ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Wednesday, November 16, 2011

တောင်ခုန် မြောက်ပြေး စိတ်အတွေး


     အချိန်တွေက ကိုယ့်ကိုဖြတ်ကျော်သွားကြသလား ။
     ဒါမှမဟုတ် ကိုယ်ကပဲ အချိန်တွေကို ကျော်ဖြတ်သွားမိသလား သိပ်တော့မသေချာ ။
     သေချာတာကတော့ တစ်ခါတစ်ရံ ကြာလွန်းတယ်လို့ ထင်မိတဲ့ အချိန်တွေကို နိုးတစ်ဝက်အနေထားနဲ့
ကုန်လွန်နေစေခဲ့တာပဲ ။

     တနေ့က အသစ်ကြုံရတဲ့ ဆရာကြောင့် အချိန်ဆိုတာကို ပြန်သတိထားမိတယ် ။ ကိုယ်တွေက သတိ
မရှိပေမဲ့ သူသတိပေးလို့ ၁၁ နာရီ ၊ ၁၁ မိနစ်ကို သတိထားမိသွားတယ် ။ ၁၀ ရက် ၊ ၁၀ လ ၊ ၂၀၁၁ ခုနှစ် ။
ကြုံတောင့်ကြုံခဲပေမဲ့ မေ့နေခဲ့တာ ။

     ကိုယ်စိတ်ဝင်စားတာက အခြားဟာတွေ ။
     ရှေ့လျှောက် ကိုယ့်အချိန်ကို ဘယ်လို စီမံခန့်ခွဲရမလဲ ဆိုတာပဲ ။

     အဲဒီနေ့က ဆရာအသစ်ရဲ့အတန်းကို စိတ်ဝင်စားတယ် ။ တကယ်တော့ ကိုယ့်ဆရာ မလာလို့ သူ့
အတန်းမှာ သွားတက်ရင်း ကြိုက်လို့ ဘာသာရပ်တာဝန်ခံကို အကူညီတောင်းပြီး ပြောင်းခဲ့တယ် ။ သူ
ပြောတဲ့ “ကိုယ့် သင်ဆရာဟာ ကိုယ့်ဘဝကို လမ်းကြောင်းပေးတတ်တယ်” ဆိုတာကို သဘောကျ
တယ် ။ သူကိုယ်တိုင်လည်း စီးပွားရေး ဘွဲ့လွန်ယူဖို့ လုပ်နေသူတစ်ယောက် ၊ ဘဏ်မှာ ဒေါ်လာ ၂ ဘီ
လီယံလောက် ကိုင်တွယ်စီမံရသူရဲ့ ပို့ချမှုတွေကို သင်ခဲ့ရဖူးတယ်ဆိုတာ စိတ်ဝင်စားတယ် ။ စီးပွားရေး
လုပ်ရင်း စာရင်းကိုင်လုပ်သူရဲ့ ကောင်းမှုကြောင့် ထောင်လည်းကျဖူးတယ်လို့ ဆိုပါတယ် ။ သူ့အမေ
အကြံပေးတဲ့ hedge fund အရောင်းအဝယ်ကို မလုပ်ပဲ ၊ လူငါးယောက်လောက်ခန့်ထားတဲ့ စီးပွားရေး
ကိုလုပ် ၊ ကျောင်းတက် ၊ မစို့မပို့ လစာလေးနဲ့ ကောလိပ်အဆင့်မှာ ဆရာလုပ် ၊ အင်တာနက်ကနေ စီး
ပွားရေးမဟာဘွဲ့ စာပေးစာယူသမားတွေ အတွက်ပါ ပို့ချပေးနေတယ်ဆိုတော့ စိတ်တော့ စိတ်ဝင်စား
စရာတွေချည်းပါပဲ ။ ဘာတွေများ လေ့လာသင်ယူစရာ အသစ်တွေ ရလာနိုင်မလဲဆိုတာတော့ စောင့်
ကြည့်ရတော့မှာပေါ့ ။


