်တို့တစ်တွေ အဲသည်စကားတွေကို ယုံမိမယ်
ဆိုရင် ၊ ‘တစ်ချိန်မှာ ဟောင်းလောင်းကြီး ကျန်ရစ်ရပြန်ဦးမှာပဲ’လို့ တစ်ထစ်ချ ပြောလို့ရနိုင်ပါတယ် ။

  ဒီကြားထဲ ဆက်စပ်ပြီးလည်း ၊ မှတ်မှတ်ရရ မနှစ်က မြောက်ပိုင်းကျောင်းသားတွေ သေဆုံးခဲ့ရတာ
နဲ့ပတ်သက်ပြီး “ဒါးခုတ်ရာ လက်ဝင်မလျှိုပါနဲ့”လို့ တင်စားရေးထားတာကို ၊ ခံစားမှုကိုအရင်းတည်
ဖြစ်ရပ်တစ်ခုလုံးထဲက အသေးထပ်စိပ်ပြီး “ဘယ်အယောက်ကိုခုတ်တဲ့ ဒါးချက်လဲ” ဆိုပြီး ခနဲ့တာ
ကြုံခဲ့ရပါတယ် ။

   ကျနော့်အနေနဲ့ အပေါ်က ကချင်အပါဝင် တိုင်းရင်းသားတွေ ကိစ္စမှာလည်း ၊ ကိုယ်အပြောခံရသ
လို ကွက်ကွက်ကွင်းကွင်းနဲ့ ပျစ်ပျစ်နှစ်နှစ်တွေရေးပြီး လူတွေရဲ့ ခံစားချက်ကို ဆွပေးလို့ရတာ သိပါ
တယ် ။ ကိုယ့်သိက္ခာကို တစ်ဆင့်လျှော့ပြီး အသေးစိတ် တစ်ခုချင်းစီကို ပုံဖေါ်လို့လည်း တတ်ပါ
တယ် ။ ဒါပေမယ့် ဒီလုပ်ရပ်မျိုးတွေဟာ ပိုကျယ်ပြန့်တဲ့ မြင်ကွင်းနဲ့ သုံးသပ်နိုင်မှုအသိတွေကို လက်
လွှတ်ဆုံးရှူံးခံပြီးမှ ရလာမယ့် ရလာဒ်ပါ ။ အဲဒါမျိုးတွေကိုတော့ လွယ်လွယ်နဲ့ လုပ်ဖြစ်မယ် မထင်ပါ
ဘူး ။ စိတ်ဓါတ် ပျက်ယွင်းနေမိတဲ့ အခါမျိုးတွေက လွဲရင်ပေါ့လေ ။

၁၈ ၊ ၀၅ ၊ ၂၀၁၃
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


(၃)  သူ့အလုပ်သူလုပ် ကိုယ့်ဘဝကိုယ်နားလည်

   Facebook ပေါ်က RFA ရဲ့ "နေအိမ်ဖျက်ခံရသူတွေ သမ္မတကို ကြိုဆိုခွင့်မရ" ဆိုတဲ့ သတင်း
အောက်မှာတွေ့တဲ့ ကွက်ကွက်ကွင်းကွင်း မျက်စိထဲကို ဝင်လာတဲ့ မှတ်ချက်တချို့ကို နမူနာယူ
ပြီး မြင်တာလေးနဲ့ တွဲစပ်ကြည့်မိတာလေးပါ ။

(က) Ko Htwe - ဒါကလုပ်သင့်တဲ့အ၇ာဘဲ လူတိုင်းကကောယုံ၇လို့လား သူ့နေ
      ၇ာကိုယ်နေကြည့် ဘယ်လိုစီမံမလဲ ….
* ရေးထားတာကိုကြည့်ရင် ၊ လူတိုင်းကို သံသယအကြည့်နဲ့ မြင်တတ်တဲ့ စစ်တပ်
အသိုင်းအဝိုင်းရဲ့ အမြင်ကို လှစ်ဟပြနေတယ် (သို့မဟုတ်) စနစ်ဟောင်းရဲ့ အမွေ
တွေကို ဆက်ခံထားတဲ့ အမြင်တစ်ခု ဖြစ်တယ်လို့ ပြောနိုင်တယ် ။ (သူ့ profile
ကြည့်လိုက်တော့မှ တပ်ထွက်တစ်ဦး ဖြစ်နေတာတွေ့တော့ .. အော် .. ဖြစ်တတ်
တဲ့ သဘာဝကိုတွေးကြည့်တာ တိုက်ဆိုင်သားပဲလို့ စိတ်ထဲဝင်မိတယ်) ။

(ခ) Kyaw Lwin - ရမ်းမပြောကြနဲ့ဗျ ဒီကြိုဘို့လာတဲ့အယောက်၂၀က လုပ်စား
    တွေ ကျူးပြီးရောင်းစားနေတဲ့ကောင်တွေ ….
* ဒါကျတော့ အလွယ်တကူ ရိုက်ထည့်လိုက်တဲ့ စွပ်စွဲစကားမျိုးပဲ ။ ဟုတ်နေမယ်
ဆိုရင်တောင် ဘယ်လိုလုပ်ပြီး ယုံကြည်ရမလဲဆိုတာ အကြောင်းရင်း ရှာလို့မရ
ဘူး ။ profile ကလည်း မဖေါ်ရဲသူ ဖြစ်နေပြန်တော့ ၊ အဆင်းမှာ ဘီးတပ်ပေး
တယ်လို့ ထင်မြင်ရမယ့်ဖက်ကို အလေးသာနေပြန်တယ် ။

(ဂ) အမုန်း တစ်ဖက်ကမ်း - ဟာဂျီမ စုကြည် မွတ်သမ္မတ ဖြစ်လာရင် မွတ်‌‌တွေ
    ရှိ‌နေအုံးမှာပဲ။ မွတ်‌‌တွေရှိတာထက် စစ်သား‌တွေ ရှိတာက ပို‌ကောင်းအုံးမယ် ….
* ဒီမှတ်ချက်ကတော့ ပြောစရာတောင် လိုမယ်မထင် ။ ဒေါ်စုကိုပုတ်ခတ်ရင်း
စစ်ဖက်ကို အလေးခိုးပေးဖို့ ပေါပေါလောလော မှတ်ချက်တစ်ခု ဖြည့်ပေးလိုက်ပုံ
ပါ ။ account ကိုကြည့်တော့ opposite eye သတင်းတွေ share လုပ်ထားလေ
တော့ ၊ အင်း .. သဘောပေါက်ပါတယ် လို့ ပြောရလိမ့်မယ် ။

(ဃ) NyiToe Nyein - အဲဒါကျွန်တော်တို့အဖွဲ့ပါတွေပါ ကြိုလို့ရပါတယ်ဗျာ သ
     တင်းက မှားနေတယ် ….
* ဒီမှတ်ချက် ရေးသူကိုကြည့်တော့ - နေတာကရန်ကုန် ပြောတာက မန္တလေး
အကြောင်း ၊ အတိအကျလည်းမရေး ဘာသက်သေမှလည်း မပါ ၊ profile ကြည့်
တော့ ဒေါ်စုပုံသုံးပြီး activities ကြည့်တော့ ဒေါ်စုကို အောက်လမ်းနည်းနဲ့ တိုက်
ခိုက်ထားတာတွေ ။ ဒီလောက်ဆို ပြောစရာမလိုအောင် လုံလောက်နေပါပြီ ။

