ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Saturday, September 7, 2013

စုမှတ် တိုထွာ



   ဆန်းဆန်းရယ်တော့ ထူးလှတယ် မဟုတ်ပါ ။
   စိတ်ထဲပေါ်တာလေးတွေ ချရေးထားခဲ့တာတချို့နဲ့ ထပ်ဖြည့်ထားတာလေးတချိုကို စုစည်းလိုက်တာ
ဆိုပါစို့ ။
   လုပ်ရိုးစဉ်အတိုင်း Facebook ကနဲ့ လတ်တလော စိတ်ထဲရှိတာတွေဖြစ်ပြီး ၊ အရင်လို အချိန်များများ
မပေးနိုင်တာကြောင့် စာမချောတာနဲ့ ဟာကွက်ဖြည့်ထားတာတွေဖက်မှာတော့ အားနည်းပါလိမ့်မယ် ။

(၁) "မုန့်"ဆိုရင် ဝေမစားနိုင်တဲ့ လူမှုအသိုင်းဝိုင်း တစ်ခုအတွက်

   ကမ္ဘာမှာ တရုတ်အင်အားကြီးလာတာ လူတိုင်းလိုလိုအသိ ။
   မသိတာက - ဘာတွေဖြစ်လာမလဲ ဆိုတာပဲ ။

   ဒုတိယကမ္ဘာစစ်အပြီးမှာ စစ်ဒဏ်နဲ့ဝေးပြီး စီးပွားရေးအတောင့်တင်းဆုံး အမေရိကန်နိုင်ငံဟာ မဟာ
အင်အားကြီးနိုင်ငံ ဖြစ်လာခဲ့တယ် ။ အကြောင်းရင်းခံ အမျိုးမျိုးရှိပေမယ့် ၊ စီးပွားဥစ္စာရဲ့ အရေးပါပုံက အ
တော်လေး အဓိကကျတယ် ။

   ခုနေ အမေရိကန်ဟာ ကောင်းတာတွေ အများကြီးလုပ်နေသလို ၊ သူ့ရဲ့ အဆိုးအမှောင်ဖက်အခြမ်း
လည်း ရှိနေတယ်ဆိုတာ ပကတိတရားဖြစ်လို့ လက်ခံရမယ် ။ သူ့အနေနဲ့ ရည်ရွယ်သည်ဖြစ်စေ ၊ မ
ရည်ရွယ်သည်ဖြစ်စေ အကျိုးဖြစ်သူ ထိခိုက်နစ်နာသူတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ရှိနေတယ် ။ အ
ထူးသဖြင့် အနီးနားက နိုင်ငံတွေမှာ သက်ရောက်မှုတွေ အများကြီးဖြစ်နေတယ် ။

   ရှေးကကော …. ။
   ရောမ ၊ အင်္ဂလန် စသည်ဖြင့် ကမ္ဘာ့အစိတ်ပိုင်းတစ်စုံတစ်ခုအထိ လွှမ်းမိုးခဲ့တဲ့ မဟာအင်အားကြီးတိုင်း
ပြည်တွေ - သူတို့ ဘယ်လို အင်အားကြီးလာခဲ့လဲ ၊ ဘာတွေလုပ်ခဲ့ပြီး ဘာတွေ ဆက်ဖြစ်ခဲ့လဲ ….. ။
………………………………………………..

   ဒါကိုမှီပြီး မှတ်ချက်ပေးရရင် …….
   မြန်မာပြည်မှာ ‘လူများစု’တွေဟာ ‘လူနည်းစု’တွေနဲ့ ရှိထားတဲ့“မုန့်”တွေကို ဝေစားမျှစားဖို့ရာ ၊ အချိန်မီ
မဖြစ်မနေ စိတ်ထားတတ်ရတော့မယ် ။

   မထားဘူးဆိုရင်ကော ဘာဖြစ်မလဲ .. ဟုတ်လား ……
   အင်မတန် ရှင်းပါတယ် ၊
   အဲဒါကတော့ - လာမယ့် ဆယ်စုနှစ် တစ်ခုနှစ်ခုအတွင်းလောက်မှာ တရုတ်ဟာ (မမျှော်မှန်းနိုင်တဲ့ ရှုပ်
ထွေးမှုတွေနဲ့) မဟာအင်အားကြီးနိုင်ငံ ဖြစ်လာတော့မယ် ။

   အဲဒီအခါကျ ၊ မြန်မာပြည်က ဝါးလုံးခေါင်းထဲ လသာခဲ့သူတွေ ….
   တရုတ်နဲ့ မျက်နှာချင်းရင်ဆိုင်ဖို့ ကြိုးစားရင် … ဒူးထောက် မျက်နှာအပ်ပေးရလိမ့်မယ် …. ၊
   တရုတ်ကို ကျောခိုင်းပြန်ရင်လည်း … လေးဘက်ထောက်ပေးရလိမ့်မယ် …. ။

   ရိုင်းတယ်ထင်လား ၊
   တစ်ဘို့ပဲကြည့်နေရင် ဒါဟာ ရှောင်လွဲလို့မရတဲ့ကိစ္စပဲ ။
   အဲဒီကျ ထုံးစံအတိုင်း အားနည်းသူတွေကို လက်ညှိုးလှည့်ထိုးလည်း မထူးတော့ဘူး ။
   ဒီလိုဖြစ်အောင် လူတစ်စုကလုပ်တာ ၊ ငါတို့ကြောင့် မဟုတ်ဘူးဆိုပြီး ဆင်ခြေပေးလို့လည်း မရတော့ဘူး ။

   ငါ့သားမြေးတွေပဲ ခံရမှာ ၊ ငါအနေသာကြီးဆိုရင်တော့လည်း …
  OK ပါ ၊ တူပျော်ပျော်ပေါ့ဗျာ ။
 ................................................................................................

   ဖြစ်နိုင်ခြေတွေ အများကြီးထဲက တစ်ခုကိုပြောရရင် -
   လူနည်းစုတွေထဲက ပြင်ပအင်အားစုကြီးတွေကို အားထားပြီး ၊ ကိုယ်ပိုင်အင်အားသော်၎င်း အခြေနေ

တစ်ရပ်ကိုသော်၎င်း ထူထောင်ဖို့ မဖြစ်မနေ ကြိုးစားလာကြရလိမ့်မယ် ။ ခုမဖြစ်လည်း တစ်ချိန်မှာ အခွင့်
အလမ်းဆိုတာ ပေါ်လာနိုင်တာပဲ ။ လက်ရှိမှာ "ဝ"တွေရဲ့နမူနာကို ကြည့်လို့ရတယ် ။

   ဗိုလ်ချုပ်အောင်ဆန်းက ဂျပန်တွေ ခေါ်သွင်းလာတယ် ။
   ဟာ .. ဒါ ပရိယာယ်ပေါ့ ။
   အကယ်၍ အပေါ်ကပြောသလို လူနည်းစုတွေက တစ်ဖွဲ့ဖွဲ့ ခေါ်သွင်းလာရင်တော့ ဘယ်ပြောကောင်း

မလဲ .. နိုင်ငံဖြိုခွဲမယ့် အသားထဲက'လောက်' သစ္စာဖေါက်တွေပေါ့ ။
   ဒါပေမယ့် ဘယ်က ဘာသစ္စာတွေ ရှိရမှာလဲ-ဆိုတာမျိုးကစပြီး စစ်စစ်ပေါက်ပေါက် ဆက်မေးခွန်းထုတ်

လိုက်ပြန်ရင် ရှူးရှူးရှားရှား ပိုဖြစ်လာတာကလွဲပြီး ကျိုးကြောင်းကျတဲ့အဖြေမျိုး ထွက်မလာပြန်ဘူး ။
   အခြားနေရာတွေမှာသာ "ကံကံ၏အကျိုး"ဆိုတာကို လက်ခံကောင်းခံမယ် ၊ ဒီနေရာမှာတော့ မျက်စေ့

တွေက တိမ်ဖုံးနေကြတယ် ။

[ချွင်းချက်က ဟိုခေတ်နဲ့ဒီခေတ် အားလုံးတူမယ်ပြောလို့တော့ မရဘူးပေါ့ ။
ဝင်လာမယ့်ဆရာသမားတွေက ဂျပန်တွေတုန်းကလို ပြန်ထွက်ချင်မှ ထွက်တော့မယ် ။
ဒါ့ပြင် ဒီခေတ်မှာက လူနဲ့လာတိုက်တဲ့ခေတ်လည်း မဟုတ်တော့ဘူး ။
အဝေးကနေပြီး သူတို့ဆီ ဒူးလာထောက်အောင်လုပ်တဲ့ ခေတ်ဖြစ်နေပြီ ။]