ငယ်ဘဝနဲ့ တွဲလျက်အရိပ်

     အချိန်အကြောင်းပြောရင်း နိုဝင်္ဘာ ၇ ရက်ကနေ ၁၀ အထိ ကျင်းပတဲ့ ကရင်ပြည်နယ်နေ့အကြောင်း
ရေးမလို့က အချိန်မရတဲ့ကြားက မေ့သွားတာနဲ့ပေါင်းတော့ ခုမှ သတိပြန်ဝင်တယ် ။

     ငယ်ငယ်က ပွဲကျင်းပတဲ့ ပြည်နယ်ကွင်းလို့ခေါ်တဲ့ သီရိကွင်းကို ဆောင်းတွင်းဝင်လာရင် နေ့လည်
ကျောင်းဆင်း ထမင်းစားချိန်မှာ ခဏခဏ သွားချောင်းကြည့်ရတာ အမော ။
     အသက် ၅ နှစ်လောက်မှာ ဘားအံအိမ် သိပ်မကပ်တဲ့ အဖွားနဲ့ ဒုံးပြိုင်ပွဲကပြန်လာတော့ ၊ အဖွားက
သူ့အိမ်ရှိတဲ့လမ်းကို မေ့နေလို့ သတိပေးရတာလည်း အမှတ်ရတယ် ။
     ၆-၇ နှစ်လောက်မှာတော့ အတူလာတဲ့ အဖေနဲ့ကွဲသွားလို့ သရဲခြောက်တယ်လို့ သူငယ်ချင်းတွေ
ပြောတဲ့ ညောင်ပင်ငုတ်တစ်ပင်ရှိတဲ့ လမ်းကြားကနေ တစ်ယောက်ထဲ အားခဲပြန်လာခဲ့ဖူးတယ် ။
     ၆ ရက်နေ့မှာစပြီး ၁၁ ရက်နေ့မှပြီးတဲ့ လက်ဝှေ့ပွဲကိုတော့ ကြည့်ချင်ပေမဲ့ ကြီးလာမှ သုံးလေးခါ
လောက်ပဲ ကြည့်ဖြစ်တယ် ။ တစ်ကြိမ်မှာတော့ ကြိုးဝိုင်းပေါ် တက်သွားပြီးမှ အရွေးမခံရလို့ ပြန်ဆင်းခဲ့
တာလည်း သင်္ခန်းစာတစ်ခုအဖြစ် ကျန်ခဲ့တယ် ။

     ငယ်ဘဝနဲ့ တွဲလျက်အမှတ်တရ ပြည်နယ်ပွဲကို ခုနောက်ပိုင်း မရောက်ဖြစ်တာတော့ ကြာခဲ့ပြီ ။ သိပ်
မစည်လှတော့တာ ၊ ယဉ်ကျေးမှုဆိုင်ရာ အခင်းအကျင်းနဲ့ ဓလေ့တွေ အင်မတန် နည်းလာတာတော့ သေ
ချာတယ် ။ ၁၉၈၇ မှာမှ မောင်းမကန်မှာ စတွေ့ခဲ့ဖူးပေမဲ့ ခုနောက်ပိုင်း ကရင်ပြည်နယ်တခွင်မှာ တိုးတက်
မှုအနေနဲ့ ပျံ့ပွားလာခဲ့တဲ့ အန်ဂလုံ လောင်းကစားဝိုင်းတွေနဲ့ ပွဲခင်းတစ်ခုလုံး ပြည့်နေမလားတော့ မသိပါ ။
နိုင်ငံတော် အစိုးရရဲ့ စေတနာတွေပါလို့ ခေါက်ရိုးကျိုးအောင် ပြောနေသူများကလည်း ဘယ်လိုများ ပြော
ချင်သလဲလို့ မေးရရင် ကောင်းမလား ၊ မသိသလိုပဲ လုပ်နေရင် ကောင်းမလား ။

မှန်နေတဲ့ ယုံတမ်းစကား

     မြန်မာပြည် အခင်းအကျင်းတွေကိုကြည့်တော့ အများကြီးပြောင်းလဲနေတယ် ။ အပေါ်ယံအမြင်ကို
ပြောတာပါ ။ အတွင်းပိုင်း ပြောင်းမပြောင်းကတော့ လက်တွေ့အဆင့် မမြင်သာသေးလို့ တပ်အပ် မပြော
နိုင်သေးပါဘူး ။ အပျော့ဂိုဏ်း အမာဂိုဏ်း ကွဲမကွဲကတော့ သာလို့တောင် ပြောဖို့ ခက်နေပါသေးတယ် ။