   ဒီတော့ “ဖတ်တဲ့လူတွေရဲ့ အမြင်ကို လမ်းကြောင်းပေးဖို့ ကြိုးစားတဲ့ မှတ်ချက်
တွေ လို့ပြောတာ လွန်မလား ။

   ဒီဖြစ်စဉ်မှာ ကြည့်တဲ့အခါ - သတင်းတစ်ခု တက်လာတိုင်း ၊ လက်ရှိအစိုးရအပါဝင် အာဏာ
အခွင့်အခွင့်ထူးခံ အရိုးစွဲအဖွဲ့အစည်းတွေကို ထိခိုက်စေမယ့် သတင်းတွေဆိုရင် ၊ ဖတ်မိတဲ့လူ
တွေ စိတ်ထဲမယ် ပေါ့သွားအောင် လမ်းလွဲသွားအောင် မဟုတ်ဘူးလို့ သံသယဝင်သွားအောင်
သာမက ၊ နောက်ဆုံး သတင်းကြီးက မှားနေပါတယ်လို့ မပြောရုံတမယ် လမ်းကြောင်းပေးဖို့ ကြိုး
စားထားတာ တွေ့ရပါမယ် ။ အများစုကလည်း ဘယ်သူဘယ်ဝါမှန်း မသိရ ။

   မြန်မာပြည်မှာ သိန်းနဲ့ချီတဲ့ စစ်တပ်နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေအပြင် အာဏာပိုင်
တွေနဲ့ အကျိုးတူစိတ်တူတွေလည်း မနည်းတာမို့ ၊ ဘုကလန့်ပြောလိုသူ အမြင်မတူသူတွေ ရှိနိုင်
သလို ၊ ပြောခဲ့တဲ့ အစုအဖွဲ့တွေကို ကာကွယ်ဖို့ရာသာမက အန္တရယ်ပေး ခြိမ်းခြောက်လာနိုင်
တယ်လို့ ယူဆရတာတွေကို ရည်ရွယ်ချက်ရှိရှိ ပိတ်ဆို့လမ်းလွှဲ ဖျက်ဆီးပစ်ဖို့ရာ ကြိုးစားနေတဲ့
အဖွဲ့နဲ့ တစ်သီးပုဂ္ဂလတွေလည်း ရှိနေကြမှာ သေချာပါတယ် ။

   အဲဒီအထဲမယ် အပေါ်က နမူနာတွေထဲမှာ တစ်ချို့ပါသလို ၊ ကျနော့် c-box မှာ အချွန်နဲ့မ အ
ဆင်းဘီးတပ်ဖို့ မျှော့သွေးလာစမ်းသူမျိုးတွေလည်း ပါပါတယ် ။ သူတို့ဟာ များသောအားဖြင့် ကွန်
ယက်နဲ့ အလုပ်လုပ်တတ်သလို ၊ အတိုင်အဖေါက်ညီညီနဲ့ ဝိုင်းတွန်းတတ်ကြပါတယ် ။ အဖွဲ့စည်း
နောက်ခံကြောင့် စုဆောင်းထားတဲ့ သတင်းအချက်လက်တွေကလည်း သူတို့လှုပ်ရှားမှုကို ဆပွား
ထိရောက်စေပါတယ် ။ ဒါ့ပြင် လူမှုအသိုင်းဝိုင်းထဲမှာ မြုပ်နှံတည်ရှိနေတာကြောင့် ရန်သူလို့ သတ်
မှတ်ပြီး တိုက်ဖျက်ဖို့လည်း မဖြစ်နိုင်ပါ ။

   ကျနော်တို့တွေ ဘာလုပ်လို့ ရနိုင်မလဲ ။
   ဘာမှတော့ လုပ်လို့မရပါ ၊ သို့သော် ကိုယ်ဘာတွေနဲ့ ရင်ဆိုင်နေရသလဲဆိုတာ သိရင် ၊ လမ်း
ကြောင်းချပေးတဲ့အတိုင်း မလိုက်လျှောက်သင့်မှန်း နားလည်ရင် ၊ ကိုယ့်မှာ ရွေးချယ်လျှောက်လှမ်း
ရမယ့် ဘဝတစ်ခုကို ပိုင်ဆိုင်ထားတယ်ဆိုတာ လက်ခံရင် - - - စာတစ်ကြောင်းထဲနဲ့ စာရင်းချုပ်
လို့ ရပါတယ် ။

“သူ့တို့အလုပ် သူတို့လုပ်လိမ့်မယ် ၊ ကိုယ့်ဘဝကိုယ်နားလည်ပြီး ကိုယ့်လမ်းကိုယ်လျှောက်” 
ပဲ ဖြစ်ပါတယ် ။ စိတ်မခိုင်ရင် သရဲဖမ်းစားတတ်တာကြောင့် အချင်းချင်း ယိုင်းပင်းချင်စိတ် ရှိကြ
ရင်လည်း မှားတော့မှားမယ် မထင် ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~


(၄) မှန်ရှေ့ပြောတော့ ခက်တတ်တယ်

   မပြောဖြစ်ခဲ့တာလေးတစ်ခု ပြောချင်တယ် ။

    'ပြည်ထောင်စု တပ်မတော်' ဆိုတဲ့ အသုံးနှုန်းနဲ့ ပတ်သက်လို့ပါ ။
    မြန်မာပြည်မှာ တိုင်းရင်းသား အားလုံးပါတဲ့ ပြည်ထောင်စုတပ်မတော်ဖြစ်တဲ့ လက်ရှိတပ်မတော်

သာလျှင် တစ်ခုတည်းသော စစ်တပ်အဖြစ် ရှိနေရမယ်ဆိုတဲ့ လူတစ်ချို့ရဲ့ အဆိုပြုချက် (သို့မဟုတ်)
ဆင်ခြေစကားနဲ့ ပတ်သက်လို့ပါ ။

    ထိုင်းနိုင်ငံတွင်းမှာ နေခဲ့စဉ်တုန်းက အိမ်ရှေ့အိမ်မှာ KNU စစ်ပြန်ကြီးတစ်ယောက် ရှိတယ် ။

ဆယ်စုနှစ်နဲ့ချီ တာဝန်ထမ်းဆောင်ပြီးမှ အနားယူခဲ့တာပါ ။

    ထူးတာကတော့ ကရင်လို အနည်းကျဉ်း နားလည်ပေမယ့် ၊ တစ်လုံးမှ မပြောပဲ ၊ ဗမာစကား ပီပီ

သသကိုပဲ ပြောလေ့ရှိတဲ့ ဗမာစစ်စစ်တစ်ယောက် ဖြစ်ပါတယ် ။ သူ့လိုလူတွေ ၊ တစ်နည်းအားဖြင့်
ဗမာ မွန် ရှမ်း ပအိုးဝ် ရခိုင် စသည်ဖြင့် တစ်ယောက်မကတဲ့ အရေအတွက်တွေ KNU ထဲမှာ ရှိပါ
တယ် ။ တပ်မတော်လို့ နာမည်ခံထားတဲ့ ပြည်မစစ်တပ်မှာ တိုင်းရင်းသား စစ်သားတွေ အနည်းအ
ကျဉ်း ရှိနေသလိုမျိုးပေါ့ ။

    ကဲ .. ဘယ်လို လုပ်ကြမလဲ ။
    ကရင့်ပြည်ထောင်စုတပ်မတော် တစ်ခုတည်းသာလျှင် မြန်မာပြည် (သို့မဟုတ်) ကရင်ပြည်မှာ

