ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Friday, August 31, 2012

ကရင်ကရင် ဘာကိုမြင် ~ ဟိုရှေ့နားက ငြိမ်းချမ်းရေး ချိုးကင်



   ခေါင်းစဉ်ဖတ်ပြီး ကရင်အမျိုးသားရေး ဝါဒီတစ်ယောက်တော့ လုပ်ပြန်ပဟလို့ ရုတ်ချည်း ထင်
ကောင်း ထင်မိနိုင်ကြမယ် ။ ဟုတ်ပါတယ် ၊ ဟုတ်လည်း မဟုတ်ပါဘူး ၊ နှစ်ခုလုံးလည်း မှန်ပါတယ် ။
တရားသူကြီးက ဖတ်တဲ့သူပဲလေ ။ 

   ပထမတစ်ချက် ပြောလို့ရတာက ကျနော်ဟာ ကရင်တစ်ယောက်လို့ ကိုယ့်ဘာသာ သတ်မှတ်
ထားလို့ ရေးတာပါလို့ ပြောရမယ် ။ ဆိုလိုတာက ကျနော့်ရဲ့ ကိုယ်ပိုင်လက္ခဏာ (identity) ကို က
ရင်ရယ်လို့ ခံယူ သတ်မှတ်တာကြောင့်ဆိုပြီး ပြောလို့ရတယ် ။ [ကိုယ်ပိုင်လက္ခဏာ (identity) အ
ကြောင်း အသေးစိတ်ကတော့ ရှည်လို့ နောက်မှ ထပ်ရေးပါ့မယ်] ။

   နောက်တစ်ဆင့်က ကရင်ဖြစ်ရုံနဲ့ ဝေဖန်ဖို့ ၊ ထောက်ပြဖို့ ၊ မြင်တာတွေပြောဖို့ တာဝန်ရှိသလား ။
   အမှန်ကတော့ တာဝန်ရှိတယ်လို့ ကျနော် မယူဆဘူး ။ ပတ်သက်ယှက်နွယ်နေတဲ့ ၊ ပြောင်းလဲ
လို့ မရနိုင်တဲ့ နောက်ခံတူညီသူတွေအတွက် အသားလွတ် နင်းခြေမခံရလေအောင် ၊ မတရား အ
နိုင်ကျင့် မခံရလေအောင် ၊ လိုသလို ထင်တိုင်းလှည့်ပတ်လို့ မရရလေအောင် မြင်မိသတိရတာလေး
တွေကို တင်ပြလက်တို့ရုံ လောက်ပါ ။ ဝတ္တရားနဲ့ အသိစိတ်အပေါ် အခြေခံပြီး ဘယ်သူမှလည်း မ
နစ်နာစေမယ့် အဖြေနဲ့ လမ်းကြောင်းတွေကို ဆိုင်ရာဆိုင်ရာတွေက ပိုပြီးသိမြင်လာဖို့ ကြိုးပမ်းချက်
လေး တစ်ခုနှစ်ခုသာသာပါ ။ 

   ကျနော်ယုံကြည်တာ တစ်ခုတော့ရှိတယ် ။ 
   Butterfly Effect ပါ ။ ကျနော့်ရဲ့ လိပ်ပြာတောင်ပံ တစ်ခတ်စာလေးဟာ ၊ ယုံကြည်လက်ခံသူ
သို့မဟုတ် ဒါကိုအခြေခံပြီး စိတ်ကူးစိတ်သန်း အသစ်တွေနဲ့ ထပ်ဆင့်ပွားမှုတွေ ရှိခဲ့မယ်ဆိုရင် ၊
လောကဓံ တစ်ပတ်အပြည့်မှာ မုန်တိုင်း ငယ်လေးတွေလို အားကောင်းတဲ့ သက်ရောက်မှုလေး
တွေ ရှိလာကောင်းရှိလာနိုင်ပါတယ် ။

   ကျနော်ရေးတဲ့ ပြောတဲ့အရာတိုင်းဟာ အမှန်မဖြစ်နိုင်သလို ၊ အားလုံးကို လက်ခံလိုက်လျှောက်
စရာလို့လည်း မမြင်မိပါ ။ သို့သော် ဒါတွေကိုအခြေခံပြီး စိတ်ကူးစိတ်သန်းတစ်ချို့ ပေါ်လာဖို့အ
တွက် စေ့ဆော်မှု ပေးနိုင်မယ်ဆိုရင် ကျနော့်အတွက် အောင်မြင်ပြီလို့ ပြောနိုင်ပါလိမ့်မယ် ။ 

(၁)  ခေတ္တအားလပ်ချိန် 

   ခုများ ဖြစ်တည်နေတဲ့ ငြိမ်းချမ်းရေးကို ကြည့်တော့ ခေါင်းစဉ်ငယ်တပ်ထားသလိုပဲ အားကစား
ပွဲတစ်ပွဲမှာ ခေတ္တအားလပ်ချိန် ယူထားသလိုပါပဲ ။ ပြီးရင် ဆက်ဆော်ကြမယ်ဆိုသလို ဖြစ်နေ
တယ် ။

   ဒါကို ဘယ်သူမှ မမြင်ကြဘူးလား လို့မေးရင် - လူတိုင်းလိုလို မြင်ကြတာပေါ့ဗျာ ။ ပြောရင်တောင်
အားညောင်းလွန်းလို့ ။ အပေါ်ဖက်မှာ ကချင်ကိုဆော်လို့ဝရင် ကိုယ့်ဖက်လှည့်လာမှာ သေချာသ
လောက် ရှိနေတာ မသိဘူးဆိုသူရှိရင်တော့ အတော်ခွကျသူပဲလို့ ပြောနိုင်တယ် ။ ဒီကြားထဲ အား
နည်းတဲ့ SSA တို့လို အဖွဲ့တွေကျ ဗိုလ်ကျအနိုင်ကျင့်နေတာလည်း မမြင်ချင်မှ အဆုံးပဲလေ ။ 