     အခု ကချင်ဖက်မှာ ဓါတုလက်နက် သုံးတယ်ဆိုတဲ့ကိစ္စမျိုးကတော့ စစ်တပ်ထိပ်တန်းခေါင်းဆောင်
တွေရဲ့ စိတ်ဓါတ်ကို ပုံဖေါ်ပြနေပါတယ် ။ ဓါတုလက်နက် မသုံးဖူးလို့ အကြောက်အကန် ငြင်းသူတွေရှိမှာ
ပါ ။ ခက်တာက မကြာမတင်ကလေးကမှ ရှမ်းတပ်တွေအပေါ် သုံးခဲ့တာရယ် ၊ ကရင်နီတပ်တွေကို သုံး
ခဲ့တာတွေ ရှိခဲ့တာကြောင့် ခေါင်းမြီးချုံ လုံသလိုထင်ရပေမဲ့ အနံ့က တထောင်းထောင်းထနေပါတယ် ။
(လင့်) 


ဖင်ခုထိုင်ထားတဲ့ ဒါးသွား

     တိုင်းရင်းသားတပ်တွေကို ခွဲခြမ်းစိတ်ဖြာပြီး တစ်ခုချင်းမြိုဖို့ ကြိုးစားနေရာမှာ DKBA နဲ့ အပစ်ခတ်
ရပ်ဖို့ တက်သုတ်ရိုက်လုပ်တာကို တွေ့ရပြန်ပါတယ် ။ ဘာလို့ လုပ်ရသလဲ မေးစရာဖြစ်လာတယ် ။
နည်းဆုံး နှစ်ချက်ရှိပါတယ် ။ (၁) အခြားအဖွဲ့တွေလို အိမ်နီးချင်း နိုင်ငံတွေကနေတဆင့် ဖိအားပေးလို့
ရတဲ့ အဖွဲစည်း မဟုတ်တာရယ် ၊ (၂) အရင်က မြို့လူထုရဲ့ အမြင်မှာ ရုပ်ပျက်ဆင်းပျက် ပေါ်နေအောင်
ပြထားချင်တာနဲ့ စီးပွားရေးအပေါ် သာယာသွားအောင် ဦးတည်လုပ်ခဲ့ပေမဲ့ ၊ ပြည်မတပ်အနေနဲ့ ပေးဆပ်
လိုက်ရတာက DKBA တွေ မြို့ပေါ်တင်မက စစ်တပ်စခန်းတွေထဲကို နားပေါက်ကဝင်ဝင် ၊ ချက်ပေါက်
ကဝင်ဝင် ဝင်တတ်သွားစေတဲ့ နယ်မြေကျွမ်းကျင်မှုပါပဲ ။ ဒီတော့ ဒီတစ်မီးငြိမ်းအောင် တက်သုတ်ရိုက်
တာ မဆန်းပါဘူး ။ နောက်ပိုင်း အားပြန်ဖြည့်ပြီးမှ အနီးကပ် ကောက်စားလိုက်မယ်ဆိုပြီး ရည်ရွယ်
ထားပုံရပါတယ် ။

     အာဏာပိုင်တွေဟာ တဆက်ထဲမှာလည်း နိုင်ငံရေးမှာ တရားဝင်ဖြစ်အောင် အပြင်းအထန် အား
ထုတ်နေပါတယ် ။ ကမ္ဘာတစ်လွှားမှာ ဒီမိုကရေစီ အစိုးရတွေဟာ တရားဝင်တယ်လို့ တိုင်းသူပြည်သား
အများစုက လက်ခံကြပါတယ် ။ တရားဝင်တယ်လို့ ထင်မှ ၊ လက်ခံယူဆကြမှ အစိုးရတစ်ရပ်အနေနဲ့
ရှေ့ခြေလှမ်းတွေ သိက္ခာရှိရှိ ဆက်တိုးနိုင်နိုင်မှာမို့ ဒါကို အသည်းအသန် လုပ်နေတယ်လို့ ယူဆပါတယ် ။
ဒါကို သတိလွတ်တဲ့ အဖွဲ့ဆိုရင် ဘာသာရေးအပေါ် အခြေခံခံ ၊ လူမျိုးရေးဖြစ်စေ ၊ ဝါဒရေးပဲ အခြေခံခံ
အခုဖြစ်နေတဲ့ သမိုင်းတစ်ကွေ့မှာ ကျန်ရစ်နေခဲ့နိုင်ပါတယ် ။ ခါတော်မီမဟုတ်ပဲ ရေရှည်အကျိုးများမယ့်
ပြုပြင်ပြောင်းလဲမှုတွေ ကိုယ်စီလုပ်သင့်ကြပါပြီ ။

