ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Monday, February 18, 2013

ဦးပွစိရဲ့ စကားစတချို့


(၁)  အရောင်ပြောင်းလွယ်သူများ

  လူ့အခွင့်ရေး ကော်မရှင်နာ ကင်တားနားကို သဲသဲလှုပ် ထောက်ခံသူ ၊ ကယ်တင်ရှင်လို မျှော်သူ
ထဲမှာ ကိုယ်မပါ ။

  ခုတစ်မျိုး နောက်တစ်မျိုး မလုပ်ခဲ့တဲ့ သူဟာ ၊ မြန်မာပြည်က လူတွေ အရမ်းကြည်ညိုနေကြတဲ့
ခေါင်းဆောင်တချို့ထက်တောင် ပိုမှန်ကန်သေးတယ်လို့ မြင်တယ် ။
  သို့သော် သူ့ဆီက မျှော်လင့်ခဲ့တာတွေနဲ့ မကိုက်ညီတော့မှ ပြူးပြူးပြဲပြဲ ဖြစ်သူတွေ ၊ ဆန့်ကျင်
သူတွေထဲလည်း ကိုယ်မပါတဲ့အပြင် ၊ အဲသည်လို လုပ်သူတွေဟာလည်း ဂုဏ်သိက္ခာ နည်းပါးသူ
တွေအဖြစ် မပြောသော်လည်း ၊ စိတ်ထဲက ယူဆတယ် ။

  ဒါဆို ဂုဏ်သိက္ခာဟာ အရေးကြီးသလား ။
  မလိုအပ်သူတွေအတွက်တော့ အရေးမကြီးပါ ။

  ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းတွေမှာတော့ အရေးကြီးတယ် ။
  အထူးသဖြင့် လူအများအတွက် တာဝန်ယူ လုပ်ကိုင်မယ့်သူတွေအတွက် အသက်သွေးကြော
တစ်ခုပဲ ။ အထူးသဖြင့် နိုင်ငံရေး ၊ အုပ်ချုပ်ရေး ၊ တရားစီရင်ရေးနဲ့ လူမှုရေးရာတွေမှာပေါ့ ။
ခြောက်ပြစ်ကင်းစင်ဖို့အထိ လိုကောင်းလိုမှာ မဟုတ်ပေမယ့် ၊ လူတွေရဲ့ ဘဝတွေကို အတိုင်း
တာတစ်ခုအထိ ပုံအပ်ခံ တာဝန်ယူရမယ့် လူတွေအနေနဲ့ ၊ အများလက်ခံနိုင်လောက်တဲ့ ကိုယ်
ကျင့်နဲ့ စောင့်ထိန်းမှုတော့ ရှိရမယ် ။

  သြစတြေးလျမှာ ကြုံတာတစ်ခုကို ကြည့်ရင် - ဝါရင့်ပြီး ၊ ဂုဏ်သိက္ခာရှိသူ ရှေ့နေကြီးတွေကို
ဖိတ်ခေါ်ပြီး ၊ လခကောင်းကောင်းနဲ့ တရားသူကြီး ရာထူးတွေအတွက် ဖိတ်ခေါ်ခန့်အပ်လေ့ ရှိ
တယ် ။ မြန်မာပြည်လို ၊ မိုးကျရွှေကိုယ် တရားသူကြီး အချို့နဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ အံ့သြစရာ
ပေါ့ ။

  မြန်မာပြည်ထွက် အင်တာနက် သုံးနေကြသူတွေထဲမှာကော ၊ ဘယ်လိုလဲ ။
  ဂုဏ်သိက္ခာနဲ့ အရှက်ဆိုတာ - လွန်ခဲ့ပြီးတဲ့ ဆယ်စုနှစ်တွေထဲမှာ အတော်အတန်များ အမြစ်က
နေကို ကျွတ်သွားခဲ့ကြသလား ။

၁၇ ၊ ၀၂ ၊ ၂၀၁၃ (နံက်)
=============================

(၂)  ကယ်တင်ရှင်

  ဟုတ်ပါတယ်ဗျာ ၊ "မွတ်ဆလင်တွေ ဒီနိုင်ငံမှာ မနေချင်ရင် ထွက်သွား"လို့ ပြောခဲ့တယ်ဆိုပြီး ၊
မြန်မာပြည်သား အတော်များများက မျှော်လင့် တောင့်တ အားကျခဲ့ကြတဲ့ လက်ရှိ သြစတြေးလျ
ဝန်ကြီးချုပ် "ဂျူလီယာဂေးလပ်" (Julia E. Gillard) ပါ ။ မဲလ်ဘုန်းမြို့ (Melbourne) လေလာ
(Lalor) မဲဆန္ဒနယ်ရဲ့ ဖက်ဒရယ်လွှတ်တော် ကိုယ်စားလှယ်စစ်စစ်ပါ ။

