ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Monday, June 4, 2012

နောက်ကျသွားတဲ့ မှတ်စုတို



(၁)*  စိတ်ထဲက ငရဲခွေးတွေ လွတ်ကုန်ပြီလား

     လူတိုင်းလိုလိုရဲ့ စိတ်ထဲမှာ ကောင်းတဲ့အပိုင်းနဲ့ ဆိုးတဲ့အပိုင်းတွေရှိကြတယ် ။
     အဲဒီအထဲမှာ ဒေါသ ၊ မောဟ ၊ မာန ၊ မနာလိုဝန်တိုမှုတွေလို အဆိုးပိုင်းတွေနဲ့ ဆက်စပ်ပြီး
ငရဲခွေးလို့တောင် ခေါ်လို့ရနိုင်မယ့် စိတ်ရိုင်းတွေ ရှိကြစမြဲပဲ ။ မထိန်းချုပ်နိုင် ၊ မချည်တုပ်နိုင်ရင်
ပွင့်အံထွက်လာပြီး တပါးသူကို ပြင်းပြင်းထန်ထန် ထိခိုက်လောင်ကျွမ်းတတ်တယ် ။

     ဒါပေမယ့် သာမန်အချိန်မျိုးတွေမှာ ငုပ်နေတတ်တဲ့ သဘာဝရှိတာကြောင့် ဒါကို လှုပ်နှိုးမှ
သာ ထွက်ပေါ်လာလေ့ရှိတယ် ။ တစ်ခါတစ်ရံ မတော်တဆ လှုပ်နှိုးမိတတ်သလို ၊ ဒီသဘော
သဘာဝကို သိနားလည်သူတွေ သို့မဟုတ် အတွေးခေါ် အမြှော်မြင် စောင့်ရွဲ့နေသူတွေကနေ
ထိန်းချုပ် ရည်ရွယ်ပြီး ထိုးဆွပေးတတ်ကြတယ် ။ ထိုးဆွလို့ နိုးကြွလာရင်တော့ ဝရဇိန်ချွန်းနဲ့
တောင် အုပ်လို့ မလွယ်တော့ပါဘူး ။ ဒါပေမယ့် မီးစထိုးပြီးရင် ရေမှုတ်နဲ့ ပြန်ပက်ရတာဟာ
နောက်ထပ် သဘာဝတရား တစ်ခုပဲလေ ။

     မကောင်းတာကို လုပ်ကိုင်ကြရာမှာ အဖေါ်နဲ့အသင်းနဲ့ ပါတတ် လုပ်တတ်ကြပါတယ် ။
     ပထမဦးဆုံး ဈေးဦးဖေါ်တာကတော့ လေးဝတီ ပေါ့ ။
     မီဒီယာကျင့်ဝတ်ကို ဖေါက်ဖျက်ပြီး အနိဋ္ဌာရုံပုံ အပြည့်အစုံကို တင်ပေးခဲ့တယ် ။ ပြီးတော့
မလုပ်သင့်တဲ့ ဘာသာရေး လူမျိုးရေးမီးစကို စာတွေနဲ့ ထပ်ဆင့်ထိုးထည့်ပေးခဲ့တယ် ။
     ဒါပေမယ့် ဒီမှာတင် ရပ်မသွားခဲ့တာဟာ ကံမကောင်း အကြောင်းမလှတာ မဟုတ်ပါဘူး ။
လူမျိုးရေး ဘာသာရေးခွဲခြားစိတ်ရှိတဲ့ မြန်မာပြည်သားအချို့ကို ကိုယ်စားပြုတဲ့ မီဒီယာတချို့
ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဆင့်ပွားပေးခဲ့ကြတာကြောင့်ပါ ။

     ခုတော့ ဒီလူတွေရဲ့ ရည်ရွယ်ချက် အောင်မြင်ပါပြီ ။
     တောင်ကုတ်မှာတော့ အနည်းဆုံး လူ ၈ ယောက် အသက်ပေးသွားရပြီ ။
     တစ်ဆက်ထဲမှာ စစ်တွေမှာလည်း ပစ်ခတ်တာတွေ ဖြစ်လာပြီ ။
     အခြေနေအရ ဖြစ်သွားတာလား မီးစတစ်စ ထပ်ထိုးထည့်လိုက်သလားတော့ ကာယကံရှင်
တွေပဲ သိကြမှာပါ ။