   တစ်ဖက်မှာ ခက်တာက - တစ်အချက် ၊ ငြိမ်းချမ်းရေး မဖြစ်မနေ လုပ်သင့်တယ် ။ နှစ်အချက် ၊
ပြည်မအစိုးရအဖွဲ့ထဲ ငြိမ်းချမ်းရေး တကယ်လိုချင်သူတွေ ရှိပုံရတယ် ။ သုံးတစ်ချက် ၊ အစိုးရ တက်
လုပ် နေသူတွေဆီမှာ အာဏာအပြည့်ဝ ရှိပုံကမရ ။ 

   လုပ်လို့ဖြစ်နိုင်တာ တစ်ခုစဉ်းစားမိတယ် ။ အဲဒါကတော့ "ငြိမ်းချမ်းရေး သဘောတူထားတာ
ကို “ဆိုင်းငံထား ဖို့” ပဲ ။ ပြန်တိုက်မယ်လို့လည်း ပြောတာမဟုတ်ဘူး ၊ လူသူရိက္ခာလက်နက်တွေ
ကြိုက်သလိုဖြည့်ဖို့ ခွင့်ပြုတာလည်း မဟုတ်ဘူး ၊ သဘောတူချက်ကို ဖျက်တာလည်း မဟုတ်ဘူး
လေ ။ အကြောင်းပြချက်ကတော့ ရှမ်းနဲ့ ကချင်တွေမှာ ထိုးစစ်တွေ ရပ်တန့်ပေးဖို့ ၊ ယုံကြည်မှုတည်
ဆောက်ဖို့ ၊ လူထုနဲ့ အဖွဲ့စည်းအတွင်း အကြေအလည် ပြင်ဆင်ဖို့ ၊ ပြည်မနဲ့ တစ်ဆင့်ချင်း ပူးပေါင်း
အဖြေရှာ ညှိနှိုင်းဖို့တွေပေါ့ ။ 

   ဒီလိုလုပ်ခြင်းအားဖြင့် ကချင်တွေအပါဝင် အခြားအဖွဲ့စည်းတွေကို အလေးထားရာရောက်ပြီး
ကိုယ့်ဖက်ကလည်း နိုင်ငံရေးအရ လုပ်သင့်တဲ့ ၊ လုပ်လို့ရနိုင်တဲ့ ဘောင်အတွင်းက တစ်ချက်ကို
လုပ်လိုက်တာလည်း ဖြစ်ပါလိမ့်မယ် ။ 

   တစ်နေရာမှာတော့ ရိပ်ကနဲ တွေ့မိလိုက်ပါတယ် ။ မီးရထားဝန်ကြီးဦးအောင်မင်းက တိုက်ပွဲ
တွေကြောင့် ရှမ်းအဖွဲ့တွေကို အားနာတယ်ဆိုလားပဲ ။ KNU လည်း ဆိုင်းငံ့စရာလို လုပ်စရာရှိ
တာတွေလုပ်ပြီး အားနာလိုက်ရုံပါပဲ ။ ငြိမ်းချမ်းရေး တကယ်လိုချင်သူကို အားနာတာပဲလေ ၊ အား
နာသင့်ပါတယ် ။ 

(၂) ငြိမ်းချမ်းရေး တည်မြဲနိုင်ခြေ 

   သျှမ်းသံတော်ဆင့်မှာ ဖတ်မိသလိုပေါ့ ၊ ပြည်မရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဒုတိယအဆင့်မှာ - ဒို့
တာဝန်အရေးသုံးပါးကို လက်ခံဖို့ ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံဖို့ ၊ နိုင်ငံရေးပါတီ
ထောင်ပြီး ရွေးကောက်ပွဲဝင်ဖို့ ဆိုတာတွေကို ဆွေးနွေးတဲ့ စားပွဲပေါ် တင်လာတဲ့အခါကျရင်တော့
ကန့်လန့်ကြီးခံပြီး မီးမဖွားနိုင်တော့ပဲ ငြိမ်းချမ်းရေးချိုးငှက်လည်း သေဖို့ရာ ရာခိုင်နှုန်းပြည့်နီးပါးပဲ ။ 

   မိုးကျရွှေကိုယ် “ဒို့တာဝန်အရေးသုံးပါး” လို လက်တွေ့မကျတဲ့ လေလုံးကြီးကို လက်ခံပြီး သူတို့
နဲ့အတူ ကိုယ့်သိက္ခာ အကျခံမလား စဉ်းစားစရာ ဖြစ်လာပြီ ။ လိမ်လည်လီဆည်ပြီး သန္ဒေမမှန်တဲ့
မတရား “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ” ကိုကော ကိုယ့်လည်ချောင်းထဲ ပီကင်းဘဲ အစာခွံ့သလို
အထည့်ခံမလား ။ နောက်ဆုံးမတော့ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ပါဆိုတော့ ပွဲကသိမ်းပြီ ။

   ပါတီထောင် ၊ ရွေးကောက်ပွဲတွေဝင် ၊ လူထုလှုပ်ရှားမှုတွေ လုပ်ခဲ့ပြီးပြီ ။ လူလည်ကျ အလိမ်ခံခဲ့
ရလို့ ၊ ကိုလိုနီတစ်ဖြစ်လဲ အဆင့်ကနေ တက်လမ်းမမြင်တာကြောင့် ခုလို နှစ်ရှည်လများ တိုက်
လာခဲ့ကြရတာ ။ ကဲ .. တစ်ကနေ ပြန်စလိုက်ကြရအောင် ဆိုရင်တော့ … “ရိုးသားမှု”ဆိုတဲ့ စ
ကားလုံးကို ပြန်ဆန်းစစ်ဖို့ လိုပေတော့မယ် ။ ဒီကြားထဲ စီးပွားရေးလုပ်ငန်းတွေပါ ရှေ့တန်းတင်
လာပြန်မယ်ဆိုရင် ပြန်ဆန်းစစ်စရာ သိပ်တောင်မလိုတော့ပါဘူး ။ ငြိမ်းချမ်းရေးဆိုတာကို မီးစင်
ကြည့်ပြီးပဲ ကရတော့မလား ၊ ရိုးသားမှု စိတ်ကောင်း စေတနာနဲ့ တန်းတူညီမျှရေး ဆိုတာတွေကို
ပြူတင်းပေါက်ကနေပဲ လွင့်သာပစ်ရတော့မလားပဲ ။

