ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Sunday, November 25, 2012

ဒီတစ်လတာ မျက်စိထဲမှာ (နိုဝင်္ဘာ-၂၀၁၂)





   အိုဘားမား လာမယ် ။
   ဖတ်မိသမျှ (၅) ချက်ပဲတွေ့တယ် ။

(၁)  နေ့ဝက်လောက်ပဲနေမယ် ၊
(၂)  ပျဉ်းမနားမြို့သစ် (နေပြည်တော်)ကို မသွားဘူး ၊
(၃)  ဦးသိန်းစိန်နဲ့ ရန်ကုန်တိုင်း လွှတ်တော်ရုံးမှာပဲတွေ့မယ် ၊ ဦးရွှေမန်းကို အပိုဆုအနေနဲ့တွေ့မယ် ၊
(၄)  ဒေါ်စုနဲ့ တွေ့မယ် ၊
(၅)  ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်းပြောမယ် ။

   ပြည့်စုံဖို့ မဖြစ်နိုင်ပေမယ့် အဓိပ္ပါယ်တစ်ချို့ ဖွင့်ကြည့်ချင်တယ် ။

(၁)  မြန်မာပြည်ရဲ့တန်ဖိုးက အသင့်တင့်ရှိပေမယ့် လတ်တလောတော့ မဟာဗျူဟာအတွက် ဒီ
လောက်ပဲ တန်သေးတယ် ၊ ဒီထက်ပိုဖို့ အခြေခံအဆောက်ဦအပါဝင် အခြားလိုအပ်ချက်တွေ အ
များကြီးလိုသေးတယ် ။

(၂)  ရန်ကုန်ဟာ ပိုအချက်ချာ ကျနေသေးတယ် ၊ ပျဉ်းမနားမြို့သစ်သွားပြီး မြန်မာပြည်က စစ်
အာဏာရှင်တွေရဲ့ အစီစဉ်တွေအားလုံးကို အသိမှတ်လိုက်ပြုလို့ မဖြစ်ဘူး ။

(၃)  မြန်မာပြည်သမ္မတလည်း လာထား ၊ ရန်ကုန်မှာပဲ တွေ့နိုင်မယ် ။ ဝရမ်းပြေးလိုဖြစ်နေတဲ့
ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင် လိုလူကို သိက္ခာအကျခံပြီး တွေ့ခဲ့တဲ့ ဦးသိန်းစိန် ဘာမာနမှ
ရှိပြလို့ မရ ။ ဦးရွှေမန်းကတော့ အလားအလာ အများကြီးရှိတဲ့ ကျားကြီးပဲ ၊ သူ့ကို ကောင်း
ကောင်းသိတယ် ၊ တွေ့ထားပေးလိုက်မယ် ။

(၄)  ဒေါ်စုက ပစ်မလွဲပန်းတိုင်ပဲ ၊ ဘယ်လိုမှ ချန်လို့မရ ၊ ဒေါ်စုရဲ့ ရှေ့ခရီးစဉ် -၁၀- နှစ်စာလောက်
ကို ကြိုတွက်ပြီးသား ။

(၅)  ပျဉ်းမနားမြို့သစ်လွှတ်တော် သွားပြီးတော့ဖြင့်မှ မိန့်ခွန်းသွားမပြောနိုင်ဘူး ။ အစဉ်အလာ
ရှိတဲ့နေရာ ၊ လုံခြုံရေးအရ အဆင်ပြေပြီး မြန်မာပြည်သူတွေကို ပေးချင်တဲ့သတင်းစကားတွေ
လည်း ပေးနိုင်မယ့်နေရာကို ရွေးချယ်ရမယ် ။ မြန်မာပြည်က ကိုယ့်ဇတ်နဲ့ကိုယ် ဟုတ်လှပြီလို့
ထင်နေသူတွေအတွက် - ကမ္ဘာရဲ့ အခြားတစ်ဖက်မှာ ကိုယ်လုပ်ချင်တာတွေကို လုပ်လို့ရသူ
တွေရှိတယ် ၊ အခြားရွေးချယ်စရာရှိတယ် စသည်ဖြင့် အချက်ပြလိုက်တာလည်း ဖြစ်တယ် ။