ပြောင်းပြန်လှန်ရမယ့် ဆုတ်ယုတ်မှု

     ဟိုလိုတွေ ဒီလိုတွေပြောရင် စိတ်ဆိုးကြဖို့ ရာခိုင်နှုန်းများပါတယ် ။ မပြောရင်လည်း မပြီးသလို ၊ ပြော
ခဲ့တာလည်း များပြီမို့ မတူတာတစ်ချို့ကို စဉ်းစားကြည့်ပါတယ် ။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ကျနော့်
ကလေးတွေကို သွားကြိုတဲ့ မဒမ်မန်းကိုကိုဟာ ရပ်ကွက်ထဲကို အသစ်ပြောင်းလာပုံရတဲ့ (စကော) ကရင်
မိန်းကလေးတစ်ယောက်နဲ့ ကြုံရပါတယ် ။ ကလေးမက “စားပြီးပြီလား”လို့ မေးရာမှာ ၊ မဒမ်က သူတတ်
တဲ့ (ပိုး) ကရင်စကားနဲ့ “စားပြီးပြီ”လို့ဖြေတော့ နားမလည်ရှာပါဘူး ။ အတိုဆုံးကတော့ ကလေးမက “အဲ
ဒါ ကယ့် ကရင်စကား မဟုတ်ဖူး”လို့ ပြောပါတယ် ။ မဒမ်ကတော့ စိတ်ရှည်ရှည်နဲ့ “အားလုံးဟာ ကရင်
တွေပါပဲ”လို့ ပြန်ရှင်းပြခဲ့ပါတယ် ။

     မနေ့တနေ့ကတော့ မိတ်ဆွေတစ်ယောက်နဲ့ စကားပြောဖြစ်ရင်း အဲဒီလို အလားတူ ဖြစ်ရပ်တစ်ခု
သူ့သားလည်းကြုံရကြောင်း ပြောပြပါတယ် ။ ဘာတွေမှားနေပြီလဲ ၊ မိဘတွေ လိုသလား ၊ အတွေးဝင်
မိပါတယ် ။

     ကျနော့်အတွေးက မိဘဆီမှာတင် ရပ်မသွားပါဘူး ။
     လူမှုအဖွဲ့အစည်း ခေါင်းဆောင်တွေကို တွေးမိသလို ၊ သက်ဆိုင်တဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေရဲ့
ချမှတ် အကောင်အထည်ဖေါ်နေတဲ့ မူဝါဒတွေလည်း လိုနေ ချွတ်ယွင်းနေမလားလို့ စဉ်းစားမိပါတယ် ။
သေးစိတ်ပြောရင်တော့ ဒေါသထွက်နိုင်ကြတာမို့ ဒီလောက်နဲ့ ရပ်ထားပါမယ် ။ ဒါပေမဲ့ ကိုယ့်ကိုယ်
ကို ခေါင်းဆောင်လို့ ထင်သူများကတော့ အမြင်ကျယ်ကျယ်နဲ့ ကိုယ် ကိုယ်စားပြုနေသူတွေကို စကား
ပြောကြည့်ကြပါလို့ အကြံပြုချင်ပါတယ် ။

ကိုယ့်ခြေပေါ် မားမားမတ်မတ် ရပ်လိုက်ကြပါ

     ခုလောက နည်းနည်းပြန်ငြိမ်သွားတဲ့ မွတ်ဆလင် မိတ်ဆွေများနဲ့ ပတ်သက်လို့ ပြောချင်တာ တစ်ခု
ရှိပါတယ် ။