(၃)  KNU နဲ့ DKBA 

   အချို့ကတော့ ဒီနှစ်ဖွဲ့ကို ပြန်ပေါင်းထုပ်စေချင်တယ် ။ 
   ကျနော်မြင်တာကတော့ - နကိုကတည်းက သဘောထားမတိုက်ဆိုင်လို့ ခွဲသွားခဲ့ကြတာပဲ ၊ ပြန်
မပေါင်းပဲ လူတွေ မူတွေ ဦးတည်ရာ လမ်းကြောင်းတွေကိုသာ ညှိနှိုင်းပြီး မျဉ်းပြိုင်နှစ်ကြောင်းအနေ
နဲ့ ဆက်ရပ်တည်သွားကြရင် မကောင်းဘူးလားလို့ပါ ။ ပေါင်းသည်ဖြစ်စေ ခွဲပြီးလုပ်ကိုင်တာဖြစ်စေ
အကျိုးအပြစ်တွေကတော့ ရှိကြမှာပါပဲ ။ အကောင်းဖက်များများဖြစ်အောင် ပူးပေါင်းလုပ်နိုင်ကြဖို့ပဲ
လိုပါလိမ့်မယ် ။ 

(၄)  အသက်ကယ်ဆေးတွဲ 

   ကရင်အပါဝင် လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ အဖွဲ့စည်းတွေအတွက် ရေရှည်ရပ်တည်ဖို့ ၊ လုံး
ပါးမပါးဖို့ ၊ တိုးတက်မှုဆီ တစ်ဆစ်ချိုး ကွေ့တက်နိုင်ဖို့ နည်းလမ်းတွေ အများကြီးရှိတယ် ။ ကိုယ့်နဲ့
တိုက်ရိုက်မဆိုင်ပေမယ့် တစ်ချို့ကို ချရေးကြည့်ချင်တယ် ။

*  နိုင်ငံတကာမှာ ရောက်နေကြပြီး ပညာနဲ့ အတွေ့ကြုံ ရှိသူတွေကို ဒေသအလိုက် စုစည်းရွေး
    ချယ်ပြီး ကိုယ့်စားရိတ်နဲ့ကိုယ် ပြန်လာကူကြဖို့ စည်းရုံးဆွေးနွေးပြီး လိုအပ်တဲ့ သွားလာနေ
ထိုင် ကူညီလုပ်ကိုင်ပေးဖို့ အခွင့်အလမ်းတွေကို ဖန်တီးပေးလို့ရတယ် ။ အဖွဲ့စည်းမှာ လက်တွေ့
လုပ်ကိုင်နေသူတွေနဲ့ ၃-၆ လလောက် အတူတွဲဖက် လုပ်ကိုင်စေပြီး အတွေ့ကြုံ ပညာ အသိ
တွေ ဖလှယ်နိုင်ရင် တစ်ချက်ခုတ် နှစ်ချက်သုံးချက် ပြတ်နိုင်တယ်လို့ ယူဆတယ် ။ Knowledge
transfer လုပ်ပြီးသား ဖြစ်သလို ၊ ပြန့်ကျဲနေတဲ့ လူမှုအဖွဲ့စည်းနဲ့ အဆက်သွယ် ရင်းနှီးမှု မပြတ်
တော့ဘူး ။ အသေးစိတ်တွေတော့ ကိုယ့်ဘာသာ ဆက်တွေးပေါ့နော ။

*  သူပုန်ဆိုတာ ကိုယ့်နယ်မှာ အစိုးရပဲ ၊ ပြည်မနဲ့ ငြိမ်းချမ်းရေးယူဖြစ်ရင်လည်း စစ်တပ်နဲ့ အစိုးရ
စီမံခန့်ခွဲရေးတွေမှာ မပါမဖြစ် ပူးပေါင်းလုပ်ကိုင်ရတော့မယ် ။ စီးပွားရေးလည်း တစ်ခုအပါဝင်ပဲ ။ 

   ဒီတော့ လက်ရှိအဖွဲ့စည်းအတွက်လည်း ပြည်မအုပ်ချုပ်ရေးနဲ့ မတွဲစပ်ခင်မှာ ဥပမာ မြဝတီကုန်
စည် ဝင်ရောက်မှုလမ်းအတွက် ပြည်မအာဏာပိုင်တွေ ကောက်ခံတဲ့ အကောက်ခွန်နဲ့ အမြတ်ခွန်
တွေကို ရာခိုင်နှုန်းတစ်ခု သတ်မှတ်ပြီး မျှဝေခွဲယူနိုင်ဖို့ ဆွေးနွေးညှိနှိုင်းဖို့ပါ ။ လွယ်လွယ်နဲ့တော့ မ
ရနိုင်ပါ ။ ဒါပေမယ့် ဒါမျိုးကို ညှိနှိုင်းမှ အတိုင်းတာတစ်ခုအထိ လျှော့ပေးနိုင်မှသာ ရှေ့ခရီးဆက်လို့
ရမယ်ဆိုတာ လက်ခံလာအောင် တစ်ဖက်နဲ့တစ်ဖက် ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား တင်
ပြဆွေးနွေး ညှိနှိုင်းရဖို့ လိုနိုင်ပါတယ် ။ ရေရှည်မှာ အစိုးရတစ် ရပ်ရဲ့ အစိတ်ပိုင်းတစ်ခု ဖြစ်လာရ
မယ့် နယ်မြေလူထုကိုယ်စားပြု အဖွဲ့စည်းတစ်ခုအတွက် လုပ်ကိုလုပ်သင့်တယ်လို့ ယူဆပါတယ် ။ 