  ဒီခရီးစဉ်ကို အမှီပြုပြီး စီးပွားရေး ၊ နိုင်ငံရေးအကျိုးမြတ်တွေ နှစ်ဖက်လုံး ရမှာပါ ။ အမေရိကန်
သမ္မတ အရှိန်နဲ့ လူသိသူသိဖြစ်လာမယ့် မထင်မရှားကိစ္စတွေနဲ့ လူအချို့လည်း အမြတ်ထွက်မှာ
ပါ ။ အကောင်းတွေ များဖို့ပဲ မျှော်လင့်ပါတယ် ။

  ဦးသိန်းစိန်ဖက်ကတော့ ကစားကွက်တစ်ခု တွေ့တယ် ။ အကျဉ်းသားတွေ လွှတ်ပေးတာ ။
  နိုင်ငံရေး အကျဉ်းသားတွေမပါတော့ နည်းနည်းပွက်သွားတယ် ။ ဒါကိုက ကစားကွက် ဖြစ်နိုင်
တယ် ။

  “အ”ချင်ယောင်ဆောင်ပြီး ရိုးရိုးအကျဉ်းသားတွေလွှတ် ၊ အိုဘားမားလာ ၊ မေတ္တာရပ်ခံ ၊ နိုင်ငံ
ရေးအကျဉ်းသား အချို့ကို လွှတ် ၊ အားလုံးလည်း မျက်နှာလှ ၊ မျက်နှာရသူက ရ ။ ကြားထဲက
မလွှတ်လို့ ကြိုတင်ဗိုက်ပွမိသူတွေက အကုသိုလ် ရ ။ ရိုးပေမယ့် လှသနော် ။

မန်းကိုကို
၁၈ ၊ ၁၁ ၊ ၂၀၁၂
--------------------------------------------------------------------------------
**   စာတွေ သိပ်မရေးဖြစ်တာနဲ့ Facebook က ရေးထားခဲ့တာလေးကိုပဲ ထည့်ဖြည့်ထားလိုက်ပါတယ် ။

   တည့်တည့်ပြောရရင် မြန်မာပြည်ပေါက် အတော်များများဟာ သိမ်ငယ်နေကြတယ် ၊ ကိုယ့်ကိုယ်
ကိုယ် ဂုဏ်မှိန်နေကြတာ ၊ နောက်ကျနေတာ နောက်ရောက်နေတာ သိတယ် ။

    ဒီတော့ ဂုဏ်မြှင့်ချင်တယ် ၊ တင့်တယ်ချင်တယ် ၊ အားတင်းကြတယ် ၊ အချင်းချင်း ချီးမြှောက်ဖို့

ကြိုးစားကြတယ် ၊ ကြံဖန်ရှာဖွေ ဆွဲစပ်ပြီး ငါတို့လည်း ဒီလိုပါကွဆိုပြီး လုပ်ကြတယ် ။

   ပြည်ပမှာ နေသူတွေဆိုရင် ရှုတ်ချဖို့ ကြိုးစားကြပေမယ့် ၊ အောင်မြင်သူဆိုရင်တော့ ဒို့မြန်မာပြည်

ပေါက်ကွလို့ ကြွေးကြော်ကြတယ် ။ တီထွင်မှုကို ဘယ်လိုမှ မလုပ်နိုင်ကြတော့ ဘီလူးကျွန်းက လက်
မှုပညာသည်တွေနဲ့ မြန်မာ့ဆေးတံကို ရှာရှာဖွေဖွေ ဂုဏ်ယူကြတယ် ။ စီးပွားရေးဆိုလည်း လူတစ်စု
မကောင်းလို့သာပေါ့ကွာ ၊ ငါတို့လည်း အခွင့်အရေးရှိရင် လုပ်နိုင်ပါတယ်လို့ အားတင်းကြတယ် ။
အောင်မြင်တဲ့ စနစ်နဲ့ အတွေးခေါ်တွေဆိုလည်း ကိုယ့်ဘာသာရေးနဲ့ အတင်းဆွဲစေ့ပြီး ဒို့ဆီမှာ ရှေး
ပဝေသဏီကတည်းက ရှိပြီးသားလို့ ရေးကြ အားပေးကြရတယ် ။