 
ခက်တာက အခြားတစ်ဖက်မှာလည်း - ဘယ်ပုံဘယ်နည်း ဘယ်အခြေနေမှာမှ "မုန့်"တွေကို လက်မ
လွှတ်ပါဘူး ဆိုသူတွေက ကြီးစိုးမင်းမူနေတယ် ။
   တစ်နည်းအားဖြင့် ဝင်္ဂဘာထဲက လွှတ်လမ်းမရှိဘူး ။

    ဒီပြဿနာထဲ ခွဲခြမ်းကြည့်ရင် လူများစုလူမှုအသိုင်းဝိုင်းထဲမှာ -
- တစ်ဘို့ထဲမှ တစ်ဘို့ထဲဆိုတဲ့ တစ်စု ၊
- မသိသလို အိယောင်ဝါး လုပ်နေသူတွေက တစ်စုနဲ့ ၊
- သိလည်းသိ ပြောင်းလဲဖို့လဲ ကြိုးစားနေတဲ့ (လက်တစ်ဆုပ်စာ) တစ်စုဆိုပြီး ကွဲနေကြတာပဲ ။

   တတိယအစု အားနည်းနေသမျှ ကာလပတ်လုံးတော့ ကမ်းမမြင်လမ်းမမြင်ပဲ ။


 ၂၉ ၊ ၀၇ ၊ ၂၀၁၃
-----------------------------------------------------------------------------------------


(၂)  မိတ်ဆွေကြီးတစ်ယောက် အရင်လိုစိတ်မျိုး ထားနိုင်ဦးမလား

   မလေးရှားမှာ ဗမာမွတ်ဆလင်တစ်ဦးနဲ့ ၁၀ လလောက် အတူအလုပ်လုပ်ဖူးတယ် ။
   နောက်ဖေးခန်းမှာနေ ၊ အိမ်ရှေ့အလုပ်ရုံမှာ အလုပ်လုပ် ၊ အတူစုချက်စားပေါ့ ။

   အမှန်က "ဗမာမွတ်ဆလင်"ဆိုတာ သူပြောမှ စပြီးရင်းနှီးလာတာ ။
   ပျဉ်းမနားသား ၊ ကိုယ့်ထက်အသက်ကြီးပြီး စိတ်ရှည် သဘောကောင်း လူကြီးဆန်သူပါ ။
   ဘာကုလားစကားမှ မသိဘူး ။ ဘာနိုင်ငံနဲ့မှလည်း အဆက်စပ်မရှိဘူး ။

   နောက်ပြီး သူ့မိန်းမကလည်း ဘာသာတူပဲ ။
   ဒါ့ပြင် မိန်းမဖက်က စစ်မှုထမ်းတွေပါ ။
   ဒါပေမယ့် မွတ်ဆလင်ဆိုသည်အတိုင်း တစ်ယောက်မှတော့ ဗိုလ်မှူးအဆင့်ထက် မပိုခဲ့ကြဘူး ။
   ဒါကိုလည်း သူတို့ကျေနပ်နေခဲ့ကြတယ် ။

   မလေးရှားမှာ တရုတ်ပုံပေါက်နေတဲ့ ကိုယ့်ကို ၊ လူတိုင်းလိုလိုက 'တရုတ်လား'လို့ မေးလေ့ရှိတယ် ။
   မေးတိုင်းလည်း ကိုယ်က မြန်မာပြည်က ကရင်လူမျိုးဖြစ်ကြောင်း ပြောပြလေ့ရှိတယ် ။

   ဒါကို ကျနော့်ရဲ့ ဗမာမွတ်ဆလင်မိတ်ဆွေကြီးက ပြုံးပြီးပြောတယ် ။
   "မင်းကွာ ၊ ဗမာလို့ပြောလိုက်လည်း ပြီးတာပါပဲ" တဲ့ ။
   သူကတော့ သူ့ကိုယ်သူ ဗမာလို့ခံယူတာကြောင့် ၊ ဗမာလိုပဲတွေးတာလို့ နားလည်လက်ခံပေးခဲ့တယ် ။

   စကားစမြည်တွေ ပြောဖြစ်တော့ ၊ ကရင်တွေရဲ့ဒုက္ခကို ပြောပြဖြစ်တယ် ။
   သူက "စစ်ဦး ဘီလူးပေါ့ကွာ" လို့ဆိုတယ် ။
   ကျနော်က "စစ်ဦးဘီလူးကလည်း နှစ် ၅၀ ကျော်နေပြီ ၊ စစ်ဦးတုန်းပဲလား" လို့ဆိုတော့ သူပြုံးပြီး အ
သာငြိမ်နေလိုက်တယ် ။

   ခုတော့ နှစ်ပေါင်း ၂၀ ကျော်စပြုခဲ့ပြီ ။
   အင်မတန် ခင်မင်စရာကောင်းတဲ့ ကျနော့်မိတ်ဆွေကြီး ၊ ဗမာလူမျိုး ဗမာပြည်ကိုချစ်တဲ့ ဗမာမွတ်ဆ
လင်ကြီး ... သူကိုယ်တိုင် မခံရလောက်ပေမယ့် ၊ သူနဲ့ ဆက်စပ်နေသူတွေကတော့ ဒုက္ခပင်လယ် ဝေ
နေခဲ့ကြရပြီ ။

   ဒီကနေ့ ပြန်တွေ့ကြမယ်ဆိုရင် ......
   ကျနော့်မိတ်ဆွေကြီး ဘယ်လိုတွေပြောမလဲ ................... ။

၁၅ ၊ ၀၇ ၊ ၂၀၁၃
----------------------------------------------------------------------


(၃) တစ်ရံခါကြား ပြောစကား

   အွန်လိုင်းမှာ ကြိမ်ခါများစွာတွေ့ဖူးတဲ့ စကားလေးတစ်စုရှိတယ် ။
   “ခုလုပ်နေပြီလေ” - ဆိုတာလေးပါ ။
   အထူးသဖြင့် စစ်ဗိုလ်ပေါက်စလေးတွေ ပြောတတ်ကြတဲ့ စကားပါ ။
   စစ်တပ်က အမြဲတမ်းချုပ်ကိုင်ထားခဲ့တဲ့ ပြည်မအစိုးရနဲ့ပတ်သက်ပြီး ပြောကြတဲ့အခါ တုန့်ပြန်ကြပုံ
လေးပေါ့ ။

   သက်လတ်ပိုင်းကျနော့်အနေနဲ့ သိတတ်လာစအရွယ် (ဆယ်ကျော်သက်) ကတည်းကစပြီး တွေ့
ကြုံခဲ့တာတွေကိုမှီပြီး အတိုဆုံးချုံးပြောရရင် - မင်းတို့တွေ အရမ်းငယ်သေးလို့ပါ - လို့ ပြောရလိမ့်မယ် ။

   ရွဲ့တယ် ထင်ကောင်းထင်မယ် ၊ နှိမ်တယ် ပြောကောင်းပြောမယ် ။
   အမှန်က ရိုးရိုးသားသား အမှန်အတိုင်း အတိုချုပ်ထားရုံပါ ။

   ရှင်းရမယ်ဆိုရင် - ကျနော်ဟာ မဆလခေတ်မှာ မဆလမိသားစုက ပေါက်ဖွားလာခဲ့တယ်ဆိုတာ ဒီ
မှာလာဖတ်ဖူးသူ အများစုက သိမှာပါ ။
   ဒီတော့ မဆလမှာ အထက်ပိုင်းရာထူးတွေကို ဘယ်သူတွေက ရယူထားခဲ့သလဲ ၊ ချုပ်ကိုင်ထားခဲ့သ
လဲမေးရင် - ‘စစ်တပ်’ပဲဆိုတာ လူတိုင်းသိတဲ့ကိစ္စပါ ။ ပါတီကောင်စီတွေမှာ စစ်တပ်က ခေတ္တခဏ ၊ အ
ငြိမ်းစား ၊ အရပ်ဝတ်လဲ ၊ ဌာနပြောင်း စသည်ဖြင့် ပုံစံအမျိုးမျိုးနဲ့ နေရာယူထားခဲ့ကြတယ် ။ လက်တစ်
ဆုပ်စာ အရပ်ဖက်က တက်လာသူတွေအနေနဲ့ ၊ အကန့်အသတ်အတွင်းမှာသာ လုပ်ကိုင်ခဲ့ကြရတာပါ ။
တစ်နည်းအားဖြင့် အသုံးခံ ခေါင်းခံ ကြားခံအနေနဲ့ တာဝန်ယူခဲ့ကြရုံပါ ။