     အဓိက မေးခွန်းတစ်ခု စိတ်ထဲပေါ်လာတယ် ။

    "သေသွားတဲ့ အမျိုးသမီး ပြန်ရှင်လာပြီလား" လို့ပါ ။

     ထပ်ဆင့်ပြောရရင် -

  #  ခုလို လက်စားချေလိုက်ရပြီမို့ စိတ်ကော ကျေနပ်သွားကြပြီလား
  #  ဒီလို အောင်မြင်အောင် လုပ်နိုင်ဖို့ ဝိုင်းကြိုးပမ်းပေးသူတွေထဲက ဘယ်သူက တာဝန်ခံမလဲ
     (လူစွမ်းကောင်းတွေအဖြစ် ချီးမွမ်းသြဘာ ခံယူဖို့ ပြောတာပါ ၊ ရှက်နေစရာ မလိုပါဘူး ၊ ရှေ့
      ထွက်ပြီး အောင်ပွဲခံလိုက်ကြစမ်းပါ ၊ ခုမှ အညတရ သူရဲကောင်းတွေလို ရှိုမနေကြပါနဲ့) ။

========================================


*   တလောက သတင်းတစ်ခု ပါလာတယ် ၊ မိန်းမကိုသတ်ပြီး ကိုယ့်ကိုယ်ကိုပါ သတ်သေသွားတဲ့
    သတင်းလေးပါ ။ လူမျိုးနဲ့ဘာသာကိုပါ ထည့်ရေးထားတယ် ။ စိတ်ထဲ ထူးဆန်းမိတယ် ၊ ဒီလူ
    မျိုးနဲ့ ဘာသာကလူတွေပဲ အဲဒီလိုလုပ်တတ်သလားပေါ့ ။ ဒါတွေက ဘာအဓိပ္ပါယ်ဆောင်သလဲ ၊
    အခြား ကျန်တဲ့ပြစ်မှုတွေ အားလုံးကကော မြန်မာပြည်က အဓိကဘာသာနဲ့ လူမျိုးကြီး တစ်မျိုး
    ထဲကပဲ အားလုံးကို ကျူးလွန်ခဲ့တယ်လို့ ဆိုလိုတာလား ။ ဒီသတင်းဟာ အစတကာရဲ့ အစလို့
    နာမည်တပ်ရမ    လားပဲ ။

*   တခါ ဦးခင်ရီက ကရင်တိုင်းရင်းသားဝတ်စုံဝတ်ပြပြီး "ကျွန်တော်တို့ဆီမှာ ရိုဟင်ဂျာမရှိဘူး" လို့
    ပြောလိုက်တယ် ။ တစ်ခါမှ သူ့ကို အကောင်းမပြောသူတွေ "ဦးခင်ရီ ဦးတင်ပြီ" လို့ပြောရမ
    လောက်ကို ဝိုင်းထောက်ခံကြတော့တယ် ။ ပြောချင်တာတော့ အများကြီးပါပဲ ၊ ဒါပေမယ့် စ
    ကားများရင်လည်း အမှားများရုံ ရှိပါလိမ့်မယ် ။ ခုနေတော့ အောက်က Aung.info ရဲ့မှတ်ချက်
    လေးတစ်ခုနဲ့ပဲ ကျေနပ်ထားလိုက်ပါတယ် ။