    သို့သော် အသွားမတော် တစ်လှမ်း ၊ ပြင်လွန်း ဖင်ချွန်း ၊ မသာပေါင်ဒါဖို့ ... စသည်ဖြင့် သတိပေး
စကားပုံတွေက အများကြီး ရှိတာကို မေ့ထားကြတယ် ။ ကိုယ်စွပ်ပေးတဲ့ ပန်းကုံးဟာ မသာပန်း
ကုံးလားဆိုတာ သတိတော့ ထားသင့်သလို ၊ ပန်းကုံး အစွပ်လွန်တော့လည်း ပန်းကုံးအပုံကြီးဖြစ်
ပြီး အစွပ်ခံရသူမှာ အရေးမကြီးတော့ပဲ ပန်းကုံးအပုံကြီးကသာ လူရယ်စရာဖြစ်နေတာမျိုးကို သိ
ဖို့တော့ လိုတယ်လေ ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

*  မြန်မာပြည်မွေး (သို့) မျိုးဆက်တွေထဲ အောင်မြင်သူတွေက ကျနော် မြန်မာပြည်နွယ်ဖွားပါလို့
    ပြောတာမျိုး မကြားရဘူး ၊ ကိုယ့်ဘာသာ အတင်းကို ဆွေမျိုးလိုက်စပ်နေတာက များတယ် ။

*  စက်မှုကို ဘယ်လိုမှ မလိုက်နိုင်တော့လို့ ဘီလူးကျွန်းကလူတွေ ထိုင်းနိုင်ငံဖက် အလုပ်သွား
    လုပ်ကုန်ကြတာ ဘယ်သူမှ ဂရုမစိုက်ဘူး ။

*  စီးပွားရေးကို အခွင့်ရေးရလို့ လုပ်ခဲ့ကြတာ စစ်တပ်နဲ့ ကြောထောက်နောက်ခံတွေပါ ။ ဟုတ်ပါ
    တယ် သူတို့လည်း မြန်မာပြည်သူပြည်သားတွေပါ ။ ငါတို့မှ နိုင်ငံကိုအချစ်ဆုံး ၊ ငါတို့သာ နိုင်ငံ
    ကို ကာကွယ်မယ့်သူ ၊ နိုင်ငံအတွက် အကောင်းဆုံး လုပ်မယ်ဆိုတဲ့သူတွေ အများကြီးပါတယ် ။

    ဘာဖြစ်ခဲ့သလဲ အားလုံးအသိ ။ ခုပြောင်းပြီဆိုတော့လည်း ဘာအလားအလာမှ မမြင်သာ ၊ ပြဿ
   နာတွေသာ အထွေးလိုက် ။ အထူးစီးပွားရေးဇုံ ဆိုတာမျိုး ပေါ်ပင်အလုပ်တွေ တင်ချလာပြီး အဆိုး
   ပိုင်း ဒုက္ခရောက်ရမယ့် အပိုင်းတွေကိုတော့ ရေငုံနေကြတယ် ။ တုံးအောက်က ဖားတွေကတော့
   ပြားပြီးရင်း ပြားနေကြရဦးမှာ သေချာတယ် ။

*  သူများရဲ့ စနစ်တွေ အတွေးခေါ်တွေကို ကိုယ့်ရဲ့ ဘာသာရေး ဓလေ့ ယဉ်ကျေးမှုတွေနဲ့ အတင်းဆွဲ
    စေ့ပြီး တို့မှာ ဟိုးအရင်ကတည်းက ရှိပြီးသားလို့ ဆိုတဲ့အခါကျတော့ - ကိုယ်တွေအနေနဲ့ ပေါက်
    မြောက်အောင် မတွေးခေါ်နိုင်တာ ၊ လက်တွေ့ဘဝဆီကို လွဲပြောင်းပြီး အသုံးမချနိုင်တာ စသည်
    ဖြင့် ကိုယ့်အားနည်းချက်ကို ဖေါ်သလိုဖြစ်နေတာကိုတော့ ဘယ်သူမှပြောတာ ထောက်ပြ မတွေ့
    မိဘူး ။ ထပ်ဆင့်ပြီး လုပ်သင့်တာတွေကို နည်းလမ်းညွှန်ဖို့ကျတော့ ဝေလာဝေး ၊ သြဇာလည်း မ
    ရှိ ၊ မတည်လည်း မတည်ဆောက်နိုင် ။