   ကွာတာကတော့ အဲသည်အချိန်တုန်းက ဆိုရှယ်လစ် ဝါဒလက်ကိုင်လေးနဲ့ လုပ်ကိုင်ကြတဲ့အခါကျ
တော့ ၊ နိုင်ငံအတွက် ပြည်သူအတွက် ဘာညာဆိုပြီးတော့ ရိုးသားတက်ကြွစွာ လုပ်ခဲ့ကြသူတွေ ရှိခဲ့ပါ
တယ် ။
   သည်တော့ ဘာမှ မလုပ်ခဲ့ဘူးလားလို့ မေးရင် “လုပ်ခဲ့ပါတယ်”လို့ပဲ ပြောရလိမ့်မယ် ။
   လုပ်ခဲ့တာမှ ယုံကြည်ချက်နဲ့ တက်တက်ကြွကြွ လုပ်ခဲ့ကြတာပါ ။

   ဒါဆိုဟုတ်ပြီ ၊ နဝတ နအဖ လက်ထက်တွေမှာရော မလုပ်ဖူးလားလို့မေးရင် - ‘သူတို့လည်း လုပ်တာ
ပါပဲ’လို့ ဖြေရလိမ့်မယ် ။ ဒါ အရှိတရား ။

   ဒါပေမယ့် တောက်လျှောက်ရှိလာခဲ့တဲ့ပြဿနာက - ပြည်သူ့ဆန္ဒအစစ်မှန်တွေနဲ့ အကောင်ထည်ဖေါ်
တဲ့ စနစ်တွေနဲ့ အပုံကြီးကွာပြီး ၊ မဖြစ်လို့သာ လုပ်နေကြရတာ ၊ မသေအောင် ဆန်ပြုတ်လေး တစ်ဇွန်း
နှစ်ဇွန်ကျွေးသလောက် လုပ်ပုံမျိုးဖြစ်နေတာ ၊ လုပ်လည်းလုပ်သလောက် နိုင်ငံချွတ်ခြုံကျဖို့ဖက်သာ ဦး
တည်နေခဲ့တာတွေဟာ စာရွက်ဖြူပေါ်က အမဲစက်ထက်ကို ပေါ်လွင်ထင်ရှားပါတယ် ။

   ဒီတော့ “ခုလုပ်နေပြီလေ” လို့ဆိုကြတဲ့ မိတ်ဆွေလေးတွေကို ဘယ်လိုပြောရမလဲ ၊ ပြောသင့်သလဲ ။

   ခု တိုးတက်နေပြီလို့ ယူဆရမှာလား ။
   “နိုင်ငံချွတ်ခြုံကျခဲ့တဲ့ ၊ အဖက်ဖက်မှာ အဖြေမရှိခဲ့တဲ့ ရာစုနှစ်ဝက်ကျော်ကို စစ်တပ်ဆီက ဆင်းသက်
လာတာ မဟုတ်ဘူး”လို့ ဝိုင်းကူပြောပေးရမလား ။
   “စစ်တပ်က ထွက်ပြီးလူနဲ့ စစ်တပ်ထဲကလူ မတူဘူး”လို့ ဇွတ်လက်ခံပေးရမှာလား ။

   “အရင်လုပ်ခဲ့တာတွေနဲ့ အခုလုပ်နေတာတွေဟာ ဆန့်ကျင်ဖက်”လို့ မျက်စိမှိတ် ယုံလိုက်ရမလား ။
   “ရှေ့က လုပ်ခဲ့တာတွေကို တစ်ဖွဲ့တည်းလို့ဆိုနိုင်မယ့် နောက်လူတွေက တာဝန်ယူစရာမလိုဘူး”လို့
ကြံဖန်ခွင့်လွှတ်ရမလား ။

   ကိုယ်ဟာ ပွန်းတွေလို ထိုးကျွေးခံခဲ့ရတဲ့ အသိုင်းဝိုင်းကနေ လာခဲ့တဲ့လူတစ်ယောက်အနေနဲ့ “အဲသည်
ပြောတဲ့လူငယ်တွေဟာ -ပွန်း-အဆင့်သာရှိပြီး ၊ လိုအပ်ရင် ထိုးကျွေးခံရမယ့်သူ မဟုတ်ဘူး” လို့ အရှိ
တရားနဲ့ဆန့်ကျင်ပြီး ဝိုင်းထောက်ခံပေးရမလား ။

   သေချာတာက ၊ သိတတ်ပြီးနောက် နှစ် ၃၀ ကျော်စာအတွက် ကျနော် အတိတ်မမေ့ပါ ။
   “ခုလုပ်နေပြီလေဆိုတဲ့ မိတ်ဆွေကလေးများအနေနဲ့လည်း တကယ်ကိုငယ်သေးလို့ မသိကြတာပါ ။
   ဒီလိုပဲနားလည်ပေးပြီး သိကြားစေလိုက်ပါတယ် ။
………………………………………………………………………

**  ဒီနေရာမှာ မဆလခေတ်ကို မသိမမှီသူလေးတွေအတွက် စကားနည်းနည်း ဝေမျှချင်တယ် ။
   အဲသည်ခေတ်မှာ ဘာတွေလုပ်ခဲ့ကြသလဲ ၊ ဘယ်လိုတွေ ကြိုးစားခဲ့ကြသလဲ သိချင်ကောင်း သိချင်မယ် ။
   ကျနော့်အမေကိုပဲ နမူနာထားပြောချင်တယ် ။
   သူဟာ ‘ဒေါ်နန်း’ကနေ ‘ဒေါ်လမ်း’လို့ ခေါ်ကြတဲ့အထိ ငွေကြေး(ဘတ်ဂျတ်) တစ်ပြားမှမရှိပဲနဲ့ကို လမ်း
တွေဖေါက် တံတားတွေဆောက်ခဲ့တယ် ။ ခုစာဖတ်သူသာ ကျနော်တို့ဇာတိဖက်ရောက်ရင် သူဖေါက်ခဲ့တဲ့
လမ်းတစ်လမ်းလမ်းပေါ်ကတော့ ဖြတ်သွားဖူးပါလိမ့်မယ် ။ ချွင်းချက်တစ်ခုကတော့ အများစုဟာ မြေလမ်း
တွေပေါ့ ။ ခုတော့ သူချပေးခဲ့တဲ့လမ်းကြောတွေပေါ်မှာ ကတ္တရာနဲ့ ဖြစ်လာကြပါပြီ ။
   ဘယ်လိုဆိုဆို ၈၈ အထိရောက်ခဲ့ပြီး ရာထူးနဲ့ လုပ်ပိုင်ခွင့်တွေပျောက်ပြီး ၊ တစ်ခေတ်စာ စနစ်အမှားရဲ့
အကျိုးဆက်တွေကို ပြန်မြင်ရမှကိုယ်တွေဟာ ပွန်းလေးတွေဆိုတာ သိလာခဲ့ရတယ်လေ ။ ဒါပေမယ့် ရာ
ထူးမရှိတော့တဲ့ ကျနော့်အမေမှာတော့ မြို့နယ်ဦးစီးဌာနလို နေရာတွေကို ဆောက်လက်စ လမ်းတံတား
တွေအတွက် သစ် ဘိလပ်မြေတို့လို အထောက်ကူတွေရဖို့ ၊ ရှိတဲ့ဖုန်းလေးနဲ့ တဂွမ်ဂွမ်ဆက်နေဆဲ ။

   ဒီတော့လည်း ရွေးကောက်ပွဲလုပ်တော့ သူ့နယ်မှာ NLD ကို ကပ်ရှူံးရုံလေး ရှူံးခဲ့တာ မဆန်းပေဘူးပေါ့ ။
   ရှေးရှေးတုန်းက လုပ်ခဲ့ကြပုံလေးပေါ့နော ။ ခုနေတော့ ဒီလောက်ပဲ အမြည်းရေးလိုက်ပါ့မယ် ။
   နောက်နောင်ကျ ဆက်ကြတာပေါ့ ။

၃၀ ၊ ၀၈ ၊ ၂၀၁၃
-----------------------------------------------------------------------------

(၄)  တိုစ

   ငြိမ်းချမ်းရေးဂုရုကြီးများ ပြောနေတဲ့ "ထာဝရငြိမ်းချမ်းရေး"ဆိုတာ တကယ်ရှိသလား ။ ရှိနိုင်သလား ။

   ဒါမှမဟုတ် "ပြည်ပအားကိုး ပုဆိန်ရိုး" ၊ "သောင်းကျန်းသူ အဖျက်သမား" ၊ "စည်းကမ်းပြည့်ဝသော
ဒီမိုကရေစီ" ၊ "အလင်းဝင်ခြင်း/ဥပဒေဘောင်အတွင်းဝင်ခြင်း/လက်နက်နဲ့ ငြိမ်းချမ်းရေးလဲလှယ်ခြင်း" ၊
"..... အပြစ်ပြတ် တိုက်ဖျက်/ရေးချေမှုန်းရေး" ဆိုတဲ့ စကားတွေလိုပဲ (ကိုယ့်ဖက်ယက်လို့ရအောင်နဲ့) နားထောင်ကောင်းအောင် တီထွင်ထားတဲ့ လေလုံး(rhetoric) များလား ။
.......................................................................

