ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Monday, September 17, 2012

ဒဏ္ဍာရီပူပေါင်းလေးတစ်ချို့ ဖေါက်ကြည့်မယ်



  အချို့က ကောလဟာလ ၊ အချို့က  ဒဏ္ဍာရီ ၊ အချို့ကျတော့ ယုံတမ်းစကားလို့ နာမည်တပ်ကြတဲ့
စကားအချို့ရှိတယ် ။ ဒါပေမယ့် အဟုတ်အစစ်ဆိုပြီး ရင်ထဲလည်း စွဲမှတ်ထားတတ်ကြပြန်တယ် ။ ဒါ
တွေကို စာရင်းလုပ်ရင် လွယ်လွယ်နဲ့ မကုန်နိုင်ပေမယ့် ၊ ဒီစွဲမှတ်ချက်တွေကို အခြေခံပြီး ထပ်ဆင့်အ
တွေးနဲ့ အကောင်ထည်ဖေါ်တာတွေ လုပ်တဲ့အခါ ဆပွားဆင့်ပွား အမှားတွေဖြစ်လာပြီး တစ်ခါတစ်ရံ
လွဲချော် ထိခိုက် ဆုံးရှူံးမှုတွေ ဖြစ်လာတတ်တယ် ။

  ဒီတော့ ကျနော်တို့တတွေ အမှားနည်းနိုင်ကြစေဖို့ရာ ခုနေ မှတ်မိသမျှ တစ်တို့ နှစ်တို့လောက်
ချရေး ဖလှယ်ကြည့်ပါမယ် ။ ထိခိုက်မှုတွေ ရှိသွားခဲ့ရင်လည်း ပြင်ဆင်နိုင်ဖို့ အသိပေးလို့ရသလို ၊
စာမှားသလား ငါမှားသလား ဆိုတာလည်း အတွေးထဲထည့်ကြည့်မိရင် အကျိုးအမြတ် တိုးကောင်း
တိုးနိုင်မှာပါ ။

(၁)  နိုင်ငံခြားက လူချမ်းသာများ 

  များမကြာခင်က မြန်မာပြည်က ဆွေမျိုးများနဲ့ ဖုန်းစကား ပြောဖြစ်တယ် ။ ကိစ္စများမြောင် လူတို့
ဘောင်ထဲမှာ သူတို့လည်း အခက်ခဲလေးတွေ ရှိရှာသပေါ့ ။ ဒါ သဘာဝ ။ ဒီတော့ နိုင်ငံခြားရောက်
နေသူတွေဆီက အကူညီများ ရလိုရငြား တောင်းကြည့်ကြတယ် ။ ဒါလည်း မမှား ။ 

  ငွေလေးများ အပိုအလျှံရှိရင် သိန်း ၁၀၀ လောက် ကူညီပါလား .. တဲ့ ။ 
  စိတ်ထဲ .. “မွေးမေလေ့” ဆိုပြီး သမိန်ပေါသွပ် ကာတွန်းထဲကလို အသံထွက်သွားတယ် ။ ဒါကတော့
မှားလေပြီ ၊ အသေခြာကို မှားနေပါပြီ ။ ကျနော့်မှာ သိန်းလည်း မရှိ ၊ သန်းလည်း မရှိ ၊ ကြမ်းပိုးလည်း
မရှိဘူးလို့ ဆိုရလောက်အောင် လုံးဝကင်းရှင်းပါတယ် ။ ဒီတော့ သူတို့ရဲ့ မျှော်လင့်ချက် ပူပေါင်းလေး
ကို အားနာပါးနာနဲ့ ဖေါက်ခွဲလိုက်ရတယ် ။