မရှိသင့်ဘူးလား ။

    မန်းကိုကို KNU အဖွဲ့ဝင်လို့ မျက်စိမှိတ် မစွပ်စွဲနဲ့အုံးနော် ။
    အပေါ်ကကိစ္စမျိုးကို ၊ မသိပဲ အတင်းငြင်းနေမိကြမှာစိုးလို့ စေတနာနဲ့ ပြောပြတာ  ။

 ---------------------

   တစ်လက်စထဲ အချွန်လေးနဲ့ ဆက်ကော်ပါရစေ ။

   ကရင်လို -

မွန် = ယူ
ရှမ်း = သိုင့်
ကုလား = ခိုလာ
ဗမာ = ပယောင်
ပအိုဝ့် = တွန်သူ့
ကရင် = ဖလုံဆိုဖိုး (မျိုးစုအားလုံးအပါဝင်) - စသည်ဖြင့် ခေါ်ကြတယ် ။
   ဘာရယ်တော့ မဟုတ်ပါဘူး ၊ အချို့ မြန်မာပြည်မှာ ကိုယ့်လူမျိုးကို ကိုယ်ခေါ်စေချင်သလို (ကိုယ့်
နာမည် ကိုယ်ပေးထားတဲ့အတိုင်း) မခေါ်ချင်တဲ့လူတွေ ၊ ဒီနိုင်ငံမှာ ဒီလူမျိုး ဟိုလိုလူမျိုးတွေ  မရှိပါ
ဘူးဆိုတဲ့သူတွေ အတော်များလို့ စိတ်ထဲ အတွေးဝင်မိတာပါ ။

    ပြီးမှ ငါ့လူမျိုးနာမည်ကို ငါတို့ခေါ်စေချင်သလို ခေါ်ပေးပါလို့ပြောပြီး စိတ်မဆိုးကြေး  ။


 ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


(၅)  ဘယ်သူမှ မသိလိုက်ခဲ့တဲ့ ခေတ်သစ် အဆွေးဇာတ်လမ်း

   မဝေးလှသော အနာဂါတ်ကာလ ၊ (နောက်ထပ် ကွမ်းတစ်ယာညက်ခန့်) ။
   ဘိုးဘွားပိုင် ခြံဝိုင်းကြီးထဲ လမ်းလျှောက်ရင်း စိတ်ထဲမရှင်းတာလေးကြောင့် ခေါင်းကို မရဲတရဲ
မော့ပြီး အကိုကြီး အဖအရာဖြစ်နေတဲ့ ကိုမောင်မောင့်ကို မေးခွန်းထုတ်လိုက်တယ် ။

ဖိုးခွား        အကိုကြီး ….. ။
မောင်     ဟေ ညီလေး ၊ ပြောလေ .. အားမနာနဲ့နော် .. သိလား ။
ဖိုးခွား        ဟုတ် … အကိုကြီး … ။
                 ကျနော် မရှင်းတာက … အရင် အကိုကြီးကော ကျနော့်ကိုပါ …
                 စွာလန်ကြဲမ အဲလိဇဘက်က … ဂုတ်ခွစီးထားခဲ့တယ်နော် … ။
မောင်     ဟုတ်တာပေါ့ ညီလေးရ ၊ ဒါကြောင့် တို့တွေ အဲ့ကောင်မကို
                 အခွင့်သာတုန်းက အတူတူ ခါချခဲ့ကြတာပေါ့ … ။
ဖိုးခွား        ဟုတ် .. ၊ ဒါနဲ့ အဲ့ အဲလိဇဘက်ကြီး ဆင်းသွားကတည်းက
                 အကို ကျနော့်ပုခုံးပေါ် တက်ခွစီးနေတာ တစ်ခါမှ မဆင်းတော့
                 ဘူးနော် … ။
မောင်     ဒီမှာ ညီလေး .. ၊ ဘေးခြံကို ကြည့်လိုက်စမ်း .. ၊ ဘာတွေ့လဲ .. ။
ဖိုးခွား        ဟုတ် … ၊ ခြံပြင် တစ်ဖက်တစ်ချက်မှာ ပဒေသာပင်တွေ တွေ့ပါ
                 တယ် အကိုကြီး … ။
မောင်     ဟေ့ကောင် ဂန်းမသား ၊ ငါပြောနေတာ ဘေးခြံက ဘာဘူနဲ့
                 ကျန်ကျောင်းတို့ကို ပြောတာကွ ။
ဖိုးခွား        ဟုတ် .. ဟုတ် … ။
မောင်     အဲ့ကောင်တွေက မင်းပုခုံးပေါ် ခွစီးဖို့ ကြံနေတာကွ ။
                 သူတို့ အဲ့လိုမလုပ်နိုင်အောင် ငါက စေတနာနဲ့ မင့်ပုခုံးပေါ်မယ်
                 နေရာ တက်ယူပေးထားတာကွ ၊ မှတ်ထား ။
ဖိုးခွား        ဟုတ် .. ဟုတ် .. ၊ ကျေးဇူး .. အကိုကြီး … ကျေးဇူး ….. ။


နိတံ ။
ရယ်သောသူ သေးထွက်တတ်၏ ။
၂၂ ၊ ၀၅ ၊ ၂၀၁၃
--------------------------------------

** အပေါ်က နောက်ဆုံးဇာတ်လမ်းလေးကိုဖတ်ပြီး အစာကြေညက်ရန် ခက်ခဲနေသူများအတွက်
ဖေ့စ်ဘွတ်က အပိုဆောင်း မှတ်ချက်လေးတစ်ခုကို ကူးထည့်လာပေးလိုက်ပါတယ် ။

Mahn Koko - ပုံပမာနဲ့ နောက်ပြောင်လိုက်တာပါ ၊
လက်တွေ့ဘဝနဲ့ တစ်ထပ်ထဲလို့ မဆိုလိုသလို ၊
တိုက်ဆိုင်မှုတွေအတွက်လည်း ခွင့်လွှတ်ပေးကြပါ ။

နောက်ပြီး စိတ်ထဲလည်း နက်နက်ရှိုင်းရှိုင်း မထားကြပါနဲ့ ၊
စာရေးတဲ့လူက ယဉ်ယဉ်လေး ရူးနေတာကြာပြီ  :-)

ပြုံးပျော်နိုင်ကြပါစေ ။
မန်းကိုကို

13 comments:

  1. ဖတ်သွားပါတယ်ကိုမန်း။ ကရင်နဲ့ မွတ်ဆလင်တွေ တည့်ကြတယ်။ မိတ်တွေကောင်းတွေလည်း ဖြစ်ခဲ့ကြတယ်။
    အဆွေခင်ပွန်း ဖြစ်ကြတာ ကောင်းပါတယ်။ ဒါပေမဲ့ ကရင်မွတ်ဆလင် ကပြားတွေကိုတော့ မမြင်လိုဖူး။
    ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ ဆိုတာ တကယ်မရှိဘူးဆိုတာ သိပေမဲ့ ကျွန်မကိုယ်တိုင် အရိယာမဖြစ်သေးတော့ ဥက္ခာပြုရတာ ခက်သား..