     ဒီရက်ပိုင်းမှာ မိတ်ဆွေ ချင်းမိသားစုတစ်စုနဲ့ စကားပြောဖြစ်ပါတယ် ။ သူ့တို့ကြုံခဲ့ရတာ တစ်ခုက
အစိုးရဆေးခန်းမှာ သွားပြစဉ်ကပါ ။ သူတို့ကို စစ်ဆေးတဲ့ ဆရာဝန်က မေးပါတယ် ။ ကရင်မှာ “ကရင်
မဲ” တွေဆိုတာ ရှိသလားတဲ့ ။ ဖြေဖို့ မသင့်တော်တာမို့ “သူတို့ကို တိုက်ရိုက်မေးကြည့်ပါလား”လို့ပဲ ပြန်
ပြောခဲ့ကြပါတယ် ။

     ဒီကိစ္စဟာ ဖြစ်နေခဲ့တာ ကြာပါပြီ ။ မြန်မာမွတ်ဆလင်တွေကနေ “ကညောသူး/ကရင်မဲ”လို့ သုံးနှုန်း
ပြီး တတိယနိုင်ငံကို လာနေခဲ့ကြတာဟာ တစ်ချိန်မှာ မျက်နှာဖုံးကွာပြီး ဒုက္ခရောက်နိုင်ကြတာကြောင့်
မလုပ်သင့်ဘူးလို့ ပြောချင်ပါတယ် ။ မွတ်ဆလင်တွေဟာ မြန်မာပြည်မှာ အနှိမ်အခံရဆုံးဆိုတာ ကျနော်
နားလည်ပါတယ် ။ လူမျိုးရေး ဘာသာရေး ဖိနှိပ်ခံရမှုတွေဟာ နိုင်ငံရေးခိုလှုံဖို့ လုံလောက်တဲ့ အကြောင်း
ပြချက်တွေ ဖြစ်တာကြောင့် ရိုးရိုးသားသားနဲ့ လမ်းထွင် ထွက်ပေါက်ရှာကြဖို့ အကြံပေးချင်ပါတယ် ။ ကျ
နော် သြစတြေးလျရောက်စက Queensland ပြည်နယ်ရဲ့ ကျန်းမာရေးဝက်ဘ်ဆိုဒ်ပေါ်မှာ ကရင်လူမျိုး
တွေထဲမှာ ဘာသာကိုးကွယ်မှုဟာ ခရစ်ယာန် ၆၅% ၊ ဗုဒ္ဓဘာသာ ၂၈% ၊ မွတ်ဆလင် ၁၁% နဲ့ နတ်
ကိုးကွယ်သူ % မပါပဲ ဖေါ်ပြထားတာကို ဖတ်မိလို့ အတော်အံ့သြသွားပြီး စာရေးပြောခဲ့ဖူးပေမဲ့ ခုထိတော့
ဆက်ရှိနေဆဲပါ ။ ဘယ်သူ့ဆီကလာတဲ့ ကိန်းကဏန်းလဲ ၊ ဒီ ချွတ်ချော်နေတဲ့ ဇာတ်လမ်းဟာ ဘယ်
လောက်အထိ ခံမလဲဆိုတာ မပြောတတ်ပါ ၊ စိုးရိမ်စိတ်နဲ့ နေထိုင်နေရမှာမျိုးကို ကျနော်ကတော့ မလို
လားသလို အခြားမိတ်ဆွေတွေကိုလည်း ဒီဝန်ထုပ် ဝန်ပိုးကြီးကို မထမ်းစေချင်ပါဘူး ။ (လင့်) 

(ပြီးတော့လည်း စုစုပေါင်း % က နတ်ကိုးကွယ်သူ မပါရင်တောင် ၁၀၄% ဖြစ်နေတာဟာ အစိုး
ဝက်ဘ်ဆိုဒ်တစ်ခုအတွက် သိပ်ပြီးကောင်းလှတယ်တော့ မဟုတ်ပါဘူး ။)