  ယေဘုယျအားဖြင့် နိုင်ငံခြားနေသူတွေလည်း မြန်မာပြည်သဘောအတိုင်း ဆင်းရဲချမ်းသာနဲ့ အ
လုပ်ကိုင်ကောင်းသူ ၊ အလုပ်ကိုင်မရှိသူ စသည်ဖြင့် ရှိကြတာပါပဲ ။ ပြည်ပကို အလုပ်ထွက်လုပ်သူ
အများစုအနေနဲ့ ရသမျှစုပြီး မိသားစုဆီပြန်ပို့ကြလို့ လက်ထဲ ငွေအပိုအလျှံ မရှိတတ်သလိုပဲ ၊ နိုင်ငံ
ခြားနေ လူအများစုဟာလည်း ရောက်ရာနိုင်ငံရဲ့ အသုံးစရိတ်တွေနဲ့ လုံးလည်ချာလည် လိုက်နေ
တတ်ကြပါတယ် ။ ဒီကြားထဲကမှ ရလာတာလေးတွေထဲ ဖယ်တန်ဖယ် ၊ စုတန်စုပြီး လှူကြ ကူကြရ
တာပါ ။ တန်ရာတန်ကြေးနဲ့ အလုပ်လုပ် ၊ စည်းစနစ်တကျ စီမံသုံးစွဲကြရပြီး ငွေပိုငွေလျှံဆိုတာ ရှိ
သူနည်းပါတယ် ။ ကျနော်တို့လို ကျောင်းတက်နေသူ ၊ အစိုးရထောက်ပံ့ကြေးနဲ့ လတ်တလော ရပ်
တည်နေသူတွေအတွက်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ ။ 

  မြန်မာပြည်က လူတွေကိုတော့ အပြစ်မပြောလိုပေမယ့် အတော်များများရဲ့ အမြင်က - နိုင်ငံခြား
ရောက်သွားကြပြီ ၊ ကောင်းစားသွားကြပြီ ၊  ပြည့်စုံဖူလုံသွားကြပြီ ဆိုပြီး စိတ်ထဲရှိတတ်ကြပါတယ် ။
အဲဒီကနေ နောက်တစ်ဆင့် - ငါတို့ကိုတော့ မေ့သွားကြပြီ ၊ သွေးကြီးသွားပြီ ၊ လှည့်တောင်မကြည့်
ကြတော့ဘူး စတာတွေ စိတ်ထဲ ဖြစ်လာတတ်ကြပြန်ပါတယ် ။ 

  ဒါကို တစ်ထိုင်ထဲ ဖြေရှင်းပြဖို့က ကျယ်ပြန့်ပါတယ် ။ အနည်းဆုံးတော့ မြန်မာပြည်ကလူတွေရဲ့ ငါ
တို့နိုင်ငံ နိမ့်ကျနေတယ် ၊ ဆင်းရဲနေတယ် ၊ ခေတ်နောက်ကျန်နေတယ် ဆိုတာတွေနဲ့ အခြေခံတွေး
ကြပြီး ၊ အခြား ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ စိတ်ကူးယဉ် နှိုင်းယှဉ်ကြည့်ကြတာကိုက လွဲနေတယ်လို့ မြင်ပါ
တယ် ။ ဒီကနေတစ်ဆင့် အားငယ်စိတ် ၊ မနာလိုစိတ် ၊ နာကျည်းစိတ်တွေနဲ့ ပြည်ပအားကိုး ပုဆိန်ရိုး
ဆိုတဲ့ စကားမျိုးတွေ ပေါ်လာတာလို့ ယူဆနိုင်ပါတယ် ။ 

  ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာ အခြေခံအားဖြင့် လူသားတွေမှာ ရသင့်ရှိသင့်တဲ့ အခွင့်အရေးတွေ
ကို ရနိုင် ရှိနိုင်ဖို့ရာ အခြေနေတွေကို ဖန်တီးပေးထားပါတယ် ။ ဒါပေမယ့် လူတစ်ဦးနဲ့တစ်ဦး ပင်
ကိုယ်အနေထား ၊ ပတ်ဝန်းကျင်အနေထား (ကံ ၊ ဥာဏ် ၊ ဝိရိယ ဆိုပါစို့) အရ ရနိုင်တာ ရယူတာ
ရရှိတာတွေ ကွဲပြားကြပါတယ် ။ ဒီတော့ ဒီနိုင်ငံမှာ နေသူတွေဟာ မြန်မာပြည်မှာ နေတာထက်စာ
ရင် အခွင့်အလမ်းတွေ ပိုရှိတယ် ၊ လူတန်းစေ့ အတိုင်းတာတစ်ခုထိ နေနိုင်ကြတယ်လို့ ခြုံငုံဆိုနိုင်
ပါတယ် ။ သို့ပေမယ့် ဒါတွေကို ဒေါ်လာငွေတွေအဖြစ် ပြောင်းလဲတွေးမြင်ကြည့်လို့ မရဘူးဆိုတာ
သဘောပေါက်ဖို့ အသိပေးချင်ပါတယ် ။