   ဒီဓါတ်ပုံက သူ့မဲဆန္ဒနယ်ထဲ လိုက်ဝေပေးခဲ့တဲ့ ရေခဲသတ္တောမှာကပ်တဲ့ သံလိုက်ပြားပါ ပြက္ခဒိန်
လေးပါ ။ ကြော်ငြာ ဆိုကြပါစို့ ။ သူ့မဲဆန္ဒနယ်ထဲ နေမိမှတော့ ၊ လိုချင်ချင် မလိုချင်ချင် လာဝေထား
တာကို ခုမှသတိရပြီး ဓါတ်ပုံရိုက် တင်ပေးလိုက်ပါတယ် ။

   ဘာလုပ်ရမလဲ ၊ ဟုတ်လား ။ ပြောမှာပေါ့ဗျာ ပြောမှာပေါ့ ။
   အခြားတော့ ဟုတ်ဘူးလေ ၊ ဂျူလီယာဂေးလပ်ကနေ မပြောခဲ့တဲ့ စကားတွေကိုမှ အတင်းယုံ
ချင်နေကြတဲ့ အထဲမှာ ၊ မကြီးမငယ်တွေလည်းပါလို့ အရှက်မကွဲရအောင် ဖုန်းနဲ့ဖြစ်စေ ၊ စာနဲ့ဖြစ်
စေ ၊ အီးမေးလ်နဲ့ဖြစ်စေ လှမ်းပြီးတော့ အတည်ပြုနိုင်ကြဖို့ရာ ၊ စေတနာနဲ့ ထည့်ပေးတာပါ ။

   မျက်စေ့မှုန်သူ အချို့အတွက်လည်း အောက်မှာ သေချာအောင် ထပ်ရေးပေးလိုက်ပါတယ် ။
   ဖုန်းနဲ့ဆိုရင် မဲလ်ဘုန်း city code (03) နဲ့ သြစတြေးလျနိုင်ငံ country code - (61) တွေကို
တော့ မမေ့ကြနဲ့ပေါ့ဗျာ ။

Julia Gillard
2/36 Synnot Street
Werribee VIC 3030
(or)
PO Locked Bag 14
Werribee VIC 3030
(or)
The Hon Julia Gillard MP
Prime Minister
Parliament House
CANBERRA ACT 2600

Phone - (03) 9742 5800
e-mail - http://www.pm.gov.au/contact-your-pm
Facebook - https://www.facebook.com/juliagillard
Twitter - https://twitter.com/JuliaGillard

၁၇ ၊ ၀၂ ၊ ၂၀၁၃ (နေ့လည်)
===============================


(၃)  Dual Citizenship

  မေ့နေတဲ့ ကိစ္စလေးတစ်ခု ။
  တစ်ခါတစ်ရံ ကြားရတတ်ပြီး ၊ ပြည်ပရောက် အာဏာဖီဆန် ခဲ့ကြသူတွေဆီကလည်း တမ်းတ
တတ်ကြတဲ့ နိုင်ငံသား (၂) ခု တစ်ပြိုင်ထဲ ဖြစ်ခွင့်ပါ ။ လိုချင်သူတွေ ရှိသလို ၊ ကန့်ကွက်သူတွေ
လည်း ရှိတယ် ။ ခုပြောမှာက ကျနော့်ရှုထောင့် တစ်ဖက်ထဲပါ ။

  ပထမဆုံး ဒါဟာ အရေးကြီးသလားဆိုရင် ၊ အတိုင်းတာ တစ်ခုအထိ အရေးကြီးပေမယ့် ကျနော့်
တစ်ကိုယ်စာအနေနဲ့ သိပ်အလေး မထားလှပါဘူး ။ ဒီလိုပြောဖြစ်ဖို့ အကြောင်းရင်းတွေလည်း ရှိ
ပါတယ် ။