    ReplyDelete
    Replies
    1. ညီမရဲ့အမြင်ကို နားလည်ပေးနိုင်ပါတယ် ။ ဒါဟာလည်း သဘာဝဖြစ်ပြီး အသိုင်းဝိုင်းတိုင်းမှာ ရှိကြတာပါပဲ ။ နည်းတာများတာလောက်သာ ကွာကြတာပါ ။

      ဒီစာစုအပါဝင် ရှေ့မှာ တောက်လျှောက် ပြောလာခဲ့တာတွေဟာ သဘာဝကို လွန်ဆန်ဖို့ ၊ အတင်းပူးကပ် ချစ်ခင်ခိုင်းဖို့ ၊ သာမန်အဆင့်ကိုကျော်ပြီး အတိုင်းထက်အလွန် ဆက်ဆံရေးမျိုးတွေ တည်ဆောက်ခိုင်းနေတာလည်း မဟုတ်ပါဘူး ။ မချစ်ရင်တောင် မမုန်းကြဖို့ ၊ ဖြစ်နိုင်ရင် အတ္တ မာနတွေကိုလျှော့ဖို့ ၊ တစ်ဦးအပေါ်တစ်ဦး ရှာဖွေနားလည်မှု ပေးနိုင်ကြပြီး အေးအတူပူအမျှ ဆက်နေသွားနိုင်ကြဖို့ ၊ အသိနဲ့ သတိကပ်ကြဖို့တွေကို သတိမမေ့အောင် မျှဝေပေးရုံပါ ။

      ဒီတော့ ကိုယ်တိုင်လည်း အရင်လိုပဲ ပုံမှန်ဆက်ဆံမှုတွေကို လူတိုင်းနဲ့ လုပ်သွားမှာပါ ။ ရွဲ့ပြီးဖြစ်စေ ၊ တမူထူးပြီးဖြစ်စေ ကုလားတန်းမှာ သွားမနေမှာ မဟုတ်သလို ၊ မွတ်ဆလင်ဘာသာဝင် အမျိုးသမီးတစ်ဦးနဲ့ အိမ်ထောင်ပြုဦးမှ ဆိုတာမျိုးလည်း မတွေးမိပါဘူး ။ ကိုယ့်နဲ့ လူမှုဘဝ နီးစပ်သူတွေရဲ့ အသိုင်းဝိုင်းမှာပဲ ကိုယ့်ပုံမှန် စရိုက်သဘာဝအတိုင်း ဆက်ကျင်လည်ဖြစ်မှာပါ ။

      သို့သော် တစ်ဖက်မှာလည်း ဖြစ်ပြီးသားတွေ ၊ ဥပမာ ကရင်နဲ့ မွတ်ဆလင်ဖြစ်စေ ကုလားဖြစ်စေ ကပ္ပလီဖြစ်စေ မျက်နှာဖြူဖြစ်စေ ဗမာဖြစ်စေ ဘယ်လိုလူမျိုးဘာသာနဲ့စပ်စပ် မွေးဖွားလာတဲ့ သွေးစပ်သူလေးတွေကိုလည်း ခွဲခြားဆက်ဆံဖို့ စိတ်ထဲထားလို့ မရပါဘူး ။ သူတို့ကိုလည်း စိတ်ဒဏ်ရာတွေ ထပ်ပိုးမပေးချင်ဘူး ။ ဒါက ကိုယ်ပိုင် သဘောထားပါ ၊ ဘယ်သူအပေါ်မှ တွန်းအားပေးလို့ ရမှာလည်း မဟုတ်ပါ ။ တစ်ကမ္ဘာလုံးစာကို အသာထားလို့ ၊ မြန်မာပြည်ထဲတင် ကိုယ်စိတ်ဒုက္ခတွေ အတော်ကြီးကို လုံလုံလောက်လောက် ဖြစ်ခဲ့ကြုံခဲ့ကြရပြီးပါပြီ ။ ကိုယ့်ကြောင့်တော့ ထပ်မနစ်စေချင်သလို ၊ လက်လှမ်းမီသလောက်တွေကိုလည်း ကိုယ့်သဘောထားကိုပြောပြပြီး ဆင်ခြင်နိုင်အောင် လက်ဆင့်ကမ်းနေတာပါ ။ ရွေးချယ်မှုအပိုင်းကတော့ ကိုယ်စီကိုယ်ပိုင်ပါ ။

      ဒီလိုပြောတာဟာ ကိုယ့်နဲ့ သဘောမတူသူတွေကို စိတ်ဆိုးလို့လည်း မဟုတ်ပါဘူး ။ သို့သော် သူတစ်ပါး နစ်နာစေလိုတဲ့ စိတ်စေတနာရှိသူ ၊ လက်တွေ့အကောင်ထည် ဖေါ်သူတွေကိုတော့ ယုတ်လတ်မြတ်မရွေး စိတ်ထားနိမ့်ပါးသူတွေအနေနဲ့ ကြည့်မြင်မိဖို့ များပါလိမ့်မယ် ။

      Delete
  2. ကပြားကိုဘာလို့  ဖိုးဘီယားရှိတာလဲဗျ
    တောင်ပြုံး မင်းကြီးမင်းလေးဆိုတာ ဗမာနဲ့  ကုလားကပြားလေ ၊
    နောက် အင်းဝထောင်တဲ့  သတိုးမင်းဖျား နဲ့  မင်းရဲကျော်စွာ ဆိုတာ ရှမ်းဗမာကပြား
    ဒို့ ဗမာအစည်းအရုံးရဲ့ ဖေါင်းဒါးမင်းဘား သခင်ဘသောင်းကရော ဗမာစစ်စစ်ကြီးလား ၊
    ရွှေကျင်မှာ ကျခဲ့တဲ့  ဗိုလ်စောအောင် ( ရဲဘော် ၃ကျိပ်က ရှမ်းဗမာကပြား
    နောက် ဗမာခွဲစိတ်ဆရာဝန်တွေရဲ့ ဖခင်ကြီး ဦးကြည်ပေါက တရုပ်ဗမာကပြား ၊
    အဲ အခုနောက်ပိုင်းဗမာပြည်ပြန် မျက်စေ့တွေံ အခမဲ့ ကုပေးနေတဲ့ ဆ၇ာတယောက်ဟာလဲ မွတ်ဆလင်ဗမာကပြားဘဲ ။ နောက်ဆုံးတော့ ဗမာဘဲ ဖြစ်ဖြစ် ကုလားဘဲဖြစ်ဖြစ် အဖြူဘဲ ဖြစ်ဖြစ်လေ မိန်းမဆိုတာ အိုပင်းမားကက်ဘဲ ၊ သူများနဲ့  မယူစေချင်ရင် ကိုယ်နဲ့  ရအောင် ဆွယ်ပေါ့ဗျာ
    အဲဆောဒီး ကျန်ခဲ့လို့  ဟိုးတလောက ရွှေတိဂုံပေါ်မှာ ၀ိုင်းကြီးပါတ်ပါတ် ဒူဝေေ၀ ကွမ်းသီးလေးလုံး ၁လုံးရေထဲငုတ် ဆိုဆော့သွားတဲ့  သားငယ်လေးခေါ် ကိုထိန်လင်းခေါ် ကင်ဆိုတာကြီးကရော ဗမာစစ်စစ်ကြီးလား