(၂)  နိုင်ငံရေးသမား ကားဝယ် အိမ်ဝယ် 

   အချို့က အင်တာနက်ထဲ အလကားရလေတော့ ပြည်ပရောက် ဒီမိုကရေစီအရေး လှုပ်ရှားသူနဲ့
နိုင်ငံရေးသမားတွေကို ကားဝယ် အိမ်ဝယ်ပြီး ကိုယ့်တစ်ဘို့ထဲ လုပ်နေကြတယ်လို့ အလွတ်သဘော
စွပ်စွဲတိုက်ခိုက်နေကြတာ တွေ့ရတယ် ။ အခြား ဆင်တူရိုးမှား စွပ်စွဲတာလည်း အများကြီးပေါ့ ။

   ပထမ ကိုမောင်မောင်ဝမ်းကနေ အမေရိကန်နိုင်ငံမှာ အလုပ်ကိုင်မရှိရင် အစိုးရက ထောက်ပံ့တယ်
ဆိုတဲ့အကြောင်း Facebook မှာရှင်းပြဖူးတာ အမှတ်ရတယ် ။ ဒါဟာ သာမန်ပြည်သူတွေအတွက်
ဆိုင်ရာအစိုးရတွေရဲ့ လူမှုဖူလုံရေး စောင့်ရှောက်မှု မူဝါဒနဲ့ အကောင်ထည်ဖေါ်ချက်တွေပါ ။ ဒီသ
ဘောသဘာဝကို မြန်မာပြည်က မသိသူတွေလည်း အများကြီး ရှိဦးမှာပါ ။ မသိတာကို အပြစ်ပြော
လို့ မရနိုင်လေတော့ အသိပေး လက်ဆင့်ကမ်းတာတွေပဲ အများကြီး ဆက်လုပ်ကြရဖို့ ရှိပါတယ် ။

   အိမ်ဝယ် ကားဝယ်တာတွေကို ကြည့်ရအောင် ။
   ဝေးဝေးလံလံတွေ လျှောက်ပြောရင် ချော်နေပါ့မယ် ၊ သြစတြေးလျကိုပဲ မူတည်ပြီး ပြောပါ့မယ် ။
   ဒီမှာက လုံးချင်းအိမ်တွေ များပါတယ် ။ မြို့ကကျယ်ပါတယ် ။ အလုပ်ရှာရင် ကားရှိမှ အဆင်ပြေ
ပါတယ် ။ အလုပ်ဝေးတတ်တာကြောင့် ဘတ်စ်ကား ၊ မီးရထားနဲ့ အဆင့်ဆင့်သွားရင် ၃-၄ နာရီ
အချိန်ကုန်တတ်ပါတယ် ။ ဒီတော့ အလုပ်က လစာရမှ ကားဝယ်မယ်လုပ်လို့ မရပါဘူး ။ ငွေမရှိ
လည်း အကွေးနဲ့ ဝယ်ရပါတော့တယ် ။ ကားကွေးကို ဒီတစ်လတော့ အဆင်မပြေသေးဘူး ၊
နောက်လမှယူနော်လို့ မြန်မာပြည် လမ်းထိပ်ကွမ်းယာဆိုင်မှာ ပြောသလို သွားပြောလို့ မရပါဘူး ။
ကားပြန်သိမ်းသွားတာ ခံရရင် ခံရ ၊ မဟုတ်ရင်လည်း တရားရုံးကဆင့်စာ ရောက်လာနိုင်ပါတယ် ။

   အကယ်၍ Mercedes, Porche, Rolls Royce တွေကို လက်ငင်းငွေချေဝယ်တဲ့ မြန်မာပြည်က
အဝေးရောက် နိုင်ငံရေးသမား တစ်ယောက်လောက်ရှိရင်တော့လည်း လက်ပူးလက်ကြပ်မိပြီလို့
ပြောသာပြောလိုက်ပါ ။ ဒီလောက်ဆို ကားအတွက် အတန်ရှင်းသွားမယ် ထင်ပါတယ် ။ 