  လက်တွေ့ကျတာ အရင်ဆုံးပြောရရင် ၊ ခင်ဗျား ခုရောက်နေတဲ့ တိုးတက်ပြီးနိုင်ငံမှာ နိုင်ငံသား
ခံယူခွင့်ရရင် ခံယူမှာလား လို့မေးရင် ၊ ခံယူမှာပေါ့လို့ ဖြေရမှာပဲ ။
  သို့သော် ၊ ခံယူချင်သလားလို့မေးရင်တော့ ၊ ခံယူချင်တယ် ၊ ဒါပေမယ့် စိတ်ထဲ ဒွိဟတွေတော့
ရှိတယ် လို့ ဖြေရလိမ့်မယ် ။ (မေးခွန်းနှစ်ခုက ဆင်ပေမယ့် မတူဘူးနော်) ။

  တော်ရုံလူတွေအနေနဲ့ ကိုယ့်မွေးရပ်မြေကို အစွဲရှိတတ်ကြတာပဲ ။ သေတာတောင် ကိုယ့်မွေးရပ်
မှာ ပြန်သေချင်ကြသကိုး ။ ဒီတော့ အရင်က ပြောခဲ့ဖူးပါတယ် ၊ အာဏာကြီးငယ် ယူထားသူတွေ
က ဒါကိုမှီပြီး ၊ ပြန်ပေးဓါးပြပုံစံနဲ့ လူတွေကို ချယ်လှယ်ဖို့ အသုံးချတော့တာပါပဲ ။ နောက်ပြီး ဥပဒေ
အရတို့ ၊ နှစ်နိုင်ငံ အရေးကြုံလာရင် ဘယ်သူ့ကို သစ္စာရှိမှာလဲ စတဲ့ ဆက်စပ်မေးခွန်းတွေကလည်း
လိုက်လာလေ့ရှိတယ် ။ ဒီမေးခွန်းတွေဟာ အတိုင်းတာ တစ်ခုအထိ မေးသင့်ပါတယ် ။ ဒါပေမယ့်
လူတစ်ယောက်ကို ခြယ်လှယ်ချင်သလို ခြယ်လှယ်လို့ မရနိုင်တော့မှာကို  စိုးရိမ်တဲ့အပိုင်း ပါတယ်
ဆိုတာကိုကျတော့ ဝန်ခံဖို့ အင်မတန် ဝန်လေးတတ်ကြတယ်ဗျ ။

  နိုင်ငံသားနှစ်ခုကို တစ်ပြိုင်ထဲ ခံယူချင်သူတွေကိုလည်း မေးစရာတွေက ရှိပြန်တယ် ။
  ဘာဖြစ်လို့ ခံယူချင်သလဲ လို့မေးရင် ၊ မရေရာတဲ့ အဖြေတွေက များပြန်တယ် ။ ဒီမှာတင် အမိ
နိုင်ငံတော်ကို ချစ်လှပါတယ် ဆိုသူတွေအတွက် သံသယလှိုင်လှိုင်ပွားစရာ ဖြစ်လာပြန်ရော ။

  ဒီနေရာမှာ မြင်တာတစ်ခုရှိတယ် ။ အမှန်က လူသားတိုင်းအတွက် အဓိက လိုအပ်ချက်တွေထဲ
မှာ ၊ အခြေတကျနဲ့ အပူပင်နည်းပါးစွာ အသက်မွေး ရပ်တည်နိုင်ရေးက ထိပ်ဆုံးမဟုတ်ရင်တောင် ၊
မရှိမဖြစ်ပဲ ။ ဒါက နက်နက်နဲနဲ စဉ်းစားစရာလည်း မလိုပါဘူး ။ ဒါကို နားလည်တဲ့ နိုင်ငံနဲ့ ဒေသ
တွေမှာတော့ ၊ လုံးဝဥဿုံ ညီမျှဖို့ လုပ်မပေးနိုင်ပေမယ့် ၊ နားလည်မှုတွေနဲ့ အပေးအယူလေးတွေ
လုပ်ကြတော့ ငြိမ်းချမ်းတယ် ၊ ပြဿနာနည်းတယ် ၊ တိုးတက်တယ် ။ အဲသလောက်ကိုရှင်းတဲ့
လောကသဘာဝပါ ။