   ဒီနေရာမှာ ဝတပ်ဖွဲ့တွေ ဘယ်လိုလုပ်သွားခဲ့သလဲဆိုတာ လူများစုအသိပါ ။
   ကိုယ့်ဂုဏ်သိက္ခာကို အရည်မဖျော်နိုင်တဲ့ သူတွေအတွက်တော့ ဒီလိုပဲ နိုင်ငံရေးနဲ့နွယ်ပြီး လုပ်
ရပါလိမ့်မယ် ။

*  တစ်ချိန်မှာ ပါတီနိုင်ငံရေးလည်း ဆက်နွယ်လာရတော့မယ် ။ 
   သတိမလစ်သင့်တာကတော့ - ဖလုံစဝေါ်ပါတီတို့လို ပြည်သူတွေကို အတိုင်းတာတစ်ခုအထိ
ကိုယ်စားပြုသူတွေရဲ့ အမြင်သဘောထားတွေကို အလေးနက်ထားဖို့ပါပဲ ။ (အွန်လိုင်းမှာ လွှတ်
တော်ကိုယ်စားလှယ် အရွေးခံရသူရဲ့ အပြောဆိုကို ဝေဖန်တာတွေ ဖတ်မိလို့ မှတ်မှတ်ရရ ရေး
ဖြစ်တာပါ) ။ 

   ဆက်စပ်ပြီး ပြောချင်တာက - အဖွဲ့စည်းဖြစ်စေ ၊ လူပုဂိုလ်ဖြစ်စေ လူလေးစားတဲ့ သိက္ခာ ၊ နိုင်
ငံရေး စီးပွားရေး စသည်ဖြင့် သြဇာအာဏာတွေဆိုတာဟာ လက်ဆုပ်လက်ကိုင် ပြလို့မရပေမယ့်
တည်ဆောက်ယူရတဲ့ အရာတွေ ဖြစ်ပါတယ် ။ ဒါတွေ တည်ဆောက်ဖို့အတွက် ပျင်းရိ ၊ ဘဝင်မြင့် ၊
လက်နက်အားကိုးလို့ မရသလို ၊ အခြေခံအကျဆုံး အုတ်မြစ်ဟာ လူထုဖြစ်တာရယ် ၊ ဒီအုတ်မြစ်
ပေါ်မှာ တည်ဖို့ရာ ကောင်းမွန်တဲ့ လူမှုဆက်ဆံရေးဆိုတဲ့ သရိုးနဲ့ ၊ လူထုလိုအပ်ချက်တွေကို
ဖြည့်ဆည်းပေးခြင်းဆိုတဲ့ အုတ်ချပ်လေးတွေ မဖြစ်မနေ လိုအပ်တယ်ဆိုတာလည်း လေးလေး
နက်နက် သတိပေးချင်ပါတယ် ။ 

(၅)  အကြွေး 

   သြစတြေးလျနိုင်ငံမှာ လူမှုရေး ၊ အတွေးခေါ် ၊ ဥပဒေနဲ့ လူသားတွေရဲ့ စိတ်အခြေခံကြောင့်
စသည်ဖြင့် ဘယ်လိုပြောပြော အကျိုးသက်ရောက်မှု အချို့ကတော့ - မူလဋ္ဌာနေ တိုင်းရင်းသား
တွေဖြစ်တဲ့ အဘောရီးဂျင်းတွေဟာ နောက်ပိုင်းမှ ထပ်ဝင်ရောက်လာသူတွေ နေထိုင်နေတဲ့ မြေ
ဒေသတွေရဲ့ မူရင်းပိုင်ရှင်တွေဖြစ်ကြောင်း အခမ်းနားတိုင်းလိုလိုမှာ အသိမှတ်ပြု ဖွင့်ဟပြောတဲ့
အလေ့ကို ပုံမှန်လုပ်ကြပါတယ် ။ ဒါ့ပြင် အရင် ရာစုနှစ်နဲ့ချီပြီး လုယူသိမ်းဆည်းထားတဲ့ မြေတွေ
အတွက် လျှော်ကြေးသဘောမျိုးတွေ စီမံဆောင်ရွက်ပေးတာမျိုး ၊ ဖြစ်နိုင်တဲ့ အချို့နေရာမှာ
တော့ မြေတွေကို ပြန်ပေးတာမျိုး ၊ လိုအပ်လို့ အဲဒီမြေတွေကို အသုံးပြုရမယ် ဆိုရင်လည်း ဆွေး
နွေးတိုင်ပင် ညှိနှိုင်းပြီးမှ မနစ်နာအောင် ၊ ငွေကြေးအရကော ဖွံ့ဖြိုးမှုအရပါ ဖြည့်ဆည်း ပေးတာ
တွေကို လုပ်နေကြပါပြီ ။ 

   မြန်မာပြည်လည်း ဒီအနေထာားကို တစ်ချိန်မှာ ရောက်လာကောင်း ရောက်လာဦးမှာပါ ။ 
   ခုနေမှာ .. မြန်မာပြည် ပြည်သူတွေအတွက် မြေအာမခံချက်တွေ ကျကျနန မရှိသလို ၊ တိုင်း
ရင်းသား ဋ္ဌာနေတွေမှာလည်း စစ်ဘေးကြောင့် ရှောင်ပြေးရသူတွေ ၊ စံပြရွာတည်လို့တို့ စီမံကိန်း
ကြောင့်လို့တို့ အကြောင်းမျိုးစုံပြ ၊ မြေအားလုံးကို နိုင်ငံတော်ကပဲ ပိုင်တယ်ဆိုပြီး လိုသလို စီမံ
လာခဲ့တာတွေ အများကြီး ရှိခဲ့သလို ၊ ရှိလည်း ရှိနေတုန်းပါ ။ 