စကားကြုံခဲတဲ့ ညီအစ်ကိုတွေ

     ပြောမိမှတော့ ရခိုင်ညီအစ်ကိုများကိုလည်း နည်းနည်းပြောချင်ပါတယ် ။
     ကရင်နဲ့ ရခိုင်အမျိုးသားတွေဟာ လက်နက်ကိုင်တော်လှန်ရေးရော ၊ နိုင်ငံရေးအပိုင်းတွေမှာပါ လက်
တွဲ လုပ်နေကြတာ တွေ့ရပါတယ် ။ စူးရှပြင်းထန်တဲ့ စိတ်ဓါတ်တွေနဲ့ အမိန့်နာခံမှုမှာလည်း အင်မတန်
ကောင်းသူတွေပါ ။ လုပ်ပုံကိုင်နည်း လမ်းတည့်သွားရင် “ဝလူမျိုး”တွေထက်တောင် ပြည်မအာဏာပိုင်
တွေက အလေးထားရမယ့် သူမျိုးတွေပါ ။ မကြာခင်က ရခိုင်မိတ်ဆွေတစ်ယောက် ပြောပြချက်အရလည်း
ကာ မှီဝဲတဲ့ဖက်မှာ ကျနော်တို့ ကရင်တိုင်းရင်းသားတွေ လက်မြှောက်ရလောက်အောင် မြင့်မားတာ
ကတော့ ဂုဏ်ယူစရာတစ်ခု ဖြစ်သလို ၊ ဆင်ခြင်စရာ တစ်ခုလည်း ဖြစ်ပါတယ် ။

     စကားများရင် အမှားပါနိုင်တာမို့ အရှည် မရေးတော့ပါဘူး ။ ဒါပေမဲ့ ရခိုင်လူမျိုးများအနေနဲ့ ကနေ့
တွေ့ကြုံ လှုပ်ရှားနေကြတာတွေမှာ အဓိကပန်းတိုင်ဆီ မရောက်နိုင်အောင် လမ်းလွဲပေးတာတွေ ရှိမရှိ
ကိုတော့ ဆန်းစစ်ကြဖို့ စေတနာနဲ့ လက်တို့ချင်ပါတယ် ။ ရခိုင်စာပေနဲ့ ယဉ်ကျေးမှုတွေကိုတောင် လွတ
လွတ်လပ်လပ် လေ့လာသင်ယူခွင့် မရှိတာကို ဘာမှမပြောမဆို စိတ်မဝင်စားပဲ ၊ လိုချင်တာတွေကျမှ
ဝင်စွက်သူတွေကိုလည်း သတိတော့ ပြုစေချင်ပါတယ် ။ ဧရာဝတီကိစ္စအတွက် ဆွေ့ဆွေ့ခုန်နေသူ
တွေဟာ သံလွင်မြစ်နဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းလို အခြားကိစ္စတွေမှာတော့ လုံးဝစိတ်မဝင်စားကြ
တာ သတိထားမိ နိုင်ကြပါတယ် ။ ရခိုင်မှာလည်း သဘာဝဓါတ်ငွေ့နဲ့ သမိုင်းဝင်နေရာ ဖျက်ဆီးမှုတွေ
ကစပြီး ကိစ္စတွေ အများကြီးရှိတာ နားလည်ပါတယ် ။ အဓိကကျတာတွေကို မျက်ခြေမပြတ်ကြဖို့နဲ့
ဆွေးနွေးညှိနှိုင်းပြီး တရားဥပဒေနဲ့ သွားသင့်တာတွေကိုလည်း ထည့်တွေးကြဖို့ပါ ။

ဒီမိုတွေဆိုရင် ကြိုးစားပမ်းစား ပြစ်ချက်ရှာနေရသူ ပြည်ချစ်သားကောင်းအချို့ စိတ်ချမ်းသာစေဖို့