  မြန်မာပြည်မှာ ပြည်မ အာဏာပိုင်တွေသာ အဲသည်လို လုပ်နိုင်ခဲ့ရင် ၊ သူပုန်တွေဆိုတာ နေ
ထွက်ချိန် မြူခိုးတွေ လွင့်ပြယ်ရသလိုဖြစ်မှာ အသေအချာ ။ ပြောင်းပြန် ပြန်တွေးရင်တော့ - 
ပြည်မ အာဏာပိုင်တွေ လုပ်မပေးနိုင်တာကို သူပုန်တွေက အောင်အောင်မြင်မြင် အကောင်ထည်
ဖေါ်နိုင်ရင် ၊ စစ်တိုက်စရာတောင် မလိုပဲ ၊ ပြည်မဒေသ နယ်မြေတွေဟာ တစ်စတစ်စနဲ့ အစိုးရ
တဖြစ်လဲ သူပုန်တွေလက်အောက် ပြိုဆင်းလာမှာပဲ ။ သို့ပေမယ့် သူပုန်တွေက ဒါကို မဖြစ်ဖြစ်
အောင် အကောင်ထည် ဖေါ်ဖို့ထက် ၊ အာဏာပိုင်တွေပုခုံးပေါ် ပြဿနာတွေကို ပြောင်းတင်ပေး
ချင်တဲ့ဖက်က အားသန်နေကြတယ် ။ အစိုးရကလည်း သူပုန်လုပ်သူတွေရဲ့ ကျောကိုနင်းပြီး လို
ချင်တဲ့ ပန်းတိုင်ကို တက်လှမ်းချင်တဲ့ မရိုးသားမှုတွေနဲ့ဆိုတော့ ဘယ်ဖက်မှ အလုပ်မဖြစ်တော့
ဘူးပေါ့ ။ ဒီသဘာဝ မှားတယ် (သို့မဟုတ်) ကျနော် မှားတယ်ဆိုရင် ပြောဗျာ ။

  ထားပါတော့ ၊ ကျနော့်သဘောကို ဆက်ပြောမယ် ။
  ကျနော် သြစတြေးလျနိုင်ငံသား ဖြစ်နေပြီ ဆိုပါစို့ ။ ဘာအကျိုးရှိမလဲ ။
  ကျနော် မြန်မာပြည်သွားရင် … ညီလေး ၊ အကိုတို့နဲ့ စခန်းကို ခဏလောက် လိုက်ခဲ့ပါ .. ဆိုတာ
မျိုးကို သိပ်ကြောက်စရာ မလိုတော့ဘူး ။ စီးပွားရေးအပါဝင် လုပ်ကိုင် သွားလာစရာ အတော်များ
များမှာ ၊ သြစတြေးလျ သံရုံးရဲ့ သင့်တင့်တဲ့ ကူညီမှုတွေကို မျှော်လင့်လို့ ရလာမယ် ။ တရားတဲ့ ဥပ
ဒေနဲ့ အကာအကွယ်တွေကို ခံစားရဖို့ အခွင့်အလမ်း ရှိလာမယ် ။ တစ်နည်းအားဖြင့် သိက္ခာရှိတဲ့
လူ”တစ်ယောက်အနေနဲ့ ရပ်တည်လို့ ရလာမယ် ။ ဒါ လိုရင်းပဲ ။ လူတိုင်းလိုလို လိုချင်တဲ့ အနေ
ထားပဲ ။

  နောက်တစ်ဖက် ၊ လူ့ကျင့်ဝတ်ပိုင်းနဲ့ ကြည့်ရအောင် ။
  မနှစ်က ကျနော့်ဆရာမ တစ်ယောက်ရှိတယ် ။ သူ့ယောက်ျားက မလေးရှားကပါ ။ သြစတြေး
လျ နိုင်ငံသားအဖြစ် ခံယူခွင့် ရလာတဲ့ အချိန်မှာ ၊ သြစတြေးလျ နိုင်ငံသားအဖြစ် ခြေစုံပစ် ခံယူ
လိုက်တယ် ။ မလေးရှား နိုင်ငံသားအဖြစ်ကို စွန့်လွှတ်လိုက်ပါတယ် ။ ကျင့်ဝတ်နဲ့ ပတ်သက်ပြီး ၊
လုပ်သင့်တာကို ဆုံးဖြတ်လိုက်တာပဲ ။ ဒါကို ကြိုက်တယ် ၊ ဖြစ်သင့်တယ်လို့လည်း ယူဆတယ် ။
သူ့ကိုလည်း အားကျ လေးစားတယ် ။