    ဘာသာရေးမှာ စာရေးတဲ့ ဦးဇောတိက တို့ ၊ စီးပွားရေးပညာပေး ဦးဖေမြင့် တို့ စသည်ဖြင့် သြဇာ
အသင့်တင့် သက်ရောက်သူတွေတော့ ရှိလာခဲ့တယ် ။ သို့ပေမယ့် ကြားဖူးတဲ့ ကွန်မြူနစ် သဘော
တရားရေးတွေကို ပါဋ္ဌိစကားလုံးကြီးတွေနဲ့တွဲပြီး လူတွေမျက်စေ့ပြာ အထင်ကြီးစေလောက်တဲ့ သ
ခင်စိုးတို့လိုလူတွေ ထွက်လာတာတော့ မတွေ့ဘူး ။ ဗိုလ်ချုပ်အောင်ဆန်းလို့ လူမျိုးကတော့ ဝေး
သပေါ့ ။
   ဒီတင် သမ္မတကြီး သမ္မတကြီးဆိုပြီး လုပ်နေသူတွေကိုတော့ - 
"အာလူးလာမပေးနဲ့ လေကိုနည်းနည်းလျှော့" လို့သာ သီချင်းလေးညည်းရင်း .....

[ဒါ့ပြင် ...
  ခင်ဗျားကကော ဘာညာလို့ ဆိုလာမယ့် အရည်ချင်းမဲ့ အောက်ဆွဲများကိုလည်း ပြုံးကြည့်ရင်း ..... :-) ]

....................................................
  
**  အဲသည်လို အရေးကောင်းလို့ စိတ်ဆိုးပြီး မိတ်ဆွေလာဖွဲ့ထားရာက ထွက်သွားသူတစ်ယောက်
အောက်ကအတိုင်း အမြတ်ရလာတယ် .................

  • Maung Nauktoe · Friends with Ko Myint Myat
     
    ပြည်တွင်းမှာပဲနေနေ၊ ပြည်ပမှာပဲနေနေ သူ့အကြောင်းနဲ့သူပါ။ အဲဒီတစ်ခုခုအတွက်နဲ့တော့
    ကဲ့ရဲ့ရှုတ်ချစရာမလိုပါ။ တိုင်းပြည်နဲ့လူမျိုးအပေါ်၊ လူ့အဖွဲ့အစည်းအပေါ် ဘယ်လိုသဘော
    ထားသလဲဆိုတာကသာ လူတစ်ယောက်ရဲ့တန်ဖိုးကို ဆုံးဖြတ်မှာပါ။ ကိုယ့်ဖာသာကိုယ်
    ကာကွယ်ရင်း အစွန်းရောက်အောင် ပြောမိတတ်တာကို သတိထားစေချင်ပါတယ်။ ကိုယ်
    နားလည်ခံစားရတာကို ကိုယ်ပြောတတ်သလိုပြောလာမယ့် သူတွေကိုလည်း အရည်အ
    ချင်းမဲ့အောက်ဆွဲလို့ ကြိုတင်သတ်မှတ်လိုက်တာက အဆိုးဆုံးပါ။ ခင်ဗျားဘယ်သူဆိုတာ
    ကျနော် မသိပါ။ ပြည်ပမှာနေမှန်းလည်း အစကမသိခဲ့ပါ။ ဘယ်စာကို ဘယ်နှဝါသင်နေမှန်း
    လည်း မသိပါ။ ရေးထားတာတွေကြိုက်လို့ မိတ်ဆွေဖွဲ့မိတာပါ။ ကျွန်တော်ရေးလိုက်တာကို
    မကြိုက်ရင် ပိတ်လိုက်ပါ။ နေရင်းထိုင်ရင်းတော့ သိမ်ငယ်နေသူတွေ၊ နလပိန်းတုံးတွေ၊
    အောက်ဆွဲတွေ မဖြစ်ပါရစေနဲ့ဗျာ။
========================================