     ကျနော် ဝန်ခံချင်တာတစ်ခု ရှိပါတယ် ။ ကျနော်ဟာ ဒေါ်လာစားတစ်ယောက်ပါ ၊ ဘုရားပစ် မိုးကြိုး
စူးပါ ။ သြစတြေးလျနိုင်ငံမှာ Centerlink လို့ခေါ်တဲ့ လူမှုဖူလုံရေးဋ္ဌာနက ဒေါ်လာတွေပေးနေပါတယ် ။
ကျနော်က ငါကျောင်းတက်နေတယ်လို့ အကြောင်းပြပါတယ် ။ အဲဒီက ဝန်ထမ်းကလည်း လက်ခံလိုက်
ပြီး ဒေါ်လာတွေ နှစ်ပတ်တစ်ခါ မှန်မှန်ပေးတော့တာပါပဲ ။ ကျနော့်လိုပဲ ကျောင်းတက်လို့ ၊ အသက်ကြီး
လို့ ၊ မသန်မစွမ်းလို့ ၊ နေမကောင်းလို့ ၊ အလုပ်မရှိလို့ဆိုပြီး ဒီဋ္ဌာနမှာ ထောက်ပံ့ကြေးတွေ လာတောင်း
ကြပါတယ် ။ စုစုပေါင်းလိုက်ရင် အယောက်ပေါင်း သိန်းနဲ့ချီရှိပါတယ် ၊ သန်းကဏန်း ကျော်ချင်လည်း
ကျော် နိုင်ပါတယ် ။ သူတို့ကိုလည်း ဒေါ်လာတွေချည်း ပေးတာပါပဲ ။ တစ်ခါတစ်ရံလည်း တွေးမိတယ် ၊
ဒေါ်လာ စားချင်းအတူတူ သူတို့က ဘာလို့ မြန်မာအစိုးရ မကောင်းကြောင်း ထိုင်ပြောမနေကြပါလိမ့်လို့ ။
[(လင့် ၁)  (လင့် ၂) ]

     လောကကြီးကပဲ ဆန်းကျယ်လေသလား ၊ ကျနော်ပဲ ဥာဏ်မမီလေသလား ၊ အချို့လူတွေကပဲ တီ
ကောင်ကို နဂါးလုပ်ချင်နေကြသလား မဝေခွဲတတ်တော့ပါဘူး ။

ဒရာကူလာ the impaler

     ဖေ့ဘွတ်မှာ နိုင်ငံတော်ကို ချစ်မြတ်နိုးဟန် ပေါ်သူတစ်ဦးက ပြောတာကို ဖတ်မိပါတယ် ။
     “မြန်မာပြည်မှာ သောင်းကျန်းသူတွေ စုစုပေါင်းလိုက်မှ ၇ သောင်းလောက်ပဲ ရှိတာပါ ။ အားလုံးကို
အမြစ်ဖြတ် ချေမှုန်းပစ်ရမယ်” လို့ ဆိုပါတယ် ။ သူပုန်တွေကို ဆိုလိုဟန် ရှိပါတယ် ။

     ကျနော် မျက်လုံး နည်းနည်းပြူးသွားပါတယ် ။ ကျနော်တို့ ဘားအံမြို့ဆိုရင် ငယ်စဉ်က စုစုပေါင်း
လူဦးရေဟာ တစ်မြို့လုံးမှ ၆ သောင်းကျော်ပဲ ရှိပါတယ် ။ စိတ်ကူးကြည့်တယ် ၊ ကျနော်တို့ တစ်မြို့လုံး
ဟာ စစ်တိုက်နိုင်တဲ့အရွယ် ယောက်ျားချည်းရှိပြီး အားလုံးဟာလည်း လက်နက်ကိုင်ထားကြတယ် ဆို
ပါတော့ ။ “တစ်မြို့လုံးကို တစ်ယောက်မကျန်သတ်ပစ်”လို့ ပြောထွက်ဖို့ဆိုတာ တော်တော် အသည်း
နှလုံး အေးစက်မာကျောဖို့ လိုလိမ့်မယ် ထင်ပါတယ် ။ ဒါမှမဟုတ် အဲဒီလို မတွေးပဲ ၊ လက်လွတ်စပယ်
ပြောလိုက်တာဆိုရင်တော့လည်း အတော်လေးကို တာဝန်မဲ့သူတစ်ယောက်လို့ ဆိုရင် ရနိုင်မလား ။
အဲဒီလိုလူမျိုးမှာ သူ့မိသားစုဝင်တစ်ယောက်လောက် သူ့ရှေ့မှာ ရက်ရက်စက်စက် အလုပ်ခံရတာကို
ပြုံးပြီးကြည့်နေနိုင်မလား ၊ အတွေးနယ် ချဲ့မိတာပါ ။