   မိထ္တီလာမှာ လူ့အခွင့်အရေး ကော်မရှင်လူကြီးကို "အတင်းအကြပ်တားဆီးပြီး" ပေးချင်တဲ့စာကို
လက်ထဲရောက်အောင်ပေးခဲ့ကြတယ်လို့ သိရတယ်  ၊ ကောင်းကြပါလေ့ ။

   အခြေနေ လာကြည့်ပါတယ်ဆိုပါမှ 'ခွဲခြားဆက်ဆံမှုနဲ့ ဖိနှိပ်အကြမ်းဖက်မှုတွေ ရှိနေတယ်'လို့ ၊ နိုင်
ငံတကာက နားလည်ထားတာတွေကို ၊ မှန်ကန်ကြောင်း မရမက သက်သေပြလိုက်ကြတာလို့ပဲ မြင်
တယ် ။
.......................................................................

- ကင်တားနားဟာ မြန်မာပြည်အတွက် သီးသန့်ခန့်ထားတာ ။
- ကင်တားနားမရှိလည်း နောက်တစ်ယောက် ခန့်ထားမှာပဲ ။
- ကင်တားနားဟာ တစ်စုတစ်ဖွဲ့အတွက် တကူးတကလာတာ မဟုတ် ။
- အစိုးရ သဘောတူလက်ခံလို့ ဒီရာထူးရှိနေတာ ၊ လာနေတာ ဖြစ်တယ် ။

   သူ့အလုပ်က ၊ မြန်မာပြည်မှာ လူ့အခွင့်ရေးတွေ အနေထားတိုးတက်ကြောင်း သက်သေပြဖို့ပါ ။
အဲဒါကို သူ့ကားကိုမှ တိုက်ခိုက်ခဲ့တာဟာ ပွဲသိမ်းရိုက်ချက်တစ်ခုပဲ ။

   "တိုက်ခိုက်တယ်"ဆိုတာကို စောဒကတက်ချင်သူတွေက အပုံကြီးဆိုတာ သဘောပေါက်တယ် ။
   ဒါက ဥပဒေမှာ "လက်ရောက်မှု"မျိုးနဲ့ နှိုင်းရလိမ့်မယ် ။ ကျနော် သူ့ကို လက်သီးနဲ့ထိုးတာ မဟုတ်
ပါ ၊ ပါးကလေး ပုတ်လိုက်ရုံပါလို့ တရားရုံးမှာ ဖြေရှင်းချက်ပေးလို့ မရပါ ။ "လက်ရောက်မှု"ဟာ "လက်
ရောက်မှု"ပါပဲ ။ ပြင်းထန်မှုအပေါ်မူတည်ပြီး ပြစ်ဒဏ်ချတာပဲ ကွာလိမ့်မယ် ။
.....................................................................
 
   "လူ့အခွင့်အရေး ကို ကြောက်သူများဟာ များသောအားဖြင့် လူ့အခွင့်အရေး ချိုးဖေါက်သူများ ဖြစ်
တယ်" လို့ ဖတ်မိတယ် ။

   ခုနေခါ နေရာအတော်များများမှာ တွေ့နေရတာက - 'သူတပါးကို အပုတ်ချမှု' ဆိုတဲ့ လူကျင့်ဝတ်
နဲ့မညီတဲ့ အခွင့်လမ်းမျိုးကိုတော့ ထပ်တလဲလဲသုံးပြီး ၊ လူ့အခွင့်အရေးတွေကျတော့ ခါးခါးသီးသီး
ဖြစ်နေသူတွေကို တွေ့နေရတယ် ။

   ဒေါက်တာအောင်ခင်ပြောသလို - လူ့အခွင့်အရေးကိုမကြိုက်ရင် မယူပဲနေလိုက်ပါ - ဆိုတာမျိုးကျ
ပြန်တော့လည်း ၊ မဟုတ်ပြန်ဘူး ။ သူတစ်ပါးထက်ပိုရုံမက အကြောင်းမဲ့ တိုက်ခိုက်ခွင့်အထိပါ တိုးယူ
ချင် လိုချင်ကြတယ် ။
   ဒါဟာ အာဏာရှင်စိတ်ဓါတ် အခြေခံအကျဆုံး အစိတ်ပိုင်းတစ်ခု
...................................................................

   လွန်ခဲ့တဲ့အပတ်အတွင်းက သက်မွေးစီးပွားဘာသာရပ်တွေသင်တဲ့ ဆရာတစ်ယောက်နဲ့ စကား
စမြည်ပြောဖြစ်တယ် ။ လေတပ်က ဒုတိယဗိုလ်မှူးကြီးရာထူးနဲ့ အနားယူပြီး ဘာသာစကား (၅) မျိုး ကျွမ်းကျွမ်းကျင်ကျင်ပြောတယ် ။ ကမ္ဘာလှည့် အလုပ်လုပ်လာသူတစ်ယောက် ။

   သူကပြောတယ် -
   "ဗမာပြည်ဟာ ရှေ့အလားအလာတွေ အများကြီးရှိတယ် ၊ ဒါပေမယ့် ရိုဟင်ဂျာတွေအတွက်တော့
ငါစိုးရိမ်မိတယ်" တဲ့ ။

    မြန်မာပြည်မှာ ဖြစ်နေတာတွေကို ပြင်ပက ဘယ်လိုမြင်သလဲ နမူနာတစ်ခုပါ ။
   ဆဲကြဆိုကြနဲ့ ကိုယ့်အချင်းချင်း အားပေးနေကြတာတွေဟာ ဒီလိုလူတွေအပေါ် မသက်ရောက်ပါ ။
.......................................................................

   ရှမ်းနီလူမျိုးအကြောင်း ဗီဒီယိုလေးကြည့်မှ မြန်မာပြည်မှာ ဗမာ ၆၅% ရှိတယ်ဆိုတဲ့အဆိုကို တွဲဖက်
စဉ်းစားစရာ ဖြစ်လာတယ် ။ 'ဗမာ' ၊ 'ရှမ်းဗမာ' စသည်ဖြင့် မှတ်ပုံတင်ထဲ အထည့်ထားခံကြရပေမယ့်
ပါတီဥက္ကဌလုပ်သူတောင် ဗမာစကားကြိုးစားပမ်းစား ပြောသွားရတာ သတိထားမိတယ် ။

   မြန်မာပြည်မှာ ဖြေရှင်းစရာတွေကို မျက်နှာလွှဲထားလို့လည်း ပျောက်မသွားပါဘူး ။
   လူများစုကနေ တစ်ယောက်တစ်လက် ပါဝင်ကြမှ ပြေလည်မှု မြန်ဆန်ပါလိမ့်မယ် ။

   တစ်ချိန်ထဲမှာ တိုင်းရင်းသားတွေကိုယ်တိုင်ကလည်း ကိုယ်ထူကိုယ်ထ လုပ်ကြဖို့လိုတယ် ။
   ဘယ်မျိုးနွယ်စုကြီးမဆို ဒါတွေကို သင်္ခန်းစာယူသင့်တယ် ။
   ကိုယ်ပိုင်အမှတ်သားနဲ့ ရပ်တည်ချင်တဲ့ လူမှုအသိုင်းဝိုင်းတွေကို လေးစားအလေးထားပြီး ၊ ကိုယ်တွေ့
ခံရတာကို ပုခုံးလွှဲမချပေးဖို့လည်း အရေးကြီးတယ် ။

၃၀ ၊ ၀၈ ၊ ၂၀၁၃
..........................................................................