  တစ်ဆက်ထဲ သားမယားအတွက် လုပ်တယ်ဆိုတာမျိုးကတော့ အထွေထူး ပြောစရာလိုမယ်
မထင်ပါဘူး ။ ဘယ်သူမဆို ပြည်တွင်းဖြစ်ဖြစ် ပြည်ပဖြစ်ဖြစ် မိသားစု ရှိရင်ရှိ ၊ မရှိရင်လည်း တစ်
ချိန်မှာ ထူထောင်ကြမယ့် သူတွေပဲလေ ။ အလွန်အကျွံ ကိုယ့်ဖက်ယက်နေတယ်လို့ သက်သေ
မရှိရင် ၊ သွားပုတ်လေလွင့် မလိုတမာစကားလို့သာ အန္တရယ်ကင်းကင်း နာမည်တပ်လို့ ရလိမ့်
မယ် ထင်ပါတယ် ။ 

   အိမ်အတွက်မှာလည်း အလားသဏ္ဍာန် နည်းနည်းဆင်ပါတယ် ။
   ဒီမှာ အိမ်ဈေးတွေက ဒေါ်လာသိန်းကဏန်းတွေချည်းပါ ။ အိမ်ဌားနေရင် တစ်လကို ဒေါ်လာ
၁၀၀၀ ကနေ ၁၅၀၀ ဝန်းကျင် ရှိပါတယ် ။ ကျနော်တို့လို အစိုးရထောက်ပံ့ငွေ ရယူနေသူတွေအ
တွက် ထောက်ပံ့ငွေတွေထဲက အိမ်ဌားဖို့တင် တစ်ဝက်မက ကုန်ကျပါတယ် ။ တစ်ကိုယ်တည်း
သမားတွေဆိုရင် အိမ်ခန်းခပေးရတာနဲ့တင် စားစရိတ်တောင် မကျန်တတ်လို့ ဈေးပေါရာ ၊ စု
ပေါင်း နေလို့ရမယ့် အိမ်ယာတွေကို အသည်းအသန် လိုက်ရှာရပါတယ် ။ မြန်မာပြည်လို ကြီးတော်
အိမ် သို့မဟုတ် ရွာဦးကျောင်းမှာ သွားတက်အိပ်မယ်ဆိုပြီး လုပ်ဖို့မဖြစ်နိုင်ပါဘူး ။

   အိမ်ဝယ်မယ်ဆိုရင်တော့ ဈေးပေါရာကို ရှာနိုင်ရင် နှစ် ၃၀ အကွေးစနစ်နဲ့ တစ်လကို ၁၅၀၀-
၁၆၀၀ ပေးပြီး အိမ်ပိုင်တစ်လုံး ရှိလာနိုင်ပါတယ် ။ ဒီတော့ ကျနော်တို့လိုလူတွေ နှပ်ချေးငါးပိ
လုပ်စားပြီး ခြစ်ချုပ်စုနိုင်ရင် ကိုယ်ပိုင်အိမ်တစ်လုံး ဝယ်နိုင်တဲ့ အခြေနေရှိပါတယ် ။ ဒါပေမယ့် ..
ဒါပေမယ့် .. ရှိပါသေးတယ် ။ ကိုယ့်လို လက်ဆုပ်လက်ကိုင် ပုံမှန်ဝင်ငွေ မရှိသူတစ်ယောက်
အနေနဲ့ ငွေချေးလို့ မရနိုင်ပြန်ပါဘူး ။

   ဒီတော့ အတိုချုံးပြောချင်တာက ဒီမိုကရေစီအရေးပဲလုပ်လုပ် ၊ နိုင်ငံရေးသမားပဲခေါ်ခေါ် ဖွံ့
ဖြိုးပြီးနိုင်ငံတွေမှာ နေထိုင်သူတွေအနေနဲ့ ငွေလုံးငွေရင်းနဲ့ အိမ်တစ်လုံးကို အပြတ် ဝယ်လိုက်
တာမျိုးမဟုတ်ရင် ဘာအပြစ်ပြောစရာမှ မမြင်ပါဘူး ။ ဒီလို သာမန်လုပ်ရိုးလုပ်စဉ်ကို အပြစ်ပြော
တဲ့သူတွေ ရှိမယ်ဆိုရင်လည်း ဒီက နိုင်ငံသူ နိုင်ငံသားတွေအတွက်တော့ တအံတသြနဲ့ ဖြစ်ကြ
မှာ သေချာပါတယ် ။