   ကျနော်တို့တတွေ အမှောင်ခေတ် (အလယ်ခေတ်) မှာ နေနေကြတာ မဟုတ်ပါဘူး ။ ဒါတွေ
ဟာ ရေရှည် ဖြေရှင်းရမယ့် ကိစ္စတွေပါ ။ အဖွဲ့စည်းတွေအနေနဲ့ အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲရေးရဲ့ အ
စိတ်ပိုင်းတစ်ရပ်ဖြစ်တဲ့ ၊ ဒီမြေယာကိစ္စကိုလည်း အာရုံထားပြီး စနစ်တကျ ပြင်ဆင်လုပ်ကိုင် မှတ်
တမ်းတွေ ထားရှိဖို့ ၊ နစ်နာခဲ့သူ တိုင်းရင်းသားတွေ အတွက်ကော နောက်ရောက်သူတွေအတွက်
ပါ အကြီးကျယ် မနစ်နာအောင် ၊ အကြို ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကို ပြင်ဆင်ဖို့နဲ့ အကောင်
ထည် ဖေါ်ပုံဖေါ်နည်းတွေကအစ စီစဉ်ရပါတော့မယ် ။ 

(၆)  အစိုးရ 

   အစိုးရဆိုတာကို အကျယ်ချဲ့ အဓိပ္ပါယ် မဖွင့်တော့ပေမယ့် ၊ ဆိုင်တာလေးတစ်ချို့ကို မှတ်စု
လေး ထုတ်ထားချင်ပါတယ် ။ 

   အစိုးရတစ်ရပ်ရဲ့ အလုပ်တွေဟာ အင်မတန်ကျယ်ပြန့် များမြောင်လှပါတယ် ။ လည်ပတ်ဖို့ရာ
ကာယဥာဏ စွမ်းအား လိုအပ်ချက်တွေ ၊ ဖြည့်ဆည်းစရာတွေက အပုံအပင်ပါ ။ ဥာဏ် ပညာ
တွေကို အလေးနက်ထားပြီး အကောင်းဆုံးဖြစ်အောင် ၊ ရေတို ရေရှည်တွေအတွက် ထည့်
တွက်မယ်ဆိုရင် ပိုပြီးလေးနက် ခက်ခဲမှာ ဖြစ်ပါတယ် ။ ဒါပေမယ့် မဖြစ်နိုင်တဲ့အလုပ်တော့ မ
ဟုတ်ပါဘူး ။ မြန်မာပြည်မှာ လွန်ခဲ့တဲ့ ရာစုနှစ် တစ်ဝက်လောက်မှာ မဆီမဆိုင် စစ်တပ်ကို မ
ဏ္ဍိုင်ထားပြီး အစိုးရယန္တယားကို လည်ပတ်လာခဲ့တာပါ ။ တည့်တည့်ပြောရင် ဒီလောက်ကတော့
ကမ်းနားက ကုန်ထမ်းတဲ့သူကို ကြာကြာလုပ်ခိုင်းရင်လည်း လုပ်တတ်မှာပါပဲ ။ မကွာပါဘူး ။ 

   သို့ပေမယ့် ခုနေမှာတော့ ပြည်မရဲ့ အရှိန်ရလာနေတဲ့ အပြောင်းအလဲနဲ့ ပညာတတ်တွေကို စု
စည်းလာတာဟာလည်း အလေးနက်ထား ထည့်တွက်ရမယ့် အနေထားတစ်ရပ်ပါ ။ အရင်က
ပြည်မနဲ့ အခုပြည်မနဲ့ အတူတူပဲဆိုပြီး ကိုယ့်ဖက်က မပြင်မဆင်နဲ့ နေရင်တော့ အများသိ စ
ကားလုံး တစ်လုံးရှိပါတယ် ။
   “တာ့တာ” ပါတဲ့ ။ တလွဲတော့ မထင်ပါနဲ့ ၊ နောက်ကျကျန်ရစ်ခဲ့မှာကို ဆိုလိုတာပါ ။ 

(၇)  အနာကပ် 

   အနာဂါတ် လက်နက်ကိုင်ကဏ္ဍကတော့ ဆေးမရှိခင်မှာ အနာကပ်ရတဲ့ ဖယောင်းချက်လိုပဲ
လိုနေဦး ၊ ရှိနေရဦးမှာပါ ။ ဒီအနေထားအတွက် အကြောင်းရင်း အမျိုးမျိုးရှိပေမယ့် ၊ အဓိကကျ
တဲ့ တစ်ခုကတော့ - “လက်နက်ကိုအခြေခံတဲ့ ကာယပိုင်းဆိုင်ရာ အင်အား (physical force)
ကိုမှ အလေးထား အရေးထားတတ်သူတွေ အခြားတစ်ဖက် (ပြည်မ) မှာ များနေသေးလို့” ပါပဲ ။ 

   ခုနေမှာ ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်ရဲ့ ခြေလှမ်းတွေက မျှော်လင့်ချက်တွေ ပေးနေတာတော့
အမှန်ပါ ။ သို့ပေမယ့် မျှော်လင့်ချက်အဆင့်ပဲ ရှိနေပါသေးတယ် ။ ရှေ့ဆက်ပြီး ဌက်ပျောသီးအ
ခွံကို ဘယ်လိုနည်းနဲ့ ဆက်နွှာသွားမလဲဆိုတာ အကောင်းဆုံးကိုပဲ မျှော်လင့်ကြရပါတော့မယ် ။ 