(ဝါဒဖြန့် အပုတ်ချ အမျိုးကောင်းသားများ ထွက်လာရာ တည်နေရာပြပုံ)
(၅)  မှောင်ရိပ်ခိုလူသား

   စာဖတ်သူ မြန်မာပြည် နေရာတစ်နေရာကနေ IP ဘယ်နှစ်ခု အသုံးပြုနိုင်မယ်လို့ ထင်ကြပါသလဲ ။
   အောက်မှာကတော့ ကျနော့် c-box မှာ အားမနာပ အမျိုးမျိုးလာပြောသွားတဲ့ IP နံပါတ်အချို့ပါ ။

61.4.77.171              61.4.77.177             122.248.100.117
122.248.101.16        122.248.100.170       122.248.100.185
122.248.100.237       122.248.102.26        122.248.102.33
122.248.102.42        122.248.100.54        122.248.100.58
122.248.100.65        122.248.100.71        122.248.100.77
122.248.102.8          122.248.102.80        122.248.100.81
122.248.100.82        122.248.100.82        122.248.97.117
122.248.99.1           122.248.99.148        122.248.99.154
122.248.99.167        122.248.99.173        122.248.99.182
122.248.99.200        122.248.98.40          122.248.99.7
122.248.99.72          122.248.99.85          122.248.99.94
 122.248.99.57              122.248.100.212

   သူတို့ရဲ့ သာမန်နဲ့ မတူတဲ့အချက်တွေက -

- ရန်ကုန်ကမဟုတ်ပဲ ရှမ်းပြည် မုံးဆူးဖက်နားက အားလုံးထွက်လာတယ် ။
- တစ်မိနစ်လောက်အတွင်း IP ၂ ခုကနေ ၅ ခုလောက်အထိ ပြောင်းသုံးတယ် ။
- စာသားတွေက လေတစ်သံထဲပဲ ။
- နာမည်တစ်ခုထဲဖြစ်ပြီး စာတွေလည်းတူပေမယ့် IP ကျတော့ မတူဘူး (သို့မဟုတ်) ချက်ချင်းပြောင်း
  သုံးတယ် ။
- IP တစ်လုံး ban လိုက်ရင် နောက်တစ်လုံးကနေ ချက်ချင်းထပ်တက်တယ် ။

   ဒါ့ပြင် -

- နာမည်မဖေါ်တာ အသာထား ၊ ကျိုးသင့်ကြောင်းသင့်မဟုတ်ပဲ တစ်ဖက်သတ်စွပ်စွဲတာတွေ လုပ်တယ် ။
- ကျနော် တစ်ခါမှ မသုံးဖူးတဲ့ ၉၆၉ တို့ ၊ စစ်ခွေးတို့ဆိုတာမျိုးတွေကို ကျနော်အမြဲပြောသယောင် အ
  ကွက်ဆင်တယ် ။
- ကျနော့်ကို ၈၈ ကျောင်းသားအဖွဲ့နဲ့ဆိုင်သယောင် တိုက်ခိုက်တယ် ။
- လူမျိုးကိုခုတုံးလုပ်ပြီး ဆွတယ် ။
- ဘာသာရေး အထင်လွဲအောင်ပြော ၊ လင့်တွေလိုက်တင်တယ် ။
- မွတ်ဆလင်ယောင်ဆောင်ပြီး စာတွေလိုက်ရေးတယ် ။
- ကျနော့်ကို ဘလော့အတော်များများမှာ အပုတ်လိုက်ချတယ် ။

   ကျနော့်အနေနဲ့ မကြုံဖူးသူတွေကို သိအောင်ပြောပြရုံပါ ။
   သာမန်အနေထားမှာ အချိန်အများကြီးပေးပြီး ဒီလိုလူတွေကို တုန့်ပြန်မနေပါဘူး ။
   ဖုန်းတစ်ခါဆက်ရုံနဲ့ သိနိုင်တာတွေရှိပေမယ့် ၊ အလုပ်ရှုပ် မခံပါဘူး ။
   ကိုယ်ရေးတာမဖတ်ပဲ ၊ တိုက်ခိုက်ရမယ့်လူတွေကို ရောကောသောကော လုပ်ပြီးပြီးရော လုပ်သွားတဲ့
သူ (သို့) သူတွေကို ဂရုစိုက်လည်း အကျိုးများမယ် မထင်ပါ ။ အခြားနေရာတွေမှာ ကိုယ့်ကို အပုတ်လိုက်
ချတာမျိုးဟာလည်း လူသိများအောင် ကြေငြာပေးသလိုတောင်ဖြစ်ပြီး ၊ စွပ်စွဲချက်တွေကြောင့်လည်း
ကိုယ့်လူမျိုးကအစ ဘာသာအမျိုးမျိုးထဲက မကောင်းတဲ့အပိုင်းတွေကို ထောက်ပြဖို့လည်း တွန့်နေမှာ
မဟုတ်ပါ ။

   တစ်ဖက်မှာ သတိပြုစရာက ဒီသြစတြေးလျမှာ ကိုယ့်ကြိုက်တဲ့ IP ကနေ ကြိုက်သလိုလုပ်ခွင့် မရှိပါဘူး ။
   အထူးသဖြင့်အိမ်တွေမှာ IP တစ်ခုပဲရှိပါတယ် ။ အပုတ်လိုက်ချသူတွေထင်သလို ကိုယ်လည်း သူတို့လို
လိုက်လုပ်လိမ့်မယ် ဆိုတာမျိုးဟာ ၊ သူတို့စိတ်နဲ့နှိုင်းလို့ ရိုင်းသလိုဖြစ်နေတာပါ ။

   ဒါ့ပြင် ဒီက ကျောင်း ၊ ရုံး ၊ လုပ်ငန်းနဲ့ စာကြည့်တိုက်လို နေရာတွေကအစ ‘ဥုံဖွ’လုပ်ပြီး ဗမာ font ထည့်
လို့ မရပါဘူး ။ အကန့်သတ်တွေနဲ့ တားဆီးထားပါတယ် ။ ဗမာစာရိုက်ဖို့ဝေးစွ ဖတ်ဖို့တောင်မလွယ်လှပါ ။
   မိတ်ဆွေများ သိရင်တော်ပါပြီဗျာ ။

၃၁ ၊ ၀၈ ၊ ၂၀၁၃
......................................................................................

(၅-၁)  မှောင်ရိပ်ခိုလူသား  (နောက်ဆက်တွဲ)

   အပေါ်မှာ “ဖုန်းတစ်ခါဆက်ရုံနဲ့ သိနိုင်တာတွေရှိပေမယ့် …. တော်ပါပြီ” … လို့ဆိုထားခါမှ ၊ မျက်နှာ
ရှေ့ကို ဖုန်းလာထိုးပေးပြီး ‘ရော့ ဒီမှာ .. မေး’ လို့ လုပ်လာသူရှိတော့လည်း ၊ မသိတာလေး တစ်ခွန်း
နှစ်ခွန်းစ မေးဖြစ်သွားခဲ့ရတော့တယ် ။

မန်း  - မေမြို့နဲ့ ကျိုင်းတုံ ကြားလောက်က မုံးဆူးဆိုတာ သိလား ။
ဗိုလ် - အဲဒါ မိုင်းရှူးလေ ၊ အင်္ဂလိပ်လို Mong Hsu လို့ ရေးတယ်မို့လား ။
မန်း  - ဟုတ်တယ် ၊ ဒါနဲ့ အဲဒီနားတစ်ဝိုက် ဘာတပ်တွေရှိလဲ ။
ဗိုလ် - အဲဒီနားမှာ 'စရဖ'အဖွဲ့တွေ ခွဲချထားတာရှိတယ်လေ ၊ ဘာဖြစ်လို့လဲ ။
မန်း  - ဘာမှမဖြစ်ပါဘူး ၊ ………. ။
ဗိုလ် - ………………………………. ။

   အဲသလိုနဲ့ စကားဖွင့်လိုက်တာ ၊ ဦးသိန်းစိန် DSA အပတ်စဉ် (၉) ၊ ဦးရွှေမန်း အပတ်စဉ် (၁၁) ၊ ဗိုလ်
ချုပ်မင်းအောင်လှိုင် အပတ်စဉ် (၁၉) တွေနဲ့ အစချီပြီး … ဟိုကောင်က ဘာဖြစ်နေပြီ ၊ ဟိုကောင်ကတော့
ဆွဲအစိခံထားရတယ် ၊ ဟိုကောင့်မိန်းမက အဲဒီလိုလေကွာ ၊ အဲဒီကောင့်သားသမီးက ဘာလုပ်နေတာ
ကွ ၊ ဘယ်နှစ်ခုနှစ်မှာ ဘာဖြစ်တော့ ဟိုကောင်က ဟိုနေရာက ပါခဲ့တာလေကွာ … တွေအစဉ်လိုက်
တန်းလာပြီး ကျနော့်ရဲ့မှတ်ဥာဏ်လည်း မဆံ့တော့တာကြောင့် …. စိတ်ထဲမယ် … ဟိုး ဟိုး ဟိုး .. ဟို
စရဖတပ်မှူးရဲ့ နာမည်တို့ မိန်းမတို့ပါ ဘယ်တပ်ကလာပြီး ဘာတွေဖြစ်ခဲ့တာတို့ ၊ အဲဒီတပ်က ဟိုကောင်
ကတော့ဖြင့် ဘယ်သူ့သားပေါ့ ဆိုတာတွေကိုပါ မသိပါရစေနဲ့တော့လို့ .. တွေးပြီး .. စကားတွေ လွှဲ
လိုက်ရပါတော့တယ်ဗျာ ။  :)  :)