"ပြဿနာ တစ်ခုကို ဖြေရှင်းတယ် ဆိုတာ ပြဿနာရဲ့ အရင်းခံကို ရှာပြီး အဲဒီ
အရင်းခံ အကြောင်းကို အဖြေရှာရမှာ မဟုတ်ဖူးလား? ပြဿနာ ဖြစ်လာတဲ့
အခါမှာ အဲသည်ပြဿနာကို မဖြေရှင်းဘဲ အရင်းခံကို အဖြေမရှာဘဲ၊ ငါနဲ့
မဆိုင်ဖူး၊ ဒါဟာ လက်ခံစဉ်းစား စရာမလိုဖူး ဆိုလို့ ဒီပြဿနာဟာ ပြေလည်
သွားမှာ မဟုတ်ပါဖူး။ ပြဿနာရဲ့ အစကို သိပြီဆိုရင် ဆက်လက်ပြီး ဖြေရှင်း
နိုင်ဖို့မလုပ်ဘဲ ငါစတဲ့ ပြဿနာ မဟုတ်လို့ ငါ့ပြဿနာ မဟုတ်ဖူးလို့ငြင်းရုံနဲ့လဲ
ဒီပြဿနာဟာ ပြီးဆုံးသွားမှာ မဟုတ်ပါဖူး။ ဘာဘဲ ဖြစ်ဖြစ် ဒီလို ပြဿနာမျိုး
ကို case study အနေနဲ့ ဒီက တက္ကသိုလ်တစ်ခုခုမှာ မေးလို့ အခု ခင်ရီလို
အဖြေပေးမယ် ဆိုရင်တော့ စာမေးပွဲ ကျမှာ ကြိမ်းသေပါတယ်။"

*  စစ်တွေမှာ ရဲတွေက သေနတ်နဲပစ်တာဟာ အဓိကရုဏ်းလို ဖြစ်လာတာကြောင့်လို့ ဆိုပါတယ် ။
    ဘယ်လိုဆိုဆို တစ်ခု ထပ်သတိထားမိပြန်ပါတယ် ။ အဲဒါက ဒဏ်ရာတွေကို အနီးကပ် ရိုက်ပြ
    ထားတာပါ ။ မလုပ်သင့်တာတစ်ခု ထပ်ဆင့်တိုးလာပြန်ပါပြီ ။ ဓါတ်ပုံ ၊ ရုပ်ရှင်တို့ရဲ့ သဘောသ
    ဘာဝအရ အနေထားအမျိုးမျိုးကနေ ကိုယ်လိုချင်တာကို ထင်ရှားအောင်လုပ်တဲ့ ပုံစံမျိုးပါ ။ သိ
    က္ခာရှိ သတင်းဋ္ဌာနတွေက ဒါမျိုးတွေကို သုံးချင်ရင်တောင် မသိမသာပဲ သုံးလေ့ရှိပါတယ် ။

    ဒီတင် မရပ်ပါဘူး ။ တောင်ကုတ်မှာ သေဆုံးသွားသူတွေရဲ့ အဖြတ်အတောက်မပါတဲ့ ပုံတွေပါ
    ထပ်တက်လာပြန်ပါတယ် ။ မတရားလုပ်ပြီး အသတ်ခံရသူ မိန်းကလေးပုံအတွက် တန်ပြန်တာ
    ဖြစ်နိုင်သလို ၊ တမင် ထပ်ဆင့်မီးမွှေးတာလည်း ဖြစ်နိုင်ပါတယ် ။ သာမန်လူ့ကျင့်ဝတ်ကို နား
    လည်တဲ့ မီဒီယာ စားသုံးသူတွေအနေနဲ့ ဆင်ခြင်ကြဖို့ ပြောချင်ပါတယ် ။ ရုပ်ပုံတစ်ပုံဟာ စကား
    လုံးတစ်ထောင်မက ပြောနိုင်တယ်ဆိုတာ အတော်များများ သိပြီးသားလို့ ယုံကြည်ပါတယ် ။ မီး
    စတွေကို ဘေးဖယ်လိုက်ကြရအောင်ပါ ။



မန်းကိုကို
၀၄ ၊ ၀၆ ၊ ၂၀၁၂

1 comment:

  1. Mahn Koko

    လူတစ်ယောက်အတွက် နောက်ထပ် ၁၀ ယောက်လောက်တော့ အသက်ပေးသွားရပြီ ။
    ဒီလိုဖြစ်အောင် ကြိုးပမ်းတွန်းပို့ ပေးနိုင်ခဲ့ကြသူတွေကို ချီးကျူးတယ် ။