(အမေရိကန်မှာတော့ သောင်းကဏန်းတန် အိမ်ယာတွေ ရှိတဲ့အပြင် အလုပ်ကိုင်ရှာရ ငွေရှာရ ပိုလွယ်ကူတယ်လို့ သိထားရပါတယ်) ။ 

၁၆၊ ၀၉ ၊ ၂၀၁၂



(၃)  နိုင်ငံ့သစ္စာဖေါက်

   ဒီမြေမှာမွေး ဒီမြေကကျွေးတာစားပြီး ကျေးဇူးကန်းတယ် ၊ သစ္စာဖေါက်တယ် ၊ အမျိုး ဘာသာ
သာသနာကိုဖျက်တယ် စသည်ဖြင့် အလွယ်တကူ ပြောဆိုသုံးစွဲတတ်ကြတာ မတွေ့ချင်မှ အဆုံး
ပါ ။ 

   ပထမ ဒီမြေမှာမွေးတာတော့ ဟုတ်ပါပြီ ၊ ဒါပေမယ့် ဒီမှာမွေးဖို့ ကျနော် မရွေးချယ်ခဲ့သလို ကျ
နော် ကြီးပြင်းလာဖို့ရာလည်း ကျနော့်မိဘဆွေမျိုး အသိုင်းဝိုင်းကလွဲရင် ဘယ်သူကမှ တာဝန်မ
ယူခဲ့ပါဘူး ။ ဘာသာရေးဆိုရင်လည်း မွေးစက ဘာမှပါမလာတဲ့ကျနော့်ကို အဝတ်အစား ဆင်
ယင်ပေးထားသလိုပါပဲ ။ 

   ခုနေမှာ ကျနော် အရွယ်ရောက်နေပါပြီ ။ ကျနော့်ဘဝလမ်း ရွေးချယ်မှုသာမက ကျနော့်ကိုယ်
မှာ ဆင်ထားတဲ့ အဝတ်အစားကိုပါ ကျနော်ကိုယ်တိုင် ရွေးခွင့်ရှိရပါတော့မယ် ။ ကျနော့်အသား
အရောင်နဲ့ နောက်ခံဘဝတွေကို ပြောင်းလဲလို့ မရပေမယ့် ဒါတွေနဲ့ပတ်သက်ပြီး ကျေးဇူးတင်ရ
မယ် ၊ သစ္စာရှိရမယ် ၊ စောင့်သိရိုသေရမယ်လို့ အသားလွှတ် ပြောလာတဲ့ စကားတွေကို
တော့ တစ်လုံးချင်းကို စိစစ်ဆင်ခြင်ပိုင်ခွင့် ရှိလာပါပြီ 

   တစ်သက်မှာ တစ်ခါဘူးမှ မတွေ့ဖူးရုံမက ၊ ပတ်သက်မှုလည်းမရှိ ၊ ကိုယ့်အကျိုးလည်း တခါမှ
လုပ်မပေးဖူးပဲနဲ့ သူတို့အာသာပြေအောင် ကိုယ့်နဖူးမှာ တံဆိပ်လာကပ်တာ ကျနော်ခံသင့်သလား ။
လူ့အသိုင်းဝိုင်းတစ်ခု ၊ နိုင်ငံတစ်ခုကို ဖွဲ့စည်းတည်ထောင်ရာမှာ လူသားတွေဟာ တစ်ယောက်နဲ့
တစ်ယောက် Social Contract နဲ့ တွဲကပ်ဆက်ထားကြတယ်လို့ ဆိုတယ် ။ လိုရင်းက လွတ်လပ်
တဲ့ လူသားတစ်ယောက်ဟာ စနစ်ကျပြီး သူ့အတွက် လုံခြုံမှုအပါဝင် လိုအပ်ချက်တွေကို ဖြည့်
ဆည်းပေးနိုင်ဖို့ရာ သူ့ရဲ့လွတ်လပ်မှုတချို့ကို စီမံခန့်ခွဲသူတွေထံမှာ သဘောတူလက်လွတ်(ပေး
အပ်)ကြတယ်လို့ ဆိုပါတယ် ။ ဒီအဆိုကို လက်ခံမယ်ဆိုရင် အပေါ်က ပြောခဲ့သလိုပဲ ကိုယ့်အ
တွက် ဘာမှ မဖြည့်ဆည်းပေးနိုင်ခဲ့တဲ့ တစိမ်းတွေနဲ့ ၊ ကိုယ့်ရဲ့ လုံခြုံမှုနဲ့ လိုအပ်ချက်တွေကို ဖြည့်
ဆည်းပေးဖို့ တာဝန်ပျက်ကွက်တဲ့ အစိုးရနဲ့ ကိုယ့်အကျိုးအတွက် ကိုယ့်ငွေတွေနဲ့ ခန့်အပ်ထား
တဲ့ ထောက်လှမ်းရေးလိုလူတွေရဲ့ တဖက်သတ် ဆုံးဖြတ်စွပ်စွဲမှုတွေကို လက်ခံစရာ မလိုပါဘူး ။