    ReplyDelete
    Replies
    1. ကပြားကိုတွေကို ကြောက်စိတ်၊မုန်းတဲ့စိတ်မရှိ ပါဘူးဆရာ။ လူမျိုးခြားနဲ့ အိမ်ထောင်ပြုကြလို့ ကရင်ကပြာေးတွေ မရှိစေချင်တဲ့ ဆန္ဒကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြလိုက်တာပါ။ စောင့်လေမျိုးနွယ်ဆိုတဲ့ စကားရှိတယ်မဟုတ်လား။ ဖြောင့်မတ်တဲ့ လမ်းစဉ်နဲ့ အမျိုးအနွယ်ကို စောင့်ရှောက်ဖို့ လူမျိုးစုတိုင်းမှာ တာဝန်ရှိပါတယ်။
      ပြောခဲ့သလို ကျွန်မလည်း အရိယာမဟုတ်သေးတဲ့ ပုထုဇဉ်မို့ လူမျိုးစွဲကို မဖြုတ်ချင်မိဘူး။
      ဒါပေမဲ့ မြန်မာပြည် ငြိမ်းချမ်းသာယာရေးကို လိုလားသူ၊ ငြိမ်းချမ်းရေးကို အထောက်အကူပေးသူမှန်ရင် ဘယ်လူမျိုး၊ ဘယ်ဘာသာဝင်ကိုမဆို လေးစား ချစ်ခင်ပါတယ်။

      Delete
    2. မစပါယ်စကားထဲမှာ ၂ပိုင်းခွဲဆွေးနွေးရမယ်ထင်တာဘဲဗျ
      ပထမ တပိုင်းက ဘုရားဟော သင်္ဂါလသုတ်လာ စောင့်လေမျိုးနွယ်ဆိုတဲ့  စကား
ုဒုတိယပိုင်းကျတော့ သွေးနှော အိမ်ထောင်ပြုတဲ့  ကိစ္စပေါ် ရှုထောင့် အမျိုးမျိုးက မြင်နိုင်ပုံပါ
      စောင့်လေမျိုးနွယ်ဆိုတာ မစပါယ်ယူဆသလို မိမိ လူမျိုးချင်းသာ အိမ်ထောင်ပြုရမယ်လို့  ကျွန်တော် သဘောမပေါက်ဘူးဗျ။ ကျွန်တော် စကားထပ်ခံရမှာ ကျွန်တော်ဟာ ထေရ၀ါဒဗုဒ္ဓဘာသာတယောက်အနေနဲ့  ဘုရားရှင်ဟောတာကို တလုံးမကျန် မှန်တယ်လို့  ယုံကြည်ပါတယ် ။
      သို့ သော် စောင့်လေမျိုးနွယ်ဆိုတာ ကျွန်တော်နားလည်ပုံက
      ငါမိဘဟာ သမာအာဇီဝနဲ့  အသက်မွေးခဲ့တယ် ၊ ငါလဲ ဒီလို စောင့်ထိန်းမယ် ၊ ငါ့မိဘဟာ ဒါန သီလ များစွာပြုခဲ့တယ် ၊ ငါလဲ ဒီလို စောင့်မယ် ၊ ငါ့မိဘဟာ အမှန်တရားကို မြတ်နိုးတယ် ငါလဲ စောင့်မယ်လို့  ခံယူမိပါတယ် ။ ၀တ္ထုသာဓကကတော့ ၀ိသာခါကျောင်းအမ ၇နှစ်သမီးနဲ့  သောတာပန်ဟာ ဘာသာခြား နဲ့  လက်ဆက်ခဲ့ရသေးတာ ထောက်ပါလေ ။
      ဒီတော့ ဘုရားရှင်ကိုဘေးဖယ်ထားလိုက်ရအောင် ။
      ကျွန်တော်တို့  ဘာသာရေးကို ခဏလေးဘေးဖယ်ပြီး လူမှုရေးနဲ့  သမိုင်းကို ကြည့်ရအောင်
      လူ့ အဖွဲ့ အစည်းထဲမှာ သွေးနှောတာကို လက်မခံတဲ့  ( မကြိုက်တဲ့  ) လူ့ အဖွဲ့ အစည်း ၃ခု ကို နမူနာတွေ့ ရပါတယ်
      တရုပ်ပြည်မန်ချူးခေတ် ၊ ရုရှား ရိုမန်နော့ နဲ့  ဟစ်တလာ ရဲ့ တတိယ ရိုက်ခ်ျပါ ။ ခု သူတို့ ဘယ်လိုဆိုတာ အထူးပြောစရာမရှိပါ
      သွေးနှော သွားပြီး မူလ လူမျိုးဆိုတာ ပျောက်သလောက်ဖြစ်နေ ဖြစ်ခဲ့တဲ့  လူအဖွဲ့ အစည်း ၂ခု ရှိပါတယ်
      မူလ ကဲ့တွေ နောက်တိုးဆက်ဆွန်တွေ နဲ့  နောက်ဆုံးပေါ် နော်မန်တွေရောသွားခဲ့တဲ့  အင်္ဂလန်ကျွန်းနဲ့  ပထမ ဗိုလ်ကျလာတဲ့  အင်္ဂလိပ်န်ွဘွား အဖြူတွေ နဲ့  နောင်အခါ ကျွန်ဘ၀က လွတ်လာတဲ့  အာဖရိက နွယ်ဘွားတွေ နောက်ပိုင်း ဖွင့်ပေးလို့  ကမ္ဘာ့ လူမျိုးစုံ စုနေတဲ့ အမေရိကန် တို့ ပါ ။ အဲလိုကြည့်ရင် နောက်တိုးလူတွေပေါ် ဘယ်လို သဘောထားသင့်တယ်ဆိုတာ အတွေးတခုတော့ ရကောင်းပါရဲ့ 
      ဆေးပညာအမြင်နဲ့ ကျတော့ မိမိ လူမျိုးစုအတွင်းသွေးနီးရာ သွေးနှော ခြင်းဟာ ဂျင်နတစ်စတော့ကို အားပျော့နေတယ်လို့ ယူပါကြောင်း
      နောက်ဆုံးအချက်လေးတခုကတော့ ဗုဒ္ဓဘာသာ အမြင်နဲ့  ပြောရရင်တော့ သူ့ ဟာသူ အိမ်ထောင်ကျချင်တဲ့  ကျမှာဘဲဗျ
      ချမ်းသာတာ ဆင်းရဲတာ အမျိုးနိမ့်တာ မြတ်တာ ပညာတတ်တာ မတတ်တာ သာသနာတော်မှာ ယုံကြည်တာ မယုံကြည်တာ သာသနာတော်မှာ ထွန်ူးပေါက် မထွန်းပေါက်တာတွေဟာ သတ်သတ်စီ တခြားစီဗျ ။ သူ့ အထုံ ပါရမီ ၊ သူ့ အားထုတ်မှု တွေ ပေါ်သာတည်နေပါခဗျာ ၊ ဗုဒ္ဓဘာသာဝင်ကောင်းတယောက်အနေနဲ့ က မိမိ သရဏဂုဏ်မပျက်ဘို့ မိမိ သီလ မပျက်ဘို့ ကို ရှေ့ တန်းတင်သင့်လို့  မြင်မိပါတယ်
      သားသမီးတိုင်းဟာ မိဘရဲ့  မွေခံထိုက်စေ ဖြစ်ဘို့ မလွယ်ဘူးဗျ ။ ခုန ၀ိသာခါကျောင်းအမတောင် သူ့ သမီးတွေထဲ သူဆင်တဲ့  မဟလတ္တာ တန်ဆာကို မွေခံထိုက်သူ မပါဆိုကိုးဗျ
      မိဘကို လွန်သော သားသမီးကောင်းများ ဖြစ်နိုင်ပါစေလို့ ဘဲ ဆုတောင်းပေးမိပါဗျာ