**  တစ်ခါ အောက်မှာကတော့ သဘောကျလို့ share ထားလိုက်တဲ့ ကဗျာလေးတစ်ပုဒ်ပါ ။

Min Khaike Soe San

ဒီစစ်ပွဲပြီးရင် ကျောင်း…တက်…ချင်…တယ်

by Min Khaike Soe San on Saturday, October 20, 2012 at 4:43am ·

(၁)
သေမင်းဟာ
ရိုင်ဖယ်ကို ပုခုံးမှာချိတ်
စာသင်ခန်း တံခါးတွေကို ပိတ်လိုက်တယ်…။

(၂)
စာအံသံတွေပျောက်ဆုံး
ဗုံးဆံတွေ မိုးချုန်းသလို ရွာချ…၊
အမှန်တရားတောင်ကုန်းကို
လက်နက်ကြီးအင်အားသုံးပြီး
သိမ်းပိုက်ဖို့ ကြိုးစားနေကြတယ်…။
မျက်ရည်နဲ့…
အလောင်းကောင်တွေပေါ်က “အမှန်တရား”
ဘယ်ပြည့်တန်ဆာကတောင်မှ
လေးစားမှာမဟုတ်ဘူး…။
စစ်ယူနီဖေါင်းရင်ဘတ်ပေါ်
ချိတ်ဆွဲထားတဲ့ တံဆိပ်တွေဟာ
စစ်ဘေးဒဏ်ကြောင့် သေသွားတဲ့
ကလေးတွေရဲ့ အရေအတွက်နဲ့
ထပ်တူ အချိုးကျပါသလား…
စစ်နတ်ဘုရားရဲ့ သင်္ချာကို
ငါ လက်ချိုးရေတွက်နေတယ်…။

(၃)
စပါးပင်ပျိုးရမယ့် တောင်ယာမြေမှာ
ငါ့ အဖေရဲ့ ခန္ဓာကိုယ် အပိုင်းအစ
ဖြစ်သလို မြှုပ်ပစ်ခဲ့ရတယ်…။
အမြောက်ဆံပေါက်ကွဲတဲ့ နေရာက မြက်ပင်လို
မိသားစုဘ၀တွေ ပြတ်ထွက်လွင့်စင်ကြ…
အမေရေ… ဒီတစ်သက်တော့
ထမင်းလက်ဆုံစားခွင့် မရှိတော့ဘူး…။
ဦးခေါင်းထက်မှာ ကျည်ဆံတွေက
နတ်ဆိုးရဲ့ လေချွန်သံလို
တရွှီရွှီမြည်နေတုန်း
မြေလွှာအောက်ကမိုင်းဗုံး
ဝုန်း ကနဲ ပေါက်ကွဲတယ်…။
ငါ့အနာဂတ်မျှော်လင့်ချက်ဟာ
ခြေထောက်တစ်ဖက်နဲ့အတူ
ပြုတ်ထွက်လွင့်စင်သွားပေါ့…။
“ငါ့အိမ် ငါ ပြန်လာတာလေ”
ဒါဟာ “အသွားမတော်တစ်လှမ်း” ဖြစ်ခဲ့ပါသလား
မျက်ရည်အ၀ဲသားနဲ့ မေးခွန်းထုတ်မိ
ငါ့ဘ၀ကတော့
ငါ့ဒူးဆစ်လို ငုံးတိတိ ဖြစ်လို့ နေလေရဲ့…။
ငြိမ်းချမ်းရေးမိုးခေါင်ရပ်ဝန်းဒေသမှာ
သားပျောက်တဲ့ အမေတွေနဲ့
အမေပျောက်တဲ့သားတွေ
အားလုံးဟာ လူအဖြစ်ကနေ လျှောကျ
တိရစ္ဆာန်တွေလို အမဲလိုက် ခံနေရတယ်…။
အမေအိုတို့ရဲ့ ငိုကြွေးသံ
မြစ်သောင်ယံမှာစီးဆင်း
ဧရာဝတီဟာ သွေးချင်းချင်းနီ…လို့။