   ကျနော်တို့ တစ်ယောက်ချင်းစီဟာလည်း ဒီအရိပ်မည်းအောက်တွေမှာ ဆိတ်ဆိတ်နေနေမယ်
ဆိုရင် ကျနော်ဟာ ကျနော်မဟုတ်တော့ပါဘူး ။ မတ်တပ်ထရပ်ဖို့ ၊ ရင်ဆိုင်လိုက်ကြဖို့ ၊ အခြေမြစ်
မရှိ ခိုင်မာတဲ့ ထောက်ခံမှုတွေမရှိတဲ့ စကားတွေကို မျက်နှာချင်းဆိုင်ပြီး ဖြေရှင်းလိုက်ဖို့ အတွေး
ထဲရှိသင့်ပြီလို့ ယုံကြည်တယ် ။ အနိုင်ရချင်မှ ရမှာဖြစ်ပေမယ့် ခေါင်းငုံ့ပြီး အသားလွတ် အရှူံးပေး
ရမယ့် ဘဝတွေကနေပြီးတော့ လူတိုင်းလိုလို ခေါင်းမော့ မတ်မတ်ရပ်ရင်ဆိုင်ကြမှလည်း ဒီမှား
ယွင်းနေတဲ့ သံသရာကြီး ပြိုပျက်နိုင်မှာပါ ။ 

   ကျနော့်ကို အသုံးချခံအဖြစ်သုံးပြီး တွေးပြတာပါ ။ မည်သူမဆို ကိုယ်စားဝင် တွေးကြည့်လို့ရပါ
တယ် ။


(၄)  ကုလားသိမ်းတော့မယ့် မြန်မာပြည်

   ပုဂံခေတ်ကတည်းက ဟိန္ဒူနဲ့ မွတ်ဆလင်ကုလားတွေ ရှိလာခဲ့တယ်လို့ နားလည်ထားတာ ခုထိ
တော့ ဘာမှမဖြစ်သေးဘူးဗျ ။ တကယ်သိမ်းလို့ ဖြစ်နိုင်တယ်ဆိုတဲ့ ဖေါ်မြူလာများရှိရင် ကျနော်
သိချင်သလို ၊ မြန်မာပြည် ကုလားသိမ်းတော့မယ်ဆိုတဲ့ စကားကိုကြည့်ရတာ ဒဏ္ဍာရီတစ်ခုထက်
မပိုပါ ။ ကျနော်ပြောတာကို မျက်လုံးပိတ် လက်ခံစရာတော့ မလိုပါ ၊ ခိုင်လုံတဲ့ အချက်လက်တွေ
နဲ့ ထောက်ပြဖို့သာ လိုတာပါ ။ (တစ်ခုတော့ရှိတယ် ။ အင်အား သိသိသာသာကြီးလာတဲ့ တရုတ်
ကနေ အနာဂါတ်မှာ သူ့အကျိုးစီးပွား ကာကွယ်ဖို့အတွက် မြန်မာပြည်ထဲကို စစ်တပ်အလုံးအရင်း
ပို့လွှတ်လိုက်တယ်ဆိုပြီး ဖြစ်လာရင်တော့ အံ့သြစရာ မဟုတ်ဘူးပေါ့) ။