၃၁ ၊ ၀၈ ၊ ၂၀၁၃ - ၁၇:၀၀

(စာအဆုံးမှာ smiley face လေးတွေတွေ့လို့ နောက်နေတယ်တော့လည်း မထင်လိုက်ပါနဲ့ ၊ တွေးတွေး
ပြီး ကိုယ့်ဘာသာပြုံးမိတာကို ၊ အပျော်လေးတွေ ကူးစက်စေချင်တဲ့ စေတနာနဲ့ပါ) ။

Note - [ခု ကျနော်ကြုံတွေ့ခဲ့တဲ့ကိစ္စကို ပေါ့ပျက်ပျက် သဘောမထားပါဘူး ။
            လိုက်ရှာစရာမလိုပဲ ဆိုက်ဆိုက်မြိုက်မြိုက် ကိုယ့်ရှေ့ကို ရောက်လာခဲ့တာမို့ ၊ မှတ်မှတ်ရရ မှတ်

            တမ်းတင်ထားတာပါ ။

            စစ်တပ် (သို့မဟုတ်) စစ်တပ်ရဲ့ အစိတ်ပိုင်းတစ်ခု (သို့မဟုတ်) ထောက်လှမ်းရေးကနေပြီးတော့

            လက်ရှိ မြန်မာပြည်မှာဖြစ်နေတဲ့ ဘာသာရေးပဋိပက္ခတွေမှာ အဓိကမဟုတ်ရင်တောင် အားပေး
            အားမြှောက် မီးလောင်ရာလေပင့်ပေးတဲ့ လုပ်ရပ်တွေမှာ ထဲထဲဝင်ဝင် ပါနေတယ်ဆိုတာ ထင်
            ရှားတဲ့ သက်သေတစ်ခုမို့ပါ] ။


 ၁၆ ၊ ၀၉ ၊ ၂၀၁၃ - ထပ်ဖြည့်စရာလေး အနည်းကျဉ်းက ထပ်ပေါ်လာလို့ ဖြည့်စွက်လိုက်ပါတယ် ။
***  ကိုယ့် ထဲလာပြောတဲ့ IP တစ်ခုရဲ့ အနီးစပ်ဆုံးတည်နေရာကို သိချင်ရင်တော့ -
http://iplocation.truevue.org/ - မှာ ကြည့်နိုင်ပါတယ် ။ အခြား IP ရှာပေးတဲ့ဆိုဒ်တွေထက် အနီး
ဆုံးတည်နေရာကို ဖေါ်ပြပေးနိုင်ပါတယ် ။ အထူးသဖြင့် မြန်မာပြည်လို နိုင်ငံတကာနဲ့ မှတ်ပုံတင်မှု
နည်းပါးသေးတဲ့ ဒေသမျိုးအတွက် အင်မတန်အထောက်ကူပြုပါတယ် ။

***  ဘလော့ပိုင်ရှင်နဲ့ ဝက်ဘ်ဆိုဒ်ပိုင်ရှင်တွေ ကိုယ့်ဆီဝင်လာတဲ့ IP တွေကို အတိကျသိချင်ရင်
- http://www.onestat.com/ - မှာ register လုပ်ပြီး last visitor ဆိုတဲ့နေရာမှာ ကြည့်နိုင်ပါတယ် ။
ရာနှုန်းပြည့်မဟုတ်ပေမယ့် ကိုယ့်ဆီဝင်ထားတဲ့ IP နံပါတ်အတိအကျ ဖေါ်ပြနိုင်တာကြောင့် အထောက်
ကူ အများကြီးရပါလိမ့်မယ် ။

   ပြောခဲ့တာတွေဟာ - IT ကျွမ်းကျင်စရာ မလိုပါ ။ ရှာဖွေလေ တွေ့ရှိလေဆိုသလို ၊ လိုချင်တာရှိရင်
အင်တာနက်မှာ Google လုပ်လိုက်ရုံနဲ့ ရွေးချယ်စရာတွေ အများကြီးထဲက အကောင်းဆုံး အသင့်တော်
ဆုံးလို့ ယူဆတဲ့အရာကို ယူသုံးလိုက်ရုံပါပဲ ။

   လူအတော်များများကနေ “သတိ”လေး ကြိုးစားကပ်လိုက်ရုံနဲ့ ၊ ပေါ့ဆမှုကြောင့် ကျားရှေ့မှောက်
လျက် လာလဲခဲ့တဲ့ အပေါ်က ဝါဒဖြန့်အဖွဲ့အတွက် ၊ အနာဂါတ်မှာ လူးသာလွန့်သာနယ်မြေ ကျဉ်းသွား
မှာပါ ။

------------------------------------------------------------------------

(၆)  ဆီးရီးယား - ၀၁ ၊ ၀၉ ၊ ၂၀၁၃

 အမေရိကန်တွေ ဆီးရီးယားကိုဝင်တိုက်ဖို့ရာ မြန်မာပြည်သားတွေ အမျိုးမျိုးအဖုံဖုံ ပြောနေကြတာတွေ့
တယ် ။ ဒါပေမယ့် ကိုယ်သန်ရာသန်ရာ တစ်ကွက်နှစ်ကွက်လောက်ပဲ ဆွဲပြောနေကြတာတွေ့လို့ ၊ ကိုယ်
များ ကွက်လပ်နည်းနည်း ဖြည့်ပေးနိုင်မလားလို့ ရေးကြည့်တာပါ ။

 အမေရိကန်ကို အရင်ဆုံးကြည့်ရင် - သူ့နိုင်ငံရေး ၊ စီးပွားရေး ၊ စစ်ရေးသာမက ဒီမိုကရေစီနဲ့ လူ့အခွင့်
အရေးလို့ ကြွေးကြော်နေခဲ့တဲ့ သူတို့ရဲ့သိက္ခာကိုပါ ထောက်ငဲ့ရမယ့် အနေထားမှာ ရှိနေပါတယ် ။
သူတို့ဟာ ကမ္ဘာပေါ် နေရာတစ်နေရာကို ဝင်ပါတော့မယ်ဆိုရင် - လိုအပ်မှု တရားဝင်မှု အများလက်ခံမှု
တွေအားလုံးကို ထည့်တွက်လေ့ရှိပြီး ၊ ခုတစ်ခါမှာ အင်မတန်များပြားတဲ့ တွက်ဆစရာတွေကြောင့်သာ
တွန့်ဆုတ်နေတာပါ ။

 တကမ္ဘာလုံးရဲ့ ရေနံ ၃၅% လောက်ထွက်နေတဲ့ အရှေ့အလယ်ပိုင်းဒေသနဲ့ ဆက်စပ်နေတဲ့ ဒီဒေသဟာ
အရေးပါသလို ၊ မတည်မငြိမ်ဖြစ်ဖို့လည်း အင်မတန် ရှောင်ရှားချင်စရာကောင်းတဲ့ နေရာပါ ။
ဒီကြားထဲ အစွန်းရောက် ဘာသာရေးသမားတွေ ၊ နိုင်ငံခြားသား တိုက်ခိုက်ရေးသမားတွေ ဝင်ပါလာနေ
တာတွေကလည်း သိပ်တော့ကြိုဆိုစရာ မဟုတ်လှပြန်ဘူး ။
သို့သော် အာဆတ်အစိုးရနဲ့ အပေါင်းပါတွေကလည်း လက်မှာသွေးစွန်းတာမှ ရွှဲရွဲကိုစိုနေပါတယ် ။
ဒါတွေပြောရင် အာရပ်တွေရဲ့ ကြမ်းတမ်းတဲ့စိတ်ထားအခြေခံနဲ့ သမိုင်းနောက်ခံတွေကို မေ့မထားဖို့ လို
ပါတယ် ။
(အာရပ်တွေကို မြန်မာပြည်ထဲကနေ မွတ်ဆလင်အချင်းချင်းပဲဆိုပြီး အားကျထောက်ခံ အတုယူရ
လောက်အောင် မိုက်မဲသူတွေ တင်းကြမ်းပေါ်မလာဖို့နဲ့ ၊ အဲဒီက အဖြစ်ဆိုးတွေကို လက်ညှိုးထိုးပြီး
ပြည်တွင်းမွတ်ဆလင်တွေကို အဲသလိုအနေထား အစွန်းရောက်အောင် တွန်းပို့မယ့် လူမိုက်တွေ
နည်းသွားဖို့တော့ သတိထားထိန်းသိမ်းရပါလိမ့်မယ်) ။