      Delete
    3. ဆောရီး
      သင်္ဂလောဝါဒသုတ်

      Delete
  3. sorry ဗျ ကိုမန်း ကျန်ပြန်ပြီ
    အရင်ရွှေတိဂုံခြေရင်းမှာ ဂုဏ်ပြုခံနေရာမှာ ဂူလေး ၃လုံးတန်းထားတာ ဦးတင်ထွဋ္ဋ် ဗိုလ်စိန်မှန်နဲ့  ဗိုလ်မှူးခင် ၃ယောက်ထဲက ဗိုလ်မှူးခင်ဆိုတာ အဲခေတ် လေတပ်ရဲ့  ထိပ်သီး ၊ ဘိုကပြားကြီးဗျ ။
    ကာယဗလဦးရှိန်ကစခဲ့ပြီး ခြေလျင် ဦးအုန်းခင် (မိုးကြိုး ) က ဆက်သယ်ဆောင်လာတဲ့  ခြေလျင်ကို ခြေလျင်နဲ့ တောင်တက်အဖွဲ့ ချုပ်ဆို ဖြစ်အောင်လုပ်ခဲ့တဲ့  ဟင်နရီစမိုက်ခေါ် ဗိုလ်မှူးကြီးလှအောင်ကရော ဘာလူမျိုးလဲ

    ReplyDelete
    Replies
    1. ခဏလေး ဆရာ
      တစ်ရေးလောက် အိပ်လိုက်ဦးမလို့ :-)

      Delete
    2. sorry ကိုမန်းရေ
      လက်တန်းချရေးတော့ စာတွေက ကဘောက်တိ ကဘောက်ချာဘဲ
      တဘက်အာဂူးမင့်က ပြောချင်တာက ကပြားဆိုတာလဲ လူဘဲလို့ ပြောချင်တာ တဘက်ကလဲ ကပြားပြူးပြူပြာပြာဖြစ်နေတာ မဆန်းပါဘူးလို့ ပြန်ထောက်ချင်တာလေ
ျဗမာပြည်မှာ အကြီးဆုံး ကွန်မြူနစ်ဆို သိန်းဖေမြင့်တဲ့ 
      လူတန်းစားမခွဲခြား ဘာညာ ကွိကွိ ထိပ်ကအော်ခဲ့တဲ့သူပေါ့
      အဲ အိမ်ကခွေးမ လင်လိုချင်ချိန်ကျတော့ ဘေးအိမ်ကခွေးဝဲစားနဲ့  ရမှာစိုးလို့  လင်မယား ၂ယောက်ကင်းစောင့်အိပ်ဆိုဘဲ
      အခုလဲ အဲလိုဖြစ်နေတာ သဘောပေါက်ပါ့ခဗျာ
      အကြံပေးမလို့ ပါ
      အင်္ဂလန်မှာ နာမည်ကြီး အဖေနဲ့  အမေနဲ့  မွေးတဲ့ မြင်းမတွေ ဆို Stud book register ရှိရသဗျ ။ အဲမြင်းမလေး လင်လိုချင်ချိန်ကျလာရင် မိမိ သဘောတူတဲ့  အမျိုးကောင်းသား မြင်းကြီး နဲ့  ( ရှေးကတော့ တကယ်စပ်ပေးတပေါ့ဗျာ ခုခေတ်တော့ ဆေးထိုးအပ်နဲ့  ပေါ့ ) တွေ့ ပေးသတဲ့ဗျ ။ ကိုယ့်အမျိုးထိန်းချင်သူများ ကိုယ့်အမျိုး စတပ်ဘွတ်လေးဆောင်ထားသင့်ပါခညာ

      Delete
    3. ဆရာရေ ၊ တစ်ရေးသာနိုးလာတယ် အကြံက မပေါ်သေးဘူးခင်ဗျ ။
      မအိပ်ခင်ကလည်း စီဘောက်မှာ ငချွန်တစ်ယောက်နဲ့ နပန်းလုံးရသေးတာကိုး ။

      ဆက်မပြောခင် ပထမဆုံး အားနာကြောင်း ပြောဦးမှ ပြည့်စုံလိမ့်မယ် ထင်ပါတယ် ။
      အမှန်အတိုင်းက ခုကျနော် ရေးနေတာတွေဟာ ၊ ပြောချိန်နည်းနည်း တန်လာပြီလို့ ယူဆလို့သာ ပြောရတယ် ၊ ပြောချင်လှတယ် မဟုတ်သလို ဆရာတင့်တို့လို လူတွေကိုလည်း မျက်နှာတော့ အနာသားဗျ ။ ဝါးလုံးနဲ့ရမ်းနေရင်းနဲ့မှ ‘သူငယ်ချင်းရေ ငါရမ်းနေတာ မင်းအနောက်ကလူတွေကို ရည်ရွယ်တာ ၊ မင်းကတော့ ကြည့်ရှောင်ပါကွာ’လို့ ပြောနေရသလိုဖြစ်တာ သိပ်တော့ စိတ်သက်သာလှတယ် မဟုတ်ပါဘူး ။ ဖြစ်နိုင်ရင် ပိုနေမြဲ ကျားနေမြဲ အခြေနေမှာ တစ်ဆင့်ချင်း ပြောဆိုဆွေးနွေးပြီး သိမ်မွေ့တဲ့ အပြောင်းအလဲမျိုးကို မြန်မာပြည်မှာ ကြုံစေချင်ပါတယ် ။

      ဆရာပြောတာကို စကောက်ရရင် - ဖိုးဘီးယားကတော့ ရှိတတ်ကြတာ သဘာဝပါ ဆရာရယ် ၊ ဆရာဝန်ကို မိကျောင်းမင်း ရေကင်းပြမိသလို ဖြစ်နေအုံးတော့မယ် ။ မြန်မာပြည် လူမှုအသိုင်းဝိုင်းကို တည်ဆောက်လာခဲ့တဲ့ ပညာရေးနဲ့ ပတ်ဝန်းကျင်တွေက ဒီလိုပဲ လမ်းကြောင်းပေးခဲ့တာပဲလေ ။ ကျနော်ကိုယ်တိုင်လည်း လူတိုင်းကို အသိမှတ်ပြု လေးစားဖို့ ကြိုးစားနေပေမယ့် ၊ ဂေးတွေကနေ အီစီကလီပုံစံမျိုးလာလုပ်ရင် အူယားသလိုလို သွေးနားထင်ဆောင့်ချင်သလိုလို ကျောချမ်းသလိုလိုတွေ ဖြစ်တတ်သေးတာပဲလေ ။