   အဖွဲ့စည်းတွေအနေနဲ့ လုပ်လို့ကိုင်လို့ရတာ အများကြီးရှိပါတယ် ။ စရေးမယ် မကြံရသေးပေ
မယ့် နည်းနည်းလည်း ရှည်သွားပြီ ။ တစ်ဖက်မှာ ကိုယ်လည်း လက်နက်ကိုင်တော်လှန်ရေး အ
ညွှန်းစာအုပ် ရေးမယ့်သူမဟုတ်တော့ အဖွဲ့စည်းတွေနဲ့ ပတ်သက်တာကို လတ်တလော လက်
လှမ်းမီရာ ဒီလောက်နဲ့ပဲ တော်ထားလိုက်ပါ့မယ် ။ ကျနော် မျက်စေ့လျှမ်းသွားတဲ့အပိုင်း ၊ အာရုံ
နည်းလို့ လစ်ဟာသွားတဲ့အပိုင်းနဲ့ မနီးစပ်လို့ မသိနားမလည်တဲ့ အပိုင်းတွေကိုတော့ ဖြည့်တွေး
ပေးကြပါ ။ အကြံပေးလို့ ရသလို ၊ ကိုယ့်နီးစပ် ရာနဲ့ ဖလှယ်ကြလို့လည်း ရပါတယ် ။ နောက်
တစ်ပိုင်းကျမှ သာမန်လူထု အရပ်သားတွေ အဓိကကျရာ အပိုင်းကို ရေးပါဦးမယ် ။


မန်းကိုကို
၃၁ ၊ ၀၈ ၊ ၂၁၁၂

5 comments:

  1. ကျူးလွန်ခဲ့မှုများအတွက် တာဝန်ခံဖို့ လိုသည် (ဧရာဝတီ)
    http://burma.irrawaddy.org/archives/19736#comment-42825


    ေေေ September 12, 2012 - 8:43 pm

    ဧရာဝတီမှာ လာပေးတဲ့ မှတ်ချက်တော်တော်များများက လိုရာကို နှဲ့ပေး၊ စောင်းပေး၊ လမ်းကြောင်းပေးတာတွေက တယ်များသကိုး။

    ခုလို လိုရင်းသာ ပြောကြပါလား။

    - မြန်မာပြည်မှာ အာဏာပိုင် အဆက်ဆက်က ကောင်းခဲ့တယ်။
    - အာဏာပိုင်တွေကို ပုန်ကန်ရင် လူဆိုးပဲ။
    - သူပုန်သူကန်တွေ လုပ်တာဆိုရင် အားလုံး အဆိုးဖြစ်ကိုဖြစ်ရမယ်။
    - လုပ်လို့ရတဲ့သူကို လုပ်မယ်၊ မရတဲ့သူကို မလုပ်ဘူး။ (အာဏာ မရှိသူကို ရသလောက် ထောင်းမယ်၊ ရှိသူကိုတော့ ငယ်ပါပြားအောင် ဝပ်တွားမယ်)။
    - စစ်ထောက်လှမ်းရေးက စာရင်းမရှိ အင်းမရှိ နှိပ်စက်သတ်ဖြတ်ခဲ့တာတွေကို မသိချင်ဟန်ဆောင်ကြ။
    - ဧရာဝတီက မြောက်ပိုင်းကိစ္စကို ထုတ်ဖေါ်ထားတာ ၁၀ နှစ်ရှိပြီ။ ဒါပေမယ့် ABSDF ငြိမ်းချမ်းရေးစကား ပြောခါနီးမှ ဒီကိစ္စ ဆူညံလာတာဟာ တိုက်ဆိုင်မှု တစ်ခုပါ။ (ဘာနဲ့ပဲ တိုက်ဆိုင်တိုက်ဆိုင် ကိစ္စမရှိပါ။ ထောက်လှမ်းရေးကလည်း ဘာမှ မသိပါ။ စိတ်လည်း မဝင်စားပါ။ ဆိုင်လည်း မဆိုင်ပါ။ ထောက်လှမ်းရေးဟူသည် ကိုယ့်အခန်း အတွင်းမှာသာ ထော့ကျိုးထော့ကျိုးဖြင့် ထောက်ကာလှမ်းကာ လမ်လျှောက်နေသူများကိုသာ ဆိုလိုပါသည်)။

    တစ်ခါတစ်ရံတော့ တွေးမိသည် …

    အဲဒီလူတွေ (နေ့စား သတင်းပေးများ အပါအဝင်) ထောက်လှမ်းရေးရုံးက လုပ်ထုံးလုပ်နည်းအတိုင်း “ကျင်စက်” ဖြင့် လက်နှစ်ဖက် နောက်ပြန်ကြိုးတုပ်ကာ လက်သန်းနှစ်ချောင်းကို ဝါယာနဲ့ချိတ်ပြီး ရှော့ရိုက်တဲ့ အရသာကို ပေးမြည်းစမ်းကြည့်စေချင်သည်။

    ဘယ်တုန်းကမှ မခံစားဖူးတဲ့ စူးနစ်နာကျင်မှုနဲ့အတူ အနှောင်တွယ်မဲ့ လွင့်မျောသွားရတာ ဘာနဲ့မှ မတူပါ … တကယ်ပါ … ဖိတ်ခေါ်ချင်ပါသည် …

    ဟုတ်ပါသည် … ထောက်လှမ်းရေးများ ဘာမှ မလုပ်ပါ … မသိပါ … မဆိုင်ပါ … စိတ်လည်း မဝင်စားကြပါ ….

    ReplyDelete
    Replies
    1. ပို့စ်နဲ့ မဆိုင်သလောက်ဖြစ်ပေမယ့် ၊ မနေ့က spam မှာ တွေ့မိလို့ ထည့်ပေးလိုက်ပါတယ် ။

      နောက်ပို့စ်တစ်ပုဒ်မှာတော့ ပေးထားတဲ့လင့်နဲ့ တိုက်ရိုက်မဆိုင်ရင်တောင် သွယ်ဝိုက်ပြီး သက်ဆိုင်နေတာ အနည်းအကျဉ်း ရေးပြနိုင်မယ်လို့ ထင်ပါတယ် ။

      Delete
  2. ဆရာမန်းကိုကို
    ခုဒီမှာရေးရတာ..ဆရာ တွေးသွားတဲ့ရှုထောင့်ကို ကြိုက်တယ်…….ဆက်ရေးစေချင်တယ်…………ဘာလို့လဲဆိုတော့…….
    ဆရာတို့…. အဲ ကျွန်တော်လဲ နည်းနည်းဆိုင်တဲ့…ကျွန်တော်တို့ ပတ်ကညောများ…..အလွန်ရိုးသည်……ထပ်နည်းနည်းပြောရင်…အ သည်…..(နိုင်ငံရေး..လှည့်ကွက်မှာ)


    • ကျွန်တော်သည် ကရင်သွေး ပါသည်ဆိုရုံမျှပါသော ဆရာဝန်တယောက်… အရောင်စုံကရင်တွေကြးထဲ အလုပ်လုပ်ခဲ့တာလဲ…ဆယ်စုတခုနီးပါး ..အရောင်စုံဆိုတာ……..အ၀ါကရင်..အပြာကရင်…အနက်ကရင်….
    KNLA-PC, KNU, DKBA,BGF, KPF…ခုလိုရှင်းရတာ ကရင်တွေ ဘ၀ကို…(အနိမ့်ဆုံး တီးမိခေါက်မိသူ…လို့ဆိုချင်တာပါ……..)