(၄)
တိုင်ထက်မှာ
ချစ်ခြင်းမေတ္တာတရားကို သံမှိုနှက်
အာဏာပါးကွက်သားတို့က
ကွပ်မျက်ကြတာကို
“စစ်ပွဲ” လို့ခေါ်တယ်…။
စစ်ပွဲမှာ
ဘယ်သူနိုင်နိုင်… ဘယ်သူရှုံးရှုံး
နောက်ဆုံးမှာ
အမုန်းတရားကပဲ သိမ်းပိုက်…
မိဘမဲ့သွားတဲ့ ကလေးငယ်တွေကို
လောကထဲ မောင်းထုတ်လိုက်ကြတယ်…။
အို…သွေးဆာသူတို့
ရက်စက်ကြမ်းကြုတ်သူအပေါင်းတို့…။
အပြစ်မဲ့ပြည်သူတွေရဲ့သွေးနဲ့ ဘိသိက်မြှောက်
သူသတ်ကုန်းမှာ ဆောက်တဲ့ နန်းတော်ဆီ
ငါတို့ ဘယ်တော့မှ လက်အုပ်မချီဘူး…။

(၅)
“ကျည်ဆံဖိုးတွေ ထပ်မဖြုန်းပါနဲ့
ပေါင်မုန့်တစ်လုံးလောက် ၀ယ်ပေးပါ…”
“လက်ပစ်ဗုံးတွေပစ်မယ့်အစား
ငှက်ဖျားပျောက်ဆေးတစ်ခွက်ပေးပါ…”
စစ်ပွဲတစ်ပွဲမှာ
ပထမဦးဆုံးပစ်တဲ့ ကျည်ဆံ…
ကိုယ်ချင်းစာတရားကိုမှန်တယ်။
ကိုယ်ချင်းစာတရား ကျဆုံးခြင်းဟာ
နိုင်ငံတော် ဈာပနပဲ…။
ကဲ…အလံတစ်ဝက် လွှင့်ထူကြ…
ကမ္ဘာမကြေသီချင်းကို ဆိုတဲ့အခါ
ငိုသံပါနေရတာလောက်
ဝမ်းနည်းစရာကောင်းတာမရှိဘူးလေ…။

(၆)
“မုန်းတီးစိတ်တွေ
နောက်မျိုးဆက်ကို အမွေမပေးစေရ..
အာမဘန္တေ…”။
ငြိမ်းချမ်းရေးသီလယူသံ
ကောင်းကင်ထက်မှာ ညံပါစေ။
ကလေးတွေရင်ထဲက တောင်းဆုနဲ့
ငါတို့အားလုံး ၀တ်ပြုကြရအောင်…။
“မေမေ၀ယ်ပေးတဲ့
ကျောက်သင်ပုန်းပေါ်မှာ
ဝလုံး ၀ိုင်းဝိုင်းတွေ ခြစ်ဆွဲ
ဒီစစ်ပွဲပြီးရင်
ကျောင်း…တက်…ချင်…တယ်…”


မင်းခိုက်စိုးစန်

============================================

Photo: ကရင့်သွေး

==============================================

 **  အောက်ကတော့ ဗိုလ်ချုပ်ကျော်ဇော ဆုံးပါးသွားတုံးက မှတ်ချက်ချထားမိတာပါ ။

 
ဗိုလ်မှူးချုပ်ကျော်ဇော ဆုံးပါးသွားပါပြီ ။

ဒီတော့ ဘာဖြစ်လဲ ။
ဘာမှမဖြစ်ဘူးထင်ရင်တော့ မဖြစ်ပါဘူး ၊ ဒါပေမယ့် ဘေးကကြည့်တော့ အတော်ရုပ်ဆိုးတယ်လေ ။

မြန်မာပြည်လွတ်လပ်ရေးအတွက် အရေးပါတဲ့ကဏ္ဍက ပါဝင်ခဲ့တဲ့ ဗိုလ်မှူးချုပ်ကျော်ဇော ၊
လွတ်လပ်ရေးရပြီးတာတောင် လက်ရှိတည်မြဲနေတဲ့ နိုင်ငံအတွက် အရေးပါတဲ့တာဝန်တွေ