အမေ့ခံ

     စိတ်တွေက ဟိုခုန်သည်ပြေး ၊ ပူပန်မှုတွေကလည်း ထူထပ်နေချိန်မှာ မပြောဖြစ်ခဲ့တာ ၊ မေ့သလို
ဖြစ်နေခဲ့တာ တစ်ခု ရှိပါတယ် ။ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေနဲ့ ပတ်သက်လို့ပါ ။

     ဘန်ကောက်မှာ လုပ်နေသူ မိတ်ဆွေတွေကို ကျနော် နောက်နေကျစကားတစ်ခု ရှိပါတယ် ။ ဘန်
ကောက်ကို “ကျိန်စာသင့်တဲ့မြို့”လို့ နာမည်ပြောင်ပေးခဲ့တာပါ ။ မြို့ပတ်ပတ်လည်မှာ မိုးရွာနေပေမဲ့
ဒယ်အိုးလိုဖြစ်နေလို့ ပူလောင်နေပုံရတဲ့ မြို့လယ်ပိုင်းမှာတော့ မိုးအုံ့ရုံလောက်ပဲ ရှိနေတတ်တာက အဲ
ဒီလို နာမည်ပြောင် ပေးရခြင်းရဲ့ အကြောင်းရင်း တစ်ရပ်ပေါ့ ။ ထိုင်းနိုင်ငံမှာ လောဘနောက်လိုက်ကြ
ရင်း သဘာဝပတ်ဝန်းကျင်နဲ့ အခြားအကျိုးဆက်တွေကို မျက်ကွယ်ပြုခဲ့ကြတာတွေ ၊ အကျင့်ပျက်
ချစားမှုတွေ ၊ တာဝန်မယူမှုတွေကို စာရင်းလုပ်ရင် ကုန်နိုင်စရာ မရှိဘူးထင်ပါတယ် ။ (လင့်) 

     ထားပါတော့ ။ ခုတော့ အဲဒါတွေရဲ့ အကျိုးဆက်တစ်ခုလို့ ပြောနိုင်တဲ့ ရေလွမ်းမှုဟာ ဘန်ကောက
မြို့နဲ့ အချို့နယ်တွေမှာ သက်ရောက်မှု အတော်ရှိနေပါတယ် ။ မြန်မာပြည်က သန်းနဲ့ချီတဲ့ အလုပ်သ
မားတွေထဲက ဒုက္ခရောက်ရသူတွေလည်း အများကြီးရှိမှာပါ ။ သူတို့အတွက် ဒီကနေ့အထိ ဘာမှ မပြော
ဖြစ်ခဲ့တာ စိတ်ထဲမှာ မလုံမလဲ ဖြစ်မိတယ် ။ မနက်ဖြန် ရွှေ့လို့ရတဲ့ ကိစ္စတွေ အများကြီး ရှိတဲ့ကြားမှာ
တောထဲမှာ ပြေးလွှားနေရသူတွေ ၊ တစ်နေ့စာ ဝမ်းစာရှာနေရသူတွေနဲ့ အခုရေလွှမ်းခံရတဲ့ အကျိုးဆက်
တွေကို ရွှေ့လို့မရဘူး မဟုတ်လား ။

     ဒါတွေနဲ့ပတ်သက်လို့ ကျနော် နှုတ်ဆိတ်နေခဲ့မိတာကို အသိအမှတ်ပြုပါတယ် ၊ တောင်းလည်း
တောင်းပန်ချင်တယ် ။ နောင် တတ်နိုင်တဲ့ အခါတွေမှာ ညီအစ်ကို မောင်နှမ မိတ်ဆွေတွေဆီ မမေ့
မလျော့ အရောက်လာခဲ့ပါ့မယ် ။


မန်းကိုကို
၁၅ ၊ ၁၁ ၊၂၀၁၁

No comments:

Post a Comment