    န၀တ…နအဖကို အသလွတ် မုန်းနေသူ ဆဲနေသူလဲ မဟုတ်သလို…ကြည်ညိုတဲ့အထဲလည်း လုံးဝမပါပါ……ဂုဏ်ဖေါ်ပြောရရင်….neutral လို့ဆိုချင်ပါတယ်…… အာဏာရရင်… အာဏာရှိရင်… အများစု အာဏြာ့ပမယ်ဆိုတာ….ခံယူထားသူ..OK…… ကျွန်တော်…ဘာမှ မဟုတ်ကြောင်း….ပြောပြီးနော်….
    မြင်တာလေး အချို့ကိုတင်ပြပါရစေ…..
    • KNLA-PC က ခေါင်းဆောင်ကြီးကြီးတယောက်က ကျွန်တော့ကိုပြောဖူးသည်…..ဆရာ ငြိမ်းချမ်းရေးတခါဆွေးနွေးရင် ကရင် တစိတ်ထပ်ကွဲတယ်တဲ့…ဥပမာ…KPF…..DKBA(original)….ပြီးတော့DKBA……BGF (သူလည်း…နေပြည်တော်လည်းးသွားပြီးရော………..သွားရော)
    • ဆရာဆောင်းပါးထဲကလို…..ကရင်ကို အသေအကြေ ဆော်နေတုန်း…ကချင်ကို ငြိမ်းထားတာ…ကျွန်တော့ တပည့် ကားဆရာ(ကရင်)တောင်သိတယ်…. ဘာပြောတယ်မှတ်လဲ…ကောင်းတယ်တဲ့…ကချင်ကို တိုက်တာကို….သူ ကချင်ကို မုန်းနေသူမဟုတ်ဘူးနော်……..interpret လုပ်တာလွဲနေတာလေ…..(ခု ငြိမ်းလဲ…..ဒီလို ငါတို့လဲ နောက်တခေါက် ကြုံနိုင်တာမျိုး လုံးဝ(လုံးဝ) မတွေးတတ်ဘူး
    • ဗိုလ်ချုပ်မြသား….နေစိုးမြ…. ဘာလို့ ငြိမ်းချမ်းရေး …ယူတာလဲ…..
    • မြောက်ပေးလိုက်တော့…ဗိုလ်ချစ်သူ….တပ်မဟာ ၇ ကို အသေအကြေတိုက်တယ်…..ဘယ်သူသေလဲ….ဘယ်သူပြတ်သလဲ….ဗိုလ်ချစ်သူရဲ့ လက်ထောက် စံပြုတ်သေတယ်……. ဘယ်သူသတ်တာ……(ဒါကquestion mark ပါ…..KNU…may be…..Burmese Army…may be… then…?????)
    • ခုလာပြန်ပြီ… နှုတ်ခမ်းမွှေး…….ပါသွားပြန်ပြီ…..KKO ဖွဲ့…. မန်းဘဇန်…တို့ကိုထုတ်….. (reason က…တဖက်နိုင်ငံသား…. ခံယူလို့တဲ့….ဒါ….ထင်တာမမှားရင်…..KKOမဖွဲ့ခင်ထဲက…မန်းဘဇန်Thai citizen ရပြီးသားလို့ထင်ပါတယ်…thai citizen က.. ဘင်္ဂါလီ….မှတ်ပုံတင်ရတာ.. ပေါက်ဖေါ်တွေ…. မှတ်ပုံတင်ရတာလောက် မလွယ်ပါဘူးဗျာ…….ခေါ်တုန်းကထဲက..thai citizen ရပြီးသားလို့ ကျွန်တော်ထင်တယ်လေ……..
    • နော်စီဖိုးရာစိန်….နော်မေဦး…..(ကျွန်တော်နိုင်ငံရေးစိတ်မ၀င်စားတဲ့လူတောင် သတိထားမိတဲ့…န၀တရဲ့…ရိုးဟောင်းနေတဲ့ ဗျူဟာကိုသတိထားမိရင်)….အိုးမဲသုတ်တတ်တဲ့…..န၀တ…ဗျူဟာကို…မတွေးမိဘူးလား

    ဆရာခေါင်းစဉ်ကလို…ငြိမ်းချမ်းရေး ဂျိုးကင်တွေလာတော့မယ်……
    ဆရာ…စာတွေထပ်ရေးပါ…… လူများများသိအောင်လုပ်ပါ…ဆရာ သုံးသွားတဲ့ butterfly effect ရ အောင်လို့က……. မဟုတ်ရင်….. ဗိုလ်ဆန်းအောင်/ဗိုလ်ကျော်သက် အဖွဲ့နဲ့…ဗိုလ်လားပွယ် အသေအကြေတိုက်တာ…. ၃နှစ် အတွင်း ကြားနေရလိမ့်မယ်……….