ထမ်းဆောင်ပေးခဲ့သူ ။

ဦးဆောင်ခဲ့သူ ဗိုလ်ချုပ်အောင်ဆန်းကို ဘုရားတစ်ဆူနီးပါး အမွန်းတင်ကြပေမယ့် ၊ သူ့မှာတော့

နဲ့ ကျေးဇူးတင်ဖို့ ဂုဏ်ပြုဖို့ အလှည့်မကျခဲ့ဘူး ။
အညတရဘဝ နောက်ဆုံးအချိန် နီးလာမှသာ ဦးသိန်းစိန်ဆီက ဝတ်ကျေတန်းကျေလို့ သဘော
ထားနိုင်မယ့် ဖိတ်ခေါ်ချက်ကို ရခဲ့တယ် ။

ကွန်မြူနစ်တစ်ယောက်လောက် မြန်မာပြည်မမှာ ရှိနေရင် မထိန်းနိုင်လောက်တဲ့ အန္တရယ်တွေ
ရှိမှာမို့ လစ်လျူထားခဲ့တာလား ။
တပ်မတော်သားကြီးတွေပါ ဆိုသူတွေကော .. ရဲဘော်သုံးကျိပ်ဆိုတာ မေ့ထားကြသလား ။
မျိုးချစ်ပြည်ချစ်ဆိုသူများ ဗိုလ်မှူးချုပ်ကျော်ဇောဆိုသူကြီးကို ကျေးဇူးတင်ဖို့ မသင့်လောက်တဲ့
မသူတော်ကြီးလို့များ သတ်မှတ်ထားကြသလား ။

မဆိုင်လှဘူးလို့ ပြောလို့ရတဲ့ ဘာအနှောင်အဖွဲ့မှ စိတ်ထဲမထားတဲ့ ကရင်တစ်ယောက်အနေနဲ့ ဘေးကနေ မြင်ကြည့် ပြောပြတာပါ ။
ရှက်ချင်သူများရှိရင်လည်း ရှက်လိုက်ကြလို့ ရပါတယ် ။

လုပ်လို့ရတာ တစ်ခုတော့ရှိတယ် ။
ကျန်ရှိတဲ့ ရုပ်ကလာပ်ကို မြန်မာပြည်ထဲပြန်သယ်ပြီး နိုင်ငံတော်ဈာပန ကျင်းပပေးဖို့ပါပဲ ။

လက်မခံလည်း ဘာမှမဖြစ်ပါ ၊
မရှက်လည်း ကိစ္စမရှိပါ ၊
အကြံဥာဏ်ကို ပယ်ချလည်း ဘာမှမပြောပါ ၊

ဒါပေမယ့် ..
ကြည့်နေသူတွေရှိတယ်ဆိုတာ သိထားရင် တော်ပါပြီ ။
 
 
၂၅ ၊ ၁၁ ၊ ၂၀၁၂

2 comments:

  1. ဟုတ်ပါ့။ လှမှလှဘဲ။
    အနည်းဆုံးတော့ မြန်မာပြည်ကို ကမ္ဘာက ခဏတာ မျက်လုံးရောက်သွားတာ အမြတ်တစ်ခုပါဘဲ။

    ReplyDelete
    Replies
    1. အေးဗျာ ကျနော်ရေးတာ တွေ့သွားလား မသိဘူး ၊ နိုင်ငံရေးအကျဉ်းသားတစ်ချို့ ချက်ချင်းလွှတ်လိုက်ပြီဗျာ ၊ အိုဘားမားကိုတောင် မစောင့်တော့ဘူး :-)

      ကမ္ဘာက အာရုံရောက်တာတော့ တကယ့်ကို အမြတ်ပါ ၊ သေချာပါတယ် ။
      အနည်းဆုံးတော့ ကမ္ဘာလှည့်ခရီးသည်တွေ တသဲသဲရောက်လာမှာ ။ ဒါတောင် အများဆုံးလာတဲ့ တရုတ်ဧည့်သည်တွေအတွက် မှတ်ပုံတင်ထားတဲ့ တရုတ်စကားပြောလမ်းပြ ၁၂၅ ယောက်ပဲ ရှိတယ်ဆိုပဲ ၊ မြန်မာပြည်က အဆင်သင့် ဖြစ်ပုံများ :-)

      Delete