      နောက်ပြီး လူမျိုးအလိုက်လည်း ယေဘုယျအမြင်လေးတွေလည်း ရှိတတ်သေးတာပါပဲ ။ ဥပမာဆို ၊ ရွာမှာ စပါးကြိတ်စက်မှာလုပ်တုန်းက ဟိန္ဒူကုလားမနှစ်ယောက် စပါးလာကြိတ်တာ ၊ ကြိတ်ခဈေး ဆစ်လို့မရတာနဲ့ နောက်စက်တစ်လုံးဆီသွားပြီးမှ ဈေးမကိုက်လို့ ကိုယ့်ဆီပြန်လာတာမျိုး ကြုံဖူးတယ် ။ ဒါ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က ။ မကြာခင် နှစ်တွေတုန်းကတော့ သြစတြေးလျမှာ အင်္ဂလိပ်စာသင်တန်းက အိန္ဒိယ သူငယ်ချင်းမ ကတော့ - ဟုတ်တယ် ငါတို့ အင်ဒီးယန်းတွေဟာ ဈေးလေးတော့ နည်းနည်းဆစ်လိုက်ရမှ ၊ အဲဒါ ငါတို့ဝါသနာလို့ တည့်တည့် ဝန်ခံပါတယ် ။ ဒီတော့ ကြုံတွေ့ရသူရဲ့အမြင် ဘယ်လိုဖြစ်သွားနိုင်လဲ ခန့်မှန်းကြည့်လို့ ရမှာပါ ။ သို့သော် ကိုယ့်အရွယ်အမြင်နဲ့ ဒါဟာ လူတိုင်းမဟုတ်ဘူး ဆိုတာကိုတော့ နားလည်ပေးရတာပေါ့ဗျာ ။

      နောက် ဆရာစာရင်းလုပ်ပြတဲ့ ဆရာသမားတွေကို အတော်များများ မသိလှပါဘူးဗျာ ။ သို့သော် ဒီလို စာရင်းထုတ်ပြတဲ့ ဆရာတင့်ကို ဘင်္ဂါလီလော်ဘီလို့ စွတ်ပြီးကင်ပွန်းတပ်ကြမယ့် လူတွေပေါ်လာနိုင်တာတော့ မျှော်လင့်ထားပါတယ် :-)

      ဆရာတင့်တော့ မပြောတတ်ဘူးဗျ ၊ ကပြားဆိုတော့ ကိုယ်လည်း ကမပြားတပြား ဖြစ်နေပြန်ရော ။ ဗမာသွေးတောင် အနည်းကျဉ်း ပါရင်ပါနိုင်တယ် ။ အမေ့ကို မေးလို့ရပေမယ့် ပျင်းလာခဲ့တာ နှစ်ပေါင်းပဲ ကြာလှပြီလေ ။ ဒါအပါဝင် ကိုယ့်ကို နောက်ကြောင်းပြန် ထိုးဆွမယ့်သူတွေကြောင့်လည်း အရာရာမှာ မတင်မကျစကားတွေ သုံးသုံးနေမိတာလည်း ဖြစ်မယ်ထင်တယ် ။ ပြီးတော့ မျိုးချစ်ကြီးများရဲ့ အမျိုးစစ်မှ အမျိုးချစ်မည်တို့ ၊ အမျိုး ဘာသာ သာသနာဆိုတဲ့စကားတွေ စလာရင် စိတ်က စ“လေ”လာရော ။ ဒီလိုကိစ္စတွေကပဲ ကျနော့်ဘဝနဲ့ အတွေးအမြင်တွေကို လမ်းကြောင်းတွေ ချပေးခဲ့တာလို့လည်း ပြောလို့ရမှာပါ ။

      အမှန်တိုင်းပြောရင် ၊ ငယ်စဉ်ကတည်းက “မျိုးမစစ်”ဆိုတဲ့ စကားတွေကို ကြားရတဲ့ အခါမျိုးတွေမှာ စိတ်ထဲမယ် မလုံတော့ဘူး ၊ အဲသည်ပြောတဲ့သူတွေနဲ့ ကပ်မနေချင်တော့ဘူး ။ တစ်ဖက်က ကိုယ့်ကိုယ်ကို ပြန်ကြည့်တော့လဲ - လူပဲ ။ အသွေးအသား ခံစားချက်နဲ့ ၊ နောက်ပြီး ဘယ်သူ့ကိုမှလည်း ဒုက္ခပေးနေတာ မဟုတ် ။ ဒီမှာတင် ဘာသာရေးနဲ့နွယ်ပြီး သွန်သင်မှုတွေက မပြတ်မသား ၊ သင်ခဲ့ရတဲ့ သမိုင်းတွေဟာလည်း အစစ်အမှန်တွေ မဟုတ်ဘူးဆိုတာ နားလည်လာတော့ - အရာရာဟာ ဘာမှ မရေရာမသေချာပဲ အမှန်တရားဆိုတာ ဝေဝါးနေသလို စိတ်ထဲဝင်လာတယ် ။ တစ်ခုရှိတာက ဆုံးဖြတ်ချက် ရဲရဲချပြီး ကိုယ့်ကို လွှမ်းမိုးပတ်သက်နေသူတွေကို ပြတ်ပြတ်သားသား မတုံ့ပြန်ချင်တာကလည်း အကြောင်းတစ်ချက် ပါပါလိမ့်မယ် ။ ဒီလိုနဲ့ပဲ လူသားဝါဒီလည်း မကျ ၊ လစ်ဘရယ်လည်း ဘောင်မဝင် ၊ ဘာသာမဲ့လည်း မဟုတ် ၊ ရှေးရိုးစွဲထက်လည်း ရှေ့ရောက်ပြီး pragmatist ယောင်ယောင်နဲ့ ကိုယ့်ရဲ့ တည်နေရာကို မီးထွန်းရှာနေသူတစ်ဦး ပေါ်လာခဲ့တယ် ဆိုပါစို့ ။

      ကျနော့်ရဲ့ ဘဝကွက်ကြားအတိုချုပ်ကတော့ ဒါပါပဲ ဆရာရယ် ။
      ခုလောက်ဆို သပ္တုရိသ သူတော်ကောင်း အလောင်းအလျာအချို့အတွက် ကျနော့်ကို ချေးထုပ်တွေနဲ့ပစ်ဖို့ ကျည်ကပ်တချို့တော့ ရသွားကြလောက်ပါပြီ :-)

      Delete
    4. ကိုမန်းရေ
      စာထဲ ရမ်းတာကတော့ ရမ်းသာရမ်း
      ကျွန်တော်ဖြစ်စချင်တာပေါ့နော် တချိန်က ဦးကျော်ငြိမ်းနဲ့  ဦးသိန်းဖေမြင့်လို ပါလီမန်ထဲ အသေဆော်ကြ ငြင်းကြ ဆက်ရှင်ပြီးတာနဲ့  လည်ပင်းဖက်ပြီးနေတာမျိုး ဗမာတိုင်းရင်းသားတွေ အကုန် ဖြစ်စေချင်ပါတယ်
      ထစ်ကနဲရှိ ပါးစပ်ချင်း ဖြစ်ရုံနဲ့ မပြီးဘဲ သေနတ်ကြီးတွေပါပါလာတာကိုဘဲ စိတ်ပျက်တာပါဗျာ
      နှမြောတယ်ဆိုတာ အဲဘဲဗျ
      နှမြောပါတယ်
      သူ့ ယောက်ဖဗိုလ်ရန်အောင် ခေါင်းဆောင်တဲ့  ကွန်မြူနစ်တပ်ကျည်နဲ့ ကျရတဲ့  ဗိုလ်ညိုဝင်းမောင်
      သူ့ ရဲဘော် ဗိုလ်ဇေယျက သေဒါဏ်အပေးခံရတဲ့  ဗိုလ်ရန်အောင် ၊
      သူ ထူထောင်ခဲ့တဲ့  တပ်ရဲ့ ကျည်နဲ့  ကျခဲ့ရတဲ့ ဗိုလ်ဇေယျ