    ကရင်လူထု....လှည့်ဖျားမှု ခံရခြင်းမှ ကင်းဝေးပါစေ...
    ဆရာဝန်တဦး..ျ

    ReplyDelete
    Replies
    1. ဆရာ့ကို စာပြန်နည်းနည်း နောက်ကျသွားတာ စိတ်တော့မရှိပါနဲ့ ၊ ကျနော်လည်း လုပ်ချင်တာနဲ့ ရတဲ့အချိန် သိပ်ဟန်မကျလို့ပါ ။

      ပထမ ၊ မှတ်ချက်ရှည်အတွက် ကျေးဇူးတင်ပါတယ် ။ မတော်များ ကျနော်တို့ မျက်နှာချင်းဆိုင် စကားပြောခဲ့မိဘူးကောင်း ပြောခဲ့ဘူးပါလိမ့်မယ် ။ ခုတော့ ကျနော့်မှာက ကလောင်နာမည်သဘောမျိုး ဖြစ်နေတာကြောင့် မသိတာလည်း ဖြစ်နိုင်ပါတယ် ။

      အရင်ဆုံးပြောရမှာက ဆရာ့အနေနဲ့ ကရင်တွေဘဝကို အနိမ့်ဆုံး တီးခေါက်မိသူလို့ ကိုယ့်ကိုယ်ကို ပြောသလို ၊ ကျနော်ဟာလည်း ဘယ်အဖွဲ့စည်းနဲ့မှ နက်နက်နဲနဲ မယှက်နွယ်ခဲ့တာကြောင့် ခုနေ လူကြီးသူမတွေ ပြောကြဆိုကြတဲ့အခါ ပါးစပ်ဟပြီး နားထောင်နေရတုန်းပါ ။

      ဘယ်လိုပဲဖြစ်ဖြစ် မရေးပြဖြစ်သေးပေမယ့် သိလာကြုံလာခဲ့သမျှကို မူတည်ပြီး ခြုံငုံပြောရရင် “ကရင်တွေဟာ အုပ်ချုပ်ရေးအဆင့်ဆင့်မှာ ဝန်ထမ်းကောင်းတွေဖြစ်ခဲ့တယ် ၊ ဒါပေမယ့် နိုင်ငံရေးသမားကောင်းတွေ မဖြစ်ခဲ့ကြဘူး ။ စစ်တိုက်ကောင်းသူတွေဖြစ်တယ် ၊ ဒါပေမယ့် စစ်နိုင်အောင်တိုက်တတ်တဲ့ ဗိုလ်ချုပ်ကောင်းတွေ ဖြစ်မလာခဲ့ကြဘူး”လို့ အကျဉ်းချုပ်ရပါလိမ့်မယ် ။

      ကျနော့်အနေနဲ့က အဲဒီလို နိုင်ငံရေးသမားကောင်းနဲ့ ဗိုလ်ချုပ်ကောင်းတစ်ယောက် ဖြစ်မလာနိုင်ပေမယ့် ၊ လိုအပ်တဲ့ ကွက်လပ်တစ်ခုကို ဖြည့်ပေးတဲ့အနေနဲ့ လက်တွေ့ကျကျ တွေးခေါ်ပြီး တွေ့ကြုံလာတာတွေကို အကောင်းဆုံး ရင်ဆိုင်နိုင်ကြအောင် ကိုယ်တွေးမိတဲ့ အပိုင်းအစတွေကို ဆပွားအကျိုး ဖြစ်လိုဖြစ်ငြား ချပြဆွေးနွေးကြည့်တဲ့ သဘောပါ ။ ကျနော့်တစ်ယောက်အားထဲနဲ့ ဖြစ်ဖို့မလွယ် မပြည့်စုံနိုင်တာကြောင့် စိတ်ဝင်စားကောင်း စိတ်ဝင်စားကြမယ့် အများရှေ့ဆီ တွန်းရွှေ့ပေးဖို့ ကြိုးစားတာပါ ။

      တစ်ခါ ဒီလိုလုပ်ရာမှာလည်း အကန့်အသတ်နဲ့ ထိန်းသိမ်းသင့်တာတွေလည်း ရှိလာပြန်တယ် ။
      ချွတ်ယွင်းချက်တွေကို အပ်ပေါက်ရှာသလိုသာ ရှာရရင် ၊ ဟိုးအစ ဗိုလ်ချုပ်စမစ်ဒွန်းလောက်က စရမယ် ထင်ပါတယ် ။ ခက်တာကလည်း ကျနော်တို့ကရင်တွေ အများစုမှာ အဝေဖန်သိပ်မခံနိုင်ကြသေးတာလည်း ထည့်တွက်ရပြန်ပါတယ် ။ တစ်ဖက်မှာလည်း မပြောပြန်ရင်၊ နည်းလမ်းမရှာရင် ဘယ်တော့မှ ဘာမှဖြစ်မလာတော့မယ့် အရေးကလည်း ရှိနေပြန်ပါသေးတယ် ။

      ဒီတော့ ကျနော်လည်း လက်လှမ်းမီသမျှ တွေးလို့ရသမျှကို ဆရာပြောသလို ဆက်ရေးသွားမှာပါ ။
      ထောက်ပြသူ ၊ ဝိုင်းဖြည့်ပေးသူ ၊ ကိုယ်ပိုင်အတွေးနဲ့ ထပ်ဆင့်ပွားဖြစ်စေ အမြင်သစ်နဲ့ဖြစ်စေ လုပ်ချင်သူ ၊ လုပ်နိုင်သူနဲ့ အနည်းဆုံး ဒါတွေကို လက်မခံရင်တောင် အပြုသဘောနဲ့ တင်ပြနေကြတယ်ဆိုတာ နားလည်ပေးသူတွေ များလာဖို့တော့ မျှော်လင့်တာပါပဲ ။

      ဆရာပြောတဲ့ အသေးစိတ်တွေကို ခုနေခါ ပြန်မပြောနိုင်တာတော့ ခွင့်လွှတ်ပါ ။ မှတ်ချက်အတွက် (Saw Khu Eh အပါဝင်) ကျေးဇူးတင်ကြောင်း ထပ်ပြောပါရစေ ။

      Delete
  3. Mahn Robert Zan is a US citizen. He live in the same town with me. Just correction!

    ReplyDelete