  ဗြိတိန် ၊ သြစတြေးလျတို့လို မဟာမိတ်နိုင်ငံတွေကိုကြည့်ရင် အမေရိကန် တစ်ခုခုလုပ်မယ်ဆိုတာနဲ့
ခေါင်းညိမ့်ဖို့ အဆင်သင့်ရှိနေကြတာ သတိထားမိကြမယ် ။ တူညီတဲ့ ဥရောပနောက်ခံ ၊ စီးပွားဘက် ၊
နိုင်ငံရေးအရ အထူးဆက်ဆံရေးရှိတဲ့ နိုင်ငံတွေမို့ ၊ ဒါတွေသိရင်တော့ သိပ်မထူးဆန်းလှဘူးလို့ ဆိုရ
မယ် ။ ဒုတိယကမ္ဘာစစ်မှာ အမေရိကန်ကနေ လေယာဉ်တစ်စင်း တစ်ဒေါ်လာနှုန်းနဲ့ ဗြိတိန်ကို ရောင်း
ချကူညီ ပေးခဲ့တာမျိုးတွေကိုလည်း သိထားဖို့ လိုပါတယ် ။ သို့သော် သူတို့ရဲ့ စီးပွားရေး နိုင်ငံရေးအ
ပြင် ၊ အစိုးရကို ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူတွေရဲ့ဆန္ဒတွေကိုလည်း သေချာပေါက် အ
လေးထားကြရပြန်ပါတယ် ။
 ဒါကြောင့်လည်း ဗြိတိသျှပါလီမန်မှာ အမေရိကန်နဲ့အတူ ဝင်မပါဘူးလို့ ဆုံးဖြတ်တာကို ၊ ဆော်ချင်နေ
တာ လက်ကိုယားနေတဲ့ ဝန်ကြီးချုပ်ကနေ ဘရိတ်အုပ်လိုက်ရတာပါ ။ ဘရိတ်အုပ်တာဟာ စက်ရပ်
လိုက်တာမဟုတ်ဘူးဆိုတာတော့ သိထားရပါမယ် ။ လက်ပါလို့မရရင် အားပေးဖို့ကတော့ အောက်
ထစ်ရှိပါတယ် ။

  ဆီးရီးယားကလည်း သိပ်ပေါ့လှတယ်တော့ မဟုတ်ပါဘူး ။
  အစ္စရေးနဲ့ အကြိမ်ကြိမ်တိုက်ခဲ့တဲ့ ၊ ၁၉၈၂ လောက်မှာ ပြည်တွင်းက အစိုးရဆန့်ကျင်သူ ၂၀,၀၀၀
လောက်သေအောင် အမြောက်နဲ့ပစ် ဗုံးကြဲသတ်ခဲ့တဲ့ ၊ လက်ဘနွန်ကို စစ်သား ၂၀,၀၀၀ လောက်နဲ့
ထိန်းချုပ်ထားခဲ့ပြီး အင်အားကောင်းတဲ့ ထောက်လှမ်းရေးတွေနဲ့ ပြိုင်ဘက်တွေကို လုပ်ကြံခဲ့တဲ့ ၊ ရုရှ
အီရန်နိုင်ငံတွေရဲ့ အကူညီတွေယူပြီး ဓါတုလက်နက်တွေ အင်အားကောင်းတဲ့ ဆိုက်ဘာတပ်ဖွဲ့တွေ
ရှိတဲ့ ဒီနိုင်ငံဟာ ၊ ခုချိန်မှာတော့ ကိုယ့်ဆေးကိုယ် ပြန်မျိုနေရတဲ့ကာလ ရောက်နေပါတယ် ။
ဘယ်သူမှနိုင်ဖို့မလွယ်တဲ့ စစ်တလင်းပြင်အဖြစ် (လက်ဘနွန်မှာ လုပ်ခဲ့သလို) ကိုယ်တိုင်ပြန်အသုံးခံ
နေရတဲ့ အနေထားဖြစ်နေတယ် ။
  ရက်စက်တဲ့ စိတ်ထား ၊ ညှိနှိုင်းမှု မလုပ်နိုင်တဲ့ စိတ်အခြေခံ ၊ လုံလောက်တဲ့ လူသူ လက်နက်နဲ့ ဘာ
သာဝါဒတွေ အသင့်ရှိနေပြီး ဖွတ်ဖွတ်ညက်ညက်ကြေတဲ့ စစ်ပွဲတွေအတွက် အဆင်သင့်ဖြစ်နေတဲ့ ဒေ
သတစ်ခု ဖြစ်တယ် ။

 ဟစ်ဇ်ဘိုလာ - အီရန်နဲ့ ဆီးရီးယားတို့ရဲ့ ဘုံးပေါလအော အကူညီတွေနဲ့ ရပ်တည်ခဲ့ပြီး ၊ အစ္စရေးကိုဟန့်
တားဖို့ အဓိကအင်အားစုအဖြစ် သူ့အသိုင်းဝိုင်းနဲ့သူ လေးစားခံရမှုရခဲ့တဲ့ ဒီအဖွဲ့ဟာ ၊ ခုနေမတော့ ပင်
ကိုယ်ရုပ်လုံးကို ဖုံးထားလို့မရတော့ပဲ ဆီးရီးယားဖက်က မဖြစ်မနေ ဝင်ပါနေခဲ့ရပါပြီ ။ ဒါဟာ အစ္စရေးအ
ပေါ် မမျှော်လင့်နိုင်တဲ့ ရှုပ်ထွေးတဲ့ စစ်ရေးတိုက်ကွက်တွေဖေါ်နိုင်ခဲ့ပြီး ၊ ဘီဘီစီလို ဝါရင့်သတင်းဌာနကို
တောင် လှည့်စားနိုင်တဲ့ မီဒီယာဆရာကြီးတွေဖြစ်ခဲ့တဲ့ သူ့တို့ရဲ့ ကျဆုံးခန်း အစဖြစ်တယ်လို့လည်း သုံး
သပ်မိတယ် ။

 ဇာတ်လိုက်ကြီး အီရန်ကတော့ ရေနံတင်သင်္ဘောတွေဖြတ်တဲ့ ပင်လယ်ကွေ့ကြီးကို ခြိမ်းခြောက်နိုင်သူ
ဖြစ်တာကြောင့် တစ်ကြောင်း ၊ အမေရိကန် အစွမ်းကုန်ကာကွယ်ထားတဲ့ အစ္စရေးကို အသင့်တင့် အန္တ
ရာယ်ပေးနိုင်သူ ဖြစ်တာကတစ်ကြောင်းအပါဝင် ပိုကျယ်ပြန့်တဲ့ စစ်မျက်နှာတွေ အမိုက်ခံပြီး ဖွင့်နိုင်သူ
ဖြစ်တာကြောင့် အသင့်တင့် သတိထားရမယ့် နိုင်ငံတစ်ခုဖြစ်တယ် ။ အီရတ်နဲ့တိုက်တုန်းက လူအားသုံး
ပြီး သိန်းနဲ့ချီ အသေခံတိုက်ခဲ့တဲ့ သမိုင်းရှိတယ် ။

  ကျန်တဲ့ အရှေ့လယ်ပိုင်း နိုင်ငံတွေထဲ အများစုကတော့ ဆီးရီးယားနဲ့ ပြိုင်ဖက်တွေလိုဖြစ်ပြီး ဆန့်ကျင်
ဖက်က များနေတယ်လို့ ယူဆနိုင်တယ် ။ အခြေနေအမျိုးမျိုးကြောင့် အမေရိကန်ရဲ့ စစ်စခန်းတွေပါ လက်
ခံထားကြပြီး ၊ ခုကိစ္စမှာ အဆိုးဖြစ်မယ့်ဖြစ်အတူတူ အမြန်ပွဲသိမ်းဖို့နဲ့ ရသမျှ အမြတ်တွေထုတ်ယူဖို့ ကြိုး
စားကြမယ့်သူချည်းပါ ။