      အင်းစိန်မှာ စနိုက်ပါထိခဲ့တဲ့  ဗိုလ်လှသောင်း
      ပြည်တွင်းစစ်ရဲ့  သားကောင် စောဘဦးကြီး
      ထားဝယ်ကလိန်အောင်ချောင်းဘေးမှာကျခဲ့ရတဲ့  အမည်မသိ ကရင်ခေါင်းဆောင်
      အမ်းဘွတ်ရှ်မိခဲ့တဲ့  ထားဝယ်ကြီးဗိုလ်ဒိုဘာ (ဘီအိုင်အေကစလို့  ပါခဲ့စစ်သားဟောင်းကြီး )
      မွန်အမျိုးသား ဆရာဝန် မွန်ထော်သက်ညွန့် 
      ခုတလောမှာ သွေးမြေကျခဲ့  ပစ္စည်းဆုံးပါးခဲ့ရတဲ့  ရခိုင် မိတ္ထီလာ ကစလို့  ခု လားရှိုးထိ ပြည်သူတွေ အကုန်နှမြောတယ်ဗျာ
      ကိုမန်းရေ ထပ်ပြောပရစေ
      ပါးစပ်ချင်းငြင်းကြပါဗျာ
      လက်တော့ မပါပါစေနဲ့တော့ တော်လောက်ပါပြီ
      ဆုံးပါးခဲ့ရတဲ့  အသက်တွေ ကုန်ခဲ့ရတဲ့ ပစ္စည်းတွေ တော်ကြပါတော့ဗျာ

      Delete
  4. ကိုမန်းဘလော့ထဲ လာဖတ်မိကြတဲ့  ဗမာမျိုးချစ်တွေလဲ တခုတောင်းပန်ပရစေဗျာ
    ခင်ဗျားတို့ ကပြောမယ် ငါတို့ က ကုလားချတာ ကွ မင်းဘာဝင်နာနေလဲ ဘာညာ
    ခုထိ ကျွန်တော် မိတ္ထီလာနဲ့  အဆက်မရသေးဘူး ဒါပေ့
    မိတ္ထီလာ ဈေး ( နာရီစင်ကြီးနားမှာ ) ကျွန်တော်သိတဲ့  ဗမာမိသားစုဆိုင်လေးရှိတယ်
    အဖေလုပ်သူက စလို့  ဟိုး ၇နှစ်ကလေးမလေးထိ မိသားစု တခုလုံး ပခုံးနဲ့  ထမ်း ရင်းပြီး စုဆောင်းထားရတဲ့ ရှိစုမဲ့စုလေးက အဲံဆိုင်ထဲမှာ
    လွန်ခဲ့တဲ့  အနှစ် အစိတ်က ကျွန်တော် ကိုယ်တိုင်မျက်စိနဲ့  မြင်ခဲ့တာ ကလေးမက အသက် ရှိလှ ၁၈နှစ် ပေါင် ၈၀ပေါင်တရာလေးတဲ့ ဆာလဖျူရသ်အက်ဆစ်ပုံးတွေ ကိုယ်တိုင်မရွှေ့  ပုလင်းနဲ့ ခွဲရောင်း အဲလို စုရတဲ့  ပစ္စည်းဗျ ။ လူလေးက ဖြူဖြူသွယ်သွယ်လေး သူ့ လက်ဖ၀ါးတွေ သွားကြည့် နဂိုရ်က လက်ချောင်းသွယ်သွယ် လက်ဖ၀ါးရှည်ရှည်းလေးက အသားမာထနေတယ်
    အဲလို ရှာရတဲ့  စုရတဲ့ ဟာ ခု ကျွန်တော် ဓါတ်ပုံတွေထဲ တွေ့ တာ သူ့ ဆိုင်နေရာလေး မီးလောင်ပြင်
    ကဲ ကိုရွှေဗမာတို့  ၊ အဲဒါ ဗမာစစ်စစ်မိသားစုဗျ ၊ အဖေအမေ ၁၀၀% ဗမာ ။အဲ သူ့ ရတဲ့  ငနာမျိုး ပုံဆိုးပန်းဆိုးကလဲ ဗမာမျိုးစစ်စစ် ( ကတောက် )
    မီးဆိုတာ ကုလားအိမ်မှရွေးမလောင်ဘူးဗျာ

    ReplyDelete
    Replies
    1. ဆရာတင့်လည်း စိတ်အတော်နောက်သွားပြီ ထင်ပါတယ် ။
      အားလည်းနာသလို ဆရာ့လိုလူတွေကိုလည်း စိတ်မကွက်ဖို့ တောင်းပန်ချင်ပါတယ် ။
      ကျနော် ရေးသမျှတွေဟာလည်း ဟိုယိမ်းသည်ယိမ်း ဖြစ်နိုင်ပေမယ့် ၊ အမုန်းစိတ်ကို အခြေမခံရေးတာ မဟုတ်ဖူးဆိုတာတော့ ပြောရဲပါတယ် ။

      အရင်တစ်ခါ ပြောခဲ့ဖူးသလိုပဲ - ကျနော်သာ မြန်မာတစ်ပြည်လုံးအကြောင်းကို အနှစ်ချုပ် လိုရင်းကို ရေးချလိုက်ရင် စာမျက်နှာ တစ်မျက်နှာတောင် ပြည့်မယ်မထင်ပါ ။ သို့သော် တည့်တည့်ပြောသော်လည်း နားမလည် လက်မခံသူတွေက လက်တွေ့ကော လေလှိုင်းမှာပါ ငှားငှားစွင့်ဖားဖားဝင့်ပြီး တိုးမပေါက်လောက်အောင် များပြားလေတော့ ၊ ဥာဏ်မီသလောက် ကျင့်ဝတ်ဘောင် အတိုင်းတာ တစ်ခုအတွင်းကနေ ၊ အမျိုးမျိုး လှည့်ပတ်လှော်နေရတာပါလို့ အတိုချုပ် ဝန်ခံရမှာပါ ။

      တခြားသူတွေကို မပြောတတ်ပေမယ့် ၊ ဒီကနေ့အထိ ကျနော့်ဘဝမှာ အိမ်တစ်ဆောင် မြေတစ်ကွက် ပိုင်ဆိုင်အောင် မလုပ်နိုင်ခဲ့သေးပါဘူး ။ ဒီတော့ လူတိုင်းရဲ့ ဆုံးရှူံးမှုကို စာနာပါတယ် ။ ဒါဟာ ကျနော့်စိတ်ကို တည်ဆောက်ထားတဲ့ အချက်ပေါင်းအများကြီးထဲက အခြေခံ အချက်တစ်ချက်ပါ ။

      ဆရာတင့် အချက်လက်တွေနဲ့ ပြောသွားတာတွေက ကောင်းလည်းကောင်းသလို ၊ သိချင် မေးချင်တာတချို့လည်း ရှိပါတယ် ။ စာပြန်ဖို့ စိတ်ကူးဝင်ရုံနဲ့ ပို့စ်တစ်ခုစာလောက် ရှင်းပြချင်တာတွေ အတွေးတွေ ဝင်လာတာကြောင့် နောက်မှ ထပ်ရေးပါဦးမယ် ဆရာရေ ။ လတ်တလော ရှေ့တစ်ပတ်အတွင်း major assignment ၃ခု ပြီးရမှာမို့ ဒီလောက်ပဲ တော်ထားပါဦးမယ် ။

      Delete