   တစ်ခုချင်း မလိုက်တော့ပါ ၊ မွတ်ဆလင်တွေ မိန်းမ ၄ ယောက် ယူလို့ရတဲ့ကိစ္စတစ်ခုပဲ ပြော
ပါရစေ ။ သမ္မတတက်လုပ်နေသူ ဦးသိန်းစိန်ကိုယ်တိုင် ၈၂ ယောက်ရှိတဲ့ ရိုဟင်ဂျာမိသားစုအ
ကြောင်းVOA မှာ မှတ်မှတ်ရရ တစ်လုံးပစ်သွင်းသွားသေးတာကိုး ။ (ခွင့်ပြုချက်ရမှ လက်ထပ်
တာတို့ ၊ ကလေးနှစ်ယောက်ပဲ ယူဖို့ကန့်သတ်ထားတာတို့တော့ သူနည်းနည်းမေ့သွားလို့ပါ ၊
အလုပ်များသူကို ကျနော် နားလည်ပေးပါတယ်) ။

   မိန်းမ ၄ ယောက်ယူလို့ရတယ်”ဆိုတာဟာ ၊ လက်တွေ့ “မိန်းမ ၄ ယောက်ယူတယ်” ဆို
တာနဲ့ တူသလားလို့ ပထမဆုံး ကြည့်ဖို့လိုပါတယ် ။

   မြန်မာပြည်က မွတ်ဆလင်တွေ မိန်းမ ၄ ယောက် ယူမယူ လူတိုင်းနီးပါးသိတာပဲဗျာ ဘာပြော
စရာ လိုသေးလဲလို့ ပြောစရာ ဖြစ်လာတယ် ။ ဟုတ်တယ်လေ ယူမှ မယူကြတာ ။ ကဲ .. ယူမယ်
ဆိုရင်ကော .. ဘယ်မှာလဲ မိန်းမ

   မြန်မာပြည်မှာ မွတ်ဆလင်တွေကမှ ထူးခြားပြီး ယောက်ျားလေး ၁ ယောက် မိန်းကလေး ၎
ယောက်နှုန်းနဲ့ မွေးနေသလား ။ ဒါဆိုလည်း ပြောကြပြန်မယ် .. အခြားဗမာအပါဝင် တိုင်းရင်းသူ
တွေကို မြူဆွယ်ပြီး ယူတာပေါ့ ဆိုပြီးတော့ ။ ဒီနေရာမှာ ဘာနဲ့မြူဆွယ်သလဲလို့ မေးရင်ကော ..
ကပေါက်တိကပေါက်ချာ ၊ ပေါက်ပေါက်ရှာရှာတွေ ပြောကြမှာ သေချာသလောက်ပဲ ။

   ကဲဗျာ မိန်းမ ၄ ယောက်ယူပြီပဲ ထားလိုက်ဦးတော့ ။ မြန်မာပြည်မှာ အရွယ်ကောင်း မြန်မာ
မွတ်ဆလင်နဲ့ ရိုဟင်ဂျာ ၅၀၀၀၀၀ ရှိတယ်ပဲထား ။ မိန်းမ ၄ ယောက်ယူပြီး အဲဒီ ၄ ယောက်က
သား ၁ ယောက်စီပဲ မွေးလာခဲ့ရင် အနှစ် ၂၀ ကြာတဲ့အခါ နောက်ထပ် သူတို့သမီး ၂ သန်း လို
လာတော့မယ် ။ ဒီနှုန်းနဲ့ဆို နောက်နှစ် ၂၀ မှာ ကုလားလူပျို “၈” သန်း … ဘုရား ဘုရား .. ကျ
နော်ကိုယ်တိုင် ကုလားများဖြစ်နေပြီလား မှန်ထဲပြန်ကြည့်မိတော့မယ် ။  ကဲ ... ဟုတ်ပါ့မလား
မောင်ကာဋုရယ် ။