  တရုတ်နဲ့ ရုရှတို့ရဲ့ ရပ်တည်ချက်ကလည်း သြဇာသက်ရောက်မှု အများကြီးရှိနေပါတယ် ။
 ဆီးရီးယားဟာ ရုရှအတွက် အရှေ့အလယ်ပိုင်းမှာ တစ်ခုတည်းသော ခြေကုတ်ရေတပ်စခန်းရှိတဲ့ နိုင်ငံ
ဖြစ်ပြီး ၊ တရုတ်ကတော့ ခေတ်သစ်ပိုးလမ်းမကြီးကို ပြန်ဖေါက်နေသူ စီးပွားရေးသမားကြီး ဖြစ်နေတာ
ကြောင့် သူ့စီးပွားတွေ တန့်သွားမှာ လိုလားလှတယ်မဟုတ်ဘူးဆိုတာ သိထားဖို့လိုပါမယ် ။
ခုကိစ္စအပါဝင် သူတို့ရဲ့ အမြဲတမ်း နစ်နာခံစားရသူတွေကို လျစ်လျူတဲ့လုပ်ရပ်တွေဟာ ၊ အနာဂါတ်မှာ ဗီ
တိုအာဏာသုံးခွင့်ရှိတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ၅ နိုင်ငံရဲ့ကဏ္ဍကို အဆုံးသတ်စေလိမ့်မယ်လို့
မျှော်လင့်နိုင်တယ် ။

  နောက်ဆုံးတစ်ချက် ထည့်တွက်စရာ ရှိပါသေးတယ် ။
  အဲဒါက ကမ္ဘာမှာ ရှီယာ-ဆွန်နီမွတ်ဆလင် အချိုးနဲ့ပတ်သက်လို့ပါ ။ ရှီယာက မွတ်ဆလင် စုစုပေါင်းရဲ့
၁၀-၂၀% ပဲရှိပြီး ၊ အန္တရာယ်ရှိပြီး ဥာဏ်များတဲ့ အီရန်လိုနိုင်ငံက ဦးဆောင်နေတာပါ ။ သို့သော် ဆွန်
နီတွေထဲမှာကော ဆော်ဒီအာရေဗျလို ဘာသာရေးဆိုင်ရာ တင်းမာတင်းကြပ်ပြီး ၊ လက်နက်ကိုင်အဖွဲ့
တွေကို ထောက်ပံ့နေတဲ့ နိုင်ငံမျိုးကအစ အယ်ကေဒါအဆုံး လက်မရွံ့တွေက တန်းစီနေပြန်ပါတယ် ။
ဒီတော့ ဆွန်နီတွေ လုံးဝအောင်ပွဲရသွားအောင် ခွင့်ပြုဖို့ (သို့မဟုတ်) ကူညီဖို့ရာကတော့ အင်မတန်
အတွေးတိမ်တဲ့ လုပ်ရပ်ပဲ ဖြစ်ပါလိမ့်မယ် ။
 ဘယ်သူ့ကိုတော့ဖြင့် ချစ်လို့မုန်းဆိုတာနဲ့မဆိုင်ပဲ ကမ္ဘာကြီးရဲ့အနာဂါတ်နဲ့ မွတ်ဆလင်ဘာသာဝင်တွေ
ကို လူသားတစ်ဦးစီလို့ သဘောထားတွက်ချက်ပြီး ၊ ချိန်ညှိတွက်ဆပုံကို ပြောတာပါ ။

  အချုပ်အနေနဲ့ ကျနော့်အမြင်ပြောရရင် - အမေရိကန်က ဆီးရီးယားကို တိုက်မှာပါ ။
  အမေရိကန်အနေနဲ့ သူ့သိက္ခာဆယ်ဖို့နဲ့ အစဉ်အလာတွေအားလုံးကို သက်သေပြဖို့ရာ ၊ အာဏာရှင်
တွေအပါဝင် တစ်ကမ္ဘာလုံးအတွက် စံနမူနာ အကောင်ထည်ဖေါ်ရပါလိမ့်မယ် ။
  ထူးမှာက ဘယ်အတိုင်းတာထိ တိုက်မှာလဲလို့သာပါ ။
  အထူးသဖြင့်တော့ တကယ်လည်ရှိ ၊ အန္တရာယ်လည်းများ ၊ ကမ္ဘာ့အသိုင်းဝိုင်းကလည်း အပြစ်တင်မှု
နည်းမယ့် ဓါတုဗေဒလက်နက်တွေ ဖျက်ဆီးဖို့ကို အဓိကထားပါလိမ့်မယ် ။
ကျန်တဲ့ Grand Master တွေရဲ့ ကစားကွက်အတိုးအလျော့ အလှည့်အပြောင်းနဲ့ ဦးထုပ်ထဲကထွက်လာမယ့် ယုန်ကလေးတွေကိုတော့ စောင့်ကြည့်ကြတာပေါ့ဗျာ ။
၀၂ ၊ ၀၉ ၊ ၂၀၁၃
---------------------------------------------------------------


အပေါ်မှာက စိတ်ထဲပေါ်သမျှ စုချရေးထားလိုက်တာပါ ။
စာရင်းချပြီး ခုန်ပျံရေးသွားတာကြောင့် အမေရိကန်အကြောင်းတောင် အတော်တိုပြီး မပြည့်စုံသလို ဖြစ်
သွားတယ် ။

အမေရိကန်တွေရဲ့ အဓိက ပူပန်မှုက - ဓါတုလက်နက်တွေ ဘယ်သူ့လက်ထဲမှ ရောက်မသွားဖို့ပဲ ။
အာဆတ်လက်ထဲရှိလည်း စိတ်မချရသလို ၊ အစ္စလာမ်းမစ်တွေလက်ထဲ ရောက်သွားရင်လည်း ခေါင်းကိုက်ရဖို့ရှိတယ် ။
တစ်ဆက်ထဲ ခုလိုရှုပ်ထွေးချိန်မှာ အကြောင်းပြဖျက်ဆီးဖို့ အကောင်းဆုံးကာလ ရောက်နေတော့တာကိုး ။

တစ်ဖက်မှာ သူ့ပြဿနာကလည်း အနည်းဆုံး နှစ်ခုရှိတယ် ။
ပထမက - ပြည်တွင်းပြည်ပကလူတွေရဲ့ ယုံကြည်မှု ထောက်ခံမှုနည်းပြီး စိုးရိမ်မှုတွေကများနေတယ် ။
အကျိုးစီးပွားကလည်း စပ်ဟပ်လို့ရစရာ သိပ်မရှိဘူး ။
ကူညီရင် ကျေးဇူးတင်ခံရမှာက နည်းနည်းလေး ။
ဒီကြားထဲ ကျေးဇူးတင်မယ့် သူပုန်အဖွဲ့ခွဲတွေကလည်း တာရှည်ခံချင်မှခံမယ် ။
(အစွန်းရောက်တွေနဲ့ရင်ဆိုင်ရင်း ပြုတ်ပြုတ်ပြုန်းနိုင်တယ်) ။

ဒုတိယပြဿနာက - ဒီပြည်တွင်းစစ်မှာ ဘယ်သူနိုင်နိုင် အကောင်းဖြစ်လာစရာ သိပ်မရှိဘူး ။
အာဆတ်နိုင်ရင် ဆန့်ကျင်ခဲ့သူတွေကို အမြစ်ဖြတ်ဖို့ ကြိုးစားမယ် ။
သူပုန်တွေနိုင်ရင်လည်း ဖရိုဖရဲနဲ့ ဝိုင်းကြီးပတ်ပတ်ဒူဝေဝေ ဆော်ကြဖို့ရှိတယ် ။

ခုနေ အိုဘားမားက ခြေလှမ်းတစ်လှမ်း ဆုတ်လိုက်တယ် ။
အချို့က မပြတ်သားတာ ၊ မလုပ်ရဲတာ စသည်ဖြင့် ပြောကြတယ် ။
အမှန်မှာ အိုဘားမားက လွှတ်တော်ထဲ တွက်ကိန်းနဲ့ဝင်ဖို့ လုပ်နေတာ ။
အတိုက်အခံ ရီပတ်ဘလစ်ကင်က စစ်ပိုတောင်တိုက်ချင်သေးတယ် ။
ဒီတော့ သူ့အဆိုနိုင်ဖို့ ရာနှုန်းအတော်များတယ် ။
လွှတ်တော်ကထောက်ခံရင် အိုဘားမား လုပ်ချင်တာတွေကို အရင်ကထက် ကျယ်ကျယ်ပြန့်ပြန့်
လုပ်လို့ရပြီလေ ။

၀၃ ၊ ၀၉ ၊ ၂၀၁၃

No comments:

Post a Comment