  ဒါပေမယ့် ၊ မပြီးသေးဘူး ။ အခြား အချက်တွေ ရှိပါသေးတယ် ။
  မလေးရှားလည်း မြန်မာပြည်လိုပဲ ၊ နိုင်ငံသားနှစ်ခု ခံယူတာကို ခွင့်မပြုဘူး ။ သြစတြေးလျက
တော့ ၊ ခံယူခွင့် ပြုတယ် ။ ဒီတော့ သြစတြေးလျဖက်က တစ်ဖက်သတ် အချစ်လို ဖြစ်နေတယ်
လို့  ပြောရမလို ဖြစ်နေတယ် ။ တားမြစ်တဲ့ ဖက်တွေကိုကြည့်တော့ ၊ အထက်အောက် အာဏာ
ချုပ်ကိုင်မှုတွေရှိတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေ ဖြစ်နေတယ် ။ ဒါ ငါတို့ပိုင်တယ် ၊ ဟိုဟာလည်း ငါတို့
ဟာပဲ ၊ မင်းဆီကဟာတွေ အားလုံးလည်း ငါတို့အပိုင်ပဲ ဆိုတဲ့ စိတ်အခြေခံတွေကနေ ရုန်းမ
ထွက်နိုင်သေးတဲ့ ဒေသတွေလို့ နာမည်တပ်ရမလားပဲ ။

   ဒါ့ပြင် ဒီဒေသမှာ အချင်းချင်း ဖိနှိပ်တာကို အသာတကြည် လက်မခံတဲ့ လူတွေကိုကျ အမျိုး
ဖျက် ၊ သစ္စာဖောက် ၊ ကျေးဇူးကန်းသူတွေ လို့ နာမည်တပ်တတ်တာ ထုံးစံဖြစ်နေတယ် ။ အင်း ..
ဒါကို ကျောက်ခေတ်စိတ် ထားလို့ နာမည်တပ်ဖို့ မဖြစ်နိုင်ပေမယ့် ၊ ၂၁ ရာစု စိတ်ထားလို့ ပြော
ရမှာလည်း ခက်တယ် ။ အပေါ်မှာ ပြောခဲ့သလို အထက်စီးယူ ဖိနှိပ်ချယ်လှယ်ချင်တဲ့ စိတ်အခြေ
ခံတွေကိုလည်း ဝန်ခံဖို့ရာက ၊ မာနတွေ ကန့်လန့်ခံနေတယ်လေ ။

  ခြုံရရင်တော့ဗျာ ၊ ဒီအသိုင်းဝိုင်းကနေ လွှတ်ကင်းဖို့ မဖြစ်နိုင်သေးတဲ့ ကျနော်ဟာလည်း ၊ တစ်ဖက်
မှာ လူ့ကျင့်ဝတ်ဆိုတာကို နားလည်သလို ၊ အခြားတစ်ဖက်မှာလည်း အာဏာ ငါးမူးတစ်မတ်သား
ကို ကုတ်ကပ် ဖက်တွယ်ထားချင်ကြတဲ့ ၊ သားသတ်သမား စိတ်ထားမျိုးကနေ ရုန်းမထွက်နိုင်ကြ
သေးတဲ့ မူလလက်ဟောင်းများကြောင့် ၊ ကြုံလာတာတွေကို အခန့်သင့်သလို ဖြတ်သန်းသွားရဦး
မှာပဲ ။ တရားတဲ့ ၊ လူတွေကို အကျိုးပြု ကာကွယ်တဲ့ ဥပဒေနဲ့ ၊ လူ့ကျင့်ဝတ်ကို တန်ဖိုးထားတဲ့
လူမှုအသိုင်းဝိုင်းတွေ ဖွံ့ဖြိုးလာတဲ့ တစ်နေ့မှပဲ ၊ ပြည့်ဝ မှန်ကန် တော်တည့်တဲ့ ဘဝမျိုးနဲ့ စိတ်သန့်
သန့်နေနိုင်ပြီး ၊ ပြောစရာတွေ နည်းသွားမယ် ထင်ပါတယ် ။

  နေဦးဗျ ၊ ကြည့်ရတာ ကိုယ့်စာက လိုရင်းကို မပေါ်လွင်သလိုပဲ ။
  တိုတို ထပ်ချုပ်ကြည့်မယ်ဗျာ ။
(က) လူသားကျင့်ဝတ်အရ ကျနော်ကတော့ တစ်နိုင်ငံသားပဲ ဖြစ်ချင်တယ် ။
(ခ)  သို့သော် လူလူချင်း မတရားလုပ်ဖို့ ပျော်မွေ့သူတွေ ရှိနေသေးလို့ ၊ လူမှန် ဖြစ်ချင်သော်လည်း ၊
အချို့နေရာမှာ ချွင်းချက်တွေ ရှိနိုင်တယ် ၊ ဒါပါပဲ ။

၁၈ ၊ ၀၂ ၊ ၂၀၁၃
==========================



No comments:

Post a Comment