   ပြီးပလား ၊ ဘယ်ပြီးမတုန်း ။ ကုလားတွေက ကိုယ်ဝန်မတားဘူး ၊ ပွားများနှုန်းမြန်တယ် ဆိုပြီး
ထပ်ကွန့်ကြပြန်ဦးမယ် ။ ဟုတ်ကဲ့ ခရစ်ယာန်ကက်သလစ်ဘာသာဝင်တွေလည်း ကိုယ်ဝန်ကို
တားလို့မရပါဘူး ၊ ဘာလို့ ခရစ်ယာန်လူဦးရေပေါက်ကွဲမှုတွေ မြန်မာပြည်မှာ ဖြစ်မလာသလဲ ။
ဘာကွာလဲဆိုတော့ ၊ ဟုတ်ကဲ့ ကွာပါတယ် ၊ ပညာရေးနဲ့ ကျန်းမာရေးဝန်ဆောင်မှု လက်ခံရရှိ
မှုတွေက ထိပ်ဆုံးကပါပါတယ် ။ ကမ္ဘာ့မြေပုံထဲကြည့်ရင် မွတ်ဆလင်မဟုတ်တဲ့ အာဖရိကအပါ
ဝင် ပညာဗဟုသုတ နိမ့်ပါးလေ ၊ လူဦးရေ တိုးပွားနှုန်းမြင့်လေလို့ တွေ့နိုင်ပါတယ် ။ အခြားအ
ချက်တွေကိုတော့ အသေးမစိတ်တော့ပါ ။ ထည့်တွက်စရာနဲ့ ဘယ်သူမှ မထိခိုက်ပဲ လုပ်လို့ရ
တာတွေ ရှိတယ်ဆိုတာ သိစေချင်တာပါ ။

   တခါ မွတ်ဆလင် မိန်းမ ၄ ယောက်ယူလို့ရတယ်ဆိုတာဟာ ဆွန်နီ(Sunni) မွတ်ဆလင်တွေ
တင်ပါ ။ ရှီယာ(Shia) မွတ်ဆလင်တွေဆိုရင် ကျွေးနိုင်သလောက် ယူလို့ရပါတယ် ။ အဲဒါကို
သိတဲ့ကျနော်က မွတ်ဆလင်တွေ မိန်းမလိုသလောက် ယူခွင့်ရှိတယ်လို့ ထအော်ရင် မခက်လား ။
သေချာတာက ကလေးတစ်ဒါဇင်လောက်ရှိတဲ့ အခြားဘာသာဝင်နဲ့ လူမျိုးတွေ မြန်မာပြည်မှာ အ
များကြီးပါ ။ သိကျွမ်းဖူးတဲ့ အမကြီးတစ်ယောက်ပြောသလို မိန်းမ ၁၇ ယောက်ရှိခဲ့ပြီ ဆိုသူများ
တောင် ရှိသေး ။

   ကျနော်ပြောချင်တာက မခိုင်မာတာတွေကို အခြေခံပြီး လူအများကြောက်အောင်ဆွပေး ၊
ကိုယ်လိုရာဆွဲပြောတာတွေကို ရှောင်ကျဉ်နိုင်အောင်လို့ပါ ။ ဒီနေရာမှာ မွတ်ဆလင်များကိုယ်
တိုင် စိတ်ကူးယဉ်နေတာတွေလည်း တွေ့ရပါသေးတယ် ။ မွတ်ဆလင်တွေအားလုံး အုပ်ချုပ်
သူ (Caliph) တစ်ယောက်ထဲအောက်မှာ စုစည်းဖို့ ဆိုတာမျိုးပါ ။ ဒါမျိုး မဖြစ်နိုင်ဘူးဆိုတာ အ
နည်းဆုံး ကက်သလစ်ပုပ်ရဟန်းမင်းကို နမူနာကြည့်လို့ ရပါတယ် ။ အာရပ်အုပ်ချုပ်သူအောက်
မှာ မြန်မာမွတ်ဆလင်တွေ နေနိုင်မယ်ထင်လို့လား ၊ ဝေးလွန်းပါတယ် ။ ဒီခေတ်မှာ အင်အား
သုံး စုစည်းမှုတွေဟာလည်း နေရာမရှိတော့တာမို့ ဒါလည်း ဒဏ္ဍာရီအစိတ်ပိုင်းတစ်ခုလို့ ပြော
ရပါလိမ့်မယ် ။

(၅)  ခြောက်ပစ်ကင်းသဲလဲစင် မြန်မာပြည်ထောက်လှမ်းရေး


ဆက်ရန် .......

2 comments:

  1. Dear ko tar gyi, Thanks for post & thanks for muslim population conclusions. please visit to sittwe & see how u can be proud iam myanmar! sham for u we dnt know everything if measure with ourself.

    ReplyDelete
  2. အရမ်းကောင်းပါတယ်.. ကူးထားတယ် အကို..

    ReplyDelete