    နောက်ထပ် အယောက်ပေါင်း သိန်းနဲ့သန်းနဲ့ချီပြီး ကျန်သေးတယ် ၊
    ဆက်ကြိုးစားကြပါ ၊ တစ်ချိန်မှာ အောင်ပွဲခံနိုင်ကြပါတယ် ။

    အညတရသူရဲကောင်းများ ရင်ကော့ပြီး ရှေ့ကိုသာ လူလုံးထွက်ပြလိုက်ကြပါ ။
    မိဘမောင်ဘွား ၊ ဆွေမျိုးညာတိ ၊ အသိမိတ်ဆွေ လူအများက ဂုဏ်ယူကြမှာပါ ။
    ဟင် ... ဘာလို့ ငြိမ်နေကြတာလဲ ၊ ဝမ်းသာလုံးဆို့နေကြတာလား .....
    ----------------------------

    * Facebook မှာ အပေါ်ကပို့စ်ကိုတင်ရင်း ရေးဖြစ်တဲ့စာပါ ။
    စိတ်ခံစားမှု နည်းနည်းပါသွားတယ်လို့ ဆိုရမယ် ။
    လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်ကသာဆို ဒီထက်မက ရွဲ့ပြောမိမှာ အသေချာပဲ ။
    အဲဒီတုန်းက ကိုယ့်နဲ့ နီးစပ်သူတွေကို ဖျောင်းဖျောင်းဖျဖျ ပြောတာထက် ၊ ဘုကလန့်ပြောပြီး မြင်လာအောင် လုပ်တတ်ပြောတတ်တဲ့ အကျင့်ကလေးက စွဲနေချိန်ကိုး ။
    လူတစ်ယောက်ရဲ့ နှေးကွေးတဲ့ အပြောင်းလဲကို တခြားမှာ သွားကြည့်စရာမလိုပဲ ကိုယ့်ကိုယ်မှာတင် တွေ့နိုင်တယ်လို့ မှတ်ချက်ချရမှာပဲ ။
    -----------------------------

    - လွန်ခဲ့တဲ့ လပိုင်းမှာ တောက်လျှောက်ကို လူမျိုး ဘာသာရေးတွေ ဦးဆောင်လှုံ့ဆော်နေသူ လူသိများသူတစ်ယောက်က လူ ၁၀ ယောက် သေသွားတော့မှ ဒါတွေဟာ မလုပ်သင့်တာတွေပါ ဆိုပြီး လေသံဟလာတယ် ။

    သေဟဲ့ နန္ဒိယ လို့သာ ပြောရမလားပဲ ။
    ဒီအသက်နဲ့ ဒီအရွယ် ဒီလမ်းလျှောက်ရင် ဒါတွေကြုံရမယ်ဆိုတာ ကြိုတင် မတွေးမိလေရော့သလား ။ မဟုတ်ရင်လဲ တာဝန်မယူချင်လို့ ထမင်းရည်ပူ လျှာလွှဲတာလား ။

    တစ်ဖက်မှာလည်း ဖြေတွေးတွေးမိတယ် ။ အင်းလေ ခုထိ သတ်မယ်ဖြတ်မယ် တကဲကဲ လုပ်နေသူတွေနဲ့စာရင် တော်ပါသေးတယ် ၊ အခြားဟာတွေ ထောက်ပြဖေါ် ရပါသေးတယ် လို့ပေါ့ ။ ဒါက အကောင်းဖက်က တွေးကြည့်တာပါ ။ ဒီကိစ္စကို ကားမှောက်လို့ လူ ၈ ယောက်သေတာနဲ့ ရောချဖို့ ကြိုးစားသူ ၊ သေတဲ့လူတွေရဲ့ မဆင်မခြင် အပြစ်ကြောင့် သေရသလိုလို ရေးသူတွေနဲ့စာရင် စိတ်ဖြေရာပေါ့ ။

    ReplyDelete